Wednesday, March 9, 2011

ကံ့ကော်ပန်းပွင့်လေးနဲ့ တူတဲ့ မကြီးသို့ အမှတ်တရ...


ကျနော်တက္ကသိုလ်တက်စဉ်အချိန်တုန်းက ကျနော့်ရဲ့အမရင်းတယောက်လို ချစ်ခင်ခဲ့ရတဲ့ အစ်မတယောက်ရှိခဲ့တယ်။ ကျနော့်အမြင်မှာတော့ မကြီးက ကံ့ကော်ပန်းပွင့်လေးနဲ့ တူတယ်။ အသားလေးက ဖြူဝင်းပြီး အ၀ါရောင်သန်းနေတယ်။ ကံ့ကော်ပွင့်လေးတွေတွေ့ရင် မကြီးကို မြင်နေရသလိုပါပဲ။ မကြီးက မဟာသိပ္ပံဘွဲ့အတွက် တက်နေသူဖြစ်ပြီး ကျနော့်ထက် အသက်ဆယ်နှစ်ကျော်ကျော်ကြီးတယ်။
မကြီးနဲ့ကျနော်က တမြို့ထဲလည်းဖြစ်၊ ကျောင်းသွားရင် လိုင်းကားနဲ့မသွားဘဲ ဖယ်ရီစီးတာလဲတူ၊ အဲ..နောက် တူတာရှိသေးရဲ့။ အဲဒါတော့ သူငယ်ချင်းတွေပြောကြတာ။ မကြီးနဲ့ကျနော်က မျက်နှာကြောတင်းတာခြင်းလဲတူတယ်တဲ့။ အသွင်တူခြင်း ခင်မင်မိကြတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း မကြီးကို စတွေ့ဖူးတော့ မျက်နှာထားတည်တည်နဲ့ မကြီးကို တော်တော်မာနကြီးမယ့် ပုံပဲလို့ စိတ်ထဲက မှတ်ချက်ချမိတယ်။ နောက်တော့ ခင်သွားတော့လည်း  မကြီးက တော်တော်သဘောကောင်းတယ်ဆိုတာ သိလာရတယ်။  ကျနော်က လူတယောက်ကို လွယ်လွယ်ကူကူ မခင်တတ်ပေမယ့် ခင်မင်မိရင်လည်း အလွန်ပဲသံယောဇဉ်ကြီးတတ်တယ်။
ကျောင်းဖယ်ရီစီးရင် ဖယ်ရီကို မကြီးအရင်ရောက်ရင်ပဲဖြစ်ဖြစ် ကျနော်အရင်ရောက်ရင်ပဲဖြစ်ဖြစ် အရင်ရောက်တဲ့သူက နေရာချန်ပေးတတ်ကြတယ်။ မကြီးရဲ့မေဂျာက ရုက္ခဗေဒဘာသာဆိုတော့ စာသင်ရတဲ့အဆောင်က အဆောင်-၁၊ ကျနော်တို့အဆောင်က အဆောင်-၂။ အဆောင် ၁၊ ၂ ဆိုပေမယ့် နီးသလားဆိုတော့ မနီးပါ။ အတော်လှမ်းလှမ်းသွားရပါတယ်။ ကျောင်းရောက်ရင်လည်း ကျနော့်အတန်းပြီးတာနဲ့ မကြီးတို့အတန်းရှိရာ အဆောင်-၁ ကိုလာပြီး စာသင်နေတုန်းဖြစ်တဲ့ မကြီးကို စောင့်ပြီးမှ အတူတူပြန်ဖြစ်ကြတယ်။ မကြီးရဲ့အတန်းက စောပြီးနေရင်လည်း ကျနော့်အတန်းရှိရာကို လာရှာပြီး အတူတူပြန်တယ်။
