Wednesday, October 26, 2011

ကိုမင်း ကိုချင်း နိုင်ငံရေး


ကျောင်းဒကာကိုပဲ စိတ်ဆိုးရမလား
မိုးကိုပဲ စိတ်ထွက်ရမလား
ကျောင်းပျက်ကိုပဲ စိတ်ချဉ်ရမလား
သက်ညို
ကိုချင်း   ။ ဟေ့လူ။ ဟေ့လူ။ လွှတ်ပြီတဲ့ဗျ။
ကိုမင်း    ။ သိပြီးပါပြီဗျာ။
ကိုချင်း   ။ ခင်ဗျားကလည်း။ တစ်ချိန်လုံး ဒီအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကိုပဲ ပြောနေကြပြီး၊ တကယ်လွှတ်တော့လည်း ခင်ဗျားတို့က ၀မ်းပန်းတသာလည်း မရှိပါလား။ အကျဉ်းသားတွေ လွှတ်ပေးတာ မကောင်းဘူးလား။
ကိုမင်း    ။ အကျဉ်းသားတွေ လွှတ်ပေးတာ ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ ခုလိုလွှတ်ပေးတာတော့ ၀မ်းသာအားရ ဖြစ်စရာ မဟုတ်ဘူးလို့ ထင်တာပဲ။
ကိုချင်း   ။ ဘာတွေ ဖြစ်နေလို့လဲ။
ကိုမင်း    ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးတာကို ပြည်သူတွေက မျှော်လင့်နေကြတာ မဟုတ်လား။
ကိုချင်း   ။ အခု အဲဒီလို လူတွေမပါဘူးလား။
ကိုမင်း    ။ အဲဒီလိုလူတွေထဲက ထင်ရှားတဲ့သူ တော်တော်များများ မပါဘူး။
ကိုချင်း   ။ နေဦးဗျ။ ခုဟာကက ပထမအသုတ်လို့လည်း ပြောတယ်။ ပြီးတော့ ပထမအသုတ်မှာ အသက်အရွယ်ကြီးရင့်သူများနဲ့၊ မကျန်းမမာသူများကို ဦးစားပေးလွှတ်တယ်လို့ ဆိုတာကိုး။ ဒီတော့ ထင်ရှားသူတွေ၊ ကျန်တဲ့သူတွေကို နောက်အသုတ်တွေမှာ လွှတ်ပေးမယ်ဆိုတဲ့ သဘောလားမှ မသိတာ။
ကိုမင်း    ။ နောက်အသုတ်မှာ လွှတ်ပေးမယ်ဆိုရင်တော့ ကောင်းပါလေ့။ ဒါပေမဲ့ဗျာ။ ဒါမျိုးဆိုတာ အစိုးရရဲ့ စေတနာကို ပြသဖို့ဖြစ်တာမို့၊ ထင်ရှားသူတွေ၊ ပြည်သူလူထုက မျှော်လင့်နေကြသူတွေကို ဦးစားပေးပြီး အများအပြား လွှတ်ပေးသင့်တယ်လို့ ထင်တာပဲ။
ကိုချင်း   ။ ဟုတ်တော့ ဟုတ်တယ်နော်။ ကျနော်တို့ရပ်ကွက်ထဲက အဒေါ်ကြီးတွေကတော့ လွှတ်ပေးလိုက်ပြီလို့ စကြားတုန်းက အရမ်းပျော်နေကြပြီး ဟိုတစ်ယောက်မပါဘူး။ ဒီတစ်ယောက်လည်း မပါသေးဘူးလည်းဆိုရော ဆက်တောင် မမေးတော့ဘူး။
ကိုမင်း    ။ အင်း၊ အဲဒါပြောတာပေါ့။
ကိုချင်း   ။ သာမန်ပြည်သူလူထုတွေ အဖို့တော့ ဟုတ်တာပေါ့။ ဘယ်ကျေနပ်ပါ့မလဲ။ ခင်ဗျားတို့လို နိုင်ငံရေးစိတ်ရှိတဲ့ သူတွေအဖို့တော့ ဒါကိုအကျိုးသင့် အကြောင်းသင့် စဉ်းစားပြီး လက်ခံသင့်တယ် မဟုတ်လား။
ကိုမင်း    ။ ကျုပ်တို့က ပြည်သူလူထု ခံစားချက်ကို ဘယ်နှယ့်လုပ်ပစ်ပယ်လို့ ရပါ့မလဲဗျာ။ အကျိုးသင့် အကြောင်းသင့်ဆိုတာ ပြည်သူလူထုကို ဘယ်လောက် အကျိုးပြုတယ်။ ဘယ်လောက် စိတ်ချမ်းသာစေလဲဆိုတဲ့ အကျိုးအကြောင်းကို ဆင်ခြင်ရတာဗျ။
ကိုချင်း   ။ ပြည်သူလူထုက၊ ဦးပုညမေတ္တာစာထဲကလို "ကျောင်းဒကာကိုလည်း စိတ်မဆိုး၊ မိုးကိုလည်း စိတ်မထွက်၊ ကျောင်းပျက်ကိုလည်း စိတ်မချဉ်၊ ကံကိုပင် စိတ်နာ၍ " ဆိုသလိုဖြစ်နေကြသဗျ။ ကံကိုပဲ ပုံချနေရတော့သဗျ။
