Tuesday, June 28, 2011

ပလူတိုနီယမ်


နေ၀င်းမြင့်
(၁)
          "….အရှေ့အာရှဒေသမှ လက်ရှိလည်ပတ်နေတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုပေါင်းဟာ ၁၁၅လုံးရှိပြီး လာမယ့် ဆယ့်စုနှစ်များမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ဖိုး အကုန်အကျခံပြီး ဓာတ်ပေါင်းဖိုတွေ ဆောက်ဦးမှာပါ။ အာရှနိုင်ငံတွေကတော့ ပလိုတိုနီယံ အသုံးပြုဓာတ်ပေါင်းဖိုတွေကို သုံးဖို့တောင် စိတ်ကူးနေကြပါပြီ။ အာရှနိုင်ငံအချို့ရ့ ပြဿနာကတော့ ပလူတိုနီယမ်ကို စွမ်းအင်ထုတ်လုပ်ဖို့ထက် လက်နက်မှာသုံးဖို့ကို အာရုံစိုက်လိုက်ကြတာလည်း တွေ့နေရတယ်"
          "ဓာတ်ပေါင်းဖိုတွေမှာ သုံးတဲ့ ယူရေနီယမ်လောင်စာဟာ လောလောဆယ်မှာတော့ ပေါနေတာပေါ့လေ။ ဆိုဗီယက်ခေတ်ကောင်းတုန်းကနဲ့ အမေရိကန်တို့က သုံးခဲ့တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့တာလည်းပါတော့ ကမ္ဘာ့ဈေးကွက်မှာ ယူရေနီယမ်ဟာ ဈေးကွက်သဘောအရ ခေတ္တခဏတော့ ပေါများနေဦးမှာပါပဲ"
          သာမောင်က မဂ္ဂဇင်းအဟောင်းစာအုပ်ထဲမှာပါတဲ့ ကမ္ဘာ့ပလူတိုနီယမ် မှောင်ခိုမှုကြီးဆောင်းပါးကို ဖတ်နေရင်းက သူ့အိမ်အပြင်ဘက်က တာလမ်းကြီးကို လှမ်းကြည့်လိုက်တယ်။ ဘာမှမရှိပါဘူး။ ခါတိုင်းလိုပဲ ကုက္ကိုပင် ၄၊ ၅ပင်ရယ်၊ ရေမရှိတဲ့ သောက်ရေအိုးစင်ဟောင်း ခပ်စောင်းစောင်းရယ်၊ ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းရယ်၊ နေပူပူကျဲကျဲမှာ ထီးမပါဘာမပါ သွားနေတဲ့ လူတစ်ယောက်နှစ်ယောက်ပဲရှိတယ်။
          သဖန်းကုန်းနဲ့ လျှော်ပင်ဆိပ်ကို ကူးလာခတ်သွားနေကျ မြင်းလှည်းတစီးတလေတောင် မရှိဘဲ တာလမ်းမဟာ တံလျှပ်တွေ တချောင်းချောင်းထွက်နေတာကို ကြည့်ရင်းက သူ့စိတ်ထဲမှာ နျူကလီးယား၊ ယူရေနီယမ်နဲ့ ပလူတိုနီယမ်ဆိုတာတွေကို မျက်စိထဲ မြင်ကြည့်တယ်။ ဘယ်ကရမှာလဲ။ သူမှတခါမှ မမြင်ဘူးတဲ့ပစ္စည်း၊ စိတ်နဲ့မှန်းကြည့်လို့ ဘယ်ရနိုင်မှာလဲ။
          ကြောက်စရာတောင် ကောင်းနေပါရောလား။ ပလူတိုနီယမ်ဟာ တော်တော်အဆိပ်ပြင်းတဲ့ ကောင်ပါလား။ သည်ကောင်ဟာ တစ်ကမ္ဘာလုံးက ကြောက်နေရတဲ့ အကောင်ပါလား။
          သူ့ဟာသူလည်း တွေးတယ်။ ပြီးတော့မှ မဂ္ဂဇင်းဟောင်းကို ဆက်ဖတ်တယ်။
          "အသုံးပြုပြီးသား လောင်စာချောင်းတွေကို ပြန်သုံးလို့ရအောင် အဆင့်ဆင့် သန့်စင်ယူနေကြတယ်။ ဓာတ်ပေါင်းဖိုသုံး ပလူတိုနီယမ်ရဖို့ မခက်ပေမယ့် လက်နက်သုံး ပလူတိုနီယမ်ရဖို့က ခက်တယ်။
ဒါကြောင့် နိုင်ငံတကာက ဒီနည်းပညာကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားတာပေါ့။ လိုတာထက်ပိုပြီး လက်ဝယ်ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံတကာက စစ်ဆေးပေးဖို့ တောင်းဆိုနေတယ်။
ကုလသမဂ္ဂ နိုင်ငံတကာအဏုမြူအေဂျင်စီ(အိုင်အေအီးအေ)ကလည်း အရေးယူပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားကပဲ…"
သာမောင် နဖူးမှာချွေးတွေ စီးကျလာတယ်။ ဘုရား…ဘုရား။ သည်အိုင်အေအီးအေဆိုတဲ့ ငနဲတွေကလည်း ဘယ်နှယ့်လုပ် တတ်နိုင်မှာလဲ။ လူလေးနည်းနည်းပါးပါးနဲ့ ကမ္ဘာကြီးရဲ့ အကာအကွယ်မရှိတဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့လို့ရမှာတုန်း။
"ကိုသာမောင်…တော် ကျောင်းမှာ အစည်းအဝေးရှိတယ် မဟုတ်လား"
"နေပါဦး စောပါသေးတယ်။ ရာအိမ်မှူးငပွားတောင် မလာသေးဘူး။ ဒီမှာ စာဖတ်လို့ ကောင်းတုန်းရှိသေးတယ်"
"စာတိုငညို လုပ်မနေနဲ့၊ ညနေလည်း ပိုက်ဆံကောက်ထွက်ရဦးမှာနဲ့"
"ဒါက ငါလုပ်စရာမလိုဘူး။ အပိုင်းလိုက် တာဝန်ပေးထားပါတယ်"
"တော်တော်လူကြီးလုပ်ချင်၊ လူကြီးဖြစ်ခါမှ ဘာမှမည်မည်ရရ မလုပ်တော့ဘူး။ ရေနွေးတအိုးနဲ့ ဘုတ်အုပ်ဖတ်လိုက်၊ စာချောက်လိုက်လုပ်နေ သိလား…"
မစိန်လှ ပြောချင်ရင်လည်း ပြောချင်စရာပဲ။ သာမောင်လူကြီးဖြစ်တာ မကြာသေးဘူး။ လူက နဂိုက ခပ်အေးအေးပါ။ ခေတ်ပညာမတောက်တခေါက်တတ်တော့ ကိုယ့်လက်မှတ်ကိုယ် သာမောင်လို့ ကောက်ကောက်ကွေးကွေး ထိုးတတ်တာရယ်။ လူကြီးလုပ်ချင်တဲ့ ရောဂါရယ်ပေါင်းပြီး ရွာက ၀ိုင်းတင်တော့ သာမောင်ကလည်း ဘာရမလဲ၊ လုပ်ပေါ့၊ ချပေါ့၊ ရွာကျိုးရပ်ကျိုးလည်း လုပ်ပါတယ်။
စာလေးဘာလေးကတော့လည်း ၀ါသနာပါတယ်။ စာအုပ်ထဲကဟာတွေဖတ်ပြီး လုပ်ရတဲ့လူကြီးဆိုတော့ လျှော်ပင်ဆိပ်မှာတော့ အာဂထဲက ဆိုပါတော့။
"ဆိုမာလီမှာ အငတ်ဘေးတွေ ဆိုက်နေပြီ။ ဘော့စနီးယားမှာလည်း ဆာ့ဘ်နဲ့ဖြစ်တဲ့ ပြဿနာ ပိုကြီးနေပါပြီ။ ရ၀မ်ဒါ လူမျိုးစုချင်း တိုက်နေတာတွေကို ဘယ်သူကမှ ကြားမ၀င်သေးတာကို ကျုပ်က မခံချင်တာ"
"ကိုသာမောင်ရယ်၊ လျှော်ပင်ဆိပ်နဲ့ အဝေးကြီးပါတော်"
"အေး….ကမ္ဘာ့အရေးအခင်းဟ၊ နင်ဘာနားလည်လဲ၊ အိမ်ရှေ့ပူ အိမ်နောင်မချမ်းသာဆိုတာ မဟုတ်လား၊ ဘာဖြစ်တုန်း ဆိုဗီယက်ကွဲပြီလေ ကောင်းသေးလား၊ ဆိုဗီယက်ကွဲတော့ ရုရှားက ရယ်တာပေါ့"
"ဟ…သာမောင်ရ ဆိုဗီယက်နဲ့ ရုရှားအတူတူပဲဆို"
"ဟုတ်တယ် ဟုတ်တယ်၊ စကားတွေတောင် လွဲကုန်ပြီ၊ အမေရိကန် အကြိုက်ပေါ့။ တကယ့်ကလီယုဂ်ခေတ်ကို ရောက်နေတာ လက်နက်ရောင်းဖို့ စဉ်းစားနေတာ"
အိမ်မှာ လူထူရင် ရေနွေးကြမ်းတအိုးချပြီး အာဘောင်အာရင်းသန်သန်နဲ့ ပြောတတ်လာတာလည်း သိပ်တော့ မကြာသေးဘူး။
