Tuesday, October 9, 2012

လူဆိုးမလေးရဲ့ ဖွင့်ဟ၀န်ခံချက်



တစ်ခါတလေ အကြောင်းမရှိအကြောင်းရှာ ရစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကျင့်ဆိုး ကြီးကို ညည်းညည်းညူညူ သည်းခံတတ်တဲ့ သူတစ်ယောက်ကို အဲဒီကောင်မလေးက အရမ်းသံယောဇဉ် တွယ်မိတယ်တဲ့။ သူက ကောင်မလေးဆိုးသမျှကို မညည်းမညူတော့ မဟုတ်ပြန်ဘူး။ ကောင်မလေးက သူ့ကို သိပ်ချစ်တဲ့သူကို စိတ်မကောက်ဖို့တော့ ကြိုးစားပြီးနေကြည့်လည်း မရဘူးတဲ့။ သူ့ရဲ့ ဂရုစိုက်မှုတွေ၊ သူ့ရဲ့ ကြင်နာမှုတွေကို အဲဒီစိတ်ကောက်ခြင်းတွေကလည်း တစ်ခါတရံ ယူလာပေးတတ်လို့ သူစိတ်ကောက် တာပါတဲ့။ ကောင်မလေးရဲ့ စိတ်ကောက်တတ်တာတွေကို သူစိတ်ပျက်တယ်လို့ တစ်ခါတရံ သတိပေးတတ် ပါတယ်။
အဲဒီလိုအခါမျိုးမှာတော့ ကောင်မလေးက အလွန်အမင်း ထိတ်လန့်သွားတတ်ပြီး စိတ်မကာက် တော့ဘူးလို့လည်း သူစိတ်မပျက်အောင် ပြောတတ်ပါတယ်။ ဒါပေမဲ့လည်း စိတ်ကောက်ခြင်းနဲ့ သူမနဲ့က အတူယှဉ်တွဲနေပါတယ်။ ကလေးလေးတစ်ယောက်လို ဆိုးနွဲ့တတ်တဲ့ အဲဒီကောင်မလေးကို သူ တစ်ခါတလေ စိတ်ကုန်တယ်တဲ့။ အဲလို သူပြောတဲ့အခါမျိုးမှာ အဲဒီကောင်မလေးက တခြားသူတွေနဲ့ဆို ရင့်ကျက်တဲ့ စိတ်ရှိပြီး သူနဲ့ကျမှ ကလေးလိုနေမိတာပါလို့ ပြန်ပြောတော့ သူက လူကြီးလို နေပြပါဦးခင်ဗျာ လို့… ပြန်ပြောတာကို ကောင်မလေးက မနေပြပါဘူးလို့ ချက်ခြင်းပဲ ခပ်စွာစွာပြန်ပြောတတ်ပါတယ်။
တကယ်တော့ ကောင်မလေးက သူဆိုးတာကို သူကိုယ်တိုင်လည်း သိနေတယ်။ သူ့ကို ချစ်တဲ့သူရဲ့ အချိန်ရှားပါးတာကိုလည်း နားလည်တယ်။ ဒါပေမဲ့ အဲဒီအချိန်တွေထဲမှာ နစ်မြုပ်ပြီး သူမကို မေ့နေမှာ သိပ်စိုးရိမ်နေတဲ့ ကောင်မလေးကို သူက အဲဒီအချိန်တွေကြားထဲ မှာ ကောင်မလေးလည်းရှိတယ်လို့ပြောတော့ ကောင်မလေး ပျော်ရွှင်ခဲ့တယ်။ တစ်ခါတလေ တကယ်နော်..တကယ်လား… ဆိုတဲ့ ပြန်မေးတတ်တဲ့ အကျင့်ကို သူနားလည်နိုင်မယ်လို့ ကောင်မလေး ယုံကြည်နေတယ်။ တစ်ခါအညာခံရဖူးတဲ့သူက နောက်တစ်ခါ အညာခံရမှာကြောက်တယ်ဆိုတာ သူနားလည်မယ်လို့ ကောင်မလေးယုံကြည်ခဲ့တယ်။
တစ်ခါတလေ စကားလုံးတွေထက် တစ်ဦးနဲ့တစ်ဦးနားလည်နေဖို့သာ အဓိကကျတယ် ဆိုတာကို ကောင်မလေးက သိရက်နဲ့ လက်မခံချင်ဘူး။ သူမကို အမြဲခွင့်လွှတ်သည်းခံပေးတတ်တဲ့ သူ့ကို အနိုင်ကျင့် စိတ်ကောက်ရင်း ဆိုးလာလိုက်တာ အခုချိန်ထိ သူမ အသိတရားမရသေးပါဘူး။ ဒါပေမဲ့ သူမနှလုံးသားကတော့ နွယ်ပင်အထပ်ထပ်နဲ့ရစ်ပတ်ထားတဲ့ သံယောဇဉ်တွေက ဖယ်ခွာလို့ မရနိုင်လောက်အောင် တုပ်နှောင်ခံထား ရပြီဆိုတာ ကောင်မလေး လက်ခံလိုက်ရပါတယ်။ တကယ် တမ်းတော့ ပိုချစ်ရတဲ့သူက ကောင်မလေးပဲ ဖြစ်မှာပါ။



