Showing posts with label လူထုစိန်ဝင်း ဆောင်းပါးများ. Show all posts
Showing posts with label လူထုစိန်ဝင်း ဆောင်းပါးများ. Show all posts

Wednesday, March 9, 2011

ပညာတတ်တိုင်း ပညာရှိမဖြစ် - လူထုစိန်ဝင်း


နယ်ရောက်နေတာ ကြာပြီဖြစ်တဲ့ ကျောင်းသားဟောင်းတယောက် အညာလက်ဆောင်တွေနဲ့ လာကန်တော့ပါတယ်။ မတွေ့တာ ဆယ်နှစ်ကျော်ကြာပြီဖြစ်လို့ ကွင်းဆက်ပြတ်နေတာတွေ ပြန်ဆက်ကြတာ အချိန်အတော်ကြာသွားတယ်။ ပါးစမ်တခုလုံး ရဲပထောင်းထနေလို့ ကွမ်းတွေသိပ်မစားဖို့ သတိပေးရသေးတယ်။
ရန်ကုန်မှာ မနေတတ်
သူက ရန်ကုန်သားပါ။ ဒါပေမဲ့ အခုတော့ အညာသားကြီးတယောက်နဲ့တူနေတယ်။ စကားပြောတာ ဆိုတာကအစ တကယ့်အညာသားအတိုင်းပဲ။ နယ်မှာက သွားစရာ လာစရာမရှိ၊ ကျောင်းဆင်းရင် လုပ်စရာလည်း မရှိဆိုတော့ ဘိလိယက်ခုံပဲ သွားပြီးအပျင်းဖြေရတယ်။ ဘိလိယက်နဲ့အတူ ကွမ်းပါစွဲသွားတယ်။ အရက်မစွဲတာ တော်သေးတယ်လို့ သူကရှင်းပြတယ်။ သူက တက္ကသိုလ်က သမိုင်းဆရာပါ။ ဆရာလုပ်သက် အနှစ် ၂၀ လုံးလုံး နယ်တက္ကသိုလ်ကောလိပ်တွေပဲ လှည့်ပြီး တာဝန်ကျနေတာကြောင့် ရန်ကုန်မှာ မနေတတ်ဘူး. အသက်ရှူကျပ်ပြီး မျက်စိနောက်တယ်လို့ ညည်းတယ်။
ပျော်သလိုနေနိုင်
သူက အိမ်ထောင်မရှိတော့ ဘာအပူမှလည်း မရှိဘူး။ ပျော်သလိုနေနိုင်တယ်။ အိမ်ထောင်နဲ့ ဘုစုခရုတွေနဲ့ဆိုရင် ကလေးပညာရေးတို့ ဘာတို့အတွက် ပူနေရဦးမှာ။
          နယ်မှာနေရတာ စိတ်ချမ်းသာတယ်။ ကွန်ပျူတာသင်တန်းတို့ ဘာသာစကားသင်တန်းတို့ ဆိုတာမျိုးတွေ တက်စရာမရှိတာ တခုပဲဆိုးတယ်။ ဘာသင်တန်းမှ မတက်တော့ ဘာမှ မတိုးတက်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ လူရာမ၀င်တော့ဘူးလို့ စိတ်အားငယ်သလိုလည်း ပြောတယ်။ အင်တာနက်ကဖေးတွေ ဘာတွေမရှိဘူးလားလို့ မေးတော့ ဘိလိယက်ခုံလေးငါးခုံကလွဲပြီး ဘာမှမရှိဘူး။ မီးလည်း မှန်မှန်မလာဘူးလို့ ပြန်ဖြေတယ်။
စိတ်ဓာတ်ကျတယ်
မဟာဘွဲ့ရတဲ့အထိ တက္ကသိုလ်မှာ ဆယ်နှစ်ဆယ်မိုး နေခဲ့ပြီးပြီပဲ။ စာသင်ရတာ မညည်းငွေ့သေးဘူးလားလို့ ဆိုတော့ ဆရာတို့ပဲ အင်တာနက်တွေ ဘာတွေ မသုံးတတ်ရင် နှစ်ဆယ့်တရာစုထဲ တိုးဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ရေးနေကြတော့ ကျနော်တို့တောသားတွေ စိတ်ဓာတ်ကျတာပေါ့ဆရာရဲ့လို့ ပြန်ပြီး စကားနာထိုးတယ်လေ။ သူပြောတာ ဟုတ်နေတော့ အသာလေး ငြိမ်နေလိုက်ရတယ်။ ကိုယ်က မကြာခဏအဲဒီလို ရေးမိတာကိုး။ ဒါပေမဲ့ သူစိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ နယ်မှာနေပြီး စိတ်ဓာတ်ကျနေရင် အရက်သမားဖြစ်သွားနိုင်တယ်။ ခုတောင် ကွမ်းစွဲနေပြီး၊ စိတ်ဓာတ်မကျအောင် တခုခုတော့ ပြောမှဖြစ်တော့မယ်။