သူ့ရွာလျှော်ပင်ဆိပ်ထက် ကြီးတဲ့ တိုက်နယ်အဆင့်ရွာ သဖန်းကုန်းက တပတ်တခါ မြင်းလှည်းနဲ့ စုလာတတ်တဲ့ သတင်းစာတွေကို ဖတ်တာလည်း တရွာလုံးမှာ သူနဲ့ မူလတန်းကျောင်းက ဆရာ၊ ဆရာတွေလောက်ပဲ ရှိတော့ သူပြောသမျှ ရွာကလူတွေကတော့ အဆန်းတကြယ်ချည်းပေါ့လေ။ ခက်တာက သူ့ရွာမှာ သတင်းစာဟောင်းကလွဲရင် ဘာစာအုပ်မှ မရှိဘူး။ ဘာမဂ္ဂဇင်းမှ မရှိဘူး။ ဖတ်ချင်လို့ စာအုပ်မရှိဘူး။ သူက လျှော်ပင်ဆိပ်သားလည်း မဟုတ်ဘူး။ သဖန်းကုန်းသား။ လျှော်ပင်ဆိပ်က မိန်းမနဲ့ရလို့သာ သည်ရွာရောက်လာတယ်ဆိုတော့ သဖန်းကုန်းမှာ နေတုန်းကလိုလည်း ဖတ်စရာစာအုပ်က လက်လှမ်းမီတာ မဟုတ်ဘူးကိုး။
တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သဖန်းကုန်း အစည်းအဝေးသွားရင်းက မဂ္ဂဇင်းစာအုပ်ရလာတယ်။ သူ့အကြိုက်ပေါ့။ ကမ္ဘာ့ရေးရာတွေ တော်တော်များများပါတဲ့ စာအုပ်ဖြစ်နေတယ်။ တချို့စာတွေကို အလွတ်ကျက်ထားတယ်။ တချို့အချက်အလက်တွေကို ဗလာစာအုပ်နဲ့ကို မှတ်ထားတယ်။ အဲသည်မဂ္ဂဇင်းထဲမှာ သူတခါမှ မကြားဖူးတဲ့ အကြောင်းအရာတခုပါလာတော့ သူတော်တော်လည်း စိတ်ဝင်စားသွားတယ်။ အဏုမြူဓာတ်ပေါင်းဖိုတို့၊ နျူကလီးယားလောင်စာတို့၊ အဏုမြူဗုံးတို့လောက်တော့ သူကြားဖူးတယ်။ ဖတ်လည်း ဖတ်ဖူးတယ်။ ဒါပေမယ့် ခပ်ဝါးဝါးဖတ်ဖူးတာ။ အခုက ယူရေနိယမ်တဲ့၊ ပလူတိုနီယမ်တဲ့၊ အဆိပ်တော်တော်ပြင်းတဲ့ ဓာတ်တွေတဲ့၊ အာရှနိုင်ငံတွေ အတော်များများမှာတောင် ရှိနေပတဲ့။
ဒါက ဘယ်ကကရောက်လာတာတုန်း၊ ဘာလုပ်ရတာတုန်း၊ ဘယ်ထဲက ထုတ်ယူတာတုန်း၊ မြေကြီးထဲက တူးဆွဲယူလို့ရတာလား သူသိချင်တယ်။
အဲသည်နေ့ကတော့ အစည်းအေးတောင် ဖြည်းဖြည်းမှသွားတော့မယ် စိတ်ပိုင်းဖြတ်လိုက်တယ်။ သူတော်တော်လည်း စိတ်ဝင်စားတယ်။ မဂ္ဂဇင်းကို မျက်မှောင်ကြီးကြုတ်ရင်း ဆက်ဖတ်တယ်။
ဂျပန်မှာ ပလူတိုနီယမ် တတန်ကျော်လောက် ပိုင်ဆိုင်ထားတယ်။
ဒါဟာ ကြောက်စရာအခြေအနေပဲ။ ဗုံးတလုံးလုပ်ဖို့ ရှစ်ကီလိုဂရမ်သာလိုတဲ့ ပလူတိုနီယမ်ကို ဂျပန်က သည်လောက်များများ ပိုင်ဆိုင်ထားတော့ တခြားနိုင်ငံတွေက စိုးရိမ်နေကြတယ်။
လာမယ့် ဆယ်ရာစုနှစ် တခုကျော်ရင် ဂျပန်က ပလူတိုနီယမ်မက်ထရစ်တန် ၅၀လောက်ကို ပိုင်ဆိုင်တော့မှာပါ။ ဒါကို ၀ါရှင်တန်အစိုးရကတောင် သံသယရှိလာခဲ့တယ်။
တောင်ကိုးရီးယားနိုင်ငံလည်း နျူကလီးယား စွန့်ပစ်ပစ္စည်းတွေထားဖို့ အဏုမြူအမှိုက်ပုံတခု ရှာဖွေနေတယ်။ ဒါကို လူထုက ဆန့်ကျင် ဆန္ဒပြတာတွေလည်း ကြားနေရတယ်။
တပိုဒ်ဖတ်ပြိးတော့ သာမောင် စာအုပ်ကိုပိတ်လိုက်တယ်။ သူက ဆေးလိပ်တိုကို မီးညှိတယ်။ သူ့ခေါင်းထဲမျာ အာရုံတွေ ဆူဝေနေတယ်။ တဆက်တည်းပဲ သည်စာသားတွေကို အစည်းအဝေးမှာ လိုအပ်ရင် ပြောဖို့ မှတ်သားထားတယ်။ တာလမ်းပေါ်မှာတော့ နေက ခြစ်ခြစ်တောက်ပူနေတုန်း။
ကလေးတယောက်က လမ်းဘေးရေအိုးစင်က ရေတခွက်ခပ်သောက်နေတာကို သူမြင်နေရတယ်။ ဒါပေမယ့် ရေက ရှိနေပုံမရဘူး။ ကလေးက ရေမှုတ်ကို ပြန်တင်ရင်းက နေပူထဲ ပြေးထွက်သွားတယ်။ နွားလှည်းတစီး တအီအီအော်ရင်းက တာလမ်းကို ပျင်းတိပျင်းတွဲဖြတ်နေတာကို ကြည့်ရင်းက သူတွေးနေတာ အကြာကြီး။ တော်တော်ကြာတော့မှ ဆေးလိပ်တိုကို အုန်းမှုတ်ဆေးလိပ်ခွက်ထဲ ပြာချွေရင်းက ဆက်ဖတ်တယ်။
"ကနေ့ ပြဿနာကတော့ နျူကလီးယားပစ္စည်းတွေ မှောင်ခိုရောင်းနေတဲ့ ပြဿနာပဲ။ ဂျာမနီနိုင်ငံ တိန်ဂျင်မြို့မှာ ရဲအဖွဲ့က ဒေါ့စ်ဂျက်ကာဆိုသူရဲ့ ကားဂိုဒေါင်ထဲမှာ ၀င်ရှာတာ ပလူတိုနီယမ် ဂရမ် ၆၀လောက် ရှာဖွေတွေ့သွားခဲ့တယ်။ နောက်တခါ ဂျာမနီမှာ ယူရေနီယမ်ဒြပ်စင် ၂၃၅၀.၈ ဂရမ်ကို ဘာဘေးရီးယားရဲက ရှာတွေ့တယ်။ ရဲက သန့်စင်ထားတဲ့ ယူရေနီယမ်အလုံးကလေး ၁၂၀ကို ထပ်မံဖမ်းဆီရမိတာကစပြီး နျူကလီးယားမှောင်ခိုမှုဟာ အားကောင်းလာပြီဆိုတာ ကမ္ဘာကသိသွားတော့တာပါပဲ။
နောက်တခါတော့ ဂျာမနီမှာပဲ မြူးနစ်လေဆိပ်မှာ ကိုလံဘီယာ နိုင်ငံသားဂျက်စတီနီယာ နိုတောရက်စ်ကို ပလူတိုနီယမ် ဒြပ်စင် ၂၃၉ အမျိုးအစား ၁၀.၅၈အောင်စ (ဂရမ် ၃၀၀)လောက်ကို ဖမ်းမိတယ်။ လေဆိပ်မှာ တောရက်စ်ဖမ်းပြီးစစ်ဆေးတော့ သံမဏိသတ္တုဘူးပြောင်ပြောင်ထဲ ထည့်လာတာကို စစ်ဆေးတွေ့ရှိတာကစပြီး ဂျာမနီဝန်ကြီးချုပ် ခိုးလ်က သည်အဏုမြူမှောင်ခိုမှုဟာ လူသားအားလုံးအတွက် ကြောက်စရာကောင်းတဲ့ မှောင်ခိုမှုကြီးပဲလို့ ပြောခဲ့တယ်။ ယဲ့ဆင်ဆီကိုလည်း စာရေးတယ်။
ရုရှားကလည်း သူတို့ဟာ မဟုတ်ဘူးလို့ ငြင်းနေတုန်းပါပဲ။
ငြင်းတာငြင်းတာပါ၊ မော်စကိုအရှေ့မိုင် ၂၅၀ကွာမှာ အာဇာမာ ၁၆လို့ နာမည်ပေးထားတဲ့ နျူကလီးယား သုတေသနဌာနကလည်း ပလူတိုနီယမ်တွေ ပျောက်တယ်လို့ ကြေညာထားတော့ သံသယဖြစ်စရာတွေ ရှိလာခဲ့ပါတယ်။
ပလူတိုနီယမ်ဟာ လူတွေသောက်တဲ့ ရေထဲကို ထည့်လိုက်ရင် ဒါမှမဟုတ် မီးရှို့ပြီး လေထဲမှာပေါက်ကွဲစေမယ်ဆိုရင် လူသန်းပေါင်းများစွာ…."
"ဟ…သောက်ကျိုးနဲ"
ဖတ်နေရင်းက သာမောင် ဆေးလိပ်က မီးပွားတွေ ပုဆိုးပေါ်ပြုတ်ကျကုန်တယ်။ ပထမတော့ အဏုမြူကွဲတာလို့ အောက်မေ့သွားတယ်။ နောက်မှ ပုဆိုးထခါရင်း ဖတ်လက်စ မဂ္ဂဇင်းစာအုပ်ကို ပိတ်တယ်။ ရေတခွက် ခပ်သောက်တယ်။ သူ့ရင်ထဲမှာ ကတုန်ကယင်ကြီး ဖြစ်နေတုန်းပဲ။ ပြီးတော့ သူ့ဟာသူလည်း တွေးတယ်။
"လူတွေ တရားပျက်ကုန်ပါရောလား၊ ကြည့်စမ်း အရောင်းအ၀ယ်လုပ်စရာရှားလို့ ဘယ်နှယ့် ပလူတိုနီယမ်ဆိုတာကြီးကို အရောင်းအ၀ယ်လုပ်နေကြတာကိုး။ ဒါကြီးက လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုပါလား။ ဒါတွေ ဘယ်လောက်တောင် ပျံ့နှံ့နေပြီလဲ။ ငါ့ရွာလျှော်ပင်ဆိပ်ကိုတော့ ရောက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ လျှော်ပင်ဆိပ်မှာ ပလူတိုနီယမ်မိရင် ငါနာမည်ပျက်တော့မယ်။ လူတွေ သေတော့မယ်"
သာမောင် ပုဆိုးလဲတယ်။ ရေတခွက်ခပ်သောက်တယ်။ သူတော်တော်ရင်ပူနေတာကိုး။
(၂)

