Tuesday, June 28, 2011

ပလူတိုနီယမ်


နေ၀င်းမြင့်
(၁)
          "….အရှေ့အာရှဒေသမှ လက်ရှိလည်ပတ်နေတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုပေါင်းဟာ ၁၁၅လုံးရှိပြီး လာမယ့် ဆယ့်စုနှစ်များမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ဖိုး အကုန်အကျခံပြီး ဓာတ်ပေါင်းဖိုတွေ ဆောက်ဦးမှာပါ။ အာရှနိုင်ငံတွေကတော့ ပလိုတိုနီယံ အသုံးပြုဓာတ်ပေါင်းဖိုတွေကို သုံးဖို့တောင် စိတ်ကူးနေကြပါပြီ။ အာရှနိုင်ငံအချို့ရ့ ပြဿနာကတော့ ပလူတိုနီယမ်ကို စွမ်းအင်ထုတ်လုပ်ဖို့ထက် လက်နက်မှာသုံးဖို့ကို အာရုံစိုက်လိုက်ကြတာလည်း တွေ့နေရတယ်"
          "ဓာတ်ပေါင်းဖိုတွေမှာ သုံးတဲ့ ယူရေနီယမ်လောင်စာဟာ လောလောဆယ်မှာတော့ ပေါနေတာပေါ့လေ။ ဆိုဗီယက်ခေတ်ကောင်းတုန်းကနဲ့ အမေရိကန်တို့က သုံးခဲ့တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့တာလည်းပါတော့ ကမ္ဘာ့ဈေးကွက်မှာ ယူရေနီယမ်ဟာ ဈေးကွက်သဘောအရ ခေတ္တခဏတော့ ပေါများနေဦးမှာပါပဲ"
          သာမောင်က မဂ္ဂဇင်းအဟောင်းစာအုပ်ထဲမှာပါတဲ့ ကမ္ဘာ့ပလူတိုနီယမ် မှောင်ခိုမှုကြီးဆောင်းပါးကို ဖတ်နေရင်းက သူ့အိမ်အပြင်ဘက်က တာလမ်းကြီးကို လှမ်းကြည့်လိုက်တယ်။ ဘာမှမရှိပါဘူး။ ခါတိုင်းလိုပဲ ကုက္ကိုပင် ၄၊ ၅ပင်ရယ်၊ ရေမရှိတဲ့ သောက်ရေအိုးစင်ဟောင်း ခပ်စောင်းစောင်းရယ်၊ ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းရယ်၊ နေပူပူကျဲကျဲမှာ ထီးမပါဘာမပါ သွားနေတဲ့ လူတစ်ယောက်နှစ်ယောက်ပဲရှိတယ်။
          သဖန်းကုန်းနဲ့ လျှော်ပင်ဆိပ်ကို ကူးလာခတ်သွားနေကျ မြင်းလှည်းတစီးတလေတောင် မရှိဘဲ တာလမ်းမဟာ တံလျှပ်တွေ တချောင်းချောင်းထွက်နေတာကို ကြည့်ရင်းက သူ့စိတ်ထဲမှာ နျူကလီးယား၊ ယူရေနီယမ်နဲ့ ပလူတိုနီယမ်ဆိုတာတွေကို မျက်စိထဲ မြင်ကြည့်တယ်။ ဘယ်ကရမှာလဲ။ သူမှတခါမှ မမြင်ဘူးတဲ့ပစ္စည်း၊ စိတ်နဲ့မှန်းကြည့်လို့ ဘယ်ရနိုင်မှာလဲ။
          ကြောက်စရာတောင် ကောင်းနေပါရောလား။ ပလူတိုနီယမ်ဟာ တော်တော်အဆိပ်ပြင်းတဲ့ ကောင်ပါလား။ သည်ကောင်ဟာ တစ်ကမ္ဘာလုံးက ကြောက်နေရတဲ့ အကောင်ပါလား။
          သူ့ဟာသူလည်း တွေးတယ်။ ပြီးတော့မှ မဂ္ဂဇင်းဟောင်းကို ဆက်ဖတ်တယ်။
