Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, January 31, 2014

အမှတ်ရစရာတွေကို အမှတ်မရချင်ဘူး


ကော်ဖီတစ်ခွက်၊ သင်္ကြန်တစ်ရက်က
ကျနော်တို့အတွက် အမှတ်ရစရာ
ကျနော်က သူ့အတွက် ချစ်စရာအိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ပေါ့။
ချစ်စရာယုန်ရုပ်လေးရယ်၊ ငှက်ကလေးတွေရယ်က
ကျနော်တို့ကြားက သံယောဇဉ်၊
လေလိုင်းလေးက ကျနော်တို့ရဲ့ အလွမ်းဖြေရာ၊
ပြီးတော့ ပျော်ရွှင်ခြင်းတွေ၊ စိုးရိမ်ပူပန်မှုတွေကို
မျှဝေမိတဲ့ ကျနော့်တို့ရဲ့ အလွမ်းခြေရာ
သူက ကျနော့်ရဲ့ မီးအိမ်ရှင်
..............................
..............................
ကျနော်ချစ်တဲ့သူက
ကျနော့်ကိုသတိရဖို့
alarm ပေးထားရတဲ့ နှလုံးသားနဲ့လူ။
ကျနော့်စိတ်ဆိုးခြင်းတွေကို
တစ်ရက်တည်းနဲ့ ပြယ်လွင့်စေသူ၊
သတိမေ့တတ်တယ်ဆိုရင် ကျနော်နဲ့ပတ်သက်တာတွေသာ
သတိအရဆုံးလို့ဆိုတတ်ပေမဲ့၊
တစ်ခါတလေ
သူက အချစ်မဲ့လူသားပါတဲ့...
ဟုတ်ပါတယ်..
ကျနော်က အချစ်မဲ့လူသားကို ချစ်နေမိသူပါ။
ဒါ့ကြောင့် အမှတ်ရစရာတွေကို ကျနော် အမှတ်မရချင်ဘူး။




Image and video hosting by TinyPic

Friday, February 15, 2013

ဖြစ်နိုင်ရင်...


ဖြစ်နိုင်ရင်... ကိုယ်ချင်းစာတရားမရှိ ပြောတတ်တဲ့သူတွေနဲ့ မဆုံတွေ့ရပါရစေနဲ့၊
ဖြစ်နိုင်ရင်... အသွေးအရောင်အမျိုးမျိုးပြောင်းတတ်တဲ့ အရေခွံချွတ်လူတန်းစားတွေနဲ့ ဝေးရပါစေ၊
ဖြစ်နိုင်ရင်... လြူ့ပိန်းတွေကြီးစိုးတဲ့ ငါတို့နိုင်ငံမဖြစ်ပါစေနဲ့၊
ဖြစ်နိုင်ရင်... ငါတို့နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ မွေးဖွားပါစေ၊
ဖြစ်နိုင်ရင်... စကားအမျိုးမျိုးပြောတတ်တဲ့သူတွေနဲ့ ဝေးဝေးနေနိုင်ပါစေ၊
ဖြစ်နိုင်ရင်... ရွှေရည်စိမ်၊ ငွေရည်စိမ်၊ ကွက်ကြားဒီမိုကရေစီတွေနဲ့ ဝေးပါစေ၊
ဖြစ်နိုင်ရင်... စစ်ပွဲတွေကြားက ကလေးငယ်များ၊ မိခင်များ ငြိမ်းချမ်းပါစေ၊
ဖြစ်နိုင်ရင်... ငါတို့တိုင်းပြည် အမြန်ငြိမ်းချမ်းပါစေ။

လ၀န်းလေး
(31-1-2013)

Monday, November 28, 2011

ကျနော့်မှာလည်း နာကျင်တတ်တဲ့ အသည်းနှလုံးရှိတယ်..