 Image and video hosting by TinyPic

Friday, August 17, 2012

အလုပ်တကယ်ခေါ်တာ သေချာသလား

အခွင့်အလမ်းဂျာနယ်ရဲ့ ခံစားမှုရင်ဖွင့်သံကဏ္ဍကို ဖတ်ရတော့ အလွန်ကို စိတ်ဝင်စားမိပါတယ်။ အခုလို ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့ ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးတဲ့ အခွင့်အလမ်းဂျာနယ်ရဲ့ စိတ်ကူးကိုလည်း သဘောကျမိပါတယ်။ ယခင်တစ်ပတ်က ခံစားမှုရင်ဖွင့်သံကဏ္ဍမှာပါတဲ့ အလုပ်လျှောက်သူတစ်ဦးရဲ့ ခံစားချက်ရင်ဖွင့်စာကို ဖတ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြ ချင်လာပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဂျာနယ်တစ်ခုက မဂ္ဂဇင်း တစ်စောင်မှ Graphic Design အတွက် ဝန်ထမ်းခေါ်တာတွေ့တော့ သွားလျှောက်မိပါတယ်။ ဟိုရောက်တော့ Reception မှာရှိတဲ့ ဝန်ထမ်း ကပဲ CV Form နှစ်စုံရယ် ဓာတ်ပုံ(၃)ပုံရယ်တောင်းပြီးတော့ အကြောင်း ပြန်မယ်လို့ ပြောပါတယ်။ ကျွန်တော်မျှော်လင့်တာက Design တစ်ခုခုကို လုပ်ခိုင်းပြီး အရည်အချင်းကို လက်တွေ့စစ်ဆေးမယ်လို့ ထင်ခဲ့တာပါ။ ပြီးတော့မှ အရည်အချင်းပေါ်မူတည်ပြီး ခန့်မယ်၊ မခန့်ဘူး ဆုံးဖြတ် မယ်လို့ထင်ခဲ့တာလေ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီလို မဟုတ်ခဲ့ ဘူး။ အလုပ်နဲ့ပတ်သက်ပြီး ဘာမှလည်း မေးမြန်းခြင်းမပြုဘဲ အကြောင်း ပြန်မယ်လို့ပဲ ပြောလိုက်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို သဘောမကျ လို့ အလုပ်မခန့်တာဆိုရင်လည်း စိတ်ထဲမှာခံသာဦးမှာပါ။ ခုတော့ ဘာမှလည်း အရည်အချင်းစမ်းသပ်မှုမလုပ်ဘဲ အလုပ်လျှောက်လွှာ လက်ခံထားပြီး ဝတ်ကျေတမ်းကျေသဘောမျိုးနဲ့ အကြောင်းပြန်မယ်လို့ပဲ ပြောတယ်။
အဲဒီက အပြန်မှာတော့ သူတို့ပြောတဲ့ အကြောင်းပြန်မယ်ဆိုတာ ကိုလည်း ကျွန်တော်မမျှော်လင့်ထားတော့ပါဘူး။ တကယ်လည်း တစ်ပတ် လည်း အကြောင်းမပြန်၊ နှစ်ပတ်လည်း အကြောင်းမပြန်ခဲ့ပါဘူး။   နောက်ပိုင်းမှာလည်း သူတို့ဆီက အလုပ်ခေါ်ကြော်ငြာတွေ ခဏခဏ တွေ့နေမိပေမဲ့ သွားမလျှောက်ဖြစ်တော့ပါဘူး။
နောက်တစ်ခုကတော့ ပထမအလုပ်လျှောက်တာနဲ့ ပုံစံချင်းမတူ ပါဘူး။ ပုံစံချင်းမတူဘူးလို့ ပြောရတာကတော့ ပထမအလုပ်က CV From နှစ်စုံရယ် ဓာတ်ပုံ (၃)ပုံရယ်တောင်းပေမဲ့ ဒုတိယလျှောက်တဲ့ အလုပ်ကတော့ ကုမ္ပဏီတစ်ခုပါ။ ကုမ္ပဏီကိုရောက်တော့ Reception မှာပဲ သူတို့ဆီက လျှောက်လွှာနဲ့ ကိုယ်ရေး အချက်အလက်အသေးစိတ်ကို ဖြည့်ရမယ်ပြောပါတယ်။ နောက်ပြီး လျှောက်လွှာဖိုးအတွက်က (၃၀ဝ၀) ကျပ်ကျတယ်လို့ ပြောပါတယ်။ ကျွန်တော် အလွန်ပဲ အံ့အားသင့်မိပါတယ်။ သူတို့ဆီမှာ အလုပ်ရမယ်၊ မရဘူး မသေချာသေးဘူး။ အရင်ဆုံး ရင်းနှီး ရတာက လျှောက်လွှာဖိုးနဲ့ ဓာတ်ပုံဖိုးတင်မကဘဲ သူတို့ပေးတဲ့ လျှောက်လွှာအတွက်က သပ်သပ်သုံးထောင်ထပ်ပေးရမလိုဖြစ်နေပါတယ်။
သူတို့ဆီက Graphic Designer ခေါ်တာဆိုတော့ ဘယ်လို ဒီဇိုင်း မျိုးတွေ လုပ်ရလဲလို့ အလုပ်လျှောက်လွှာလက်ခံတဲ့ မိန်းကလေးနှစ်ဦးကို မေးကြည့်လိုက်ပါတယ်။ သူတို့နှစ်ဦးစလုံးက အဲဒီအတွက် ရေရေရာရာ ပြန်ပြီး ဖြေတာမျိုးမရှိပါဘူး။ သူတို့ဆီမှာ လျှောက်လွှာတင်သွားဖို့ကိုသာ အထူးအာရုံစိုက်နေကြတယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတယ်။ သူတို့ ဆီကခေါ်တဲ့ ဝန်ထမ်းအရေအတွက်က ကြော်ငြာမှာပါသလောက်ဆိုရင် ရာထူးအမျိုးမျိုးအတွက် နေရာ ၆၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာ ၆၀ ကျော်အတွက် လာလျှောက်တဲ့ဦးရေလည်း နည်းမှာမဟုတ်ဘူးဆိုတာ ယူဆလို့ရပါတယ်။ အဲဒီလိုလာလျှောက်တဲ့သူတွေဆီက လျှောက်လွှာဖိုး သုံးထောင်စီကောက်ရင် ဆယ်ဦးလာလျှောက်ရင်ပဲ သူတို့အတွက် သုံးသောင်းဖြစ်နေပြီ။ အယောက်တစ်ရာဆို သူတို့အတွက် ငွေသုံးသိန်း အလကားသက်သက်ရနေပြီ။ လျှောက်လွှာဖိုးအတွက် ကောက်တယ်ပဲ ထား။ သူတို့လျှောက်လွှာက အေဖိုးနှစ်ရွက်ပဲရှိတာဆိုတော့ အလွန်ဆုံး ငါးရာလောက်တောင်းရင်တောင် နည်းနည်းသဘာဝကျဦးမယ်။ ခုတော့ သူတို့လုပ်ပုံက အလုပ်မရှိလို့ အလုပ်လိုက်ရှာနေတဲ့သူတွေဆီကနေပြန်ပြီး စီးပွားရှာနေသလိုဖြစ်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်ခင်ဗျ။ အဲဒီအလုပ်ကို ကျွန်တော်မလျှောက်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှု မရှိလို့ပဲ။
တချို့အလုပ်ကြော်ငြာတွေဆို ဂျာနယ်တွေမှာ မကြာမကြာတွေ့နေရပါတယ်။ အဲဒီရဲ့ အကြောင်းရင်းခံကို ကျွန်တော်ကိုယ့်တွေ့နဲ့ ယှဉ်ပြီး စဉ်းစားမိသလောက်တော့ အဲဒီကုမ္ပဏီတွေအပေါ် တဖြည်းဖြည်းနဲ့ အလုပ်လျှောက်သူတွေဘက်က ယုံကြည်မှုလျော့နည်းလာတယ်လို့ မြင်မိပါတယ်။ ဒီကုမ္ပဏီကို သွားလျှောက်လည်း လျှောက်လွှာဖိုးပဲကုန်မှာ ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့ အလုပ်လျှောက်သူတွေဘက်က သံသယတွေရှိလာမှာပါ။ အဲဒီလိုမြင်မိတဲ့ အဓိကအချက်ကတော့ ကျွန်တော် အပေါ်မှာ ကြုံတွေ့ခဲ့ရသလိုအဖြစ်အပျက်မျိုး ဒါမှမဟုတ် အလားတူ အဖြစ်အပျက်မျိုးတွေကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါတယ်။
ကျွန်တော့်လို အဖြစ်မျိုး ကြုံတွေ့ရတဲ့သူတွေ နည်းမှာမဟုတ်ပါဘူး။ အဲဒီလိုအဖြစ်မျိုးတွေ ယခုချိန်ထိ ဖြစ်နေဆဲ...ဖြစ်နေမြဲပဲဆိုတာ ဒီကဏ္ဍကနေတစ်ဆင့် ပြောလိုက်ပါရစေခင်ဗျာ။
3K
အခွင့်အလမ်းဂျာနယ် - အမှတ် (၃၅၁)၊ သြဂုတ် ၁၄၊ ၂၀၁၂ (ခံစားမှု ရင်ဖွင့်သံ ကဏ္ဍမှ…)