သာမောင်အစည်းအဝေးကို တော်တော်နောက်ကျမှ ရောက်တယ်။ ဒါပေမယ့် သာမောင်လာမှပဲ  အစည်းအဝေးစတာပါ။ အစည်းအဝေးမှာလည်း မဆီမဆိုင် နျူကလီးယား ဓာတ်ပေါင်းဖိုတွေအကြောင်း ပြောတယ်။ ကမ္ဘာ့အနှံ့ ရုရှားဘက်က မှောင်ခိုထုတ်နေတဲ့ ပလူတိုနီယမ်အကြောင်းတွေကို ပြောတယ်။ ရုရှားအာကာသပညာရှင်တွေကိုယ်တိုင် ပလူတိုနီယမ်ကို တဖက်လှည့် ထုတ်နေတာတွေကြောင့် ကမ္ဘာ့ပုလိပ်အဖွဲ့က နေရာအနှံ့မှာ တွေ့နေတာတွေကို ပြောတယ်။ အစည်းအဝေးတက်လာတဲ့ သူတွေလည်း ဘာမှနားမလည်ဘူးပေါ့လေ။ ဘာတွေလာပြောနေတာလဲပေါ့၊ ပလူတိုနီယမ်နဲ့ လျှော်ပင်ဆိပ်နဲ့လည်း ကွာလှတာကိုး။
"ဒီတော့ ခင်ဗျားတို့လည်း သွားရင်းလာရင်း ကြည့်ပါ။ ဂရုစိုက်ပါ။ သံမဏိသတ္တုဘူး ပြောင်ပြောင်တွေ့ရင်မေးပါ။ မသင်္ကာရင် ခေါ်ခဲ့ပါ"
ကျောင်းအစည်းအဝေးဆိုပေမယ့် အစည်းအဝေးမှာပါတဲ့ ဆရာ၊ ဆရာမတွေကလည်း ဘာပြောလို့ရမှာတုန်း၊ သာမောင်ပြောတာ နားထောင်ရတော့တာကလား။ ကျောင်းအုပ်ဆရာကြီးကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့မြေပုံကိုကြည့်လိုက်၊ ပလူတိုနီယမ်က လျှော်ပင်ဆိပ်ကို ဘယ်အပေါက်က ဘယ်လိုဝင်လာမှာလည်း တွေးလိုက်နဲ့ပေါ့လေ။
ဒါပေမယ့် သာမောင်အစည်းအဝေးအပြန်မှာ ဘယ်လိုမှ မထင်ထားတာတွေ ဖြစ်လာခဲ့တာပါပဲ။ သာမောင် တွေးပူခဲ့တာတွေ ကွက်တိဝင်လာတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လျှော်ပင်ဆိပ်မှာ အဲသည့်နေ့က သံမဏိသတ္တုဘူး သုံးဘူး မိလိုက်လို့ပါပဲ။
ဖြစ်ပုံက ကျောင်းအစည်းအဝေးအပြန်၊ ဈေးဝက လှည့်ပြန်တော့ မြင်းလှည်းဂိတ်မှာ သာမောင် သတင်း တခုကြားတယ်။ ဒဟပ်တန်းက ခင်အောင်က သံမဏိသတ္တုဘူး ရှည်ရှည်သုံးဘူးကို ရသလောက်နဲ့ လိုက်ရောင်းနေတယ်ဆိုတဲ့ သတင်းပဲ။ ဒဟပ်တန်းဆိုတာ လျှော်ပင်ဆိပ်နဲ့ တော်တော်ဝေးတဲ့နေရာ။ အဲသည်ရွာမှာ မကြာခင်က ဆည်တခုဖောက်နေတော့ အနားက ရွာတွေက ရွာသားတော်တော်များများ အလုပ် ရကြတယ်။ ခင်အေင်ကလည်း အလုပ်သမားလက်သစ်ပဲ။ ဒါကို သာမောင်သိတယ်။ သည်ကောင်က ဘာဖြစ်လို့ လျှော်ပင်ဆိပ်ကို ရောက်လာတာလဲ။ သတ္တုဘူး ပြောင်ပြောင်သုံးဘူးဟာ ဘာလဲ။ သတင်းရရချင်းပဲ ခင်အောင်ကို လိုက်ရှာတယ်။ ဘုံဆိုင်သွားတယ်ဆိုလို့ လိုက်တယ်။ ပြန်သွားပြီဆိုတော့ မြင်းလှည်းဂိတ်ရှေ့က စောင့်တယ်။ မိတယ်။ အရက်မူးနေတဲ့ ခင်အောင်ကို ဆင်းခိုင်းတယ်။ သူ့လွယ်အိတ်ထဲက ပြောင်လက်ပြီး အင်္ဂလိပ်စာတွေရေးထားတဲ့ သံမဏိသတ္တုဘူး သုံးဘူးကို တွေ့တယ်။ သံမဏိဘူးတွေကို ဖွင့်ကြည့်လိုက်တော့ ငွေရောင်တောက်နေတဲ့ သတ္တုခဲလေးတွေဟာ တဖျပ်ဖျပ်လက်နေတယ်။ ပြီးတော့ လက်မလောက်ရှိတဲ့ အ၀တ်နဲ့ချုပ်ထားတဲ့ ဆန်အိတ်သေးသေးလေးတွေလို အထုပ်ကလေးတွေလည်း ပါတယ်။
"ဟာ…ကြည့်စမ်း၊ ပလူတိုနီယမ်တွေ"
(၃)
သာမောင်အိမ်ရှေ့မှာ လူတွေဝိုင်းနေပြီ။ အောက်လင်းဓာတ်မီးကြီးထွန်းပြီး သာမောင်က ခင်အောင်ကို ညတွင်းချင်း စစ်ဆေးတယ်။ လူတွေကတော့ ခြံထဲမှာရော တာလမ်းပေါ်မှာရော လူတွေအပြည့်။ ထမင်းတောင် မစားနိုင်ဘူး။ ခင်အောင်အိတ်ထဲက ပလူတိုနီယမ်ဆိုလို့သာ လာကြည့်ရတယ်။ ဘာမှန်းလည်း သိကြတာ မဟုတ်ဘူး။ ခင်အောင်ကိုယ်တိုင်ကလည်း ခေါ်လာလို့သာ လိုက်ရပါတယ် သူ့ဟာသူ ဘာအမှုမှန်းလည်း မသိဘူး။
"မင်း ဒီပလူတိုနီယမ်တွေ ဘယ်ကရလာတာလဲဟေ့"
"ကျုပ် အလုပ်ထဲက"
"ဒါတွေဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား"
"မသိဘူး"
"ဟေ့ လူသန်းပေါင်းများစွာ သေစေနိုင်တယ်ကွ။ မင်းနားလည်လား"
အဲသည်တော့မှ လာနားထောင်တဲ့ ရွာသားတွေက -
"ဟာ…နည်းတဲ့ အမှုကြီး မဟုတ်ပါလား။ ခင်အောင်ယူလာတာ လက်စသတ်တော့ ဗုံးဆံတွေပဲ။ ကြည့်စမ်း မသေကောင်း မပျောက်ကောင်း၊ ချဟာ နှက်ဟာ ဆော်ဟာ" ဖြစ်ကုန်ရော။ ရွာမိ ရွာဖတွေကလည်း အဲသည်တော့မှ လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုတဲ့ ပလူတိုနီယမ်အခဲတွေကို ခပ်ဝေးဝေးက လှမ်းကြည့်ကြတယ်။ အောက်လင်းဓာတ်မိးရောင်ထဲမှာ သတ္တုခဲတွေ တဖျပ်ဖျပ်နဲ့ကိုး။ သည်သတ္တုခဲလေးတွေ ထည့်ထားတဲ့ သတ္တုဘူးတွေကလည်း တကယ့် သေမင်းတမန်ဆိုပေမယ့် လှလိုက်တာလည်း မပြောနဲ့တော့။
"အေး သည်တညတော့ နေဦးပေါ့ကွာ။ မင်း ဒဟပ်ကုန်းမှာသာရမယ်။ လျှော်ပင်ဆိပ်မှာ လူလည်လာမလုပ်နဲ့ မရဘူး မှတ်ထား"
သာမောင်က သတ္တုခဲတွေကို သတိနဲ့ ကိုင်ရင်းက ဂရမ်ချိန်ခွင်မရှိတော့ အထဲက ကြေးချိန်ခွင်နဲ့ချိန်တယ်။ တစ်ဘူးကို ဓာတ်ခဲလေးလုံးနဲ့ညီတော့ ၂၀သားစီရှိတယ်။ သုံးဘူးဆိုတော့ ၆၀သား။ အဲသည်ညက ခင်အောင်ကို ဖမ်းထားလိုက်တယ်။ အမှုက ပလူတိုနီယမ် တရားမ၀င်ရောင်းဝယ်မှု။
(၄)
ဒါပေမယ့် ပေါ့လေ။ နောက်တနေ့ နေ့လယ်မှာတော့ ဒဟပ်တန်းက ခင်အောင်ကို သာမောင်လွှတ်လိုက်တာပါပဲ။ ခင်အောင် အလုပ်လုပ်တဲ့ ဆည်မြောင်းအရာရှိတွေက လျှော်ပင်ဆိပ်ကို မြင်းလှည်းနဲ့လိုက်လာပြီး လာရွေးသွားလို့ ပါလာတဲ့ အရာရှိတွေကလည်း သာမောင်ကို သတ္တုဘူးတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။
"ဒါက ကျွန်တော်တို့ဆောက်နေတဲ့ လုပ်ငန်းမှာ နိုင်ငံခြားက စက်ပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ဆီလီကာဂျဲလ်လို့ခေါ်တဲ့ ရေငွေ့စုပ်တဲ့ သတ္တုခဲကလေးတွေပါခင်ဗျား၊ ပလူတိုနီယမ် မဟုတ်ပါဘူး။ သူရဲ့ သဘောက ရေငွေ့တွေကြောင့် စက်ပစ္စည်းတွေ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ရေငွေ့ထိန်းအခဲလေးတွေပါ။ ကျွန်တော်တို့ဆီမှာတော့ အလုပ်သမားတွေက ဘူးလေးတွေလှလို့ ယူကြတာပဲ။ သူက လာတော့လည်း သတ္တူဘူးတွေနဲ့ လာတာပါ။ ဘာမှ အဖိုးမတန်ပါဘူး"
သာမောင်ကတော့ နားရှိလို့သာ ကြားရတာ။ မယုံဘူး။ ဒါဟာ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ပစ္စည်းဆိုတာ ဟုတ်ကိုမဟုတ်နိုင်ဘူး။ ဒါပေမယ့် တဖက်က အရာရှိဖြစ်နေတယ်။ ခေတ်ပညာတတ်ဖြစ်နေတယ်။ လေးစားယုံကြည်လောက်တဲ့လူဖြစ်နေတယ်။ ဒါပေမယ့် လူသန်းပေါင်းများစွာ သေနိုင်တဲ့ ပလူတိုနီယမ် သယ်ဆောင်လာသူကို သူ့အစွမ်းအစနဲ့ ဖမ်းမိထားတယ်လို့ လူသိရှင်ကြား ပြောပြီးနေပြီ။ သက်ဆိုင်ရာကို တင်ပြဖို့တောင် စာရေးပြီးနေပြီ။ လျှော်ပင်ဆိပ်ရဲကိုတောင် အကြောင်းကြားပြီးနေပြီ မဟုတ်လား။
"မဟုတ်ရင်လည်း ခေါ်သွာပေါ့ဗျာ။ ကျုပ်ကတော့ ပလူတိုနီယမ်ထင်တာပဲ။ ခင်အောင် မင်း သိပ်ကံကောင်းတယ်ကွ နော်"
"ဟင်း…ဟင်း"
သာမောင်ကတော့ မလျှော့သေးဘူး။ မြင်းလှည်းပေါ် ပါသွားတဲ့ ခင်အောင်ကို မကျေမချမ်း လှည်းကြည့်နေတုန်းပဲ။ သည်သတင်း ရွာထဲပျံ့သွားတော့လည်း ရွာသူရွာသားတွေ ၀မ်းသာကြတာပါပဲ။ တောသူ တောင်သားတွေဆိုတော့ ပလူတိုနီယမ်လည်း မသိဘူး။ ဆီလီကာဂျဲလ်ဆိုတာလည်း မသိဘူး။ သူတို့ ၀မ်းသာတာက သည်ငွေရောင်ခဲလေးတွေက လူသန်းပေါင်းများစွာကို သေစေနိုင်တာ မဟုတ်ဘူးဆိုတာကိုပါ။
(၅)
သာမောင်ကတော့ မလျှော့သေးဘူး။ လျှော်ပင်ဆိပ်မှာ သတ္တုဘူးပြောင်ပြောင်တွေ့ ရင် ပြူးပြဲရှာဖို့ ပြောတုန်း။ ပလူတိုနီယမ်တွေ့ရင် အမြန်ဆုံးသတင်းပို့ဖို့ အစည်းအဝေးတိုင်းမှာ မှာတုန်း။

