Sunday, March 20, 2011

မိုးရွာသော နွေရက်များ….


မိုးတွေရွာ…လေးအေးတွေကတိုက်နဲ့ အခုဘယ်ရာသီဥတုကို ရောက်နေပါလိမ့် ဆိုတာတောင် ကျနော် အူကြောင်ကြောင် စဉ်းစားမိသေး။ ဒါပေမယ့် သိပ်မစဉ်းစားနိုင်ပါဘူး။ ခြေဖျားတွေ လက်ဖျားတွေ အေးစက်ပြီး ဆောင်းတွင်းထက်ပင် ပိုအေးနေသေးတော့ အအေးကြောက်တဲ့ ကျနော်တော့ ဘယ်ကိုမှမထွက်ဘဲ အိမ်ထဲမှာပဲ ငြိမ်နေမိပါတော့တယ်။ စာအုပ်တွေတော့ တော်တော်ဖတ်မိသား။ ပျင်းပျင်းရှိတာနဲ့ မလှုပ်မယှက် ကွန်ပျူတာရှေ့မှာထိုင်ပြီး စာအုပ်တွေ တအုပ်ပြီးတအုပ်ဖတ်နေမိတော့တယ်။
ကျနော့်ဖွားဖွားကတော့ ကွန်ပျူတာရှေ့မှာချည်း တချိန်လုံးထိုင်နေတဲ့ ကျနော့်ကို မျက်စိမှုန်တော့မှာပဲလို့ တဖွဖွပြောနေတော့တယ်။ ကျနော့်စိတ်တွင်းမှာတော့ မျက်စိက အရင်ကတည်းက မှုန်နေတာပဲ လို့ ပြောနေမိတယ်။ တကယ့်လက်တွေ့မှာတော့ ဖွားဖွားပြောတာကို မကြားသလို လုပ်ကာ ကွန်ပျူတာကိုသာ စူးစူးစိုက်စိုက်ကြည့်နေမိတယ်။
မိုးကလည်း တနေ့လုံး ရွာနေတော့တယ်။ မိုးကောင်းကင်ကို ကြည့်မိတော့ မိုးတိမ်မည်းမည်းတွေ တရွေ့ရွေ့သွားနေတယ်။ အဲဒါကိုကြည့်ပြီး ဆရာကြီးရဲ့ဒဂုန်တာရာရဲ့ 'ကောင်းကင်မှာ မိုးတိမ်တွေလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်' ဆိုသော အရေးအသားကို သွားအမှတ်ရမိတယ်(အတိအကျတော့ မမှတ်မိတော့ပါ)။ လေ တချက်တချက်အတိုက် အိမ်ရှေ့က သရက်ပင်က သရက်သီးတွေက ရေအုတ်ကန်ကိုမိုးထားတဲ့ သွပ်ပြားပေါ်ကို ကြွေကျသံက တခါတခါ လန့်စရာပင် ကောင်းသေးတော့တယ်။ အိမ်ခေါင်းရင်ဘက်က ပိန္နဲပင်အကိုင်းက အိမ်ခေါင်မိုးအစွန်းတဖက်နှင့် တချက်တချက်ပွတ်တိုက်သံက တ၀ုန်းဝုန်းနဲ့။
ဆောင်းတွင်းတခုလုံးလည်း ဒီလိုအေးတာမျိုးနဲ့ မကြုံခဲ့ရ။ လူက လှုပ်လိုက်တာနဲ့ အအေးဓာတ်တွေက ခန္ဒာကိုယ်ထဲ ၀င်လာတယ် ထင်မိတယ်။ ဒါကြောင့် ငြိမ်ငြိမ်လေး ထိုင်နေမိတယ်။ အနွေးထည်ဝတ်ပြီး အလွယ်တကူ ညီမလေးရဲ့ခေါင်းစွပ်ကိုတွေ့တော့ ယူစွပ်ထားမိတယ်။ အရင်က ဒူးလောက်ထိ ခေါက်တင်ပြီး ၀တ်တဲ့ ဘောင်းဘီကိုလည်း ခြေမျက်စိထိရောက်အောင် ဖြန့်ချနေမိတယ်။
ညရောက်တော့ ဂွမ်းစောင်နှစ်ထည်ထပ်ပြီး စောင်ခေါင်းမြီးခြုံရင်း လူက ပုဇွန်ကွေးသလို ကွေးကွေးလေးနေမိတော့တယ်။ ဖွားဖွားကတော့ ဘုရားရှိခိုးနေတယ်။ တော်တော်ကြာမှ အိပ်ယာထဲဝင်ပြီး ခေါင်းအုံးနဲ့ ခေါင်းတခြားစီဖြစ်နေတဲ့ ကျနော့်ကိုကြည့်ပြီး ဒီကလေးကတော့ တနေ့လုံးလည်း ကွန်ပျူတာကြည့်နေပြီး လာအိပ်ပါဆိုလည်း မအိပ်ဘဲနဲ့ ခုအိပ်တော့လည်း အိပ်မပျော်ခင်ကတည်းက ခေါင်းအုံးနဲ့ခေါင်းက တခြားစီဖြစ်နေပြီလို့ တတွတ်တွတ်ပြောရင်း ကျနော့်ခေါင်းကို မ ကာ ခေါင်းအုံးပေါ်တင်ပေးတယ်။ ကျနော်ကလည်း အိပ်မပျော်သေးဘဲနဲ့ ဘာမှပြန်မပြောမိ။ ဖွားဖွား အဲသလို လုပ်ပေးနေတာကို ကြည်နူးပြီး ငြိမ်ငြိမ်လေးနေမိတယ်။ ပြီးတော့ ဂွမ်းစောင်တထည်ထပ်ယူလာပြီး ကျနော်ကိုယ်ပေါ်ကို ခြုံပေးနေတယ်။ လူက စောင်တွေအထပ်ထပ်သာ ခြုံထားပေမယ့် အအေးဓာတ်ကတော့ လုံးဝမပျောက်။ စောင်သုံးထပ်ခြုံပြီး စောင်အလေးချိန်နဲ့ လူကပိုပြီး မလှုပ်ချင်တော့။ လှုပ်ရင်လည်း အအေးဓာတ်က ပိုပိုဝင်လာသလို ထင်မိတော့တယ်။
ဖွားဖွားက ကျနော် အိပ်မပျော်သေးမှန်းသိတော့ စကားတွေပြောနေတယ်။ အခုချိန် စောင်မရှိတဲ့ သူတွေ ဘယ်လိုနေမလဲ မသိဘူးနော် လို့ပြောတော့ အဲဒီတော့မှ ကျနော်လည်း စဉ်းစားမိတော့တယ်။ ဟုတ်ပါရဲ့နော်…သူတို့တွေ သနားပါတယ်။ အိမ်တွေက အမိုးမလုံ အကာမလုံနဲ့ အဲဒီအိမ်တွေက ကလေးလေးတွေတော့ အရမ်းချမ်းနေမှာပဲလို့ တချိန်လုံးငြိမ်နေတဲ့ ကျနော်က ဖွားဖွားကို ပြန်ပြောမိတယ်။ ပြီးတော့ ကိုယ်တိုင်လည်း စောင်သုံးထပ်ခြုံထားတာ သူတို့အပေါ် တရားပါရဲ့လားလို့ အတွေးဝင်လာပြီး စိတ်က ညစ်ညူးနေမိတယ်။
နောက်တနေ့လည်း မိုးက ရွာကောင်းတုန်း။ တခါတလေ မိုးစဲသွားပေမယ့် လေအေးတွေက အဆက်အပြတ်တိုက်ခတ်နေတော့ အရင်နေ့လိုပဲ အေးခဲနေတော့တယ်။ ဒီနေ့လည်း ဘယ်မှမထွက်ဘဲ အိမ်မှာပဲနေပြီး စာဖတ်မယ်စိတ်ကူးကာ စာအုပ်ရွေးနေမိတော့တယ်။ အခု အချိန်စိတ်ထဲမှာ ဖတ်ချင်နေတဲ့ စာအုပ်က ဆရာကြီးဒဂုန်တာရာရဲ့ မေ၀တ္တုကို ပြန်ဖတ်ချင်လာတယ်။ ကျနော့် ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ Ebook တွေအများကြီးထဲမှာ ကျနော်လိုက်ရှာနေမိတော့တယ်။ ဘယ်လိုမှ မတွေ့။ ကျနော်ကလဲ ဒီစာအုပ်ပဲ ဖတ်ချင်နေမိပြီး တခြားစာအုပ်တွေလဲ ဖတ်ချင်စိတ်မရှိ။ ဒါနဲ့ပဲ အင်တာနက်ဆိုင်ဘက်ကို  သွားပြီး စာအုပ်ရှာနေမိတယ်။ ကွန်နက်ရှင်ကလည်း မကောင်း။ နာရီဝက်လောက်ထိ စောင့်နေမိပေမယ့် ဘယ်လိုမှ ကွန်နက်ရှင်ကမကောင်း။ ဖတ်ချင်နေတဲ့ မေ၀တ္တုကလည်း ဒေါင်းလော့လုပ်လို့ အဆင်မပြေ။ ဒါနဲ့ပဲ ချမ်းချမ်းစီးစီးနဲ့ အိမ်ပြန်လာလိုက်တယ်။ အဲဒီနေ့က စာကောင်းကောင်းမဖတ်ဖြစ်။ လူကလည်း နှာတွေချေ၊ နှာရည်တွေကျ၊ လည်းချောင်းတွေနာနဲ့ ဖျားချင်သလိုလိုဖြစ်နေတယ်။
နောက်နေ့ မနက်အိပ်ယာထတော့ မျက်နှာသစ်ရင်း အိမ်ပြင်ကိုထွက်ပြီး ကောင်းကင်ကို မော့ကြည့်မိတယ်။ ကြည်ပြာရောင်သမ်းနေတဲ့ ကောင်းကင်ကြီးက မနေ့က ညို့ညို့မှိုင်းမှိုင်းဖြစ်ခဲ့တာ သူမဟုတ်သလိုပါပဲ။ အရှေ့ဆီက နေရောင်လေးသမ်းလာတော့ အလင်းရောင်က ပိုမိုပီပြင်လာတယ်။ ဒါကိုကြည့်ပြီး ကျနော့်အတွေးထဲမှာတော့ မှိုင်းမှိုင်းညို့ညို့နဲ့ တိမ်ဖုံးတဲ့ နေ့တွေရှိသလို အခုလိုသာယာကြည်လင်တဲ့ နေ့သစ်တွေလည်း ရှိပါတကားလို့ တွေးနေမိတော့တယ်။


