Thursday, June 2, 2011

ပုရွက်ဆိတ်မောင်နှံသို့ မေတ္တာလက်ဖွဲ့


မေလ ၁၅ ရက်နေ့က ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးတယောက်ရဲ့ မင်္ဂလာပွဲတဲ့။ စိတ်မကောင်းဖြစ်မိတာက ကျနော် အဲဒီမင်္ဂလာပွဲကို မရောက်ဖြစ်ခဲ့လိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော်တို့ သူငယ်ချင်းသုံးယောက် တွေ့ခဲ့ကြသေးတယ်။ ဒါပေမယ့် မင်္ဂလာပွဲနဲ့ပတ်သက်ပြီး စကားတောင်မဟခဲ့။ ဒါပေမယ့် တရက်လောက် အေးအေးဆေးဆေးတွေ့ပြီး ကျနော်တို့နှစ်ယောက်ကို ပြောစရာရှိသေးတယ်လို့တော့ ပြောခဲ့သေးတယ်။ ဘာအကြောင်းအရာမှန်းတော့ မသိခဲ့။

အခုတော့ ဆိုင်းမဆင့် ဗုံမဆင့် ဘယ်လိုက ဘယ်လို မင်္ဂလာဆောင်သွားပါလိမ့်လို့ ကျန်ပုရွက်ဆိတ်ကလေးနဲ့ တအံ့တသြပြောကြဆိုကြ။ ကျန်ပုရွက်ဆိတ်ကလေးကတော့ အေးအေးနေတတ်သူပီပီ ငါလည်းအံ့သြသွားတာ… ခပ်ပြုံးပြုံး သူဆိုပေမယ့် ကျနော့်ရဲ့ တွေ့ရင်တော့လား…မလွယ်ဘူးမှတ်…ဆိုတဲ့ ကြိမ်းဝါးသံကို ပုရွက်ဆိတ်ကလေးက အသံမထွက်ဘဲ ရယ်နေတော့တယ်။ ပြီးတော့သူက အဲဒါကြောင့်မို့လို့ ဟိုတယောက်ကပြောနေတာ…. နင်တော့ဘာပြောမလဲမသိဘူး…နင့်ကိုကြောက်တယ်လို့ ငါ့ကိုပြောနေတယ်လို့…. ပြောရင်း ရယ်နေတော့တယ်။ အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်ကလေးက ကျနော့်ထက် အသက် တနှစ်ကျော်ကျော်ကြီးတာဆိုတော့ ၂၅နှစ်ပေါ့။ ကျနော်ကတော့ ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးကို နှမြောမိတာပါပဲ။ အချိန်စောလွန်းသေးတယ်လို့ ထင်မိလို့ပါ။
ကျောင်းမှာတုန်းက ကျနော်နဲ့တခုံတည်းမှာထိုင်တဲ့ သူတို့နှစ်ယောက်က တကယ့်ပုရွက်ဆိတ်ကလေးတွေလို သေးသေးကွေးကွေးလေးတွေ။ နှစ်ယောက်လုံးရဲ့ အရပ်က ၅ပေ ၂လက်မလောက်တော့ ရှိကြတယ်။ ပြီးတော့ ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်လေးတွေနဲ့။ ကျောင်းကိုလာတိုင်း သနပ်ခါးလေးတွေကိုယ်စီနဲ့… တခါတလေမှာ မိတ်ကပ်မှုန်မှုန်လေးတွေ နှုတ်ခမ်းနီစိုစိုလေးတွေနဲ့ အလှပြင်လာတတ်သေးတယ်။ ကျနော်က သူတို့နှစ်ယောက်နဲ့ နည်းနည်းမှမတူ။ အရပ်ရှည်ရှည် ဆံပင်တိုတို မျက်နှာပြောင်ပြောင်နဲ့ပဲ အမြဲလာနေတတ်တော့ တခါတလေ စိတ်လိုလက်ရ သနပ်ခါးလိမ်းလာရင်တောင် ဒီနေ့ထူးထူးဆန်းဆန်း အလှပြင်လာပါလားလို့… အပြောခံရတဲ့သူ။ အဲဒီပုပုသေးသေးလေး နှစ်ယောက်ကြားမှာမှ ကလန်ကလားနဲ့ကျနော်က အခုမင်္ဂလာဆောင်သွားတဲ့ ခပ်စွာစွာပုရွက်ဆိတ်ကလေးနဲ့ မတည့်အတူနေလို့ပြောရလောက်အောင်ကို တခုံတည်း အတူထိုင်ပြီး ခဏခဏ ရန်ဖြစ်ရတယ်။

