Wednesday, July 20, 2011

ထားခဲ့ပါ ဆရာ


နုနုရည်(အင်းဝ)


အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။ နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။ သိပ်လှတာပဲ။ ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။ ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။ သူများတွေ ပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။
“ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ” တဲ့။ ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်ကမျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိပ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိပ်ပြောတတ်တာပဲ။ တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ “ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား” ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။ စကားအလှတန်ဆာ မဆင်တတ်ဘူး။
“ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ” လို့ ပြောတော့ “ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိပ်စိတ်ချမ်းသာ တာပဲ” တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
“ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေး ရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။”
“ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်းချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်းပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ်
ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။”
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
“ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ် ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံယူလိုက်စမ်း....”
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ “မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ” ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
“ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်”
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး ကလက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
“မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ”
“ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်”
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲအလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
“မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့”
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိအောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
“ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူကခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော”
“တလုံး”
အမေရဲ့ “ဘာဟဲ့” ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
“ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ”
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက “ကျွတ်” ခနဲ စုတ်သပ်ပြီး “အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့” လို့ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး
“နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ”
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
“ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်”
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
“ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ”
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
“ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား”
“ရတယ်အမေ... ကျွန်မနင်းနိုင်တယ်” ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင်တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
“ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား”
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
“နင်..မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ”
“အမေ့အတွက် မြေနေရာသွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား...”
“နင်တယောက်ထည်းလား”
“ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစကမလိုက်ဘဲနေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ် ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ။ သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာ မှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
“အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ”
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာလာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက “ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး” လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
“ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ” သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
“နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ”
အ၀င်းဆီက “ဒေါ်သိန်းခင်” ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
“အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ”
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
“ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်”
“အေးပါ”
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
“အဲဒါပဲကွ” တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
“ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ”
“ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ”
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက် ကိုတယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ ကျွန်မတို့ကို
ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ် ခုန်လာတယ်။
အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူအဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ဆရာ”
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်း သူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိပ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။
