Friday, February 11, 2011

ပင်လုံကျေးဇူး - တင်ဧ(ရှမ်းပြည်)


 
ပြည်ပတောင်တန်းပူးပေါင်းရေး စာချုပ်ကျောက်တိုင်

ပင်လုံကား မထင်ရှားသော ရွာကလေးမျှသာတည်း။ စော်ဘွားရုံးစိုက်ရာ မြို့လည်းမဟုတ်။ စော်ဘွားရုံးစိုက်ရာ မြို့ကား လဲချားဖြစ်၏။ အင်္ဂလိပ်အစိုးရတို့ ရုံးစိုက်မြို့လည်းမဟုတ်။ အင်္ဂလိပ်အစိုးရတို့ ရုံးစိုက်ရာမြို့ကား လွယ်လင်ဖြင်၏။ ပင်လုံသည် လဲချားမြို့နှင့် လွယ်လင်မြို့အကြားတွင် တည်ရှိ၏။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့နှင့် မိုင် ၆၀ ခန့်ဝေး၏။
ပင်လုံသည် အုပ်ချုပ်ရေးအားဖြင့်သာ အရေးမပါသည်မဟုတ်။ စီးပွားရေးအားဖြင့်လည်း များစွာ အရေးမပါလှချေ။ စီးပွားရေးအားဖြင့် ရှမ်းဖက်(သနပ်ဖက်)အရောင်းအ၀ယ်သာလျှင် အသင့်အတင့်ဖြစ်ထွန်း၏။ ထို့ပြင် လမ်းပန်းအဆက်အသွယ်အားဖြင့်လည်း ကားလမ်းတစ်လမ်း တည်းသာလျှင်ရှိ၏။ ရှမ်းပြည်နယ်တောင်ပိုင်း ရထားလမ်းဆုံရာဖြစ်သော ရွှေညောင်မြို့နှင့် မိုင်ပေါင်း ၇၀ကျော် ကွာလှမ်း၏။ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ လားရှိုးစသည်တို့နှင့်လည်း မိုင်ပေါင်းရာကျော် ကွာဝေး၏။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့်လည်း ထို့နည်းလည်းကောင်း ကွာလှမ်း၏။ မည်သည့်ဒေသမှပင် သွားသည်ဖြစ်စေ၊ တောင်အထပ်ထပ် လျှိုအတန်တန် ခဲယဉ်ပင်ပန်းစွာ ကျော်ဖြတ်ပြီး သွားမှသာလျှင် ပင်လုံသို့ရောက်မည်ဖြစ်၏။ ဤသို့လျှင် ပင်လုံသည် မထင်ရှားသော ရွာကလေးအဖြစ်ဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်းတွင် အေးဆေးငြိမ်သက်စွာ ဘာသာဘာဝ တည်ရှိနေလေသည်။
အေးဆေးသည် ဆုရာ၌ အရောင်းအ၀ယ် အလုပ်အကိုင်တို့၌သာမက ရာသီဥတုအားဖြင့်လည်း မြောက်လေတဟူးဟူး ဆီးနှင်းတဖြောက်ဖြောက်နှင့် ခိုက်ခိုက်တုန် ချမ်းအေးနေပေသည်။
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ။
ဤကဲ့သို့ များစွာ အသက်မ၀င် မထင်ရှားလှသော ရွာကလေးသို့ ဤမျှ ခိုက်ခိုက်တုန် ချမ်းအေးနေသော ရာသီဆိုးတွင် တောအထပ်ထပ် တောင်အလျှိုလျှိုဖြင့် ရှည်လျားကြမ်းတမ်းလှသော လမ်း၊ ခရီးကိုကျော်ဖြတ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်တို့မှ စော်ဘွားမြို့စားများသည်လည်းကောင်း၊ လူထုခေါင်းဆောင်များသည်လည်းကောင်း၊ စုဝေးရောက်ရှိ လာကြ၏။ ချင်းတောင်တန်းမှ ခေါင်းဆောင်များလည်း ရောက်ရှိလာကြ၏။ ကချင်ဒေသမှ ဒူးဝါးကြီးများလည်း ရောက်ရှိလာကြ၏။ ပင်လုံရွာကလေး၏ အပြင်ဘက် လယ်ကွင်းထဲတွင် ၀ါးတဲကလေးတွေ အစီအရီ၊ ရိုးပြတ်နံ့တသင်းသင်းနှင့် မြောက်လေက တဟူးဟူးနှင့် နေ့တွင် တဖြောက်ဖြောက်နှင့် ဗမာပြည်မြေပြန့်နှင့် တောင်တန်းဒေသအသီးသီးမှ အရေးကြီးသော တိုင်းရင်းသား ခေါင်းဆောင်အားလုံးလိုလို စုဝေးရောက်ရှိနေကြသည်။