မကောင်းမှုနိဒါန်း
စိတ်ဓာတ်ကျတယ်ဆိုတာက မကောင်းမှုတခုခုပြုဖို့အတွက် အစပျိုးတဲ့ နိဒါန်းစကားဖြစ်တယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားစွဲတာ အားလုံးစိတ်ဓာတ်ကျရာက စတာဖြစ်တယ်။ စိတ်ဓာတ်ကျတာကို မြန်မြန်ကုစားပစ်ရမယ်။ မကုစားနိုင်ရင် မကောင်းမှုဘက် ယိုင်သွားမယ်။ ယိုင်မသွားအောင် စိတ်ပျက်လက်ပျက်နဲ့ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီး လူကတုံးသွားနိုင်တယ်။ ပညာတွေ အများကြီးတတ်ထားပြီး တုံးသွား အသွားတဲ့အဖြစ် မရောက်သင့်ဘူး။ သူ့ကို အားပေးစကားပြောဖို့ ခေါင်းကုတ်ပြီး စဉ်းစားရတယ်။
စာတွေဖတ်ပြီး တိုးတက်နိုင်
သူက သမိုင်းဘာသာရပ်ကို မဟာဝိဇ္ဇာဘွဲ့ရတဲ့အထိ သင်လာခဲ့ရုံသာမက လက်ရှိလည်း တက္ကသိုလ်မှာ ဆရာလုပ်နေသူဖြစ်တယ်။ ကွန်ပျူတာမရှိ၊ အင်တာနက်မရှိပေမယ့် သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေနဲ့ တခြားစာနယ်ဇင်းတွေတော့ မရှိဘဲမနေပါဘူး။ စာနယ်ဇင်းတွေနဲ့ စာအုပ်စာတမ်းတွေ ဖတ်ပြီးတော့လည်း အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပါတယ်။ အရေးကြီးတာက အဆက်အပြတ်လေ့လာသင်ယူနေဖို့သာဖြစ်တယ်။ သမိုင်းဘာသာရပ်မို့ နှစ်ဆယ့်တစ်ရာစုထဲ တိုးမ၀င်နိုင်ဘူး မထင်ပါနဲ့။ တိုင်းပြည်တပြည်ဟာ စီးပွားရေးနဲ့ စက်မှုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်လာလေ သမိုင်း၊ ဒဿနိကဗေဒ၊ အနုပညာနဲ့ နိုင်ငံရေးသိပ္ပံလို့ ဘာသာရပ်တွေပိုပြီး လိုအပ်လာလေဖြစ်တယ်။
တိုးတက်မှု ကျဆုံးမှု
ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါ ဘယ်နိုင်ငံမှာမဆို စီးပွားရေးနဲ့ စက်မှုအတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တဖက်မှာလည်း စိတ်ဓာတ်ပိုင်းနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေမှာ ကြောက်စရာကောင်းလောက်အောင် ယိုယွင်းကျဆင်းသွားတာကို တွေ့ရတယ်။ အတိုးတက်ဆုံး အချမ်းသာဆုံး အဖွံ့ဖြိုးဆုံးဆိုတဲ့ အဆင့်ရောက်လေ စက်ဆုပ်စရာကောင်းလောက်အောင် ပျက်စီးလေလို့တောင် ဆိုရလောက်ပါတယ်။