မှတ်ချက်။ ။ ဆရာနေ၀င်းမြင့်၏ ရေသွန်မြစ် ၀တ္တုတိုများစာအုပ်မှ….

 Image and video hosting by TinyPic

Monday, June 20, 2011

သံချောင်းတို့အဖေ - မောင်ဝံသ



အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတခုက ကံကောင်းလို့ လွတ်မြောက်လာခဲ့ရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ရယ်ရယ်မောမော ဟာသကလေးနှောပြီး "သံချောင်းတို့အဖေ၊ ကံကောင်းလို့မသေ" လို့ပြောလေ့ရှိကြတယ်ဗျ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ အခန့်မသင့်ရင် သေချင်သေသွားနိုင်တဲ့ ဖြစ်ရပ်ကို ပြီပြီးပျောက်ပျောက်ဖြစ်သွားပြီး ရယ်ရယ်မောမောပြန်ပြောနိုင်ကြတာ ကျွန်တော်တို့ လူမျိုးပဲရှိမယ်ထင်တယ်။
          ကျနော်ကတော့ မရယ်နိုင်ပါဘူးဗျာ။ အခုဆောင်းပါးရေးနေတဲ့ အချိန်မတိုင်ခင် ကုန်ခဲ့တဲ့နှစ်နာရီလောက်၊ ၁၂ ဇွန် ၂၀၁၁ နေ့လယ် ၂နာရီလောက်က ကျွန်တော်ဟာ ဘတ်စ်ကားပေါ်က တွန်းချခံခဲ့ရတယ်ဗျာ။ ရင်ထဲအေးခနဲဖြစ်သွားပြီး ခြေထောက်တဖက်တည်း လမ်းပေါ်ကျသွားတယ်။ မနည်းကိုယ်ကို ဟန်လိုက်တော့မှ တပတ်လည်ပြီး လဲမသွားအောင် ထိန်းလိုက်နိုင်တယ်။ ကံကောင်းလို့ ဆိုတာထက် ကျွန်တော်သတိကောင်းလွန်းပေလို့ဗျ။ ဒီလိုလုပ်တော့မယ်ဆိုတာကို တွက်မိလို့ ကျွန်တော် သတိထား ဆင်းလိုက်ပေလို့သာပေါ့။ နို့မို့ဆိုရင် ကျနော်လဲကျသွားနိုင်တယ်။ သာမန်ပွန်းပဲ့ရုံမက ဒဏ်ရာရနိုင်တယ်။ သည့်ထက်မက ဒဏ်ရာကြီးနိုငတယ်။ အခန့်မသင့်ရင် နောက်စိနဲ့ကျပြီး ဆရာမြသန်းတင့်တို့လို သေသွားနိုင်တယ်။ ဆရာမြကတော့ အိမ်ပေါ်ကနေ လှေကားက ကျလို့သေရတာ။ ကျွန်တော်က ဘတ်စ်ကားစပယ်ယာ တွန်းချလို့ သေရတဲ့မသာ ဖြစ်သွားမယ်။
          တကယ်လို့ ကျွန်တော်သာ သေသွားရင် ကြမ္မာငင်တာလို့ ပြောစရာဖြစ်မယ်။ ပြည်သူ့ခေတ်ဂျာနယ်အတွက် နောက်ဆွဲတွဲတင်ဖို့ ဆောင်းပါးရေးစရာရှိလို့ ဒီနေ့ ဘယ်မှမသါားဘူးလို့ ဆုံးဖြတ်းတာ မနက်စောစောမှာ ကျွန်တော်ခြံစောင့်က ဖုန်းဆက်တယ်။ သူ့သမီးလေး ဆေးရုံတင်ထားရတယ်။ ငွေလိုနေလို့ ဒီနေ့ ခြံကိုလာရင် လခကြိုထုတ်ပါရစေတဲ့။ ကျွန်တော့်ဆောင်းပါးတချို့မှာ ရေးခဲ့ဖူးတဲ့အတိုင်း ရန်ကုန်မြို့လယ်ကနေ ၂၃မိုင်ကွာတဲ့ အမှတ် ၂လမ်းမကြီးကားလမ်းဘေး ရွာတရွာ အစွန်မှာ ကျွန်တော့်ခြံကလေးရှိတယ်။ ဟင်နရီဒေးဗစ်သောရိုးရဲ့ Walden pondကို အားကျပြီး ချောင်းကလေးတခုရဲ့ ဘေးကပ်လျက်နေရာမှာ စိုက်ပျိုးခြံတခု လုပ်နေတာ ခုနှစ်နှစ်ရှိပြီ။ စနေ တနင်္ဂနွေရက်တွေမှာ ကျွန်တော်သွားလေ့ရှိတယ်။ ဆောင်းပါးရေးစရာရှိလို့ ဒီနေ့တော့ မသွားတော့ဘူးလို့ နေနေရာက ခြံစောင့်ရဲ့ ပန်ကြားချက်ကြောင့် မနေသာဘဲ သွားလိုက်ရတယ်။ အပြန်မှာ ဒိုင်နာလိုင်းကားတစ်ဆင့် စီးလာပြီး သင်္ဃန်းကျွန်း စံပြဈေးကနေ ၃၉ လိုင်းကားကို ပြောင်းစီးလာခဲ့တယ်။ နေ့လယ်အချိန်ဆိုတော့ လူမကျပ်ဘူး။ ထိုင်စရာနေရာတောင် ရပါတယ်။ ကျွန်တော်က နောက်နားက လွတ်တဲ့ထိုင်ခုံတစ်ခုမှာ ထိုင်နေတော့ အတတ်အဆင်းတံခါးပေါက်က မြင်ကွင်းကို အတိုင်းသားမြင်နေရတယ်။ စပယ်ယာနှစ်ယောက်ဟာ တယောက်က လူခေါ်၊ တယောက်က တက်လာသူ ခရီးသည်တွေကို ဆွဲတင်ပေးနေတယ်။ ဆွဲတင်ပေးနေတယ်ဆိုကတည်းက ကားဟာ အတော်မြင့်နေတယ်ဆိုတာ တွက်မိမှာပေါ့။ အဲ…ဆွဲတင်တာတော့ထားတော့၊ ဆင်းတဲ့ လူတွေကို ကျောကနေ တွန်းချနေတာလည်း တွေ့နေရတယ်။ သူတို့ကြည့်ရတာ လောဆော်နေသလိုပဲ။ တစ်နေရာရာကို သတ်မှတ်အချိန်အမီရောက်အောင် သွားဖို့ အရေးကြီးနေသလိုပဲ။ ဆင်းနေသူတွေဟာ လူငယ်လည်းပါတယ်။ လူကြီးတွေလည်း ပါတယ်။ သူတို့ဟာ ဘယ်သူ့ကိုမှ စိတ်မရှည်နိုင်သလို ဖြစ်နေတယ်။ အပြေးအလွှား မသွားမလာနိုင်သူတွေကို အတင်းလောဆော်နေတယ်။
          ကျွန်တော်က အနော်ရထာလမ်းပေါ် ဘားလမ်းမှတ်တိုင်လို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှတ်တိုင်မှာ ဆင်းရမယ်။ စပယ်ယာက ဗိုလ်အောင်ကျော်လမ်း အလွန်လောက်ကတည်းက အော်နေတယ်။ ဘားလမ်းပါလားဆိုတော့ ကျွန်တော်က ဘားလမ်းပါတယ် ပြောလိုက်ရုံရှိသေး၊ ကျွန်တော်ကို လာ လာ လာ လို့ အပေါက်ဝကို ထိလာဖို့ ခေါ်နေတယ်။ ဒါပေမယ့် ပန်းဆိုးတန်းမီးပွိုင့်မှာ မီးနီမိနေတာဆိုတော့ ကျွန်တော်က မှန်မှန်ပဲ ထပြီးသွားတယ်။ ကျွန်တော်ညာဘက်ဒူးကလည်း လှေကားမြင့်မြင့်တောင် မတက်နိုင်လောက်အောင် နာနေလို့ပါ။ စပယ်ယာက ကျွန်တော့်ကို လက်နဲ့ဆွဲခေါ်တော့မလောက် လောနေတာ တွေ့ရတယ်။ "ဘားလမ်း တစ်ယောက်တည်းဆင်းမယ်၊ ယောက်ျားလေး" လို့ အော်သံကြားလိုက်ကတည်းက "ဆင်းမယ့်လူဟာ ယောက်ျားလေးဖြစ်တယ်၊ မိန်းမတွေလို ဆင်းပြီးတာ သေချာအောင် စောင့်နေစရာ မလိုဘူး" လို့ စပယ်ယာက ဒရိုင်ဘာကို အချက်ပေးလိုက်တာလို့ ကျွန်တော်နားလည်လိုက်တယ်။ ဒါကြောင့်လည်း ကျွန်တော်သတိကြီးစွာ ထားလိုက်မိတာပါ။ ဒါပေမယ့် လှေကားထစ်တွေကလည်း မြင့်နေ၊ နောက်ဆုံး လှေကားထစ်ကနေ လမ်းပေါ်ဆင်းရမယ့် အကွာအဝေးကလည်း မြင့်နေလေတော့ ကျွန်တော် ခပ်ဆိုင်းဆိုင်းဆင်းနေချိန်မှာ ကိုယ်တော်ချောက နောက်ကနေ ကျောကို တွန်းချလိုက်တာပါပဲဗျာ။ ကျွန်တော် အသက် ၆၆နှစ်ကျော်ပါပြီ။ လူငယ် ယောက်ျားလေးလည်း မဟုတ်တော့ပါဘူး။ တကယ်တော့ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ခရီးသည်ကို ကားပေါ်က မြန်မြန်ဆင်းအောင် တွန်းချတာကတော့ ဘယ်သူ့ကိုမှ မလုပ်သင့်တဲ့ အပြုအမူမျိုးပါ။ ကားဆရာတွေက လှည့်တောင် မကြည့်ဘူး။ ခရီးသည်ကို ခုလိုတွန်းချနေတာ အပြစ်ကြီးတခုလို ကျူးလွန်းနေတာပဲ ဆိုတာကိုတောင် သူတို့ သဘောထားရဲ့လား မသိပါဘူးဗျာ။ တွန်းချခံရတဲ့သူ အကျမတော်ဘဲ လဲကွဲကျန်ရစ်ရင်တောင် သိကြမယ်မထင်ဘူး။ ကျွန်တော် ကားနံပါတ်တော့ မှတ်ထားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီကားတစ်စီးတည်းကို အမှုမလုပ်ချင်ပါဘူး။ ဒါမျိုးတွေက လိုင်းကားတိုင်းလိုလိုမှာ ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဆောင်းပါးတွေ ရေးခဲ့ပေါင်းများပါပြီ။ တခြားဆောင်းပါးရှင်တွေ၊ သတင်းထောက်တွေလည်း ရေးဖူးပေါင်းများပြီ။ ခရီးသည်းတွေရဲ့ ရင်ဖွင့်သံတွေလည်း မနည်းမနော များလှပြီ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက တိတိကျကျ အရေးယူနေတာတွေလည်း ကျွန်တော်တို့သိတယ်။ ကားမောင်းခွင့် ယာဉ်လိုက်ခွင့် တလ ပိတ်တာ၊ နှစ်လပိတ်တာ၊ ဘယ်ယာဉ်လိုင်းမှာမှ ယာဉ်မောင်း။ ယာဉ်နောက်လိုက် လုပ်စားခွင့် မရှိစေရလို့ ပိတ်ပစ်တာတွေလည်း တွေ့နေရတာပါပဲ။
