Thursday, June 2, 2011

နေသားကျသွားတဲ့ ဘ၀များ … (၁)

''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး… ဆိုတဲ့ ဆရာဂျူးရဲ့စကားလေးကို ကျနော်ဖတ်မိတော့ ကျနော့်မှာ စဉ်းစားစရာတွေများလာတယ်။ နေသားကျသွားတဲ့ ဘ၀များစွာကို ကျနော်တို့တွေ မျက်မြင်ကိုယ့်တွေ့ မြင်တွေ့ကြမှာပါ။ တခါတလေ ကျနော်တို့ကိုယ်တိုင်လည်း လက်ရှိဘ၀တွေကိုပဲ အလိုက်သင့်မျောရင်း မတုန်မလှုပ်နဲ့ နေသားကျချင်ချင်ရယ်ပါ။ တလောက ကျနော်အိမ်မှာရှိနေတဲ့ရက်တွေမှာ ဖွားဖွားက ဈေးကို အိမ်အတွက် ဟင်းချက်စရာတွေဝယ်ဖို့လွှတ်လိုက်တယ်။ တကယ်တော့ ကျနော်မကျွမ်းကျင်တဲ့အလုပ်တွေထဲမှာ ဈေးဝယ်တာလည်းပါပါတယ်။ ညံ့တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားမှာပါ။ ဖွားဖွားက ၀ယ်ဖို့အတွက် ငါးနာမည်ကိုသေချာပြောလိုက်တာတောင် ဈေးကိုရောက်တော့ ငါးသည်တွေအများကြီးရဲ့ ဈေးဗန်းတွေထဲမှာထည့်ထားတဲ့ ငါးအမျိုးအစားအများကြီးထဲမှာ ကျနော်ဝယ်ရမယ့်ငါးက ဘယ်ငါးမှန်း မသိခဲ့ဘူး။ အဲဒီလိုနဲ့ သားငါးတန်းမှာ အနံ့အသက်ဆိုးဆိုးတွေ ငါးညှီနံ့တွေ အသားတွေလှီးဖျက်ထားတဲ့ သွေးသံရဲရဲတွေကိုကြည့်ရင်း ဖြစ်နိုင်ရင် ဈေးတန်းထဲမှာ မျက်စိမှိတ် နှာခေါင်းပိတ်ပြီး လမ်းလျှောက်ချင်ခဲ့တယ်။ မနက်စောစောမို့ ၀ယ်သူများနဲ့ ကြပ်ညှက်နေတဲ့ကြားထဲက ကျနော့်မျက်လုံးက ငါးရောင်းနေတဲ့ အစ်မတယောက်ဆီရောက်သွားတော့ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိတာကြောင့် ဘယ်မှမြင်ဖူးပါလိမ့်ဆိုပြီး အကြိတ်အနယ်စဉ်းစားနေမိတော့တယ်။ အရပ်ပုပျက်ပျက် ခန္ဒာကိုယ်၀၀ မျက်နှာဝိုင်းဝိုင်းနဲ့ အဲဒီအမကိုရင်းရင်းနှီးနှီးမြင်ဖူးနေတာအမှန်။ သူ့ရဲ့ ၀တုတ်နေတဲ့ လက်မောင်းက ဆေးမင်ကြောင်တွေများလား…ဆိုပြီး သေချာကြည့်တော့မှ မဟုတ်ပါ။ ငါးမျိုးစုံကို လက်လီကော လက်ကားကော ရောင်းပုံရပါတယ်။ သူ့လက်မောင်းမှာ ဗြုန်းခနဲကြည့်တော့ ဆေးမင်ကြောင်တွေလို့ ထင်ရပေမယ့် တကယ်တော့ ငါးဈေးနှုန်းနဲ့ ပိဿချိန်ကိုတွက်ထားတဲ့ ဘောလ်ပင်မင်ရာတွေဖြစ်နေပါတယ်။ ကျနော်လည်း သူ့မျက်နှာကို အသေအချာကြည့်ပြီး သတိမရမချင်း ဘယ်မှာမြင်ဖူးတယ်ဆိုတာကို ဦးနှောက်ကို အလုပ်ပေးနေမိတော့တယ်။