ပစ္စန္တရစ
မယုံမရှိနဲ့။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အများဆုံး၊ ဒုစရိုက်လုပ်ငန်းကြီးတွေ အပေါဆုံး၊ ပြည့်တန်ဆာတွေ အထွက်ဆုံးဆိုတာ တွေ့ရလိမ့်မယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတော့ လူတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ငွေနောက်ကိုလိုက်ရင်း လိုက်ရင်း စိတ်ဓာတ်တွေ ရိုင်းစိုင်းခက်ထန်ရုံဆို တော်သေးတယ်။ နောက်တဆင့်တက်ပြီး ကြမ်းကြုတ်ရက်စက်တဲ့အထိ ဖြစ်ကုန်ကြတော့ ကမ္ဘာကြီးတခုလုံးဟာ ပစ္စန္တရစ်အရပ်ကြီးလိုဖြစ်ပြီး နေချင်စရာ မကောင်းတော့ဘူး။
ပညာနဲ့ အသိဉာဏ်
ရိုင်းချင်တိုင်း ကမ်းကုန်အောင် ရိုင်းလာနေတဲ့ လူသားတွေကို ထိန်းချုပ်ဖို့အတွက် မဟာစက်မှု နိုင်ငံကြီးတွေဟာ 'ပညာ' (Knowledge, Technology) ထက် အသိဉာဏ် (Intellect, Wisdom) ကို ဦးစားပေးခဲ့ကြရပြန်တယ်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ သမိုင်း၊ ဒဿနိက၊ ရသဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စာပေ၊ ဂီတနဲ့ အနုပညာဘာသာရပ်တွေကို ကျောင်းတွေ တက္ကသိုလ်တွေမှာ အလေးထားသင်ကြားကြရတယ်။ စက်မှု အတတ်ပညာတွေနဲ့ ဗဟုသုတတွေက လူတွေနဲ့ တိုင်းပြည်နိုင်ငံတွေကို ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်ပေမယ့် တိုင်းပြည်တွေ ငြိမ်းချမ်းသာယာပြီး လူတွေစိတ်ချမ်းသာအောင် ယဉ်ကျေးမှု အထက်တန်းစားဖြစ်အောင်တော့ လုပ်မပေးနိုင်ဘူး။
စိတ်ဓာတ်ကျစရာ မလို
စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူတွေကမှ ဗြဟ္မစိုရ်တရား ပွားများနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးတဲ့အတွက် ကမ္ဘာကြီးတခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်ရတာ။ ဒီအချက်ကို နားလည်လာရင် သမိုင်းလို ဒဿနိကလို ၀ိဇ္ဇာပညာသမားတွေ စိတ်ဓာတ်ကျစရာ မလိုဘူး။ ကွန်ပျူတာ အင်တာနက်ကျွမ်းကျင်မှ လူတောတိုးနိုင်တာ မဟုတ်ဘူး။ အတွေးအခေါ်အထက်တန်းကျပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ သူဆိုရင် လူတိုင်းက အိမ်ဦးခန်းမှာထားပြီး ကိုးကွယ်ချင်လောက်အောင် တန်ဖိုးထားလေးစားကြပါတယ်။ ပညာတတ်တိုင်း ပညာရှိဖြစ်တာ မဟုတ်ပါဘူး။
လူထုစိန်ဝင်း 
၂၁၊ ၂၊ ၂၀၁၁
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ်