ကိုမင်း    ။ ကျောင်းဒကာကိုလည်း စိတ်မဆိုးရဲလို့ ထင်တယ်။ မိုးကိုလည်း စိတ်ထွက်လို့မှ မရတာကိုး။ ကျောင်းပျက်ကိုလည်း ဘယ့်နှယ်ပြန်တည်ဆောက်ရမယ်မှန်း မသိတော့ ကံကိုပဲ ပုံချရတာ ဖြစ်ပေမပေါ့။ အမှန်ကတော့ အစိုးရမှာ လုပ်ပိုင်ခွင့်လည်း ရှိပြီး၊ စေတနာလည်း ရှိပုံရလို့ ကျုပ်တို့အားလုံးက ထောက်ခံကြတော့ မလိုဖြစ်နေတာ မဟုတ်လား။ ခုတော့ တစ်မျိုးဖြစ်ကုန်ကြတာပေါ့။
ကိုချင်း   ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အထဲမှာ ဒီလိုယုံကြည်ချက်အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စက ရှေ့တန်းက ပါနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကျေနပ်အားရမှု ရှိတယ်ဆိုတော့ မျှော်လင့်ချက်က ကျန်နေသေးတာ မဟုတ်လား။
ကိုမင်း    ။ ဒီလိုဗျ ကိုယ့်လူရဲ့။ ဘယ်လိုပဲ ဆွေးနွေးကြ၊ သဘောတူညီချက်တွေ ရကြတယ်ဆိုပေမယ့်၊ လက်တွေ့ကိစ္စတွေကို မသိကျိုးကျွံပြုလို့မရတာ အမှန်ပဲ။ အများပြည်သူဆိုတာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ မနေကြဘူး။ မနေနိုင်ကြဘူးလေ။ လက်တွေ့ရင်ဆိုင်နေရတာတွေနဲ့ပဲ အားလုံးကို ဆုံးဖြတ်ကြမှာပဲ။
ကိုချင်း   ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကရော သိပါ့မလား။
ကိုမင်း    ။ သိပ်သိမှာပေါ့။ သူက ပြည်သူလူထုနဲ့ ကင်းကွာပြီး နေလို့မရတဲ့ သူပဲဟာ။ ဒီတော့ သူလည်း ဆွေးနွေးစရာဖြစ်ဖြစ်၊ တောင်းဆိုစရာဖြစ်ဖြစ်၊ တစ်စုံတစ်ရာ အစိုးရနဲ့ လုပ်စရာရှိလိမ့်မယ် ထင်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရကိုရော၊ အစိုးရနဲ့ ဆွေးနွေးသဘောတူညီမှု ရနေတာကိုပါ အမျိုးမျိုး တွေးလာကြလိမ့်မယ် မဟုတ်လား။
ကိုချင်း   ။ မပြောတတ်တော့ဘူးဗျာ။ ကျနော်တို့ကတော့ ပျော်ရတော့မလိုလို၊ ဒုံရင်းဒုံရင်းကိုပဲ ပြန်သွားရတော့မလိုလို ဖြစ်နေတာ အမှန်ပဲ။
ကိုမင်း    ။ အဲဒါပြောတာပေါ့။ ပြည်သူ့ခံစားချက်က အဲဒီလိုဖြစ်နေတာလေ။
ကိုချင်း   ။ မျှော်လင့်ချက် နည်းနည်းတော့ ကျန်သေးတယ် မဟုတ်လား။ အဲဒါက နောက်ထပ် အကျဉ်းသားတွေလွှတ်တဲ့ အသုတ်မှာ ထင်ရှားတဲ့ ယုံကြည်ချက် အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင်ရောဗျာ။
ကိုမင်း    ။ အဲဒီလိုလွှတ်ပေးမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ့် လမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံ ရှိနေသေးတယ်လို့ ဆိုရမှာပေါ့။
ကိုချင်း   ။ အဲဒီလိုဖြစ်လာအောင် ကျနော်တို့က ဘာလုပ်ရမလဲ။ အစိုးရဆီကို ဒါမှမဟုတ်၊ သမ္မတကြီးဆီကို ပြည်သူလူထုရဲ့ မေတ္တာရပ်ခံချက် တင်ရမလား။
ကိုမင်း    ။ ပြည်သူလူထုက အမြဲတမ်းမေတ္တာရပ်ခံနေတာပဲ။ ဒါကို အစိုးရလည်း မသိတာမဟုတ်ပါဘူး။ တကယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင်တော့၊ ဒီလမ်းကြောင်းကို မဖြစ်မနေလျှောက်ရမှာပဲ။ ဒီလို ယုံကြည်ချက် အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဒီမိုကရေစီဆိုတာ ဖြစ်မလာနိုင်ဘူးလေ။ မဟုတ်ဘူးလား။
၁၄၊ အောက်တိုဘာ ၂၀၁၁။
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၆၅။

 Image and video hosting by TinyPic

No comments:

Post a Comment