Wednesday, March 9, 2011

ပညာတတ်တိုင်း ပညာရှိမဖြစ် - လူထုစိန်ဝင်း


နယ်ရောက်နေတာ ကြာပြီဖြစ်တဲ့ ကျောင်းသားဟောင်းတယောက် အညာလက်ဆောင်တွေနဲ့ လာကန်တော့ပါတယ်။ မတွေ့တာ ဆယ်နှစ်ကျော်ကြာပြီဖြစ်လို့ ကွင်းဆက်ပြတ်နေတာတွေ ပြန်ဆက်ကြတာ အချိန်အတော်ကြာသွားတယ်။ ပါးစမ်တခုလုံး ရဲပထောင်းထနေလို့ ကွမ်းတွေသိပ်မစားဖို့ သတိပေးရသေးတယ်။
ရန်ကုန်မှာ မနေတတ်
သူက ရန်ကုန်သားပါ။ ဒါပေမဲ့ အခုတော့ အညာသားကြီးတယောက်နဲ့တူနေတယ်။ စကားပြောတာ ဆိုတာကအစ တကယ့်အညာသားအတိုင်းပဲ။ နယ်မှာက သွားစရာ လာစရာမရှိ၊ ကျောင်းဆင်းရင် လုပ်စရာလည်း မရှိဆိုတော့ ဘိလိယက်ခုံပဲ သွားပြီးအပျင်းဖြေရတယ်။ ဘိလိယက်နဲ့အတူ ကွမ်းပါစွဲသွားတယ်။ အရက်မစွဲတာ တော်သေးတယ်လို့ သူကရှင်းပြတယ်။ သူက တက္ကသိုလ်က သမိုင်းဆရာပါ။ ဆရာလုပ်သက် အနှစ် ၂၀ လုံးလုံး နယ်တက္ကသိုလ်ကောလိပ်တွေပဲ လှည့်ပြီး တာဝန်ကျနေတာကြောင့် ရန်ကုန်မှာ မနေတတ်ဘူး. အသက်ရှူကျပ်ပြီး မျက်စိနောက်တယ်လို့ ညည်းတယ်။
ပျော်သလိုနေနိုင်
သူက အိမ်ထောင်မရှိတော့ ဘာအပူမှလည်း မရှိဘူး။ ပျော်သလိုနေနိုင်တယ်။ အိမ်ထောင်နဲ့ ဘုစုခရုတွေနဲ့ဆိုရင် ကလေးပညာရေးတို့ ဘာတို့အတွက် ပူနေရဦးမှာ။
          နယ်မှာနေရတာ စိတ်ချမ်းသာတယ်။ ကွန်ပျူတာသင်တန်းတို့ ဘာသာစကားသင်တန်းတို့ ဆိုတာမျိုးတွေ တက်စရာမရှိတာ တခုပဲဆိုးတယ်။ ဘာသင်တန်းမှ မတက်တော့ ဘာမှ မတိုးတက်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ လူရာမ၀င်တော့ဘူးလို့ စိတ်အားငယ်သလိုလည်း ပြောတယ်။ အင်တာနက်ကဖေးတွေ ဘာတွေမရှိဘူးလားလို့ မေးတော့ ဘိလိယက်ခုံလေးငါးခုံကလွဲပြီး ဘာမှမရှိဘူး။ မီးလည်း မှန်မှန်မလာဘူးလို့ ပြန်ဖြေတယ်။
စိတ်ဓာတ်ကျတယ်
မဟာဘွဲ့ရတဲ့အထိ တက္ကသိုလ်မှာ ဆယ်နှစ်ဆယ်မိုး နေခဲ့ပြီးပြီပဲ။ စာသင်ရတာ မညည်းငွေ့သေးဘူးလားလို့ ဆိုတော့ ဆရာတို့ပဲ အင်တာနက်တွေ ဘာတွေ မသုံးတတ်ရင် နှစ်ဆယ့်တရာစုထဲ တိုးဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ရေးနေကြတော့ ကျနော်တို့တောသားတွေ စိတ်ဓာတ်ကျတာပေါ့ဆရာရဲ့လို့ ပြန်ပြီး စကားနာထိုးတယ်လေ။ သူပြောတာ ဟုတ်နေတော့ အသာလေး ငြိမ်နေလိုက်ရတယ်။ ကိုယ်က မကြာခဏအဲဒီလို ရေးမိတာကိုး။ ဒါပေမဲ့ သူစိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ နယ်မှာနေပြီး စိတ်ဓာတ်ကျနေရင် အရက်သမားဖြစ်သွားနိုင်တယ်။ ခုတောင် ကွမ်းစွဲနေပြီး၊ စိတ်ဓာတ်မကျအောင် တခုခုတော့ ပြောမှဖြစ်တော့မယ်။
မကောင်းမှုနိဒါန်း
စိတ်ဓာတ်ကျတယ်ဆိုတာက မကောင်းမှုတခုခုပြုဖို့အတွက် အစပျိုးတဲ့ နိဒါန်းစကားဖြစ်တယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားစွဲတာ အားလုံးစိတ်ဓာတ်ကျရာက စတာဖြစ်တယ်။ စိတ်ဓာတ်ကျတာကို မြန်မြန်ကုစားပစ်ရမယ်။ မကုစားနိုင်ရင် မကောင်းမှုဘက် ယိုင်သွားမယ်။ ယိုင်မသွားအောင် စိတ်ပျက်လက်ပျက်နဲ့ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီး လူကတုံးသွားနိုင်တယ်။ ပညာတွေ အများကြီးတတ်ထားပြီး တုံးသွား အသွားတဲ့အဖြစ် မရောက်သင့်ဘူး။ သူ့ကို အားပေးစကားပြောဖို့ ခေါင်းကုတ်ပြီး စဉ်းစားရတယ်။
စာတွေဖတ်ပြီး တိုးတက်နိုင်