          "အသုံးပြုပြီးသား လောင်စာချောင်းတွေကို ပြန်သုံးလို့ရအောင် အဆင့်ဆင့် သန့်စင်ယူနေကြတယ်။ ဓာတ်ပေါင်းဖိုသုံး ပလူတိုနီယမ်ရဖို့ မခက်ပေမယ့် လက်နက်သုံး ပလူတိုနီယမ်ရဖို့က ခက်တယ်။
ဒါကြောင့် နိုင်ငံတကာက ဒီနည်းပညာကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားတာပေါ့။ လိုတာထက်ပိုပြီး လက်ဝယ်ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံတကာက စစ်ဆေးပေးဖို့ တောင်းဆိုနေတယ်။
ကုလသမဂ္ဂ နိုင်ငံတကာအဏုမြူအေဂျင်စီ(အိုင်အေအီးအေ)ကလည်း အရေးယူပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားကပဲ…"
သာမောင် နဖူးမှာချွေးတွေ စီးကျလာတယ်။ ဘုရား…ဘုရား။ သည်အိုင်အေအီးအေဆိုတဲ့ ငနဲတွေကလည်း ဘယ်နှယ့်လုပ် တတ်နိုင်မှာလဲ။ လူလေးနည်းနည်းပါးပါးနဲ့ ကမ္ဘာကြီးရဲ့ အကာအကွယ်မရှိတဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့လို့ရမှာတုန်း။
"ကိုသာမောင်…တော် ကျောင်းမှာ အစည်းအဝေးရှိတယ် မဟုတ်လား"
"နေပါဦး စောပါသေးတယ်။ ရာအိမ်မှူးငပွားတောင် မလာသေးဘူး။ ဒီမှာ စာဖတ်လို့ ကောင်းတုန်းရှိသေးတယ်"
"စာတိုငညို လုပ်မနေနဲ့၊ ညနေလည်း ပိုက်ဆံကောက်ထွက်ရဦးမှာနဲ့"
"ဒါက ငါလုပ်စရာမလိုဘူး။ အပိုင်းလိုက် တာဝန်ပေးထားပါတယ်"
"တော်တော်လူကြီးလုပ်ချင်၊ လူကြီးဖြစ်ခါမှ ဘာမှမည်မည်ရရ မလုပ်တော့ဘူး။ ရေနွေးတအိုးနဲ့ ဘုတ်အုပ်ဖတ်လိုက်၊ စာချောက်လိုက်လုပ်နေ သိလား…"
မစိန်လှ ပြောချင်ရင်လည်း ပြောချင်စရာပဲ။ သာမောင်လူကြီးဖြစ်တာ မကြာသေးဘူး။ လူက နဂိုက ခပ်အေးအေးပါ။ ခေတ်ပညာမတောက်တခေါက်တတ်တော့ ကိုယ့်လက်မှတ်ကိုယ် သာမောင်လို့ ကောက်ကောက်ကွေးကွေး ထိုးတတ်တာရယ်။ လူကြီးလုပ်ချင်တဲ့ ရောဂါရယ်ပေါင်းပြီး ရွာက ၀ိုင်းတင်တော့ သာမောင်ကလည်း ဘာရမလဲ၊ လုပ်ပေါ့၊ ချပေါ့၊ ရွာကျိုးရပ်ကျိုးလည်း လုပ်ပါတယ်။
စာလေးဘာလေးကတော့လည်း ၀ါသနာပါတယ်။ စာအုပ်ထဲကဟာတွေဖတ်ပြီး လုပ်ရတဲ့လူကြီးဆိုတော့ လျှော်ပင်ဆိပ်မှာတော့ အာဂထဲက ဆိုပါတော့။
"ဆိုမာလီမှာ အငတ်ဘေးတွေ ဆိုက်နေပြီ။ ဘော့စနီးယားမှာလည်း ဆာ့ဘ်နဲ့ဖြစ်တဲ့ ပြဿနာ ပိုကြီးနေပါပြီ။ ရ၀မ်ဒါ လူမျိုးစုချင်း တိုက်နေတာတွေကို ဘယ်သူကမှ ကြားမ၀င်သေးတာကို ကျုပ်က မခံချင်တာ"