မကြီးတို့မေဂျာက အဲဒီနှစ်မှာ မဟာသိပ္ပံဘွဲ့တက်နေသူက မကြီးနဲ့မှ ဆယ်ယောက်စွန်းစွန်းလောက်ပဲရှိတယ်။ အဲဒီထဲမှာမှ ယောက်ျားလေးက တယောက်ပါတယ်။ သူတို့အားလုံးက ကျနော့်ကို မကြီးရဲ့ ညီမလို့ပဲ ထင်နေကြတယ်။ ဒီလိုပဲ ကျနော့်အတန်းက တက္ကသိုလ်စတက်မှ ခင်ကြတဲ့ ကျနော့်သူငယ်ချင်းတွေကလည်း မကြီးကို ကျနော့်အမအရင်းလို့ ထင်ကြတယ်။
တခါတော့ မကြီးတို့အတန်း စောပြီးနေလို့ ကျနော့်အတန်းရှိရာ အဆောင် - ၂ ကို လာပြီး ကျနော့်ကိုရှာတယ်။ အဲဒီနေ့မှာ ကျနော်ကလည်း အတန်းကစောပြီးနေလို့ မကြီးဆီ မသွားသေးဘဲ စာကြည့်တိုက်ကို သွားနေတာဆိုတော့ ကျနော့်တို့အတန်းမှာ ကျနော့်ကိုမတွေ့လို့ ပြန်သွားပြီထင်ပြီး အဲဒီနေ့က ဖယ်ရီမစီးဘဲ ပြန်သွားတယ်။ ကျနော် စာကြည်တိုက်ကနေပြန်လာပြီး မကြီးတို့အဆောင်ကိုသွားတော့ မကြီးရဲ့သူငယ်ချင်းက 'မဦး ပြန်သွားပြီ။ ညီမလေးတို့အတန်းကို လာရှာသေးတယ်။ မတွေ့တော့ သွားပြီထင်ပြီး ပြန်သွားတာ' လို့ပြောတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျနော် မကြီးကို စိတ်ဆိုးခဲ့တယ်။ ကျနော်သူ့ကို မစောင့်ဘဲ ဘယ်တုန်းကမှ အိမ်မပြန်ဖူးတာပဲလေ။ စိတ်မကောင်းလည်း ဖြစ်မိတယ်။
နောက်တနေ့ ဖယ်ရီကားပေါ်မှာတွေ့တော့ ကျနော် မကြီးကို မသိချင်ယောင်ဆောင်ပြီး မခေါ်ဘဲ နေမိတယ်။ မကြီးက ကျနော်ရဲ့နာမည်ထဲကမှ ထူးထူးခြားခြား ဘယ်သူမှမခေါ်တဲ့ နာမည်တလုံးတည်းကို ခေါ်တတ်တယ်။ 'ဟေ့..စိတ်ကောက်နေတာလား…မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲကွာ' လို့ မကြီးပြောတယ်ဆိုပဲ စိတ်ပြေနေတဲ့ ကျနော်က ဟန်ဆောင်ပန်ဆောင်တောင် စိတ်မကောက်ဖြစ်တော့ပါ။ ကျနော်က စိတ်ကောက်တတ်ပေမယ့် ခဏလေးနဲ့ စိတ်ပြေတတ်တယ်။ ဒါပေမယ့် မေ့တော့ မမေ့။