သူများတွေ ပြောကြတယ်….
အသည်းကွဲလို့ အရမ်းခံစားနေရတယ်တဲ့။
အဲဒီအချိန်တုန်းက ပြောခဲ့ဖူးတယ်…
အသည်းကွဲရင် သေသွားမှာပေါ့လို့။
တကယ့်ကို ပေါ့ပေါ့ပါးပါးလေး
ပြောခဲ့လိုက်တာ။
မသိရင် ကိုယ့်မှာ အသည်းမရှိတဲ့အတိုင်းပေါ့…
ခုတော့ ကိုယ်တိုင်လည်း…
သုံးနေကျ လက်သုံးစကား အသည်းကွဲတယ်ဆိုတာချည်းကိုပဲ မသုံးချင်ပါဘူး။
ကျနော့်အသည်းက မကွဲခဲ့ပါဘူး။
နာကျင်ရုံလေးပါ…
ဘယ်လောက်ထိ နာကျင်ရုံလေးလဲလို့ မေးလာခဲ့ရင်…
ခုချိန်မှာတော့ မျက်ရည်ဝဲမိရုံလေးပါပဲလို့…
ဖြေလိုက်မိမှာပါ။
လူမမြင်၊ သူမမြင်ကျခဲ့တဲ့ မျက်ရည်တွေတော့ မပါဘူးပေါ့။
ဒီနေ့တော့…
ဟောင်းနေတဲ့ ဒဏ်ရာက အသစ်လို
နာကျင်နေမိလို့ သူငယ်ချင်းတွေကြားထဲ
မျက်ရည်မကျအောင် ထိန်းရတာ ခက်လိုတာ။
ဟန်ဆောင်ပြီး ရယ်ရတာက အခက်ဆုံးပဲ။
အရမ်းခင်ရတဲ့ အစ်မတယောက်ကတော့…
သူ့ရှေ့မှာ ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျနေတဲ့ ကျနော့်ကို
"ဒီလောက်စိတ်ပျော့နေတာ မကြိုက်ပါဘူး" တဲ့။
ဂရုဏာဒေါသောနဲ့ ပြောနေတဲ့ အစ်မကိုလည်း ဘာမှပြန်ပြီး မတုံ့ပြန်နိုင်ခဲ့။
မာလှပြီထင်နေတဲ့ အသည်း….
မာလှပြီးထင်နေတဲ့ စိတ်…
အခုတော့လည်း ဘာမှမဟုတ်ပါလား။
တကယ်တော့ အတိတ်က ဒဏ်ရာကို မမေ့နိုင်သေးသရွေ့
ဒီဒဏ်ရာတွေက နာကျင်နေရဦးမှာပါပဲ။
အချိန်က အကောင်းဆုံးသမားတော်လို့ဆိုတယ်…
အခုချိန်ထိတော့ မကျက်သေးတဲ့ ဒဏ်ရာက ထိမိခိုက်မိရင်
ဆတ်ဆတ်ခါနာနေတုန်း…
အချိန် ဘယ်လောက်ကြာမှာ အဲဒီဒဏ်ရာတွေ
အဲဒီနာကျင်မှုတွေက ရပ်တန့်သွားမလဲဆိုတာ…
(၁.၁၁.၂၀၁၁)
Image and video hosting by TinyPic

Friday, November 18, 2011

မင်းမြင်မလား



မင်းမြင်မလား…အချစ်တခုကို ပိုင်ဆိုင်ရပြီးချိန်မှာ
အဲဒီအချစ်တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေမိတဲ့ ငါ့စိတ်ကို..
မင်းမြင်မလား…ယုံကြည်နေတဲ့ အချစ်…
ရုတ်တရက်ပျက်သုဉ်းသွားတဲ့အခါ ကျမိတဲ့ ငါ့မျက်ရည်တွေကို…
မင်းမြင်မလား…ငါ့ရဲ့အချစ်တွေက မင်းအတွက် အနှောင့်အယှက်လို့ မင်းထင်တဲ့အခါ
နာကျင်ရတဲ့ ငါ့ရဲ့စိတ်တွေကို…
မင်းမြင်မလား…မင်းကိုချစ်တဲ့ အနာဂတ်မရှိတဲ့ ငါ့ရဲ့အချစ်တွေအတွက်
တွေးမိတိုင်း ငါ့ရင်တွေနာရတယ်ဆိုတာ…
မင်းမြင်မလား…သေဆုံးသွားခဲ့တဲ့ ငါ့ရဲ့အချစ်တွေကို…
မင်းမြင်မလား…မင်းကို သတိရမိတိုင်း
မျက်ရည်ဝဲမိတဲ့ ငါ့အဖြစ်ကို…
မင်းမြင်မလား…ခုချိန်ထိ မင်းကို ငါ
………………………………………….
မင်းမြင်မလား… ငါ့အပြုံးနောက်ကွယ်မှာ
မျက်ရည်တွေနဲ့ဆိုတာ။