နုနုရည် (အင်းဝ)။
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။

အခုတလော....


အခုတလော… အချစ်ဆုံးသူငယ်ချင်းကပြောတယ်…. "တော်တော်ပြောင်းလဲလာတယ်တဲ့…" ဇွတ်လုပ်တတ်တာတွေ၊ စိတ်မရှည်တတ်တာတွေမရှိတော့ဘဲ အားနာတတ်လာပြီတဲ့…။ သူပြောတာ မှန်လား မမှန်လားတော့ မသိ။ သူ့အပေါ်မှာတော့ မပြောင်းလဲဘဲ ဆိုးမိနေတုန်း။ သူနဲ့အတူ 'အာဒံရယ်၊ ဧ၀ရယ် ဒသရယ်' ဆိုတဲ့ ရုပ်ရှင်ကား သွားကြည့်ရအောင်လို့ ခေါ်ပေမဲ့ မလိုက်ချင်ဘူးလို့…ပြောပြီး တယောက်တည်းသွားလို့ရတဲ့ နီးနီးလေးမှာရှိတဲ့ ဆူးလေဘုရားကို လိုက်ပို့ခိုင်းခဲ့တယ်။ သူ့ကောင်းမှုကြောင့် ဆူးလေဘုရားကို ဒုတိယအကြိမ်ဖူးဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က စနေနေ့။
အခုတလော… အလုပ်ကော၊ နေတဲ့နေရာပါပြောင်းလိုက်လို့ အဆင်ပြေရဲ့လားလို့ ဖွားဖွားတို့ မေမေတို့က ခဏခဏဖုန်းဆက်ပြီး မေးတယ်။ "မနက်..မနက်.. အိပ်ယာစောစောထရတာကလွဲရင် အားလုံးအဆင်ပြေပါတယ်" ဆိုတဲ့ ကျနော့်အဖြေကို သဘောတကျ ရယ်နေကြတယ်။ အလုပ်ကအပြန် မိုးချုပ်နေရင် သွားတဲ့လမ်းတလျှောက် လမ်းမီးလင်းရဲ့လားလို့ တွေးတွေးတောတောနဲ့ စိတ်ပူပြီး မေးတတ်တဲ့ ဖွားဖွားကိုလည်း အဆင်ပြေအောင်ပြောမိသေးတယ်။
အခုတလော…မြင်ကွင်းတွေေ၀၀ါးနေတယ်။ ဒီဂရီထပ်တိုးရတော့မယ်ထင်ရဲ့။
အခုတလော…ဘတ်စ်ကားစီးရင်း ကိုယ်ချင်းမစာနာတတ်တဲ့ လူအများအပြားတွေ့တယ်။ ကျပ်ညှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ ကံကောင်းထောက်မစွာ ထိုင်ဖို့နေရာလေးရတဲ့နေ့။ ကားနောက်နားဆီက ဆူဆူညံညံကြားမိလို့ လှည့်ကြည့်လိုက်မိတော့ လူနှစ်ယောက်ရန်ဖြစ်နေကြတယ်။ အကြောင်းရင်းက ရန်ဖြစ်နေတဲ့သူနှစ်ယောက်ထဲက တယောက်က မိန်းကလေးတယောက်ကို ကားကျပ်နေတာကို အခွင့်ကောင်းယူပြီး မတော်မရော်ပြုမူနေလို့တဲ့။
ကားပေါ်မှ လူအားလုံးရဲ့ အကြည့်တွေက အဲဒီလူဆီကို စူးစူးဝါးဝါးကျရောက်နေချိန်မှာ ကားရပ်လိုက်တော့ ကားပေါ်က သူဆင်းသွားတယ်။ ကျနော် အဲဒီလူရဲ့ မျက်နှာကို သေချာမကြည့်လိုက်ပါဘူး။ အဲဒီလို စိတ်ဓာတ်သိမ်ဖျင်းသေးနုတ်တဲ့ လူတယောက်ရဲ့မျက်နှာကို ကျနော်မမြင်ချင်လို့ပါ။ ကားရှေ့ဘက်နားက အသံတသံထွက်လာတယ်။ 'နှမသားချင်း မစာမနာကွာ၊ သူ့မှာ အမေတွေ နှမတွေ မရှိတာကျနေတာပဲ' တဲ့။ အဲဒီအသံကလည်း ယောက်ျားတယောက်အသံပါပဲ။ အဲဒီစကားပြောလိုက်တဲ့သူကို ကျနော် ကျေးဇူးတင်နေမိတယ်။ ကျနော့်ကိုယ်စား၊ ဒါမှမဟုတ် ကားပေါ်မှာပါလာတဲ့သူတွေရဲ့ ကိုယ်စား ပြောပေးလိုက် စကားပါပဲ။ ကားပေါ်မှာပါလာတဲ့သူအားလုံးက အဲဒီစကားကို နှုတ်ကဖွင့်မပြောဖြစ်ကြပေမဲ့ ရင်ထဲမှာတော့ ကိုယ်စီပြောနေကြမယ့် စကားတခွန်းပါပဲလေ။
ဘတ်စ်ကားပေါ်ကို တိုးတိုးခွေ့ခွေ့နဲ့ ထမင်းချိုင့်ထည့်တဲ့ခြင်းကတဖက် ထီးကတဖက် ကိုင်ပြီးတတ်လာတဲ့ လူတွေကိုမြင်ပေမဲ့ ထိုင်ခုံမှာထိုင်နေတဲ့ လူတချို့ရဲ့ မသိကျိုးကျွန်ပြု ကူညီဖော်မရတဲ့ လုပ်ရပ်တွေ။ ကျနော်ကတော့ အဲဒီလိုလူတွေကို ကိုယ်ချင်းမစာတတ်လို့ပဲလို့ သတ်မှတ်မိပါတယ်။ မနက်ရုံးသွားချိန်ဆိုတော့ ထမင်းချိုင့်ကိုယ်စီနဲ့ ဘတ်စ်ကားလည်း ကျပ်တဲ့အချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ကားပေါ်မှာ နေရာရတဲ့သူက ကိုယ့်အနီးအနားက မတ်တပ်ရပ်နေတဲ့သူဆီက ထမင်းချိုင့်တို့… တခြားလက်ထဲဆွဲထားတဲ့ အိတ်အစရှိတာတွေကို တတ်နိုင်သလောက် ကူညီကြရတာပါပဲ။ ဒါပေမဲ့ တချို့တချို့တွေလည်း ကိုယ့်ရှေ့မှာ ဘယ်လိုပဲအမြင်မတော်မတော် နေစိမ့်ကြတဲ့ သူတွေလည်း တွေ့ဖူးပါရဲ့။ ဘတ်စ်ကားစီးချိန်ခဏလေးအတွင်းမှာ တဦးနဲ့တဦးတတ်နိုင်သလောက် ရိုင်းပင်းကူညီကြရင်း လိုရာခရီးကိုသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြရင်ဖြင့် နွေးထွေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဘယ်လောက်နေပျော်စရာကောင်းလိုက်မလဲ။ ခုတော့ အော်…သူ ကိုယ်ချင်းမစာတတ်သေးဘူးပဲ လို့ သတ်မှတ်လိုက်မိပါတော့တယ်။
အခုတလော…ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းတပုဒ်က ထူးအိမ်သင်ရဲ့ နှလုံးသားကျမ်းစာ။ ဒီသီချင်းလေးကို အရင်က အမှုမဲ့ အမှတ်မဲ့ နားထောင်ဖူးပေမဲ့ အခုတော့ သေသေချာချာကို နားထောင်ဖြစ်နေတယ်။ ကျနော့်ရဲ့ကိုကြီးက ကျနော့်ကို ဒီသီချင်းလေးကို နားထောင်ခိုင်းခဲ့တာကိုး။ အခုလည်း အဲဒီသီချင်းကို တိုးတိုးလေးဖွင့်ထားတုန်းပဲ။
အခုတလော…ကျနော်ပျော်နေမိတယ်။ အလုပ်မှာလည်း ပျော်တယ်။ အိမ်ပြန်ရောက်ရင်လည်း ပျော်တယ်။ ပြီးတော့ ချစ်တဲ့သူနဲ့တွေ့ရင်လည်း ပျော်တယ်။ ရလာတဲ့ ဘ၀တိုတိုလေးအတွင်းမှာ ပျော်စရာလေးတွေကိုပဲ တွေးနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာဘဲရလာတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ အပြစ်ကင်းတာပဲလို့တွေးရင်း…။ အဲဒီအချိန်လေးမှာ လောကကြီးက သာယာလှပလို့… နေပျော်စရာကောင်းလို့….ကြည်နူးစရာကောင်းလို့ပါလား။
 
 Image and video hosting by TinyPic

Saturday, July 9, 2011

ချစ်သူ့ရပ်ဝန်းလေးမှာ…


ချစ်သူ…တဲ့။ အခုတလော အဲဒီအသုံးအနှုန်းကို ခဏခဏကြားနေရတယ်။ ကြားရမှာပေါ့။ တကယ်တော့ သူက အဲဒီ ချစ်သူ့ရပ်ဝန်းလေးတခုထဲကို ရောက်ရှိနေခဲ့တာကိုး။ ဟုတ်ပါတယ်။ သူမရဲ့ ၀န်းကျင်သစ်တခုက လူတွေက "ချစ်သူ" ဆိုတဲ့ စကားလုံးကိုသာ သုံးပြီး လေးလေးနက်နက် ချစ်မြတ်နိုးတတ်တဲ့ သူတွေဖြစ်နေလို့ပါပဲ။ သူမရဲ့ သူငယ်ချင်းတချို့နဲ့ မိတ်ဆွေတချို့တလေက ကိုယ်တကယ်ချစ်နေသူကိုတောင် ချစ်သူလို့ မသုံးဘဲ "ရည်စား" လို့ သုံးနှုန်းကြတာချည်း တွေးဖူးနေကျရယ်ပါ။ သူမကတော့ ရည်စားဆိုတဲ့ အသုံးအနှုန်းနဲ့ ချစ်သူဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်လည်း မတူသလို တန်ဖိုးချင်းလည်း မတူဘူးလို့ သတ်မှတ်ထားတဲ့ လူတယောက်ပါ။
အဲဒီတော့ အရင်ကတည်းက ခင်မင်လာခဲ့ပြီး နောက်ပိုင်း မတွေ့တာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါမှာ သူတို့က ရည်စားရှိနေပြီလား….ဆိုတဲ့ မေးခွန်းမျိုး မပါမဖြစ်ပါအောင် မေးတတ်ကြတယ်။
"ဘယ်က ရည်စားလဲ…ရှာရှာပေါက်ပေါက် မရှိပါဘူးကွာ…"
"သွားစမ်းပါ…လာလိမ်မနေနဲ့ ဒီရုပ်လား မရှိတာ"
"သြော်….တကယ်ပါဆို…ငါ့မှာ ရည်စားထားဖို့ အချိန်မရှိပါဘူးဟာ…"
အဲဒီလို ခပ်ညည်းညည်းနဲ့ ပြောနေ၊ ငြင်းနေပေမဲ့လည်း ယုံဟန်နည်းနည်းမှမရသော သူငယ်ချင်းတွေလည်း ရှိရဲ့။
တချို့တွေကလည်း ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်လဲလို့… ခပ်နောက်နောက်ပြောတတ်ကြ ပြန်တယ်။ မတတ်နိုင်ဘူးပေါ့လေ။ ရည်းစားမရှိတဲ့သူတိုင်း မျောက်ဖြစ်တယ်လို့ သတ်မှတ်လည်း ဖြစ်တယ်ပေါ့။ တချို့ကျပြန်တော့လည်း ရည်စားမရှိပါဘူးလို့ပြောတဲ့ သူမကို သနားစရာ သတ္တ၀ါလေးတကောင်လို ကြည့်တတ်တဲ့ အကြည့်တွေကိုလည်း တွေ့ဖူးပါရဲ့။ ဒါကိုလည်း မတတ်နိုင်ပါဘူးလေ။ ကြည့်ကြပါစေပေါ့။ အကြောင်းသိတဲ့ သူငယ်ချင်းတချို့ကတော့ ပြောပါတယ်။