သူနဲ့ကျနော်က စာဖတ်တာဝါသနာတူပေမယ့် စာအမျိုးအစားတော့ မတူခဲ့။ အဲဒီအတွက်ကြောင့်နဲ့ မကြာမခဏရန်ဖြစ်ခဲ့တယ်။ နှစ်ယောက်အတူ စာကြည့်တိုက်သွားပြီး လမ်းမှာစာအုပ်အကြောင်းပြောရင်း ပြန်လာတော့ အတန်းထဲကို တယောက်တကွဲပြန်လာခဲ့ဖူးတယ်။ သူက သရဲ သစ္ဆေအကြောင်းပါတဲ့ စာအုပ်တွေဖတ်ပြီး ကျနော်ကတော့ ရသစာပေနဲ့ ဘာသာပြန်စာအုပ်တွေဖတ်တယ်။ ကျောင်းစာကြည့်တိုက်မှာက စာအုပ်နာမည်တွေ စာရေးသူနာမည်တွေကို ကတ်တလောက်နဲ့နံပါတ်တွေရေးပြီး ခွဲထားပေမယ့် ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို စာအုပ်နာမည် စာရေးသူနာမည်နဲ့ ကတ်တလောက်နံပါတ် ပြောရပေမယ့် များသောအားဖြင့် စာကြည့်တိုက်ဝန်ထမ်းတွေက အလွယ်တကူရှာရလွယ်တဲ့ စာအုပ်တွေကိုပဲ ထုတ်ပေးတာများတယ်။ အဲဒီစာအုပ်က ရှာရခက်တယ်တို့….တခြားတယောက်ငှားသွားတယ်လို့…ပြောပြီး သုံးနှစ်သာကုန်သွားပေမယ့် မဖတ်လိုက်ရတဲ့၊ ဘယ်အချိန်မေးမေး မအားဘူးဆိုတဲ့ စာအုပ်တွေက အများသားပင်။

အဲဒီအချိန်တွေတုန်းက ခပ်စွာစွာပုရွက်ဆိတ်ကလေးဖတ်တဲ့ စာအုပ်တွေကို ကျနော်က အဓိပ္ပာယ်မရှိဘူး…အဲလိုစာတွေဖတ်တာ ရူးသွပ်တာလို့… မညှာမတာဝေဖန်ခဲ့ဖူးပြီး အဲဒီစကားအတွက် နောက်ပိုင်းမှ ကျနော် နောင်တရနေမိခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်တန်ဖိုးမထားပေမယ့် သူတပါးတန်ဖိုးထားတာကို နားလည်မပေးနိုင်ခဲ့။ လူတိုင်းမှာ ကိုယ့်အယူအဆနဲ့ကိုယ်… ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ကိုယ်ဆိုတာကိုလည်း အလေးမထားခဲ့။ အခုချိန်မှာ အဲဒီအကြောင်းကို အကြောင်းတိုက်ဆိုင်လို့ သတိရမိတိုင်း ကျနော် ၀မ်းနည်းစွာနဲ့ နောင်တရနေမိခဲ့တယ်။ သူနဲ့ကျနော် နောက် တူတာတခုက ရယ်ရင် အသံကျယ်ကျယ်နဲ့ရယ်တတ်တာ။ သူက အရမ်းပြာယာခတ်တတ်ပြီး ခပ်စွာစွာလူတယောက်လည်းဖြစ်ပေမယ့် စိတ်ရင်းကောင်းတယ်။ တခါက ကင်တင်းထိုင်ပြီး ပြန်အထမှာ စားပွဲပေါ်မှာတင်ထားတဲ့ သူ့ထမင်းချိုင့်နဲ့ ဆိုင်ကချပေးထားတဲ့ ရေနွေးအိုး မှားဆွဲလာမိပြီး လမ်းမကြီးပေါ်ရောက်မှ ဒရောသောပါး ဆိုင်ကိုပြန်ပြေးခဲ့သူ။ ပြီးတော့သူက အစအနောက်လည်းသန်တယ်။ ကျနော်တို့နှစ်ယောက်ပေါင်းပြီး အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကို ခဏခဏ စ တတ်တယ်။ အရမ်းအေးတဲ့ ပုရွက်ဆိတ်ကလေးကတော့ ကျနော်တို့နှစ်ယောက်ဒဏ်ကို အတော်ကိုခံရတယ်။ အဲဒီခပ်စွာစွာပုရွက်ဆိတ်မလေးက ကျနော်တို့သုံးယောက်ထဲမှာ စကားအများဆုံးဖြစ်ပြီး ကိုယ်တွေ့ရယ်စရာတွေကိုလည်း အမူအယာနဲ့ ပိုရယ်ရအောင် ပြောတတ်သူဖြစ်တယ်။ သူရှိနေရင် ကျနော်နဲ့ ခဏခဏရန်ဖြစ်တတ်ပေမယ့် သူအတန်းမတက်တဲ့နေ့ဆို ကျနော်တို့နှစ်ယောက်ပျင်းနေတတ်တယ်။ သူရော ကျနော်ရော အတန်းခဏခဏလစ်တတ်တာလည်း တူပြန်တယ်။ အေးအေးလေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကတော့ အတန်းစောင့်လို့ ပြောရလောက်အောင်ကို အတန်းမှန်မှန်တက်တယ်။