Image and video hosting by TinyPic 

မထားသင့်တဲ့ မျှော်လင့်ချက်တခု



ကျနော်ချစ်တဲ့သူဆီက ချစ်တယ်ဆိုတဲ့စကားတခွန်းကို ကြားခွင့်မရှိတော့ဘူးရယ်လို့ ထင်မှတ်လိုက်တဲ့ တနေ့ ကျနော်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတာကို အပြစ်မြင်ချင်လာတယ်။ အစကတည်းက မကြုံခဲ့ရရင် ကျနော့်အတွက် ကောင်းပါလိမ့်မယ်။ ခုတော့ အလွမ်းချည်းသက်သက်ပေးဖို့ သူကျနော့်ဆီ လာခဲ့တာပဲရယ်လို့ တွေးထင်နေမိတော့တယ်။ တယောက်တည်း အလွမ်းတွေနဲ့ နာကျင်ဝမ်းနည်းစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့များ ကျနော့်ဆီ တန်းတန်းမတ်မတ် လာခဲ့လေသလားပဲ။


 အခုနောက်ပိုင်း အလွမ်းသီချင်းတွေကြားရင် မျက်ရည်လေး တ၀ဲဝဲနဲ့ အရင်က ကျနော်မဟုတ်တဲ့အတိုင်းပါပဲ။ အချစ်နဲ့ထပ်တူ အဲဒီအလွမ်းတွေက ဖြစ်တတ်တာပါကလား။ ကျနော်ကြုံတွေ့ရတဲ့အချစ်ဆိုတာ အခုလို ကျနော်ကချစ်ရတဲ့သူဖြစ်ခဲ့မယ်လို့ ဘယ်တုန်းကမှ တွေးထင်မထားခဲ့မိဘူး။ ကြင်နာနွေးထွေးတတ်သူကိုတွေ့တော့ ကျနော့်အပေါ်မှာ မကြင်နာတတ်တဲ့သူတယောက်ကို အောက်မေ့မိတယ်။ ချစ်စကားတွေကြားရပြန်တော့ မချစ်တတ်သူကို တမ်းတမိတယ်။ ကျနော့်မျက်နှာက ပျော်ရွှင်မှု ၀မ်းနည်းမှုတွေကို မလွတ်တမ်းကြည့်နေသူကိုတွေ့ရတော့ ဂရုမစိုက်တတ်တဲ့သူကို လွမ်းမိပြန်တယ်။ အဲဒါတွေ ကျနော့်ရဲ့ မိုက်မဲရူးသွပ်မှုတွေပဲလား မပြောတတ်။
မဖြစ်နိုင်မှန်း သိရက်နဲ့ တိတ်တဆိတ် မျှော်လင့်မိခဲ့တာကိုက ကျနော့်အမှားရယ်ပါ။ မှားယွင်းတဲ့ မျှော်လင့်ချက်တခုကို အချိန်တော်တော်ကြာ ဆုပ်ကိုင်ထားမိခဲ့တယ်။ ဒီနေ့ ကျနော့်ရဲ့ မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်ထားတာ ကြာပြီဖြစ်တဲ့ စာကြောင်းလေးတကြောင်းကို သွားတွေ့မိတယ်။ '"Hope is a good breakfast, but it is a bad supper"  တဲ့။ ဘယ်သူပြောခဲ့တာလဲဆိုတာတော့ အတိအကျ မသိတော့ပေမယ့် ဒီစာကြောင်းလေးက ကျနော့်အတွက်တော့ အရမ်းကိုထိရှစေတယ်။ ဟုတ်တယ်။ မျှော်လင့်ချက်ဆိုတာ မနက်စာအတွက် ကောင်းပေမယ့် အလွန်ဆိုးတဲ့ ညစာလည်းဖြစ်တယ်ဆိုတဲ့ စာကြောင်းလေးက အချိန်တော်တော်ကြာကြာ တိတ်တဆိတ်မျှော်လင့်နေမိတဲ့ ကျနော့်အတွက်တော့ မှတ်စုစာအုပ်ထဲက ဒီစာကြောင်းလေးကို အရင်ကတည်းက မြင်တွေ့မိခဲ့ပါရင်ဆိုတဲ့ အတွေးမျိုး ၀င်လာခဲ့တယ်။
တကယ်တော့ မှားယွင်းတဲ့ မျှော်လင့်ချက်မျိုးကို အစကတည်းက ကျနော် မထားသင့်ခဲ့ပါဘူး။ အဲဒီမျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှဉ်းပမ်းလာတာ အတော်ကြာလာခဲ့ပြီပဲ။ သံယောဇဉ်ကြီးတတ်တဲ့ ကျနော့်အတွက်တော့ ဘယ်အရာမဆို အလွယ်တကူ ဖျောက်ဖျက်ပစ်ဖို့ မလွယ်ပေမယ့် အချိန်သည် အကောင်းဆုံး သမားတော်ဖြစ်သည် ဆိုသလိုပဲ တနေ့နေ့တော့…။

18.3.2011 (8:34PM)


Image and video hosting by TinyPic

ဘလော့ဂ်ရယ် ကျနော်ရယ် နှေးကွေးလွန်းတဲ့ ကော်နက်ရှင်ရယ်...