          သို့ပေမယ့် ဘယ်လောက်ပဲ အရေးယူယူ၊ လူဆိုတာမျိုးက ခက်သားကလားဗျာ။ စရိုက်ကြမ်းသူတွေ၊ လူလူချင်း စာနာစိတ် မရှိသူတွေဟာ ပြုပြင်ဖို့ အတော်မလွယ်ပါဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ် ၄၀လောက်က သက်ကြီးရွယ်အို ပညာရှင် စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေကို ထိုးကြိတ်ရန်ပြုခဲ့တဲ့ စပယ်ယာခေတ်ကနေ အခု စာရေးဆရာ မောင်ဝံသကို တွန်းချတဲ့ ခေတ်အထိ ဘာမှ မပြောင်းလဲပါဘူး။ သူတို့ကို ပြစ်ဒဏ်ပေးရုံနဲ့ နောင်ကြဉ်ပြီး အသိတရားရလာကြလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့ရဲ့ ဘ၀တွေပါ ပြောင်းလဲဖို့လိုတယ်။ ဘ၀တွေမြင့်လာမှ သူတို့ရဲ့ အသိဉာဏ်တွေလည်း မြင့်မားလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ လောလောဆယ် လက်တွေ့ကျတာကတော့ ခရီးသည်တင် ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်စီးရေ အလုံအလောက် ဖြည့်တင်းပြီး လူစပယ်ယာ လိုက်ပါစရာမလိုတဲ့ ပိုက်ဆံသိမ်းစနစ် ကျင့်သုံးဖို့ကို စိုင်းပြင်းသင့်ပါတယ်။
          ကျွန်တော်ဆိုရင် နိုင်ငံခြားတွေ အတော်ရောက်ဖူးခဲ့ပါတယ်။ ခရီးသွားလာရေးမှာ အများပြည်သူသုံး ယာဉ်ရထားစနစ်တွေကို အစိုးရများက အထူးအလေးပေးတယ်။ စနစ်တွေ ကောင်းတဲ့အတွက် ဘယ်လောက် အဆင်ပြေ စိတ်ချမ်းသာရတယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့တာပါ။ သို့ပေမယ့် အနောက်နိုင်ငံတွေနဲ့ ယှဉ်မပြောချင်ပါဘူး။ ကိုယ့်အိမ်နီးချင်း ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့နဲ့ပဲ ယှဉ်ပြီး ကြည့်စေချင်တယ်။ စင်ကာပူမှာ ဘတ်စ်ကားလိုင်းတွေဟာ စံပါပဲဗျာလို့ ပြောလောက်အောင် ကောင်းတယ်။ အချိန်မှန်တယ်။ တိကျတယ်။ ယာဉ်မောင်းပဲ ရှိတယ်။ ယာဉ်နောက်လိုက် မပါဘူး။ ပါစရာလည်း မလိုဘူးလေ။ ပိုက်ဆံ လိုက်သိမ်းစရာမှ မလိုတာ။ ခရီးသည်တွေဟာ ရထားဘူတာရုံလို နေရာတိုင်းမှာရှိတဲ့ ငွေသွင်းစက်တွေထဲ ငွေသွင်းပြီး ယာဉ်စီးကတ်ပြားကို အသက်ဝင်အောင် လုပ်ထားတယ်။ ကားပေါ်တက်ရင် အဲဒီကတ်ပြားကို ကားရဲ့ ရှေ့ပေါက်အတက်တံခါးက လက်မှတ်စစ်စက်ခလုတ်မှာ ကတ်ပေးလိုက်ရုံပဲ။ ဆင်းရင် နောက်ပေါက်တံခါးနားက လက်မှတ်စစ် စက်ခလုတ်မှာ ကတ်လိုက်ရင် ကိုယ်စီးလာတဲ့ ခရီးအတိုင်း ငွေနုတ်ယူလိုက်တာပဲ။
          ခရီးသည်ဟာ ယာဉ်မောင်းနဲ့ ဘာစကားမှ ပြောစရာမလိုဘူး။ ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ပါရင် ကားဘေးနံရံမှာရှိတဲ့ ခလုတ်လေးကို ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်မရောက်ခင် နှိပ်ပေးလိုက်ရုံပဲ။ အင်မတန်မှ ရှင်းတယ်။ ယာဉ်မောင်းတွေကလည်း လခစားတွေချည်းပဲ။ ရတဲ့လခက မိသားစုတစုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစရိတ် ကောင်းကောင်းဖူလုံတယ်။ အဲသလို ယာဉ်မောင်းမျိုးဟာ ဘယ်လိုနည်းနဲ့မှ ရိုင်းပြစရာ မရှိတော့ဘူး။ ယာဉ်ပိုင်ရှင်အတွက်နဲ့ သူ့အတွက် လောဘတက်ပြီး သူ့ထက်ငါ လူပိုရအောင် လုမောင်းစရာလည်း မလိုဘူး။
          ယဉ်ကျေးမှုဆိုတာ တကယ်ကတော့ အလေ့အကျင့်ပါပဲ။ လောဘ၊ ဒေါသနည်းပါးအောင် ဖန်တီပေးထားတဲ့ အခြေအနေတွေကြောင့် သူတို့ဆီက ဘတ်စ်ကား ယာဉ်မောင်းတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ပဲ ဂရုစိုက်ကြတာ တွေ့ရတယ်။ စိတ်ရှည်ရှည်နဲ့ တာဝန်ကျေပွန်ပုံကို ကျွန်တော်ကိုယ်တိုင် စင်ကာပူမှာ၊ အမေရိကန်မှာ၊ ဥရောပမှာ၊ ဂျပန်မှာ မျက်ဝါးထင်ထင်တွေ့ခဲ့တာတွေ ရှိတယ်။ ဥပမာ-ဘီးတပ်ကုလားထိုင်နဲ့ မစွမ်းမသန် ခရီးသည်တွေကို ဘတ်စ်ကားပေါ်တင်တာ၊ ပြန်အဆင်းမှာ ဂရုတစိုက် ဆင်ပေးတာတွေဟာ ချီးကျူး အံ့သြလောက်တယ်။ ကျွန်တော်အပါအ၀င် ခရီးသည်တွေဟာ ဘတ်စ်ကား ဒရိုင်ဘာ အဲဒီကိစ္စတွေ ဆောင်ရွက်ပြီးသည်အထိ အတက် ၃မိနစ်၊ အဆင်း ၃မိနစ်စီလောက် စောင့်နေကြရတယ်။ ဘယ်သူမှ စိတ်မရှည်တဲ့ အသံနဲ့ ဘာလုပ်နေတာလဲကွ၊ မပြီးသေးဘူးလားကွလို့ မအော်ဘူး။ ဘ၀ကံ မကောင်းလို့ ခြေထောက်မသန်ဘဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရသူကို ယာဉ်မောင်းက တာဝန်ကျေပွန်စွာ ကူညီနေတာကို စိတ်ရှည်ရှည်စောင့်နေကြတယ်။ အဲသလို ဆောင်ရွက်ပေးနေတဲ့ ယာဉ်မောင်းတွေရဲ့ မျက်နှာကိုလည်း ကျွန်တော် သတိထားစောင့်ကြည့်ဖူးတယ်။ သည်မစွမ်းမသန်ငနဲကလည်း အလုပ်ရှုပ်ရန်ကောဆိုပြီး စိတ်မရှည်တဲ့ မအီမသာ မျက်နှာကြီးဖြစ်နေသလား။ အလုပ်ပိုတစ်ခုကို မလွှဲသာလို့ လုပ်ပေးနေရတဲ့ အင်တင်တင်အမူအရာ ဖြစ်နေသလား၊ ကားပေါ်မှာ သူ့ကိုစောင့်ကြည့်နေတဲ့ အာဏာပိုင်သတင်းပေး တယောက်ယောက်ပါလာလို့ ထိတ်လန့်ပြီး လုပ်ပေးနေတဲ့ အမူအရာ ပေါ်နေသလား။ ဘာအမူအရာမှ မပေါ်ပါဘူးဗျာ။ ကားမောင်းနေတုန်းက မူလမျက်နှာအတိုင်းပဲ။ သူ လုပ်ဆောင်ရမယ့် ပုံမှန်အလုပ်တခုကို တာဝန်ကျေကျေ ဂရုတစိုက် လုပ်နေသလို လုပ်သွားတာပဲဆိုတာ အထင်အရှားတွေ့ရတယ်။ အဲသလို စိတ်ထားတွေ ထားတတ်ကြလို့လည်း သူတို့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတာပေါ့ဗျာ။
          နိဂုံးချုပ်ကတော့ မောင်ဝံသ တယောက် "သံချောင်းတို့ အဖေ" ဖြစ်ခဲ့ပါပြီ။ မောင်ဝံသနည်းတူ ကြုံရဆဲ ကြုံ့ရလတ္တံ ပြည်သူပေါင်းများစွာလည်း အမြန်ဆုံး အန္တရာယ်ကင်းနိုင်ကြပါစေ။
၁၂-၆-၂၀၁၁
                                                                            ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၇။

 Image and video hosting by TinyPic

Thursday, June 2, 2011

နေသားကျသွားတဲ့ ဘ၀များ … (၁)