Monday, February 14, 2011

လောကကို ယုံပါ သင့်ကိုယ်သင်ယုံပါ - လူထုစိန်ဝင်း


လောကကို ယုံပါ သင့်ကိုယ်သင်ယုံပါ

သင့်ကိုယ်သင် သိအောင်လုပ်
ဘာတွေ လုပ်နိုင်သလဲ
ဘာတွေ မလုပ်နိုင်ဘူးလဲ
သင့်စိတ်ချမ်းသာအောင်
သင်ကိုယ်တိုင်သာ လုပ်နိုင်တယ်။
အလုပ်လုပ်ရင်း သင်ယူလေ့လာရင်းနဲ့
အောင်မြင်မှုတွေ ရယူပြီး
ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ
ယုံကြည်ပါ။
လူ့ဘ၀မှာ
မြတ်နိုးစရာတွေ ရှိတယ်ဆိုတာ
ယုံကြည်ပါ။
နေ့တိုင်း ပျော်ရွှင်ကြည်နူးစွာနဲ့
ကမ္ဘာကြီးရဲ့ အလှတွေကို ခံစားပါ။
ချစ်ခြင်းမေတ္တာကို ယုံကြည်ပါ။
မိတ်ဆွေတွေကို ချစ်ပါ
မိသားစုကို ချစ်ပါ
သင့်ကိုယ်သင် ချစ်ပါ
သင့်ဘ၀ကိုသင် ချစ်ပါ
သင့်အိပ်မက်တွေကို ယုံကြည်ပါ
သင့်အိပ်မက်တွေဟာ
လက်တွေ့ဖြစ်လာနိုင်တာတွေပါ။
         
          Get to know yourself
          what you can do
          and what you cannot do
          for only you can make your life happy
          Believe that by working
          learning and achieving
          you can reach your goals
          and be successful
          Believe in your own creativity
          as a mean of expressing
          your true feelings
          Believe in appreciating life
          Be sure to have fun every day
          and to enjoy
          the beautiful in the world
          Believe in love
          Love your friends
          your family
          yourself
          and your life
          Believe in your dreams
          and your dreams can become
          a reality
-          Susan Polis Schutz




ဒီနေ့ လူငယ်တော်တော်များများဟာ ဘယ်အရာကိုမဆို သံသယစိတ်နဲ့ ကြည့်တတ်ကြတယ်။ ဘာကိုမှ မယုံတဲ့စိတ်တွေ များနေတတ်ပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလား။ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ရခက်နေတတ်တယ်။ သူတို့က လူတွေကို မယုံကြည်ကြဘူး။ သူတို့ပြောတဲ့အတိုင်း ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့လူတိုင်းကို ကြည့်တတ်တယ်။ လူတွေကို မယုံကြည်ရာက လောကကြီးတခုလုံးကိုပါ မယုံကြည်တော့တဲ့အထိ ဖြစ်လာတတ်တယ်။ နောက်ဆုံးအဆင့်ရောက်တော့ ကိုယ်လည်း လူတယောက်ပဲဆိုတဲ့ အတွေးတွေဝင်လာပြီး ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်နိုင်တော့အောင် ဖြစ်သွားလေ့ရှိတယ်။
      ဒီစိတ်တွေ ဖြစ်ပေါ်လာရတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတလို ပုဂ္ဂိုလ်ကအစ ကမ္ဘာကြီးတခုလုံးကို လိမ်နေတာမျိုးတွေချည်း တွေ့နေရလေတော့ ဘယ်သူ့ကို ယုံရဲတော့မှာလဲ။ နေရာတကာမှာ လူတွေက ‘အနိုင်နဲ့အမြတ်’ ကိုသာ အဓိကထားနေကြတယ်။ သူတို့က ‘သိက္ခာဆိုတာ ရိက္ခာဝယ်လို့ မရနိုင်ဘူး’ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာဆိုတာ အရူးတွေရဲ့ အလုပ်လို့တောင် ပြောတတ်ကြသေးတယ်လေ။
      အဲဒါကြောင့် လူငယ်တွေ ဘယ်သူ့ကိုမှ မယုံကြည်တာ၊ ဘယ်အရာကိုမှ မယုံကြည်တာ သူတို့အပြစ်မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်တယ်။ ဒါပေမဲ့လို့ ဒါမကောင်းပါဘူး။ ဒီကတဆင့် ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်တဲ့စိတ်တွေ မလွဲမသွေ ရောက်လာလေ့ရှိတာကလား။
      ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မစူးစမ်းရဲတော့ဘူး။ အဲဒီတော့ ဘာမှဖြစ်မလာနိုင်တော့ဘူး။ ဒီကဗျာလေးကို ဖတ်ပြီး လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်ပါစေ။ လောကကြီးကို ယုံကြည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါမှလည်း လူ့ဘ၀မှာ ပျော်ရွှင်ချမ်းသာစွာ နေသွားနိုင်မယ်လေ။

