Sunday, January 30, 2011

ဥသြ (မင်းသုဝဏ်)


ဝေလီဝေလင်း အချိန်။
          အုန်းတောကြီး အထဲမှ တွန်မြည်လိုက်သော ဥသြသံကလေးသည် မနိုးတ၀က် နိုးတ၀က်နှင့် မှိန်းစက်နေသော ရွာကလေး၏ နားသေတအားငြိမ့်စေလေ၏။ အနက်မထင်သော အသံဖြစ်၍ ငြိမ့်စေခြင်းထက် ပိုမိုမစွမ်းဆောင်နိုင်ချေ။ ဥသြသံကလေး ရပ်စဲသွားသည်နှင့် တပြိုင်နက် ရွာထိပ်ဆီမှ ပေါ်ပေါက်လာသော တေးသံသည်ကား ရွာကလေး၏ နားသောတကို ငြိမ့်စေရုံမျှမက စိတ်နှလုံးကိုလည်း စိမ့်စေလေ၏။ လွမ်းသော ဆွေးသော အောက်မေ့တသသော အဓိပ္ပာယ်တို့ စုဝေးရာ တေးသံတေးသားဖြစ်လေသည်။ ဤတေးသံကလေးကို ကြားရသောခဏ၌ မှိန်းနေသော ရွာကလေးကို လူးလွန့်လာသည်ဟု ထင်မိတော့၏။ တေးပိုင်ရှင်သည် ဟိုဟိုဘ၀များက ခွဲခွာခဲ့ရသော ချစ်သူအား ရော်ရမ်းတမ်းတလျက် အားရပါးရ သီဆိုလိုက်လေရော့လားဟု ကြားရသူတို့၏ စိတ်တွင် ထင်မိလေတော့၏။ တရွာလုံးက ဂရုစိုက် နားစွင့်နေသော်လည်း တေးပိုင်ရှင်သည် မည်သူ့ကိုမျှ သတိထားမိပုံ မရ။ ဆက်လက် သီဆိုသွား၍ ရွာလယ်ရပ် ၅ရက် ဈေးကလေးဆီကျမှ အရပ် ၉ မျက်နှာတွင် ပျံ့နှံ့နေသော မိမိ၏ တေးသံကို ရပ်ဆိုင်းလိုက်လေ၏။
          ဈေးနေ့ နံနက်တိုင်း ဤတေးသံကို ကြားရသည်မှာ ယခုအကြိမ်ပါနှင့် သုံးကြိမ်ရှိလေပြီ။ တေးပိုင်ရှင်ကား အခြားမဟုတ်၊ ရွာအရှေ့နွားတထွန်လောက်တွင်ရှိသော ဇီးပင်ကုန်း၌ ဥယျာဉ်လုပ်ကိုင်စားသောက်နေသော ဘိုးသာလှ၊ အဘွားအေးတို့၏ သွားအထွေး ကုန်စိမ်းသည် မောင်လှဖြစ်လေသည်။ မောင်လှသည် အခြားရွာသားများကဲ့သို့ ထွားကျိုင်းသန်မာသည်မဟုတ်။ မွေးကတည်းက ချုချာလာသည်ဖြစ်၍ လယ်အလုပ်ကို မလုပ်နိုင်။ မိဘများနှင့်အတူ တ၀မ်းတခါး ၀ရုံလှရုံ လုပ်ကိုင်စားသောက်နေရလေ၏။ ခါတိုင်းလည်း ဈေးနေ့အခါများတွင် ရွာသို့ တက်လာဖူး၏။ သို့သော် ဥသြကလေး စ၍ တွန်မြည်သော နေ့တွင်ကဲ့သို့ တခါဖူးမျှ စိတ်နှလုံး မကြည်နူးမိ။ ပထမဆုံး ကြားရသော နံနက်က ဥသြသံကလေးကို နားစိုက်ထောင်မိရင်းနှင့် ရွာထိပ်ကို ရောက်လာ၍ ဥသြသံရပ်သည်နှင့် တပြိုင်နက် မိမိ နှလုံးတွင်းမှ လွမ်းဆွတ်တသသော တေးသံသည် တိုးဝှေ့ထွက်ပေါ်လာလေ၏။ မိမိတေးသံ မရပ်မချင်း လောကကြီးကို သတိမေ့၏။ တေးသံတွင် မိမိ၏ စိတ်သည် ရောနှောလွင့်ပါသွားလေ၏။ တေးဆုံးသွားသော အခါကျမှ သတိရလာ၍ ငါဘာကြောင့် ဆိုမိပါလိမ့်ဟု တွေးတောမိ၏။ မည်သူ့ကို လွမ်းဆွတ်သလဲ၊ မိမိအထက် ပုခတ်တွင်းတွင် ဆုံးသွားသော အစ်ကိုကို လွမ်းဆွတ်၍လား၊ သို့တည်းမဟုတ် တောင်ဘက်တဲက မြထွေးကို လွမ်းဆွတ်၍လား။ ဤသူတို့ လွမ်းဆွတ်၍ မဟုတ်။ ဥသြသံကလေးကို ကြားလျှင် အလိုလိုလွမ်းဆွတ်လာ၍ မမြင်ဖူး မကြားဖူးသော တစုံတယောက်သော သူကို တမ်းတမိသဖြင့် သီဆိုမိခြင်း ဖြစ်လေသည်။ ဤတစုံတယောက်သော သူကား မည်သူနည်း။ ရွာထဲတွင် မိန်းကလေးများကို တွေ့မြင်သော အခါတိုင်း အသင်တမ်းတ လွမ်းဆွတ်နေသူသည် ဤသူလား၊ ထိုသူလောဟု မိမိစိတ်အား မေးမြန်သောအခါတိုင်း ခေါင်းခါသည်ကို တွေ့ရလေ၊ ငါရူးများနေလေသလားဟု ထင်မိလေတော့၏။ ဥသြသံကလေးကို ကြားရပြီးလျှင် ဤလွမ်းဆွတ်တသသော တေးကို မဆိုဘဲ မနေနိုင်။
          မောင်လှ၏ တေးသံကို ဂရုစိုက် နားထောင်သူတို့တွင် ရွာသူကြီးသမီး စိန်သန်းသည် ထူးခြား၏။ ဥသြသံကိုကြားလျှင် မောင်လှသည် လွမ်းဆွတ်တမိသကဲ့သို့ မောင်လှ၏ တေးသံကို ကြားလျှင် စိန်သန်းသည် မဖြစ်စဖူး ထူးကဲစွာ လွမ်းဆွတ်တသ မိလေ၏။ တေးပိုင်ရှင့် အပေါ်တွင် ကရုဏာရေအယဉ်ကို တသွင်သွင် သွန်းလောင်းမိလေ၏။ တေးပိုင်ရှင်၏ အလိုဆန္ဒ တောင့်တရာတို့ကို ဖြည့်စွမ်းပေးချင်သော စိတ်များ တဖွားဖွားပေါ်လေ၏။
          တေးသံကို စတုတ္ထအကြိမ် ကြားရသော ဈေးနေ့နံနက် ဝေလီဝေလင်းတွင်ကား စိန်သန်းသည် ဆွမ်းချက်နေရာ မီးဖိုခန်းတွင် ငြိမ်၍ မနေနိုင်တော့။ ရွာထိပ်ဆီမှ တေးသံကို ကြားရလျှင်ပင် စိန်သန်းသည် အိမ်ရှေ့သပြေပင်ရိပ်သို့ ထွက်လာ၍ တေးပိုင်ရှင်အား စောင့်မျှော်လေ၏။ မောင်လှ သပြေပင်အနီးသို့ ရောက်သည်နှင့် တပြိုင်နက် စိန်သန်းသည် ‘တေးသည် တေးသည်’ ဟု လွှတ်ခနဲ ခေါ်မိလေ၏။ ခေါ်ရင်းက ‘ဈေးသည်’ ဖြစ်သော်လည်း အသံထွက်သွားသည်က ‘တေးသည်’ ဖြစ်နေ၍ ရှက်အမ်းအမ်းဖြစ်သွား၏။ မောင်လှသည်လည်း အသံကြားရာသို့ လှည့်လိုက်၍ အရှက်နှင့် အကြောက် ရောလျက် မောဟိုက် ဖိုလှိုက်နေသော စိန်သန်းကို မြင်ရသောအခါ အသည်းတွင်းဝယ် အေး၍ သွားလေ၏။ ၀မ်းနည်းသလို ၀မ်းသာသလို ဖြစ်မိ၏။ ကာလရှည်စွာ ကွဲကွာနေသော ချစ်သူအား ပြန်တွေ့နေရသလိုလို ထင်မိ၏။ မိမိ၏ ရင်ကို ဖွင့်ကာ အသည်းတွင်းက အလွမ်းအဆွေးတို့ကို ထုတ်၍ ပြလိုက်ချင်သောစိတ် ပေါ်လာ၏။ သို့သော ထူပူနေသော စိန်သန်းက ပြောမိပြောရာ ဘာမှန်းမသိ ပြော၍ ဟင်းရွက်တစည်း ယူလျက် ပိုက်ဆံပေးလိုက်သောအခါ မောင်လှသည်လည်း ထူထူပူပူနှင့်ပင် လှမ်းယူ၍ ထွက်မှန်းမသိ ထွက်လာခဲ့လေ၏။ ဈေးသို့ ရောက်သောအခါ အစဉ်မပြတ်သော အတွေး တမျှော်တခေါ်ကြီးကို တွေးလေ၏။ မိမိသည် ဤရွာနီးချုပ်စပ်ရှိ မိန်းကလေးအားလုံးလောက်ကိုပင် တွေ့ဖူး၏။ မည်သူ့ကို တွေ့ရတွေ့ရ မိမိစိတ်သည် မလှုပ်ရှားခဲ့။ ဤရွာသူကြီးသမီးကို တွေ့သောအခါကျမှ အဘယ်ကြောင့် ၀မ်းနည်းသလိုလို ၀မ်းသာသလိုလို ဖြစ်ရပါသနည်း။ မပြောတတ်အောင် ဖြစ်ရ၏။ ယခုအကြိမ်သည် ပထမ တွေ့ရခြင်းပင်ဖြစ်သော်လည်း အလွန် အကျွမ်းဝင်ချစ်ခင်သော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသကဲ့သို့ ထင်မိလေ၏။ တေးဆို လိုသောစိတ်၏ အကြောင်းရင်းကို ယခုပင် တွေ့ရသည်ဟု ထင်၏။ ယခုပင် တေးဆိုရကျိုး နပ်သည်ဟု အောက်မေ့၏။ ဤသို့ ထူးဆန်းစွာ ဖြစ်ပေါ်လာသော စိတ်ကို အချစ်စိတ်ပေလားဟု မိမိဘာသာ မေးမိလေ၏။
          စိန်သန်း၏ စိတ်တွင်လည်း မောင်လှ၏ တေးသံကို ကြားဦးစကပင် အလွန်ခင်မင် ကျွမ်းဝင်နေသော သူတယောက်ဟု အမှတ်ပြုမိလေ၏။ ဤသူသည် တစုံတခုကို လိုချင်နေဟန် တူ၏။ ဤသူ၏ အလိုကို ငါသည် ဖြည့်အံ့ဟု ကြံ၍ များစွာ ပျော်ရွှင်လေ၏။ ဈေးနေ့ကို မျှော်မှန်းလျက် ရက်ရေနေလေ၏။
