Friday, August 17, 2012

အလုပ်တကယ်ခေါ်တာ သေချာသလား

အခွင့်အလမ်းဂျာနယ်ရဲ့ ခံစားမှုရင်ဖွင့်သံကဏ္ဍကို ဖတ်ရတော့ အလွန်ကို စိတ်ဝင်စားမိပါတယ်။ အခုလို ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့ ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးတဲ့ အခွင့်အလမ်းဂျာနယ်ရဲ့ စိတ်ကူးကိုလည်း သဘောကျမိပါတယ်။ ယခင်တစ်ပတ်က ခံစားမှုရင်ဖွင့်သံကဏ္ဍမှာပါတဲ့ အလုပ်လျှောက်သူတစ်ဦးရဲ့ ခံစားချက်ရင်ဖွင့်စာကို ဖတ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြ ချင်လာပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဂျာနယ်တစ်ခုက မဂ္ဂဇင်း တစ်စောင်မှ Graphic Design အတွက် ဝန်ထမ်းခေါ်တာတွေ့တော့ သွားလျှောက်မိပါတယ်။ ဟိုရောက်တော့ Reception မှာရှိတဲ့ ဝန်ထမ်း ကပဲ CV Form နှစ်စုံရယ် ဓာတ်ပုံ(၃)ပုံရယ်တောင်းပြီးတော့ အကြောင်း ပြန်မယ်လို့ ပြောပါတယ်။ ကျွန်တော်မျှော်လင့်တာက Design တစ်ခုခုကို လုပ်ခိုင်းပြီး အရည်အချင်းကို လက်တွေ့စစ်ဆေးမယ်လို့ ထင်ခဲ့တာပါ။ ပြီးတော့မှ အရည်အချင်းပေါ်မူတည်ပြီး ခန့်မယ်၊ မခန့်ဘူး ဆုံးဖြတ် မယ်လို့ထင်ခဲ့တာလေ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီလို မဟုတ်ခဲ့ ဘူး။ အလုပ်နဲ့ပတ်သက်ပြီး ဘာမှလည်း မေးမြန်းခြင်းမပြုဘဲ အကြောင်း ပြန်မယ်လို့ပဲ ပြောလိုက်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို သဘောမကျ လို့ အလုပ်မခန့်တာဆိုရင်လည်း စိတ်ထဲမှာခံသာဦးမှာပါ။ ခုတော့ ဘာမှလည်း အရည်အချင်းစမ်းသပ်မှုမလုပ်ဘဲ အလုပ်လျှောက်လွှာ လက်ခံထားပြီး ဝတ်ကျေတမ်းကျေသဘောမျိုးနဲ့ အကြောင်းပြန်မယ်လို့ပဲ ပြောတယ်။
အဲဒီက အပြန်မှာတော့ သူတို့ပြောတဲ့ အကြောင်းပြန်မယ်ဆိုတာ ကိုလည်း ကျွန်တော်မမျှော်လင့်ထားတော့ပါဘူး။ တကယ်လည်း တစ်ပတ် လည်း အကြောင်းမပြန်၊ နှစ်ပတ်လည်း အကြောင်းမပြန်ခဲ့ပါဘူး။   နောက်ပိုင်းမှာလည်း သူတို့ဆီက အလုပ်ခေါ်ကြော်ငြာတွေ ခဏခဏ တွေ့နေမိပေမဲ့ သွားမလျှောက်ဖြစ်တော့ပါဘူး။