ဗိုလ်ချုပ်အောင်ဆန်း အစရှိသော တိုင်းရင်းသားလူမျိုး အသီးသီး၏ ခေါင်းဆောင်ကြီးများသည် အဘယ်အကြောင်း ကိစ္စများကြောင့် ဤအချိန် ဤအခါတွင် ပင်လုံရွာကလေး၌ စုဝေးရောက်ရှိနေကြပါသနည်း။
ဗမာနိုင်ငံသည် ၁၂၄၇-ခုနှစ်၊ သီပေါဘုရင် ပါတော်မူသည့် အချိန်မှစ၍ ဗြိတိသျှနယ်ချဲ့သမားတို့၏ လက်အောက်သို့ ကျရောက်ခဲ့ရလေ၏။ မရှေးမနှောင်းပင် ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသားတို့သည် ဗြိတိသျှတို့၏ ကျွန်ဖြစ်ခဲ့ရလေသည်။ ဗြိတိသျှတို့သည် ဗမာနိုင်ငံကို ထာဝရသိမ်းပိုက်ထားလိုသည်။ ထာဝရ အုပ်ချုပ်သွေးစုပ်လိုသည်။ ယင်းကဲ့သို့ ထာဝရအုပ်ချုပ် သွေးစုပ်နိုင်ရန် တိုင်းရင်းသားများကို သွေးခဲထားမှဖြစ်မည်။ တိုင်းရင်းသားအချင်းချင်း ညီညွတ်စည်းလုံးနေလျှင် ထာဝစဉ် ကျွန်လုပ်ရန် မလွယ်။ တနေ့သော် အာခံကာ ပြန်ချလာလိမ့်မည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း ပရိယာယ်အမျိုးမျိုးဖြင့် လုပ်ဆောင်လေတော့သည်။
ရှေးဗမာအစရှိသော တိုင်းရင်းသားတို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ညီညွတ်သွေးစည်းမှု လျော့ရဲရဲဖြစ်နေလေသည်။ ရှေးရှေးက ဗမာနိုင်ငံတွင် ဘုရင်ဧကရာဇ်များ၊ စော်ဘွားများ၊ ပဒေသရာဇ်များ အုပ်စိုးခဲ့ရာ ထိုဧကရာဇ် ပဒေသရာဇ်တို့သည် အချင်းချင်း နယ်လုကြ၊ တိုက်ခိုက်ကြလေသည်။ ယင်းတို့သည် တိုင်းရင်းသား အချင်းချင်းသာမက တိုင်းရင်းသား တမျိုးတည်းတွင်ပင် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ ဥပမာ အင်းဝနှင့် တောင်ငူ ဗမာအချင်းချင်း တိုက်ကြသည်။ မိုးနဲနှင့် ညောင်ရွှေ ရှမ်းအချင်းချင်း တိုက်ကြသည်။
ဤနယ်လု ပယ်လု စစ်ပွဲကား ဗမာလူထု၊ ရှမ်းလူထု၊ ကချင်လူထုတို့နှင့် ဘာမျှမဆိုင်။ အုပ်ချုပ်သူ လူတန်းစားအချင်းချင်း တိုက်ကြသော စစ်ပွဲများသာ ဖြစ်သည်။ သို့သော် ရှမ်းနှင့် ဗမာ၊ မွန်နှင့် ဗမာ သွေးကွဲကြ သယောင်ယောင် ရေးကြ သားကြသည်။ ပြောကြ ဆိုကြသည်။ ဤအတိုင်းပင် ဖြစ်သည်ဟု ထင်သူတို့ကလည်း ထင်ကြသည်။ ယုံသူတို့ကလည်း ယုံကြသည်။ ဤပျော့ကွက်ကို နယ်ချဲ့သမားတို့က အခွင့်ကောင်းယူ၍ တိုင်းရင်းသားအချင်းချင်းကို ပို၍ သွေးခွဲလေတော့သည်။
ဤသို့ဖြစ်နေသည့် အထဲတွင် အရာရှိဆိုးတို့ကလည်း ‘မြွေပူရာ ကင်းမှောင့်’ လေသေးသည်။ နယ်ချဲ့သမားတို့သည် တောင်တန်းဒေသများသို့ မြို့အုပ်၊ ၀န်ထောက် အစရှိသော အရာရှိများကို ပို့လေ့ရှိလေသည်။ ထို့သို့ပို့ရာ၌ အရည်အချင်းရှိသော၊ အကျင့်စာရိတ္တကောင်းသော ‘စံပြ’ ဗမာအရာရှိများကို ရွေးချယ်ပို့လွှတ်ရမည့်အစား အရည်အချင်း ညံ့ဖျင်းသော၊ မင်းပြစ်မင်းဒဏ်သင့်၊ အကျင့်စာရိတ္တ မကောင်းသော အရာရှိများကို များသောအားဖြင့် ပို့တတ်ကြလေသည်။ ထိုသူတို့ကလည်း ‘ငှက်တောခွေးတော’ အပို့ခံရသည်ဟု အယူရှိကြပြီးလျှင် ထင်သလို နေထိုင်ပြုမူ ဆက်ဆံကြလေတော့သည်။ ‘မင်းနေပြည်တော်’နှင့် အလှမ်းဝေးသော တောင်တန်းဒေသတွင် ရောက်ရှိနေကြသည့် ထိုအရာရှိတို့သည် အရက်နှင့် ဘိန်းကို အဖော်လုပ်ကြ၏။ လောင်းကစားဝိုင်းများတွင် အချိန်ဖြုန်းကြ၏။ မိန်းမမှုတို့ကို ကျူးလွန်ကြ၏။ ဗမာအရာရှိများကို ကြည့်ကြည့်ပြီးလျှင် တောင်တန်းဒေသနေ တိုင်းရင်းသားတို့သည် ဗမာတို့အပေါ် မေတ္တာမဲ့သထက် မဲ့လာကြကုန်၏။ နယ်ချဲ့သမားတို့၏ အကြိုက်ပင်ဖြစ်တော့သည်။
ထိုမှတပါး ‘အောက်ပြည် အောက်ရွာ’ သို့ လက်ဖက်ခြောက်၊ လိမ္မော်သီး စသည်တို့ လာရောက်ရောင်းကြသော တောင်တန်းသားတို့အား ဗမာကုန်သည် ပွဲစားများက ‘လည်လှီး’၊ ‘လက်ဝါးကြီးအုပ်’ မှုတို့လည်း ရှိ၏။ ရှမ်းတောင်သူ ဘုရားဖူးတို့ကို ဗမာရွှေကြိုတို့က ‘နှပ်’ကြသည်လည်း ရှိ၏။ ဤကိစ္စတို့သည် အသေးအဖွဲပင် ဖြစ်လင့်ကစား တိုင်းရင်းသား အချင်းချင်း သွေးကွဲမှုတွင် အထိုက်အလျောက် အထောက်အပံ့ ပြုကြကုန်၏။
ဖော်ပြခဲ့သည့်အတိုင်း တောင်းတန်းသားများနှင့် နေ့စဉ်နှင့်အမျှ လက်ပွန်းတတီး ဆက်ဆံကြရသော ဗမာများကား အရာရှိဆိုးများ၊ အမြတ်ကြီးစား ကုန်သည်ပွဲစားများသာ ဖြစ်ကြ၏။ လမ်းပန်း အဆက်အသွယ် မကောင်းမှုကြောင့်လည်းကောင်း၊ စီးပွားရေး ပညာရေး အောက်ကျမှုကြောင့်လည်းကောင်း၊ တောင်တန်းသား အများစုကြီးမှာ အောက်ပြည် အောက်ရွာသို့ အရောက်အပေါက် နည်းပါးလှ၏။ စိတ်ကောင်း စေတနာကောင်းရှိသော ဗမာလူထုကြီးနှင့် တွေ့ဆုံသိကျွမ်းရန် အခွင့်အရေး မရခဲ့ကြ။ နယ်ချဲ့စနစ်ကို ဆန့်ကျင်သော၊ လွတ်လပ်ရေးကို အလိုရှိသော တိုင်းရင်းသားချင်း ချစ်ကြည်စည်းလုံးရေးကို ယုံကြည်လိုလားသော ခေတ်ပညာတတ် ဗမာလူငယ် ကျောင်းသားများသည်လည်း တောင်တန်းဒေသများသို့ သွားရောက်လည်ပတ် ဟောပြောရှင်းပြခွင့် မရခဲ့ကြ။ ရှမ်းပြည်နယ် ပုဒ်မ-၁၀ ကလည်းကောင်း၊ ကချင်နယ်၊ ချင်းနယ်ရှိ တောင်တန်းဒေသ ဥပဒေတို့ကလည်းကောင်း တားဆီးပိတ်ပင်ထား၏။
