Wednesday, July 20, 2011

အခုတလော....


အခုတလော… အချစ်ဆုံးသူငယ်ချင်းကပြောတယ်…. "တော်တော်ပြောင်းလဲလာတယ်တဲ့…" ဇွတ်လုပ်တတ်တာတွေ၊ စိတ်မရှည်တတ်တာတွေမရှိတော့ဘဲ အားနာတတ်လာပြီတဲ့…။ သူပြောတာ မှန်လား မမှန်လားတော့ မသိ။ သူ့အပေါ်မှာတော့ မပြောင်းလဲဘဲ ဆိုးမိနေတုန်း။ သူနဲ့အတူ 'အာဒံရယ်၊ ဧ၀ရယ် ဒသရယ်' ဆိုတဲ့ ရုပ်ရှင်ကား သွားကြည့်ရအောင်လို့ ခေါ်ပေမဲ့ မလိုက်ချင်ဘူးလို့…ပြောပြီး တယောက်တည်းသွားလို့ရတဲ့ နီးနီးလေးမှာရှိတဲ့ ဆူးလေဘုရားကို လိုက်ပို့ခိုင်းခဲ့တယ်။ သူ့ကောင်းမှုကြောင့် ဆူးလေဘုရားကို ဒုတိယအကြိမ်ဖူးဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က စနေနေ့။
အခုတလော… အလုပ်ကော၊ နေတဲ့နေရာပါပြောင်းလိုက်လို့ အဆင်ပြေရဲ့လားလို့ ဖွားဖွားတို့ မေမေတို့က ခဏခဏဖုန်းဆက်ပြီး မေးတယ်။ "မနက်..မနက်.. အိပ်ယာစောစောထရတာကလွဲရင် အားလုံးအဆင်ပြေပါတယ်" ဆိုတဲ့ ကျနော့်အဖြေကို သဘောတကျ ရယ်နေကြတယ်။ အလုပ်ကအပြန် မိုးချုပ်နေရင် သွားတဲ့လမ်းတလျှောက် လမ်းမီးလင်းရဲ့လားလို့ တွေးတွေးတောတောနဲ့ စိတ်ပူပြီး မေးတတ်တဲ့ ဖွားဖွားကိုလည်း အဆင်ပြေအောင်ပြောမိသေးတယ်။
အခုတလော…မြင်ကွင်းတွေေ၀၀ါးနေတယ်။ ဒီဂရီထပ်တိုးရတော့မယ်ထင်ရဲ့။
အခုတလော…ဘတ်စ်ကားစီးရင်း ကိုယ်ချင်းမစာနာတတ်တဲ့ လူအများအပြားတွေ့တယ်။ ကျပ်ညှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ ကံကောင်းထောက်မစွာ ထိုင်ဖို့နေရာလေးရတဲ့နေ့။ ကားနောက်နားဆီက ဆူဆူညံညံကြားမိလို့ လှည့်ကြည့်လိုက်မိတော့ လူနှစ်ယောက်ရန်ဖြစ်နေကြတယ်။ အကြောင်းရင်းက ရန်ဖြစ်နေတဲ့သူနှစ်ယောက်ထဲက တယောက်က မိန်းကလေးတယောက်ကို ကားကျပ်နေတာကို အခွင့်ကောင်းယူပြီး မတော်မရော်ပြုမူနေလို့တဲ့။
ကားပေါ်မှ လူအားလုံးရဲ့ အကြည့်တွေက အဲဒီလူဆီကို စူးစူးဝါးဝါးကျရောက်နေချိန်မှာ ကားရပ်လိုက်တော့ ကားပေါ်က သူဆင်းသွားတယ်။ ကျနော် အဲဒီလူရဲ့ မျက်နှာကို သေချာမကြည့်လိုက်ပါဘူး။ အဲဒီလို စိတ်ဓာတ်သိမ်ဖျင်းသေးနုတ်တဲ့ လူတယောက်ရဲ့မျက်နှာကို ကျနော်မမြင်ချင်လို့ပါ။ ကားရှေ့ဘက်နားက အသံတသံထွက်လာတယ်။ 'နှမသားချင်း မစာမနာကွာ၊ သူ့မှာ အမေတွေ နှမတွေ မရှိတာကျနေတာပဲ' တဲ့။ အဲဒီအသံကလည်း ယောက်ျားတယောက်အသံပါပဲ။ အဲဒီစကားပြောလိုက်တဲ့သူကို ကျနော် ကျေးဇူးတင်နေမိတယ်။ ကျနော့်ကိုယ်စား၊ ဒါမှမဟုတ် ကားပေါ်မှာပါလာတဲ့သူတွေရဲ့ ကိုယ်စား ပြောပေးလိုက် စကားပါပဲ။ ကားပေါ်မှာပါလာတဲ့သူအားလုံးက အဲဒီစကားကို နှုတ်ကဖွင့်မပြောဖြစ်ကြပေမဲ့ ရင်ထဲမှာတော့ ကိုယ်စီပြောနေကြမယ့် စကားတခွန်းပါပဲလေ။