နောက်တစ်ခုကတော့ ပထမအလုပ်လျှောက်တာနဲ့ ပုံစံချင်းမတူ ပါဘူး။ ပုံစံချင်းမတူဘူးလို့ ပြောရတာကတော့ ပထမအလုပ်က CV From နှစ်စုံရယ် ဓာတ်ပုံ (၃)ပုံရယ်တောင်းပေမဲ့ ဒုတိယလျှောက်တဲ့ အလုပ်ကတော့ ကုမ္ပဏီတစ်ခုပါ။ ကုမ္ပဏီကိုရောက်တော့ Reception မှာပဲ သူတို့ဆီက လျှောက်လွှာနဲ့ ကိုယ်ရေး အချက်အလက်အသေးစိတ်ကို ဖြည့်ရမယ်ပြောပါတယ်။ နောက်ပြီး လျှောက်လွှာဖိုးအတွက်က (၃၀ဝ၀) ကျပ်ကျတယ်လို့ ပြောပါတယ်။ ကျွန်တော် အလွန်ပဲ အံ့အားသင့်မိပါတယ်။ သူတို့ဆီမှာ အလုပ်ရမယ်၊ မရဘူး မသေချာသေးဘူး။ အရင်ဆုံး ရင်းနှီး ရတာက လျှောက်လွှာဖိုးနဲ့ ဓာတ်ပုံဖိုးတင်မကဘဲ သူတို့ပေးတဲ့ လျှောက်လွှာအတွက်က သပ်သပ်သုံးထောင်ထပ်ပေးရမလိုဖြစ်နေပါတယ်။
သူတို့ဆီက Graphic Designer ခေါ်တာဆိုတော့ ဘယ်လို ဒီဇိုင်း မျိုးတွေ လုပ်ရလဲလို့ အလုပ်လျှောက်လွှာလက်ခံတဲ့ မိန်းကလေးနှစ်ဦးကို မေးကြည့်လိုက်ပါတယ်။ သူတို့နှစ်ဦးစလုံးက အဲဒီအတွက် ရေရေရာရာ ပြန်ပြီး ဖြေတာမျိုးမရှိပါဘူး။ သူတို့ဆီမှာ လျှောက်လွှာတင်သွားဖို့ကိုသာ အထူးအာရုံစိုက်နေကြတယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတယ်။ သူတို့ ဆီကခေါ်တဲ့ ဝန်ထမ်းအရေအတွက်က ကြော်ငြာမှာပါသလောက်ဆိုရင် ရာထူးအမျိုးမျိုးအတွက် နေရာ ၆၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာ ၆၀ ကျော်အတွက် လာလျှောက်တဲ့ဦးရေလည်း နည်းမှာမဟုတ်ဘူးဆိုတာ ယူဆလို့ရပါတယ်။ အဲဒီလိုလာလျှောက်တဲ့သူတွေဆီက လျှောက်လွှာဖိုး သုံးထောင်စီကောက်ရင် ဆယ်ဦးလာလျှောက်ရင်ပဲ သူတို့အတွက် သုံးသောင်းဖြစ်နေပြီ။ အယောက်တစ်ရာဆို သူတို့အတွက် ငွေသုံးသိန်း အလကားသက်သက်ရနေပြီ။ လျှောက်လွှာဖိုးအတွက် ကောက်တယ်ပဲ ထား။ သူတို့လျှောက်လွှာက အေဖိုးနှစ်ရွက်ပဲရှိတာဆိုတော့ အလွန်ဆုံး ငါးရာလောက်တောင်းရင်တောင် နည်းနည်းသဘာဝကျဦးမယ်။ ခုတော့ သူတို့လုပ်ပုံက အလုပ်မရှိလို့ အလုပ်လိုက်ရှာနေတဲ့သူတွေဆီကနေပြန်ပြီး စီးပွားရှာနေသလိုဖြစ်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်ခင်ဗျ။ အဲဒီအလုပ်ကို ကျွန်တော်မလျှောက်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှု မရှိလို့ပဲ။
တချို့အလုပ်ကြော်ငြာတွေဆို ဂျာနယ်တွေမှာ မကြာမကြာတွေ့နေရပါတယ်။ အဲဒီရဲ့ အကြောင်းရင်းခံကို ကျွန်တော်ကိုယ့်တွေ့နဲ့ ယှဉ်ပြီး စဉ်းစားမိသလောက်တော့ အဲဒီကုမ္ပဏီတွေအပေါ် တဖြည်းဖြည်းနဲ့ အလုပ်လျှောက်သူတွေဘက်က ယုံကြည်မှုလျော့နည်းလာတယ်လို့ မြင်မိပါတယ်။ ဒီကုမ္ပဏီကို သွားလျှောက်လည်း လျှောက်လွှာဖိုးပဲကုန်မှာ ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့ အလုပ်လျှောက်သူတွေဘက်က သံသယတွေရှိလာမှာပါ။ အဲဒီလိုမြင်မိတဲ့ အဓိကအချက်ကတော့ ကျွန်တော် အပေါ်မှာ ကြုံတွေ့ခဲ့ရသလိုအဖြစ်အပျက်မျိုး ဒါမှမဟုတ် အလားတူ အဖြစ်အပျက်မျိုးတွေကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါတယ်။
ကျွန်တော့်လို အဖြစ်မျိုး ကြုံတွေ့ရတဲ့သူတွေ နည်းမှာမဟုတ်ပါဘူး။ အဲဒီလိုအဖြစ်မျိုးတွေ ယခုချိန်ထိ ဖြစ်နေဆဲ...ဖြစ်နေမြဲပဲဆိုတာ ဒီကဏ္ဍကနေတစ်ဆင့် ပြောလိုက်ပါရစေခင်ဗျာ။
3K
အခွင့်အလမ်းဂျာနယ် - အမှတ် (၃၅၁)၊ သြဂုတ် ၁၄၊ ၂၀၁၂ (ခံစားမှု ရင်ဖွင့်သံ ကဏ္ဍမှ…)

Friday, August 3, 2012

အရောင်ဖျော့သွားတဲ့ အဖြူရောင်


အဖြူရောင်လေးကို ဆေးလည်း မဆိုးနဲ့…. အရောင်ပြန်လွင့်အောင်လည်း မင်းမလုပ်နဲ့…. အဖြူရောင်လေးရဲ့ အတိုင်းပဲ ထားကွယ် သူငယ်ချင်းရယ်… ဆုန်သင်းပါရ်ရဲ့ ရိုးသားချင်တယ်ဆိုတဲ့ သီချင်းလေးကို နားထောင်ရင်း ခုတလော… ဖြူစင်တဲ့ သံယောဇဉ်တွကို အရောင်တင်ချင်နေတဲ့ နင့်ကို သတိရလိုက်မိတယ်။
နင်နဲ့ ငါက ဟိုးငယ်ငယ်လေးကတည်းက သိခဲ့ကြတာတယ်။ ဒါပေမဲ့ ရင်းရင်းနှီးနှီးရှိခဲ့တာကတော့ ဆယ်တန်းနှစ်မှလေ။ ဆယ်တန်းနှစ်မှာ ငါတို့နှစ်ယောက် ကျူရှင်တစ်ခုတည်းမှာ တက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ နင် သဘောကျတဲ့ ကောင်မလေးက ရွာမှာကျန်ခဲ့လို့ သူ့ဆီကို စာရေးချင်တယ်တဲ့။ ငါက လက်ရေး နည်းနည်းလှတော့ ငါ့ကိုရေးပေးဖို့ ပြောခဲ့တယ်။ အဲဒီတုန်းက ငါကိုယ်တိုင်က အဲလိုကိစ္စမျိုးတွေ စိတ်မ၀င်စားခဲ့ပေမဲ့ နင့်ကောင်မလေးကို ပေးဖို့ စာရေးပေးခဲ့တယ်။ အဲဒီတုန်းက နင်ပြောတဲ့ စကားလုံးတွေက ထောက်နေလို့ စာချောအောင် ၀ိုင်းပြီးစဉ်းစားပေးခဲ့ဖူးတယ်။
ပြီးတော့ ခေါင်းချင်းဆိုင်ပြီး စာတွေအတူကျက်ခဲ့ကြတယ်။ အတူငြင်းခုံခဲ့ကြတယ်။ နင် ခဏခဏ စ လို့ စိတ်ဆိုးပြီး နှစ်ရက်သုံးရက်လောက် မခေါ်ဘဲလည်း နေခဲ့ဘူးတယ်။ ဆယ်တန်းစာမေးပွဲကြီးပြီးတော့ ငါတို့တွေ သိပ်မတွေ့ဖြစ်တော့ ဘူးနော်။
နောက်တော့ ငါတို့လမ်းထဲကို နင်တို့မိသားစုပြောင်းလာခဲ့တယ်။ အစကတော့ ငါလည်း နင်တို့ ပြောင်းလာမှန်း မသိခဲ့ဘူး။ ငါက အိမ်ကိုလည်း တစ်ခါတလေမှ ပြန်ဖြစ်တာကိုး။