''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး… ဆိုတဲ့ ဆရာဂျူးရဲ့စကားလေးကို ကျနော်ဖတ်မိတော့ ကျနော့်မှာ စဉ်းစားစရာတွေများလာတယ်။ နေသားကျသွားတဲ့ ဘ၀များစွာကို ကျနော်တို့တွေ မျက်မြင်ကိုယ့်တွေ့ မြင်တွေ့ကြမှာပါ။ တခါတလေ ကျနော်တို့ကိုယ်တိုင်လည်း လက်ရှိဘ၀တွေကိုပဲ အလိုက်သင့်မျောရင်း မတုန်မလှုပ်နဲ့ နေသားကျချင်ချင်ရယ်ပါ။ တလောက ကျနော်အိမ်မှာရှိနေတဲ့ရက်တွေမှာ ဖွားဖွားက ဈေးကို အိမ်အတွက် ဟင်းချက်စရာတွေဝယ်ဖို့လွှတ်လိုက်တယ်။ တကယ်တော့ ကျနော်မကျွမ်းကျင်တဲ့အလုပ်တွေထဲမှာ ဈေးဝယ်တာလည်းပါပါတယ်။ ညံ့တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားမှာပါ။ ဖွားဖွားက ၀ယ်ဖို့အတွက် ငါးနာမည်ကိုသေချာပြောလိုက်တာတောင် ဈေးကိုရောက်တော့ ငါးသည်တွေအများကြီးရဲ့ ဈေးဗန်းတွေထဲမှာထည့်ထားတဲ့ ငါးအမျိုးအစားအများကြီးထဲမှာ ကျနော်ဝယ်ရမယ့်ငါးက ဘယ်ငါးမှန်း မသိခဲ့ဘူး။ အဲဒီလိုနဲ့ သားငါးတန်းမှာ အနံ့အသက်ဆိုးဆိုးတွေ ငါးညှီနံ့တွေ အသားတွေလှီးဖျက်ထားတဲ့ သွေးသံရဲရဲတွေကိုကြည့်ရင်း ဖြစ်နိုင်ရင် ဈေးတန်းထဲမှာ မျက်စိမှိတ် နှာခေါင်းပိတ်ပြီး လမ်းလျှောက်ချင်ခဲ့တယ်။ မနက်စောစောမို့ ၀ယ်သူများနဲ့ ကြပ်ညှက်နေတဲ့ကြားထဲက ကျနော့်မျက်လုံးက ငါးရောင်းနေတဲ့ အစ်မတယောက်ဆီရောက်သွားတော့ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိတာကြောင့် ဘယ်မှမြင်ဖူးပါလိမ့်ဆိုပြီး အကြိတ်အနယ်စဉ်းစားနေမိတော့တယ်။ အရပ်ပုပျက်ပျက် ခန္ဒာကိုယ်၀၀ မျက်နှာဝိုင်းဝိုင်းနဲ့ အဲဒီအမကိုရင်းရင်းနှီးနှီးမြင်ဖူးနေတာအမှန်။ သူ့ရဲ့ ၀တုတ်နေတဲ့ လက်မောင်းက ဆေးမင်ကြောင်တွေများလား…ဆိုပြီး သေချာကြည့်တော့မှ မဟုတ်ပါ။ ငါးမျိုးစုံကို လက်လီကော လက်ကားကော ရောင်းပုံရပါတယ်။ သူ့လက်မောင်းမှာ ဗြုန်းခနဲကြည့်တော့ ဆေးမင်ကြောင်တွေလို့ ထင်ရပေမယ့် တကယ်တော့ ငါးဈေးနှုန်းနဲ့ ပိဿချိန်ကိုတွက်ထားတဲ့ ဘောလ်ပင်မင်ရာတွေဖြစ်နေပါတယ်။ ကျနော်လည်း သူ့မျက်နှာကို အသေအချာကြည့်ပြီး သတိမရမချင်း ဘယ်မှာမြင်ဖူးတယ်ဆိုတာကို ဦးနှောက်ကို အလုပ်ပေးနေမိတော့တယ်။

ခဏအကြာမှာတော့ ကျနော်သူ့ကိုမှတ်မိသွားတယ်။ သူ့ကိုကျနော် ကျောင်းမှာမြင်ဖူးတာပဲ။ ဟုတ်တယ်။ တက္ကသိုလ်မှာ ကျနော်မြင်ဖူးခဲ့တာ။ သူက ကျနော်တို့လို့ ရိုးရိုးဘွဲ့တခုအတွက် တက်နေတဲ့သူမဟုတ်ဘဲ မဟာဘွဲ့အတွက် တက်နေခဲ့သူတဦးဖြစ်တယ်။ ကျနော့်ရဲ့ အမလိုချစ်ခင်ရတဲ့ မကြီးတို့နဲ့ မေဂျာကွဲပေမယ့် အတန်း အတူတူပဲဖြစ်လောက်ပါတယ်။ ကျနော်သတိထားမိနေတာက မကြီးတို့လို မဟာဘွဲ့အတွက်တက်နေသူဖြစ်တာက တကြောင်း၊ တခါတရံ ဖယ်ရီပေါ်မှာ မြင်တွေ့နေတာက တကြောင်းကြောင့်ရယ်ပါ။ သူဆိုရင် ရိုးရိုးဘွဲ့အတွက် အချိန်က သုံးနှစ်၊ နောက်မဟာဘွဲ့ဆက်တက်တာက သုံးနှစ် စုစုပေါင်း ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို တက္ကသိုလ်မှာပဲ အချိန်ကုန်စေခဲ့တယ်။ အဲဒီပေးဆပ်တဲ့အချိန်နဲ့ ရလာမယ့်အခွင့်အလမ်းတခုခုကိုတော့ သူမျှော်လင့်ခဲ့မပေါ့။ မမျှော်လင့်ဘဲနဲ့တော့ ဘယ်သူမှ ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို ပေးဆပ်ခဲ့မှာမဟုတ်ပါဘူး။ သူမျှော်လင့်ခဲ့မှာက မဟာဘွဲ့ရသွားရင် တက္ကသိုလ်မှာပဲ ကျူတာဆရာမအဖြစ် အလုပ်ဆက်လုပ်မယ်…ပြီးရင် တဆင့်ပြီးတဆင့်…. နောက်ပိုင်းအဆင့်တွေ သူအများကြီးမမျှော်လင့်ခဲ့ရင်တောင် ကျောင်းမှာ ဆရာမပြန်လုပ်ဖို့တော့ ရည်ရွယ်ချက်ရှိမှာပဲ။ မဟာဘွဲ့ရရင် အခုလို အရပ်စကားနဲ့ပြောရင် ငါးစိမ်းသည်တယောက်ရဲ့ ဘ၀နဲ့ ရပ်တည်မယ်လို့ ဘယ်သူက စဉ်းစားထားမှာလဲ။ စိတ်ကူးထဲမှာတောင် တွေးကြည့်မယ့်ကိစ္စတခုမဟုတ်ခဲ့ပါဘူး။ တချိန်တုန်းက တက္ကသိုလ်မှာ သက်ဆိုင်ရာဘာသာရပ်အတွက် သုသေတနလုပ်နေတဲ့ လက်တွေက အခုတော့ ညာဘက်က ငါးခုတ်ဓါးကိုကိုင်လို့ ဘယ်ဘက်က ငါးအမြီးကိုကိုင်ပြီး ခပ်သွက်သွက် အကြေးခွံ နွှာနေတာဟာ ကျွမ်းကျင်ပိုင်နိုင်လွန်းလို့ တက္ကသိုလ်မှာဆို အဲဒီဘာသာရပ်ကို ဂုဏ်ထူးတောင် ရလောက်ပြီပေါ့။ အရင်က ဘောလ်ပင်ကို စနစ်တကျကိုင်ပြီး သပ်ရပ်တဲ့စာအုပ်လေးတွေမှာ လှလှပပလေးရေးခြစ်ခဲ့ပေမယ့် အခုတော့ ဖြစ်သလိုကြုံသလို ရေးတတ်နေပုံရတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းက သချာင်္ဂဏန်းတွေနဲ့ စုပေါင်းတန်ဖိုးတွေက သက်သေပြနေလေရဲ့။ ချိန်ခွင်နဲ့အလေးကို ကိုင်တွယ်ပုံက တကယ့်ငါးသည်ကြီးတယောက်လို။ တဖက်မှာ ၀ယ်သူကိုဈေးရောင်းရင်း တဖက်ကလည်း ငါးခြင်းတွေသယ်တဲ့အလုပ်သမားလေးတွေကို စိတ်တိုင်းမကျဟန်နဲ့ ဆူပူမာန်မဲနေပြန်တယ်။ အဲဒီအချိန်ခဏလေးမှာ ကျနော်အတွေးထဲမှာ ဖွားဖွားဝယ်ခိုင်းလိုက်တဲ့ငါးကိုလည်း သတိမရတော့။ နေသားကျနေတဲ့ ဘ၀တခုကို အံ့သြစွာနဲ့ ငေးကြည့်နေမိတော့တယ်။