          နောက်ဈေးနေ့ ဝေလီဝေလင်း။ ဥသြသံ ရပ်သွားလျှင် မောင်လှ၏ တေးသံကို ကြားရပြန်၏။ စိန်သန်းသည် သပြေပင်အောက်က စောင့်နေပြန်၏။ မောင်လှတောင့်တနေသော ဆန္ဒမေးအံဟု ကြံ၍ ပျော်ရွှင်နေ၏။
          ခဏမျှကြာလျှင် မောင်လှသည် သပြေပင်အနီးသို့ ရောက်လာ၏။ စိန်သန်းကို တွေ့ရနိုးနှင့် ကြည့်မိ၏။ မျှော်နေသော စိန်သန်းနှင့် အခန့်သင့်တွေ့ရသောအခါ အံ့သြမိ၏။ ကံကောင်းလေစွဟု ထင်မိ၏။ စိန်သန်းသည် ဟင်းရွက်တစည်းကို ၀ယ်ပြီးနောက် ဘယ်စကားက ဘယ်သို့ဆက်သွားသည်မသိ။ ‘ရှင် တေးဆိုတာ အင်မတန် လွမ်းစရာကောင်းတယ်။ ဘယ်သူ့ကို လွမ်းလို့ဆိုတာလဲ။ ကျမ မသိရဘူးလား။ လွမ်းတဲ့သူရှိရင် ကျမပြောပေးပါ့မယ်’ ဟု ရဲရဲတင်းတင်း မိတ်ဆွေချင်း ပြောသကဲ့သို့ ပြောလေသည်။ မောင်လှမှာ အဖြေရခက်လှ၏။ ဦးနှောက်တွေ ဗရပွေရှုပ်၍ သွားလေ၏။ နောက်ဆုံး၌ အကြံမရ၍ ‘အလကားပါဗျာ’ ဟု ပြောလျက် ထွက်ခဲ့လေ၏။ ဈေးချိန်ကုန်၍ အိမ်သို့ ပြန်ရောက်သော်လည်း ဘယ်သို့ဖြေရပါမည်နည်းဟု တွေး၍ မရ။ ငါးရက်ကုန်၍ ဈေးနေ့သို့ ရောက်သောအခါတိုင်အောင်လည်း အကြံမရသေး။ သို့နှင့် နံနက်ဝေလီဝေလင်း ဟင်းရွက်တွေ ထမ်းလာရာ ရွာထိပ်သို့ ရောက်၍ ဥသြသံစလျှင် ဆိုမြဲတေးကို ဆိုမိလေ၏။ သပြေပင်အနီးသို့ ရောက်သောအခါ တေးရော ခြေလှမ်းပါ အလိုလိုရပ်သွား၏။ စိန်သန်းထွက်လာ၍ ယခင်မေးခွန်းကို မေးပြန်၏။ ၅ ရက်တိတိ တွေး၍မှ မထွက်လာသော အဖြေသည် ယခုမှ ဘယ်ချောင်မှ ထွက်ပေါ်လာသည် မသိ။ အောက်ပါ အတိုင်း ထွက်ပေါ်လာလေ၏။
          ‘ဟုတ်ကဲ့၊ အစကတော့ ဥသြသံကလေးကို ကြားရင် အလိုလိုလွမ်းလာတာပဲ။ ဘာလွမ်းတယ်ရယ်လိုလည်း မသိပါဘူး။ လွမ်းတာနဲ့ ဒီတေးကို ဆိုမိတာပဲ။ ဆိုပေမဲ့လည်း အလွမ်းမပြေပါဘူး။ အခုတော့ဖြင့် ဥသြသံကြားရလို့ ဘယ်လောက်ပဲလွမ်းလွမ်း၊ ဒီသပြေပင်အောက် ရောက်လို့ မင်းနဲ့တွေ့ရင် အလွမ်းတွေ အကုန်ပျောက်တာပဲ။ ၀မ်းသာသလို ၀မ်းနည်းသလိုလည်းဖြစ်တယ်။ ဒီတော့ ကျုပ် လွမ်းတာဟာ မင်းကိုပဲပေါ့’ ဟု ပြောလိုက်သော အချိန်ကစ၍ စိန်သန်းနှင့် မောင်လှတို့သည် ချစ်သူဘ၀သို့ ပြောင်းလဲသွားကြလေ၏။
          ထိုနေ့မှစ၍ မောင်လှသည် စိန်သန်းတို့၏ အဆွေအမျိုးသတင်းကို နာလေ၏။ မေးသင့်သည်ကို မေးကြည်၏။ စိန်သန်း၏ ဖခင်သည် ရွာသူကြီး၊ မြေပိုင်ရှင်။ ဘထွေးမှာ မြို့ပေါ်က ပွဲစားကြီးတဦးဖြစ်၏။ အစ်ကိုများကား ကိုယ့်ကျွဲ၊ ကိုယ့်နွား ကိုယ့်လယ် ကိုယ့်ယာနှင့် လူကုံထံများဖြစ်၏။ စိန်သန်း၏ မိခင်မှာ မြို့ပေါ်က ဘုရားတကာကြီး ဦးကံရေး၏ သမီးတည်း။ အမျိုးအနွယ် ကြီးကျယ်လေစွ။ မထင်ရှားသော မိမိ၏ အညတရ အမျိုးနှင့်ကား ကွာခြားချင်တိုင်း ကွာခြားလေ၏။ စိန်သန်းသည် မိမိနှင့် မတန်။ ကြေးရတတ် သားများနှင့်သာ တန်၏။ စိန်သန်းကို မိမိချစ်သည်ကား ချစ်ရာမရောက်။ နှစ်ရာ ရောက်နေ၏။ မိမိသည် တကိုယ်ကောင်း နိုင်လေစွ။ စိန်သန်း မိမိကို ယူလျှင် ဆင်းရဲရမည်။ မိဘဆွေမျိုးတို့နှင့် သဘောကွဲ၍ ၀မ်းနည်းရတော့မည်။ မိမိသည် စိန်သန်းပျော်ရွှင်သည်ကိုသာ မြင်လို၏။ ဆင်းရဲလျှင် စိန်သန်း ပျော်ရွှင်နိုင်အံ့လော။ မိဘတို့နှင့် သေခန်းပြတ်နေလျှင် စိန်သန်းပျော်နိုင်အံ့လော။ ပျော်နိုင်မည် မဟုတ်။ သို့ဖြစ်က မိမိသည်  စိန်သန်းကို လက်လွှတ်ရမည်ဖြစ်၏။ လွှတ်အံ့။ စိန်သန်း ပျော်ရွှင်သည်သာ လိုရင်း။ ပထမ အစ၌ စိန်သန်း ၀မ်းနည်းကြေကွဲရမည်မှာ မုချ။ သို့သော် မတွေ့ရတာ ကြာလျှင် မေ့သွားမည် ဖြစ်၏။ အချိန်ကာလတည်းဟူသော ဆေးသမားသည် စိန်သန်း၏ ကြေကွဲဝမ်းနည်းသော အသည်းနာကို ဆေးကုပေးအံ့။ အသည်းနာသည် အသည်းကောင်း ပြန်ဖြစ်လာသောအခါ စိန်သန်း တသက်လုံး ပျော်ရတော့မည်။ ဤသို့ဖြစ်သောကြောင့် မိမိသည် စိန်သန်းကို လက်လွှတ်အံ့ဟု စိတ်သန္နိဋ္ဌာန် ချလိုက်လေ၏။
          ဈေးနေ့သို့ ရောက်သောအခါ မောင်လှသည် ဟင်းသီးဟင်းရွက်တို့ကို ထမ်း၍ ထွက်လာ၏။ ရွာထိပ်တွင် ဥသြသံကလေးကို နားစိုက်၍ ထောင်မိ၏။ ဥသြသံ စဲလျှင် ခါတိုင်း သီဆိုနေကျ တေးသံသည် နှလုံးတွင်းမှ ထွက်လာ၏။ မောင်လှက ဆီး၍ တားမြစ်လေသောကြောင့် အပြင်သို့ မရောက်မီ ပျောက်ကွယ်သွားလေ၏။ ခြေထောက်တို့သည်လည်း ရွာတွင်းသို့ ၀င်အံ့ဟု ပြင်ကြ၏။ မောင်လှက ‘အသင်တို့သည် ယနေ့မှစ၍ ဤလမ်းကို မသွားရ။ ရွာအပြင် ကိုင်းတောကို ဖြတ်၍သာ သွားရမည်’ ဟု အမိန့်ပေးလေသောကြောင့် ကိုင်းတောကို ဖြတ်၍ သွားရလေ၏။ မောင်လှ၏ နှလုံးသားသည် ထွက်ခွင့်မရသော တေးဖြင့် ကြွေးကျမတတ် နာကျင်လေ၏။ မျက်စိတို့သည် မျက်ရည်ဖြင့် ပြည့်လျှမ်းလျက်။ လမ်းကိုမျှ ကောင်းကောင်း မမြင်ကြကုန်။ ထိုအခါ မောင်လှသည် စိန်သန်းကို မေ့လိုက် မေ့လိုက်ဟု မိမိကိုယ်ကို ဆုံးမရလေ၏။ ဈေးရောင်းရာတွင်လည်း ဆုံးမလျက်။ အိမ်ပြန်ရောက်သောအခါလည်း ဆုံးမလျက်။ မေ့ပစ်လိုက်ဖို့ ဆုံးမလေ သတိရလေ အောက်မေ့လွမ်းဆွတ်လေဖြစ်၏။
          သပြေပင်ရိပ်မှ စောင့်မျှော်နေသော စိန်သန်းမှာလည်း အချိန်တော်၍ မောင်လှ၏ တေးသံကို မကြားရလျှင် စိုးရိမ်မိ၏။ အချိန်လွန်၍ မောင်လှကို မမြင်ရသော အခါကား ကြိတ်၍ ငိုလေတော့၏။ ဈေးရက်ရောက်၍ ဥသြသံကလေးကို ကြားရတိုင်း မပေါ်လာသော မောင်လှကို မျှော်မှန်း တမ်းတလျက် လွမ်းဆွေးလေတော့၏။ သို့ဖြင့် မိုးဦးရောက်၍ မိုးသံ လေသံတို့ အကြားတွင် ဥသြသံကလေး ပျောက်သွားသည့် တိုင်အောင်လည်း မောင်လှကို အရိပ်အယောင်မျှ မမြင်ရလေ။
          ယခုလည်း နွေဦးပေါက်လာပြန်လေပြီ။ ဥသြကလေးလည်း မြည်ပြန်လေပြီ။ အပင်တိုင်း၌ သစ်ကိုင်းကျိုးကျဲနှင့် ဆင်းရဲကြီးလေစွ။ သို့သော် ဤသို့မှ ရွက်ဟောင်း မကြွေလျှင် ရွက်သစ် မဝေနိုင်တော့ပြီ။ အမောင်သစ်ပင်တို့၊ ရွက်ဟောင်းကို မခင်တွယ်လေနှင့်၊ စွန့်လော့။ အို မစိန်သန်း၊ မောင်လှကို မခင်တွယ်လေနှင့်၊ စွန့်လော့။ သို့မှသာလျှင် သစ်ပင်တို့သည် ရွက်သစ်ရွက်ဦးကလေးတွေ ဝေေ၀ဆာဆာနှင့် ရွှင်မြူးပျော်ပါးနိုင်သကဲ့သို့ အသင်သည်လည်း ပျော်ပါးနိုင်တော့အံ့တည်း။

