Monday, October 24, 2011

အောက်မေ့မိတဲ့ ခရီးသွားနေ့ရက်များ… (၁)


လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်လောက်က မိသားစုတွေနဲ့အတူ မန္တလေးတဖက်ကမ်း မင်းကွန်းမှာ အလှူတစ်ခုသွားလုပ်ရင်း ဧရာဝတီမြစ်ကြီးကို ရင်းရင်းနှီးနှီးငေးမောကြည့်ရှုခွင့်ရခဲ့သည်။ မန္တလေးမှနေ မင်းကွန်းကိုအကူး စက်သဗ္ဗာန်တွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးရင်း ကြည်လင်တဲ့ ဧရာဝတီမြစ်ရေတွေကို ငေးကြည့်ရင်း လိုက်ပါခဲ့သည်။ မန္တလေးနဲ့ မင်းကွန်းအကူး ကျနော့်စိတ်ထင် ၄၅မိနစ်လောက် ကြာမြင့်သည်ဟု ထင်မိပါသည်။
စက်သဗ္ဗာန်ကို မိနစ် ၂၀လောက် စီးအပြီးမှာတော့ စိမ်းညို့ညို့တောင်တန်းတွေနဲ့ အုပ်မှိုင်းပြီး အေးချမ်းလှတဲ့ မင်းကွန်းကို ပြတ်ပြတ်ထင်ထင်မြင်လာရပါသည်။ စိမ်းညို့တဲ့ တောတန်းနဲ့ အတူ ထင်ထင်ရှားရှား လှမ်းမြင်ရတာက မင်းကွန်းပုထိုးတော်ကြီး ဖြစ်သည်။ ဧရာဝတီမြစ်ကြီးရယ် စိမ်းညို့နေတဲ့ တောင်တန်းတွေရယ် ပြီးတော့ နီညိုရောင်မှာ ရေညှိတွေကြောင့် အညိုဘက်များနေတဲ့ ပုထိုးတော်ကြီးရယ်က ကျနော့်အတွက်တော့ ရင်သပ်ရှုမောဖွယ် သိပ်လှတဲ့ ပန်းချီကားကြီးတစ်ချပ်ဖြစ်ခဲ့သည်။ စက်သဗ္ဗာန်ကမ်းကပ်ချိန်မှာ ညနေခင်းချိန်ခါလည်းဖြစ်လေတော့ မြစ်ဆိပ်မှာ ရေးချိုးသူချိုး၊ အ၀တ်လျော်သူလျော်၊ ရေးချိုးပြီးလို့ ရေအိုးလေးတွေရွက်ပြီး အိမ်ပြန်သူပြန်နဲ့ မြစ်ဆိပ်မှာ စည်းကားလို့နေသည်။
ကျနော်တို့လာတဲ့ အလှူက တောင်ခြေလေးတစ်ခုမှာ အသစ်ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကျောင်းဆောင်လေးပြီးသွား၍ ရေစက်ချအလှူဖြစ်သည်။  အလှူရှင်တွေပေါင်းစုပြီး လှူဒါန်းခဲ့တဲ့ အဲဒီကျောင်းလေးက မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဓမ္မနာဒကျောင်းတိုက်အနီးမှာဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ပုံတူရုပ်ထုကြီးကိုလည်း သွားရောက်ဖူးမျှော်ခွင့်ရခဲ့သည်။
နောက်နေ့တွေမှာ ပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းကြီးကို မြို့ခံအစ်မတစ်ယောက်က လိုက်ပို့ခဲ့သည်။ ကျနော့်အတွေးထဲမှာ ပုထိုးတော်ကြီးတည်တာသာ ပြီးစီးခဲ့ပါရင် ဘယ်လောက်ကြီးကြယ်ခမ်းနားလိမ့်မလဲလို့ တွေးမိပါသည်။ အဲဒီမှာ စိတ်မကောင်းစရာတစ်ခုကိုလည်း သွားတွေ့ခဲ့ရသည်။ အဲဒါက ပုထိုးတော်ကြီးရဲ့ အပေါ်ကိုတက်နေကြတဲ့  မိန်းကလေးတချို့ကိုတွေ့ လိုက်ရလို့ပါပဲ။ ထိပ်ဆုံးကိုရောက်တဲ့သူက ရောက်နေ၊ အပေါ်မှာ ဓာတ်ပုံရိုက်သူကရိုက်၊ အပေါ်တက်တဲ့သူက တက်နေဆဲ။ ကျနော့်အမြင်ကတော့ အဲဒီမြင်ကွင်းက ကျနော့်မျက်စိထဲမှာ အကျဉ်းတန်အရုပ်ဆိုးနေခဲ့ သည်။