လွန်ခဲ့တဲ့ခြောက်လလောက်က ရုံးပိတ်ရက်တရက်မှာ ကျနော့်သူငယ်ချင်းနဲ့အတူ သူနေတဲ့ ရန်ကုန်တဖက်ကမ်းက မြို့လေးတမြို့ကိုရောက်သွားခဲ့တယ်။ သူတို့အိမ်ကိုအသွား လမ်းမှာ ကျနော်တို့ကျောင်းတက်တုန်းက ရင်းနှီးခဲ့တဲ့ အတန်းထဲက မိန်းကလေးတယောက်ရဲ့ ဈေးဆိုင်လေးရှေ့ရောက်တော့ ကျနော့်သူငယ်ချင်းက ကျနော့်ကို နှုတ်ဆက်ဖို့ပြတယ်။ ကျနော်လည်း မတွေ့တာကြာပြီဖြစ်လို့ နေကောင်းလား အဆင်ပြေလား စတာတွေကို မတ်တပ်ရပ်ရင်းနဲ့ပဲ ပြောဆိုရင်း သူ့ရဲ့ဆိုင်လေးကို တချက်သတိထားကြည့်မိလိုက်တယ်။ ဆိုင်လေးလေးကလေးထဲမှာ မုန့်ပဲသရေစာလေးတွေ၊ ကွမ်းယာ ဆေးလိပ် စတာလေးတွေနဲ့ ခြောက်ခြောက်ကပ်ကပ်ဆိုင်လေးပါပဲ။ ကျနော်တို့စကားပြောနေတုန်းပဲ ကွမ်းယာလာဝယ်သူ အမျိုးသားတယောက်က သူစားနေကျ ကွမ်းယာကိုပြောတော့ ချက်ခြင်းပဲသူရဲ့လက်ကလေးတွေက လှုပ်ရှားလိုက်တာ မြန်မှမြန်ပဲ။ ကျနော်တွေးမိလိုက်တာက ဒါတွေက ဘ၀က သင်သွားတာပဲလို့။ ဘယ်တက္ကသိုလ် ဘယ်ကျောင်းမှာမှ ဒီပညာရပ်တွေ မသင်ကြားခဲ့ရပါဘူး။ ရိုးရိုးဘွဲ့တခုက ဘ၀ရပ်တည်ဖို့အတွက် အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ သူပေးနိုင်တာက စာရွက်တရွက်ရယ် ပြီးတော့ ဧည့်ခန်းမှာ လူအမြင်တင့်တယ်စေဖို့ ချိတ်ဆွဲထားမယ့် ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံတပုံရယ်ပါပဲ။ ဘ၀ကပေးတဲ့ ပညာကတော့ သူ့ဘ၀အတွက် သူ့မိသားစုအတွက် မပိုလျှံပေမယ့် အသက်ရှင်ရပ်တည်ဖို့အတွက်တော့ လောက်ငပုံရပါတယ်။ ဘွဲ့တခုရပြီး အစိုးရ၀န်ထမ်းအလုပ်တခုခုကို ၀င်လုပ်ဖို့ကျပြန်တော့လည်း အစိုးရ၀န်ထမ်းအလုပ်က မိသားစုကိုထောက်ပံ့ဖို့မပြောနဲ့ ကိုယ်တဦးတည်းတောင် မနည်းရပ်တည်ရမယ့် လစာမျိုးပါ။ ဒါပေမယ့် အစိုးရအလုပ်မှာလည်း လစ်လပ်နေရာပေါများလားဆိုတော့ မပေါပါဘူး။ တခါတလေ နေရာလစ်လပ်လို့ ၀န်ထမ်းခေါ်တယ်ဆိုရင်တောင် နေရာအဆင့်သတ်မှတ်ချက်အရ အလုပ်ရဖို့ကို ရေလောင်းရတာက ငါးပုံးတို့ ဆယ်ပုံးတို့လို့ ကြားဖူးနားဝရှိခဲ့တယ်။ ရာထူးဌာနပေါ်မှာမူတည်ပြီး ဒီထက်လည်း များများလောင်းရနိုင်ပါတယ်။ အစိုးရ၀န်ထမ်းမဟုတ်ဘဲ ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ အရည်အချင်းပေါ်မူတည်ပြီး နေရာရနိုင်ပါသေးတယ်။ ရိုးရိုးဘွဲ့လက်မှတ်တခုတည်းတော့မဟုတ်ဘဲ တခြားကျွမ်းကျင်ရာ certificate မျိုးစုံနဲ့ပေါ့။ တကယ်တော့ သုံးနှစ်ဆိုတဲ့အချိန်ကာလတခုကနေ သင်ကြားတက်မြောက်လာတဲ့ အရည်အချင်းတွေက အသုံးမ၀င်တော့ဘဲ ခြောက်လတန်သည်…တနှစ်တန်သည်လောက်နဲ့ သင်ကြားခဲ့တဲ့ အရည်အချင်းက ဒီနေရာမှာ ပိုပြီးအသုံးဝင်နေတာကတော့ နေသားကျနေတဲ့ အရာတခုပဲလား မပြောတတ်။

ကျနော်တို့ အဲဒီဈေးဆိုင်လေးကပြန်မထွက်ခင် သူက ကျနော်တို့ကို မုန့်တခုခုစားသွားပါဦးလို့ပြောတော့ ကျနော်က မူးတဲ့ကွမ်းတယာလောက် ယာပေးပါလို့ပြောတော့ ကျနော့်သူငယ်ချင်းကကော သူကပါ မစားရပါဘူးလို့…. အသည်းအသန် ကန့်ကွက်နေကြတော့ မူးချင်နေလို့ပါလို့… ကျနော်ပြန်ပြောလိုက်မိတယ်။ ကျနော် သူကွမ်းယာရောင်းနေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေမိတယ်။ ဘွဲ့လက်မှတ်နှစ်ခုကိုင်ပြီး ငါးစိမ်းသည်ဘ၀ရောက်နေသူ၊ လက်မှတ်တခုနဲ့ ကွမ်းယယာရောင်းနေသူ ပြီးတော့ ပဲပြုတ်ရောင်းနေသူတို့ဘာတို့လည်း ရှိနေနိုင်သေးတာပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောလို့ရနိုင်မယ့် သူတို့မိသားစုအတွက် ရုန်းကန်နေတာဟာ သမ္မာအာဇီဝနည်းနဲ့ ရိုးရိုးသားသားရှာဖွေလုပ်ကိုင်နေခြင်းဖြစ်တာတော့ ၀မ်းသာဂုဏ်ယူစရာပါ။ ဘွဲ့တခုရပေမယ့် ဘ၀အာမခံချက်အတွက်မရေရာလို့ မိသားစုစားဝတ်နေရေးအတွက် လမ်းမှားရောက်နေကြတဲ့ မိန်းကလေးတွေရဲ့ဘ၀ကတော့ ရင်နာစရာပါပဲ။ ကေတီဗီတို့ မာဆက်တို့လိုနေရာမျိုးတွေမှာ မရောက်သင့်ဘဲရောက်နေကြရရှာတဲ့ မိန်းကလေးတွေရဲ့အကြောင်းတွေကို ကြားမိရင်း ကျနော်ရင်နာမိပါတယ်။ မိသားစုရဲ့စားဝတ်နေရေး ကျန်းမာရေးနဲ့ မောင်လေးတွေ ညီမလေးတွေရဲ့ ပညာရေးတာဝန်တွေဟာ သူတို့တွေရဲ့ပုခုံးထက်ကိုရောက်လာတဲ့အခါ သင်ကြားထားတဲ့ပညာနဲ့ရပ်တည်ဖို့မဖြစ်တဲ့အခြေအနေတွေမှာ သူတို့တွေရဲ့ဘ၀ဟာ ရုန်းကန်ရင်း နစ်သထက်နစ်သွားရတာပါပဲ။ အဲဒီပြဿနာတွေရဲ့ အဓိကအခြေခံကတော့ နိမ့်ကျတဲ့ ပညာရေးစနစ်ကြောင့်လို့ ဆိုရမှာပါပဲ။ အရည်အချင်းရှိတဲ့ ဆရာ၊ အရည်အချင်းရှိတဲ့ ကျောင်းသားနဲ့ အရည်အသွေးပြည့်ဝတဲ့ ဘွဲ့လက်မှတ်တခုဖြစ်ဖို့က အဓိကလိုအပ်ချက်တွေပါ။ ဒါပေမယ့် ကျနော်တို့တော်တော်များများက အဲဒါကိုမစဉ်းစားနိုင်ဘဲ လက်ရှိဖြစ်ရပ်ပေါ်မှာပဲ အလိုက်သင့်မျောပါမှန်းမသိ မျောပါရင်း နေသားကျနေကြတယ်။

ဆရာမပြောခဲ့သလိုပဲ ''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး…'' ဆိုတဲ့ စိတ်ကလေးနဲ့ ကျနော်တို့တွေနှိုးထသင့်နေပါပြီ။ တယောက်ယောက်က ပစ်ချထားတဲ့ဘ၀ထဲမှာ သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်ရဘူး….ဆိုတဲ့ မာနလေးနဲ့ပဲဖြစ်ဖြစ် ကျနော်တို့တွေ ထိုးထွက်လာသင့်တယ်။ ပစ်ချခံလိုက်ရပေမယ့် သူဖြစ်စေချင်တဲ့အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားဘ၀ထဲက ရုန်းထွက်နိုင်ရင်ပဲ ကျနော်တို့တွေ မရှုံးသေးပါဘူး။
2.6.2011 (12:24AM)


 
Image and video hosting by TinyPic

ပုရွက်ဆိတ်မောင်နှံသို့ မေတ္တာလက်ဖွဲ့


မေလ ၁၅ ရက်နေ့က ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးတယောက်ရဲ့ မင်္ဂလာပွဲတဲ့။ စိတ်မကောင်းဖြစ်မိတာက ကျနော် အဲဒီမင်္ဂလာပွဲကို မရောက်ဖြစ်ခဲ့လိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော်တို့ သူငယ်ချင်းသုံးယောက် တွေ့ခဲ့ကြသေးတယ်။ ဒါပေမယ့် မင်္ဂလာပွဲနဲ့ပတ်သက်ပြီး စကားတောင်မဟခဲ့။ ဒါပေမယ့် တရက်လောက် အေးအေးဆေးဆေးတွေ့ပြီး ကျနော်တို့နှစ်ယောက်ကို ပြောစရာရှိသေးတယ်လို့တော့ ပြောခဲ့သေးတယ်။ ဘာအကြောင်းအရာမှန်းတော့ မသိခဲ့။

အခုတော့ ဆိုင်းမဆင့် ဗုံမဆင့် ဘယ်လိုက ဘယ်လို မင်္ဂလာဆောင်သွားပါလိမ့်လို့ ကျန်ပုရွက်ဆိတ်ကလေးနဲ့ တအံ့တသြပြောကြဆိုကြ။ ကျန်ပုရွက်ဆိတ်ကလေးကတော့ အေးအေးနေတတ်သူပီပီ ငါလည်းအံ့သြသွားတာ… ခပ်ပြုံးပြုံး သူဆိုပေမယ့် ကျနော့်ရဲ့ တွေ့ရင်တော့လား…မလွယ်ဘူးမှတ်…ဆိုတဲ့ ကြိမ်းဝါးသံကို ပုရွက်ဆိတ်ကလေးက အသံမထွက်ဘဲ ရယ်နေတော့တယ်။ ပြီးတော့သူက အဲဒါကြောင့်မို့လို့ ဟိုတယောက်ကပြောနေတာ…. နင်တော့ဘာပြောမလဲမသိဘူး…နင့်ကိုကြောက်တယ်လို့ ငါ့ကိုပြောနေတယ်လို့…. ပြောရင်း ရယ်နေတော့တယ်။ အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်ကလေးက ကျနော့်ထက် အသက် တနှစ်ကျော်ကျော်ကြီးတာဆိုတော့ ၂၅နှစ်ပေါ့။ ကျနော်ကတော့ ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးကို နှမြောမိတာပါပဲ။ အချိန်စောလွန်းသေးတယ်လို့ ထင်မိလို့ပါ။
ကျောင်းမှာတုန်းက ကျနော်နဲ့တခုံတည်းမှာထိုင်တဲ့ သူတို့နှစ်ယောက်က တကယ့်ပုရွက်ဆိတ်ကလေးတွေလို သေးသေးကွေးကွေးလေးတွေ။ နှစ်ယောက်လုံးရဲ့ အရပ်က ၅ပေ ၂လက်မလောက်တော့ ရှိကြတယ်။ ပြီးတော့ ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်လေးတွေနဲ့။ ကျောင်းကိုလာတိုင်း သနပ်ခါးလေးတွေကိုယ်စီနဲ့… တခါတလေမှာ မိတ်ကပ်မှုန်မှုန်လေးတွေ နှုတ်ခမ်းနီစိုစိုလေးတွေနဲ့ အလှပြင်လာတတ်သေးတယ်။ ကျနော်က သူတို့နှစ်ယောက်နဲ့ နည်းနည်းမှမတူ။ အရပ်ရှည်ရှည် ဆံပင်တိုတို မျက်နှာပြောင်ပြောင်နဲ့ပဲ အမြဲလာနေတတ်တော့ တခါတလေ စိတ်လိုလက်ရ သနပ်ခါးလိမ်းလာရင်တောင် ဒီနေ့ထူးထူးဆန်းဆန်း အလှပြင်လာပါလားလို့… အပြောခံရတဲ့သူ။ အဲဒီပုပုသေးသေးလေး နှစ်ယောက်ကြားမှာမှ ကလန်ကလားနဲ့ကျနော်က အခုမင်္ဂလာဆောင်သွားတဲ့ ခပ်စွာစွာပုရွက်ဆိတ်ကလေးနဲ့ မတည့်အတူနေလို့ပြောရလောက်အောင်ကို တခုံတည်း အတူထိုင်ပြီး ခဏခဏ ရန်ဖြစ်ရတယ်။