ဤသို့လျှင် ‘မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိ’ သောကြောင့် မြေပြန့်သား ဗမာများနှင့် တောင်တန်းဒေသ တိုင်းရင်းသားတို့သည် သွေးအကွဲကြီး ကွဲလျက်ရှိသည်။

  တောင်တန်းဒေသလူထုကြီးမှာ ရာဇ၀င်တလျှောက်လုံး ပဒေသရာဇ်စနစ်အောက်တွင် နေထိုင်လာခဲ့ကြရသဖြင့် မျက်စိမပွင့်သေး၊
ဤအခြေအနေတွင် ဗြိတိသျှနယ်ချဲ့သမားတို့သည် မြန်မာပြည်မကိုကား လက်မလွှတ်ဘဲ နေ၍မဖြစ်၊ လက်လွှတ်ရတော့မည်။ လွတ်လပ်ရေး ပေးရတော့မည်။ ဗမာတို့သည် ၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူပြီးသည့် အချိန်မှစ၍ အေးအေးသာသာ ခေါင်းငုံ့မခံခဲ့။ အခွင့်ရတိုင်း နယ်ချဲ့ကို နည်းအမျိုးမျိုး၊ ပရိယာယ် အဖုံဖုံဖြင့် ခုခံတွန်းလှန်ခဲ့ကြ၏။ နောက်ဆုံး ၁၉၄၂-ခုနှစ်၌ ဂျပန်တို့နှင့် ပူးပေါင်းကာ နယ်ချဲ့ဗြိတိသျှတို့ကို ဗမာနိုင်ငံတွင်းမှ တိုက်ထုတ်ခဲ့ကြ၏။
ထို့နောက် ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ခိုက်ကြပြန်၏။ ကမ္ဘာတွင်လည်း ဖက်ဆစ်စနစ်သည် ကျဆုံးနေပြီဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ကြီး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် အလွန်ညီညွတ်စည်းလုံး တောင့်တင်းခိုင်မာလျက်ရှိ၏။ ဒုတိယ ကမ္ဘာစစ်ကြီး၏ ဒဏ်ကြောင့် ဗြိတိန်နိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးတို့တွင် နာလန်မထူနိုင်ဘဲ အင်အားလျော့ပါးချည့်နဲ့နေ၏။ ဤကဲ့သို့သော အခြေအနေတွင် ဗြိတိသျှ နယ်ချဲ့သမားတို့သည် ဗမာနိုင်ငံကို လက်မလွှတ်ချင်သော်လည်း မလွဲမသွေ လက်လွှတ်ရချေတော့မည်။
သို့ရာတွင် မြေပြန့်ဗမာနိုင်ငံကို မတတ်သာသောကြောင့် လက်လွှတ်ပင်လက်လွှတ် လိုက်ရသော်လည်း တောင်တန်းဒေသကိုကား မိမိခြေဖ၀ါးအောက်တွင်ပင် ဆက်လက်ထားလိုသေး၏။ ဆက်လက်၍ သွေးစုပ်လိုသေး၏။ တောင်တန်းဒေသတွင် ခြေကုပ်ယူကာ ‘လွတ်လပ်သော’ မြေပြန့်ဗမာနိုင်ငံကို အမြဲတမ်း အနှောင့်အယှက်ပေးနေလို၏။ ခြိမ်းခြောက်နေဖို့ ကြံ၏။ အခွင့်သာသော တနေ့တွင် ဗမာမြေပြန့်ကို ပြန်လည်သိမ်းပိုက်နိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့က ဗြိတိသျှအစိုးရကို အရေးဆိုကြသောအခါ ဗမာပြည်ကိုကား လွတ်လပ်ရေးပေးပါမည်။ တောင်တန်းဒေသအတွက်ကား ယင်းတို့ဆိုင်ရာ ခေါင်းဆောင်များ၏ သဘောထားကို မေးမြန်းကြည့်လိုပါသေးသည်။ ပင်လုံတွင်ဖြစ်စေ၊ အခြားတနေရာတွင်ဖြစ်စေ၊ တောင်တန်းသား ခေါင်းဆောင်များ၏ အစည်းအဝေးတရပ် ခေါ်ယူကျင်းပ၍ ယင်းတို့၏ သဘောထားကို ပြောကြားကြပါစေ…အစရှိသဖြင့် သဘောတူခဲ့ကြလေသည်။