"ကိုသာမောင်ရယ်၊ လျှော်ပင်ဆိပ်နဲ့ အဝေးကြီးပါတော်"
"အေး….ကမ္ဘာ့အရေးအခင်းဟ၊ နင်ဘာနားလည်လဲ၊ အိမ်ရှေ့ပူ အိမ်နောင်မချမ်းသာဆိုတာ မဟုတ်လား၊ ဘာဖြစ်တုန်း ဆိုဗီယက်ကွဲပြီလေ ကောင်းသေးလား၊ ဆိုဗီယက်ကွဲတော့ ရုရှားက ရယ်တာပေါ့"
"ဟ…သာမောင်ရ ဆိုဗီယက်နဲ့ ရုရှားအတူတူပဲဆို"
"ဟုတ်တယ် ဟုတ်တယ်၊ စကားတွေတောင် လွဲကုန်ပြီ၊ အမေရိကန် အကြိုက်ပေါ့။ တကယ့်ကလီယုဂ်ခေတ်ကို ရောက်နေတာ လက်နက်ရောင်းဖို့ စဉ်းစားနေတာ"
အိမ်မှာ လူထူရင် ရေနွေးကြမ်းတအိုးချပြီး အာဘောင်အာရင်းသန်သန်နဲ့ ပြောတတ်လာတာလည်း သိပ်တော့ မကြာသေးဘူး။
သူ့ရွာလျှော်ပင်ဆိပ်ထက် ကြီးတဲ့ တိုက်နယ်အဆင့်ရွာ သဖန်းကုန်းက တပတ်တခါ မြင်းလှည်းနဲ့ စုလာတတ်တဲ့ သတင်းစာတွေကို ဖတ်တာလည်း တရွာလုံးမှာ သူနဲ့ မူလတန်းကျောင်းက ဆရာ၊ ဆရာတွေလောက်ပဲ ရှိတော့ သူပြောသမျှ ရွာကလူတွေကတော့ အဆန်းတကြယ်ချည်းပေါ့လေ။ ခက်တာက သူ့ရွာမှာ သတင်းစာဟောင်းကလွဲရင် ဘာစာအုပ်မှ မရှိဘူး။ ဘာမဂ္ဂဇင်းမှ မရှိဘူး။ ဖတ်ချင်လို့ စာအုပ်မရှိဘူး။ သူက လျှော်ပင်ဆိပ်သားလည်း မဟုတ်ဘူး။ သဖန်းကုန်းသား။ လျှော်ပင်ဆိပ်က မိန်းမနဲ့ရလို့သာ သည်ရွာရောက်လာတယ်ဆိုတော့ သဖန်းကုန်းမှာ နေတုန်းကလိုလည်း ဖတ်စရာစာအုပ်က လက်လှမ်းမီတာ မဟုတ်ဘူးကိုး။
တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သဖန်းကုန်း အစည်းအဝေးသွားရင်းက မဂ္ဂဇင်းစာအုပ်ရလာတယ်။ သူ့အကြိုက်ပေါ့။ ကမ္ဘာ့ရေးရာတွေ တော်တော်များများပါတဲ့ စာအုပ်ဖြစ်နေတယ်။ တချို့စာတွေကို အလွတ်ကျက်ထားတယ်။ တချို့အချက်အလက်တွေကို ဗလာစာအုပ်နဲ့ကို မှတ်ထားတယ်။ အဲသည်မဂ္ဂဇင်းထဲမှာ သူတခါမှ မကြားဖူးတဲ့ အကြောင်းအရာတခုပါလာတော့ သူတော်တော်လည်း စိတ်ဝင်စားသွားတယ်။ အဏုမြူဓာတ်ပေါင်းဖိုတို့၊ နျူကလီးယားလောင်စာတို့၊ အဏုမြူဗုံးတို့လောက်တော့ သူကြားဖူးတယ်။ ဖတ်လည်း ဖတ်ဖူးတယ်။ ဒါပေမယ့် ခပ်ဝါးဝါးဖတ်ဖူးတာ။ အခုက ယူရေနိယမ်တဲ့၊ ပလူတိုနီယမ်တဲ့၊ အဆိပ်တော်တော်ပြင်းတဲ့ ဓာတ်တွေတဲ့၊ အာရှနိုင်ငံတွေ အတော်များများမှာတောင် ရှိနေပတဲ့။
ဒါက ဘယ်ကကရောက်လာတာတုန်း၊ ဘာလုပ်ရတာတုန်း၊ ဘယ်ထဲက ထုတ်ယူတာတုန်း၊ မြေကြီးထဲက တူးဆွဲယူလို့ရတာလား သူသိချင်တယ်။