မင်းသုဝဏ်
[တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ဇန်န၀ါရီ+ဖေဖော်ဝါရီ ၁၉၃၃]

မှတ်ချက် - မင်းသုဝဏ် ၀တ္တုတိုများ စာအုပ်မှ…

Thursday, January 27, 2011

ပျော်သလို နေတတ်ဖို့...


အခုတလော အားလပ်တဲ့အချိန်တိုင်း မရိုးနိုင်အောင် နားထောင်နေမိတဲ့ သီချင်းက ခိုင်ထူးရဲ့ ‘သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်’ ဆိုတဲ့ သီချင်း။ ထပ်ခါတလဲလဲ အဲဒီသီချင်းကို repeat လုပ်ပြီး နားထောင်နေမိတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမှန်းမသိ။ တကယ်တော့ အဲဒီသီချင်းထဲကလိုပဲ ကျနော်ကိုယ်တိုင်က အစွဲအလမ်းကြီးလွန်းတယ်။ ကြံဖန်ပြီးလည်း ပျော်သလို မနေတတ်ခဲ့တော့…။  
စွန့်လွှတ်လိုက်….ဆိုတော့လည်း ကျနော့်ဘ၀ရဲ့ ဘယ်အရာတွေကို စွန့်လွှတ်ရပါ့မလဲ။ အင်း…အတွေးထဲကနေ တခုချင်းစီကို စွန့်လွှတ်ကြည့်နေမိရဲ့။ နောက်ဆုံးတော့လည်း ဒါကိုတော့ဖြင့် စွန့်လွှတ်လို့ မဖြစ်သေးပါဘူး…ဒါလည်း မစွန့်လွှတ်နိုင်ပြန်ဘူး…ဆိုတဲ့ အတွေးထဲကပင် မစွန့်လွှတ်နိုင်လေတော့ ရလာတဲ့ ဒုက္ခတွေကို ပွေ့ပိုက်ပြီး ငမိုက်သားကျနော်က ဘ၀ကိုဖြတ်သန်းဦးမည်လား။
ဖြစ်နိုင်ရင် ကျနော့်ဘ၀မှာ မရှိရင်မဖြစ်ဆိုတဲ့ စွဲလမ်းစိတ်တွေ ပျောက်ပျက်သွားအောင်   နေချင်မိတယ်။ ဟုတ်တယ်။ စွဲလမ်းနှစ်ခြိုက်ခဲ့တဲ့အရာတွေကို တဖြည်းဖြည်းအချိန်ယူ ဖျောက်ပစ်လို့ ရနိုင်ကောင်းပါရဲ့။ ‘ဘာဖြစ်လို့ မရရမှာလဲ’ ဆိုပြီး တိမ်မြုပ်နေတာကြာပြီဖြစ်တဲ့ မာနလေးကလည်း ခေါင်းထောင်လာပါကလား။
စွဲလမ်းခဲ့တဲ့အရာတွေကို ကြိုးစားပြီးမေ့ပစ်ချင်သလို ကျနော်တန်ဖိုးထားတဲ့ ကျနော့်နှလုံးသားကိုလည်း ဥပေက္ခာပြုတော့မယ်။ အဲဒီနှလုံးသားဆီက ထွက်လာတဲ့ အသံကိုလည်း မသိကျိုးကျွန်ပြုလိုက်တော့မယ်။ ကျနော့်နှလုံးသားရဲ့ ဆန့်ကျင်ဘက်ကိုသာ ဦးတည်လိုက်တော့မယ်။ ဒါကလည်း ကြံဖန်ပြီး ပျော်သလိုနေတတ်လာတာ ဖြစ်နိုင်ကောင်းပါရဲ့။ 