တောင်တန်းသားများနှင့် ဗမာများသည် အကြောင်းအမျိုးမျိုးကြောင့် မူလကတည်းက မသင့်မမြတတ် ရှိတန်သလောက် ရှိခဲ့ကြသည်။ နယ်ချဲ့တို့ကလည်း နည်းပရိယာယ် အသွယ်သွယ်ဖြင့် သွေးခွဲထားခဲ့ပြီးပြီ။ တောင်တန်းဒေသတွင် စော်ဘွား၊ ပဒေသရာဇ် ခေါင်းဆောင်များမှာ နယ်ချဲ့သမား၏ လက်ဝေခံများသာ ဖြစ်ကြသည်။ တောင်တန်းဒေသ လူထုကြီးမှာ ရာဇ၀င်တလျှောက်လုံး ပဒေသရာဇ်စနစ်အောက်တွင် နေထိုင်လာခဲ့ကြရသဖြင့် မျက်စိမပွင့်သေး၊ မနိုးကြားသေး၊ ထို့ကြောင့် ပင်လုံတွင်ဖြစ်စေ၊ အခြားတနေရာတွင်ဖြစ်စေ ထိုတောင်တန်းဒေသက ပဒေသရာဇ်ခေါင်းဆောင်များကို ခေါ်ယူစည်းဝေးစေ၍ သဘောထားကို မေးမြန်းလိုက်လျှင် မုချဗမာပြည်မနှင့် ပေါင်းလိုကြမည်မဟုတ်။ ငါတို့လက်အောက်တွင်သာ ဆက်လက်နေထိုင်သွားလိုကြသည်ဟု ပြောကြမည်မှာ မုချပင်ဖြစ်သည်ဟု နယ်ချဲ့သမားတို့သည် ‘သပိတ်ဝင်-အိတ်ဝင်’တွက်ထားကြလေသည်။ ထို့ကြောင့် ပင်လုံတွင် တောင်တန်းဒေသခေါင်းဆောင်များ စည်းဝေးကြရန် အောင်ဆန်း-အက်တလီစာချုပ်တွင် သဘောတူ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်လေသည်။ မကြာမီ မိမိတို့အောင်ပွဲခံရလိမ့်မည်ဟု ဗြိတိသျှ နယ်ချဲ့တို့သည် ကိန်းသေတွက်ထားကာ ဒူးတနန့်နန့်နှင့် ပြုံးနေကြလေသည်။
သို့သော် ၁၉၄၇-ခုနှစ် တောင်တန်းဒေသကား ၁၈၈၅-ခုနှစ်က တောင်တန်းဒေသမဟုတ်တော့ပြီ။ တောင်တန်းဒေသက ကျောင်းသားလူငယ်များသည် ၁၉၃၆-ခုနှစ်လောက်မှစ၍ ပြည်မက ကျောင်းသားလူငယ်များ၊ ဒို့ဗမာသခင်များနှင့် ပူးပေါင်းလက်တွဲကာ ကိုလိုနီပညာရေး စနစ်ကို တိုက်ပွဲဝင်ခဲ့ကြ၏။ အတူတကွ သပိတ်မှောက်ခဲ့ကြ၏။ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြ၏။ ထို့နောက် ဖက်ဆစ်ဂျပန်တို့ သုံးနှစ်သုံးမိုး အုပ်စိုးစဉ်ကာလအတွင်း တောင်တန်းသား လူငယ်များနှင့်အတူ အာရှလူငယ်အစည်းအရုံးများ အနှံ့အပြား တည်ထောင်ကြကာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ၀င်ရောက်အမှုထမ်းကြလေသည်။ ထို့နောက် ဖက်ဆစ်တော်လှမ်းရေး ဆင်နွှဲကြသောအခါ များစွာသော တောင်တန်းသား လူငယ်ကျောင်းသားတို့သည် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြလေသည်။ ထို့နောက် ဖက်ဆစ်ဂျပန်တို့ သုံးနှစ်သုံးမိုး အုပ်စိုးစဉ် ကာလအတွင်း တောင်တန်းသား လူငယ်ကျောင်းသားတို့သည် ဗမာလူငယ်များနှင့်အတူ အာရှလူငယ်အစည်းအရုံးများ အနှံ့အပြားတည်ထောင်ကြကာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ၀င်ရောက် အမှုထမ်းကြလေသည်။ ထို့နောက် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲကြသောအခါ များစွာသော တောင်တန်းသား လူငယ်ကျောင်းသားတို့သည် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြလေသည်။