အဲသည်နေ့ကတော့ အစည်းအေးတောင် ဖြည်းဖြည်းမှသွားတော့မယ် စိတ်ပိုင်းဖြတ်လိုက်တယ်။ သူတော်တော်လည်း စိတ်ဝင်စားတယ်။ မဂ္ဂဇင်းကို မျက်မှောင်ကြီးကြုတ်ရင်း ဆက်ဖတ်တယ်။
ဂျပန်မှာ ပလူတိုနီယမ် တတန်ကျော်လောက် ပိုင်ဆိုင်ထားတယ်။
ဒါဟာ ကြောက်စရာအခြေအနေပဲ။ ဗုံးတလုံးလုပ်ဖို့ ရှစ်ကီလိုဂရမ်သာလိုတဲ့ ပလူတိုနီယမ်ကို ဂျပန်က သည်လောက်များများ ပိုင်ဆိုင်ထားတော့ တခြားနိုင်ငံတွေက စိုးရိမ်နေကြတယ်။
လာမယ့် ဆယ်ရာစုနှစ် တခုကျော်ရင် ဂျပန်က ပလူတိုနီယမ်မက်ထရစ်တန် ၅၀လောက်ကို ပိုင်ဆိုင်တော့မှာပါ။ ဒါကို ၀ါရှင်တန်အစိုးရကတောင် သံသယရှိလာခဲ့တယ်။
တောင်ကိုးရီးယားနိုင်ငံလည်း နျူကလီးယား စွန့်ပစ်ပစ္စည်းတွေထားဖို့ အဏုမြူအမှိုက်ပုံတခု ရှာဖွေနေတယ်။ ဒါကို လူထုက ဆန့်ကျင် ဆန္ဒပြတာတွေလည်း ကြားနေရတယ်။
တပိုဒ်ဖတ်ပြိးတော့ သာမောင် စာအုပ်ကိုပိတ်လိုက်တယ်။ သူက ဆေးလိပ်တိုကို မီးညှိတယ်။ သူ့ခေါင်းထဲမျာ အာရုံတွေ ဆူဝေနေတယ်။ တဆက်တည်းပဲ သည်စာသားတွေကို အစည်းအဝေးမှာ လိုအပ်ရင် ပြောဖို့ မှတ်သားထားတယ်။ တာလမ်းပေါ်မှာတော့ နေက ခြစ်ခြစ်တောက်ပူနေတုန်း။
ကလေးတယောက်က လမ်းဘေးရေအိုးစင်က ရေတခွက်ခပ်သောက်နေတာကို သူမြင်နေရတယ်။ ဒါပေမယ့် ရေက ရှိနေပုံမရဘူး။ ကလေးက ရေမှုတ်ကို ပြန်တင်ရင်းက နေပူထဲ ပြေးထွက်သွားတယ်။ နွားလှည်းတစီး တအီအီအော်ရင်းက တာလမ်းကို ပျင်းတိပျင်းတွဲဖြတ်နေတာကို ကြည့်ရင်းက သူတွေးနေတာ အကြာကြီး။ တော်တော်ကြာတော့မှ ဆေးလိပ်တိုကို အုန်းမှုတ်ဆေးလိပ်ခွက်ထဲ ပြာချွေရင်းက ဆက်ဖတ်တယ်။
"ကနေ့ ပြဿနာကတော့ နျူကလီးယားပစ္စည်းတွေ မှောင်ခိုရောင်းနေတဲ့ ပြဿနာပဲ။ ဂျာမနီနိုင်ငံ တိန်ဂျင်မြို့မှာ ရဲအဖွဲ့က ဒေါ့စ်ဂျက်ကာဆိုသူရဲ့ ကားဂိုဒေါင်ထဲမှာ ၀င်ရှာတာ ပလူတိုနီယမ် ဂရမ် ၆၀လောက် ရှာဖွေတွေ့သွားခဲ့တယ်။ နောက်တခါ ဂျာမနီမှာ ယူရေနီယမ်ဒြပ်စင် ၂၃၅၀.၈ ဂရမ်ကို ဘာဘေးရီးယားရဲက ရှာတွေ့တယ်။ ရဲက သန့်စင်ထားတဲ့ ယူရေနီယမ်အလုံးကလေး ၁၂၀ကို ထပ်မံဖမ်းဆီရမိတာကစပြီး နျူကလီးယားမှောင်ခိုမှုဟာ အားကောင်းလာပြီဆိုတာ ကမ္ဘာကသိသွားတော့တာပါပဲ။