ခဏအကြာမှာတော့ ကျနော်သူ့ကိုမှတ်မိသွားတယ်။ သူ့ကိုကျနော် ကျောင်းမှာမြင်ဖူးတာပဲ။ ဟုတ်တယ်။ တက္ကသိုလ်မှာ ကျနော်မြင်ဖူးခဲ့တာ။ သူက ကျနော်တို့လို့ ရိုးရိုးဘွဲ့တခုအတွက် တက်နေတဲ့သူမဟုတ်ဘဲ မဟာဘွဲ့အတွက် တက်နေခဲ့သူတဦးဖြစ်တယ်။ ကျနော့်ရဲ့ အမလိုချစ်ခင်ရတဲ့ မကြီးတို့နဲ့ မေဂျာကွဲပေမယ့် အတန်း အတူတူပဲဖြစ်လောက်ပါတယ်။ ကျနော်သတိထားမိနေတာက မကြီးတို့လို မဟာဘွဲ့အတွက်တက်နေသူဖြစ်တာက တကြောင်း၊ တခါတရံ ဖယ်ရီပေါ်မှာ မြင်တွေ့နေတာက တကြောင်းကြောင့်ရယ်ပါ။ သူဆိုရင် ရိုးရိုးဘွဲ့အတွက် အချိန်က သုံးနှစ်၊ နောက်မဟာဘွဲ့ဆက်တက်တာက သုံးနှစ် စုစုပေါင်း ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို တက္ကသိုလ်မှာပဲ အချိန်ကုန်စေခဲ့တယ်။ အဲဒီပေးဆပ်တဲ့အချိန်နဲ့ ရလာမယ့်အခွင့်အလမ်းတခုခုကိုတော့ သူမျှော်လင့်ခဲ့မပေါ့။ မမျှော်လင့်ဘဲနဲ့တော့ ဘယ်သူမှ ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို ပေးဆပ်ခဲ့မှာမဟုတ်ပါဘူး။ သူမျှော်လင့်ခဲ့မှာက မဟာဘွဲ့ရသွားရင် တက္ကသိုလ်မှာပဲ ကျူတာဆရာမအဖြစ် အလုပ်ဆက်လုပ်မယ်…ပြီးရင် တဆင့်ပြီးတဆင့်…. နောက်ပိုင်းအဆင့်တွေ သူအများကြီးမမျှော်လင့်ခဲ့ရင်တောင် ကျောင်းမှာ ဆရာမပြန်လုပ်ဖို့တော့ ရည်ရွယ်ချက်ရှိမှာပဲ။ မဟာဘွဲ့ရရင် အခုလို အရပ်စကားနဲ့ပြောရင် ငါးစိမ်းသည်တယောက်ရဲ့ ဘ၀နဲ့ ရပ်တည်မယ်လို့ ဘယ်သူက စဉ်းစားထားမှာလဲ။ စိတ်ကူးထဲမှာတောင် တွေးကြည့်မယ့်ကိစ္စတခုမဟုတ်ခဲ့ပါဘူး။ တချိန်တုန်းက တက္ကသိုလ်မှာ သက်ဆိုင်ရာဘာသာရပ်အတွက် သုသေတနလုပ်နေတဲ့ လက်တွေက အခုတော့ ညာဘက်က ငါးခုတ်ဓါးကိုကိုင်လို့ ဘယ်ဘက်က ငါးအမြီးကိုကိုင်ပြီး ခပ်သွက်သွက် အကြေးခွံ နွှာနေတာဟာ ကျွမ်းကျင်ပိုင်နိုင်လွန်းလို့ တက္ကသိုလ်မှာဆို အဲဒီဘာသာရပ်ကို ဂုဏ်ထူးတောင် ရလောက်ပြီပေါ့။ အရင်က ဘောလ်ပင်ကို စနစ်တကျကိုင်ပြီး သပ်ရပ်တဲ့စာအုပ်လေးတွေမှာ လှလှပပလေးရေးခြစ်ခဲ့ပေမယ့် အခုတော့ ဖြစ်သလိုကြုံသလို ရေးတတ်နေပုံရတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းက သချာင်္ဂဏန်းတွေနဲ့ စုပေါင်းတန်ဖိုးတွေက သက်သေပြနေလေရဲ့။ ချိန်ခွင်နဲ့အလေးကို ကိုင်တွယ်ပုံက တကယ့်ငါးသည်ကြီးတယောက်လို။ တဖက်မှာ ၀ယ်သူကိုဈေးရောင်းရင်း တဖက်ကလည်း ငါးခြင်းတွေသယ်တဲ့အလုပ်သမားလေးတွေကို စိတ်တိုင်းမကျဟန်နဲ့ ဆူပူမာန်မဲနေပြန်တယ်။ အဲဒီအချိန်ခဏလေးမှာ ကျနော်အတွေးထဲမှာ ဖွားဖွားဝယ်ခိုင်းလိုက်တဲ့ငါးကိုလည်း သတိမရတော့။ နေသားကျနေတဲ့ ဘ၀တခုကို အံ့သြစွာနဲ့ ငေးကြည့်နေမိတော့တယ်။