ကျောင်းမှာ ကင်တင်းထိုင်ရင်လည်း ကျောင်းသားကြီးတွေဖြစ်တဲ့ မကြီးတို့ သူငယ်ချင်းတစုနဲ့ အတူထိုင်ဖြစ်တာများတယ်။ အားလုံးနဲ့ယှဉ်ရင် ကျနော်က အငယ်ဆုံးဖြစ်နေတာပေါ့။ မကြီးတို့မေဂျာမှာ ရှားရှားပါးပါးတယောက်သာပါသော ယောက်ျားလေးအစ်ကိုကြီးတယောက်ရှိတယ်။ အဲဒီအစ်ကိုကြီးက မကြီးတို့နဲ့အတူတူ တတွဲတွဲနေလေ့ရှိတော့ မကြီးဆီကိုလာတဲ့ ကျနော့်ကို အမြဲစနောက်တတ်တယ်။ ပြီးတော့ မကြီးနဲ့သက်တူရွယ်တူဖြစ်ပေမယ့် မကြီးကို ကျနော်ခေါ်သလို မကြီးလို့နောက်ပြောင်ခေါ်လေ့ရှိတယ်။ အဲဒီိအစ်ကိုကြီးက သီချင်းဆိုဝါသနာပါပုံပါပဲ။ ကျနော်သွားတိုင်း စာမသင်တဲ့အချိန်တွေဆို တပုဒ်တည်းသော သီချင်းကိုပဲ အမြဲညည်းနေတတ်တယ်။ သူဆိုနေကျ သီချင်းက 'မျှော်တော်ရောင်'ဆိုတဲ့ သီချင်း။ တခါတလေ စာသင်နေတာနဲ့ ကြုံရင်လည်း စာသင်နေရင်းပင် ကျနော်ကို လှမ်းစတတ်သေးတယ်။ ကျနော်ကတော့ စာသင်နေတဲ့ ပါမောက္ခဆရာမကြီးမြင်ပါစေလို့ ကြိတ်ဆုတောင်းမိတယ်။
တခါတလေ မကြီးတို့ လက်တွေ့လုပ်ရတဲ့ စိုက်ကွင်းတွေဘက်ကို လိုက်သွားတတ်တယ်။ စပါးမျိုးစေ့တွေကို တစ်ရှူးစတွေနဲ့ မျိုးပင်ပေါက်အောင်လုပ်ရင်း အလုပ်ရှုပ်နေတဲ့ မကြီးတို့အုပ်စုကိုကြည့်ရင်း ရွာမှာဆို စပါးစိုက်ပေမယ့် တစ်ရှူးစမလို၊ အခုလို ပိုးမွေးသလိုမွေးနေစရာလည်း မလိုပါဘူးလို့ တွေးနေမိတော့တယ်။ ယုယုယယစိုက်ထားတဲ့ စပါးပင်တွေ အနှံထွက်လာတော့လည်း စပါးတနှံမှာ ဘယ်နှစ်စေ့ပါလည်းလို့ ရေတွက်ရတာအမော။ ကျနော်တောင် မကြီးတို့နဲ့ရောပြီး ရေတွက်ရတာ အစစ်ပါလိုက်သေးတယ်။
သွားလေရာ လမ်းတလျှောက်မှာ ဘာပင်တွေပေါက်နေသလဲဆိုတာ မကြီးနဲ့အတူတူသွားတော့မှ မကြီးသတိထားကြည့်သလို ကျနော်လည်းကြည့်ဖြစ်ခဲ့တယ်။ ဘာပန်းမှာ ပွင့်ဖက်ဘယ်နှစ်လွှာပါတယ်၊ ဘယ်အသီးရဲ့ အညှာကတော့ ဘယ်လို ဆိုတာတွေလည်း မကြီးပြောပြမှ သတိထားပြီးကြည့်တတ်လာတော့တယ်။ ကျနော်နဲ့ မကြီးက သစ်ပင်စိုက်တာ ၀ါသနာပါတာခြင်းတော့ တူတယ်။