နောက်တခါတော့ ဂျာမနီမှာပဲ မြူးနစ်လေဆိပ်မှာ ကိုလံဘီယာ နိုင်ငံသားဂျက်စတီနီယာ နိုတောရက်စ်ကို ပလူတိုနီယမ် ဒြပ်စင် ၂၃၉ အမျိုးအစား ၁၀.၅၈အောင်စ (ဂရမ် ၃၀၀)လောက်ကို ဖမ်းမိတယ်။ လေဆိပ်မှာ တောရက်စ်ဖမ်းပြီးစစ်ဆေးတော့ သံမဏိသတ္တုဘူးပြောင်ပြောင်ထဲ ထည့်လာတာကို စစ်ဆေးတွေ့ရှိတာကစပြီး ဂျာမနီဝန်ကြီးချုပ် ခိုးလ်က သည်အဏုမြူမှောင်ခိုမှုဟာ လူသားအားလုံးအတွက် ကြောက်စရာကောင်းတဲ့ မှောင်ခိုမှုကြီးပဲလို့ ပြောခဲ့တယ်။ ယဲ့ဆင်ဆီကိုလည်း စာရေးတယ်။
ရုရှားကလည်း သူတို့ဟာ မဟုတ်ဘူးလို့ ငြင်းနေတုန်းပါပဲ။
ငြင်းတာငြင်းတာပါ၊ မော်စကိုအရှေ့မိုင် ၂၅၀ကွာမှာ အာဇာမာ ၁၆လို့ နာမည်ပေးထားတဲ့ နျူကလီးယား သုတေသနဌာနကလည်း ပလူတိုနီယမ်တွေ ပျောက်တယ်လို့ ကြေညာထားတော့ သံသယဖြစ်စရာတွေ ရှိလာခဲ့ပါတယ်။
ပလူတိုနီယမ်ဟာ လူတွေသောက်တဲ့ ရေထဲကို ထည့်လိုက်ရင် ဒါမှမဟုတ် မီးရှို့ပြီး လေထဲမှာပေါက်ကွဲစေမယ်ဆိုရင် လူသန်းပေါင်းများစွာ…."
"ဟ…သောက်ကျိုးနဲ"
ဖတ်နေရင်းက သာမောင် ဆေးလိပ်က မီးပွားတွေ ပုဆိုးပေါ်ပြုတ်ကျကုန်တယ်။ ပထမတော့ အဏုမြူကွဲတာလို့ အောက်မေ့သွားတယ်။ နောက်မှ ပုဆိုးထခါရင်း ဖတ်လက်စ မဂ္ဂဇင်းစာအုပ်ကို ပိတ်တယ်။ ရေတခွက် ခပ်သောက်တယ်။ သူ့ရင်ထဲမှာ ကတုန်ကယင်ကြီး ဖြစ်နေတုန်းပဲ။ ပြီးတော့ သူ့ဟာသူလည်း တွေးတယ်။
"လူတွေ တရားပျက်ကုန်ပါရောလား၊ ကြည့်စမ်း အရောင်းအ၀ယ်လုပ်စရာရှားလို့ ဘယ်နှယ့် ပလူတိုနီယမ်ဆိုတာကြီးကို အရောင်းအ၀ယ်လုပ်နေကြတာကိုး။ ဒါကြီးက လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုပါလား။ ဒါတွေ ဘယ်လောက်တောင် ပျံ့နှံ့နေပြီလဲ။ ငါ့ရွာလျှော်ပင်ဆိပ်ကိုတော့ ရောက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ လျှော်ပင်ဆိပ်မှာ ပလူတိုနီယမ်မိရင် ငါနာမည်ပျက်တော့မယ်။ လူတွေ သေတော့မယ်"
သာမောင် ပုဆိုးလဲတယ်။ ရေတခွက်ခပ်သောက်တယ်။ သူတော်တော်ရင်ပူနေတာကိုး။
(၂)

သာမောင်အစည်းအဝေးကို တော်တော်နောက်ကျမှ ရောက်တယ်။ ဒါပေမယ့် သာမောင်လာမှပဲ  အစည်းအဝေးစတာပါ။ အစည်းအဝေးမှာလည်း မဆီမဆိုင် နျူကလီးယား ဓာတ်ပေါင်းဖိုတွေအကြောင်း ပြောတယ်။ ကမ္ဘာ့အနှံ့ ရုရှားဘက်က မှောင်ခိုထုတ်နေတဲ့ ပလူတိုနီယမ်အကြောင်းတွေကို ပြောတယ်။ ရုရှားအာကာသပညာရှင်တွေကိုယ်တိုင် ပလူတိုနီယမ်ကို တဖက်လှည့် ထုတ်နေတာတွေကြောင့် ကမ္ဘာ့ပုလိပ်အဖွဲ့က နေရာအနှံ့မှာ တွေ့နေတာတွေကို ပြောတယ်။ အစည်းအဝေးတက်လာတဲ့ သူတွေလည်း ဘာမှနားမလည်ဘူးပေါ့လေ။ ဘာတွေလာပြောနေတာလဲပေါ့၊ ပလူတိုနီယမ်နဲ့ လျှော်ပင်ဆိပ်နဲ့လည်း ကွာလှတာကိုး။
