Saturday, July 9, 2011

ချစ်သူ့ရပ်ဝန်းလေးမှာ…


ချစ်သူ…တဲ့။ အခုတလော အဲဒီအသုံးအနှုန်းကို ခဏခဏကြားနေရတယ်။ ကြားရမှာပေါ့။ တကယ်တော့ သူက အဲဒီ ချစ်သူ့ရပ်ဝန်းလေးတခုထဲကို ရောက်ရှိနေခဲ့တာကိုး။ ဟုတ်ပါတယ်။ သူမရဲ့ ၀န်းကျင်သစ်တခုက လူတွေက "ချစ်သူ" ဆိုတဲ့ စကားလုံးကိုသာ သုံးပြီး လေးလေးနက်နက် ချစ်မြတ်နိုးတတ်တဲ့ သူတွေဖြစ်နေလို့ပါပဲ။ သူမရဲ့ သူငယ်ချင်းတချို့နဲ့ မိတ်ဆွေတချို့တလေက ကိုယ်တကယ်ချစ်နေသူကိုတောင် ချစ်သူလို့ မသုံးဘဲ "ရည်စား" လို့ သုံးနှုန်းကြတာချည်း တွေးဖူးနေကျရယ်ပါ။ သူမကတော့ ရည်စားဆိုတဲ့ အသုံးအနှုန်းနဲ့ ချစ်သူဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်လည်း မတူသလို တန်ဖိုးချင်းလည်း မတူဘူးလို့ သတ်မှတ်ထားတဲ့ လူတယောက်ပါ။
အဲဒီတော့ အရင်ကတည်းက ခင်မင်လာခဲ့ပြီး နောက်ပိုင်း မတွေ့တာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါမှာ သူတို့က ရည်စားရှိနေပြီလား….ဆိုတဲ့ မေးခွန်းမျိုး မပါမဖြစ်ပါအောင် မေးတတ်ကြတယ်။
"ဘယ်က ရည်စားလဲ…ရှာရှာပေါက်ပေါက် မရှိပါဘူးကွာ…"
"သွားစမ်းပါ…လာလိမ်မနေနဲ့ ဒီရုပ်လား မရှိတာ"
"သြော်….တကယ်ပါဆို…ငါ့မှာ ရည်စားထားဖို့ အချိန်မရှိပါဘူးဟာ…"
အဲဒီလို ခပ်ညည်းညည်းနဲ့ ပြောနေ၊ ငြင်းနေပေမဲ့လည်း ယုံဟန်နည်းနည်းမှမရသော သူငယ်ချင်းတွေလည်း ရှိရဲ့။
တချို့တွေကလည်း ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်လဲလို့… ခပ်နောက်နောက်ပြောတတ်ကြ ပြန်တယ်။ မတတ်နိုင်ဘူးပေါ့လေ။ ရည်းစားမရှိတဲ့သူတိုင်း မျောက်ဖြစ်တယ်လို့ သတ်မှတ်လည်း ဖြစ်တယ်ပေါ့။ တချို့ကျပြန်တော့လည်း ရည်စားမရှိပါဘူးလို့ပြောတဲ့ သူမကို သနားစရာ သတ္တ၀ါလေးတကောင်လို ကြည့်တတ်တဲ့ အကြည့်တွေကိုလည်း တွေ့ဖူးပါရဲ့။ ဒါကိုလည်း မတတ်နိုင်ပါဘူးလေ။ ကြည့်ကြပါစေပေါ့။ အကြောင်းသိတဲ့ သူငယ်ချင်းတချို့ကတော့ ပြောပါတယ်။
                   နင့်ကို ရည်စားထားတဲ့သူကလည်း စိတ်ရှည်နိုင်မှာ မဟုတ်ပါဘူး…တဲ့။