Image and video hosting by TinyPic

Wednesday, January 26, 2011

ဘယ်သို့ပြောင်းလဲမည်လဲ - ပြည်သူ့ခေတ်အယ်ဒီတာ

ပြောင်းလဲခြင်းသည် လောကဓမ္မတာဟု အများလက်ခံကြ၏။

          လောက၌ မပြောင်းလဲတာဟူ၍ ပြောင်းလဲခြင်းတရားသာရှိသည်ဟုလည်း ဆိုကြ၏။
          ဒါကိုပင် လူသည် မြစ်တစင်းတည်းကို နှစ်ကြိမ် မဆင်းနိုင်ဟု ဒဿနဆန်စွာ ပြောတာလည်း ရှိသည်။
          ငါဟာ မနေ့က ငါမဟုတ်တော့ဘူး။ ဒီကနေ့ ငါ ဖြစ်နေပြီ၊ အရာအားလုံး ပြောင်းလဲနေတယ်၊ ပြောင်းတဲ့အထဲမှာ ငါလည်းပါတယ် စသဖြင့် တရားရစွာ ပြောတာမျိုးလည်းရှိသည်။
          ချုပ်ပြောသော်၊ လောကသည်လည်းကောင်း၊ လူသည်လည်းကောင်း၊ ပြောင်းလဲမြဲသာဟု ဆိုလိုခြင်းဖြစ်၏။
          လူ့အဖွဲ့အစည်းများသည်လည်း ထိုနည်း၎င်း။
          သို့သော် ပြောင်းတိုင်း ကောင်းသလား။
          လူကောင်းက လူဆိုးဖြစ်သွားခြင်း၊ ချမ်းသာသော လူ့အဖွဲ့အစည်းက ဆင်းရဲမွဲတေသွားခြင်း၊ လွတ်လပ်သော နိုင်ငံက ကျွန်ဘ၀ရောက်ရှိသွားခြင်း၊ ငြိမ်းချမ်းသော ဒေသက စစ်မြေပြင်ဖြစ်သွားခြင်း၊ …စတာတွေလည်း ကောင်းသော ပြောင်းလဲခြင်းများ လုံးဝမဟုတ်ကြ။
          ထို့ကြောင့် ပြောင်းလဲခြင်းအကြောင်း ပြောသောအခါ တိုးတက်ခြင်း ဆိုတာကိုပါ ထည့်သွင်း စဉ်းစားလာကြခြင်းဖြစ်သည်။
          ပြောင်းလဲမှုတခုသည် တိုးတက်မှုရှိသော ပြောင်းလဲခြင်းမျိုးလား၊ နောက်ကြောင်းပြန်သွား ဆုတ်ယုတ်သွားသော ပြောင်းလဲမှုလား၊ ဒါမှမဟုတ် အသွင်သဏ္ဌာန်ပြောင်းလဲသော်လည်း အနှစ်သာရ မပြောင်းသည့် အကြောင်းမထူးသော ပြောင်းလဲခြင်းမျိုးလား…။
          ထို့ပြင် တိုးတက်မှုဟူသည်ကိုကော ဘယ်သူ့ရှုထောင့်မှ တိုင်းတာသတ်မှတ်မည်လဲ။
          ဓမ္မဓိဋ္ဌာန်ကျသော တွေးတောသူကမူ လူ့အဖွဲ့အစည်းတရပ်အတွက် အကောင်းဘက် ရှေးရှုသော ပြောင်းလဲခြင်းမျိုးကို တိုးတက်ခြင်းအဖြစ် နှစ်သက်လက်ခံမည် ဖြစ်သည်။
ပုဂ္ဂလဓိဋ္ဌာန် စဉ်းစားသူတို့ကမူ အပြောင်းအလဲသည် မိမိအပေါ်မည်သို့သက်ရောက်မည်နည်း ဆိုတာကို စဉ်းစားသည်။
လတ်တလော အနေအထားတွင် နစ်နာသူ၊ နိမ့်ပါးသူ၊ အခြေအနေမကောင်းသူတို့ကတော့ ဘာတွေ ပြောင်းပြောင်း မိမိအတွက် ကောင်းဖို့သာရှိသည်။ ပိုဆိုးနိုင်စရာမရှိဟု ယူဆသဖြင့် အပြောင်းအလဲကို လိုလားတောင့်တသည်။ လတ်တလော အနေအထား တပန်းသာသူ၊ အခြေအနေကောင်းသူ၊ အခွင့်ထူး ခံစားရသူတို့ကတော့ ပိုနေမြဲ ကျားနေမြဲသာ အကောင်းဆုံးဟု ယူဆကြသည်။ လှေကို သွားမလှုပ်နဲ့၊ မြုပ်သွားလိမ့်မယ်ဟုလည်း အပြောင်းအလဲ လိုချင်သူတို့အား တားမြစ်တတ်ကြသည်။
ဒါတွေလည်း လူတို့၏ သဘာဝဟုပင် ဆိုကြပါစို့။
သို့သော် တောင်းသူတွေ တောင်း၊ တားသူတွေ တားရင်းကပင် ပြောင်းလဲတတ်သော သဘာဝ အတိုင်း ခေတ်စနစ်တို့ ပြောင်းလဲခဲ့ကြသည်။
ဒါက ယေဘုယျသဘောတွေ ပြောခဲ့ခြင်းဖြစ်သည်။ တိတိကျကျ ကိုယ်နှင့်ဆိုင်တာ ပြောရသော် လောလောဆယ် ကျနော်တို့ တိုင်းပြည်မှာကော ဘယ်လိုပြောင်းလဲမည့်အကြောင်းတွေ ရှိနေသနည်း။
ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ နိုင်ငံရေးပါတီသစ်၊ ရွေးကောက်ပွဲသစ်များနှင့် မကြာမီပေါ်ထွက်လာမည့် လွှတ်တော်သစ်၊ သမ္မတသစ်၊ အစိုးရသစ်များကြောင့် မြန်မာ့နိုင်ငံရေးသည် လည်းကောင်း၊ နိုင်ငံအုပ်ချုပ်မှု ပုံသဏ္ဌာန်သည် လည်းကောင်း ပြောင်းလဲလျက် ရှိသည်ဟု ဆိုရလိမ့်မည်။
ထိုအပြောင်းအလဲတို့သည် ဒီမိုကရေစီနစ်ဘက်သို့ ဦးတည်သည့် အပြောင်းအလဲများဖြစ်သည်။ ပုံသဏ္ဌာန်အပြောင်းအလဲထဲတွင် မတူသော နိုင်ငံရေးအင်အားစုတို့ အတိုင်းအတာတခုအထိ ပါဝင်လှုပ်ရှား နိုင်မည့် နေရာများဖန်တီးပေးထားသည်၊ စသဖြင့် ပြောဆိုကာ ကြိုဆိုသူတို့က ကြိုဆိုကြသည်။ တဖက်တွင်မူ အပြောင်းအလဲသည် အပေါ်ယံ အသွင်သဏ္ဌာန် ပြောင်းလဲရုံမျှသာဖြစ်၍ အနှစ်သာရပိုင်းတွင် ထူးခြားမှုမရှိဟု ဝေဖန်သူများလည်း ရှိနေကြသည်။
သည်နှစ်ရပ်အနက် ဘယ်ရှုထောင့်က မှန်မည်လဲ၊ သို့မဟုတ် အမှန်နှင့် နီးစပ်မည်လဲ ဟူသည်ကို ယခုနှစ် ပထမပိုင်း အတွင်းလောက်မှာပင် စတင်အကဲဖြတ်နိုင်ကြလိမ့်မည် ထင်ပါသည်။
အကဲဖြတ်ရန် မှတ်ကျောက်ကား အများပြည်သူတို့အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ တိုးတက်မှု ရှိ မရှိ ဟူသော အချက်ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ပါတီစုံစနစ် မည်မျှပီသစွာ ဖြစ်ထွန်းလာမည်လဲ။ ပါတီတို့ စည်းရုံးကြ၊ တိုးချဲ့ဖွဲ့စည်းကြ၊ မိမိတို့ ၀ါဒလမ်းစဉ်များကို ကြေညာဖြန့်ချိကြ၊ နိုင်ငံအဆင့်တွင်လည်းကောင်း၊ ဒေသန္တရအဆင့်တွင်လည်းကောင်း တိုင်းရေးပြည်ရာ ပြဿနာကို ရှင်းလင်းအဖြေရှာခြင်းများ ပြုလုပ်ကြ စသဖြင့် တိုးတက်လှုပ်ရှား ဆောင်ရွက်လာသည်များ မြင်တွေ့ရမည်လား။
လွှတ်တော်များတွင် ပြည်သူ့ကိုယ်စားလှယ်တို့ ပြည်သူများကြားက သယ်ဆောင်လာခဲ့သည့် နိုင်ငံ့အရေးကိစ္စများကို ပြည်သူတို့ကိုယ်စား တင်ပြကြ၊ ဥပဒေကြမ်းများ ရေးသားအဆိုပြုကြ၊ ဆွေးနွေး ဝေဖန်သူက ဝေဖန်ကာ မဲခွဲဆုံးဖြတ်ကြသည်များကို လည်းကောင်း၊ လွှတ်တော်တွင်း ဆောင်ရွက်ချက် များကို ပြည်သူတို့ထံ ပြန်လည်ရှင်းလင်း တင်ပြကာ ပြည်သူတို့၏ တုံ့ပြန်သံများကို နားထောင်မှတ်သား ကြသည်ကိုလည်းကောင်း ပြည်သူတို့မြင်တွေ့ကြရမည်လား။
လွှတ်တော်များတွင် ဆွေးနွေးကြမည့် အကြောင်းအရာများကိုလည်းကောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များ၊ ပါတီအဖွဲ့များနှင့် ပါတီခေါင်းဆောင်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း စာနယ်ဇင်းများနှင့် အများပြည်သူကြားတွင် သုံးသပ်ဝေဖန်ခြင်း ထောက်ခံခြင်း ကန့်ကွက်ခြင်းများ ပြုကြသည်ကို မြင်တွေ့ကြားသိလာရမည်လား။
အထက်က အနေအထားများကို အကြောင်းပြုကာ နိုင်ငံရေးရာကို ပြည်သူအများ တိုးတက်စိတ်ဝင်စားလာကြ၍ ပါတီများ အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်လိုသူ၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် စောစောစီးစီးလေ့ကျင့် ပြင်ဆင်သူများ တိုးပွားလာမည်လား။
အဲဒါဆိုလျှင် နိုင်ငံရေးဘက်တွင် တိုးတက်မှုရှိသည်ဟု ဆိုရလိမ့်မည်။
နိုင်ငံရေးတိုးတက်သကဲ့သို့ စီးပွားနယ်ပယ်တွင် လွတ်လပ်မှုနှင့် အခွင့်အရေးတန်းတူမှုရှိသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းသဖြင့် အများသူငါတို့ အကြံဉာဏ်ရှိသမျှ စီးပွားရှာခွင့်ရကာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားခြင်းကြောင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးစပြုသည့် အရိပ်လက္ခဏာများ မြင်တွေ့လာရမည်လား။
တချိန်တည်းတွင် အလုပ်အကိုင်တူသူ အသင်းအပင်း ဖွဲ့စည်းကာ အကျိုးစီးပွား ကာကွယ်မှုအတွက်လည်းကောင်း၊ မိမိတို့ လုပ်ငန်းကဏ္ဍ တိုးတက်ရေးအတွက်လည်းကောင်း စုပေါင်း လုပ်ဆောင်ကြခြင်း၊ ထိုမှတဆင့် တက်ကာ ရပ်ရွာအကျိုး တိုင်းပြည်အကျိုးအတွက် ၀ိုင်းဝန်းပါဝင်လာခြင်း များ တိုးပွားလာသည်ကို မြင်တွေ့လာရမည်လား။
ထို့ပြင် အခြေအနေ အကြောင်းကြောင်းတို့ကြောင့် ကြွယ်ဝပြည့်စုံလာသူ၊ ဥစ္စာမကြွယ်ဝသော်လည်း စေတနာပြည့်ဝသူ၊ ပရဟိတစိတ် ထက်သန်သူတို့ စုစည်းကာ ဆင်းရဲချို့တဲ့သူ၊ မကျန်းမာသူ၊ ပညာ မပြည့်ဝသူ၊ ဘေးဒုက္ခကြုံရသူ စသည့် နိမ့်ပါးနေသူတို့အတွက် ကူညီစောင့်ရှောက်သော အလုပ်၊ အားပေးမြှင့်တင်သော အလုပ်များ တိုးတက်ဆောင်ရွက်လာကြသည်ကို မြင်တွေ့ရမည်လား။
အဲဒါဆိုလျှင်တော့ အပြောင်းအလဲသည် တိုင်းပြည်တိုးတက်မှုဘက်သို့ ရှေးရှုသည့် ကောင်းသော ပြောင်းလဲချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး ထိုအပြောင်းအလဲ၏ ရလဒ်အဖြစ်လာမည့် ဆယ်စုနှစ်အတွင်း မြန်မာပြည်သူတို့ ခေါင်းမော့လာသည်ကို မြင်တွေ့ရနိုင်သည်ဟု ဆိုချင်ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ
(၁၃.၁.၂၀၁၁)
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ် (၂၇ ၊ ဇန်န၀ါရီ၊ ၂၀၁၁)ပါ အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။