Image and video hosting by TinyPic

Monday, January 17, 2011

အလင်္ကာ - ဒဂုန်တာရာ

 
ထိတွေ့စမူ
နားဝမှာလျှင်၊ ကျယ်လောင်သွင်တည့်
မြင်လိုက်သည့်အခါ၊ အာရုံမှာလည်း
မှုန်ဝါမစင်၊ ၀ိုးဝါးထင်၏
ပဲ့တင်သံကား၊ တိမ်တိုက်ကြားဝယ်
လွင့်ပါး လှိုင်းဝေ့ ပမာတည်း။

ခံစားတတ်မူ
မြင့်မြတ်ပညာ၊ အလင်္ကာကား
မြင်ရာကြားမှု၊ အာရုံစုကို
မနုမရိုင်း၊ ပဲ့တင်လှိုင်းဖြင့်
လွင့်တိုင်းသံလွင်၊ ကြည်ဘ၀င်မှာ
ယဉ်ယဉ် ငြိမ့်ငြိမ့် လှသတည်း။    ။
ဒဂုန်တာရာ [ဂန္တ၀င်လောက၊ ၁၉၃၈]
မှတ်ချက် - ဒဂုန်တာရာ၏ ဒဂုန်တာရာ စာအုပ်မှ….

သောင်တင်ရစ်ခဲ့ - အံ့မောင်


ဒုံးပျံလွှတ်တဲ့သူက
ဒုံးပျံလွှတ်နေကြ
လယ်ထွန်တဲ့သူက
လယ်ထွန်နေကြ
မျိုးစေ့ကောင်းရှာတဲ့သူက
မျိုးစေ့ကောင်းရှာနေကြ
ကဗျာရေးတဲ့သူက
ကဗျာရေးနေကြ
ရုပ်ရှင်ရိုက်တဲ့သူက
ရုပ်ရှင်ရိုက်နေကြ
အသက်စွန့်သူတွေက
အသက်စွန့်နေကြ
ဘ၀စွန့်သူတွေက
ဘ၀စွန့်နေကြ
လောကကြီးဟာ
ဒုံးပျံတရာနှုန်းထက်
မြန်မြန်ပျံနေတယ်
မာန်တွေ ရန်တွေနဲ့ဆိုရင်
သောင်တင်နေရစ်ခဲ့ပေတော့လေ။
အံ့မောင်
မှတ်ချက် - မော်ဒန်သတင်းဂျာနယ် ၂၄၊ ဒီဇင်ဘာလ ၂၀၁၀

Saturday, January 15, 2011

ခွက်နဲ့ နှုတ်ခမ်း မတွေ့ခင်

Many a slip
There’s many a slip
between the cup and the lip
and never can you say
what will happen which day.

ခွက်နဲ့ နှုတ်ခမ်း မတွေ့ခင်
ထိချင်ခိုက်ချင် ဖြစ်တတ်သေးရဲ့
ဘယ်နေ့မှာ ဘာဖြစ်မယ်
တကယ်ပြောလို့ မဖြစ်ပေဘူးကွဲ့
အံ့မောင်
မော်ဒန်သတင်းဂျာနယ်၊ ၁၄ ဇန်န၀ါရီ ၂၀၁၁