ပုထိုးတော်ကြီးအနားမှာပဲ ဧရာဝတီမြစ်ကို မျက်နှာမူထားတဲ့ ခြင်္သေ့ကြီးနှစ်ကောင်။ နည်းတဲ့ အကောင်ကြီးတွေမဟုတ်ဘူး။ ဒါပေမဲ့ ခြင်္သေ့ကြီးတွေက အကောင်လိုက်ကြီးတွေ ရှိနေတာမဟုတ်ပါဘူး။ ရှေ့ခေါင်းပိုင်းနဲ့ အနောက်ပိုင်း နှစ်ခြမ်းပြတ်နေတဲ့ ခြင်္သေ့ရုပ်ထုကြီးတွေပါ။
အဲဒီခြင်္သေ့ရုပ်ကြီးတွေကိုကြည့်ရင်း ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ အမတ်ကြီးဦးပေါ်ဦးစာအုပ်ထဲက အကြောင်းလေးကို သွားသတိရမိပါသည်။ ဘိုးတော်ဘုရားက ဒီခြင်္သေ့ရုပ်ထုကြီးတွေ ထုလုပ်ပြီးစီးသွားတော့ မှူးကြီးမတ်ရာတွေ ရံရွေတော်တွေနဲ့အတူ ဒီခြင်္သေ့ကြီးတွေကို လာရောက်ရှုစားသတဲ့။
အဲဒီမှာ အမတ်ကြီးဦးပေါ်ဦးက ကြီးမားလွန်တဲ့ ခြင်္သေ့ကြီးတွေကို မြင်လျင်မြင်ချင်းပဲ 'ဟင်.. ခြင်္သေ့ကြီးတွေကလည်း..' လို့ ဘိုတော်ဘုရားရှေ့မှာ အာမေဍိက်သံ ထွက်သွားတော့ ဘိုးတော်ဘုရားကနေပြီးတော့ ' ခြင်္သေ့ကြီးတွေက ဘာဖြစ်လဲ ပေါ်ဦးရဲ့…ပြောစမ်းပါဦး…' လို့ပြောလိုက်တဲ့ အခါမှာတော့ ဦးပေါ်ဦးရဲ့ အလျှောက်ကောင်းမှုကြောင့် ဘိုးတော်မင်းတရားကြီးက သူ့ရဲ့ခြင်္သေ့ကြီးတွေအတွက် ကျေနပ်အားရတော်မူသွားသတဲ့။ ဦးပေါ်ဦးက 'ဘိုးတော်မင်းတရားကြီးရဲ့ ခြင်္သေ့ကြီးတွေက မြစ်တဖက်ကမ်းကို ခုန်ကူးတော့မလိုပဲ အသက်ဝင်လှကြောင်းပါ' လို့ဖြေခဲ့တယ်လို့ ဖတ်ရှုခဲ့ရပါသည်။ ဒီခြင်္သေ့ကြီးတွေတွေ့တော့ အဲဒီအဖြစ်လေးကို သွားသတိရမိလိုက်ပါသည်။
ပုထိုးတော်ကြီးနဲ့ကပ်လျက် မင်းကွန်းခေါင်းလောင်းကြီးကိုရောက်တော့ ကျနော့်အစ်မ၊ ညီမနဲ့ အစ်ကိုက ခေါင်းလောင်းကြီးအထဲကို ၀င်ကြည့်ကြပေမဲ့ ကျနော်ကတော့ အပြင်ကနေပဲ လှည့်ပတ်ကြည့်ရှု ခဲ့သည်။ အစ်မတွေက ၀င်ကြည့်ပါလားလို့ပြောပေမဲ့ ကျနော်ဝင်ကြည့်တုန်း ခေါင်းလောင်းကြီးက ပြုတ်ကျလာရင် ပိတ်မိနေမှာပေါ့…မ၀င်ချင်ဘူး ကြောက်တယ်… လို့ဖြေတော့ သူတို့ကျနော့်ကို ၀ိုင်းရယ်ကြသည်။ ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့ မင်းဖြူမှန်မှန်ပြော ဆိုတဲ့ စာတန်းက ကျနော်တို့ငယ်ငယ်ကတည်းက စာသင်ရင်းဖြင့် ရင်းနှီးနေခဲ့တဲ့ ခေါင်းလောင်းကြီးရဲ့ ကြေးပိဿာချိန် ၅၅၅၅၅ ဖြစ်သည်ဟု မှတ်သားထားခဲ့မိသည်။
မင်းကွန်းခေါင်းလောင်းကြီးကနေ လမ်းနည်းနည်းလောက်လျှောက်သွားတော့ မြသိန်းတန်စေတီကို ရောက်ပါသည်။ အဲဒီကနေ ဘုရားဖူးပြီး ပြန်လာတော့ ညနေ နေတော်တော်စောင်းနေပြီ။