Friday, August 3, 2012

အရောင်ဖျော့သွားတဲ့ အဖြူရောင်


အဖြူရောင်လေးကို ဆေးလည်း မဆိုးနဲ့…. အရောင်ပြန်လွင့်အောင်လည်း မင်းမလုပ်နဲ့…. အဖြူရောင်လေးရဲ့ အတိုင်းပဲ ထားကွယ် သူငယ်ချင်းရယ်… ဆုန်သင်းပါရ်ရဲ့ ရိုးသားချင်တယ်ဆိုတဲ့ သီချင်းလေးကို နားထောင်ရင်း ခုတလော… ဖြူစင်တဲ့ သံယောဇဉ်တွကို အရောင်တင်ချင်နေတဲ့ နင့်ကို သတိရလိုက်မိတယ်။
နင်နဲ့ ငါက ဟိုးငယ်ငယ်လေးကတည်းက သိခဲ့ကြတာတယ်။ ဒါပေမဲ့ ရင်းရင်းနှီးနှီးရှိခဲ့တာကတော့ ဆယ်တန်းနှစ်မှလေ။ ဆယ်တန်းနှစ်မှာ ငါတို့နှစ်ယောက် ကျူရှင်တစ်ခုတည်းမှာ တက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ နင် သဘောကျတဲ့ ကောင်မလေးက ရွာမှာကျန်ခဲ့လို့ သူ့ဆီကို စာရေးချင်တယ်တဲ့။ ငါက လက်ရေး နည်းနည်းလှတော့ ငါ့ကိုရေးပေးဖို့ ပြောခဲ့တယ်။ အဲဒီတုန်းက ငါကိုယ်တိုင်က အဲလိုကိစ္စမျိုးတွေ စိတ်မ၀င်စားခဲ့ပေမဲ့ နင့်ကောင်မလေးကို ပေးဖို့ စာရေးပေးခဲ့တယ်။ အဲဒီတုန်းက နင်ပြောတဲ့ စကားလုံးတွေက ထောက်နေလို့ စာချောအောင် ၀ိုင်းပြီးစဉ်းစားပေးခဲ့ဖူးတယ်။
ပြီးတော့ ခေါင်းချင်းဆိုင်ပြီး စာတွေအတူကျက်ခဲ့ကြတယ်။ အတူငြင်းခုံခဲ့ကြတယ်။ နင် ခဏခဏ စ လို့ စိတ်ဆိုးပြီး နှစ်ရက်သုံးရက်လောက် မခေါ်ဘဲလည်း နေခဲ့ဘူးတယ်။ ဆယ်တန်းစာမေးပွဲကြီးပြီးတော့ ငါတို့တွေ သိပ်မတွေ့ဖြစ်တော့ ဘူးနော်။
နောက်တော့ ငါတို့လမ်းထဲကို နင်တို့မိသားစုပြောင်းလာခဲ့တယ်။ အစကတော့ ငါလည်း နင်တို့ ပြောင်းလာမှန်း မသိခဲ့ဘူး။ ငါက အိမ်ကိုလည်း တစ်ခါတလေမှ ပြန်ဖြစ်တာကိုး။
မတွေ့ဖြစ်တာ သုံးနှစ်လောက်အတွင်းမှာ ငါ့ကို လှလာတယ်လို့ နင်ပြောတော့ ငါဖြင့် ရယ်ချင်လိုက်တာ။ နင်သာ မသိတာပါ…ငါက အရင်ကတည်းက လှတာပဲလေ…လို့ပြောင်စပ်စပ်နဲ့ ငါ ပြန်ပြောခဲ့တယ်။ နင်က ငါတကယ်ပြောတာဟ… နင့်ကို စတွေ့တုန်းက မှတ်တောင် မမှတ်မိဘူး..။ ဘယ်က ကောင်မလေးလဲလို့ ငါငေး ကြည့်နေတာ…တဲ့။ အရင်လို ဆံပင်တိုကပ်ကပ်လေးနဲ့ ယောက်ျားလေးပုံစံမဟုတ်တော့တဲ့အတွက် နင် အမြင်မှာ တစ်မျိုးဖြစ်နေမှာပေါ့။
နင် ပထမဆုံး ချစ်ခဲ့တဲ့ ကောင်မလေးက နင့်ကို ချန်ထားရစ်ခဲ့တော့ အသည်းတွေကွဲပြီး ကျန်ခဲ့တဲ့ နင့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ အခု နင်နဲ့ပြန်တွေ့ဖြစ်တော့ အဲဒီအကြောင်း စကားပြန်စကြည့်မိတယ်။ `ဟေ့ရောင်… ဘယ်လိုလဲ… ဒဏ်ရာတွေ သက်သာသွားပြီလား´
`အေးဆေးဖြစ်သွားပါပြီဟာ´
`မအေးဆေးလို့လည်း ဖြစ်မလား… ဟိုက သားလေးလား သမီးလေးလားတောင် မသိဘူး… ရနေပြီကို´ လို့ ငါပြောတော့ နင်က ရယ်နေတယ်။
ငါ့စိတ်ထဲကတော့ တော်သေးတာပေါ့ အခြေအနေက ဒီလောက် မဆိုးတော့ဘူးလို့ နင့်အတွက် စိတ်ချမ်းသာရတယ်။ အချိန်က ကုစားသွားမယ်ဆိုတဲ့ စကားက သိပ်မှန်တာပဲနော်။
ပြီးတော့ နင်က ပြောသေးတယ်နော်…. `ငါ ပေးခဲ့တဲ့အချစ်က နည်းလို့ထင်ပါတယ်ဟာ… သူတခြားတစ်ယောက် ကို ရွေးသွားတာ… နောက်တစ်ခါ ငါချစ်တဲ့သူကိုတွေ့ရင် သူ့ကို ငါ့အချစ်တွေ အများကြီး ပေးမယ်´ လို့ နင်ပြောတော့ နင့်စကားကို သဘောကျလို့ ငါရယ်နေခဲ့တာပဲ။ နင်ပဲ ပေါက်ပေါက်ရှာရှာတွေးတတ်တယ်။