သူက သမိုင်းဘာသာရပ်ကို မဟာဝိဇ္ဇာဘွဲ့ရတဲ့အထိ သင်လာခဲ့ရုံသာမက လက်ရှိလည်း တက္ကသိုလ်မှာ ဆရာလုပ်နေသူဖြစ်တယ်။ ကွန်ပျူတာမရှိ၊ အင်တာနက်မရှိပေမယ့် သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေနဲ့ တခြားစာနယ်ဇင်းတွေတော့ မရှိဘဲမနေပါဘူး။ စာနယ်ဇင်းတွေနဲ့ စာအုပ်စာတမ်းတွေ ဖတ်ပြီးတော့လည်း အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပါတယ်။ အရေးကြီးတာက အဆက်အပြတ်လေ့လာသင်ယူနေဖို့သာဖြစ်တယ်။ သမိုင်းဘာသာရပ်မို့ နှစ်ဆယ့်တစ်ရာစုထဲ တိုးမ၀င်နိုင်ဘူး မထင်ပါနဲ့။ တိုင်းပြည်တပြည်ဟာ စီးပွားရေးနဲ့ စက်မှုအတတ်ပညာ ဖွံ့ဖြိုးတိုးတက်လာလေ သမိုင်း၊ ဒဿနိကဗေဒ၊ အနုပညာနဲ့ နိုင်ငံရေးသိပ္ပံလို့ ဘာသာရပ်တွေပိုပြီး လိုအပ်လာလေဖြစ်တယ်။
တိုးတက်မှု ကျဆုံးမှု
ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါ ဘယ်နိုင်ငံမှာမဆို စီးပွားရေးနဲ့ စက်မှုအတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တဖက်မှာလည်း စိတ်ဓာတ်ပိုင်းနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေမှာ ကြောက်စရာကောင်းလောက်အောင် ယိုယွင်းကျဆင်းသွားတာကို တွေ့ရတယ်။ အတိုးတက်ဆုံး အချမ်းသာဆုံး အဖွံ့ဖြိုးဆုံးဆိုတဲ့ အဆင့်ရောက်လေ စက်ဆုပ်စရာကောင်းလောက်အောင် ပျက်စီးလေလို့တောင် ဆိုရလောက်ပါတယ်။
ပစ္စန္တရစ
မယုံမရှိနဲ့။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အများဆုံး၊ ဒုစရိုက်လုပ်ငန်းကြီးတွေ အပေါဆုံး၊ ပြည့်တန်ဆာတွေ အထွက်ဆုံးဆိုတာ တွေ့ရလိမ့်မယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတော့ လူတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ငွေနောက်ကိုလိုက်ရင်း လိုက်ရင်း စိတ်ဓာတ်တွေ ရိုင်းစိုင်းခက်ထန်ရုံဆို တော်သေးတယ်။ နောက်တဆင့်တက်ပြီး ကြမ်းကြုတ်ရက်စက်တဲ့အထိ ဖြစ်ကုန်ကြတော့ ကမ္ဘာကြီးတခုလုံးဟာ ပစ္စန္တရစ်အရပ်ကြီးလိုဖြစ်ပြီး နေချင်စရာ မကောင်းတော့ဘူး။
ပညာနဲ့ အသိဉာဏ်
ရိုင်းချင်တိုင်း ကမ်းကုန်အောင် ရိုင်းလာနေတဲ့ လူသားတွေကို ထိန်းချုပ်ဖို့အတွက် မဟာစက်မှု နိုင်ငံကြီးတွေဟာ 'ပညာ' (Knowledge, Technology) ထက် အသိဉာဏ် (Intellect, Wisdom) ကို ဦးစားပေးခဲ့ကြရပြန်တယ်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ သမိုင်း၊ ဒဿနိက၊ ရသဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စာပေ၊ ဂီတနဲ့ အနုပညာဘာသာရပ်တွေကို ကျောင်းတွေ တက္ကသိုလ်တွေမှာ အလေးထားသင်ကြားကြရတယ်။ စက်မှု အတတ်ပညာတွေနဲ့ ဗဟုသုတတွေက လူတွေနဲ့ တိုင်းပြည်နိုင်ငံတွေကို ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်ပေမယ့် တိုင်းပြည်တွေ ငြိမ်းချမ်းသာယာပြီး လူတွေစိတ်ချမ်းသာအောင် ယဉ်ကျေးမှု အထက်တန်းစားဖြစ်အောင်တော့ လုပ်မပေးနိုင်ဘူး။
စိတ်ဓာတ်ကျစရာ မလို
စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူတွေကမှ ဗြဟ္မစိုရ်တရား ပွားများနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးတဲ့အတွက် ကမ္ဘာကြီးတခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်ရတာ။ ဒီအချက်ကို နားလည်လာရင် သမိုင်းလို ဒဿနိကလို ၀ိဇ္ဇာပညာသမားတွေ စိတ်ဓာတ်ကျစရာ မလိုဘူး။ ကွန်ပျူတာ အင်တာနက်ကျွမ်းကျင်မှ လူတောတိုးနိုင်တာ မဟုတ်ဘူး။ အတွေးအခေါ်အထက်တန်းကျပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ သူဆိုရင် လူတိုင်းက အိမ်ဦးခန်းမှာထားပြီး ကိုးကွယ်ချင်လောက်အောင် တန်ဖိုးထားလေးစားကြပါတယ်။ ပညာတတ်တိုင်း ပညာရှိဖြစ်တာ မဟုတ်ပါဘူး။
လူထုစိန်ဝင်း 
၂၁၊ ၂၊ ၂၀၁၁
မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ်

No comments:

Post a Comment