ညီမလေးရေ...
ဒို့ညီအစ်မနှစ်ယောက်က အသက်ဆယ့်တစ်နှစ်ကွာတယ်ဆိုပေမယ့် ညီအစ်မလိုကော သူငယ်ချင်းလိုပါ ပေါင်းမိခဲ့ကြတယ်နော်။ ခဏခဏ စ တတ်တဲ့ မမကြီးကြောင့် ညီမလေးက တခါတခါပြုံးရယ်တယ်။ တခါတရံလည်း စိတ်ကောက်တတ်တယ်နော်။ မမကြီးကတော့လေ... ညီမလေး မမကြီးအပေါ်မှာ အကြီးဆိုပြီး ကြောက်ရွံ့ရတာမျိုး မလိုချင်ဘူး။ ချစ်ခင်အားကိုးတဲ့ စိတ်ပဲရှိစေချင်တယ်။ မမကြီးနဲ့ အနေဝေးပေမယ့် ညီမလေးအကြောင်းရှိတဲ့အခါ ဖုန်းဆက်ပြီး တိုင်ပင်တတ်တဲ့ ညီမလေးကြောင့် ပြောမပြတတ်အောင် ၀မ်းသာရတယ်။ မမကြီး အိမ်ပြန်လာရင် ညီမလေးက 'မမကြီးကို ပြောစရာရှိသေးတယ်' လို့ပြောတိုင်း အနေဝေးပေမယ့် နွေးထွေးတဲ့ သံယောဇဉ်ကို ခံစားမိတယ်။ ခုဆို ညီမလေးက အသက် ၁၃ နှစ်ရှိပြီ။ သတ္တမတန်းတောင် ရောက်နေပြီနော်။ တခါတလေ အိမ်ပြန်ရင် ညီမလေးကိုကြည့်ရတာ ပင်ပန်းလိုက်တာ။ မနက်ဆို ငါးနာရီခွဲ အိပ်ယာထ။ ပြီးရင် အိမ်ရဲ့ဟိုဖက်တလမ်းကျော်မှာရှိတဲ့ ကျူရှင်အိမ်ကိုပြေး။ ကျူရှင်ကနေ ကျောင်းကိုတန်းသွား။ ညနေ သုံးနာရီ ကျောင်းကလွှတ်တော့ အိမ်ရောက်ပြီး ရေချိုး၊ ထမင်းစား၊ စာကျက်။ ညနေငါးနာရီခွဲတော့ ကျူရှင်ပြန်သွားရပြီး ညကိုးနာရီလောက်မှ အိမ်ကိုပြန်ရောက်တဲ့ ညီမလေးကိုကြည့်ပြီး ညီမလေးပင်ပန်းမှာပဲဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ကစားချိန်လည်းမရှိတဲ့ ညီမလေး။ စက်ရုပ်လေးနဲ့ တူနေတဲ့ ညီမလေးကိုကြည့်ပြီး မမကြီး တခုတွေးမိတယ်။ အချိန်ကုန် လူပန်းဖြစ်ရသလောက် ညီမျှတဲ့ ပညာကို မရမှာစိုးမိတယ်ကွယ်။ ဒါကြောင့် ညီမလေး စာကြိုးစားပါ။ စာကို ၏ သည်မရွေး ကျက်ဖို့မလိုပါဘူး ညီမလေးရယ်။ ညီမလေးသင်ရတဲ့ ပညာကို စဉ်းစားတွေးခေါ် မြော်မြင်တတ်ဖို့ ဗဟုသုတတိုးပွားဖို့ပဲ နှလုံးသွင်းထားပါ။ စာတပုဒ်ကို နှုတ်တိုက်ရွတ် အာဂုံဆောင် ကျက်တဲ့အကျင့်တွေ ညီမလေးဆီမှာ မရှိပါစေနဲ့ကွယ်။ မမကြီးတို့ငယ်ငယ်ကလည်း စာတပုဒ်ကို ပါးစပ်ကနေ အဆက်မပြတ်ရွတ် မထစ်အငေါ့ မရှိရနေရင်ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီမှတ်နေခဲ့တယ်။ ဒါပေမယ့် ညီမလေးရယ်... အဲဒီလိုမှတ်နေခဲ့တာဟာ နည်းစနစ်အမှားကြီးဆိုတာ အချိန်နှောင်းမှ သိခဲ့ရတယ်လေ။ ဒါကြောင့် ညီမလေးကိုလည်း မမကြီးလို မဖြစ်စေချင်ဘူးလေ။ ပြီးတော့ ကျောင်းပိတ်ရက် အားလပ်ချိန်လေးတွေမှာ ပြင်ပစာပေတွေလည်း ဖတ်ဖြစ်အောင်ဖတ်ပါ။ ကာတွန်းစာအုပ်ပဲဖြစ်ဖြစ် ဂျာနယ် မဂ္ဂဇင်းပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် မမကြီးအခန်းထဲမှာရှိတဲ့ မမကြီးရဲ့ စာအုပ်တွေကို ယူဖတ်ပေါ့။ စာအုပ်အားလုံးကို ညီမလေး စိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ဒါပေမယ့် ညီမလေးဖတ်ချင်စိတ်ရှိမယ့် စာအုပ်တော့ တွေ့မှာပါ။