အခုတလော အရင်လို အင်တာနက်လည်း အချိန်ပြည့်မသုံးဖြစ်။ တခါတလေ အင်တာနက်ဆိုင်တွေမှာ သွားသုံးတော့လည်း ဘလော့ဂ်အတွက် ပို့စ်တင်ဖို့ရာ အဆင်ကမပြေ။ မေးလ်စစ်ဖို့တောင် ကွန်နက်ရှင်က နှေးနေတော့ ဘလော့ဂ်ပို့စ်တင်ဖို့ရာက အဝေးကြီး။ ဂျာနယ်တွေမှာ ဖတ်မိတဲ့ နှစ်သက်သဘောကျတဲ့ စာလေးတွေ၊ စိတ်ကူးပေါက်ရာ ရေးဖြစ်တဲ့ စာမမည်သော စာကြောင်းလေးတွေကို ကိုယ့်ဘလော့ဂ်လေးမှာ တင်ထားချင်တဲ့စိတ်လေးရှိတဲ့အခါ ကိုယ့်ရဲ့ ဘလော့ဂ်လေးကို ဂူဂဲလ်ကနေ ရိုက်ကြည့်တဲ့အခါ Access dined တဲ့။ စိတ်ပျက်လိုက်ပါဘိ…။
ဒီတော့ ကျော်နည်းခွနည်းတွေနဲ့ ကျော်ကြည့်ရတော့တာပေါ့။ အဲဒီနည်းတွေကလည်း ရိုးရိုးသာမန်ကြည့်လို့သာအဆင်ပြေပေမယ့် ပို့စ်တင်ဖို့တော့ အဆင်မပြေပြန်။ ပြည်ပမှာရှိတဲ့ အစ်ကိုတယောက်ကတော့ ကျနော် ဘလော့ဂ်စလုပ်ကတည်းက ပြည်တွင်းကနေ ဘလော့ဂ်ပို့စ်တွေ တင်ဖို့အဆင်မပြေရင် သူ့ဆီကို ပို့ပေးဖိုပြောရှာတယ်။ သူ အဲဒီကနေ တင်ပေးမယ်ဆိုတော့ ပြောတာနဲ့တင် ကျေးဇူးတင်စရာကောင်းနေပါပြီ။ ဒါပေမယ့် ကျနော်ကိုယ်တိုင်က သူတပါးကို အကူအညီတောင်းရမှာ သေမလောက်ကြောက်တဲ့ သူတယောက်ဖြစ်နေတယ်လေ။ ကျနော်တောင်းမိတဲ့ အကူအညီဟာ တခြားသူအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေမှာ အကြောက်ဆုံးပဲ။ ဒါကြောင့်တတ်နိုင်သလောက် ကျနော် သူတပါးဆီက အကူအညီမတောင်းဖြစ်။
ဒါကြောင့် ကိုယ်တိုင်ပဲ အင်တာနက်ကွန်နက်ရှင်ကောင်းမယ့်အချိန် စောင့်ပြီးတင်ဖြစ်တော့မယ်။ ပြည်တွင်းက အင်တာနက်ဆိုင်တော်တော်များများမှာ Blog, website တို့ကြည့်လို့မရ။ YouTube တို့ဘာတို့ဆို ဝေလာဝေး။  ဒါကြောင့် ကျနော်သုံးဖူးတဲ့ အင်တာနက်ဆိုင်တွေမှာ လူငယ်လေးတွေ ဂျီတော့ခ်လောက်သာ ဖွင့်ပြီး chatting ထိုင်နေကြတာ များတယ်။ တချို့လည်း အွန်လိုင်းဂိမ်းတွေ ကစားကြတယ်။ ဆယ်ကျော်သက်လူငယ်အတော်များများဟာ အင်တာနက်ကို chat ဖို့ ဒါမှမဟုတ် ဂိမ်းကစားဖို့ ဆိုတာလောက်ပဲ အသုံးပြုကြတာတွေတွေ့နေရတယ်။ ဂူဂဲလ်ဆာ့ခ်ျ ကိုလည်း ဘယ်လိုအသုံးပြုရမယ် မသိ။ စာပေ ဗဟုသုတအဖြာဖြာအတွက် ရှာဖွေကြည့်တဲ့သူဆိုတာ ခပ်ရှားရှားရယ်။ ဒီလိုဖြစ်နေတာတွေကို အသေအချာပြန်စဉ်းစားကြည့်တော့လည်း သူတို့ကို အပြစ်မဆိုသာ။ ကွန်နက်ရှင်နှေးတာရယ် ကန့်သတ်ချုပ်ချယ်ထားတာတွေ များတာရယ်ကြောင့်  အလွယ်တကူ အသုံးပြုလို့ရတာတွေချည်း လုပ်မိနေတာ ဖြစ်ပါလိမ့်မယ်။ ကျနော်ကိုင်တိုင်လည်း ဂူဂဲလ်မှာ ပုံတပုံကိုရှာဖွေဖို့ ငါးမိနစ်လည်း မဟုတ် ဆယ်မိနစ်လည်းမဟုတ် မျှော်တလင့်လင့်နဲ့ စောင့်ခဲ့ဖူးတာပဲ။ ဒီတော့ စိတ်ရှည်လက်ရှည်နဲ့ အကြောင်းအရာတခုခုကို ရှာဖွေဖို့စုဆောင်းဖို့၊ ဗဟုသုတထွေထွေကို သိချင်ပေမယ့်လည်း အချိန်ရယ် အသုံးပြုခငွေကြေးရယ်နဲ့ တွက်ချင့်ပြီး အလွယ်တကူအသုံးပြုလို့ရတဲ့ ဂျီတော့ခ်တို့ ဂိမ်းတို့ကိုသာ သုံးဖို့ အာရုံရောက်နေကြတာ ဖြစ်ကောင်းဖြစ်ပါမယ်။
တခါ ကျနော်တို့မြို့လေးကို ပြန်ရောက်ခိုက် အင်တာနက်ဆိုင်တဆိုင်မှာ သွားသုံးဖြစ်တယ်။ အဲဒီမှာ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးတွေနဲ့ ရှစ်တန်း ကိုးတန်းအရွယ် ယောက်ျားလေး မိန်းကလေးတွေကို တွေ့ရတယ်။ ကျနော့်စိတ်ထဲမှာတော့ အော်..ကောင်းလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ အင်တာနက် အီးမေလ်း အသုံးပြုတတ်တာ သိပ်ကောင်းတာပဲလို့ မှတ်ချက်ပြုပြီး သကာလ သူတို့သုံးနေတဲ့ ကွန်ပျူတာတွေဆီ တချက်သတိထားပြီးကြည့်မိလိုက်တယ်။ ဂိမ်းကစားသူက ကစား၊ ဂျီတော့ခ်ပြောသူက ပြောကြနဲ့ အင်တာနက်နည်းပညာကို ဒီလောက်ပဲ အသုံးပြုလို့ရတယ်လို့ မှတ်ယူထားပုံကိုတွေ့ရတာ ၀မ်းနည်းစရာပါ။ ကြည့်ချင်တဲ့ ၀က်ဘ်ဆိုက်တွေ ဘလော့ဂ်တွေရှိတယ်ပဲထားဦး ကွန်နက်ရှင်နှေးကွေးမှုနဲ့ ကန့်သတ်ပိတ်ပင်ထားမှုတွေကြောင့် ကြည့်ရှုဖို့ မလွယ်ကူလှတဲ့ အဖြစ်တွေရယ်ပါ။
ကျနော် ဘလော့ဂ်စလုပ်ဖြစ်တော့ ပြည်တွင်းမှာရှိတဲ့ ကျနော့်သူငယ်ချင်းတွေကို ဘလော့ဂ်လိပ်စာပေးပြီး အားတဲ့အချိန် မျက်စိအညောင်းခံပြီး လာရောက်ဖတ်ရှုကြဖို့ပြောမိတယ်။ ဒါပေမယ့် သူတို့ပြောတာက ကျနော့်ဘလော့ဂ်က ကြည့်လို့မရဘူးတဲ့။ Asses denied ဖြစ်နေတယ်လို့ တော်တော်များများက ပြောကြတယ်။ တခြားနည်းလမ်းနဲ့ ဘယ်လိုကြည့်လို့ရလဲဆိုတော့ ကျော်ကြည့်ဖို့အတွက် နည်းလမ်းကို ပြောပြရတယ်။ ဒါပေမယ့် လူတွေရဲ့ ထုံးစံအတိုင်းပဲ အိမ်တအိမ်ကို အလည်သွားဖို့ဆိုတာ သွားလာရလွယ်ကူတဲ့ အိမ်ကိုပဲ သွားရောက်လည်ပတ်ချင်ကြပြီး သွားရလာရခက်ခဲတဲ့ အတားအဆီးတွေများတဲ့ အိမ်ကိုတော့  ဘယ်သူက လာလည်ချင်ကြမတုန်း။ မဖြစ်မနေ တကြိမ်လောက်သာ သွားဖြစ်ပေမယ့် နောက်ပိုင်း ဘယ်သူက စိတ်ရှည်လက်ရှည် အတားအဆီးအခက်အခဲတွေကို ကျော်ပြီး သွားချင်ပါ့မလဲ။ ကျနော့်ရဲ့ အိမ်လေးကလဲ သွားလာရခက်ခဲတဲ့ Blog အမျိုးအစားဖြစ်နေလေတော့ ပြည်တွင်းက မိတ်ဆွေ သူငယ်ချင်းတွေ အရောက်အပေါက် ကျဲလှတယ်။
ခုတော့ ကျနော်ကိုယ်တိုင် အဲဒီပြဿနာကြုံနေရပြီလေ။ ကိုယ့်ဘလော့ဂ်ကို သာမန်ကြည့်ဖို့လေးတောင် အခက်အခဲအတားအဆီးတွေကို ကျော်ပြီးခက်ခက်ခဲခဲကြည့်ရှုနေရတယ်။ ပို့စ်တင်ဖို့ဆိုရင်တော့ နှောင့်နှေးကြန့်ကြာနေမှာ အမှန်ပါပဲ။ ကိုကြီးကတော့ ဘလော့ဂ်မှာတင်ဖို့ ပို့စ်တွေကို မေးလ်နဲ့ပို့ပေးဖို့ ပြောပေမယ့် အလုပ်များတဲ့ ကိုကြီးကို ကျနော့်ကြောင့် ပိုပြီး အလုပ်မရှုပ်စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်ပမှာရှိတဲ့ အစ်ကိုတယောက်နဲ့ ကိုကြီးတို့က ကွန်နက်ရှင်ကြောင့် ပို့စ်တင်ဖို့အခက်အခဲဖြစ်နေရင် ကူညီမယ်လို့ပြောတာနဲ့တင် ကျေးဇူးတင်နေမိပါတယ်။ ကျနော်ကတော့ ကျနော့်ကြောင့် ဘယ်သူ့ကိုမှ အလုပ်မပိုစေချင်တဲ့ ဆန္ဒတခုတည်းနဲ့  နှေးကွေးလှတဲ့ ကွန်နက်ရှင်ကို ­­­မေ့မေ့မောမောစောင့်ရင်း …။

Image and video hosting by TinyPic

Wednesday, March 9, 2011

ကံ့ကော်ပန်းပွင့်လေးနဲ့ တူတဲ့ မကြီးသို့ အမှတ်တရ...