နောက်တနေ့ညနေပိုင်းမှာတော့ ကျနော်တို့လူငယ်အုပ်စု နှစ်ထပ်တိုက်ကျောင်းလေးရဲ့ အနားက တောင်ကုန်းလေးပေါ်မှာ မြင်နေရတဲ့ ဘုရားပေါ်ကို တက်ခဲ့ကြသည်။ တောလမ်းလေးအတိုင်းလျှောက်လာပြီး သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်းတဲ့ ရှုခင်းတွေရယ် တောင်တက်လမ်းကျဉ်းကလေးရယ်က မောရကောင်းမှန်းမသိ ဆွဲဆောင်လို့နေပါသည်။ စကားပန်းအဖြူရောင်တွေက တပင်လုံးဖွေးဖွေးလှုပ်လို့ ပွင့်နေလိုက်ကြတာ။ ပန်းရနံ့လေးတွေနဲ့ လမ်းတစ်လျှောက်လုံး သင်းသင်းကလေးမွှေးနေသည်။ မိနစ်နှစ်ဆယ်လောက်လျှောက်ပြီး တော့မှ တောင်ပေါ်စေတီလေးကို ရောက်ခဲ့ကြသည်။
တောင်ပေါ်ဘုရားပေါ်ကနေပြီးတော့ အဝေးခပ်လှမ်းလှမ်းက တောင်ထိပ်ကြီးတစ်ခုပေါ်မှာတည်ထားတဲ့ မတ်ရပ်တော်ဘုရားကြီးတစ်ဆူကိုလည်း လှမ်းတွေ့ရသေးသည်။ နောက်နေ့တွေ အဲဒီဘုရားကို သွားဖူးကြမယ် လို့လည်း တိုင်ပင်လိုက်မိကြသည်။ ကျနော်တို့ရောက်နေတဲ့ တောင်ပေါ်ဘုရားကနေပြီး တောင်အောက်ကိုငုံ့ကြည့်တဲ့အခါမှာတော့ လူလေးတွေ သေးသေးလေးတွေ လှမ်းမြင်ရသည်။ အဲဒီလူစုထဲမှာမှ ကျနော့်အစ်ကိုကြီးနဲ့တူသူတစ်ယောက်ကို လှမ်းတွေ့တော့ စိတ်မြန်ကိုယ်မြန်နဲ့ ကျနော်က 'ကိုကိုကြီး… ကိုကိုကြီး' လို့ အော်ခေါ်လိုက်မိသည်။ ဒါပေမဲ့ အခေါ်ခံရတဲ့သူက ကျနော်တို့ရှိရာ ဘုရားပေါ်သို့မော့ကြည့်ပြီး ဘာမှ ပြန်တုံ့မပြန်။
အဲဒီတော့မှ ကျနော့်တို့နဲ့ပါလာတဲ့ အစ်မတွေက 'အဲဒါ နင့်အစ်ကို မဟုတ်ဘူး… လူမှားပြီးခေါ်နေတာ' ဆိုတော့မှ မှားပြီးခေါ်မိမှန်းသိရသည်။ 'တော်သေးတာပေါ့ လူတွေမမြင်ရလို့ နို့မို့ဆို ရှက်စရာကြီးနော်…' လို့ ဇက်ကလေးပုပြီးရယ်ကျဲကျဲနဲ့ ပြောလိုက်မိသည်။ ကျနော့်အစ်ကိုက ကျနော်တို့နဲ့အတူ မလိုက်ဘဲ ကျောင်းမှာ ကျန်ရစ်ခဲ့သည်မို့ တောင်အောက်မှာလှမ်းတွေ့လိုက်သူကို ကိုကိုကြီးလို့ပဲ ထင်မှတ်လိုက်ပြီး လှမ်းခေါ်လိုက်မိခြင်းဖြစ်သည်။
နောက်တနေ့ ကျောင်းမှာ အလှူနေ့ဖြစ်တော့ အနီးအပါးက လူတွေနှင့် ကျောင်းမှာ လူတွေအများကြီးဖြစ်လို့နေသည်။ အဲဒီအချိန်မှာ မနေ့ညနေက တောင်ပေါ်ဘုရားပေါ်တက်တုန်းကပါလာတဲ့ အစ်မတစ်ယောက်က 'ဟေး…ဟိုမှာ.. မင်း ကိုကိုကြီး လာတယ်။ တွေ့လား… ဟိုမှာ ဒီဘက်ကို ကြည့်ပြီး ရယ်နေတယ်'  လို့ ကျနော့်ကိုလှမ်းပြောပါသည်။ ကျနော့်အစ်ကိုထင်ပြီး မှားခေါ်မိလို့ ခရီးတစ်လျှောက်လုံး ကျနော့်နာမည် ကိုကိုကြီးလို့ တွင်သွားခဲ့ပါသည်။ အဲဒါက မှတ်မှတ်ရရ ရယ်စရာလေးတစ်ခုပါ။ အခု အစ်မတွေနဲ့ ကြုံတိုင်းလည်း သတိရတိုင်း ကျနော့်ကို စနေကြတုန်းပါပဲ။
အလှူနေ့ပြီးတော့ တရက်နားပြီး ကျနော်တို့ မင်းကွန်းဆရာတော်ဘုရားကြီးကျောင်းတိုက်က ကားနဲ့ ပုဂံသို့ ခရီးဆက်ခဲ့ကြသည်။

 Image and video hosting by TinyPic

No comments:

Post a Comment