Friday, January 21, 2011

ဆရာကြီး ဒဂုန်တာရာနှင့် နောက်တကြိမ်ဆုံဖို့ အခွင့်အရေးရခဲ့ရင်...


အခုရက်ပိုင်းအတွင်းမှာ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ စာအုပ်ကို ဖတ်ဖြစ်တယ်။ စာအုပ်က တော်တော်ကြီးကိုဟောင်းနွမ်းနေပြီ။ ၁၉၆၇မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်။  ကျနော်ဒီစာအုပ်ကို ကျနော်တို့ရဲ့ရုံးအပေါ်ထပ်တွင်ရှိတဲ့ စာအုပ်စင်မှာ တွေ့တော့ ၀မ်းသာအားရ ယူဖတ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို ဖတ်ရင်း လွန်ခဲ့တဲ့နှစ်များကတည်းက ဖတ်မိခဲ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကို ကျနော့်တွေးမိလိုက်တယ်။

ကျနော် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့က ချယ်ရီဥယျာဉ်မြို့တော်မှာ အောင်ပန်းကနေဆောင်းခိုဖို့ ရောက်နေတဲ့ ဆရာကြီးဒဂုန်တာရာဆီကို ရောက်သွားခဲ့တယ်။ အခုချိန်ထိ ဆရာကြီးဒဂုန်တာရာနဲ့ တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျနော့်အတွက် အိပ်မက်တခုလိုဖြစ်နေတုန်းပါပဲ။ ကျနော်တို့ အဲဒီကိုရောက်သွားတဲ့အချိန်မှာ ဆရာကြီးက ထမင်းစားနေတဲ့အချိန်။ ဆရာကြီးက ထမင်းစားရင်းနဲ့ စကားတွေအဆက်မပြတ်ပြောတယ်။ ဆရာကြီးရဲ့ မျက်နှာသွင်ပြင်က ကြည်လင်ပြီး အေးအေးချမ်းချမ်း ရှိလှတယ်။ ဆံပင်ဖြူဖြူတွေက ပွယောင်းယောင်းနဲ့ ဖြီးသင်ထားခြင်းရှိပုံမပေါ်။
‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ’ ဆိုတဲ့ အတိုင်း ဆရာကြီးဒဂုန်တာရာရဲ့ ရုပ်သွင်က အေးမြငြိမ်းချမ်းခြင်းကို ဆောင်နေတယ်။ ထမင်းကို တမြုံ့မြုံ့ဝါးရင်းက စကားသံ ခပ်အေးအေးထွက်ပေါ်လာတယ်။ ကျနော်က လူငယ်ပီပီ ငေးမောနားထောင်ရုံသက်သက်။ ကျနော်နဲ့အတူပါလာတဲ့ ကျနော့်ရဲ့ဆရာနဲ့တော့ အပြန်အလှန် စကားတွေပြောလို့ပေါ့။
ကျနော့်ရဲ့ဆရာက ခဏကြာတော့ ကျနော့်ကို ဆရာကြီးနဲ့မိတ်ဆက်ပေးခဲ့တယ်။ ဆရာကြီးက ကျနော့်ကို ‘ကျောင်းတက်တုန်းလားလို့’ မေးတော့ ကျနော်က ကျောင်းပြီးသွားတဲ့အကြောင်း ပြန်ဖြေတယ်။ ‘အခု ဘာလုပ်လဲ’ လဲလို့မေးတော့ ကျနော့်ဆရာကပဲ ကွန်ပျူတာပိုင်းနဲ့ ကျနော့်ရုံးမှာပဲလုပ်တယ်လို့ ဖြေလိုက်တော့ ဆရာကြီးဒဂုန်တာရာက ‘ကောင်းတယ်…အခုခေတ်မှာ ကွန်ပျူတာပညာက မရှိမဖြစ်ပဲဗျာ’ လို့ မှတ်ချက်ပြုတယ်။
ဆရာကြီးပြောတဲ့ စကားတွေထဲမှာ ကျနော်မှတ်မှတ်ရရဖြစ်နေတဲ့ စကားတခွန်းကတော့ ‘ဒီလိုပဲ တခေတ်ပြီး တခေတ်ဖြတ်သန်းရမှာပေါ့…ဘာတတ်နိုင်မှာတုန်း’ လို့ ပြောခဲ့တယ်။ ဟုတ်တယ်။ ကျနော်တို့တွေ ဆရာကြီးပြောသလိုပဲ တခေတ်ပြီး တခေတ် ဖြတ်သန်းရမယ်။ အဲဒီဖြတ်သန်းလာတဲ့ ခေတ်တိုင်းမှာ ကျနော်တို့ဟာ ဖြောင့်မှန်တဲ့ လမ်းကြောင်းကို သွေဖယ်မသွားမိစေဖို့ပဲလိုတယ်။ မဝေးတော့တဲ့ တနေ့တော့ ကျနော်တို့ ပန်းတိုင်ကို ရောက်ရမယ်လို့ ကျနော်ယုံကြည်မိတယ်။
ကျနော် ဆရာကြီးရဲ့ ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်ကိုသာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဖတ်ဖြစ်ခဲ့မယ်ဆိုရင် ဆရာကြီးနဲ့ တွေ့စဉ်အခါတွင် ပြောစရာ စကားတွေ အများကြီးရှိလိမ့်မယ်လို့ ကျနော်တွေးမိတယ်။ ကျနော်ဖတ်ဖြစ်ခဲ့တဲ့ မေ ၀တ္တုအကြောင်းပဲဖြစ်ဖြစ်ပေါ့။ ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်မှာ မေ ၀တ္တုထုတ်ခဲ့စဉ်က ဆရာကြီးက အိမ်ကပေးတဲ့ ကျောင်းလခကို စာအုပ်ထုတ်ဝေတဲ့အထဲ ထည့်လိုက်ပြီး အဲဒီစာအုပ်က ပြန်ဝင်လာမယ့် ပိုက်ဆံနဲ့ ကျောင်းပြန်အပ်မယ်ဆိုတဲ့ အတွေးနဲ့….နောက်ဆုံး ဆရာကြီး ကျောင်းတနှစ်အောက် သွားရတဲ့အဖြစ်ကို ဖတ်ရတော့ ကျနော်ဝမ်းနည်းမိတယ်။
ဒီစာအုပ်မှာ ကျနော်သိချင်နေတဲ့ ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က မြန်မာပြည်။ ဖက်ဆစ်ဂျပန်လက်အောက်က မြန်မာပြည်အကြောင်း။
ပြီးတော့ ၁၃၀၀ပြည့်အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ မိခင်ကြီးပြောတဲ့ စကားသံတွေ….
‘ကျမသားက လက်နက်ဆိုလို့ အပ်တောင် မပါပါဘူး။ ဒါကို အစိုးရက ရက်ရက်စက်စက် တုတ်နဲ့ရိုက်သတ်ကြတယ်။ အမေကြီး ဒီအစိုးရကို မကျေနိုင်ပါဘူး’ တဲ့။ ကျနော် ဒီနေရာကိုဖတ်ပြီးတော့ နာနာကျင်ကျင် ငိုမိတယ်ဆိုတဲ့အကြောင်း…။ အခုလိုပဲ အများအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်သူတို့အကြောင်း မြင်ရ၊ ကြားရ၊ သိရတဲ့အခါတိုင်း အခုလိုပဲ နာကျင်ကြေကွဲစွာနဲ့ မျက်ရည်ကျမိတယ်။ ကျနော် မျက်ရည်လွယ်လွယ်မကျတတ်ပေမယ့် စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်အတွက် ဘ၀ကို ပေးဆပ်သူများနဲ့ပတ်သက်လာရင်တော့ မျက်ရည်မကျအောင် မထိန်းနိုင်ခဲ့ဘူး။ 
ပြီးတော့ ၁၉၄၆၊ ဒီဇင်ဘာမှာ စတင်မွေးဖွားခဲ့တဲ့ တာရာမဂ္ဂဇင်းအကြောင်း။ ဒယ်ဒီတာ၊ မန်နေဂျာ၊ ဆောင်းပါးရှင်၊ ဖိုမင်၊ စာရေး၊ မင်းစေ စတဲ့တာဝန်အားလုံးကို ဆရာကြီးဒဂုန်တာရာတဦးတည်းယူရသော တာရာမဂ္ဂဇင်း။ မြန်မာစာပေ အရေးအသား ပုံသဏ္ဌာန်သစ်နှင့် အတွေးအခေါ်သစ်တို့ကို ဖော်ဆောင်သော စာပေသစ်များကို မွေးထုတ်ခဲ့သော တာရာမဂ္ဂဇင်းအကြောင်း.. စတာတွေကို ကျနော်မေးမိလိမ့်မယ်။
ကျနော် ဆရာကြီးဒဂုန်တာရာနဲ့ နောက်တကြိမ်ဆုံဖို့ အခွင့်အရေးရခဲ့ရင်….။