ကျနော်တက္ကသိုလ်တက်စဉ်အချိန်တုန်းက ကျနော့်ရဲ့အမရင်းတယောက်လို ချစ်ခင်ခဲ့ရတဲ့ အစ်မတယောက်ရှိခဲ့တယ်။ ကျနော့်အမြင်မှာတော့ မကြီးက ကံ့ကော်ပန်းပွင့်လေးနဲ့ တူတယ်။ အသားလေးက ဖြူဝင်းပြီး အ၀ါရောင်သန်းနေတယ်။ ကံ့ကော်ပွင့်လေးတွေတွေ့ရင် မကြီးကို မြင်နေရသလိုပါပဲ။ မကြီးက မဟာသိပ္ပံဘွဲ့အတွက် တက်နေသူဖြစ်ပြီး ကျနော့်ထက် အသက်ဆယ်နှစ်ကျော်ကျော်ကြီးတယ်။
မကြီးနဲ့ကျနော်က တမြို့ထဲလည်းဖြစ်၊ ကျောင်းသွားရင် လိုင်းကားနဲ့မသွားဘဲ ဖယ်ရီစီးတာလဲတူ၊ အဲ..နောက် တူတာရှိသေးရဲ့။ အဲဒါတော့ သူငယ်ချင်းတွေပြောကြတာ။ မကြီးနဲ့ကျနော်က မျက်နှာကြောတင်းတာခြင်းလဲတူတယ်တဲ့။ အသွင်တူခြင်း ခင်မင်မိကြတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း မကြီးကို စတွေ့ဖူးတော့ မျက်နှာထားတည်တည်နဲ့ မကြီးကို တော်တော်မာနကြီးမယ့် ပုံပဲလို့ စိတ်ထဲက မှတ်ချက်ချမိတယ်။ နောက်တော့ ခင်သွားတော့လည်း  မကြီးက တော်တော်သဘောကောင်းတယ်ဆိုတာ သိလာရတယ်။  ကျနော်က လူတယောက်ကို လွယ်လွယ်ကူကူ မခင်တတ်ပေမယ့် ခင်မင်မိရင်လည်း အလွန်ပဲသံယောဇဉ်ကြီးတတ်တယ်။
ကျောင်းဖယ်ရီစီးရင် ဖယ်ရီကို မကြီးအရင်ရောက်ရင်ပဲဖြစ်ဖြစ် ကျနော်အရင်ရောက်ရင်ပဲဖြစ်ဖြစ် အရင်ရောက်တဲ့သူက နေရာချန်ပေးတတ်ကြတယ်။ မကြီးရဲ့မေဂျာက ရုက္ခဗေဒဘာသာဆိုတော့ စာသင်ရတဲ့အဆောင်က အဆောင်-၁၊ ကျနော်တို့အဆောင်က အဆောင်-၂။ အဆောင် ၁၊ ၂ ဆိုပေမယ့် နီးသလားဆိုတော့ မနီးပါ။ အတော်လှမ်းလှမ်းသွားရပါတယ်။ ကျောင်းရောက်ရင်လည်း ကျနော့်အတန်းပြီးတာနဲ့ မကြီးတို့အတန်းရှိရာ အဆောင်-၁ ကိုလာပြီး စာသင်နေတုန်းဖြစ်တဲ့ မကြီးကို စောင့်ပြီးမှ အတူတူပြန်ဖြစ်ကြတယ်။ မကြီးရဲ့အတန်းက စောပြီးနေရင်လည်း ကျနော့်အတန်းရှိရာကို လာရှာပြီး အတူတူပြန်တယ်။
မကြီးတို့မေဂျာက အဲဒီနှစ်မှာ မဟာသိပ္ပံဘွဲ့တက်နေသူက မကြီးနဲ့မှ ဆယ်ယောက်စွန်းစွန်းလောက်ပဲရှိတယ်။ အဲဒီထဲမှာမှ ယောက်ျားလေးက တယောက်ပါတယ်။ သူတို့အားလုံးက ကျနော့်ကို မကြီးရဲ့ ညီမလို့ပဲ ထင်နေကြတယ်။ ဒီလိုပဲ ကျနော့်အတန်းက တက္ကသိုလ်စတက်မှ ခင်ကြတဲ့ ကျနော့်သူငယ်ချင်းတွေကလည်း မကြီးကို ကျနော့်အမအရင်းလို့ ထင်ကြတယ်။
တခါတော့ မကြီးတို့အတန်း စောပြီးနေလို့ ကျနော့်အတန်းရှိရာ အဆောင် - ၂ ကို လာပြီး ကျနော့်ကိုရှာတယ်။ အဲဒီနေ့မှာ ကျနော်ကလည်း အတန်းကစောပြီးနေလို့ မကြီးဆီ မသွားသေးဘဲ စာကြည့်တိုက်ကို သွားနေတာဆိုတော့ ကျနော့်တို့အတန်းမှာ ကျနော့်ကိုမတွေ့လို့ ပြန်သွားပြီထင်ပြီး အဲဒီနေ့က ဖယ်ရီမစီးဘဲ ပြန်သွားတယ်။ ကျနော် စာကြည်တိုက်ကနေပြန်လာပြီး မကြီးတို့အဆောင်ကိုသွားတော့ မကြီးရဲ့သူငယ်ချင်းက 'မဦး ပြန်သွားပြီ။ ညီမလေးတို့အတန်းကို လာရှာသေးတယ်။ မတွေ့တော့ သွားပြီထင်ပြီး ပြန်သွားတာ' လို့ပြောတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျနော် မကြီးကို စိတ်ဆိုးခဲ့တယ်။ ကျနော်သူ့ကို မစောင့်ဘဲ ဘယ်တုန်းကမှ အိမ်မပြန်ဖူးတာပဲလေ။ စိတ်မကောင်းလည်း ဖြစ်မိတယ်။
နောက်တနေ့ ဖယ်ရီကားပေါ်မှာတွေ့တော့ ကျနော် မကြီးကို မသိချင်ယောင်ဆောင်ပြီး မခေါ်ဘဲ နေမိတယ်။ မကြီးက ကျနော်ရဲ့နာမည်ထဲကမှ ထူးထူးခြားခြား ဘယ်သူမှမခေါ်တဲ့ နာမည်တလုံးတည်းကို ခေါ်တတ်တယ်။ 'ဟေ့..စိတ်ကောက်နေတာလား…မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲကွာ' လို့ မကြီးပြောတယ်ဆိုပဲ စိတ်ပြေနေတဲ့ ကျနော်က ဟန်ဆောင်ပန်ဆောင်တောင် စိတ်မကောက်ဖြစ်တော့ပါ။ ကျနော်က စိတ်ကောက်တတ်ပေမယ့် ခဏလေးနဲ့ စိတ်ပြေတတ်တယ်။ ဒါပေမယ့် မေ့တော့ မမေ့။
ကျောင်းမှာ ကင်တင်းထိုင်ရင်လည်း ကျောင်းသားကြီးတွေဖြစ်တဲ့ မကြီးတို့ သူငယ်ချင်းတစုနဲ့ အတူထိုင်ဖြစ်တာများတယ်။ အားလုံးနဲ့ယှဉ်ရင် ကျနော်က အငယ်ဆုံးဖြစ်နေတာပေါ့။ မကြီးတို့မေဂျာမှာ ရှားရှားပါးပါးတယောက်သာပါသော ယောက်ျားလေးအစ်ကိုကြီးတယောက်ရှိတယ်။ အဲဒီအစ်ကိုကြီးက မကြီးတို့နဲ့အတူတူ တတွဲတွဲနေလေ့ရှိတော့ မကြီးဆီကိုလာတဲ့ ကျနော့်ကို အမြဲစနောက်တတ်တယ်။ ပြီးတော့ မကြီးနဲ့သက်တူရွယ်တူဖြစ်ပေမယ့် မကြီးကို ကျနော်ခေါ်သလို မကြီးလို့နောက်ပြောင်ခေါ်လေ့ရှိတယ်။ အဲဒီိအစ်ကိုကြီးက သီချင်းဆိုဝါသနာပါပုံပါပဲ။ ကျနော်သွားတိုင်း စာမသင်တဲ့အချိန်တွေဆို တပုဒ်တည်းသော သီချင်းကိုပဲ အမြဲညည်းနေတတ်တယ်။ သူဆိုနေကျ သီချင်းက 'မျှော်တော်ရောင်'ဆိုတဲ့ သီချင်း။ တခါတလေ စာသင်နေတာနဲ့ ကြုံရင်လည်း စာသင်နေရင်းပင် ကျနော်ကို လှမ်းစတတ်သေးတယ်။ ကျနော်ကတော့ စာသင်နေတဲ့ ပါမောက္ခဆရာမကြီးမြင်ပါစေလို့ ကြိတ်ဆုတောင်းမိတယ်။
တခါတလေ မကြီးတို့ လက်တွေ့လုပ်ရတဲ့ စိုက်ကွင်းတွေဘက်ကို လိုက်သွားတတ်တယ်။ စပါးမျိုးစေ့တွေကို တစ်ရှူးစတွေနဲ့ မျိုးပင်ပေါက်အောင်လုပ်ရင်း အလုပ်ရှုပ်နေတဲ့ မကြီးတို့အုပ်စုကိုကြည့်ရင်း ရွာမှာဆို စပါးစိုက်ပေမယ့် တစ်ရှူးစမလို၊ အခုလို ပိုးမွေးသလိုမွေးနေစရာလည်း မလိုပါဘူးလို့ တွေးနေမိတော့တယ်။ ယုယုယယစိုက်ထားတဲ့ စပါးပင်တွေ အနှံထွက်လာတော့လည်း စပါးတနှံမှာ ဘယ်နှစ်စေ့ပါလည်းလို့ ရေတွက်ရတာအမော။ ကျနော်တောင် မကြီးတို့နဲ့ရောပြီး ရေတွက်ရတာ အစစ်ပါလိုက်သေးတယ်။
သွားလေရာ လမ်းတလျှောက်မှာ ဘာပင်တွေပေါက်နေသလဲဆိုတာ မကြီးနဲ့အတူတူသွားတော့မှ မကြီးသတိထားကြည့်သလို ကျနော်လည်းကြည့်ဖြစ်ခဲ့တယ်။ ဘာပန်းမှာ ပွင့်ဖက်ဘယ်နှစ်လွှာပါတယ်၊ ဘယ်အသီးရဲ့ အညှာကတော့ ဘယ်လို ဆိုတာတွေလည်း မကြီးပြောပြမှ သတိထားပြီးကြည့်တတ်လာတော့တယ်။ ကျနော်နဲ့ မကြီးက သစ်ပင်စိုက်တာ ၀ါသနာပါတာခြင်းတော့ တူတယ်။