သူငယ်ချင်းတွေအပေါ် အနိုင်ကျင့် ဆိုးလို့ရတိုင်း ဆိုးတတ်တဲ့ ငါ့အပေါ်ကိုလည်း သည်းခံပြီး နင်စိတ်ချမ်းသာရင် ပြီးတာပဲလေလို့ နင်ပြောတတ်တယ်။ ငါ့မှာ ကံကောင်းတာ တစ်ခုတော့ရှိတယ် သိလား။ ငါ့သူငယ်ချင်းတွေ အားလုံးက ငါ့အပေါ် အလိုလိုက်ပြီး ငါဆိုးသမျှဒဏ်ကို မညည်းမညူခံကြရှာတယ်။ အဲဒီအထဲမှာ နင်လည်း အပါအ၀င်ပေါ့။ တစ်ခါတခါ စိတ်တိုင်းမကျတာရှိရင် စိတ်ကလည်း ကောက်သေးတယ်နော်။
အခုဆိုရင် နင်လည်း င့ါအနားမှာ မရှိတော့ဘူး။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်သွားလုပ် တာ လေးနှစ်ကြာမယ်တဲ့။ တော်သေးတာပေါ့။ ငါတို့တွေ အွန်လိုင်းကနေ အဆက်အသွယ်ရနေသေးလို့။ အွန်လိုင်းမှာ နင်တက်လာတဲ့အချိန် ငါ့ကို မတွေ့ရင် ဖုန်းဆက်တတ်လို့ နင်ဖုန်းဆက်ရင် စကားကို ခပ်မြန်မြန်ပြောရတယ်။ နင်ပိုက်ဆံကုန်မှာ စိုးလို့လေ။ ငါတို့မြန်မာနိုင်ငံက ဖုန်းခေါ်ရတာ တခြားနိုင်ငံတွေထက် ပိုက်ဆံပိုကုန်တယ် မဟုတ်လား။
နင်က အရင်အကျင့်တွေ လုံးဝမပျောက်သေးဘူးနော်။ ငါ့ကိုတွေ့တာနဲ့ စနောက်ပြီး တဟားဟားနဲ့ ရယ်နေတော့တာပဲ။ အဲဒီ စနောက်နေတဲ့ စကားတွေထဲမှာ အတည်ပြောတာဆိုတဲ့ စကားတစ်ခွန်းကို ငါ မသိချင်ယောင် ပဲ ဆောင်လိုက်မိတယ်။ တော်သေးတယ်။ နင့်ရဲ့ စနောက်တတ်တာက ဒီတစ်ခါတော့ ငါ့အတွက် အသက်ရှူချောင်သွားတယ်။ အဲဒီအတည်ပြောတာဆိုတဲ့ စကားတစ်ခွန်းကို နောက်ပြောင်ပြီးပြောတဲ့ စကားတွေနဲ့ ငါရောထွေးပစ်လိုက်နိုင်တယ်လေ။ နင်ကတော့ အဲဒီစကားအတွက် သက်သေအထပ်ထပ်ထူပြီး အခါခါ ရှင်းပြလို့ပေါ့။
တစ်ခါတလေ အဲဒီစကားတွေချည်း ထပ်ထပ်ကြားရပြန်တော့ ငါ့ကို မစနဲ့ဟာလို့… ပြောမိတယ်။ ‘အေးနော်… နင်ပြောတာက နင့်ကို မစနဲ့လို့ပဲပြောတာ… မချစ်နဲ့လို့ပြောတာမဟုတ်ဘူး’ လို့ ပြောတဲ့ နင့်ကို `ဟေ့ရောင်…. သေချင်လို့လား… လာနောက်နေတယ်´ လို့ အော်လိုက်မိတယ်။ ဆက်ပြီး နင်က ` ငါပြန်လာတဲ့အထိ စောင့်နော်´ တဲ့။
ငါ့အချစ်တွေကို နင်သိတယ်ဆိုရင် တော်ပါပြီဟာ..ငါ ဘာကိုမှ မမျှော်လင့်ပါဘူး…လို့ နင်ဆက်ပြောတော့ ငါ စိတ်မကောင်း ဖြစ်မိတယ်။ နင့်ကို မချစ်ပါနဲ့လို့လည်း ငါ့ကိုမတားပါနဲ့…တဲ့။ နင့်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ သူငယ်ချင်းဆိုတဲ့ ရှိပြီးသား သံယောဇဉ်လေးကို မပွန်းပဲ့စေချင်ဘူးဟာ။ ဒီတော့ စနောက်တတ်တဲ့ နင့်အကျင့်ကို အခွင့်ကောင်းယူပြီး အဲဒီစကားတွေကို ငါ အလေးအနက် မထားသလို ရယ်မောပစ်ခဲ့တယ်။
နင်ကတော့ ပြောခဲ့တယ်။ “အိပ်ချင်ယောင်ဆောင်တဲ့သူတွေက နှိုးရခက်တယ်” တဲ့။ အဲဒီစကားကိုလည်း ငါနဲ့ မသက်ဆိုင်သလို ငါနေနိုင်ခဲ့တယ်။ ပြီးတော့ မိသားစုနဲ့ ဝေးနေတဲ့ နင့်အတွက် တစ်ခါတလေ ငါ အိမ်ပြန်ဖြစ်ရင် သိရတဲ့ နင်တို့ အိမ်က အကြောင်းတွေနဲ့ စကားလမ်းကြောင်းလွှဲမိတယ်။
နင့်ရဲ့ မေတ္တာတွေကို ငါမသိသလိုနေလိုက်တာက ငါတို့အတွက် အကောင်းဆုံးဖြစ်မှာပါဟာ။ နင့်ကို သူငယ်ချင်း တစ်ယောက် သံယောဇဉ်ထက် မပိုနိုင်တာကိုလည်း ငါ့ကိုယ်ငါ အသိဆုံးပါ။ အချစ်ဆိုတာ လုပ်ယူဖန်တီးလို့ မရဘူးဆိုတာ နင်လည်း သဘောပေါက်မှာပါ။ အဲဒီဖန်တီးလုပ်ယူလို့မရတဲ့ အချစ်တွေကြောင့် နင့်ရဲ့ မေတ္တာကိုလည်း ငါမသိကျိုးကျွံပြုနေရဦးမှာပါပဲ။