သူတို့ပြောသလိုပဲ ဟုတ်ပါတယ်။ စိတ်ရှည်နိုင်မှာ မဟုတ်ကြပါဘူး။  သူမက ရုံးပိတ်ရက် တရက်တလေမှာ တောင် အပြင်မထွက်ချင်ဘဲ အိမ်တွင်းမှာပဲ စာဖတ်နေချင်သူ။ ရုပ်ရှင်ကြည့်ရမှာ ပျင်းပြီး တခါတလေအပြင်ထွက်ဖြစ်ရင်တောင် စာအုပ်ဆိုင်တွေမှာပဲ အချိန်ဖြုန်းချင်သူ။ အဲဒီတော့ ထားမိတဲ့ ရည်စားရှိရင်တောင် သူတို့ကို အချိန်မပေးနိုင်တာနဲ့ ဘယ်ရည်စားက စိတ်ရှည်သည်းခံနိုင်မှာလဲ။
တခါတလေလည်း တွေးမိသား။ သူတို့ကျေနပ်လောက်မယ့် အဖြေမျိုးပေးနိုင်ဖို့ပဲဖြစ်ဖြစ် အပျင်းပြေပဲဖြစ်ဖြစ် ရည်စားလေးတယောက်လောက်တော့ ထားကြည့်လိုက်မယ်လို့်စဉ်းစားကြည့်လိုက်မိပေမဲ့ အဲဒီစဉ်းစားမှုက ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဒါပေမဲ့ သူမရဲ့ ရည်စားထားကြည့်မယ်ဆိုတဲ့အတွေး တွေးနေစဉ်ခဏ အဲဒီစည်းဝိုင်းထဲကို လူတယောက်ဝင်လာခဲ့တယ်။
စာအုပ်လေးတအုပ်ကို အစပြုပြီး သူ့အပေါ် သူငယ်ချင်းလိုကော အစ်ကိုတယောက်လိုပါ ခင်မင်ခဲ့တယ်။  သူမ စာအုပ်ဆိုင်တွေသွားတဲ့အခါ သူက စိတ်ရှည်လက်ရှည်လိုက်ပေးတတ်တယ်။ ပြီးရင် သူမ ၀င်တဲ့ စာအုပ်ဆိုင်ထဲ ခဏလိုက်ဝင်ပြီး စာအုပ်တွေတအုပ်ပြီးတအုပ်ကြည့်ပြီး အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်နေသော သူမကို စာအုပ်ဆိုင် အပြင်ကနေသွားပြီး စောင့်နေတတ်ပြန်တယ်။ ပြီးရင် သူမဆွဲလာတဲ့ စာအုပ်ထုပ်ကို အတင်းယူဆွဲပေးရင်း ၀ယ်လာတဲ့ စာအုပ်တွေကို စိတ်မပါတပါ့ ၀တ်ကျေတန်းကျေကြည့်မယ်။ ပြီးရင် အိမ်အထိလိုက်ပို့မယ်လို့ အတင်းပူဆာမယ်။ မလိုက်ရဘူး…ကားဂိတ်ကနေပဲ ပြန်ပါလို့…ပြောရင် မျက်နှာပျက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး ကားဂိတ်ထိ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာမယ်။ အဲဒါတွေက သူလုပ်နေကျ မရိုးနိုင်တဲ့ ပုံစံတွေရယ်ပါ။