တခါသားက သန်လျင်ကျိုက်ခေါက်ဘုရားပွဲကို မကြီးနဲ့ ကျနော် သွားဖြစ်ကြလေရဲ့။ မကြီးက သနပ်ခါးဝယ်ဖို့အတွက်ဆိုပြီး သွားဖြစ်ကြတာလေ။ သနပ်ခါးတုံးတွေအပြင် သနပ်ခါးအမြစ်တုံးတွေပါ ၀ယ်ပြီး သနပ်ခါးလိမ်းပျင်းတဲ့ (အမှန်တော့ သနပ်ခါးသွေးဖို့ပျင်းတာက ခပ်များများရယ်) ကျနော့်ကိုပါ ညဘက်လိမ်းအိပ်ဖို့ဆိုပြီး သနပ်ခါးအမြစ်တုံးတတုံးကို ၀ယ်ပေးတယ်။ ပြီးတော့ ပြန်ခါနီးမှာ Kiss me ပန်းလို့ ကျနော်တို့ခေါ်ကြတဲ့ ပန်းပျိုးပင်ပေါက်တွေရောင်းတဲ့ဆီကို နှစ်ယောက်သား မတိုင်ပင်ဘဲ သွားဖြစ်ကြတယ်။ လှလိုက်တဲ့ ပန်းတွေ။ အပင်ငယ်လေးတွေနဲ့ အပွင့်တွေပွင့်လိုက်တာ။ အနီရောင်အပွင့်တွေရော အစိမ်းနုရောင်၊ ဆင်စွယ်ရောင်အပွင့်တွေက ကျနော်နဲ့ မကြီးကို စိတ်ဝင်စားအောင် စွဲဆောင်နေတာကိုး။ လက်တတောင်လောက်သာရှိတဲ့ အပင်ငယ်လေးပေမယ့် အရောင်အသွေးစုံလှတဲ့ အပွင့်တွေနဲ့ အပင်ခြေမှာ အမြစ်ရှည်ရှည်လေးတွေတောင် ပါလိုက်သေးတယ်။ ဒါနဲ့ပဲ မကြီးက သူ့စိတ်ကြိုက် ပန်းပင်သုံးပင်ဝယ်ပြီး ကျနော့်အတွက် ပန်းပင်တပင်ကို စိုက်ဖို့ဆိုပြီးပေးတယ်။
အိမ်ပြန်ရောက်တော့ ကျနော်လည်း မကြီးက သေသေချာချာရှင်အောင်စိုက်နော်လို့ ပြောလိုက်တော့ ပန်းအိုးတွေဘာတွေဝယ်ပြီး အကျအနစိုက်ဖို့ ပြင်တော့တာပေါ့။ သစ်ပင်စိုက်ရင်း လက်ကအငြိမ်မနေဘဲ သစ်ပင်ရဲ့အောက်ခြေ အမြစ်လေးတွေထွက်နေတဲ့ဆီကို လက်ကရောက်သွားပြီး အမြစ်ကို သေချာကိုင်ကြည့်လိုက်တော့ သစ်ပင်ရဲ့ အမြစ်က လည်ပြီးလိုက်နေတာတွေ့ရတော့ ဘယ်လိုပါလိမ့်ဆိုပြီး အမြစ်ကိုကိုင်ပြီးဆွဲထုတ်လိုက်တော့ အမြစ်ကတခြား အပင်ကတခြားနဲ့ ပျိုးပင်ပေါက်ထင်ပြီး အညာခံလိုက်ရမှန်း သဘောပေါက်မိတော့တယ်။ အပင်ရဲ့ပင်စည်အခေါင်းပေါက်ထဲကို တခြားအပင်တခုခုရဲ့ အမြစ်ကိုထိုးထည့်ထားပြီး သာမန်ကြည့်ရင်တော့ အပင်နဲ့အမြစ်အစစ်လို့ပဲထင်မိတာပေါ့။ အပင်က တဖက် အမြစ်ကတဖက်ကိုင်ပြီး ပန်းအိုးရှေ့မှာ ကျနော်တယောက်တည်း ရယ်နေမိတယ်။ မကြီးလည်း ကျနော့်လိုပဲ ပန်းပင်စိုက်ရင်တော့ သိမှာပဲလို့တွေးမိပြီး မကြီးဘယ်လိုပြောမလဲဆိုတာ သိချင်လို့ ကျောင်းမြန်မြန်ဖွင့်စေချင်မိတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းနှစ်ရက်ပိတ်ထားတော့ ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့မှ မကြီးနဲ့တွေ့ရတော့မှာကိုး။ တနင်္ဂနွေနေ့ရောက်တော့ ပန်းပင်မှာပါတဲ့ ပန်းပွင့်တွေကလည်း အပွင့်စစ်မဟုတ်မှန်း သိလာရတယ်။ အပင်ကနွမ်းသွားတော့ ပန်းခိုင်ရဲ့ဘေးမှာ တုတ်နဲ့ထိုးပြီးထည့်ထားတဲ့အပေါက်က ကျယ်လာပြီး ဆွဲနှုတ်ကြည့်တော့မှ အပွင့်ကလည်း တုတ်နဲ့ထိုးပြီးထည့်ထားတာမှန်း သိလာရတယ်။ မှတ်မှတ်ရရ အဲဒီတခါအညာခံရတုန်းကတော့ စိတ်ဆိုးဒေါသထွက်ဖို့ဝေးလို့ ရယ်သာရယ်ချင်နေမိတော့တယ်။
နောက်တပတ် တနင်္လာနေ့ ကျောင်းဖွင့်တော့ မကြီးကိုတွေ့တယ်ဆိုရင်ပဲ ကျနော်က 'မကြီးရေ…ပန်းပင်ကလေ… ဟဲဟဲ' လို့ ရှေ့ဆက်စကားမဆိုတော့ဘဲ ဖယ်ရီပေါ်မှာ တခြားသူတွေပါရှိတော့ အဲလိုပြောလိုက်တယ်ဆိုရင်ပဲ မကြီးက ရယ်ကျဲကျဲနဲ့ ကျနော့်ကို ဘယ်လိုသိသွားတာလဲတဲ့။ မကြီးရဲ့ အိမ်ကတော့ အပင်တွေ၊ အသီးတွေ၊ အပွင့်တွေအကြောင်းသင်နေရပြီး မဟာဘွဲ့အတွက် တက်နေရတဲ့သူက ဒါလေးတောင် မသိရကောင်းလားလို့ဆိုပြီး မကြီးရဲ့မေမေက ဆူတယ်လို့ပြောတာကြားရတော့ ကျနော် ရယ်နေမိတယ်။ ကျနော်က အပွင့်တွေကလည်း တကယ့်အစစ်တွေမဟုတ်ဘူးနော်။ တုတ်နဲ့ထိုးပြီးထည့်ထားတဲ့ အပွင့်တွေဖြစ်နေတယ်လို့ ပြောပြီး နှစ်ယောက်သား ငိုအားထက် ရယ်အားသန်ဆိုသလို အညာခံရလို့ ဒေါသထွက်ချင်ပေမယ့် ရယ်စရာကောင်းတာက ပိုနေတော့ ဒေါသကဘယ်ဆီရောက်နေမှန်းတောင် မသိ။ ဒီနှစ်လည်း နှစ်စဉ် တပို့တွဲလပြည့်နေမှာ ကျင်းပနေမြဲဖြစ်တဲ့ ကျိုက်ခေါက်ဘုရားပွဲတော်ကို မရောက်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ လေးနှစ်လောက်က မကြီးနဲ့ကျနော် ပန်းပျိုးပင်ဝယ်ခဲ့ကြတာကို အမှတ်ရနေမိတယ်။ မကြီးတော့ အမှတ်ရပါ့မလား မသိ။
မကြီးနဲ့ကျနော်က ကော်ဖီကြိုက်တာချင်းတူပေမယ့် တခြားအစားအစာတွေတော့ တယ်မညီလှဘူး။ မကြီးက ၀က်သားသိပ်ကြိုက်ပြီး ကျနော်က ၀က်သားလုံးဝမစား။ ၀က်သားမစားပေမယ့် မကြီး ၀က်ခေါင်းသုပ်ဆိုင်သွားလည်း ကျနော်လိုက်ဖြစ်တယ်။ မကြီး ၀က်သားတုတ်ထိုးစားရင် ဘေးမှာထိုင်ပြီး ဟိုငေးဒီငေး ငေးနေတဲ့ ကျနော်။ တခါတလေ မကြီးက ၀က်သားစားကြည့်ပါလား ဒီလောက်ကောင်းတာကိုလို့ စ တတ်တယ်။ ကျနော်တို့မြို့ကို တခါတလေပြန်ဖြစ်ရင် မကြီးကို အမြဲသတိရမိတယ်။ မကြီးတို့နေတဲ့ အိမ်ကိုသိပေမယ့် ကျနော်မသွားဖြစ်ခဲ့ဘူး။
မကြီးနဲ့ ကျနော် မတွေ့ဖြစ်ကြတာ သုံးနှစ်တောင် ရှိတော့မှာပဲ။ တမြို့တည်းနေကြပေမယ့် ဘွဲ့ရပြီးကတည်းက လုပ်ငန်းခွင်ထဲရောက်နေတဲ့ ကျနော်နဲ့ အိမ်ထောင်ကျသွားတဲ့ မကြီးတို့ မတွေ့ဖြစ်ကြတော့ပါ။ နောက်ဆုံးနှစ်စာမေးပွဲတွေပြီးတော့ မကြီးရဲ့မင်္ဂလာဆောင်ကို ကျနော်သွားခဲ့တယ်။ ကျနော့်ရင်ထဲမှာ မကြီးကိုနှမြောတဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေနဲ့ အဲဒီတုန်းက တော်တော်ခံစားရတယ်။ မကြီးရဲ့ မင်္ဂလာပွဲမှာ မကြီးက ကျနော့်ကို အမှတ်တရဓာတ်ပုံရိုက်ရအောင် မသွားနဲ့ဦးနော်လို့ပြောပေမယ့် မကြီး ဧည့်သည်တွေကို လိုက်ဧည့်ခံနေတုန်း တိတ်တိတ်လေး ကျနော်ပြန်ခဲ့လိုက်မိတယ်။ အဲဒီအချိန်ကတည်းက မကြီးနဲ့ကျနော် မတွေ့ဖြစ်ကြတော့ဘူး။ မတွေ့ဖြစ်တာ သုံးနှစ်လောက်အချိန်အတွင်းမှာ မကြီးဘာတွေပြောင်းလဲ သွားပြီလဲဆိုတာ သိချင်မိတယ်။ ကံ့ကော်ပန်းပွင့်လေးတွေလည်း ပွင့်နေပြီ မကြီးရေ… ကံ့ကော်ပန်းလေးတွေမြင်ရင် မကြီးကို သတိရတယ်။
ခုချိန်လောက်ဆိုရင် မကြီးတယောက် တက္ကသိုလ်မှာဆရာမပဲဖြစ်နေပြီလား…နောက်ပြီး မကြီးတို့မှာ သားသမီးတွေ ပွားစီးနေလောက်ပြီပေါ့။ ကျနော့်ရဲ့ တူလေးလား တူမလေးလား မသိတဲ့ အဲဒီကလေးလေးကို ကျနော် မြင်ဖူးချင်လိုက်တာ။ မကြီးတို့ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျနော်ဆုတောင်းနေပါတယ်။