 Image and video hosting by TinyPic

Sunday, July 22, 2012

ကျနော်ရဲ့ တူတော်မောင်



ကျနော်တို့ မိသားစုထဲမှာ လူဦးရေးတိုးလာတော့မယ်တဲ့…။ မေမေက အဲလိုပြောတော့ ညီမလေးကို ပြေးမြင်မိတယ်။ ကျနော်နဲ့ အသက်နှစ်နှစ်သာကွာတဲ့ ညီမလေးက အိမ်ထောင်ရေးလောကထဲကို တိုးဝင်သွားခဲ့တာ နှစ်နှစ်ရှိပြီပဲလေ။ မေမေဆီက အဲဒီလိုကြားလိုက်ရတဲ့အချိန်မှာ ဗြုန်းဆို.. ကြက်သီးမွှေးညှင်းတွေထပြီး လှိုက်ခနဲဝမ်းသာသွားမိတယ်။ ကျနော့်ရဲ့ တူလေးလား တူမလေးလား မသိတဲ့ အဲဒီကလေးလေးကိုလည်း မြင်ဖူးချင်လာမိတယ်။
တစ်ချိန်က ဘ၀တစ်ခုကို အရွယ်မတိုင်ခင် ကိုယ်သဘောနဲ့ကိုယ် တည်ဆောက်သွားတဲ့ ညီမလေးကို စိတ်ဆိုးဒေါသဖြစ်မိသေးတယ်။ နောက်ပိုင်းတော့ ငယ်ရွယ်သေးတဲ့အချိန်မှာ အိမ်ထောင့်တာဝန်တွေထမ်းနေရတဲ့ ညီမလေးကို သနားမိတယ်။
တစ်ခါတရံ ညီမလေးနဲ့ တွေ့ချိန်တွေမှာ အင်္ကျီလေးအောက်က မသိမသာစူထွက်နေတဲ့ ဗိုက်ကလေးကို ခိုးကြည့်မိတယ်။ ပြီးရင် ကိုယ့်ဘာသာကိုယ် ကြည်နူးနေမိတယ်။ ညီမလေးရဲ့ ဗိုက်က အပျိုဗိုက်မို့ထင်ပါတယ်။ ၅လလောက်ရောက်နေ တာတောင် သိပ်မသိသာဘူး။ ကလေးလေးတစ်ယောက် ရတော့မှာမို့ ၀မ်းသာနေရပေမဲ့ တဖက်ကလည်း ကျန်းမာရေးမကောင်းတဲ့ ညီမလေးကို မွေးဖွားရ အဆင်ပြေပါ့မလားလို့ စိုးရိမ်ပူပန်နေသေးတယ်။
နှလုံးသွေးကြောကျဉ်း ရောဂါရှိတဲ့ ညီမလေးကို မွေးဖွားရင် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်မိတယ်။ ညီမလေးက ကလေးယူလို့ရတယ် မဟုတ်လား… လို့ မေမေ့ကို ခဏခဏမေးကြည့်မိတယ်။ မေမေက စိတ်မပူပါနဲ့ OG နဲ့ သေချာပြထားပါတယ်…လို့ ပြောမှ နည်းနည်းစိတ်သက်သာရာ ရမိတယ်။ ဈေးဝယ်သွားရင် တစ်သက်နဲ့တစ်ကိုယ် ယောင်လို့တောင် မကြည့်ဖူးတဲ့ ဗိုက်ဖုံးအင်္ကျီလှလှလေးတစ်ထည်ကို ညီမလေးအတွက်ဆိုပြီး ၀ယ်ပေးခဲ့ဖူးတယ်။
ညီမလေးကိုယ်ဝန် ၆လပြည့်တဲ့အခါမှာတော့ Ultrasound ရိုက်ကြည့်တယ်။ အဲဒီအချိန်မှာ ဗိုက်ထဲက ကလေးလေးက ယောက်ျားလေးတဲ့။ အားလုံးက ပျော်ကြတယ်။ ဒါပေမဲ့ ကျနော့်မေမေကတော့ အပျော်ဆုံးပေါ့။ ကျနော်ကတော့ မိန်းကလေးဖြစ်ပါစေလို့ ကြိတ်ဆုတောင်းနေသူဆိုတော့ အပြည့်အ၀ မပျော်နိုင်ပါဘူး။ ယောက်ျားလေးတွေ အဆော့သန်တာ၊ ပစ်စလက်ခတ်နေတာ၊ စည်းကမ်းမရှိတာ၊ ကြမ်းတမ်းတာ၊ ခေါင်းကြောမာတာ..စတဲ့ အကျင့်စရိုက်တွေရှိတဲ့ တခြားကလေးတွေကိုကြည့်ပြီး ယောက်ျားလေးဆိုရင် လန့်နေမိတယ်။
ဆေးရုံက ညီမလေးကို မွေးဖွားဖို့ ပေးထားတဲ့ Due Date နဲ့ တကယ်ဗိုက်နာတဲ့အချိန်နဲ့က တစ်လကွာတယ်။ ဗိုက်ကလည်း တအားနာနေတော့ ညီမလေးကို အပ်ထားတဲ့ OG က မိသားစုကို ပြောတယ်တဲ့။ ဗိုက်ထဲက ကလေးကတော့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးတဲ့။ အဲဒီအချိန်တုန်းက မေမေက ငိုတယ်။ ညီမလေး မွေးဖွားတဲ့အချိန် အနားမှာ မရှိတဲ့ ကျနော်က နောက်ပိုင်း အဲဒီအကြောင်းတွေကို မေမေပြန်ပြောပြမှ သိခဲ့ရတယ်။