ဤသို့လျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲတို့ကို အကြောင်းပြုကာ တိုင်းရင်းသားသွေးစည်းမှုသည် ကြီးထွားရင့်သန်လာခဲ့ပေသည်။ တောင်တန်းသားတိုပ၏ နိုးကြားမှုသည် ကြီးမားကျယ်ပြန့်လာခဲ့ပေသည်။

ပင်လုံညီလာခံ ကျင်းပကာ တောင်တန်းသားခေါင်းဆောင်တို့၏ သဘောထားကို ထုတ်ဖော်စေသောအခါ

ကမ္ဘာတွင် ဖက်ဆစ်စနစ်သည် ဗုန်းဗုန်းကျဆုံးနေလေပြီ။ ဗမာပြည်မြေပြန့်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး လှုပ်ရှားမှုကြီးသည် အစွမ်းကုန် ညီညွတ်တောင့်တင်းနေပေသည်။ တောင်တန်းဒေသတရိုးတွင်လည်း နိုးကြားမှုသည် အရှိန်အဟုန်ရနေပေပြီ။ ဤအခြေအနေတွင် ပင်လုံညီလာခံကျင်းပကာ တောင်တန်းသားခေါင်းဆောင် တို့၏ သဘောထားကို ထုတ်ဖော်စေသောအခါ ‘ရှမ်း၊ ချင်း၊ ကချင် အစရှိသော ငါတို့ တောင်တန်းဒေသသားတို့သည် မြေပြန့်ဗမာတို့နှင့်အတူ ပူပေါင်းလက်တွဲ၍ လုံးဝလွတ်လပ်ရေးကို အရယူကြမည်’ ဟု တခဲနက်သော အသံကြီးထွက်ပေါ်လာခဲ့လေသည်။ ဤကိစ္စတွင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် တောင်တန်းဒေသခေါင်းဆောင်များ၏ မမှိတ်မသုန်သော၊ မတုန်မလှုပ်သော ယုံကြည်မှုသည်လည်း အဓိက အချက်တရပ်အနေဖြင့် ပါဝင်နေသည်ကို မမေ့အပ်ပေ။ ဤသို့ ပင်လုံညီလာခံကြီးသည် နယ်ချဲ့သမားတို့၏ နှစ်ပေါင်းရာနှင့်ချီ၍ တည်ဆောက်ခဲ့သော သွေးခွဲရေး စနစ်ကြီးကို တအားကုန် ရိုက်ချိုးနိုင်ခဲ့ပေသည်။
ယင်းကဲ့သို့ နယ်ချဲ့တို့၏ ‘သွေးခွဲ၍ အုပ်ချုပ်မှု’ကြီးကို ပင်လုံတွင် ရိုက်ချိုးနိုင်ခဲ့သဖြင့် ၁၉၄၇-ခုနှစ်တွင် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်များ ပါဝင်သော တိုင်းပြည်ပြုလွှတ်တော်ကြီးကို ကျင်းပနိုင်ခဲ့လေသည်။ ထိုလွှတ်တော်ကြီးတွင် တိုင်းရင်းသားအများစုက သဘောတူညီရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ပြဋ္ဌာန်းနိုင်ခဲ့လေသည်။ ထို့နောက် ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် လုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့် ယနေ့ယခုအခါတွင် ကျွန်ုပ်တို့သည် လွတ်လပ်သော