မတွေ့ဖြစ်တာ သုံးနှစ်လောက်အတွင်းမှာ ငါ့ကို လှလာတယ်လို့ နင်ပြောတော့ ငါဖြင့် ရယ်ချင်လိုက်တာ။ နင်သာ မသိတာပါ…ငါက အရင်ကတည်းက လှတာပဲလေ…လို့ပြောင်စပ်စပ်နဲ့ ငါ ပြန်ပြောခဲ့တယ်။ နင်က ငါတကယ်ပြောတာဟ… နင့်ကို စတွေ့တုန်းက မှတ်တောင် မမှတ်မိဘူး..။ ဘယ်က ကောင်မလေးလဲလို့ ငါငေး ကြည့်နေတာ…တဲ့။ အရင်လို ဆံပင်တိုကပ်ကပ်လေးနဲ့ ယောက်ျားလေးပုံစံမဟုတ်တော့တဲ့အတွက် နင် အမြင်မှာ တစ်မျိုးဖြစ်နေမှာပေါ့။
နင် ပထမဆုံး ချစ်ခဲ့တဲ့ ကောင်မလေးက နင့်ကို ချန်ထားရစ်ခဲ့တော့ အသည်းတွေကွဲပြီး ကျန်ခဲ့တဲ့ နင့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ အခု နင်နဲ့ပြန်တွေ့ဖြစ်တော့ အဲဒီအကြောင်း စကားပြန်စကြည့်မိတယ်။ `ဟေ့ရောင်… ဘယ်လိုလဲ… ဒဏ်ရာတွေ သက်သာသွားပြီလား´
`အေးဆေးဖြစ်သွားပါပြီဟာ´
`မအေးဆေးလို့လည်း ဖြစ်မလား… ဟိုက သားလေးလား သမီးလေးလားတောင် မသိဘူး… ရနေပြီကို´ လို့ ငါပြောတော့ နင်က ရယ်နေတယ်။
ငါ့စိတ်ထဲကတော့ တော်သေးတာပေါ့ အခြေအနေက ဒီလောက် မဆိုးတော့ဘူးလို့ နင့်အတွက် စိတ်ချမ်းသာရတယ်။ အချိန်က ကုစားသွားမယ်ဆိုတဲ့ စကားက သိပ်မှန်တာပဲနော်။
ပြီးတော့ နင်က ပြောသေးတယ်နော်…. `ငါ ပေးခဲ့တဲ့အချစ်က နည်းလို့ထင်ပါတယ်ဟာ… သူတခြားတစ်ယောက် ကို ရွေးသွားတာ… နောက်တစ်ခါ ငါချစ်တဲ့သူကိုတွေ့ရင် သူ့ကို ငါ့အချစ်တွေ အများကြီး ပေးမယ်´ လို့ နင်ပြောတော့ နင့်စကားကို သဘောကျလို့ ငါရယ်နေခဲ့တာပဲ။ နင်ပဲ ပေါက်ပေါက်ရှာရှာတွေးတတ်တယ်။
သူငယ်ချင်းတွေအပေါ် အနိုင်ကျင့် ဆိုးလို့ရတိုင်း ဆိုးတတ်တဲ့ ငါ့အပေါ်ကိုလည်း သည်းခံပြီး နင်စိတ်ချမ်းသာရင် ပြီးတာပဲလေလို့ နင်ပြောတတ်တယ်။ ငါ့မှာ ကံကောင်းတာ တစ်ခုတော့ရှိတယ် သိလား။ ငါ့သူငယ်ချင်းတွေ အားလုံးက ငါ့အပေါ် အလိုလိုက်ပြီး ငါဆိုးသမျှဒဏ်ကို မညည်းမညူခံကြရှာတယ်။ အဲဒီအထဲမှာ နင်လည်း အပါအ၀င်ပေါ့။ တစ်ခါတခါ စိတ်တိုင်းမကျတာရှိရင် စိတ်ကလည်း ကောက်သေးတယ်နော်။
အခုဆိုရင် နင်လည်း င့ါအနားမှာ မရှိတော့ဘူး။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်သွားလုပ် တာ လေးနှစ်ကြာမယ်တဲ့။ တော်သေးတာပေါ့။ ငါတို့တွေ အွန်လိုင်းကနေ အဆက်အသွယ်ရနေသေးလို့။ အွန်လိုင်းမှာ နင်တက်လာတဲ့အချိန် ငါ့ကို မတွေ့ရင် ဖုန်းဆက်တတ်လို့ နင်ဖုန်းဆက်ရင် စကားကို ခပ်မြန်မြန်ပြောရတယ်။ နင်ပိုက်ဆံကုန်မှာ စိုးလို့လေ။ ငါတို့မြန်မာနိုင်ငံက ဖုန်းခေါ်ရတာ တခြားနိုင်ငံတွေထက် ပိုက်ဆံပိုကုန်တယ် မဟုတ်လား။