တခါသားက သန်လျင်ကျိုက်ခေါက်ဘုရားပွဲကို မကြီးနဲ့ ကျနော် သွားဖြစ်ကြလေရဲ့။ မကြီးက သနပ်ခါးဝယ်ဖို့အတွက်ဆိုပြီး သွားဖြစ်ကြတာလေ။ သနပ်ခါးတုံးတွေအပြင် သနပ်ခါးအမြစ်တုံးတွေပါ ၀ယ်ပြီး သနပ်ခါးလိမ်းပျင်းတဲ့ (အမှန်တော့ သနပ်ခါးသွေးဖို့ပျင်းတာက ခပ်များများရယ်) ကျနော့်ကိုပါ ညဘက်လိမ်းအိပ်ဖို့ဆိုပြီး သနပ်ခါးအမြစ်တုံးတတုံးကို ၀ယ်ပေးတယ်။ ပြီးတော့ ပြန်ခါနီးမှာ Kiss me ပန်းလို့ ကျနော်တို့ခေါ်ကြတဲ့ ပန်းပျိုးပင်ပေါက်တွေရောင်းတဲ့ဆီကို နှစ်ယောက်သား မတိုင်ပင်ဘဲ သွားဖြစ်ကြတယ်။ လှလိုက်တဲ့ ပန်းတွေ။ အပင်ငယ်လေးတွေနဲ့ အပွင့်တွေပွင့်လိုက်တာ။ အနီရောင်အပွင့်တွေရော အစိမ်းနုရောင်၊ ဆင်စွယ်ရောင်အပွင့်တွေက ကျနော်နဲ့ မကြီးကို စိတ်ဝင်စားအောင် စွဲဆောင်နေတာကိုး။ လက်တတောင်လောက်သာရှိတဲ့ အပင်ငယ်လေးပေမယ့် အရောင်အသွေးစုံလှတဲ့ အပွင့်တွေနဲ့ အပင်ခြေမှာ အမြစ်ရှည်ရှည်လေးတွေတောင် ပါလိုက်သေးတယ်။ ဒါနဲ့ပဲ မကြီးက သူ့စိတ်ကြိုက် ပန်းပင်သုံးပင်ဝယ်ပြီး ကျနော့်အတွက် ပန်းပင်တပင်ကို စိုက်ဖို့ဆိုပြီးပေးတယ်။
အိမ်ပြန်ရောက်တော့ ကျနော်လည်း မကြီးက သေသေချာချာရှင်အောင်စိုက်နော်လို့ ပြောလိုက်တော့ ပန်းအိုးတွေဘာတွေဝယ်ပြီး အကျအနစိုက်ဖို့ ပြင်တော့တာပေါ့။ သစ်ပင်စိုက်ရင်း လက်ကအငြိမ်မနေဘဲ သစ်ပင်ရဲ့အောက်ခြေ အမြစ်လေးတွေထွက်နေတဲ့ဆီကို လက်ကရောက်သွားပြီး အမြစ်ကို သေချာကိုင်ကြည့်လိုက်တော့ သစ်ပင်ရဲ့ အမြစ်က လည်ပြီးလိုက်နေတာတွေ့ရတော့ ဘယ်လိုပါလိမ့်ဆိုပြီး အမြစ်ကိုကိုင်ပြီးဆွဲထုတ်လိုက်တော့ အမြစ်ကတခြား အပင်ကတခြားနဲ့ ပျိုးပင်ပေါက်ထင်ပြီး အညာခံလိုက်ရမှန်း သဘောပေါက်မိတော့တယ်။ အပင်ရဲ့ပင်စည်အခေါင်းပေါက်ထဲကို တခြားအပင်တခုခုရဲ့ အမြစ်ကိုထိုးထည့်ထားပြီး သာမန်ကြည့်ရင်တော့ အပင်နဲ့အမြစ်အစစ်လို့ပဲထင်မိတာပေါ့။ အပင်က တဖက် အမြစ်ကတဖက်ကိုင်ပြီး ပန်းအိုးရှေ့မှာ ကျနော်တယောက်တည်း ရယ်နေမိတယ်။ မကြီးလည်း ကျနော့်လိုပဲ ပန်းပင်စိုက်ရင်တော့ သိမှာပဲလို့တွေးမိပြီး မကြီးဘယ်လိုပြောမလဲဆိုတာ သိချင်လို့ ကျောင်းမြန်မြန်ဖွင့်စေချင်မိတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းနှစ်ရက်ပိတ်ထားတော့ ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့မှ မကြီးနဲ့တွေ့ရတော့မှာကိုး။ တနင်္ဂနွေနေ့ရောက်တော့ ပန်းပင်မှာပါတဲ့ ပန်းပွင့်တွေကလည်း အပွင့်စစ်မဟုတ်မှန်း သိလာရတယ်။ အပင်ကနွမ်းသွားတော့ ပန်းခိုင်ရဲ့ဘေးမှာ တုတ်နဲ့ထိုးပြီးထည့်ထားတဲ့အပေါက်က ကျယ်လာပြီး ဆွဲနှုတ်ကြည့်တော့မှ အပွင့်ကလည်း တုတ်နဲ့ထိုးပြီးထည့်ထားတာမှန်း သိလာရတယ်။ မှတ်မှတ်ရရ အဲဒီတခါအညာခံရတုန်းကတော့ စိတ်ဆိုးဒေါသထွက်ဖို့ဝေးလို့ ရယ်သာရယ်ချင်နေမိတော့တယ်။
နောက်တပတ် တနင်္လာနေ့ ကျောင်းဖွင့်တော့ မကြီးကိုတွေ့တယ်ဆိုရင်ပဲ ကျနော်က 'မကြီးရေ…ပန်းပင်ကလေ… ဟဲဟဲ' လို့ ရှေ့ဆက်စကားမဆိုတော့ဘဲ ဖယ်ရီပေါ်မှာ တခြားသူတွေပါရှိတော့ အဲလိုပြောလိုက်တယ်ဆိုရင်ပဲ မကြီးက ရယ်ကျဲကျဲနဲ့ ကျနော့်ကို ဘယ်လိုသိသွားတာလဲတဲ့။ မကြီးရဲ့ အိမ်ကတော့ အပင်တွေ၊ အသီးတွေ၊ အပွင့်တွေအကြောင်းသင်နေရပြီး မဟာဘွဲ့အတွက် တက်နေရတဲ့သူက ဒါလေးတောင် မသိရကောင်းလားလို့ဆိုပြီး မကြီးရဲ့မေမေက ဆူတယ်လို့ပြောတာကြားရတော့ ကျနော် ရယ်နေမိတယ်။ ကျနော်က အပွင့်တွေကလည်း တကယ့်အစစ်တွေမဟုတ်ဘူးနော်။ တုတ်နဲ့ထိုးပြီးထည့်ထားတဲ့ အပွင့်တွေဖြစ်နေတယ်လို့ ပြောပြီး နှစ်ယောက်သား ငိုအားထက် ရယ်အားသန်ဆိုသလို အညာခံရလို့ ဒေါသထွက်ချင်ပေမယ့် ရယ်စရာကောင်းတာက ပိုနေတော့ ဒေါသကဘယ်ဆီရောက်နေမှန်းတောင် မသိ။ ဒီနှစ်လည်း နှစ်စဉ် တပို့တွဲလပြည့်နေမှာ ကျင်းပနေမြဲဖြစ်တဲ့ ကျိုက်ခေါက်ဘုရားပွဲတော်ကို မရောက်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ လေးနှစ်လောက်က မကြီးနဲ့ကျနော် ပန်းပျိုးပင်ဝယ်ခဲ့ကြတာကို အမှတ်ရနေမိတယ်။ မကြီးတော့ အမှတ်ရပါ့မလား မသိ။
