Showing posts with label စကားပြေ. Show all posts
Showing posts with label စကားပြေ. Show all posts

Thursday, July 19, 2012

ဗိုလ်ချုပ်အောင်ဆန်း အိမ်သို့ (မင်းယုဝေ)




ရန်ကုန်မြို့ တာဝါလိန်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော အိမ်ကို ယဉ်ကျေးမှုဌာနက ‘ဗိုလ်ချုပ်အောင်ဆန်းပြတိုက်’ အဖြစ် ဖွင့်လှစ်ထားသည်။
 ထို့ကြောင့် ရုံးအားရက် တရက်တွင် ကျနော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။
ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေ၏။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံသည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဘွယ် ကောင်းနေပေတော့သည်။
သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး သားသမီးများနှင့် အတူ ၂နှစ်ကျော်နေထိုင်ခဲ့သည်။ ၁၉၄၅ခု မေလမှ ၁၉၄၇ခု ဂျူလှိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိမ်ခန်း၊ ဘုရားရှိခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်က အတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယအစုံအလင်ဖြင့် လက်ရာခြေရာမပျက် ထားရှိပေသည်။
ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျနော်ဝင်ကြည့်သည်။ အခန်းအလယ်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တလုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တခါက ဗိုလ်ချုပ်သည် ဇနီး သားသမီးစုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည် တကား။
သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောစကားကို ကြားယောင်မိသည်။ ဂျာပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။  မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျနော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး။ အခုမနေသာလို့ တက်ရောက်ပါတယ်။ ကျနော် ဒီထမင်းကို မစားသင့်ဘူး။ ဒီထမင်းကို စားလောက်အောင် မြန်မာပြည် အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျနော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူး’ ဟု ပြောခဲ့သည်။