"ဒီတော့ ခင်ဗျားတို့လည်း သွားရင်းလာရင်း ကြည့်ပါ။ ဂရုစိုက်ပါ။ သံမဏိသတ္တုဘူး ပြောင်ပြောင်တွေ့ရင်မေးပါ။ မသင်္ကာရင် ခေါ်ခဲ့ပါ"
ကျောင်းအစည်းအဝေးဆိုပေမယ့် အစည်းအဝေးမှာပါတဲ့ ဆရာ၊ ဆရာမတွေကလည်း ဘာပြောလို့ရမှာတုန်း၊ သာမောင်ပြောတာ နားထောင်ရတော့တာကလား။ ကျောင်းအုပ်ဆရာကြီးကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့မြေပုံကိုကြည့်လိုက်၊ ပလူတိုနီယမ်က လျှော်ပင်ဆိပ်ကို ဘယ်အပေါက်က ဘယ်လိုဝင်လာမှာလည်း တွေးလိုက်နဲ့ပေါ့လေ။
ဒါပေမယ့် သာမောင်အစည်းအဝေးအပြန်မှာ ဘယ်လိုမှ မထင်ထားတာတွေ ဖြစ်လာခဲ့တာပါပဲ။ သာမောင် တွေးပူခဲ့တာတွေ ကွက်တိဝင်လာတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လျှော်ပင်ဆိပ်မှာ အဲသည့်နေ့က သံမဏိသတ္တုဘူး သုံးဘူး မိလိုက်လို့ပါပဲ။
ဖြစ်ပုံက ကျောင်းအစည်းအဝေးအပြန်၊ ဈေးဝက လှည့်ပြန်တော့ မြင်းလှည်းဂိတ်မှာ သာမောင် သတင်း တခုကြားတယ်။ ဒဟပ်တန်းက ခင်အောင်က သံမဏိသတ္တုဘူး ရှည်ရှည်သုံးဘူးကို ရသလောက်နဲ့ လိုက်ရောင်းနေတယ်ဆိုတဲ့ သတင်းပဲ။ ဒဟပ်တန်းဆိုတာ လျှော်ပင်ဆိပ်နဲ့ တော်တော်ဝေးတဲ့နေရာ။ အဲသည်ရွာမှာ မကြာခင်က ဆည်တခုဖောက်နေတော့ အနားက ရွာတွေက ရွာသားတော်တော်များများ အလုပ် ရကြတယ်။ ခင်အေင်ကလည်း အလုပ်သမားလက်သစ်ပဲ။ ဒါကို သာမောင်သိတယ်။ သည်ကောင်က ဘာဖြစ်လို့ လျှော်ပင်ဆိပ်ကို ရောက်လာတာလဲ။ သတ္တုဘူး ပြောင်ပြောင်သုံးဘူးဟာ ဘာလဲ။ သတင်းရရချင်းပဲ ခင်အောင်ကို လိုက်ရှာတယ်။ ဘုံဆိုင်သွားတယ်ဆိုလို့ လိုက်တယ်။ ပြန်သွားပြီဆိုတော့ မြင်းလှည်းဂိတ်ရှေ့က စောင့်တယ်။ မိတယ်။ အရက်မူးနေတဲ့ ခင်အောင်ကို ဆင်းခိုင်းတယ်။ သူ့လွယ်အိတ်ထဲက ပြောင်လက်ပြီး အင်္ဂလိပ်စာတွေရေးထားတဲ့ သံမဏိသတ္တုဘူး သုံးဘူးကို တွေ့တယ်။ သံမဏိဘူးတွေကို ဖွင့်ကြည့်လိုက်တော့ ငွေရောင်တောက်နေတဲ့ သတ္တုခဲလေးတွေဟာ တဖျပ်ဖျပ်လက်နေတယ်။ ပြီးတော့ လက်မလောက်ရှိတဲ့ အ၀တ်နဲ့ချုပ်ထားတဲ့ ဆန်အိတ်သေးသေးလေးတွေလို အထုပ်ကလေးတွေလည်း ပါတယ်။