(၁၇.၁၂.၂၀၀၅) ဖတ်စရာ - ၅၀
          မှတ်ချက် - လူထုစိန်ဝင်း၏ ဖတ်စရာ စာအုပ်မှ…
         

Monday, January 3, 2011

ချစ်သူတွေ ပြန်လာပါစေ (လူထုစိန်ဝင်း)


နှစ်ဟောင်းကုန်ပြီး နှစ်သစ်ရောက်တော့မယ်ဆိုတာနဲ့ မီဒီယာသမား လူငယ်လေးတွေ တယောက်ဝင်တယောက်ထွက် ရောက်လာကြတယ်။ နှစ်သစ်မင်္ဂလာ စကားလေးပြောပေးပါ။ ရေးပေးပါနဲ့ မေတ္တာရပ်ခံကြတယ်။ တခုရေးပြီး မိတ္တူကူးပေးလိုက်ပါလားလို့ အကြံပေးသူက ပေးပေမယ့် မလုပ်ရက်ပါဘူး။
ငြင်းတယ် မရှိဘူး
          ကိုယ်ချင်းစာစိတ်နဲ့ တယောက်စီ သီးခြားရေးပေးပါတယ်။ လူငယ်လေးတွေက လေးစားအားကိုးလို့ ရောက်လာကြတာ မဟုတ်လား။ ဒါကြောင့် မျက်နှာစိမ်းကျက်မရွေး၊ တတ်နိုင်သမျှ ကူညီပါတယ်။ မင်္ဂလာနှုတ်ခွန်းဆက်စကား လေးငါးကြောင်းလောက်ရေးရတာ မဆိုထားနဲ့၊ ဂျာနယ်အသစ်ထုတ်မှာမို့ ဆောင်းပါးရေးပေးပါလို့ လာတောင်းသူမှန်သမျှကိုလည်း ငြင်းပယ်တယ် မရှိပါဘူး။ ကျန်းမာရေးကောင်းနေသမျှတော့ ရေးပေးတာချည့်ပါပဲ။ လူငယ်တွေနဲ့ အသစ်ထုတ်မယ့်သူတွေ ပိုပြီးအလေးထားရေးပေးပါတယ်။ ပြောရတာကတော့ မောလို့၊ မတတ်သာမှ ပြောချင်တယ်။ ရေးရတာကိုတော့ ဘယ်တော့မှ မငြင်းပါဘူး။
ကိုယ့်မူ ကိုယ့်ဘောင်နဲ့ရေးတာ
          မငြင်းတမ်း ရေးပေးနေတော့ နားချိန်မရအောင် ပင်ပန်းပါတယ်။ အကြောင်းအရာတွေလည်း အပ်ကြောင်းထပ်ကုန်ပါတယ်။ မြင်သမျှ၊ တွေ့သမျှရေးတာမဟုတ်ဘဲ ကိုယ့်မူ ကိုယ့်ဘောင်နဲ့ရေးသူဖြစ်လေတော့ ပိုပြီး အပ်ကြောင်းထပ်ပါတယ်။ ဒါကို စာဖတ်ပရိသတ်က သည်းခံပြီး ဖတ်ပေးနေကြတာ ကျေးဇူးတင်ရတယ်။ တာဝန်ကျေအောင်ပိုပြီး ကြိုးစားဖို့ အမြဲသတိထားပါတယ်။ စာတပုဒ်ဖြစ် ပြီးရောဆိုတဲ့ သဘောနဲ့ ဘယ်တော့မှ မရေးပါဘူး။ ပေးစရာသတင်း၊ ပြောစရာစကားမရှိဘဲနဲ့လည်း ဘယ်တော့မှ မရေးပါဘူး။
ပြောချင်တာ တမျိုးတည်းပဲ