Image and video hosting by TinyPic

ပညာတတ်တိုင်း ပညာရှိမဖြစ် - လူထုစိန်ဝင်း


နယ်ရောက်နေတာ ကြာပြီဖြစ်တဲ့ ကျောင်းသားဟောင်းတယောက် အညာလက်ဆောင်တွေနဲ့ လာကန်တော့ပါတယ်။ မတွေ့တာ ဆယ်နှစ်ကျော်ကြာပြီဖြစ်လို့ ကွင်းဆက်ပြတ်နေတာတွေ ပြန်ဆက်ကြတာ အချိန်အတော်ကြာသွားတယ်။ ပါးစမ်တခုလုံး ရဲပထောင်းထနေလို့ ကွမ်းတွေသိပ်မစားဖို့ သတိပေးရသေးတယ်။
ရန်ကုန်မှာ မနေတတ်
သူက ရန်ကုန်သားပါ။ ဒါပေမဲ့ အခုတော့ အညာသားကြီးတယောက်နဲ့တူနေတယ်။ စကားပြောတာ ဆိုတာကအစ တကယ့်အညာသားအတိုင်းပဲ။ နယ်မှာက သွားစရာ လာစရာမရှိ၊ ကျောင်းဆင်းရင် လုပ်စရာလည်း မရှိဆိုတော့ ဘိလိယက်ခုံပဲ သွားပြီးအပျင်းဖြေရတယ်။ ဘိလိယက်နဲ့အတူ ကွမ်းပါစွဲသွားတယ်။ အရက်မစွဲတာ တော်သေးတယ်လို့ သူကရှင်းပြတယ်။ သူက တက္ကသိုလ်က သမိုင်းဆရာပါ။ ဆရာလုပ်သက် အနှစ် ၂၀ လုံးလုံး နယ်တက္ကသိုလ်ကောလိပ်တွေပဲ လှည့်ပြီး တာဝန်ကျနေတာကြောင့် ရန်ကုန်မှာ မနေတတ်ဘူး. အသက်ရှူကျပ်ပြီး မျက်စိနောက်တယ်လို့ ညည်းတယ်။
ပျော်သလိုနေနိုင်
သူက အိမ်ထောင်မရှိတော့ ဘာအပူမှလည်း မရှိဘူး။ ပျော်သလိုနေနိုင်တယ်။ အိမ်ထောင်နဲ့ ဘုစုခရုတွေနဲ့ဆိုရင် ကလေးပညာရေးတို့ ဘာတို့အတွက် ပူနေရဦးမှာ။
          နယ်မှာနေရတာ စိတ်ချမ်းသာတယ်။ ကွန်ပျူတာသင်တန်းတို့ ဘာသာစကားသင်တန်းတို့ ဆိုတာမျိုးတွေ တက်စရာမရှိတာ တခုပဲဆိုးတယ်။ ဘာသင်တန်းမှ မတက်တော့ ဘာမှ မတိုးတက်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ လူရာမ၀င်တော့ဘူးလို့ စိတ်အားငယ်သလိုလည်း ပြောတယ်။ အင်တာနက်ကဖေးတွေ ဘာတွေမရှိဘူးလားလို့ မေးတော့ ဘိလိယက်ခုံလေးငါးခုံကလွဲပြီး ဘာမှမရှိဘူး။ မီးလည်း မှန်မှန်မလာဘူးလို့ ပြန်ဖြေတယ်။
စိတ်ဓာတ်ကျတယ်
မဟာဘွဲ့ရတဲ့အထိ တက္ကသိုလ်မှာ ဆယ်နှစ်ဆယ်မိုး နေခဲ့ပြီးပြီပဲ။ စာသင်ရတာ မညည်းငွေ့သေးဘူးလားလို့ ဆိုတော့ ဆရာတို့ပဲ အင်တာနက်တွေ ဘာတွေ မသုံးတတ်ရင် နှစ်ဆယ့်တရာစုထဲ တိုးဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ရေးနေကြတော့ ကျနော်တို့တောသားတွေ စိတ်ဓာတ်ကျတာပေါ့ဆရာရဲ့လို့ ပြန်ပြီး စကားနာထိုးတယ်လေ။ သူပြောတာ ဟုတ်နေတော့ အသာလေး ငြိမ်နေလိုက်ရတယ်။ ကိုယ်က မကြာခဏအဲဒီလို ရေးမိတာကိုး။ ဒါပေမဲ့ သူစိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ နယ်မှာနေပြီး စိတ်ဓာတ်ကျနေရင် အရက်သမားဖြစ်သွားနိုင်တယ်။ ခုတောင် ကွမ်းစွဲနေပြီး၊ စိတ်ဓာတ်မကျအောင် တခုခုတော့ ပြောမှဖြစ်တော့မယ်။
မကောင်းမှုနိဒါန်း
စိတ်ဓာတ်ကျတယ်ဆိုတာက မကောင်းမှုတခုခုပြုဖို့အတွက် အစပျိုးတဲ့ နိဒါန်းစကားဖြစ်တယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားစွဲတာ အားလုံးစိတ်ဓာတ်ကျရာက စတာဖြစ်တယ်။ စိတ်ဓာတ်ကျတာကို မြန်မြန်ကုစားပစ်ရမယ်။ မကုစားနိုင်ရင် မကောင်းမှုဘက် ယိုင်သွားမယ်။ ယိုင်မသွားအောင် စိတ်ပျက်လက်ပျက်နဲ့ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီး လူကတုံးသွားနိုင်တယ်။ ပညာတွေ အများကြီးတတ်ထားပြီး တုံးသွား အသွားတဲ့အဖြစ် မရောက်သင့်ဘူး။ သူ့ကို အားပေးစကားပြောဖို့ ခေါင်းကုတ်ပြီး စဉ်းစားရတယ်။
စာတွေဖတ်ပြီး တိုးတက်နိုင်
သူက သမိုင်းဘာသာရပ်ကို မဟာဝိဇ္ဇာဘွဲ့ရတဲ့အထိ သင်လာခဲ့ရုံသာမက လက်ရှိလည်း တက္ကသိုလ်မှာ ဆရာလုပ်နေသူဖြစ်တယ်။ ကွန်ပျူတာမရှိ၊ အင်တာနက်မရှိပေမယ့် သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေနဲ့ တခြားစာနယ်ဇင်းတွေတော့ မရှိဘဲမနေပါဘူး။ စာနယ်ဇင်းတွေနဲ့ စာအုပ်စာတမ်းတွေ ဖတ်ပြီးတော့လည်း အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပါတယ်။ အရေးကြီးတာက အဆက်အပြတ်လေ့လာသင်ယူနေဖို့သာဖြစ်တယ်။ သမိုင်းဘာသာရပ်မို့ နှစ်ဆယ့်တစ်ရာစုထဲ တိုးမ၀င်နိုင်ဘူး မထင်ပါနဲ့။ တိုင်းပြည်တပြည်ဟာ စီးပွားရေးနဲ့ စက်မှုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်လာလေ သမိုင်း၊ ဒဿနိကဗေဒ၊ အနုပညာနဲ့ နိုင်ငံရေးသိပ္ပံလို့ ဘာသာရပ်တွေပိုပြီး လိုအပ်လာလေဖြစ်တယ်။
တိုးတက်မှု ကျဆုံးမှု
ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါ ဘယ်နိုင်ငံမှာမဆို စီးပွားရေးနဲ့ စက်မှုအတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တဖက်မှာလည်း စိတ်ဓာတ်ပိုင်းနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေမှာ ကြောက်စရာကောင်းလောက်အောင် ယိုယွင်းကျဆင်းသွားတာကို တွေ့ရတယ်။ အတိုးတက်ဆုံး အချမ်းသာဆုံး အဖွံ့ဖြိုးဆုံးဆိုတဲ့ အဆင့်ရောက်လေ စက်ဆုပ်စရာကောင်းလောက်အောင် ပျက်စီးလေလို့တောင် ဆိုရလောက်ပါတယ်။
ပစ္စန္တရစ
မယုံမရှိနဲ့။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အများဆုံး၊ ဒုစရိုက်လုပ်ငန်းကြီးတွေ အပေါဆုံး၊ ပြည့်တန်ဆာတွေ အထွက်ဆုံးဆိုတာ တွေ့ရလိမ့်မယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတော့ လူတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ငွေနောက်ကိုလိုက်ရင်း လိုက်ရင်း စိတ်ဓာတ်တွေ ရိုင်းစိုင်းခက်ထန်ရုံဆို တော်သေးတယ်။ နောက်တဆင့်တက်ပြီး ကြမ်းကြုတ်ရက်စက်တဲ့အထိ ဖြစ်ကုန်ကြတော့ ကမ္ဘာကြီးတခုလုံးဟာ ပစ္စန္တရစ်အရပ်ကြီးလိုဖြစ်ပြီး နေချင်စရာ မကောင်းတော့ဘူး။
ပညာနဲ့ အသိဉာဏ်
ရိုင်းချင်တိုင်း ကမ်းကုန်အောင် ရိုင်းလာနေတဲ့ လူသားတွေကို ထိန်းချုပ်ဖို့အတွက် မဟာစက်မှု နိုင်ငံကြီးတွေဟာ 'ပညာ' (Knowledge, Technology) ထက် အသိဉာဏ် (Intellect, Wisdom) ကို ဦးစားပေးခဲ့ကြရပြန်တယ်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ သမိုင်း၊ ဒဿနိက၊ ရသဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စာပေ၊ ဂီတနဲ့ အနုပညာဘာသာရပ်တွေကို ကျောင်းတွေ တက္ကသိုလ်တွေမှာ အလေးထားသင်ကြားကြရတယ်။ စက်မှု အတတ်ပညာတွေနဲ့ ဗဟုသုတတွေက လူတွေနဲ့ တိုင်းပြည်နိုင်ငံတွေကို ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်ပေမယ့် တိုင်းပြည်တွေ ငြိမ်းချမ်းသာယာပြီး လူတွေစိတ်ချမ်းသာအောင် ယဉ်ကျေးမှု အထက်တန်းစားဖြစ်အောင်တော့ လုပ်မပေးနိုင်ဘူး။
စိတ်ဓာတ်ကျစရာ မလို
စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူတွေကမှ ဗြဟ္မစိုရ်တရား ပွားများနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးတဲ့အတွက် ကမ္ဘာကြီးတခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်ရတာ။ ဒီအချက်ကို နားလည်လာရင် သမိုင်းလို ဒဿနိကလို ၀ိဇ္ဇာပညာသမားတွေ စိတ်ဓာတ်ကျစရာ မလိုဘူး။ ကွန်ပျူတာ အင်တာနက်ကျွမ်းကျင်မှ လူတောတိုးနိုင်တာ မဟုတ်ဘူး။ အတွေးအခေါ်အထက်တန်းကျပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ သူဆိုရင် လူတိုင်းက အိမ်ဦးခန်းမှာထားပြီး ကိုးကွယ်ချင်လောက်အောင် တန်ဖိုးထားလေးစားကြပါတယ်။ ပညာတတ်တိုင်း ပညာရှိဖြစ်တာ မဟုတ်ပါဘူး။
လူထုစိန်ဝင်း 
၂၁၊ ၂၊ ၂၀၁၁
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ်