                   နင့်ကို ရည်စားထားတဲ့သူကလည်း စိတ်ရှည်နိုင်မှာ မဟုတ်ပါဘူး…တဲ့။
သူတို့ပြောသလိုပဲ ဟုတ်ပါတယ်။ စိတ်ရှည်နိုင်မှာ မဟုတ်ကြပါဘူး။  သူမက ရုံးပိတ်ရက် တရက်တလေမှာ တောင် အပြင်မထွက်ချင်ဘဲ အိမ်တွင်းမှာပဲ စာဖတ်နေချင်သူ။ ရုပ်ရှင်ကြည့်ရမှာ ပျင်းပြီး တခါတလေအပြင်ထွက်ဖြစ်ရင်တောင် စာအုပ်ဆိုင်တွေမှာပဲ အချိန်ဖြုန်းချင်သူ။ အဲဒီတော့ ထားမိတဲ့ ရည်စားရှိရင်တောင် သူတို့ကို အချိန်မပေးနိုင်တာနဲ့ ဘယ်ရည်စားက စိတ်ရှည်သည်းခံနိုင်မှာလဲ။
တခါတလေလည်း တွေးမိသား။ သူတို့ကျေနပ်လောက်မယ့် အဖြေမျိုးပေးနိုင်ဖို့ပဲဖြစ်ဖြစ် အပျင်းပြေပဲဖြစ်ဖြစ် ရည်စားလေးတယောက်လောက်တော့ ထားကြည့်လိုက်မယ်လို့်စဉ်းစားကြည့်လိုက်မိပေမဲ့ အဲဒီစဉ်းစားမှုက ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဒါပေမဲ့ သူမရဲ့ ရည်စားထားကြည့်မယ်ဆိုတဲ့အတွေး တွေးနေစဉ်ခဏ အဲဒီစည်းဝိုင်းထဲကို လူတယောက်ဝင်လာခဲ့တယ်။
စာအုပ်လေးတအုပ်ကို အစပြုပြီး သူ့အပေါ် သူငယ်ချင်းလိုကော အစ်ကိုတယောက်လိုပါ ခင်မင်ခဲ့တယ်။  သူမ စာအုပ်ဆိုင်တွေသွားတဲ့အခါ သူက စိတ်ရှည်လက်ရှည်လိုက်ပေးတတ်တယ်။ ပြီးရင် သူမ ၀င်တဲ့ စာအုပ်ဆိုင်ထဲ ခဏလိုက်ဝင်ပြီး စာအုပ်တွေတအုပ်ပြီးတအုပ်ကြည့်ပြီး အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်နေသော သူမကို စာအုပ်ဆိုင် အပြင်ကနေသွားပြီး စောင့်နေတတ်ပြန်တယ်။ ပြီးရင် သူမဆွဲလာတဲ့ စာအုပ်ထုပ်ကို အတင်းယူဆွဲပေးရင်း ၀ယ်လာတဲ့ စာအုပ်တွေကို စိတ်မပါတပါ့ ၀တ်ကျေတန်းကျေကြည့်မယ်။ ပြီးရင် အိမ်အထိလိုက်ပို့မယ်လို့ အတင်းပူဆာမယ်။ မလိုက်ရဘူး…ကားဂိတ်ကနေပဲ ပြန်ပါလို့…ပြောရင် မျက်နှာပျက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး ကားဂိတ်ထိ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာမယ်။ အဲဒါတွေက သူလုပ်နေကျ မရိုးနိုင်တဲ့ ပုံစံတွေရယ်ပါ။
နောက်ပိုင်းတော့ သူက ချစ်တယ်လို့ပြောလာတော့ စတိုင်သိပ်ကျတဲ့သူက မိန်းကလေးလည်း မပီသ ဆွဲဆောင်မှုလည်း မရှိတဲ့ သူမကိုမှ ချစ်မိတယ်ဆိုတော့ အနည်းငယ်တော့အံ့သြမိတယ်။ သူမရဲ့ မြင့်လှပြီထင်နေတဲ့ အရပ်ကလည်း သူနဲ့မှ သိပ်ကိုပုသွားခဲ့တယ်။ သူနဲ့ ယှဉ်ပြီးလမ်းလျှောက်ရင် သူမက သူ့ကို မော့မော့ပြီးစကား ပြောရတယ်။ သူမရဲ့ သင်တန်းဆင်းချိန်တိုင်း မှန်မှန်လာကြိုတတ်တယ်။ မလာပါနဲ့လို့ ပြောလည်း မရ။ တရက်တော့ မိုးတွေသည်းသည်းမဲမဲရွာနေချိန်မှာ သူ့မှာထီးပါမလာခဲ့။ အဲဒီနေ့က သူမရဲ့ထီးကိုဖွင့်ပြီး သူ့ရဲ့ရှည်လျားတဲ့အရပ်ကြီးကို မမီမကမ်းနဲ့ ထီးဆောင်းပေးခဲ့တယ်။ သူက ကို့ကိုပေးလို့…ပြောပေမဲ့ သူမ မပေးဖြစ်ခဲ့။ လမ်းတလျှောက်မှာ လူတွေကွက်ကြည့် ကွက်ကြည့်လုပ်ပြီး ပြုံးစိစိ လုပ်သွားကြတာတွေ့ပေမဲ့ မသိချင်ယောင်ဆောင်နေမိခဲ့တယ်။ သူကတော့ သူမထီးဆောင်းပေးတာကို ရှက်နေပုံပါပဲ။ သူ့နေရာ တခြားတယောက်ဆိုရင်လည်း မိုးတွေအရမ်းရွာနေတဲ့အချိန် ထီးမပါလာခဲ့ရင် မိုးမစိုချင်တဲ့ ဆန္ဒရှိနေခဲ့ရင် သူမ ကူညီမိမှာပါပဲလေ။
                   "အစ်ကို…မဆောင်းချင် မဆောင်းနဲ့လေ…."
                   "ကို မိုးတွေစိုကုန်မှာပေါ့….ပေးပါ လူမြင်လို့မကောင်းဘူး…ကို ကိုင်ခဲ့မယ်.."
"ကို့အရပ်ကိုလည်း လွတ်အောင် မဆောင်းပေးဘဲနဲ့.."