ညီမလေး ခွဲခန်းထဲဝင်သွားပြီး ဆယ့်ငါးမိနစ်လောက်ပဲ ကြာလိုက်တယ်တဲ့… အခန်းထဲက ကလေးလေးတစ်ယောက်ငိုသံက အပြင်မှာနေတဲ့ မေမေတို့အားလုံး ကြားလိုက်ရတော့ အရမ်းကိုပျော်သွားကြတာပေါ့။ ကလေးလေးက ကျန်းမာလိုက်တာမှ အသံကျယ်ကြီးနဲ့တောင် အော်ငိုတယ်ဆိုပြီးလေ။
ဒီလိုနဲ့ ကျနော်တို့ရဲ့ မျိုးဆက်လေး လူ့လောကထဲ ခက်ခက်ခဲခဲနဲ့ ဘေးမသီရန်မခပဲ ရောက်ရှိလာခဲ့တယ်။ ညီမလေးမွေးပြီး နောက်နေ့ ဆေးရုံကို ကျနော်ရောက်သွားတော့… သစ်သားပုခတ်လေးထဲမှာ နီတာရဲ ကလေးလေးကိုကြည့်ပြီး ချစ်စရာကောင်းလွန်းလို့ ကလေးနားကကို မခွာတော့ဘူး။ ဆံပင်နက်နက်လေးတွေရယ် မျက်တောင်အရှည်ကြီးတွေရယ် ပန်းရောင်အသားနုနုဖပ်ဖပ်လေးနဲ့ နှုတ်ခမ်းပါးပါးလေးကို တင်းတင်းစေ့ပြီး အိပ်နေလိုက်တာ။။ ခြင်ထောင်လို ဇာပိတ်စလေးနဲ့ အပေါ်ကနေ အုပ်ထားတဲ့ ကလေးလေးကို မကိုင်ရက် မထိရက်နဲ့ ငေးကြည့်ရင်း ပျော်နေမိတယ်။
အမျိုးတွေက ကလေးအနားက မခွာတဲ့ ကျနော့်ကို စ ကြတယ်။ ကလေးလေးကို ချစ်လားတဲ့။ မချစ်ပါဘူး….လို့ အရွဲ့တိုက်ပြီး ဆန့်ကျင်ဘက်တွေ လိုက်ဖြေတတ်တဲ့ အကျင့်နဲ့ ဖြေလိုက်မိတယ်။ ပြီးတော့မှ ညီမလေး ကြားသွားမှာ.. တကယ်ထင်ပြီး စိတ်မကောင်းဖြစ်နေမှာကို စိုးရိမ်မိတယ်။
ကျနော့်တူလေးက သိပ်ချစ်စရာကောင်းတာပဲ။ အိပ်နေရင်လည်း ချစ်စရာကောင်းတယ်။ ငိုရင်လည်း ချစ်ဖို့ကောင်းတာပါပဲ။ ကျနော့်သူ့ကို သိပ်ချစ်ပေမဲ့ မချီရဲဘူး။ မချီတတ်ချီတတ်နဲ့ ချီမိရင် ကျနော့်တူလေး နာသွားမှာစိုးလို့လေ။ မှတ်မှတ်ရရ သူ သုံးလပြည့်လောက်မှာ ကျနော် သူ့ကို ချီဖြစ်ခဲ့တယ်။ သူ့ပါးနုနုလေးကိုလည်း အဲဒီတော့မှ မွှေးကြည့်မိတယ်။
ကျနော်တောင် ဒီလောက်ချစ်နေတာ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ ညီမလေးဆို သူ့သားလေးကို ဘယ်လောက်တောင် ချစ်လိမ့်မလဲလို့ တွေးမိတယ်။ ပြီးတော့ နောက်ထပ် ခံစားမိတာက မိဘမေတ္တာကိုပါပဲ။ ညီမလေးရဲ့ သားလေးဟာ ကျနော့်သားလေးလို့ သဘောထားမိတော့ မိဘမေတ္တာဆိုတာကို သဘောပေါက်လာမိတယ်။ မိဘတွေလည်း ကျနော်တို့ အပေါ်ကို အခုလိုပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့မှာပဲလို့လေ။
အခုဆို ကျနော့်တူလေး နှစ်နှစ်ကျော်သွားခဲ့ပြီ။ စကားကောင်းကောင်းတတ်တဲ့ အရွယ်ပေါ့။ စကားအရမ်းတတ်ပြီး ဉာဏ်လည်းကောင်းတဲ့ သားသားက ပြောသမျှကို လွယ်လွယ်နဲ့ မမေ့တတ်ပါဘူး။ တစ်ခါတရံ သူ့ကို ကတိပေးထား တာတွေကို မေ့နေရင်လည်း သတိပေးတတ်ပါသေးတယ်။ ငယ်သေးတဲ့အရွယ်ပေမဲ့ စကားကို ချက်ချက်ချာချာနဲ့ လူကြီးလေး တစ်ယောက်လို ပြောတတ်တာကလည်း အံ့သြစရာပါ။ အဲ…နောက်တစ်ခုက ဇွတ်တရွတ်လုပ်တတ်တဲ့ အကျင့်ရယ်ပါ။ ဒီအကျင့်က ဘယ်သူ့ဆီက ကူးတာပါလိမ့်နော်။ အ ဟဲ။ နောက်တစ်ခုကတော့ ခပ်တည်တည်နဲ့ နောက်ပြောင်တတ်တဲ့အကျင့်လေးပါ။ လူကြီးတွေက သူ့နာမည်ခေါ်ပြီး လိုက်ရှာနေရင် တစ်နေရာရာမှာ ပြုံးစိစိလေးနဲ့ ပုန်းနေတတ်တဲ့ အဲဒီကလေးရဲ့ အကျင့်လေးကကော ဘယ်သူနဲ့ တူမလဲမသိ။