Sunday, March 6, 2011

ညီမလေးဖတ်ဖို့ (၃)


ညီမလေးရေ…
ဒီတပတ် မမကြီး သူငယ်ချင်းနဲ့အတူ ရန်ကုန်-ဒလသွားတဲ့ သင်္ဘောပေါ်မှာပေါ့။ သင်္ဘောစောင့်နေတုန်း မမကြီးရဲ့သူငယ်ချင်းက ညီမလေးတို့အရွယ်ကောင်မလေးတယောက်ကို နှုတ်ဆက်နေတာ တွေ့လိုက်တယ်။ ပထမတော့ မမကြီးက သူတို့ကိုသာမန်လောက်သာ အာရုံရောက်မိတယ်။ သူတို့ပြောနေတဲ့စကားတွေကို သာမန်လောက်သာသဘောထားခဲ့ပေမယ့် နောက်ပိုင်းတော့ စိတ်ဝင်တစားနဲ့ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီကောင်မလေးက သူရဲ့ အမေနဲ့အတူ အထုပ်အပိုးတွေအများကြီးနဲ့  ဒလဘက်ကမ်းကူးဖို့ သင်္ဘောစောင့်နေကြပုံပါပဲ။ မမကြီးရဲ့ သူငယ်ချင်းက အဲဒီကောင်မလေးကို 'ဆိုင်ကို ဘာလို့မလာတာလဲ၊ အမတို့မျှော်နေကြတာ' လို့ပြောတော့ အဲဒီကောင်မလေးက 'သမီးတို့အလုပ်ပြုတ်သွားပြီလေ အမကြီးရဲ့' လို့ပြန်ဖြေတော့ မမကြီးရဲ့သူငယ်ချင်းက အံ့သြစိတ်မကောင်းစွာနဲ့ သူတို့အကြောင်းကို မေးမြန်းနေတော့တာပေါ့။ မမကြီးလည်း အဲဒီတော့မှ သူတို့ရဲ့စကားသံတွေကို ဂရုစိုက်နားထောင်ဖြစ်တော့တယ်။
သူတို့က မမကြီးရဲ့သူငယ်ချင်းအလုပ်လုပ်တဲ့ အင်တာနက်ဆိုင်ရှိတဲ့လမ်းမှာ နေ့စဉ်အမှိုက်တွေ လိုက်သိမ်းတဲ့အလုပ်လုပ်နေကြတယ်ဆိုတာ နားထောင်နေရင်းနဲ့သိခဲ့ရတယ်။ အခုတော့ သူတို့အလုပ်သမားအချင်းချင်း အဆင်မပြေဖြစ် စကားများရာမှ အလုပ်ပြုတ်ရတဲ့အဆင့်အထိဖြစ်သွားရတယ်လို့ လည်းပြောနေလေရဲ့။ ညီမလေးတို့အရွယ်လောက်သာရှိသေးတဲ့ အဲဒီညီမလေးရဲ့ အလုပ်ချိန်တွေကို ညီမလေးသိရင်ဖြင့် အံ့သြသွားမလားပဲ။ ဟုတ်တယ်။ မမကြီးကိုယ်တိုင်လည်း အံ့သြခဲ့မိတယ်။ သူတို့မှာတရက်လုံးမှာမှ နားချိန်က ပျမ်းမျှအားဖြင့် သုံးလေးနာရီလောက်ပဲရှိတယ်။ သူတို့အပြောအရဆိုရင် မနက် သုံးနာရီလောက်ကနေ အမှိုက်စသိမ်းလိုက်တာ ည ဆယ့်တနာရီလောက်အထိတာဝန်ကျတဲ့လမ်းတွေကို သွားရတယ်လို့ပြောတယ်။ မနက်ဆိုလည်း သုံးနာရီလောက်ထပြီး အလုပ်စကြရတယ်တဲ့။ တပတ်တရက်တော့ နားခွင့်လေးရှိသေးလို့သာပေါ့ ညီမလေးရယ်။ အစားအသောက်ဆိုတာလည်း ဖြစ်သလိုစား တွေ့ကရာကို ကြုံသလိုအဆင်ပြေသလို စားသောက်ရဖန်များလာတော့ အသက်ငါးဆယ်နီးပါးလောက်ရှိနေပြီဖြစ်တဲ့ အဲဒီညီမလေးရဲ့အမေက တရက်တော့ အိပ်ရေးပျက်တဲ့ဒဏ်၊ အစားအသောက်ပုံမှန်မရှိဘဲ ဖြစ်သလို စားသောက်ရတဲ့ဒဏ်တွေကြောင့် အမှိုက်သိမ်းဖို့အသွား လမ်းမှာ မူးပြီးလဲကျမလိုဖြစ်ခဲ့သေးတယ်တဲ့ကွယ်။ တော်သေးတာပေါ့ သမီးဖြစ်တဲ့သူ ပါလာလို့သာပေါ့။ ဆေးခန်းသွားပြတော့လည်း အအိပ်အစားပုံမှန်မရှိတဲ့အတွက် အားနည်းပြီးဖြစ်တာဆိုတော့ အစားအသောက်ပုံမှန်စားသောက်ဖို့ အိပ်ချိန်မှန်မှန်အိပ်ဖို့လိုအပ်တယ်လို့ ဆရာဝန်က ပြောသတဲ့။ ဒီအလုပ်ကိုလုပ်မှလည်း သူတို့သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးက ပြေလည်မယ်ထင်ပါရဲ့ကွယ်။
ညီမလေးရေ…ညီမလေးတို့အရွယ်လောက်သာရှိတဲ့ အဲဒီညီမလေးက အတန်းပညာ ကောင်းကောင်းသင်ခဲ့ရပုံမပေါ်ပေမယ့် ဘ၀ပေးအသိတွေတော့ တော်တော်ကြွယ်ဝပုံရတယ်။ သွက်လက်ဖော်ရွေပြီး လိမ်မာယဉ်ကျေးတယ်။  သူရဲ့ငယ်ရွယ်ပြီးတန်ဖိုးရှိလှတဲ့ ဘ၀လေးကို မိခင်နဲ့အတူ စားဝတ်နေရေးအတွက် သမာအာဇီဝနည်းနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ သူ့ရဲ့စိတ်ဓာတ်လေးက ချီးကျူးဖို့ဘယ်လောက်ကောင်းလဲနော်။ သူ့မှာ သူတပါးကို မှီခိုအားကိုးလိုစိတ်မရှိဘူး။ ကိုယ်ရဲ့လုပ်ခနဲ့ရတဲ့ချွေးနဲစာလေးနဲ့ ဘ၀ကိုရုန်းကန်နေပြီး သူ့ရဲ့မနက်ဖြန်တွေက သူတို့သားအမိဝမ်းရေးအတွက် လမ်းတွေထဲလိုက်ပြီး အမှိုက်သိမ်းရင်း ဘ၀ကို ရင်ဆိုင်ဖြတ်သန်းပြီး ပျော်နေပုံပါပဲ ညီမလေးရယ်။