"ဟာ…ကြည့်စမ်း၊ ပလူတိုနီယမ်တွေ"
(၃)
သာမောင်အိမ်ရှေ့မှာ လူတွေဝိုင်းနေပြီ။ အောက်လင်းဓာတ်မီးကြီးထွန်းပြီး သာမောင်က ခင်အောင်ကို ညတွင်းချင်း စစ်ဆေးတယ်။ လူတွေကတော့ ခြံထဲမှာရော တာလမ်းပေါ်မှာရော လူတွေအပြည့်။ ထမင်းတောင် မစားနိုင်ဘူး။ ခင်အောင်အိတ်ထဲက ပလူတိုနီယမ်ဆိုလို့သာ လာကြည့်ရတယ်။ ဘာမှန်းလည်း သိကြတာ မဟုတ်ဘူး။ ခင်အောင်ကိုယ်တိုင်ကလည်း ခေါ်လာလို့သာ လိုက်ရပါတယ် သူ့ဟာသူ ဘာအမှုမှန်းလည်း မသိဘူး။
"မင်း ဒီပလူတိုနီယမ်တွေ ဘယ်ကရလာတာလဲဟေ့"
"ကျုပ် အလုပ်ထဲက"
"ဒါတွေဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား"
"မသိဘူး"
"ဟေ့ လူသန်းပေါင်းများစွာ သေစေနိုင်တယ်ကွ။ မင်းနားလည်လား"
အဲသည်တော့မှ လာနားထောင်တဲ့ ရွာသားတွေက -
"ဟာ…နည်းတဲ့ အမှုကြီး မဟုတ်ပါလား။ ခင်အောင်ယူလာတာ လက်စသတ်တော့ ဗုံးဆံတွေပဲ။ ကြည့်စမ်း မသေကောင်း မပျောက်ကောင်း၊ ချဟာ နှက်ဟာ ဆော်ဟာ" ဖြစ်ကုန်ရော။ ရွာမိ ရွာဖတွေကလည်း အဲသည်တော့မှ လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုတဲ့ ပလူတိုနီယမ်အခဲတွေကို ခပ်ဝေးဝေးက လှမ်းကြည့်ကြတယ်။ အောက်လင်းဓာတ်မိးရောင်ထဲမှာ သတ္တုခဲတွေ တဖျပ်ဖျပ်နဲ့ကိုး။ သည်သတ္တုခဲလေးတွေ ထည့်ထားတဲ့ သတ္တုဘူးတွေကလည်း တကယ့် သေမင်းတမန်ဆိုပေမယ့် လှလိုက်တာလည်း မပြောနဲ့တော့။
"အေး သည်တညတော့ နေဦးပေါ့ကွာ။ မင်း ဒဟပ်ကုန်းမှာသာရမယ်။ လျှော်ပင်ဆိပ်မှာ လူလည်လာမလုပ်နဲ့ မရဘူး မှတ်ထား"
သာမောင်က သတ္တုခဲတွေကို သတိနဲ့ ကိုင်ရင်းက ဂရမ်ချိန်ခွင်မရှိတော့ အထဲက ကြေးချိန်ခွင်နဲ့ချိန်တယ်။ တစ်ဘူးကို ဓာတ်ခဲလေးလုံးနဲ့ညီတော့ ၂၀သားစီရှိတယ်။ သုံးဘူးဆိုတော့ ၆၀သား။ အဲသည်ညက ခင်အောင်ကို ဖမ်းထားလိုက်တယ်။ အမှုက ပလူတိုနီယမ် တရားမ၀င်ရောင်းဝယ်မှု။
(၄)
ဒါပေမယ့် ပေါ့လေ။ နောက်တနေ့ နေ့လယ်မှာတော့ ဒဟပ်တန်းက ခင်အောင်ကို သာမောင်လွှတ်လိုက်တာပါပဲ။ ခင်အောင် အလုပ်လုပ်တဲ့ ဆည်မြောင်းအရာရှိတွေက လျှော်ပင်ဆိပ်ကို မြင်းလှည်းနဲ့လိုက်လာပြီး လာရွေးသွားလို့ ပါလာတဲ့ အရာရှိတွေကလည်း သာမောင်ကို သတ္တုဘူးတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။