သူအဲဒီလိုပြောလိုက်တော့ လက်ကိုဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး သူ့ခေါင်းနဲ့လွတ်အောင် ဆောင်းပေးမိတယ်။ သူ့ထံမှ သူမကို သိပ်ခေါင်းမာတာပဲလို့ မှတ်ချက်ချသံ ကြားလိုက်ရတယ်။ သူမကတော့ သူ မမြင်အောင် ညစ်ကျယ်ကျယ်အပြုံးမျိုး ပြုံးလိုက်မိတယ်ထင်ပါတယ်။ သူက သူ့ကိုသူ "ကို" လို့ပြောတတ်ပေမဲ့ သူမကတော့ သူနဲ့စသိကတည်းက အစ်ကိုလို့ပဲခေါ်ဖြစ်ခဲ့တယ်။
သူ့ကို ရည်စားတယောက်အဖြစ်တော့ စိတ်ကူးကြည့်မိတယ်။ နောက်ပိုင်း သူမအပေါ် ထားတဲ့ သူ့ရဲ့လေးနက်တဲ့စကားသံတွေ၊ သူ့ရဲ့ခံစားချက်တွေက သူမအပေါ် ၀န်လေးစေခဲ့တယ်။ သူ့အပေါ် လိမ်ညာလို့မဖြစ်ဘူးဆိုတာရယ်… သူလိုချင်တဲ့ အချစ်ဆိုတာကိုလည်း ပေးဖို့ သူမမှာ မရှိဘူးတော့ဆိုတာရယ်…ဒါတွေကို သူသိအောင် ပြောပြလိုက်မိတယ်။ ပြီးတော့ အခုလိုပဲ သူငယ်ချင်းတွေလိုမျိုး အစ်ကိုတယောက်လိုမျိုးပဲ သဘောထားနိုင်မယ်ဆိုတာရယ်ပါ အသိပေးမိတယ်။ သူမပြောသမျှစကားတွေကြောင့် ခေါင်းငိုက်စိုက်ကျပြီး ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေဝဲနေတဲ့ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။ သူ့ရဲ့ စိတ်ကို အကြာကြီးမျှော်လင့်ချက်လည်း မပေးချင်ခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချစ်ရသူတယောက်ရဲ့ ခံစားချက်ကို နားလည်နေမိလို့ပါပဲ။ အချစ်ခံရသူနဲ့ ချစ်ရသူ။ အဲဒီနှစ်ခုက ခြားနားမှုတွေ အများကြီးရှိနေလေရဲ့….။
လူတယောက်ကို မချစ်ဘဲနဲ့ သူ့အပေါ် အကြာကြီးလှည့်စားဖို့ သူမမှာ အင်အားမရှိခဲ့ဘူး။ သူမအပေါ် ဂရုစိုက်လေ၊ ကြင်နာတတ်လေ သူမ မလုံမလဲ ခံစားရမစမြဲပါပဲ။ သူ့ကို ဘေးမှာထားပြီး တခြားတယောက်(အဲဒီတခြားတယောက်က နောက်ပိုင်းမှာ သူမရဲ့ ချစ်သူဖြစ်လာမယ့်သူ)အပေါ်ကို စိတ်ရောက်နေတတ်တဲ့အတွက် သူမအပြစ်ရှိသလို ခံစားခဲ့ရတယ်။ အဲဒီလိုအတွေးတွေ ခံယူချက်တွေကြောင့်ပဲ ရည်စားဆိုတာ ခုချိန်ထိ မရှိခဲ့….မရှိဆဲ….မရှိတော့မှာပါပဲ။ သူမကို ချစ်သူရှိလားလို့ မေးခဲ့ရင်တော့ မလိမ်ညာချင်ခဲ့ပါဘူး။ လိမ်ညာလို့မရအောင်ကို သူမမျက်နှာမှာ ပေါ်နေမှာတာကိုး။

ဟော အခုတော့ သူမ ရောက်နေတဲ့ နေရာလေးက ချစ်သူဆိုတဲ့အသုံးလေးနဲ့…လှပလို့…နွေးထွေးလို့… ကြားရသူအပေါင်းကိုလည်း ကြည်နူးပိတိဖြစ်စရာ။
"အမရဲ့ချစ်သူကလေ….။"                           
"ဒီနေ့ ကျနော့်ချစ်သူနဲ့ တွေ့ဖို့ပြောထားလို့…ပြန်နှင့်ပြီ….။"
"ချစ်သူလေးက ခုချိန်ထိ ဖုန်းလည်း မဆက်ဘူး….။"
          "ဒီနေ့ နောက်ကျမှာမို့လို့ ချစ်သူကို လာကြိုဖို့ပြောထားတယ်…။"
