Sunday, March 6, 2011

ညီမလေးဖတ်ဖို့ (၃)


ညီမလေးရေ…
ဒီတပတ် မမကြီး သူငယ်ချင်းနဲ့အတူ ရန်ကုန်-ဒလသွားတဲ့ သင်္ဘောပေါ်မှာပေါ့။ သင်္ဘောစောင့်နေတုန်း မမကြီးရဲ့သူငယ်ချင်းက ညီမလေးတို့အရွယ်ကောင်မလေးတယောက်ကို နှုတ်ဆက်နေတာ တွေ့လိုက်တယ်။ ပထမတော့ မမကြီးက သူတို့ကိုသာမန်လောက်သာ အာရုံရောက်မိတယ်။ သူတို့ပြောနေတဲ့စကားတွေကို သာမန်လောက်သာသဘောထားခဲ့ပေမယ့် နောက်ပိုင်းတော့ စိတ်ဝင်တစားနဲ့ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီကောင်မလေးက သူရဲ့ အမေနဲ့အတူ အထုပ်အပိုးတွေအများကြီးနဲ့  ဒလဘက်ကမ်းကူးဖို့ သင်္ဘောစောင့်နေကြပုံပါပဲ။ မမကြီးရဲ့ သူငယ်ချင်းက အဲဒီကောင်မလေးကို 'ဆိုင်ကို ဘာလို့မလာတာလဲ၊ အမတို့မျှော်နေကြတာ' လို့ပြောတော့ အဲဒီကောင်မလေးက 'သမီးတို့အလုပ်ပြုတ်သွားပြီလေ အမကြီးရဲ့' လို့ပြန်ဖြေတော့ မမကြီးရဲ့သူငယ်ချင်းက အံ့သြစိတ်မကောင်းစွာနဲ့ သူတို့အကြောင်းကို မေးမြန်းနေတော့တာပေါ့။ မမကြီးလည်း အဲဒီတော့မှ သူတို့ရဲ့စကားသံတွေကို ဂရုစိုက်နားထောင်ဖြစ်တော့တယ်။
သူတို့က မမကြီးရဲ့သူငယ်ချင်းအလုပ်လုပ်တဲ့ အင်တာနက်ဆိုင်ရှိတဲ့လမ်းမှာ နေ့စဉ်အမှိုက်တွေ လိုက်သိမ်းတဲ့အလုပ်လုပ်နေကြတယ်ဆိုတာ နားထောင်နေရင်းနဲ့သိခဲ့ရတယ်။ အခုတော့ သူတို့အလုပ်သမားအချင်းချင်း အဆင်မပြေဖြစ် စကားများရာမှ အလုပ်ပြုတ်ရတဲ့အဆင့်အထိဖြစ်သွားရတယ်လို့ လည်းပြောနေလေရဲ့။ ညီမလေးတို့အရွယ်လောက်သာရှိသေးတဲ့ အဲဒီညီမလေးရဲ့ အလုပ်ချိန်တွေကို ညီမလေးသိရင်ဖြင့် အံ့သြသွားမလားပဲ။ ဟုတ်တယ်။ မမကြီးကိုယ်တိုင်လည်း အံ့သြခဲ့မိတယ်။ သူတို့မှာတရက်လုံးမှာမှ နားချိန်က ပျမ်းမျှအားဖြင့် သုံးလေးနာရီလောက်ပဲရှိတယ်။ သူတို့အပြောအရဆိုရင် မနက် သုံးနာရီလောက်ကနေ အမှိုက်စသိမ်းလိုက်တာ ည ဆယ့်တနာရီလောက်အထိတာဝန်ကျတဲ့လမ်းတွေကို သွားရတယ်လို့ပြောတယ်။ မနက်ဆိုလည်း သုံးနာရီလောက်ထပြီး အလုပ်စကြရတယ်တဲ့။ တပတ်တရက်တော့ နားခွင့်လေးရှိသေးလို့သာပေါ့ ညီမလေးရယ်။ အစားအသောက်ဆိုတာလည်း ဖြစ်သလိုစား တွေ့ကရာကို ကြုံသလိုအဆင်ပြေသလို စားသောက်ရဖန်များလာတော့ အသက်ငါးဆယ်နီးပါးလောက်ရှိနေပြီဖြစ်တဲ့ အဲဒီညီမလေးရဲ့အမေက တရက်တော့ အိပ်ရေးပျက်တဲ့ဒဏ်၊ အစားအသောက်ပုံမှန်မရှိဘဲ ဖြစ်သလို စားသောက်ရတဲ့ဒဏ်တွေကြောင့် အမှိုက်သိမ်းဖို့အသွား လမ်းမှာ မူးပြီးလဲကျမလိုဖြစ်ခဲ့သေးတယ်တဲ့ကွယ်။ တော်သေးတာပေါ့ သမီးဖြစ်တဲ့သူ ပါလာလို့သာပေါ့။ ဆေးခန်းသွားပြတော့လည်း အအိပ်အစားပုံမှန်မရှိတဲ့အတွက် အားနည်းပြီးဖြစ်တာဆိုတော့ အစားအသောက်ပုံမှန်စားသောက်ဖို့ အိပ်ချိန်မှန်မှန်အိပ်ဖို့လိုအပ်တယ်လို့ ဆရာဝန်က ပြောသတဲ့။ ဒီအလုပ်ကိုလုပ်မှလည်း သူတို့သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးက ပြေလည်မယ်ထင်ပါရဲ့ကွယ်။
ညီမလေးရေ…ညီမလေးတို့အရွယ်လောက်သာရှိတဲ့ အဲဒီညီမလေးက အတန်းပညာ ကောင်းကောင်းသင်ခဲ့ရပုံမပေါ်ပေမယ့် ဘ၀ပေးအသိတွေတော့ တော်တော်ကြွယ်ဝပုံရတယ်။ သွက်လက်ဖော်ရွေပြီး လိမ်မာယဉ်ကျေးတယ်။  သူရဲ့ငယ်ရွယ်ပြီးတန်ဖိုးရှိလှတဲ့ ဘ၀လေးကို မိခင်နဲ့အတူ စားဝတ်နေရေးအတွက် သမာအာဇီဝနည်းနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ သူ့ရဲ့စိတ်ဓာတ်လေးက ချီးကျူးဖို့ဘယ်လောက်ကောင်းလဲနော်။ သူ့မှာ သူတပါးကို မှီခိုအားကိုးလိုစိတ်မရှိဘူး။ ကိုယ်ရဲ့လုပ်ခနဲ့ရတဲ့ချွေးနဲစာလေးနဲ့ ဘ၀ကိုရုန်းကန်နေပြီး သူ့ရဲ့မနက်ဖြန်တွေက သူတို့သားအမိဝမ်းရေးအတွက် လမ်းတွေထဲလိုက်ပြီး အမှိုက်သိမ်းရင်း ဘ၀ကို ရင်ဆိုင်ဖြတ်သန်းပြီး ပျော်နေပုံပါပဲ ညီမလေးရယ်။
အဲဒီအချိန်မှာ သင်္ဘောက ကမ်းကပ်လာတော့ သင်္ဘောပေါ်ကို သူတို့သားအမိနဲ့အတူ မမကြီးတို့သူငယ်ချင်းနှစ်ယောက်လည်း တက်လိုက်ကြတယ်။ သင်္ဘောပေါ်ရောက်တော့ မမကြီးရဲ့ သူငယ်ချင်းက မမကြီးထိုင်ဖို့နဲ့ သူထိုင်ဖို့အတွက် ထိုင်ခုံနှစ်လုံးယူလိုက်တယ်။ မမကြီးတို့ထိုင်ပြီး သိပ်မကြာပါဘူး။ သင်္ဘောက ဒလဘက်ကမ်းကူးဖို့ စထွက်တယ်လေ။ ခဏကြာတော့ ထိုင်ခုံခတွေလိုက်ကောက်တဲ့ လူက မမကြီးတို့အနားရောက်လာပါရော။ အဲဒီညီမလေးက ထိုင်ခုံခလိုက်ကောက်တဲ့သူကို သွက်သွက်လက်လက်နဲ့ 'ဒီမှာနော် ထိုင်ခုံနဲ့ထိုင်နေတာမဟုတ်ဘူး။ ကိုယ့်အထုပ်ပေါ် ကိုယ်ထိုင်နေတာလို့' ထပြောတော့ သူ့ရဲ့ သွက်လက်ချက်ခြာပုံကိုကြည့်ရင်း မမကြီးတို့ရယ်မိသေးတယ်။ သူတို့သားအမိက ပါလာတဲ့အထုပ်အပိုးတွေပေါ်ကို တက်ထိုင်နေကြတော့ ထိုင်ခုံမယူဘူးလေ။
သူတို့သားအမိက ဒလဘက်ကမ်းက အသိတယောက်အိမ်မှာ တညအိပ်တည်းပြီး နောက်တနေ့မှာ သူတို့ရဲ့ဇာတိရပ်ရွာကို ပြန်မယ်လို့ပြောသံကြားရတယ်။ သူရဲ့မိခင်ကတော့ သူတို့ဘ၀ရှေ့ရေးအတွက် တွေးတောလာလို့ထင်ပါရဲ့၊ လေးနက်ပြီး မျက်နှာလည်း သိပ်မကောင်းဘူး။ သူကတော့ ကလေးဆိုတော့ ဘာကိုမှ လေးလေးနက်နက်မတွေးထားပုံပါပဲ။ စကားတွေပြောလိုက် ရယ်လိုက်နဲ့ပါပဲ။ သူပြောတာက ရွာပြန်ရင် 'အိပ်ရေး၀၀ အိပ်ရတော့မယ်' တဲ့။ ညီမလေးရေ…လောကကြီးမှာ မမကြီးတို့ ညီမလေးတို့ မတွေးထင်တာတာတွေ မစဉ်းစားကြည့်ဖူးတာတွေ ကိုယ်တိုင်သိမြင်ကြုံတွေ့မှပဲ သိလာရတော့တယ်။ တွေးကြည့်ရင် ဘယ်လောက်စိတ်မကောင်းဖို့ကောင်းသလဲနော်။ မမကြီးတော့ ညီမလေးရဲ့အရွယ်မို့ ကိုယ့်ညီမလေးလို သဘောထားပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ညီမလေးကတော့ သူနဲ့ရွယ်တူဖြစ်ပေမယ့် အပူအပင်မရှိ ပညာကိုသင်ယူနိုင်တယ်။ သူကတော့ ပညာသင်ဖို့ဝေးလို့ စားဝတ်နေရေးအတွက် ကိုယ်တိုင်ရုန်းကန်ကြိုးစားနေရတယ်။
ဒလဘက်ကမ်းကို သင်္ဘောကပ်တော့ အထုတ်အပိုးတွေနဲ့ဖြစ်နေတဲ့ သူတို့သားအမိအနားကို အထမ်းသမားတွေ ရောက်လာကြတယ်။ သူကတော့ အထုပ်တထုပ်ကို ပေါ့ပေါ့ပါးပါးပဲ စွေ့ခနဲခေါင်းပေါ်တင်လိုက်ပြီး ကိုယ်တိုင်ပဲသယ်မယ်လို့ အထမ်းသမားတွေကိုပြောလိုက်တယ်။ မြွေရေခွံအိတ်နှစ်လုံးရယ် လက်ဆွဲအိတ်နှစ်လုံးရယ် ကြွပ်ကြွပ်အိပ်ကြီးတလုံးရယ်နဲ့ သူတို့သားအမိကိုကြည့်ပြီး