တစ်ခါတလေမှ သားသားနဲ့တွေ့ဖြစ်ပေမဲ့ သားသားက ကျနော်အပေါ် စိမ်းမသွားတာကို ကြိတ်ပြီး ၀မ်းသာနေသေးတာ။ လူကြီးတွေ ပြောပြောနေတဲ့ သွေးက စကားပြောတယ်ဆိုတဲ့ စကားက သိပ်မှန်တာပဲ။ အိမ်ကို ဖုန်းဆက်တိုင်း သားသားတို့ သားအမိရောက်တဲ့နေအခါနဲ့ ကြုံရင် သားသားနဲ့ ဖုန်းပြောချင်တယ်လို့ အမြဲပြောမိတယ်။ ဖုန်းထဲကနေ မပီကလာပီကလာနဲ့ လူကြီးလေးတစ်ယောက်လိုပြောနေတဲ့ သားသားလေးအသံကြားရရင် တစ်နေ့လုံး ပျော်နေမိတယ်။
မြေဦးယောက်ျားလေးမို့ အဖေအမေတွေကော အဖိုးအဖွားတွေကပါ အလိုလိုက်ထားတော့ နည်းနည်းဆိုးချင်တယ်။ အိမ်ပြန်ဖြစ်တိုင်း ချစ်ပေမဲ့ သိပ်အလိုမလိုက်ကြဖို့ သတိပေးရသေးတယ်။ ဒါပေမဲ့ မရပါဘူး။ ကျနော် တစ်ခါတလေ အိမ်ပြန် ရောက်ရင်တော့ ချစ်ပေမဲ့ အလိုမလိုက်တတ်တဲ့အကျင့်ကြောင့်ထင်ပါတယ်… သူ့ကို မလုပ်ရဘူးဆိုတဲ့ အရာတစ်ခုခုကို ပြောစကားနားမထောင်ဘဲလုပ်နေရင် သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်တာနဲ့ လုပ်နေတာကနေ ချက်ခြင်းရပ်ပြီး မျက်နှာငယ်လေးနဲ့ ဖြစ်သွားတတ်တယ်။ အဲဒီလိုဖြစ်သွားတိုင်း စိတ်ထဲကနေ သနားပြီး သူ့သဘောအတိုင်း အလိုလိုက်ပြီးနေလိုက်ချင်တဲ့ စိတ်တွေကို မနည်းထိန်းရတယ်။ မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ သားသားကိုကြည့်ပြီး ကျနော်လည်း ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ ဒါပေမဲ့ ကလေးဆိုတာ သူ့နေရာနဲ့သူပဲ အလိုလိုက်တာ ကောင်းပါလိမ့်မယ်။
အခုဆို အင်္ကျီဝတ်ရင် ဟိုဟာမ၀တ်ချင်ဘူး၊ ဒီဟာမ၀တ်ချင်ဘူး ဖြစ်နေပြီ။ ကလေးပဲ လူကြီးဝတ်ပေးတာ ၀တ်ပေါ့။ သူ့အမေ(ညီမလေး)က ပြောတယ်… သူကြိုက်တဲ့ အင်္ကျီကို ၀တ်ပေးရတာတဲ့။ ကျနော် ဗုဒ္ဓေါ…တ လိုက်မိတယ်။  ကလေးပဲရှိသေးတာ အဲလောက်တောင် အလိုလိုက်ရသလား…လို့ ပြောမိတယ်။ သူ့အဖွားတွေ အဖိုးတွေကောက ကလေးပြောသမျှ အကုန်လိုက်လုပ်ပေးတယ်။ အဲဒါကြောင့် မေမေ့ကိုပြောရတယ်။ ကလေးကို အလိုလိုက်လို့ ပြောမရ ဆိုမရ ဖြစ်လာရင် မေမေတို့ကြောင့်နော်…လို့ မေမေကိုပါ ပြောရသေးတယ်။ ကလေးပေမဲ့ အရာရာကို အကင်းပါးပြီး ဉာဏ်ကောင်းတဲ့ သားသားက ပြောဆိုဆုံးမရတာ မခက်ပါဘူး။
ကျနော်လည်း သူ့အမေ(ညီမလေး)ချစ်သလောက်ကို ကျနော့်တူလေးကို ချစ်တာပါပဲ။ သူ့အဖေနဲ့ အမေက သူ့သားရဲ့ အနာဂတ်ဘယ်သို့ဘယ်ပုံ စဉ်းစားလဲ မသိပေမဲ့ ကျနော့်မှာ တူလေးရှိလာတဲ့အချိန်မှာ တာဝန်တစ်ခုရှိလာသလို ခံစားမိတယ်။ သူ့ရဲ့ အနာဂတ်အတွက် ကျနော်ဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးတွေ ကျနော့်ဆီ ၀င်လာတယ်။ တိုင်းပြည်အတွက် အဖိုးတန်တဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့ရယ်… မိဘဘိုးဘွားတွေအတွက် အဖိုးတန်တဲ့ သားလှရတနာတစ်ပါးဖြစ်ဖို့ရယ်…က ကျနော့်ရဲ့ သားသားအပေါ်မှာထားတဲ့ လောဘတွေပဲဖြစ်ပါလိမ့်မယ်။