အဲဒီလို အသံလေးတွေ နေ့တိုင်း ကြားနေရတယ်။ အဲဒီ ချစ်သူတွေနေတဲ့ ရပ်ဝန်းလေး၊ နွေးထွေတဲ့ ရပ်ဝန်းလေးကို ရောက်လာတဲ့ သူမကို အားလုံးက စိတ်ဝင်တစားနဲ့ "ချစ်သူရှိလား…" လို့ မေးတဲ့လူတွေ မေးတဲ့နေရာတွေ မတူပေမဲ့ မေးခွန်းက တခုတည်းပဲ မေးကြတယ်။
တနေ့ ပြပွဲတခုကအပြန် သူမရဲ့ ကင်မရာလေးနဲ့ရိုက်လာတဲ့ ဓာတ်ပုံတွေကို ကွန်ပျူတာထဲထည့် ကြည့်နေတဲ့သူမကို အမတယောက်က နောက်ကနေလာကြည့်ရင်း ကင်မရာအကြောင်းကိုပြောပါတော့တယ်။
"ညီမလေးရဲ့ ကင်မရာက ရုပ်ထွက်ကောင်းတယ်နော်…ကြည်နေတာပဲ…"
"အမလည်း ကြိုက်လိုက်တာ…ဘယ်လောက်ပေးရလဲဟင်…"
"မသိဘူး အမရဲ့…လက်ဆောင်ပေးတာ"
အဲဒီမှာ ဇာတ်လမ်း စတော့တာပါပဲ။
          "ချစ်သူပေးထားတာလား….." လို့ရယ်ကျဲကျဲနဲ့မေးတယ်။
လူကြီးရှက်တော့ ရှယ်တယ်တဲ့… စကားပုံရှိတယ် မဟုတ်လား။ အဲဒီတုန်းက သူမ အကျယ်ကြီးရယ်ခဲ့မိတယ်။
          "ချစ်သူ ပေးတာ မဟုတ်ပါဘူး အမရယ်…." လို့ပြောရင်း သူမ ရှယ်ရယ်ရယ်နေခဲ့တယ်။
နောက်တကြိမ်အမေးခံရတာတော့ ထမင်းစားပြီး ကော်ဖီသောက်ချင်တာနဲ့ ကော်ဖီထုပ် သွားထုတ်တဲ့ စတိုခန်းထဲမှာပါ။ အဲဒီက အမတွေကို နှုတ်ဆက်ရင်း စကားစမြည်ပြောရင်းနဲ့။
          "အမ နေ့လည်စာစားပြီးပြီလား…"                                                         
          "ဒီနေ့ အပြင်သွားရလို့လေ… ချစ်သူနဲ့ အပြင်မှာစားခဲ့တယ်…"
          "ညီမလေးကော ချစ်သူရှိလား…"                             
အဲဒီမေးခွန်းမေးတော့ စတိုခန်းထဲက အမတယောက်နဲ့ ညီမတယောက်ရှေ့မှာ သူမ ပြေးပေါက်မှားတော့တာပါပဲ။ ကော်ဖီထုတ်ပြီး သူမနာမည်နဲ့ နေ့စွဲအောက်မှာ အမှန်ခြစ်လေးခြစ်ပေးဖို့ကို ဘောလ်ပင်ကိုင်ထားတဲ့လက်က အယောင်ယောင်အမှားမှားနဲ့။
          "'ဒီနေ့ ဘယ်နှစ်ရက်လဲ အမ…"
          "ကြည်…ဒီကောင်မလေးတော့ စကားတွေလွှဲကုန်ပြီ…"
          "……….."
          "…………..."
သူမမှာ ချစ်သူရှိပါတယ်လို့ ဖြေလိုက်တဲ့အချိန်တိုင်းမှာ ရှက်ရွံ့ကြည်နူးစွာနဲ့ ပျော်ရွှင်ကြည်နူးစိတ်လေး ၀င်လာတတ်တာကို သူမ မငြင်းနိုင်ပါ။ ချစ်တဲ့သူတွေကို အလေးအနက်တန်ဖိုးထားတတ်တဲ့ ချစ်သူ့ရပ်ဝန်းလေးကို ရောက်မှာပဲ သူမမှာ ချစ်သူရှိတယ်ဆို ပထမဆုံးအကြိမ် ၀န်ခံခဲ့ရဖူးပြီ။ သူမရဲ့ရင်ထဲမှာ နေရာတွေအများကြီးယူထားတဲ့ ချစ်သူကို သူမရဲ့ချစ်သူပါလို့ ချစ်သူ့ရပ်ဝန်းလေးကို အသိပေးခဲ့ပြီးပါပြီ။ ဒါကို ချစ်သူသိအောင် ပြောပြရပါဦးမယ်။ 
 
Image and video hosting by TinyPic