မကြီးနဲ့ကျနော်က ကော်ဖီကြိုက်တာချင်းတူပေမယ့် တခြားအစားအစာတွေတော့ တယ်မညီလှဘူး။ မကြီးက ၀က်သားသိပ်ကြိုက်ပြီး ကျနော်က ၀က်သားလုံးဝမစား။ ၀က်သားမစားပေမယ့် မကြီး ၀က်ခေါင်းသုပ်ဆိုင်သွားလည်း ကျနော်လိုက်ဖြစ်တယ်။ မကြီး ၀က်သားတုတ်ထိုးစားရင် ဘေးမှာထိုင်ပြီး ဟိုငေးဒီငေး ငေးနေတဲ့ ကျနော်။ တခါတလေ မကြီးက ၀က်သားစားကြည့်ပါလား ဒီလောက်ကောင်းတာကိုလို့ စ တတ်တယ်။ ကျနော်တို့မြို့ကို တခါတလေပြန်ဖြစ်ရင် မကြီးကို အမြဲသတိရမိတယ်။ မကြီးတို့နေတဲ့ အိမ်ကိုသိပေမယ့် ကျနော်မသွားဖြစ်ခဲ့ဘူး။
မကြီးနဲ့ ကျနော် မတွေ့ဖြစ်ကြတာ သုံးနှစ်တောင် ရှိတော့မှာပဲ။ တမြို့တည်းနေကြပေမယ့် ဘွဲ့ရပြီးကတည်းက လုပ်ငန်းခွင်ထဲရောက်နေတဲ့ ကျနော်နဲ့ အိမ်ထောင်ကျသွားတဲ့ မကြီးတို့ မတွေ့ဖြစ်ကြတော့ပါ။ နောက်ဆုံးနှစ်စာမေးပွဲတွေပြီးတော့ မကြီးရဲ့မင်္ဂလာဆောင်ကို ကျနော်သွားခဲ့တယ်။ ကျနော့်ရင်ထဲမှာ မကြီးကိုနှမြောတဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေနဲ့ အဲဒီတုန်းက တော်တော်ခံစားရတယ်။ မကြီးရဲ့ မင်္ဂလာပွဲမှာ မကြီးက ကျနော့်ကို အမှတ်တရဓာတ်ပုံရိုက်ရအောင် မသွားနဲ့ဦးနော်လို့ပြောပေမယ့် မကြီး ဧည့်သည်တွေကို လိုက်ဧည့်ခံနေတုန်း တိတ်တိတ်လေး ကျနော်ပြန်ခဲ့လိုက်မိတယ်။ အဲဒီအချိန်ကတည်းက မကြီးနဲ့ကျနော် မတွေ့ဖြစ်ကြတော့ဘူး။ မတွေ့ဖြစ်တာ သုံးနှစ်လောက်အချိန်အတွင်းမှာ မကြီးဘာတွေပြောင်းလဲ သွားပြီလဲဆိုတာ သိချင်မိတယ်။ ကံ့ကော်ပန်းပွင့်လေးတွေလည်း ပွင့်နေပြီ မကြီးရေ… ကံ့ကော်ပန်းလေးတွေမြင်ရင် မကြီးကို သတိရတယ်။
ခုချိန်လောက်ဆိုရင် မကြီးတယောက် တက္ကသိုလ်မှာဆရာမပဲဖြစ်နေပြီလား…နောက်ပြီး မကြီးတို့မှာ သားသမီးတွေ ပွားစီးနေလောက်ပြီပေါ့။ ကျနော့်ရဲ့ တူလေးလား တူမလေးလား မသိတဲ့ အဲဒီကလေးလေးကို ကျနော် မြင်ဖူးချင်လိုက်တာ။ မကြီးတို့ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျနော်ဆုတောင်းနေပါတယ်။

Image and video hosting by TinyPic

1 comment:

  1. ညီမလေးရဲ့ မကြီးအကြောင်း လာဖတ်သွားပါတယ်....ခင်မင်မှုသံယောဇဉ်တွေကတော့ ဝေးသွားရင်တောင် တိုက်ဆိုင်မှုရှိတိုင်း သတိတရ ဖြစ်စေမှာပေါ့...။

    ReplyDelete