မမကြီးရဲ့ သူငယ်ချင်းက ခပ်မြန်မြန်ပဲ အထုပ်ကြီး တထုပ်ကိုမနိုင်မနင်း သွားဆွဲနေတော့ မမကြီးလည်း သူနဲ့အတူ အိတ်ကိုတဖက်ကနေ ကူဆွဲပေးလိုက်တယ်။ သူတို့သားအမိနှစ်ယောက်က အားတုံ့အားနာနဲ့ မသယ်ဖို့ တားရှာပါတယ်။ နှစ်ယောက်သယ်တာတောင် တော်တော်သယ်ယူရတဲ့ အိတ်ပါ ညီမလေးရယ်။ သူတို့ခမျာ အထမ်းခမပေးနိုင်လို့သာ ကိုယ်တိုင်မနိုင့်တနိုင်သယ်ဖို့ လုပ်ကြတာလေ။ မမကြီးသူငယ်ချင်းနဲ့အတူ အဲဒီအထုပ်ကူပြီး သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို သယ်လာတော့ လမ်းမှာ အဲဒီညီမလေးက ဘာပြောတယ်မှတ်လဲ 'အမကြီးတို့ ရုံးမှာဆို ဘောပင်လေးကိုင်ပြီးနေရင်း  အခုလိုအထုပ်သယ်ရတာ ပင်ပန်းမှာပဲနော်' လို့ပြောတော့ မမကြီးတို့နှစ်ယောက်သား သူပြောတာကိုပြုံးမိကြတယ်။ ကမ်းပေါ်ရောက်လာတော့ သူတို့သားအမိနှစ်ယောက် ညအိမ်တည်းခိုမယ့်အိမ်က ဝေးတော့ ဆိုင်ကယ် ကယ်ရီတွေနဲ့သွားရမယ့်အကြောင်းနဲ့ မမကြီးတို့ ကူသယ်လာတဲ့ အထုပ်ကိုယူပြီး သားအမိနှစ်ယောက်စလုံးက ကျေးဇူးတင်ကြောင်း တဖွဖွပြောနေတော့တာပါပဲ။
ညီမလေးရေ…ဘ၀ပေးအခြေအနေကြောင့် ပညာသင်ကြားဖို့ဝေးလို့ စားဝတ်နေရေးအတွက် သမာအာဇီဝနည်းနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်နေရင်း ဘ၀ပေးအသိအမြင်တွေနဲ့ သွက်လက်ပြီး လိမ်မာယဉ်ကျေးတဲ့ ညီမလေးတို့အရွယ် ညီမလေးတယောက်ကို အမှတ်မထင် ခဏတာလေးဆုံခဲ့တုန်း သူ့ဘ၀အကြောင်းလေး မမကြီးသိရသလောက် ညီမလေးကို ပြန်ပြောပြခဲ့တာပါ။ မမကြီးနဲ့ ခဏတာလေးဆုံခဲ့ပေမယ့် မမကြီးတော့ သူ့ကိုမေ့နိုင်မှာမဟုတ်ပါဘူး။ အခုလှို ညီမလေးတို့အရွယ်လေးတွေ စာသင်ခန်းထဲမှာရှိရမယ့်အချိန်မှာ မိသားစုဝမ်းရေးအတွက် ပင်ပင်ပန်းပန်းလှုပ်ရှားနေသူတွေကိုတွေ့ရင် မမကြီး လေးစားမိပါရဲ့။ မမကြီးရဲ့ ညီမလေးလည်း သူတို့ရဲ့ဘ၀တွေကို စာနာနားလည်တတ်တဲ့ သူတယောက် ဖြစ်ပါစေကွယ်။




Image and video hosting by TinyPic

No comments:

Post a Comment