Sunday, March 20, 2011

မိုးရွာသော နွေရက်များ….


မိုးတွေရွာ…လေးအေးတွေကတိုက်နဲ့ အခုဘယ်ရာသီဥတုကို ရောက်နေပါလိမ့် ဆိုတာတောင် ကျနော် အူကြောင်ကြောင် စဉ်းစားမိသေး။ ဒါပေမယ့် သိပ်မစဉ်းစားနိုင်ပါဘူး။ ခြေဖျားတွေ လက်ဖျားတွေ အေးစက်ပြီး ဆောင်းတွင်းထက်ပင် ပိုအေးနေသေးတော့ အအေးကြောက်တဲ့ ကျနော်တော့ ဘယ်ကိုမှမထွက်ဘဲ အိမ်ထဲမှာပဲ ငြိမ်နေမိပါတော့တယ်။ စာအုပ်တွေတော့ တော်တော်ဖတ်မိသား။ ပျင်းပျင်းရှိတာနဲ့ မလှုပ်မယှက် ကွန်ပျူတာရှေ့မှာထိုင်ပြီး စာအုပ်တွေ တအုပ်ပြီးတအုပ်ဖတ်နေမိတော့တယ်။
ကျနော့်ဖွားဖွားကတော့ ကွန်ပျူတာရှေ့မှာချည်း တချိန်လုံးထိုင်နေတဲ့ ကျနော့်ကို မျက်စိမှုန်တော့မှာပဲလို့ တဖွဖွပြောနေတော့တယ်။ ကျနော့်စိတ်တွင်းမှာတော့ မျက်စိက အရင်ကတည်းက မှုန်နေတာပဲ လို့ ပြောနေမိတယ်။ တကယ့်လက်တွေ့မှာတော့ ဖွားဖွားပြောတာကို မကြားသလို လုပ်ကာ ကွန်ပျူတာကိုသာ စူးစူးစိုက်စိုက်ကြည့်နေမိတယ်။
မိုးကလည်း တနေ့လုံး ရွာနေတော့တယ်။ မိုးကောင်းကင်ကို ကြည့်မိတော့ မိုးတိမ်မည်းမည်းတွေ တရွေ့ရွေ့သွားနေတယ်။ အဲဒါကိုကြည့်ပြီး ဆရာကြီးရဲ့ဒဂုန်တာရာရဲ့ 'ကောင်းကင်မှာ မိုးတိမ်တွေလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်' ဆိုသော အရေးအသားကို သွားအမှတ်ရမိတယ်(အတိအကျတော့ မမှတ်မိတော့ပါ)။ လေ တချက်တချက်အတိုက် အိမ်ရှေ့က သရက်ပင်က သရက်သီးတွေက ရေအုတ်ကန်ကိုမိုးထားတဲ့ သွပ်ပြားပေါ်ကို ကြွေကျသံက တခါတခါ လန့်စရာပင် ကောင်းသေးတော့တယ်။ အိမ်ခေါင်းရင်ဘက်က ပိန္နဲပင်အကိုင်းက အိမ်ခေါင်မိုးအစွန်းတဖက်နှင့် တချက်တချက်ပွတ်တိုက်သံက တ၀ုန်းဝုန်းနဲ့။
ဆောင်းတွင်းတခုလုံးလည်း ဒီလိုအေးတာမျိုးနဲ့ မကြုံခဲ့ရ။ လူက လှုပ်လိုက်တာနဲ့ အအေးဓာတ်တွေက ခန္ဒာကိုယ်ထဲ ၀င်လာတယ် ထင်မိတယ်။ ဒါကြောင့် ငြိမ်ငြိမ်လေး ထိုင်နေမိတယ်။ အနွေးထည်ဝတ်ပြီး အလွယ်တကူ ညီမလေးရဲ့ခေါင်းစွပ်ကိုတွေ့တော့ ယူစွပ်ထားမိတယ်။ အရင်က ဒူးလောက်ထိ ခေါက်တင်ပြီး ၀တ်တဲ့ ဘောင်းဘီကိုလည်း ခြေမျက်စိထိရောက်အောင် ဖြန့်ချနေမိတယ်။
ညရောက်တော့ ဂွမ်းစောင်နှစ်ထည်ထပ်ပြီး စောင်ခေါင်းမြီးခြုံရင်း လူက ပုဇွန်ကွေးသလို ကွေးကွေးလေးနေမိတော့တယ်။ ဖွားဖွားကတော့ ဘုရားရှိခိုးနေတယ်။ တော်တော်ကြာမှ အိပ်ယာထဲဝင်ပြီး ခေါင်းအုံးနဲ့ ခေါင်းတခြားစီဖြစ်နေတဲ့ ကျနော့်ကိုကြည့်ပြီး ဒီကလေးကတော့ တနေ့လုံးလည်း ကွန်ပျူတာကြည့်နေပြီး လာအိပ်ပါဆိုလည်း မအိပ်ဘဲနဲ့ ခုအိပ်တော့လည်း အိပ်မပျော်ခင်ကတည်းက ခေါင်းအုံးနဲ့ခေါင်းက တခြားစီဖြစ်နေပြီလို့ တတွတ်တွတ်ပြောရင်း ကျနော့်ခေါင်းကို မ ကာ ခေါင်းအုံးပေါ်တင်ပေးတယ်။ ကျနော်ကလည်း အိပ်မပျော်သေးဘဲနဲ့ ဘာမှပြန်မပြောမိ။ ဖွားဖွား အဲသလို လုပ်ပေးနေတာကို ကြည်နူးပြီး ငြိမ်ငြိမ်လေးနေမိတယ်။ ပြီးတော့ ဂွမ်းစောင်တထည်ထပ်ယူလာပြီး ကျနော်ကိုယ်ပေါ်ကို ခြုံပေးနေတယ်။ လူက စောင်တွေအထပ်ထပ်သာ ခြုံထားပေမယ့် အအေးဓာတ်ကတော့ လုံးဝမပျောက်။ စောင်သုံးထပ်ခြုံပြီး စောင်အလေးချိန်နဲ့ လူကပိုပြီး မလှုပ်ချင်တော့။ လှုပ်ရင်လည်း အအေးဓာတ်က ပိုပိုဝင်လာသလို ထင်မိတော့တယ်။
ဖွားဖွားက ကျနော် အိပ်မပျော်သေးမှန်းသိတော့ စကားတွေပြောနေတယ်။ အခုချိန် စောင်မရှိတဲ့ သူတွေ ဘယ်လိုနေမလဲ မသိဘူးနော် လို့ပြောတော့ အဲဒီတော့မှ ကျနော်လည်း စဉ်းစားမိတော့တယ်။ ဟုတ်ပါရဲ့နော်…သူတို့တွေ သနားပါတယ်။ အိမ်တွေက အမိုးမလုံ အကာမလုံနဲ့ အဲဒီအိမ်တွေက ကလေးလေးတွေတော့ အရမ်းချမ်းနေမှာပဲလို့ တချိန်လုံးငြိမ်နေတဲ့ ကျနော်က ဖွားဖွားကို ပြန်ပြောမိတယ်။ ပြီးတော့ ကိုယ်တိုင်လည်း စောင်သုံးထပ်ခြုံထားတာ သူတို့အပေါ် တရားပါရဲ့လားလို့ အတွေးဝင်လာပြီး စိတ်က ညစ်ညူးနေမိတယ်။
နောက်တနေ့လည်း မိုးက ရွာကောင်းတုန်း။ တခါတလေ မိုးစဲသွားပေမယ့် လေအေးတွေက အဆက်အပြတ်တိုက်ခတ်နေတော့ အရင်နေ့လိုပဲ အေးခဲနေတော့တယ်။ ဒီနေ့လည်း ဘယ်မှမထွက်ဘဲ အိမ်မှာပဲနေပြီး စာဖတ်မယ်စိတ်ကူးကာ စာအုပ်ရွေးနေမိတော့တယ်။ အခု အချိန်စိတ်ထဲမှာ ဖတ်ချင်နေတဲ့ စာအုပ်က ဆရာကြီးဒဂုန်တာရာရဲ့ မေ၀တ္တုကို ပြန်ဖတ်ချင်လာတယ်။ ကျနော့် ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ Ebook တွေအများကြီးထဲမှာ ကျနော်လိုက်ရှာနေမိတော့တယ်။ ဘယ်လိုမှ မတွေ့။ ကျနော်ကလဲ ဒီစာအုပ်ပဲ ဖတ်ချင်နေမိပြီး တခြားစာအုပ်တွေလဲ ဖတ်ချင်စိတ်မရှိ။ ဒါနဲ့ပဲ အင်တာနက်ဆိုင်ဘက်ကို  သွားပြီး စာအုပ်ရှာနေမိတယ်။ ကွန်နက်ရှင်ကလည်း မကောင်း။ နာရီဝက်လောက်ထိ စောင့်နေမိပေမယ့် ဘယ်လိုမှ ကွန်နက်ရှင်ကမကောင်း။ ဖတ်ချင်နေတဲ့ မေ၀တ္တုကလည်း ဒေါင်းလော့လုပ်လို့ အဆင်မပြေ။ ဒါနဲ့ပဲ ချမ်းချမ်းစီးစီးနဲ့ အိမ်ပြန်လာလိုက်တယ်။ အဲဒီနေ့က စာကောင်းကောင်းမဖတ်ဖြစ်။ လူကလည်း နှာတွေချေ၊ နှာရည်တွေကျ၊ လည်းချောင်းတွေနာနဲ့ ဖျားချင်သလိုလိုဖြစ်နေတယ်။
နောက်နေ့ မနက်အိပ်ယာထတော့ မျက်နှာသစ်ရင်း အိမ်ပြင်ကိုထွက်ပြီး ကောင်းကင်ကို မော့ကြည့်မိတယ်။ ကြည်ပြာရောင်သမ်းနေတဲ့ ကောင်းကင်ကြီးက မနေ့က ညို့ညို့မှိုင်းမှိုင်းဖြစ်ခဲ့တာ သူမဟုတ်သလိုပါပဲ။ အရှေ့ဆီက နေရောင်လေးသမ်းလာတော့ အလင်းရောင်က ပိုမိုပီပြင်လာတယ်။ ဒါကိုကြည့်ပြီး ကျနော့်အတွေးထဲမှာတော့ မှိုင်းမှိုင်းညို့ညို့နဲ့ တိမ်ဖုံးတဲ့ နေ့တွေရှိသလို အခုလိုသာယာကြည်လင်တဲ့ နေ့သစ်တွေလည်း ရှိပါတကားလို့ တွေးနေမိတော့တယ်။


Image and video hosting by TinyPic 

No comments:

Post a Comment