နင်က အရင်အကျင့်တွေ လုံးဝမပျောက်သေးဘူးနော်။ ငါ့ကိုတွေ့တာနဲ့ စနောက်ပြီး တဟားဟားနဲ့ ရယ်နေတော့တာပဲ။ အဲဒီ စနောက်နေတဲ့ စကားတွေထဲမှာ အတည်ပြောတာဆိုတဲ့ စကားတစ်ခွန်းကို ငါ မသိချင်ယောင် ပဲ ဆောင်လိုက်မိတယ်။ တော်သေးတယ်။ နင့်ရဲ့ စနောက်တတ်တာက ဒီတစ်ခါတော့ ငါ့အတွက် အသက်ရှူချောင်သွားတယ်။ အဲဒီအတည်ပြောတာဆိုတဲ့ စကားတစ်ခွန်းကို နောက်ပြောင်ပြီးပြောတဲ့ စကားတွေနဲ့ ငါရောထွေးပစ်လိုက်နိုင်တယ်လေ။ နင်ကတော့ အဲဒီစကားအတွက် သက်သေအထပ်ထပ်ထူပြီး အခါခါ ရှင်းပြလို့ပေါ့။
တစ်ခါတလေ အဲဒီစကားတွေချည်း ထပ်ထပ်ကြားရပြန်တော့ ငါ့ကို မစနဲ့ဟာလို့… ပြောမိတယ်။ ‘အေးနော်… နင်ပြောတာက နင့်ကို မစနဲ့လို့ပဲပြောတာ… မချစ်နဲ့လို့ပြောတာမဟုတ်ဘူး’ လို့ ပြောတဲ့ နင့်ကို `ဟေ့ရောင်…. သေချင်လို့လား… လာနောက်နေတယ်´ လို့ အော်လိုက်မိတယ်။ ဆက်ပြီး နင်က ` ငါပြန်လာတဲ့အထိ စောင့်နော်´ တဲ့။
ငါ့အချစ်တွေကို နင်သိတယ်ဆိုရင် တော်ပါပြီဟာ..ငါ ဘာကိုမှ မမျှော်လင့်ပါဘူး…လို့ နင်ဆက်ပြောတော့ ငါ စိတ်မကောင်း ဖြစ်မိတယ်။ နင့်ကို မချစ်ပါနဲ့လို့လည်း ငါ့ကိုမတားပါနဲ့…တဲ့။ နင့်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ သူငယ်ချင်းဆိုတဲ့ ရှိပြီးသား သံယောဇဉ်လေးကို မပွန်းပဲ့စေချင်ဘူးဟာ။ ဒီတော့ စနောက်တတ်တဲ့ နင့်အကျင့်ကို အခွင့်ကောင်းယူပြီး အဲဒီစကားတွေကို ငါ အလေးအနက် မထားသလို ရယ်မောပစ်ခဲ့တယ်။
နင်ကတော့ ပြောခဲ့တယ်။ “အိပ်ချင်ယောင်ဆောင်တဲ့သူတွေက နှိုးရခက်တယ်” တဲ့။ အဲဒီစကားကိုလည်း ငါနဲ့ မသက်ဆိုင်သလို ငါနေနိုင်ခဲ့တယ်။ ပြီးတော့ မိသားစုနဲ့ ဝေးနေတဲ့ နင့်အတွက် တစ်ခါတလေ ငါ အိမ်ပြန်ဖြစ်ရင် သိရတဲ့ နင်တို့ အိမ်က အကြောင်းတွေနဲ့ စကားလမ်းကြောင်းလွှဲမိတယ်။
နင့်ရဲ့ မေတ္တာတွေကို ငါမသိသလိုနေလိုက်တာက ငါတို့အတွက် အကောင်းဆုံးဖြစ်မှာပါဟာ။ နင့်ကို သူငယ်ချင်း တစ်ယောက် သံယောဇဉ်ထက် မပိုနိုင်တာကိုလည်း ငါ့ကိုယ်ငါ အသိဆုံးပါ။ အချစ်ဆိုတာ လုပ်ယူဖန်တီးလို့ မရဘူးဆိုတာ နင်လည်း သဘောပေါက်မှာပါ။ အဲဒီဖန်တီးလုပ်ယူလို့မရတဲ့ အချစ်တွေကြောင့် နင့်ရဲ့ မေတ္တာကိုလည်း ငါမသိကျိုးကျွံပြုနေရဦးမှာပါပဲ။


 Image and video hosting by TinyPic