Tuesday, January 18, 2011

လူငယ်နဲ့ သင်တန်း


ယနေ့ခေတ်တွင် ကျနော်တို့လို လူငယ်တွေအတွက် အတတ်ပညာသင်တန်းမျိုစုံ ပေါများသော ခေတ်ကာလကြီးဖြစ်သည်။ ဂျာနယ်တွေ သတင်းစာတွေမှာပါတဲ့ ကြော်ငြာတွေကြည့်လိုက်ရင် သင်တန်းကြော်ငြာတွေက အများသား။ အင်္ဂလိပ်စာ သင်တန်းများ(IELTS၊ TOEFL)၊ တရုတ်ဘာသာစကားသင်တန်းနှင့် အခြား နိုင်ငံခြားဘာသာစကားသင်တန်းအသီးသီး၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများ၊ LCCI စာရင်းကိုင်ဘာသာရပ် သင်တန်း၊ Computer သင်တန်းများ၊ စီမံခန့်ခွဲမှု (Management ) သင်တန်း ….စတဲ့ သင်တန်းတွေ အများအပြားပင်။ အဲဒီလို သင်တန်းတွေများတာ ကျနော်တို့ လူငယ်တွေအတွက်တော့ ယူတတ်မယ်ဆိုရင် ပညာရွှေအိုးပင်ဖြစ်သည်။
သင်တန်းတခုတက်ဖို့အတွက် ကုန်ကျသည့် ငွေကြေး၊ ပေးရမည့် အချိန်တွေနဲ့ တန်အောင် လေ့လာသည့်ပညာတခုကို ရအောင်ယူရမည်ဖြစ်သည်။ ယနေ့ခေတ် သင်တန်းကြေးတွေကလည်း နည်းလှသည်တော့ မဟုတ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်တဲ့ အခမဲ့ပညာဒါနသင်တန်းတွေလည်း ရှိသည်။ ဒီလိုပညာဒါနသင်တန်းတွေ ရှိသည့်အတွက် ငွေကြေးမပြည့်စုံလို့ ပညာမရှာနိုင်သူများအတွက် အထူးပင်ကောင်းမွန်လှသည်။ တချို့တွေကျပြန်တော့လည်း ငွေကြေးပြည့်စုံပါလျှက် ပညာလိုချင်သည့်စိတ်ကြောင့် မဟုတ်ဘဲ သင်တန်းတခုကို အပျော်သက်သက် တက်ကြသူများလည်း ရှိပါသည်။ ကိုယ်တက်သည့်သင်တန်းက လက်မှတ်တခုရချင်လို့၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေက အဲဒီသင်တန်းကို တက်လို့၊ အပျင်းပြေသက်သက် သင်တန်းတက်သူများလည်း တွေ့ဖူးပါ၏။
          တခါ ကျနော်မြို့ထဲဘက်ကိုအသွား လမ်းမှာ တက္ကသိုလ်တက်စဉ်က ခင်မင်ခဲ့တဲ့သူငယ်ချင်းတယောက်နှင့် ဆုံပါသည်။ ကျနော်တို့တွေ ကျောင်းပြီးကတည်းက မတွေ့ကြတော့တဲ့အကြောင်း၊ အခုဘာလုပ်နေလဲ၊ ဘယ်သူငယ်ချင်းနဲ့ဖြင့် ပြန်ဆုံသေးလား စသည်ဖြင့် စကားတွေ အလုအယက်ပြောဖြစ်ကြသည်။ သူက အခုလောလောဆယ် အိမ်မှာနေရင်း သင်တန်းတခုတက်နေတဲ့အကြောင်းပြောသည်။ ဒါနဲ့ ကျနော်လည်း အဲဒီသင်တန်းကို ဘာအတွက်ကြောင့်တက်ဖြစ်တာလဲ၊ ၀ါသနာပါလို့လား စသည်ဖြင့် မေးမြန်းမိသည်။ သူပြန်ဖြေတဲ့ အဖြေကြောင့် ကျနော်အံ့သြသင့်မိသည်။ သူ့အဖြေက ‘ဒီလိုပဲ အိမ်မှာနေရတာ ပျင်းလို့ တက်လိုက်တာပါဟာ။ ၀ါသနာပါလို့လည်း မဟုတ်ပါဘူး’ တဲ့။ ကျနော်ကတော့ မနည်းလှသော သင်တန်းကြေးနဲ့ အချိန်တွေကို နှမြောလိုက်တာဟု သူ့ကို ပြောမိလိုက်သည်။
          ဟုတ်ပါသည်။ သူ့လို သင်တန်းတခုကို ပျင်းလို့ တက်တဲ့သူ၊ မိဘက တက်ခိုင်းလို့ တက်ရတဲ့သူ၊ သူငယ်ချင်းက အဖော်လာဆွယ်လို့ တက်ဖြစ်တဲ့သူ၊ လက်မှတ်လေးတခုရရင် အလုပ်လုပ်ဖို့လွယ်တယ်ဆိုတဲ့ အတွေးနဲ့ သင်တန်းတက်သူတွေ ….စတဲ့ ပညာလိုချင်တာ အဓိကမဟုတ်ဘဲ အပျော်သက်သက် တက်တဲ့သူတွေက အများသားရယ်ပါ။ သင်တန်းလည်းပြီးရော ပေးလိုက်ရတဲ့ ငွေကြေးနဲ့ အချိန်အတွက် စာရွက်လေးတခုသာ ရလိုက်တာမျိုး။ တပြိုင်နက်တည်း သင်တန်းပေါင်းစုံတက်ကာ ဘယ်ပညာကိုကိုမှမယ်မယ်ရရ မတတ်ကျွမ်းဘဲ လက်မှတ်တွေတပုံတပင်ရှိသူတွေလည်း မနည်း။
          တကယ်တော့ ကျနော်တို့အရွယ်ရောက်ပြီးသား လူငယ်တွေမှာ သူတပါးစေစားမှုကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအမြင်၊ ကိုယ်ပိုင်         အသိဉာဏ်နဲ့ တွေးတောဆင်ခြင်သင့်တဲ့ အရွယ်တွေပါပဲ။ ကျနော်တို့ရဲ့ ပညာသင်ချိန်အတော်များများကိုလည်း စာရွက်တရွက် (ဘွဲ့လက်မှတ်တခု)နဲ့ လဲလှယ်ခဲ့ပြီးပြီ။ အခုဆက်ပြီးလည်း ထိုနည်း၎င်းအတိုင်းပင် ဆက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ အနာဂတ်တခုလုံးဟာ အချင်းမရှိတဲ့ စာရွက်တွေနဲ့သာ အဆုံးသတ်ရမှာပါ။
          ဒါကြောင့် အချိန်ပေါလို့ပဲဖြစ်ဖြစ်၊ ငွေပေါလို့ပဲဖြစ်ဖြစ် သင်တန်းတွေတက်နေတာမျိုး မဖြစ်စေဘဲ တကယ်ပညာလိုချင်လို့ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့ဉာဏ်ပညာနဲ့ ကိုက်ညီမယ့် သင်တန်းမျိုးကို ရွေးချယ်တက်ရောက်နိုင်စေဖို့ရာ ကျနော်မျှော်လင့်မိပါတယ်။



Monday, January 17, 2011

မော်ဒန်သတင်းဂျာနယ် - ကာတွန်း



မှတ်ချက် - မော်ဒန်သတင်းဂျာနယ် (၂၄၊ ဒီဇင်ဘာ၊ ၂၀၁၀)


အလင်္ကာ - ဒဂုန်တာရာ

 
ထိတွေ့စမူ
နားဝမှာလျှင်၊ ကျယ်လောင်သွင်တည့်
မြင်လိုက်သည့်အခါ၊ အာရုံမှာလည်း
မှုန်ဝါမစင်၊ ၀ိုးဝါးထင်၏
ပဲ့တင်သံကား၊ တိမ်တိုက်ကြားဝယ်
လွင့်ပါး လှိုင်းဝေ့ ပမာတည်း။

ခံစားတတ်မူ
မြင့်မြတ်ပညာ၊ အလင်္ကာကား
မြင်ရာကြားမှု၊ အာရုံစုကို
မနုမရိုင်း၊ ပဲ့တင်လှိုင်းဖြင့်
လွင့်တိုင်းသံလွင်၊ ကြည်ဘ၀င်မှာ
ယဉ်ယဉ် ငြိမ့်ငြိမ့် လှသတည်း။    ။
ဒဂုန်တာရာ [ဂန္တ၀င်လောက၊ ၁၉၃၈]
မှတ်ချက် - ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်မှ….