နောက်ပိုင်းတော့ သူက ချစ်တယ်လို့ပြောလာတော့ စတိုင်သိပ်ကျတဲ့သူက မိန်းကလေးလည်း မပီသ ဆွဲဆောင်မှုလည်း မရှိတဲ့ သူမကိုမှ ချစ်မိတယ်ဆိုတော့ အနည်းငယ်တော့အံ့သြမိတယ်။ သူမရဲ့ မြင့်လှပြီထင်နေတဲ့ အရပ်ကလည်း သူနဲ့မှ သိပ်ကိုပုသွားခဲ့တယ်။ သူနဲ့ ယှဉ်ပြီးလမ်းလျှောက်ရင် သူမက သူ့ကို မော့မော့ပြီးစကား ပြောရတယ်။ သူမရဲ့ သင်တန်းဆင်းချိန်တိုင်း မှန်မှန်လာကြိုတတ်တယ်။ မလာပါနဲ့လို့ ပြောလည်း မရ။ တရက်တော့ မိုးတွေသည်းသည်းမဲမဲရွာနေချိန်မှာ သူ့မှာထီးပါမလာခဲ့။ အဲဒီနေ့က သူမရဲ့ထီးကိုဖွင့်ပြီး သူ့ရဲ့ရှည်လျားတဲ့အရပ်ကြီးကို မမီမကမ်းနဲ့ ထီးဆောင်းပေးခဲ့တယ်။ သူက ကို့ကိုပေးလို့…ပြောပေမဲ့ သူမ မပေးဖြစ်ခဲ့။ လမ်းတလျှောက်မှာ လူတွေကွက်ကြည့် ကွက်ကြည့်လုပ်ပြီး ပြုံးစိစိ လုပ်သွားကြတာတွေ့ပေမဲ့ မသိချင်ယောင်ဆောင်နေမိခဲ့တယ်။ သူကတော့ သူမထီးဆောင်းပေးတာကို ရှက်နေပုံပါပဲ။ သူ့နေရာ တခြားတယောက်ဆိုရင်လည်း မိုးတွေအရမ်းရွာနေတဲ့အချိန် ထီးမပါလာခဲ့ရင် မိုးမစိုချင်တဲ့ ဆန္ဒရှိနေခဲ့ရင် သူမ ကူညီမိမှာပါပဲလေ။
                   "အစ်ကို…မဆောင်းချင် မဆောင်းနဲ့လေ…."
                   "ကို မိုးတွေစိုကုန်မှာပေါ့….ပေးပါ လူမြင်လို့မကောင်းဘူး…ကို ကိုင်ခဲ့မယ်.."
"ကို့အရပ်ကိုလည်း လွတ်အောင် မဆောင်းပေးဘဲနဲ့.."
သူအဲဒီလိုပြောလိုက်တော့ လက်ကိုဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး သူ့ခေါင်းနဲ့လွတ်အောင် ဆောင်းပေးမိတယ်။ သူ့ထံမှ သူမကို သိပ်ခေါင်းမာတာပဲလို့ မှတ်ချက်ချသံ ကြားလိုက်ရတယ်။ သူမကတော့ သူ မမြင်အောင် ညစ်ကျယ်ကျယ်အပြုံးမျိုး ပြုံးလိုက်မိတယ်ထင်ပါတယ်။ သူက သူ့ကိုသူ "ကို" လို့ပြောတတ်ပေမဲ့ သူမကတော့ သူနဲ့စသိကတည်းက အစ်ကိုလို့ပဲခေါ်ဖြစ်ခဲ့တယ်။
သူ့ကို ရည်စားတယောက်အဖြစ်တော့ စိတ်ကူးကြည့်မိတယ်။ နောက်ပိုင်း သူမအပေါ် ထားတဲ့ သူ့ရဲ့လေးနက်တဲ့စကားသံတွေ၊ သူ့ရဲ့ခံစားချက်တွေက သူမအပေါ် ၀န်လေးစေခဲ့တယ်။ သူ့အပေါ် လိမ်ညာလို့မဖြစ်ဘူးဆိုတာရယ်… သူလိုချင်တဲ့ အချစ်ဆိုတာကိုလည်း ပေးဖို့ သူမမှာ မရှိဘူးတော့ဆိုတာရယ်…ဒါတွေကို သူသိအောင် ပြောပြလိုက်မိတယ်။ ပြီးတော့ အခုလိုပဲ သူငယ်ချင်းတွေလိုမျိုး အစ်ကိုတယောက်လိုမျိုးပဲ သဘောထားနိုင်မယ်ဆိုတာရယ်ပါ အသိပေးမိတယ်။ သူမပြောသမျှစကားတွေကြောင့် ခေါင်းငိုက်စိုက်ကျပြီး ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေဝဲနေတဲ့ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။ သူ့ရဲ့ စိတ်ကို အကြာကြီးမျှော်လင့်ချက်လည်း မပေးချင်ခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချစ်ရသူတယောက်ရဲ့ ခံစားချက်ကို နားလည်နေမိလို့ပါပဲ။ အချစ်ခံရသူနဲ့ ချစ်ရသူ။ အဲဒီနှစ်ခုက ခြားနားမှုတွေ အများကြီးရှိနေလေရဲ့….။
လူတယောက်ကို မချစ်ဘဲနဲ့ သူ့အပေါ် အကြာကြီးလှည့်စားဖို့ သူမမှာ အင်အားမရှိခဲ့ဘူး။ သူမအပေါ် ဂရုစိုက်လေ၊ ကြင်နာတတ်လေ သူမ မလုံမလဲ ခံစားရမစမြဲပါပဲ။ သူ့ကို ဘေးမှာထားပြီး တခြားတယောက်(အဲဒီတခြားတယောက်က နောက်ပိုင်းမှာ သူမရဲ့ ချစ်သူဖြစ်လာမယ့်သူ)အပေါ်ကို စိတ်ရောက်နေတတ်တဲ့အတွက် သူမအပြစ်ရှိသလို ခံစားခဲ့ရတယ်။ အဲဒီလိုအတွေးတွေ ခံယူချက်တွေကြောင့်ပဲ ရည်စားဆိုတာ ခုချိန်ထိ မရှိခဲ့….မရှိဆဲ….မရှိတော့မှာပါပဲ။ သူမကို ချစ်သူရှိလားလို့ မေးခဲ့ရင်တော့ မလိမ်ညာချင်ခဲ့ပါဘူး။ လိမ်ညာလို့မရအောင်ကို သူမမျက်နှာမှာ ပေါ်နေမှာတာကိုး။

ဟော အခုတော့ သူမ ရောက်နေတဲ့ နေရာလေးက ချစ်သူဆိုတဲ့အသုံးလေးနဲ့…လှပလို့…နွေးထွေးလို့… ကြားရသူအပေါင်းကိုလည်း ကြည်နူးပိတိဖြစ်စရာ။
"အမရဲ့ချစ်သူကလေ….။"                           
"ဒီနေ့ ကျနော့်ချစ်သူနဲ့ တွေ့ဖို့ပြောထားလို့…ပြန်နှင့်ပြီ….။"
"ချစ်သူလေးက ခုချိန်ထိ ဖုန်းလည်း မဆက်ဘူး….။"
          "ဒီနေ့ နောက်ကျမှာမို့လို့ ချစ်သူကို လာကြိုဖို့ပြောထားတယ်…။"
အဲဒီလို အသံလေးတွေ နေ့တိုင်း ကြားနေရတယ်။ အဲဒီ ချစ်သူတွေနေတဲ့ ရပ်ဝန်းလေး၊ နွေးထွေတဲ့ ရပ်ဝန်းလေးကို ရောက်လာတဲ့ သူမကို အားလုံးက စိတ်ဝင်တစားနဲ့ "ချစ်သူရှိလား…" လို့ မေးတဲ့လူတွေ မေးတဲ့နေရာတွေ မတူပေမဲ့ မေးခွန်းက တခုတည်းပဲ မေးကြတယ်။
တနေ့ ပြပွဲတခုကအပြန် သူမရဲ့ ကင်မရာလေးနဲ့ရိုက်လာတဲ့ ဓာတ်ပုံတွေကို ကွန်ပျူတာထဲထည့် ကြည့်နေတဲ့သူမကို အမတယောက်က နောက်ကနေလာကြည့်ရင်း ကင်မရာအကြောင်းကိုပြောပါတော့တယ်။