ကျနော် တက္ကသိုလ်စရောက်တော့ အသက် ၁၇မပြည့်တတ်သေး။ သူတို့နှစ်ယောက်က ကျနော့်ထက် အသက်တနှစ် နှစ်နှစ်ကြီးတော့ ၁၈၊ ၁၉အရွယ်တွေဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအရွယ်တွေက အများသတ်မှတ်လေ့ရှိတဲ့ မြီးကောင်ပေါက်အရွယ်… သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်နေတတ်တဲ့အရွယ်လို့ ပြောလေ့ရှိကြတဲ့ မလိမ်မိုး မလိမ်မာ မရင့်ကျက်သေးတဲ့အရွယ်တွေမှာ ကျနော်တို့တွေ ဆုံစည်းခဲ့တယ်။ တယောက်ကိုတယောက် နားလည်ပေးရင်းနဲ့ အခုချိန်ထိ နွေးနွေးထွေးထွေး ပေါင်းစည်းနေမိကြတုန်း။ အခုချိန်မှာ အရင်လို ရန်ခဏခဏလည်းမဖြစ်တော့။ တခါတလေတော့လည်း ဟိုအရင် ကျောင်းတက်တုန်းက သူငယ်ချင်းတွေ အတူရှိနေတဲ့ အချိန်လေးကို ပြန်လွမ်းမိသား။ အဓိပတိလမ်းမကြီး မရှိတဲ့ တက္ကသိုလ်… ကံ့ကော်ပင်တွေမရှိတဲ့ တက္ကသိုလ်… နွေခေါင်ခေါင်မှာ အရိပ်မရှိဘဲ နေအရမ်းပူတဲ့ တက္ကသိုလ်ကျောင်းကြီးကတော့ ကျနော်တို့ကို လွမ်းစရာတွေမပေးခဲ့ပါဘူး။

ကျနော်တို့တွေ တနှစ်ပတ်လုံးရဲ့ လ သုံးလမှာတော့ အမြဲလိုလိုမဖြစ်မနေဆုံဖြစ်ကြတယ်။ အဲဒီလတွေက အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးရဲ့မွေးလဖြစ်တဲ့ ဇန်န၀ါရီလ။ နောက် အခုလက်ထပ်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးလဖြစ်တဲ့ ဇူလိုင်လရယ် ကျနော့်ရဲ့ မွေးလ ဒီဇင်ဘာရယ်မှာ မပျက်မကွက် တွေ့ဖြစ်ကြတယ်။ လာမယ့် ဇူလိုင် ၂၃ဆိုရင် အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးနေ့ပါပဲ။ ကျနော်တို့တွေ အရင်လို မပျက်မကွက်တွေ့ကြ…စကားတွေအလုအယက်ပြောပြီး စ ကြ နောက်ကြ…ပြီးရင် ဘုရားသွားကြ… မုန့်တွေစားကြနဲ့ အခုအဲလို လုပ်လို့ရပါဦးမလား။ အလိုက်တသိနဲ့
အဲဒီအစီအစဉ်တွေကို နည်းနည်းတော့ လျှော့ရမယ်ထင်ရဲ့….။

ပုရွက်ဆိတ်ကလေး အိမ်ထောင်ကျသွားတဲ့အတွက် သူငယ်ချင်းသံယောဇဉ်နဲ့ကြည့်ရင် ၀မ်းနည်းသလိုဖြစ်မိပေမယ့် တဖက်ကကြည့်တော့လည်း သူချစ်သူ့နဲ့ အတူပေါင်းဖက်သွားတဲ့အတွက် ၀မ်းသာရတယ်။ ဘ၀ကို ချစ်တဲ့သူနဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းသွားဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်သွားခဲ့တာကိုတော့ ကျနော်အသိအမှတ်ပြုရပါလိမ့်မယ်။ တယောက်ကိုတယောက်ယုံကြည်ပြီး လက်တွဲသွားခဲ့တဲ့ ပုရွက်ဆိတ်ကလေးမောင်နှံ(စွာတေးပုရွက်ဆိတ်မလေးတော့ စိတ်ဆိုးတော့မှာပဲ။ သူတင်မက သူချစ်သောသူကိုပါ ပုရွက်ဆိတ်ဖြစ်ခိုင်းလို့... ;) ) ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ တယောက်ကို တယောက်နားလည်ရင်း၊ ဖေးမရင်း၊ အားပေးရင်းနဲ့ ဘ၀ရဲ့အကောင်း အဆိုးတွေကို အတူတူမျှဝေရင်း မပြယ်သော မေတ္တာတွေနဲ့ သေတပန်သက်တဆုံး ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။



Image and video hosting by TinyPic


No comments:

Post a Comment