သောင်တင်ရစ်ခဲ့ - အံ့မောင်


ဒုံးပျံလွှတ်တဲ့သူက
ဒုံးပျံလွှတ်နေကြ
လယ်ထွန်တဲ့သူက
လယ်ထွန်နေကြ
မျိုးစေ့ကောင်းရှာတဲ့သူက
မျိုးစေ့ကောင်းရှာနေကြ
ကဗျာရေးတဲ့သူက
ကဗျာရေးနေကြ
ရုပ်ရှင်ရိုက်တဲ့သူက
ရုပ်ရှင်ရိုက်နေကြ
အသက်စွန့်သူတွေက
အသက်စွန့်နေကြ
ဘ၀စွန့်သူတွေက
ဘ၀စွန့်နေကြ
လောကကြီးဟာ
ဒုံးပျံတရာနှုန်းထက်
မြန်မြန်ပျံနေတယ်
မာန်တွေ ရန်တွေနဲ့ဆိုရင်
သောင်တင်နေရစ်ခဲ့ပေတော့လေ။
အံ့မောင်
မှတ်ချက် - မော်ဒန်သတင်းဂျာနယ် ၂၄၊ ဒီဇင်ဘာလ ၂၀၁၀

Sunday, January 16, 2011

ဘကြီးအောင် ညာတယ် - မင်းသုဝဏ်


‘အရှေ့ကျောင်းသား သူတောင်းစား၊ သူတောင်းစား၊ လယ်ပေါ်ကျောင်းသား အကောင်းစား။ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။ ဟေ့လာမောင်ရို့ ၀ါး ’ ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစုသည်ကား လယ်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ယင်းတို့ ကျောဘက် တင်းချ လယ်တကွက်လောက်အကွာတွင် ချည်လုံချည်ကို ပြာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တလှမ်းချင်း လာနေသော မောင်ချစ်သည် ‘ဧ၀ံမေသုတံ ဧကံသမယံ’ ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။ ဆေးတအိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီးဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသားသူငယ်ချင်းများ ၀ိုင်းအုံနေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင် ကြည့်ရှုလေ၏။
          ဦးအောင်ချာသည် ဆင်စွယ် မင်းသမီးရုပ်ကလေးတခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစု ထ ပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား ကြည့်လျက်ပင် ရှိသေး၏။
          ‘ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင်’ ဟု မျက်စိကလေး ပေကလတ် လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုတိုစမ်းနေသော ဦးအောင်ချာက ‘ငါ့တူ လိုချင်လို့လား၊ ငွေတကျပ်ယူခဲ့ရင် ဘကြီးပေးမယ် သိလား’ ဟု အမှတ်မဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက် ‘ငွေတကျပ်ဆိုတာ ဘယ်နှပြားလဲ ဘကြီးအောင်ရဲ့’ ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကို ချ၍ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက် ‘ဆယ်ပြား ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထည့်၊ ပေါင်း ခြောက်ဆယ့်နဲ့လေးပြား၊ အဲသလောက်ကို တကျပ်ခေါ်တယ်၊ ကြားလား’ ဟု ကလေးသူငယ်များကို ချစ်ခင်သော ၀ါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန် လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ ‘၆၄ ပြားပေးရင် ကျနော် ဒီအရုပ်ကလေးကို တကယ်ပဲရမလား၊ နောက်တော့ မညာနဲ့နော် ဘကြီးအောင်’ ဟု ပြောရင်း ရောင်ဆံမြိတ်ကလေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။
         

Saturday, January 15, 2011

အမြင်မတူတိုင်း ဆန့်ကျင်ကွဲလွဲဖို့ မလိုပါ (ပြည်သူ့ခေတ် အယ်ဒီတာ)

ကိစ္စတရပ်နှင့် စပ်လျဉ်း၍ အယူအဆမတူသူနှစ်ယောက် အပြင်းအထန် ငြင်းခုံဝေဖန်ကြသည့်ပွဲမျိုး ကြုံဖူးကြပါလိမ့်မည်။
          အစပထမတွင် သူ့အမြင် သူပြော ကိုယ့်အမြင် ကိုယ်ပြောရင်း သည်ကိစ္စမှာ သူနှင့်ကိုယ် အယူအဆမတူတာ၊ ရပ်တည်ချက်တွေကွဲလွဲတာ၊ သူက ဟိုဘက်ကို အားပေးပြီး ကိုယ်က သည်ဘက်ကို ထောက်ခံတာတွေ တွေ့မြင်လာကြလိမ့်မည်။
          အဲသည်ခါ တယောက်ကစပြီး တဖက်လူ၏ အယူအဆမှားယွင်းကြောင်း၊ ဘာတွေ ဘယ်လို လွဲချော်နေကြောင်း ထောက်ပြပြောဆိုလာသည်။ သည်အခါ တဖက်လူကလည်း သူမမှားကြောင်း ငြင်းဆိုကာ ဘာကြောင့် မမှားသည့်အကြောင်း အထောက်အထား သာဓကတွေဖြင့် ပြန်လည်ချေပမည်။ ဒါတင်မက တဖက်လူ၏ အယူအဆသည် ဘယ်နည်းဘယ်ပုံ မှားယွင်းနေကြောင်း တုံ့ပြန်ပြောဆိုဦးမည်။ အဲသည်လို အပြန်အလှန်ပြောရင်း ငြင်းခုံပွဲ တာရှည်လာလျှင် ကျိုးကြောင်းယုတ္တိတွေကုန်ကာ အထောက်အထားမဲ့ ပြောဆိုလာမည်။ တဖက်လူနားလည်လက်ခံဖို့ကို မစဉ်းစား ငါ့စကားနွားရဖြစ်လာမည်။ အကြောင်းအရာကို ငြင်းခုံရာမှ ဆက်စပ်ပတ်သက်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ၀ါဒလမ်းစဉ်၊ လက်စွဲကျမ်းဂန် စသည့် တဖက်လူ အလေးအမြတ်ပြုသည့် အရာများကို ပုတ်ခတ်ပြောဆိုသော အဆင့်ရောက်လာမည်။
         

ခွက်နဲ့ နှုတ်ခမ်း မတွေ့ခင်

Many a slip
There’s many a slip
between the cup and the lip
and never can you say
what will happen which day.

ခွက်နဲ့ နှုတ်ခမ်း မတွေ့ခင်
ထိချင်ခိုက်ချင် ဖြစ်တတ်သေးရဲ့
ဘယ်နေ့မှာ ဘာဖြစ်မယ်
တကယ်ပြောလို့ မဖြစ်ပေဘူးကွဲ့
အံ့မောင်
မော်ဒန်သတင်းဂျာနယ်၊ ၁၄ ဇန်န၀ါရီ ၂၀၁၁