လွန်ခဲ့တဲ့ခြောက်လလောက်က ရုံးပိတ်ရက်တရက်မှာ ကျနော့်သူငယ်ချင်းနဲ့အတူ သူနေတဲ့ ရန်ကုန်တဖက်ကမ်းက မြို့လေးတမြို့ကိုရောက်သွားခဲ့တယ်။ သူတို့အိမ်ကိုအသွား လမ်းမှာ ကျနော်တို့ကျောင်းတက်တုန်းက ရင်းနှီးခဲ့တဲ့ အတန်းထဲက မိန်းကလေးတယောက်ရဲ့ ဈေးဆိုင်လေးရှေ့ရောက်တော့ ကျနော့်သူငယ်ချင်းက ကျနော့်ကို နှုတ်ဆက်ဖို့ပြတယ်။ ကျနော်လည်း မတွေ့တာကြာပြီဖြစ်လို့ နေကောင်းလား အဆင်ပြေလား စတာတွေကို မတ်တပ်ရပ်ရင်းနဲ့ပဲ ပြောဆိုရင်း သူ့ရဲ့ဆိုင်လေးကို တချက်သတိထားကြည့်မိလိုက်တယ်။ ဆိုင်လေးလေးကလေးထဲမှာ မုန့်ပဲသရေစာလေးတွေ၊ ကွမ်းယာ ဆေးလိပ် စတာလေးတွေနဲ့ ခြောက်ခြောက်ကပ်ကပ်ဆိုင်လေးပါပဲ။ ကျနော်တို့စကားပြောနေတုန်းပဲ ကွမ်းယာလာဝယ်သူ အမျိုးသားတယောက်က သူစားနေကျ ကွမ်းယာကိုပြောတော့ ချက်ခြင်းပဲသူရဲ့လက်ကလေးတွေက လှုပ်ရှားလိုက်တာ မြန်မှမြန်ပဲ။ ကျနော်တွေးမိလိုက်တာက ဒါတွေက ဘ၀က သင်သွားတာပဲလို့။ ဘယ်တက္ကသိုလ် ဘယ်ကျောင်းမှာမှ ဒီပညာရပ်တွေ မသင်ကြားခဲ့ရပါဘူး။ ရိုးရိုးဘွဲ့တခုက ဘ၀ရပ်တည်ဖို့အတွက် အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ သူပေးနိုင်တာက စာရွက်တရွက်ရယ် ပြီးတော့ ဧည့်ခန်းမှာ လူအမြင်တင့်တယ်စေဖို့ ချိတ်ဆွဲထားမယ့် ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံတပုံရယ်ပါပဲ။ ဘ၀ကပေးတဲ့ ပညာကတော့ သူ့ဘ၀အတွက် သူ့မိသားစုအတွက် မပိုလျှံပေမယ့် အသက်ရှင်ရပ်တည်ဖို့အတွက်တော့ လောက်ငပုံရပါတယ်။ ဘွဲ့တခုရပြီး အစိုးရ၀န်ထမ်းအလုပ်တခုခုကို ၀င်လုပ်ဖို့ကျပြန်တော့လည်း အစိုးရ၀န်ထမ်းအလုပ်က မိသားစုကိုထောက်ပံ့ဖို့မပြောနဲ့ ကိုယ်တဦးတည်းတောင် မနည်းရပ်တည်ရမယ့် လစာမျိုးပါ။ ဒါပေမယ့် အစိုးရအလုပ်မှာလည်း လစ်လပ်နေရာပေါများလားဆိုတော့ မပေါပါဘူး။ တခါတလေ နေရာလစ်လပ်လို့ ၀န်ထမ်းခေါ်တယ်ဆိုရင်တောင် နေရာအဆင့်သတ်မှတ်ချက်အရ အလုပ်ရဖို့ကို ရေလောင်းရတာက ငါးပုံးတို့ ဆယ်ပုံးတို့လို့ ကြားဖူးနားဝရှိခဲ့တယ်။ ရာထူးဌာနပေါ်မှာမူတည်ပြီး ဒီထက်လည်း များများလောင်းရနိုင်ပါတယ်။ အစိုးရ၀န်ထမ်းမဟုတ်ဘဲ ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ အရည်အချင်းပေါ်မူတည်ပြီး နေရာရနိုင်ပါသေးတယ်။ ရိုးရိုးဘွဲ့လက်မှတ်တခုတည်းတော့မဟုတ်ဘဲ တခြားကျွမ်းကျင်ရာ certificate မျိုးစုံနဲ့ပေါ့။ တကယ်တော့ သုံးနှစ်ဆိုတဲ့အချိန်ကာလတခုကနေ သင်ကြားတက်မြောက်လာတဲ့ အရည်အချင်းတွေက အသုံးမ၀င်တော့ဘဲ ခြောက်လတန်သည်…တနှစ်တန်သည်လောက်နဲ့ သင်ကြားခဲ့တဲ့ အရည်အချင်းက ဒီနေရာမှာ ပိုပြီးအသုံးဝင်နေတာကတော့ နေသားကျနေတဲ့ အရာတခုပဲလား မပြောတတ်။