အဲဒီအချိန်မှာ သင်္ဘောက ကမ်းကပ်လာတော့ သင်္ဘောပေါ်ကို သူတို့သားအမိနဲ့အတူ မမကြီးတို့သူငယ်ချင်းနှစ်ယောက်လည်း တက်လိုက်ကြတယ်။ သင်္ဘောပေါ်ရောက်တော့ မမကြီးရဲ့ သူငယ်ချင်းက မမကြီးထိုင်ဖို့နဲ့ သူထိုင်ဖို့အတွက် ထိုင်ခုံနှစ်လုံးယူလိုက်တယ်။ မမကြီးတို့ထိုင်ပြီး သိပ်မကြာပါဘူး။ သင်္ဘောက ဒလဘက်ကမ်းကူးဖို့ စထွက်တယ်လေ။ ခဏကြာတော့ ထိုင်ခုံခတွေလိုက်ကောက်တဲ့ လူက မမကြီးတို့အနားရောက်လာပါရော။ အဲဒီညီမလေးက ထိုင်ခုံခလိုက်ကောက်တဲ့သူကို သွက်သွက်လက်လက်နဲ့ 'ဒီမှာနော် ထိုင်ခုံနဲ့ထိုင်နေတာမဟုတ်ဘူး။ ကိုယ့်အထုပ်ပေါ် ကိုယ်ထိုင်နေတာလို့' ထပြောတော့ သူ့ရဲ့ သွက်လက်ချက်ခြာပုံကိုကြည့်ရင်း မမကြီးတို့ရယ်မိသေးတယ်။ သူတို့သားအမိက ပါလာတဲ့အထုပ်အပိုးတွေပေါ်ကို တက်ထိုင်နေကြတော့ ထိုင်ခုံမယူဘူးလေ။
သူတို့သားအမိက ဒလဘက်ကမ်းက အသိတယောက်အိမ်မှာ တညအိပ်တည်းပြီး နောက်တနေ့မှာ သူတို့ရဲ့ဇာတိရပ်ရွာကို ပြန်မယ်လို့ပြောသံကြားရတယ်။ သူရဲ့မိခင်ကတော့ သူတို့ဘ၀ရှေ့ရေးအတွက် တွေးတောလာလို့ထင်ပါရဲ့၊ လေးနက်ပြီး မျက်နှာလည်း သိပ်မကောင်းဘူး။ သူကတော့ ကလေးဆိုတော့ ဘာကိုမှ လေးလေးနက်နက်မတွေးထားပုံပါပဲ။ စကားတွေပြောလိုက် ရယ်လိုက်နဲ့ပါပဲ။ သူပြောတာက ရွာပြန်ရင် 'အိပ်ရေး၀၀ အိပ်ရတော့မယ်' တဲ့။ ညီမလေးရေ…လောကကြီးမှာ မမကြီးတို့ ညီမလေးတို့ မတွေးထင်တာတာတွေ မစဉ်းစားကြည့်ဖူးတာတွေ ကိုယ်တိုင်သိမြင်ကြုံတွေ့မှပဲ သိလာရတော့တယ်။ တွေးကြည့်ရင် ဘယ်လောက်စိတ်မကောင်းဖို့ကောင်းသလဲနော်။ မမကြီးတော့ ညီမလေးရဲ့အရွယ်မို့ ကိုယ့်ညီမလေးလို သဘောထားပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ညီမလေးကတော့ သူနဲ့ရွယ်တူဖြစ်ပေမယ့် အပူအပင်မရှိ ပညာကိုသင်ယူနိုင်တယ်။ သူကတော့ ပညာသင်ဖို့ဝေးလို့ စားဝတ်နေရေးအတွက် ကိုယ်တိုင်ရုန်းကန်ကြိုးစားနေရတယ်။
ဒလဘက်ကမ်းကို သင်္ဘောကပ်တော့ အထုတ်အပိုးတွေနဲ့ဖြစ်နေတဲ့ သူတို့သားအမိအနားကို အထမ်းသမားတွေ ရောက်လာကြတယ်။ သူကတော့ အထုပ်တထုပ်ကို ပေါ့ပေါ့ပါးပါးပဲ စွေ့ခနဲခေါင်းပေါ်တင်လိုက်ပြီး ကိုယ်တိုင်ပဲသယ်မယ်လို့ အထမ်းသမားတွေကိုပြောလိုက်တယ်။ မြွေရေခွံအိတ်နှစ်လုံးရယ် လက်ဆွဲအိတ်နှစ်လုံးရယ် ကြွပ်ကြွပ်အိပ်ကြီးတလုံးရယ်နဲ့ သူတို့သားအမိကိုကြည့်ပြီး မမကြီးရဲ့ သူငယ်ချင်းက ခပ်မြန်မြန်ပဲ အထုပ်ကြီး တထုပ်ကိုမနိုင်မနင်း သွားဆွဲနေတော့ မမကြီးလည်း သူနဲ့အတူ အိတ်ကိုတဖက်ကနေ ကူဆွဲပေးလိုက်တယ်။ သူတို့သားအမိနှစ်ယောက်က အားတုံ့အားနာနဲ့ မသယ်ဖို့ တားရှာပါတယ်။ နှစ်ယောက်သယ်တာတောင် တော်တော်သယ်ယူရတဲ့ အိတ်ပါ ညီမလေးရယ်။ သူတို့ခမျာ အထမ်းခမပေးနိုင်လို့သာ ကိုယ်တိုင်မနိုင့်တနိုင်သယ်ဖို့ လုပ်ကြတာလေ။ မမကြီးသူငယ်ချင်းနဲ့အတူ အဲဒီအထုပ်ကူပြီး သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို သယ်လာတော့ လမ်းမှာ အဲဒီညီမလေးက ဘာပြောတယ်မှတ်လဲ 'အမကြီးတို့ ရုံးမှာဆို ဘောပင်လေးကိုင်ပြီးနေရင်း  အခုလိုအထုပ်သယ်ရတာ ပင်ပန်းမှာပဲနော်' လို့ပြောတော့ မမကြီးတို့နှစ်ယောက်သား သူပြောတာကိုပြုံးမိကြတယ်။ ကမ်းပေါ်ရောက်လာတော့ သူတို့သားအမိနှစ်ယောက် ညအိမ်တည်းခိုမယ့်အိမ်က ဝေးတော့ ဆိုင်ကယ် ကယ်ရီတွေနဲ့သွားရမယ့်အကြောင်းနဲ့ မမကြီးတို့ ကူသယ်လာတဲ့ အထုပ်ကိုယူပြီး သားအမိနှစ်ယောက်စလုံးက ကျေးဇူးတင်ကြောင်း တဖွဖွပြောနေတော့တာပါပဲ။
ညီမလေးရေ…ဘ၀ပေးအခြေအနေကြောင့် ပညာသင်ကြားဖို့ဝေးလို့ စားဝတ်နေရေးအတွက် သမာအာဇီဝနည်းနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်နေရင်း ဘ၀ပေးအသိအမြင်တွေနဲ့ သွက်လက်ပြီး လိမ်မာယဉ်ကျေးတဲ့ ညီမလေးတို့အရွယ် ညီမလေးတယောက်ကို အမှတ်မထင် ခဏတာလေးဆုံခဲ့တုန်း သူ့ဘ၀အကြောင်းလေး မမကြီးသိရသလောက် ညီမလေးကို ပြန်ပြောပြခဲ့တာပါ။ မမကြီးနဲ့ ခဏတာလေးဆုံခဲ့ပေမယ့် မမကြီးတော့ သူ့ကိုမေ့နိုင်မှာမဟုတ်ပါဘူး။ အခုလှို ညီမလေးတို့အရွယ်လေးတွေ စာသင်ခန်းထဲမှာရှိရမယ့်အချိန်မှာ မိသားစုဝမ်းရေးအတွက် ပင်ပင်ပန်းပန်းလှုပ်ရှားနေသူတွေကိုတွေ့ရင် မမကြီး လေးစားမိပါရဲ့။ မမကြီးရဲ့ ညီမလေးလည်း သူတို့ရဲ့ဘ၀တွေကို စာနာနားလည်တတ်တဲ့ သူတယောက် ဖြစ်ပါစေကွယ်။




Image and video hosting by TinyPic