Thursday, January 13, 2011

ဘယ်မှာ နောက်လိုက်လုပ်မလဲ - မောင်ဝံသ


အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေက လူနည်းစု၊ နောက်လိုက်က အများစုဖြစ်တယ်။ ဒါဓမ္မတာပါပဲ။ ငယ်သားတယောက် ဗိုလ် ၁၀ယောက်ဖြစ်နေရင်လည်း ရယ်စရာဖြစ်နေမှာပေါ့။
          နိုင်ငံရေးပါတီတွေ တည်ထောင်တဲ့အခါ အာဏာရသို့မဟုတ် အာဏာရနိုင်တဲ့ အလားအလာရှိတဲ့ အဖွဲ့မျိုးဆိုရင် သောကောရောကော အဖွဲ့ဝင်တွေ တိုးဝှေ့ဝင်လာကြမှာ စမြဲပဲဗျ။ နိုင်ငံရေး တကယ်လုပ်ချင် သူဟာ ၀ါဒလမ်းစဉ်တွေ၊ ခေါင်းဆောင်မှုတွေကိုကြည့်ပြီး လေ့လာပြီးမှ အဖွဲ့ဝင်တယ်။ သည်အဖွဲ့ဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို တကယ်တမ်းထမ်းရွက်နိုင်မှာလား၊ ထမ်းရွက်နိုင်တဲ့ အင်အားတွေနဲ့ ဖွဲ့စည်းထားတာ ဟုတ်ရဲ့လား။ သေချာလေ့လာပြီးမှ အဖွဲ့ဝင်အဖြစ် တာဝန်ယူကြတယ်ဗျ။
နိုင်ငံရေးအဖွဲ့သုံးမျိုး
နိုင်ငံတကာ နိုင်ငံရေးအဖွဲ့တွေကိုကြည့်ရင် အဓိကအားဖြင့် သုံးမျိုးတွေ့ရမယ်။
(က) ၀န်ကြီးချုပ်ဦးဆောင်တဲ့ အင်္ဂလန် ၀က်စ်မင်စတာ နိုင်ငံရေးပုံစံမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမား တွေ (ဗြိတိန်၊ ဆွီဒင်၊ အစ္စရေး၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ သြစတြေးလျ၊ ကနေဒါ စသည်…)
(ခ) တိုက်ရိုက်လူထုမဲနဲ့ သမ္မတရွေးကောက်တင်မြှောက်တဲ့ စနစ်ထဲမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမားတွေ၊ (အမေရိကန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ စသည်…)
(ဂ) တပါတီတည်းက တဆက်တည်း နှစ်ရှည် အာဏာရယူထားတဲ့ စနစ်ထဲမှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးသမားတွေ၊ (ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယမ်နမ်၊ တရုတ်၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ် စသည်…)
          သည်နေရာမှာ ဆော်ဒီအာရေဗျ၊ လစ်ဗျားစတဲ့ ဘုရင်စနစ် သို့မဟုတ် ဘုရင့်အာဏာထက်တောင် ပိုတဲ့ အာဏာရှင်စနစ်မျိုးကို ထည့်မပြောတော့ဘူး။ အများ လက္ခဏာဆောင်တဲ့ နမူနာများကိုပဲ လေ့လာပါ့ မယ်။
အစိုးရဖြစ်ခွင့်ရှိတဲ့ စနစ်
(က) အုပ်စုထဲက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပါတီတွေဟာ ဘတစ်ပြန် ကျားတပြန် အစိုးရဖြစ်လာ နိုင်တဲ့ အခွင့်အလမ်းရှိတယ်။ မိမိက အစိုးရဖြစ်နေချိန်မှာ အတိုက်အခံဖြစ်နေတဲ့ ပါတီတွေကို နှိပ်ကွပ်လို့ မရဘူး။ အတိုက်အခံတွေ ညီညွတ်ရေးရသွားချိန်မှာ ပါလီမန်တွင်း အင်အားစုစည်းပြီး အစိုးရကို အယုံအကြည်မရှိ အဆိုတင်နိုင်တယ်။ ပြုတ်ကျသွားတာတွေလည်းရှိတယ်။ (က) အုပ်စုထဲက နိုင်ငံရေးသမား တွေထဲမှာ အိန္ဒိယနဲ့ ဂျပန်က ကွန်မြူနစ်ပါတီတွေလို တသက်လုံး ဘယ်တော့မှ အာဏာရဖို့ မျှော်လင့်ချက်မရှိတဲ့ ပါတီတွေကို ယုံကြည်ချက်နဲ့ လုပ်နေသူတွေ အများကြီးရှိတယ်။ သူတို့တွေဟာ အာဏာအတွက် နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ သူတို့တွေဟာ အလုပ်သမား၊ လယ်သမား၊ လက်မှုစက်မှုပညာသည် စတဲ့ သမဂ္ဂတွေဖွဲ့စည်းပြီး အစိုးရနဲ့ အရင်းရှင်း အလုပ်ရှင်တွေရဲ့ မတရားမှုတွေကို တိုက်ပွဲဝင်ကြတယ်။ သူတို့ဟာ နိုင်ငံရေးအာဏာ မရပေမယ့် စည်းရုံးရေးသြဇာကြီးတယ်။ အလုပ်သမားအခွင့်အရေးတွေကို သူတို့တို့တိုက်ပွဲဝင်ရင် အစိုးရတို့ အရင်းရှင်တို့က စေ့စပ်လိုက်လျောရတယ်။ သူတို့လို နိုင်ငံရေးသမားတွေဟာ ရှိဖို့လိုကို လိုအပ်တယ်။
သမ္မတအုပ်ချုပ်တဲ့ စနစ်
(ခ) အုပ်စုထဲမှာပဲ နှစ်မျိုးကွဲပြားသေးတယ်။ အမေရိကန်စနစ်ကတော့ သမ္မတအုပ်ချုပ်ရေးဖြစ်လို့ ပါတီအလိုက် အစိုးရဖွဲ့စရာ မရှိဘူး။ သမ္မတ ဖြစ်သွားတဲ့လူက သူ့စိတ်ကြိုက် ကက်ဘိနက်ဖွဲပတယ်။ လွှတ်တော်အမတ်တွေက ဥပဒေပြုရေးတာဝန်နဲ့ သမ္မတက အဆိုပြုတဲ့ ဥပဒေကြမ်းတွေကို ထောက်ခံ ကန့်ကွက်လုပ်ကြဖို့ တာဝန်ရှိတယ်။ အမတ်ဖြစ်လို့ ၀န်ကြီးဖြစ်မှ မဟုတ်ဘူး။ အမတ်က တလိုင်း၊ ၀န်ကြီးက တလိုင်းပါ။ (ခ) အုပ်စုထဲကပဲ ပြင်သစ်စနစ်ကျတော့ သမ္မတကို လူထုတိုက်ရိုက်မဲနဲ့ရွေးတယ်။ ပါလီမန်က ၀န်ကြီးချုပ်ကို ရွေးတင်တယ်။ ၀န်ကြီးချုပ်က အစိုးရဖွဲ့တယ်။ သမ္မတနဲ့ ၀န်ကြီးချုပ် တပါတီတည်း မဖြစ်တဲ့အချိန် ရှိခဲ့ဖူးတယ်။ ၁၉၈၀နှစ် များတုန်းက မီးထရောင်းဆိုတဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်က သမ္မတ အရွေးခံရပြီး ပါလီမန်မှာကျတော့ လက်ယာဂိုဏ်ပါတီက အများစုရလို့ လက်ယာသမားဝန်ကြီးချုပ်တက်ဖြစ်တယ်။ လက်ယာဝန်ကြီးချုပ်နဲ့ လက်ဝဲသမ္မတ ထိပ်တိုက်တွေ့ဖြစ်ခဲ့ကြလို့ အလုပ်မဖြစ်ခဲ့ဘူး။
          (ခ) အုပ်စုထဲက နိုင်ငံရေးသမားတွေဟာ မိမိထောက်ခံတဲ့ သမ္မတလောင်း အောင်နိုင်ရေးမှာ ပါဝင်ကြိုးပမ်းကြတဲ့ အလုပ်ရယ်၊ လွှတ်တော် ၂ရပ်လုံးမှာ မိမိတို့ပါတီက အမတ်လောင်းတွေ အနိုင်ရရေး စည်းရုံး လှုံ့ဆော်ကြတဲ့ အလုပ်ရယ်ကို အဓိကလုပ်ကြရတယ်။ ရွေးကောက်ပွဲတွေပြီးသွားရင် ကိုယ့်မူလ အသက်မွေးဝမ်းကျောင်း အလုပ် ပြန်လုပ်နေကြတာပဲ။ အချိန်ပြည့် နိုင်ငံရေးသမားဆိုတာ အလွန်နည်း ပါတယ်။
အတိုက်အခံ အာဏာမရနိုင်တဲ့စနစ်
(ဂ) အုပ်စုထဲက နိုင်ငံရေးသမားတွေကိုလည်း ၂ မျိုးခွဲနိုင်တယ်။ တပါတီစနစ်ပဲဟေ့ဆိုပြီး ပြတ်ပြတ် သားသားပေါ်တင် ဦးဆောင်မှုပေးနေတဲ့ ကွန်မြူနစ်နိုင်ငံရေးက တမျိုး၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ်တို့လို ပါတီစုံတော့ ပါတီစုံပဲ၊ လက်ရှိအာဏာရနေတဲ့ ပါတီကလွဲလို့ အတိုက်အခံတွေ ဘယ်တော့မှ အာဏာမရအောင် လုပ်ထားတဲ့ နိုင်ငံရေရးက တမျိုး၊ အဲသလို နိုင်ငံတွေက အတိုက်အခံနိုင်ငံရေး လုပ်သူတွေထဲမှာလည်း နှစ်မျိုးရှိသေးတယ်။ တမျိုးက ငတ်ငတ်ပြတ်ပြတ်နဲ့ ယုံကြည်ချက်ကြောင့် နိုင်ငံရေး ကို ဇွတ်မှိတ်လုပ်နေသူတွေ၊ နောက်တမျိုးက အတိုက်အခံ အတု၊ နိုင်ငံတကာကို အပြကောင်းအောင် အတိုက်အခံပါတီထောင် ခိုင်းထားတာ၊ သူတို့တွေက အောက်ကြေးတွေရတယ်။ နိုင်ငံရေး လုပ်စားသူတွေပါ။
          စင်ကာပူမှာ အတိုက်အခံ နိုင်ငံရေးကို ဇွဲနပဲနဲ့ လုပ်နေသူတွေရှိတယ်။ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ပါတီ အတိုက်အခံလှုပ်ရှားနေတယ်။ သူတို့ကို အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ကျပ်တယ်။ ဒုက္ခပေးတယ်။ အတိုက်အခံမလုပ်ရဲအောင် ခြိမ်းခြောက်တယ်။ အဲသည်ကြားထဲက သူတို့ဆက်လုပ်နေကြတာပဲ။ သူတို့ကို ထောက်ခံနေတဲ့ လူထုပရိတ်သတ်ကိုလည်း ပိုလို့တောင် ချီးကျူးစရာဖြစ်တယ်ဗျာ။
          သည်တော့ကာ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာရဖို့၊ အခွင့်အရေးရဖို့၊ ရှေးခေတ်က စစ်ပွဲတွေလို စစ်နိုင်တဲ့လူက အရာခပ်သိမ်းကို ရယူခံစားနိုင်တယ်လို့ သဘောထားဖို့ မဟုတ်ပေဘူးဗျ။ နိုင်ငံရေးလုပ်တာ ပြည်သူလူထုကောင်းကျိုးကို ရှေးရှုပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကျရာနေရာက အလုပ်အကျွေး ပြုတာလို့ ခံယူသူတွေ များလာမှသာ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်လာမှာဖြစ်တယ်ဗျာ။
မောင်ဝံသ -၂၉ ဒီဇင်ဘာ ၂၀၁၀
မှတ်ချက် - ဆရာမောင်ဝံသ၏ ပြည်သူ့ခေတ်ဂျာနယ်(အတွဲ ၁၊ အမှတ် ၂၇)ပါ ပြောချင်လွန်းလို့ ကဏ္ဍမှ ဖြစ်ပါသည်။