"ဒါက ကျွန်တော်တို့ဆောက်နေတဲ့ လုပ်ငန်းမှာ နိုင်ငံခြားက စက်ပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ဆီလီကာဂျဲလ်လို့ခေါ်တဲ့ ရေငွေ့စုပ်တဲ့ သတ္တုခဲကလေးတွေပါခင်ဗျား၊ ပလူတိုနီယမ် မဟုတ်ပါဘူး။ သူရဲ့ သဘောက ရေငွေ့တွေကြောင့် စက်ပစ္စည်းတွေ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ရေငွေ့ထိန်းအခဲလေးတွေပါ။ ကျွန်တော်တို့ဆီမှာတော့ အလုပ်သမားတွေက ဘူးလေးတွေလှလို့ ယူကြတာပဲ။ သူက လာတော့လည်း သတ္တူဘူးတွေနဲ့ လာတာပါ။ ဘာမှ အဖိုးမတန်ပါဘူး"
သာမောင်ကတော့ နားရှိလို့သာ ကြားရတာ။ မယုံဘူး။ ဒါဟာ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ပစ္စည်းဆိုတာ ဟုတ်ကိုမဟုတ်နိုင်ဘူး။ ဒါပေမယ့် တဖက်က အရာရှိဖြစ်နေတယ်။ ခေတ်ပညာတတ်ဖြစ်နေတယ်။ လေးစားယုံကြည်လောက်တဲ့လူဖြစ်နေတယ်။ ဒါပေမယ့် လူသန်းပေါင်းများစွာ သေနိုင်တဲ့ ပလူတိုနီယမ် သယ်ဆောင်လာသူကို သူ့အစွမ်းအစနဲ့ ဖမ်းမိထားတယ်လို့ လူသိရှင်ကြား ပြောပြီးနေပြီ။ သက်ဆိုင်ရာကို တင်ပြဖို့တောင် စာရေးပြီးနေပြီ။ လျှော်ပင်ဆိပ်ရဲကိုတောင် အကြောင်းကြားပြီးနေပြီ မဟုတ်လား။
"မဟုတ်ရင်လည်း ခေါ်သွာပေါ့ဗျာ။ ကျုပ်ကတော့ ပလူတိုနီယမ်ထင်တာပဲ။ ခင်အောင် မင်း သိပ်ကံကောင်းတယ်ကွ နော်"
"ဟင်း…ဟင်း"
သာမောင်ကတော့ မလျှော့သေးဘူး။ မြင်းလှည်းပေါ် ပါသွားတဲ့ ခင်အောင်ကို မကျေမချမ်း လှည်းကြည့်နေတုန်းပဲ။ သည်သတင်း ရွာထဲပျံ့သွားတော့လည်း ရွာသူရွာသားတွေ ၀မ်းသာကြတာပါပဲ။ တောသူ တောင်သားတွေဆိုတော့ ပလူတိုနီယမ်လည်း မသိဘူး။ ဆီလီကာဂျဲလ်ဆိုတာလည်း မသိဘူး။ သူတို့ ၀မ်းသာတာက သည်ငွေရောင်ခဲလေးတွေက လူသန်းပေါင်းများစွာကို သေစေနိုင်တာ မဟုတ်ဘူးဆိုတာကိုပါ။
(၅)
သာမောင်ကတော့ မလျှော့သေးဘူး။ လျှော်ပင်ဆိပ်မှာ သတ္တုဘူးပြောင်ပြောင်တွေ့ ရင် ပြူးပြဲရှာဖို့ ပြောတုန်း။ ပလူတိုနီယမ်တွေ့ရင် အမြန်ဆုံးသတင်းပို့ဖို့ အစည်းအဝေးတိုင်းမှာ မှာတုန်း။

မှတ်ချက်။ ။ ဆရာနေ၀င်းမြင့်၏ ရေသွန်မြစ် ၀တ္တုတိုများစာအုပ်မှ….

 Image and video hosting by TinyPic

No comments:

Post a Comment