          နှစ်သစ်မင်္ဂလာစကား အရေးခိုင်းသူများကို တယောက်လာ တခါရေးပေးပါတယ်။ ကော်ပီကူးပေးတာမျိုး မလုပ်ဘူး။ တခါစီ ရေးပေးတယ်ဆိုပေမယ့် အကြောင်းအရာကတော့ သိပ်မကွဲလှဘူး။ အတူတူလို ထင်ရတယ်။ ပေးချင်တဲ့၊ ပြောချင်တဲ့ အကြောင်းအရာက တမျိုးတည်းရှိတာကိုး။
“နှစ်သစ်မှာ ကိုယ်ရော စိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းတို့ကို ခံစားရရှိကြပါစေ။ လောကဓံရှစ်ပါးရဲ့ အထုအထောင်းမျိုးစုံကို စိုးရိမ်ထိတ်လန့်နေရတဲ့ အကြောက်တရားအားလုံးမှ ကင်းဝေးကြပါစေ”
တယောက်ကို ဒီလိုရေးပေးလိုက်တယ်။
သောကကင်းပါစေ
နောက်တယောက်ကိုတော့…
နှစ်သစ်မင်္ဂလာ အခါသမယမှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းကြပါစေ။ သောကမှန်သမျှ ကင်းဝေးကြပါစေ။ လူသတ္တ၀ါအချင်းချင်း နှိပ်စက်ညှဉ်းပန်းခြင်းမှ ကင်းဝေးကြပါစေ။ စစ်ဆိုသော စကား မကြားမသိရသော နှစ်သစ်ဖြစ်ပါစေ၊ စိတ်း၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ လို့ရေးပေးလိုက်တယ်။
အောင်ဇေယျတု
          နောက်တယောက်လာတော့
          မရှိစကား မကြားရတဲ့ နှစ်ဖြစ်ပါစေ။ စစ်ဆိုတဲ့ စကား မကြားရတဲ့ နှစ်ဖြစ်ပါစေ။ အားလုံး အားလုံး လွတ်မြောက်ကြပါစေ” လို့ရေးလိုက်တယ်။ နောက်တယောက်ကျတော့… “ကမ္ဘာရွာသူရွာသားအပေါင်းအတွက် အောင်ကြောင်းမင်္ဂလာ၊ အောင်ကြောင်းဖြာ၍ အောင်သြဘာနိမိတ်အပေါင်း ခညောင်းစေဖို့ အောင်ဇေယျတု၊ အောင်ဇေယျတု၊ အောင်ဇေယျတုလို့ ကောင်းချီးပြုလိုက်ရကြောင်းပါ
ချစ်သူတွေ အိမ်ပြန်လာတဲ့နှစ်
          နှစ်သစ်မင်္ဂလာစကားဆိုတာ အားလုံးအတွက် ဖြစ်စေချင်တဲ့၊ ခံစားရရှိစေချင်တဲ့ မိမိရဲ့စေတနာကို ဖော်ကျူးတာဖြစ်သလို၊ ကိုယ့်ရင်ထဲမှာ နှစ်နှစ်ကာကာ လိုလားတောင့်တတဲ့အရာတွေကို လှစ်ဟဖော်ထုတ်လိုက်တာလည်း ဖြစ်တယ်။
“မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် နှလုံးစိတ်ဝမ်း အေးချမ်းစေသော နှစ်သစ်၊ ကမ္ဘာ့ရွာအနှံ့ ရောက်ရှိနေကြသော မိသားစုအားလုံး ပြန်လည်ဆုံစည်းကြသော နှစ်သစ်၊ ပိတ်နေတဲ့ တခါးအားလုံး ပွင့်တဲ့နှစ်သစ်၊ ချစ်သူတွေ အိမ်ပြန်လာတဲ့ နှစ်သစ်၊ ၀မ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုနိုင်တဲ့ နှစ်သစ်ဖြစ်ပါစေ၊ ဖြစ်ကြပါစေ”
အားလုံးရဲ့ ဆန္ဒ
          တနှစ်ပြီးတနှစ် အသက်တွေလည်းကြီးလာပြီဆိုတော့ အဝေးရောက်တပည့်တွေကို ပြန်တွေ့ချင်လာတယ်။ သူတို့လည်း မြန်မာပြည်ကို ချစ်ကြသူတွေပဲ။ သူတို့ပြန်လာတာကို ‘Welcome home, Welcome home’ နဲ့ အားရပါးရကြီး ကြွေးကြော်ပြီး ကြိုချင်တယ်။ ဒါဟာ ကိုယ်လိုလားတောင့်တတဲ့အရာဖြစ်သလို၊ အမိအဖ၊ ညီအစ်ကို မောင်နှမတွေအားလုံးရဲ့ ဆန္ဒလည်း ဖြစ်ပေလိမ့်မယ်။
          လောကမှာ ကိုယ့်အိမ်ကိုယ့်ယာထက် နေချင်စရာကောင်းတဲ့အရာ ဘယ်မှာမှ မရှိပါဘူး။ ကိုယ့်အိမ်နဲ့ ဝေးတဲ့နေရာမှာ ဘယ်သူမှ မနေချင်ပါဘူး။ ဒါကြောင့်လည်း ‘There is no place like home, home Sweet home’ ဆိုပြီး စာတွေ၊ ကဗျာတွေ ရေးခဲ့ကြတာပေါ့။ “ကိုယ့်အိမ်နဲ့တူတဲ့နေရာ ဘယ်မှာမှ မရှိ၊ အိမ်။ ချိုမြ ချစ်ရတဲ့ အိမ် တဲ့လေ။
မရှိသလောက်ရှား
          မြန်မာပြည်ဆိုတာ အင်မတန်ကိုမှ ချစ်စရာကောင်းလှတဲ့ အိမ်ကြီးပါ။ ကမ္ဘာမှာ ဒီလိုနေရာမျိုး မရှိသလောက် ရှားတယ်လို့တောင် ပြောချင်တယ်။ ဥတုသပ္ပါယ မျှတတယ်။ အစာရေစာ ပေါကြွယ်ဝတယ်။ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေလည်း အလွန်အင်မတန် ပေါများတယ်။ ရေတွင်းတူးရင်းနဲ့တောင် ရေနံထွက်တဲ့ဒေသ၊ ဘယ် မြစ်ချောင်းအင်းအိုင်ဖြစ်ဖြစ် ကွန်ပစ်ရင် ငါးရသလို၊ ရွှေကျင်ရင် ရွှေရတယ်။ ဒီနှစ်နိုင်ငံမျိုး ကမ္ဘာမှာ ဘယ်လောက်ရှိလို့လဲ။ နှစ်သစ်က လောကသစ်ကို ဆောင်းကြဉ်းလာကြပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။ အောင်ဇေယျတု၊ အောင်ဇေယျတု၊ အောင်ဇေယျတု။

လူထုစိန်ဝင်း - News Watch Journal - အတွဲ(၆)၊ အမှတ်(၂၅)၊ ၅-၁-၂၀၁၁