လူမျိုးတမျိုးအဖြစ်ဖြင့် ကမ္ဘာ့နိုင်ငံများအလယ်တွင် ထည်ဝါခံ့ညားဝင့်ကြွားစွာ နေထိုင်နိုင်ကြခြင်း ဖြစ်ပေသည်။ ပြည်ထောင်စု တိုင်းရင်းသား အပေါင်းတို့၏ သူတူညီမျှ ကောင်းကျိုးကို ရည်စူးရှေးရှုလျက် ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးကို ဗမာ့နည်း ဗမာ့ဟန်ဖြင့် တည်ဆောက်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ပင်လုံ၏ ကျေးဇူးကား ကြီးမားပေစွ။
ဤပင်လုံ၏ ကျေးဇူးကြီးမားပုံကို ပိုမိုထင်ရှားဝေရန် ဤအတိုင်း အပြန်အလှန်ဆင်ခြင်ကြည့်သင့်ကြပေသည်။ လွန်ခဲ့သည့် ၁၉နှစ်က ဆီးနှင်းတွေ တဖြိုက်ဖြိုက်နှင့် မေးခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ဖေဖော်ဝါရီလတွင် မထင်ရှားလှသော ရှမ်းရွာငယ်လေး တရွာ၏ လေတဟူးဟူးတိုက်နေသော လယ်ကွင်းပြင် ရိုးပြတ်တွေကြားထဲ၌ ရှမ်းစော်ဘွားများ၊ ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီးများ မတွေ့ဆုံ မဆွေးနွေးခဲ့ကြပါမူ… တွေ့ဆုံဆွေးနွေးခဲ့ကြလင့်ကစား မညီညွတ်ခဲ့ကြ။ သဘောမတူညီကြပါမူ…ထို ၁၉၄၇-ခုနှစ် နောက်ပိုင်းတွင် တိုင်းပြည်ပြုလွှတ်တော်ကြီကို ကျင်းပနိုင်ခဲ့မည် မဟုတ်ပေ။
အကယ်၍ ထိုတိုင်းပြည်ပြုလွှတ်တော်ကြီးကို မကျင်းပနိုင်ခဲ့၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အများသဘောတူရေးဆွဲ ပြဋ္ဌာန်းခြင်း မပြုနိုင်ခဲ့ပါလျှင် အောင်ဆန်း-အက်တလီစာချုပ်အရ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ကြမည် မဟုတ်ပေ။
နိုင်ငံလွတ်လပ်ရေးပင် မရှိသေးသော လူမျိုး တမျိုးအဖို့ ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ဆိုသည်ကား အိပ်မက်ပင် မမက်ကောင်းသော ကိစ္စဖြစ်ပေသည်။ ပင်လုံ၏ ကျေးဇူးကား ကြီးမားလှပေစွတကား။
ထို့ကြောင့် ကျွန်ုပ်တို့ ပြည်ထောင်စု ဗမာနိုင်ငံသား တိုင်းရင်းသားအားလုံးသည် ‘ပင်လုံ စိတ်ဓာတ်’ ကို အပြည့်အ၀ ဆက်လက်ထိန်းသိမ်းတိုးမြှင့်သွားကြကာ ပြည်ထောင်စုကြီး ထာဝရတည်မြဲရေး၊ လွတ်လပ်ရေး အဓွန့်ရှည်စွာ တည်တံ့ရေး၊ ဆိုရှယ်လစ် လူ့ဘောင်သစ် ထူထောင်မှု အောင်မြင်ရေးတို့အတွက် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ညီညွတ် စည်းလုံးရေးကို အစွမ်းကုန် ဆက်လက်တည်ဆေက်သွားကြပါစို့။

ငွေတာရီမဂ္ဂဇင်း၊ အမှတ် - ၉၂ (ဖေဖော်ဝါရီ - ၁၉၆၈)

မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁)၊ အမှတ် - ၃၁ (၁၀၊ ဖေဖော်ဝါရီ၊ ၂၀၁၁) မှ….

No comments:

Post a Comment