သူနဲ့ကျနော်က စာဖတ်တာဝါသနာတူပေမယ့် စာအမျိုးအစားတော့ မတူခဲ့။ အဲဒီအတွက်ကြောင့်နဲ့ မကြာမခဏရန်ဖြစ်ခဲ့တယ်။ နှစ်ယောက်အတူ စာကြည့်တိုက်သွားပြီး လမ်းမှာစာအုပ်အကြောင်းပြောရင်း ပြန်လာတော့ အတန်းထဲကို တယောက်တကွဲပြန်လာခဲ့ဖူးတယ်။ သူက သရဲ သစ္ဆေအကြောင်းပါတဲ့ စာအုပ်တွေဖတ်ပြီး ကျနော်ကတော့ ရသစာပေနဲ့ ဘာသာပြန်စာအုပ်တွေဖတ်တယ်။ ကျောင်းစာကြည့်တိုက်မှာက စာအုပ်နာမည်တွေ စာရေးသူနာမည်တွေကို ကတ်တလောက်နဲ့နံပါတ်တွေရေးပြီး ခွဲထားပေမယ့် ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို စာအုပ်နာမည် စာရေးသူနာမည်နဲ့ ကတ်တလောက်နံပါတ် ပြောရပေမယ့် များသောအားဖြင့် စာကြည့်တိုက်ဝန်ထမ်းတွေက အလွယ်တကူရှာရလွယ်တဲ့ စာအုပ်တွေကိုပဲ ထုတ်ပေးတာများတယ်။ အဲဒီစာအုပ်က ရှာရခက်တယ်တို့….တခြားတယောက်ငှားသွားတယ်လို့…ပြောပြီး သုံးနှစ်သာကုန်သွားပေမယ့် မဖတ်လိုက်ရတဲ့၊ ဘယ်အချိန်မေးမေး မအားဘူးဆိုတဲ့ စာအုပ်တွေက အများသားပင်။

အဲဒီအချိန်တွေတုန်းက ခပ်စွာစွာပုရွက်ဆိတ်ကလေးဖတ်တဲ့ စာအုပ်တွေကို ကျနော်က အဓိပ္ပာယ်မရှိဘူး…အဲလိုစာတွေဖတ်တာ ရူးသွပ်တာလို့… မညှာမတာဝေဖန်ခဲ့ဖူးပြီး အဲဒီစကားအတွက် နောက်ပိုင်းမှ ကျနော် နောင်တရနေမိခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်တန်ဖိုးမထားပေမယ့် သူတပါးတန်ဖိုးထားတာကို နားလည်မပေးနိုင်ခဲ့။ လူတိုင်းမှာ ကိုယ့်အယူအဆနဲ့ကိုယ်… ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ကိုယ်ဆိုတာကိုလည်း အလေးမထားခဲ့။ အခုချိန်မှာ အဲဒီအကြောင်းကို အကြောင်းတိုက်ဆိုင်လို့ သတိရမိတိုင်း ကျနော် ၀မ်းနည်းစွာနဲ့ နောင်တရနေမိခဲ့တယ်။ သူနဲ့ကျနော် နောက် တူတာတခုက ရယ်ရင် အသံကျယ်ကျယ်နဲ့ရယ်တတ်တာ။ သူက အရမ်းပြာယာခတ်တတ်ပြီး ခပ်စွာစွာလူတယောက်လည်းဖြစ်ပေမယ့် စိတ်ရင်းကောင်းတယ်။ တခါက ကင်တင်းထိုင်ပြီး ပြန်အထမှာ စားပွဲပေါ်မှာတင်ထားတဲ့ သူ့ထမင်းချိုင့်နဲ့ ဆိုင်ကချပေးထားတဲ့ ရေနွေးအိုး မှားဆွဲလာမိပြီး လမ်းမကြီးပေါ်ရောက်မှ ဒရောသောပါး ဆိုင်ကိုပြန်ပြေးခဲ့သူ။ ပြီးတော့သူက အစအနောက်လည်းသန်တယ်။ ကျနော်တို့နှစ်ယောက်ပေါင်းပြီး အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကို ခဏခဏ စ တတ်တယ်။ အရမ်းအေးတဲ့ ပုရွက်ဆိတ်ကလေးကတော့ ကျနော်တို့နှစ်ယောက်ဒဏ်ကို အတော်ကိုခံရတယ်။ အဲဒီခပ်စွာစွာပုရွက်ဆိတ်မလေးက ကျနော်တို့သုံးယောက်ထဲမှာ စကားအများဆုံးဖြစ်ပြီး ကိုယ်တွေ့ရယ်စရာတွေကိုလည်း အမူအယာနဲ့ ပိုရယ်ရအောင် ပြောတတ်သူဖြစ်တယ်။ သူရှိနေရင် ကျနော်နဲ့ ခဏခဏရန်ဖြစ်တတ်ပေမယ့် သူအတန်းမတက်တဲ့နေ့ဆို ကျနော်တို့နှစ်ယောက်ပျင်းနေတတ်တယ်။ သူရော ကျနော်ရော အတန်းခဏခဏလစ်တတ်တာလည်း တူပြန်တယ်။ အေးအေးလေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကတော့ အတန်းစောင့်လို့ ပြောရလောက်အောင်ကို အတန်းမှန်မှန်တက်တယ်။

ကျနော် တက္ကသိုလ်စရောက်တော့ အသက် ၁၇မပြည့်တတ်သေး။ သူတို့နှစ်ယောက်က ကျနော့်ထက် အသက်တနှစ် နှစ်နှစ်ကြီးတော့ ၁၈၊ ၁၉အရွယ်တွေဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအရွယ်တွေက အများသတ်မှတ်လေ့ရှိတဲ့ မြီးကောင်ပေါက်အရွယ်… သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်နေတတ်တဲ့အရွယ်လို့ ပြောလေ့ရှိကြတဲ့ မလိမ်မိုး မလိမ်မာ မရင့်ကျက်သေးတဲ့အရွယ်တွေမှာ ကျနော်တို့တွေ ဆုံစည်းခဲ့တယ်။ တယောက်ကိုတယောက် နားလည်ပေးရင်းနဲ့ အခုချိန်ထိ နွေးနွေးထွေးထွေး ပေါင်းစည်းနေမိကြတုန်း။ အခုချိန်မှာ အရင်လို ရန်ခဏခဏလည်းမဖြစ်တော့။ တခါတလေတော့လည်း ဟိုအရင် ကျောင်းတက်တုန်းက သူငယ်ချင်းတွေ အတူရှိနေတဲ့ အချိန်လေးကို ပြန်လွမ်းမိသား။ အဓိပတိလမ်းမကြီး မရှိတဲ့ တက္ကသိုလ်… ကံ့ကော်ပင်တွေမရှိတဲ့ တက္ကသိုလ်… နွေခေါင်ခေါင်မှာ အရိပ်မရှိဘဲ နေအရမ်းပူတဲ့ တက္ကသိုလ်ကျောင်းကြီးကတော့ ကျနော်တို့ကို လွမ်းစရာတွေမပေးခဲ့ပါဘူး။

ကျနော်တို့တွေ တနှစ်ပတ်လုံးရဲ့ လ သုံးလမှာတော့ အမြဲလိုလိုမဖြစ်မနေဆုံဖြစ်ကြတယ်။ အဲဒီလတွေက အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးရဲ့မွေးလဖြစ်တဲ့ ဇန်န၀ါရီလ။ နောက် အခုလက်ထပ်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးလဖြစ်တဲ့ ဇူလိုင်လရယ် ကျနော့်ရဲ့ မွေးလ ဒီဇင်ဘာရယ်မှာ မပျက်မကွက် တွေ့ဖြစ်ကြတယ်။ လာမယ့် ဇူလိုင် ၂၃ဆိုရင် အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးနေ့ပါပဲ။ ကျနော်တို့တွေ အရင်လို မပျက်မကွက်တွေ့ကြ…စကားတွေအလုအယက်ပြောပြီး စ ကြ နောက်ကြ…ပြီးရင် ဘုရားသွားကြ… မုန့်တွေစားကြနဲ့ အခုအဲလို လုပ်လို့ရပါဦးမလား။ အလိုက်တသိနဲ့
အဲဒီအစီအစဉ်တွေကို နည်းနည်းတော့ လျှော့ရမယ်ထင်ရဲ့….။

ပုရွက်ဆိတ်ကလေး အိမ်ထောင်ကျသွားတဲ့အတွက် သူငယ်ချင်းသံယောဇဉ်နဲ့ကြည့်ရင် ၀မ်းနည်းသလိုဖြစ်မိပေမယ့် တဖက်ကကြည့်တော့လည်း သူချစ်သူ့နဲ့ အတူပေါင်းဖက်သွားတဲ့အတွက် ၀မ်းသာရတယ်။ ဘ၀ကို ချစ်တဲ့သူနဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းသွားဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်သွားခဲ့တာကိုတော့ ကျနော်အသိအမှတ်ပြုရပါလိမ့်မယ်။ တယောက်ကိုတယောက်ယုံကြည်ပြီး လက်တွဲသွားခဲ့တဲ့ ပုရွက်ဆိတ်ကလေးမောင်နှံ(စွာတေးပုရွက်ဆိတ်မလေးတော့ စိတ်ဆိုးတော့မှာပဲ။ သူတင်မက သူချစ်သောသူကိုပါ ပုရွက်ဆိတ်ဖြစ်ခိုင်းလို့... ;) ) ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ တယောက်ကို တယောက်နားလည်ရင်း၊ ဖေးမရင်း၊ အားပေးရင်းနဲ့ ဘ၀ရဲ့အကောင်း အဆိုးတွေကို အတူတူမျှဝေရင်း မပြယ်သော မေတ္တာတွေနဲ့ သေတပန်သက်တဆုံး ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။



Image and video hosting by TinyPic