ညီမလေး ခြောက်တန်းတုန်းက မမကြီးအိမ်ပြန်လာတော့ စာစီစာကုံး မမကြီးကို ရေးခိုင်းတယ်လေ။ မရေးတတ်လို့ဆိုပြီး။ မှတ်မိသေးလား။ ညီမလေးရေးခိုင်းတော့ မမကြီးကအကြောင်းအရာတွေ ပြောပြခဲ့တယ်လေ။ ညီမလေး ဘာသာရေးဖို့။ နောက်ပိုင်းတော့ ညီမလေး တိုးတက်လာတယ်ပြောရမယ်။ စာစီစာကုံးကို ကိုယ်တိုင်ရေးတတ်လာတယ်လေ။ တနေ့ မမကြီးအိမ်ပြန်လာတော့ ညီမလေးကိုယ်တိုင်ရေးထားတာလို့ ပြောတဲ့ စာစီစာကုံးဖတ်ကြည့်လိုက်တော့ 'ငါ့ ညီမလေးက တယ်တော်ပါလား'လို့ မမကြီး ချီးကျူးမိတယ်လေ။ တချို့တွေ စာစီစာကုံးကို ဆရာမတွေပြောတဲ့ ခေါင်းစဉ်သုံးခုလောက်ကို စာစီစာကုံးစာအုပ်တွေထဲကကြည့်ပြီး ကျက်တဲ့သူတွေ မမကြီး တွေ့ဖူးခဲ့တယ်။ မမကြီးကတော့ အဲသလို တခါမှ မလုပ်ခဲ့ဖူးဘူး။ ခေါင်းစဉ်တခုကို စာစီပြီးရေးဖို့ဆိုတာ စာလုံးတွေ အကြောင်းအရာတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေရင် မခက်ခဲပါဘူး ညီမလေးရယ်။ တကယ်တော့ ပြင်ပစာပေတွေကို ညီမလေး ကို ဖတ်ခိုင်းရတာက ညီမလေးဖတ်ခဲ့တဲ့ စာတွေထဲက ဗဟုသုတ ရစရာတွေ အတုယူသင့်တာယူပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ရမှာပေါ့။ လွန်ခဲ့တဲ့ သုံးလလောက်က မမကြီး အိမ်မှာ အတော်ကြာကြာနေဖြစ်ခဲ့တယ်။ ဒီတော့ ညီမလေးကိုလည်း ဘယ်စာအုပ်ကိုဖတ်... အဲဒီစာအုပ်ကတော့ ညီမလေးဖတ်ဖို့သင့်တယ်လို့ ပြောပြခဲ့တယ်နော်။ ဆရာမောင်သာချိုရဲ့ 'သမီးဖတ်ဖို့' စာအုပ်လေးကိုလည်း ညီမလေးအားရင် ဖတ်နော်လို့ မမကြီးပြောခဲ့တယ်။ တကယ်တော့ မမကြီးလည်း အဲဒီစာအုပ်လေးကို ဖတ်ဖြစ်တာက မမကြီးလေးစားရတဲ့ သူတယောက်က မမကြီးကို ဖတ်ဖို့ညွှန်းခဲ့လို့လေ။ သူ့ကျေးဇူးကြောင့် အဲဒီစာအုပ်လေးကို မမကြီးဖတ်ဖြစ်တယ်။ သိပ်ကောင်းတဲ့ စာအုပ်လေးပါပဲ။ ဒါကြောင့် ညီမလေးကိုလည်း ဖြည်းဖြည်းချင်းဖတ်ဖို့ ပြောပြောနေတာပေါ့။ ညီမလေးကတော့ 'အင်း' လို့ပြောပြီး ဖတ်တာလည်း မမကြီး မတွေ့ခဲ့ဘူး။ ဒီလိုနဲ့ တနေ့တော့ MRTV-4 က ထုတ်လွှင့်တဲ့ ဆရာမောင်သာချိုနဲ့ တွေ့ဆုံခြင်း အစီအစဉ်ကို မမကြီးကြည့်နေတော့ ညီမလေးပါ အတူကြည့်ခဲ့ပြီးနောက်တော့။
ဆက်လက်ဖက်ရှုပါရန်....
No comments:
Post a Comment