"ညီမလေးရဲ့ ကင်မရာက ရုပ်ထွက်ကောင်းတယ်နော်…ကြည်နေတာပဲ…"
"အမလည်း ကြိုက်လိုက်တာ…ဘယ်လောက်ပေးရလဲဟင်…"
"မသိဘူး အမရဲ့…လက်ဆောင်ပေးတာ"
အဲဒီမှာ ဇာတ်လမ်း စတော့တာပါပဲ။
          "ချစ်သူပေးထားတာလား….." လို့ရယ်ကျဲကျဲနဲ့မေးတယ်။
လူကြီးရှက်တော့ ရှယ်တယ်တဲ့… စကားပုံရှိတယ် မဟုတ်လား။ အဲဒီတုန်းက သူမ အကျယ်ကြီးရယ်ခဲ့မိတယ်။
          "ချစ်သူ ပေးတာ မဟုတ်ပါဘူး အမရယ်…." လို့ပြောရင်း သူမ ရှယ်ရယ်ရယ်နေခဲ့တယ်။
နောက်တကြိမ်အမေးခံရတာတော့ ထမင်းစားပြီး ကော်ဖီသောက်ချင်တာနဲ့ ကော်ဖီထုပ် သွားထုတ်တဲ့ စတိုခန်းထဲမှာပါ။ အဲဒီက အမတွေကို နှုတ်ဆက်ရင်း စကားစမြည်ပြောရင်းနဲ့။
          "အမ နေ့လည်စာစားပြီးပြီလား…"                                                         
          "ဒီနေ့ အပြင်သွားရလို့လေ… ချစ်သူနဲ့ အပြင်မှာစားခဲ့တယ်…"
          "ညီမလေးကော ချစ်သူရှိလား…"                             
အဲဒီမေးခွန်းမေးတော့ စတိုခန်းထဲက အမတယောက်နဲ့ ညီမတယောက်ရှေ့မှာ သူမ ပြေးပေါက်မှားတော့တာပါပဲ။ ကော်ဖီထုတ်ပြီး သူမနာမည်နဲ့ နေ့စွဲအောက်မှာ အမှန်ခြစ်လေးခြစ်ပေးဖို့ကို ဘောလ်ပင်ကိုင်ထားတဲ့လက်က အယောင်ယောင်အမှားမှားနဲ့။
          "'ဒီနေ့ ဘယ်နှစ်ရက်လဲ အမ…"
          "ကြည်…ဒီကောင်မလေးတော့ စကားတွေလွှဲကုန်ပြီ…"
          "……….."
          "…………..."
သူမမှာ ချစ်သူရှိပါတယ်လို့ ဖြေလိုက်တဲ့အချိန်တိုင်းမှာ ရှက်ရွံ့ကြည်နူးစွာနဲ့ ပျော်ရွှင်ကြည်နူးစိတ်လေး ၀င်လာတတ်တာကို သူမ မငြင်းနိုင်ပါ။ ချစ်တဲ့သူတွေကို အလေးအနက်တန်ဖိုးထားတတ်တဲ့ ချစ်သူ့ရပ်ဝန်းလေးကို ရောက်မှာပဲ သူမမှာ ချစ်သူရှိတယ်ဆို ပထမဆုံးအကြိမ် ၀န်ခံခဲ့ရဖူးပြီ။ သူမရဲ့ရင်ထဲမှာ နေရာတွေအများကြီးယူထားတဲ့ ချစ်သူကို သူမရဲ့ချစ်သူပါလို့ ချစ်သူ့ရပ်ဝန်းလေးကို အသိပေးခဲ့ပြီးပါပြီ။ ဒါကို ချစ်သူသိအောင် ပြောပြရပါဦးမယ်။ 
 
Image and video hosting by TinyPic

No comments:

Post a Comment