ကျနော်တို့ အဲဒီဈေးဆိုင်လေးကပြန်မထွက်ခင် သူက ကျနော်တို့ကို မုန့်တခုခုစားသွားပါဦးလို့ပြောတော့ ကျနော်က မူးတဲ့ကွမ်းတယာလောက် ယာပေးပါလို့ပြောတော့ ကျနော့်သူငယ်ချင်းကကော သူကပါ မစားရပါဘူးလို့…. အသည်းအသန် ကန့်ကွက်နေကြတော့ မူးချင်နေလို့ပါလို့… ကျနော်ပြန်ပြောလိုက်မိတယ်။ ကျနော် သူကွမ်းယာရောင်းနေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေမိတယ်။ ဘွဲ့လက်မှတ်နှစ်ခုကိုင်ပြီး ငါးစိမ်းသည်ဘ၀ရောက်နေသူ၊ လက်မှတ်တခုနဲ့ ကွမ်းယယာရောင်းနေသူ ပြီးတော့ ပဲပြုတ်ရောင်းနေသူတို့ဘာတို့လည်း ရှိနေနိုင်သေးတာပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောလို့ရနိုင်မယ့် သူတို့မိသားစုအတွက် ရုန်းကန်နေတာဟာ သမ္မာအာဇီဝနည်းနဲ့ ရိုးရိုးသားသားရှာဖွေလုပ်ကိုင်နေခြင်းဖြစ်တာတော့ ၀မ်းသာဂုဏ်ယူစရာပါ။ ဘွဲ့တခုရပေမယ့် ဘ၀အာမခံချက်အတွက်မရေရာလို့ မိသားစုစားဝတ်နေရေးအတွက် လမ်းမှားရောက်နေကြတဲ့ မိန်းကလေးတွေရဲ့ဘ၀ကတော့ ရင်နာစရာပါပဲ။ ကေတီဗီတို့ မာဆက်တို့လိုနေရာမျိုးတွေမှာ မရောက်သင့်ဘဲရောက်နေကြရရှာတဲ့ မိန်းကလေးတွေရဲ့အကြောင်းတွေကို ကြားမိရင်း ကျနော်ရင်နာမိပါတယ်။ မိသားစုရဲ့စားဝတ်နေရေး ကျန်းမာရေးနဲ့ မောင်လေးတွေ ညီမလေးတွေရဲ့ ပညာရေးတာဝန်တွေဟာ သူတို့တွေရဲ့ပုခုံးထက်ကိုရောက်လာတဲ့အခါ သင်ကြားထားတဲ့ပညာနဲ့ရပ်တည်ဖို့မဖြစ်တဲ့အခြေအနေတွေမှာ သူတို့တွေရဲ့ဘ၀ဟာ ရုန်းကန်ရင်း နစ်သထက်နစ်သွားရတာပါပဲ။ အဲဒီပြဿနာတွေရဲ့ အဓိကအခြေခံကတော့ နိမ့်ကျတဲ့ ပညာရေးစနစ်ကြောင့်လို့ ဆိုရမှာပါပဲ။ အရည်အချင်းရှိတဲ့ ဆရာ၊ အရည်အချင်းရှိတဲ့ ကျောင်းသားနဲ့ အရည်အသွေးပြည့်ဝတဲ့ ဘွဲ့လက်မှတ်တခုဖြစ်ဖို့က အဓိကလိုအပ်ချက်တွေပါ။ ဒါပေမယ့် ကျနော်တို့တော်တော်များများက အဲဒါကိုမစဉ်းစားနိုင်ဘဲ လက်ရှိဖြစ်ရပ်ပေါ်မှာပဲ အလိုက်သင့်မျောပါမှန်းမသိ မျောပါရင်း နေသားကျနေကြတယ်။

ဆရာမပြောခဲ့သလိုပဲ ''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး…'' ဆိုတဲ့ စိတ်ကလေးနဲ့ ကျနော်တို့တွေနှိုးထသင့်နေပါပြီ။ တယောက်ယောက်က ပစ်ချထားတဲ့ဘ၀ထဲမှာ သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်ရဘူး….ဆိုတဲ့ မာနလေးနဲ့ပဲဖြစ်ဖြစ် ကျနော်တို့တွေ ထိုးထွက်လာသင့်တယ်။ ပစ်ချခံလိုက်ရပေမယ့် သူဖြစ်စေချင်တဲ့အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားဘ၀ထဲက ရုန်းထွက်နိုင်ရင်ပဲ ကျနော်တို့တွေ မရှုံးသေးပါဘူး။
2.6.2011 (12:24AM)


 
Image and video hosting by TinyPic

No comments:

Post a Comment