 Image and video hosting by TinyPic

Thursday, July 19, 2012

ဗိုလ်ချုပ်အောင်ဆန်း အိမ်သို့ (မင်းယုဝေ)




ရန်ကုန်မြို့ တာဝါလိန်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော အိမ်ကို ယဉ်ကျေးမှုဌာနက ‘ဗိုလ်ချုပ်အောင်ဆန်းပြတိုက်’ အဖြစ် ဖွင့်လှစ်ထားသည်။
 ထို့ကြောင့် ရုံးအားရက် တရက်တွင် ကျနော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။
ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေ၏။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံသည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဘွယ် ကောင်းနေပေတော့သည်။
သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး သားသမီးများနှင့် အတူ ၂နှစ်ကျော်နေထိုင်ခဲ့သည်။ ၁၉၄၅ခု မေလမှ ၁၉၄၇ခု ဂျူလှိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိမ်ခန်း၊ ဘုရားရှိခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်က အတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယအစုံအလင်ဖြင့် လက်ရာခြေရာမပျက် ထားရှိပေသည်။
ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျနော်ဝင်ကြည့်သည်။ အခန်းအလယ်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တလုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တခါက ဗိုလ်ချုပ်သည် ဇနီး သားသမီးစုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည် တကား။
သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောစကားကို ကြားယောင်မိသည်။ ဂျာပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။  မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျနော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး။ အခုမနေသာလို့ တက်ရောက်ပါတယ်။ ကျနော် ဒီထမင်းကို မစားသင့်ဘူး။ ဒီထမင်းကို စားလောက်အောင် မြန်မာပြည် အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျနော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူး’ ဟု ပြောခဲ့သည်။

Wednesday, July 18, 2012

၆၅နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ




အာဇာနည်နေ့
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။

ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
1.   ရန်ကြီးအောင် (ရဲဘော် ကိုထွေးအား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမအတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ) [1]
2.     သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
3.     မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
4.     စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
5.     သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)
2.     မောင်စိုး
3.     သက်နှင်း
4.     မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အ၀ိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
5.     စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
6.     ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ
1.     သုခ
2.     ခင်မောင်ရင်
3.     မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဇူလိုင် ၁၉ ရက်နေ့ အဖြစ်အပျက် 

ဗိုလ်ချုပ်အောင်ဆန်း

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် (၁ဝ)နာရီခွဲ။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။
၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတဗုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသား သုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံဗွက်ချိုင့်ဝှမ်းတို့ဖြင့်ြွ့ပမ်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်)လမ်း ရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ)လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။
လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြ လာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန် အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သိုပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္ဈရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည်လေ။
လွတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည် ရုံးစေသုံးယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြော မနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။
‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာ ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည်၍ ‘အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။
ရုံးစေသည် ဘာမျှ မပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။
ဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမျှမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍ နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များ ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်။ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ ‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။
‘လက်ဖက်ရည်ဆိုင် သွားရအောင်’
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းဘေးပေါ်ရောက်မှ ကျွန်တော် မနေနိုင်၍ ‘ဘာဖြစ်လို့လဲ ဆရာ’ ဟု မေးမိသည်။
‘မင်း မကြားသေးဘူးလား’ ဟု ဇော်ဂျီက အံ့သြနေသည်။
‘ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေးက ဆင်းပြီး ရုံးကို တန်းလာတာ’
ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့ အတွင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော မရောက်မီ တစ်နာရီကျော်ကျော်တွင်ခန့်က ဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍ လာသည်။
အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ’
‘သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းထွားလျက် ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်း တရပ်ပဲ’ဟု တသသပြောသည်။
‘ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှ မပြောဘူး’
‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘ဘယ့်နဲ့လဲ’ ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
‘ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။
‘မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်’
ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့က ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
‘ဟုတ်ကဲ့’ ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်’ ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီးနှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက ‘အားကီး ရက်စက်တာပဲ’ဟု ကျွန်တော့်ဘက်သို့ လှည်၍ ရေရွတ်လျက် ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်လာသောအခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။
ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေဝင်မီးငြိမ်းအမိန့် ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။
ရည်ညွှန်းကိုးကား
1.     ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု
2.     ဝမ်းနည်း ကြေကွဲဖွယ်ရာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျတဲ့နေ့တနေ့ကို မှတ်တမ်း တင်ထားတဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့” ကို “ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ

မူရင်း - http://wikimyanmar.co.cc/wiki မှ ကူးယူဖော်ပြပါသည်။


 Image and video hosting by TinyPic