ဘတ်စ်ကားပေါ်ကို တိုးတိုးခွေ့ခွေ့နဲ့ ထမင်းချိုင့်ထည့်တဲ့ခြင်းကတဖက် ထီးကတဖက် ကိုင်ပြီးတတ်လာတဲ့ လူတွေကိုမြင်ပေမဲ့ ထိုင်ခုံမှာထိုင်နေတဲ့ လူတချို့ရဲ့ မသိကျိုးကျွန်ပြု ကူညီဖော်မရတဲ့ လုပ်ရပ်တွေ။ ကျနော်ကတော့ အဲဒီလိုလူတွေကို ကိုယ်ချင်းမစာတတ်လို့ပဲလို့ သတ်မှတ်မိပါတယ်။ မနက်ရုံးသွားချိန်ဆိုတော့ ထမင်းချိုင့်ကိုယ်စီနဲ့ ဘတ်စ်ကားလည်း ကျပ်တဲ့အချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ကားပေါ်မှာ နေရာရတဲ့သူက ကိုယ့်အနီးအနားက မတ်တပ်ရပ်နေတဲ့သူဆီက ထမင်းချိုင့်တို့… တခြားလက်ထဲဆွဲထားတဲ့ အိတ်အစရှိတာတွေကို တတ်နိုင်သလောက် ကူညီကြရတာပါပဲ။ ဒါပေမဲ့ တချို့တချို့တွေလည်း ကိုယ့်ရှေ့မှာ ဘယ်လိုပဲအမြင်မတော်မတော် နေစိမ့်ကြတဲ့ သူတွေလည်း တွေ့ဖူးပါရဲ့။ ဘတ်စ်ကားစီးချိန်ခဏလေးအတွင်းမှာ တဦးနဲ့တဦးတတ်နိုင်သလောက် ရိုင်းပင်းကူညီကြရင်း လိုရာခရီးကိုသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြရင်ဖြင့် နွေးထွေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဘယ်လောက်နေပျော်စရာကောင်းလိုက်မလဲ။ ခုတော့ အော်…သူ ကိုယ်ချင်းမစာတတ်သေးဘူးပဲ လို့ သတ်မှတ်လိုက်မိပါတော့တယ်။
အခုတလော…ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းတပုဒ်က ထူးအိမ်သင်ရဲ့ နှလုံးသားကျမ်းစာ။ ဒီသီချင်းလေးကို အရင်က အမှုမဲ့ အမှတ်မဲ့ နားထောင်ဖူးပေမဲ့ အခုတော့ သေသေချာချာကို နားထောင်ဖြစ်နေတယ်။ ကျနော့်ရဲ့ကိုကြီးက ကျနော့်ကို ဒီသီချင်းလေးကို နားထောင်ခိုင်းခဲ့တာကိုး။ အခုလည်း အဲဒီသီချင်းကို တိုးတိုးလေးဖွင့်ထားတုန်းပဲ။
အခုတလော…ကျနော်ပျော်နေမိတယ်။ အလုပ်မှာလည်း ပျော်တယ်။ အိမ်ပြန်ရောက်ရင်လည်း ပျော်တယ်။ ပြီးတော့ ချစ်တဲ့သူနဲ့တွေ့ရင်လည်း ပျော်တယ်။ ရလာတဲ့ ဘ၀တိုတိုလေးအတွင်းမှာ ပျော်စရာလေးတွေကိုပဲ တွေးနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာဘဲရလာတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ အပြစ်ကင်းတာပဲလို့တွေးရင်း…။ အဲဒီအချိန်လေးမှာ လောကကြီးက သာယာလှပလို့… နေပျော်စရာကောင်းလို့….ကြည်နူးစရာကောင်းလို့ပါလား။
 
 Image and video hosting by TinyPic

No comments:

Post a Comment