Monday, August 29, 2011

ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ ကျနော့်ကို ထားခဲ့.....


ကျနော့်ရဲ့ အမှတ်တရတွေ၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ ထင်ဟပ်ထားတဲ့ ဒီဘလော့ဂ်လေးကို ဖျက်ဆီးပစ်ဖို့ ကျနော်ကြိုးစားခဲ့မိပါသေးတယ်။ ကိုယ့်ရဲ့ လက်နဲ့တည်ဆောက်ထားတဲ့ ဘယ်အရာကိုမဆို ဖျက်ဆီးပစ်ဖို့ရာ ထင်သလောက် မလွယ်ကူမှန်း ခုတော့ ကျနော်သိသွားခဲ့ပြီလေ။ ဒီဘလော့ဂ်လေးကို ပျော့ညံ့တဲ့ မရင့်ကျက်တဲ့ စိတ်ခံစားချက် တခုတည်းကြောင့်နဲ့ ဖျက်ဆီးမပစ်ချင်ဘူးဆိုတဲ့ အသိစိတ်ကလေးဝင်လာတော့ ဒီစာလေးကို ကျနော်ရေးဖြစ်တယ်။
ဘလော့ဂ်မှာ နောက်ဆုံးတင်ဖြစ်ခဲ့တဲ့ ပို့စ်လေးက ဆရာမနုနုရည်(အင်းဝ)ရဲ့ ထားခဲ့ပါ ဆရာ ဆိုတဲ့ ပို့စ်လေးပါပဲ။ အဲဒီပို့စ်လေးတခုတင်အပြီးမှာ ဒီဒိုင်ယာရီစာမျက်နှာလေးပေါ် ဘယ်တော့မှ ရောက်လာမှာမဟုတ်တဲ့ အကြောင်းအရာတခုကြောင့် ဒီဘလော့ဂ်ကို လာကြည့်ဖို့တောင် ကြောက်ရွံ့နေမိခဲ့တယ်။ ရင်ထဲရှိတဲ့ ခံစားချက် တွေကို ဒီဘလော့ဂ်လေးပေါ် တင်ဖို့ သတ္တိမရှိတော့လို့ပါပဲ။ အမှန်တော့ ကျနော်ရှောင်ပုန်းချင်ခဲ့တာပါ။
ဒီတော့ ဘလော့ဂ်ပို့စ်တွေလည်း အရင်လို မကြာမကြာမတင်ဖြစ်။ ပြီးတော့ ကိုယ့်ဘလော့ဂ်လေးကိုတောင် မရောက်ဖြစ်တာကြာပေါ့။ အရင်ဆို ရောက်တတ်ရာရာလေးတွေရေးပြီး ဘလော့ဂ်မှာတင်လိုက်၊ နှစ်သက်တဲ့ စာလေးတွေကို အားရင်အားသလို ရိုက်ပြီး သလော့ဂ်လေးပေါ် တင်လိုက်နဲ့ ဒီနေရာလေးဟာ ကျနော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လို့ပေါ့။ ၂၀၁၀ ဒီဇင်ဘာ ၅ရက်နေ့မှာ စတင်ခဲ့တဲ့ ဒီဘလော့ဂ်လေးဟာ အချိန်တိုတို အတွင်းမှာ ကျနော့်ရဲ့ အရင်းနှီးဆုံး၊ ကျနော့်ရဲ့ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေ စတဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ နေရာလေးလည်း ဖြစ်ခဲ့တယ်။
ဒီဒိုင်ယာရီစာမျက်နှာလေးပေါ်မှာပဲ တချိန်က ကြည်နူးစရာ ခံစားချက် အပိုင်းအစတချို့ရယ်၊ ၀မ်းနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မျက်ရည်တွေရယ်၊ ကျနော်နှစ်သက်တဲ့ စာတချို့ရယ်၊ ပြီးတော့ မေ့ဖျောက်သင့်တဲ့ အရာတချို့တွေရယ်နဲ့ ရောပြွန်းပြီး ရှိနေခဲ့တာလေ။ သေချာတာတခုကတော့ ကျနော့်ရဲ့ ဒီဘလော့ဂ်လေးမှာ ဟန်ဆောင်ခြင်းတွေ မပါခဲ့ဘူး။ ခံစားချက်ကို မထိန်းချုပ်နိုင်လို့ အခုချိန်မှာ ကျနော်နာကျင်ရတယ်ဆိုရင်လည်း ရှိပါစေတော့။ အဲဒီနာကျင်မှုတွေက ကျနော့်အတွက် အကောင်းဆုံး သင်ခန်းစာတွေလို့ သတ်မှတ်ခဲ့ပြီပဲ။
အခုချိန်မှာ ကိုယ့်နာမည်ကိုယ်တောင် မုန်းတီးနေမိလို့ ဒီဘလော့ဂ်လေးကို ဖျက်ပစ်ချင်ခဲ့မိတာပါ။ ဒါပေမဲ့လည်း ကျနော် မလုပ်ရက်ခဲ့ပါဘူး။ အဲဒီမုန်းတီးမှုတွေကို စားသုံးရင်းပဲဖြစ်ဖြစ် နာကျင်မှုတွေကို မြိုသိပ်ရင်း…ဒီဒိုင်ယာရီစာမျက်နှာလေးကို သံယောဇဉ်တွယ်နေမိခဲ့ပေါ့။
ဒီဘလော့ဂ်လေး စတင်တော့လည်း မလုပ်တတ် လုပ်တတ်နဲ့ ကျွမ်းကျင်မှုမရှိဘဲ ကိုယ်တိုင်တည်ဆောက်ခဲ့ရတဲ့ အရာလေး။ အဲဒီအရာတခုကို Mouse click တချက်နှိပ်လိုက်ရုံနဲ့ တခဏအတွင်း ပျောက်ကွယ်သွားအောင် ဘယ်လိုအင်အားမျိုး၊ ဘယ်လိုသတ္တိမျိုးနဲ့ လုပ်ရက်နိုင်ပါ့မလဲ။
ဒီတော့ ကျနော့်ကို ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာပဲ ထားရစ်ခဲ့ပါတော့…..။
 
Image and video hosting by TinyPic