Tuesday, May 3, 2011

မခန်းခြောက်သေးတဲ့ မျက်ရည်စက်များ …


၂၀၁၁ မေလထဲရောက်လာတော့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး ၃ နှစ်ပြည့်ခဲ့ပြီဆိုတာ သတိပေးနေသလိုပါပဲ။ သုံးနှစ်ပြည့်ခဲ့ပေမယ့် မုန်တိုင်းဒဏ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ မနေ့တနေ့ကလိုပါပဲ။ အဲဒီအချိန်တုန်းက ကျနော် ရန်ကုန်မှာ ရှိနေခဲ့တယ်။ မေ ၂ ရက်နေ့ ညမှာ လေတိုက်သံတွေကို အိပ်နေရင်း ကြားနေမိတယ်။ တဖြည်းဖြည်း လေက ပိုကြမ်းလာတော့ ကိုယ့်အခန်းနဲ့ ဘေးအခန်းက မှန်တံခါးကွဲရှသံတွေက အိပ်ရာထဲမှာ ပေပြီးအိပ်နေတဲ့ ကျနော် ဘယ်လိုမှနေလို့မရတော့။ ဒါနဲ့ပဲ အိပ်ရာကထပြီး တံခါးပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်မိတယ်။ အခုချိန်မှာ တံခါးဖွင့်ပြီး ၀ရန်တာထွက်လို့ကတော့ လူပါလွှင့်ပါသွားနိုင်တယ်လို့ တွေးမိပြီး ၀ရန်တာကိုတော့ မထွက်မိခဲ့။ တ၀ှီဝှီနဲ့ အငြိုးတကြီး တိုက်ခတ်နေတဲ့ လေကြမ်းတွေအောက်မှာ သစ်ပင်တွေ ကွေးညွှတ်ကျသွားလိုက်တာ မယုံနိုင်စရာပါပဲ။ အိမ်ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ စလောင်းတွေလည်း မြင်မကောင်းအောင် ပျက်စီးလို့။ တချို့တွေလည်း လမ်းပေါ်မှာ ပြုတ်ကျနေတယ်။ ကျနော်တို့ အခန်းထဲမှာလည်း ကွဲသွားတဲ့ တံခါးတွေကနေ မိုးရေတွေဝင်လာတယ်။ တဖြည်းဖြည်း မနက်လင်းလာတော့ လေက ညဘက်ထက် ပိုကြမ်းလာတယ်။ လေက လုံးဝငြိမ်သက်သွားလိုက် တရကြမ်း ပြန်တိုက်လိုက်နဲ့ လမ်းထဲမှာရှိတဲ့ သစ်ပင်တွေ လမ်းမီးတိုင်တွေ ဈေးဆိုင်လေးတွေ မြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်လို့ ...။

အဲဒီအချိန်မှာ ကျနော် အိမ်ကို စိတ်ပူနေမိတယ်။ အိမ်ကို ဖုန်းဆက်လို့ ရလိုရငြား ဆက်ကြည့်မိသေးတယ်။ ဒါပေမယ့် ဖုန်းက ဘယ်လိုမှဆက်လို့မရ။ နောက်တော့ ဖုန်းလိုင်းတွေအားလုံး ပြတ်တောက်သွားခဲ့တယ်။ ကားလမ်းတွေလည်း သစ်ပင်တွေလဲပြိုကျပြီး ပိတ်နေပြီ။ မေ ၃ ရက် နေ့လည်ပိုင်းလောက်မှာတော့ တဖြည်းဖြည်းနဲ့ လေအားပျော့သွားတော့မှ ကျနော် ၀ရန်တာကို ထွက်ရပ်မိတယ်။ ပတ်ဝန်းကျင်တခုလုံး မြင်မြင်သမျှ အပျက်အစီးနဲ့ အမှိုက်အစအနတွေပဲ ဖြစ်နေခဲ့တယ်။ သစ်ပင်တွေမှာလည်း သစ်ရွက်တရွက်တလေတောင် မကျန်ရစ်ခဲ့။ လမ်းပေါ်မှာ လူတယောက်စ နှစ်ယောက်စ တွေ့လာရပြီး အိပ်မက်ဆိုးက နိုးထပြီး လမ်းလျှောက်လာသူတွေလိုပဲ အားလုံးက သွေးပျက်တုန်လှုပ်နေကြတယ်။

အဲဒီနေ့က ကျနော် ထမင်းလည်း စားရမှန်းမသိ အိမ်မှာလည်း ဒီလိုလေမျိုး တိုက်လေမလားလို့ တွေးမိပြီး အိမ်ကလူတွေအတွက် စိုးရိမ်နေမိတယ်။ နောက်တနေ့ မနက်စောစော ကျနော် အိမ်ကိုပြန်ဖို့ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဘာနဲ့ပြန်ရမှန်းမသိ။ လမ်းတွေမှာ သစ်ပင်တွေလဲပြီး ပိတ်နေတာလည်း မဖယ်ရှားရသေး၊ လိုင်းကားတွေလည်း မတွေ့ရပေမယ့် ကျနော် ဒီနေ့ အိမ်ကို အရောက်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ ဇွတ်ထွက်လာခဲ့မိတယ်။ မြို့ထဲကနေ တာမွေထိ လမ်းလျှောက်လာခဲ့တယ်။ ဟိုဘက်ကို ခရီးဆက်ဖို့ ကားရှိလား မရှိလားဆိုတာ မသေချာတဲ့ အခြေအနေတခုပါပဲ။ လမ်းတလျှောက်လုံးမှာ တွေ့သမျှလူတွေအကုန်လုံး ပြောနေတဲ့အကြောင်းက မညှာမတာတိုက်ခတ်သွားတဲ့ လေရိုင်းအကြောင်း။ လဲပြိုနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ရှုပ်ထွေးနေတဲ့ ဓာတ်ကြိုးတွေနဲ့ မှန်ကွဲစတွေကို ကွေ့ရှောင်ပြီး ကျနော် တာမွေကို ရောက်လာခဲ့တယ်။ တာမွေကို ရောက်တော့မှ ကျနော့်လိုပဲ အိမ်ပြန်ကြတဲ့ လူတွေ အများအပြား တွေ့ခဲ့တယ်။

အဲဒီနေ့က ကံကောင်းထောက်မစွာနဲ့ ကျနော်တို့မြို့ကို သွားဖို့ ကားတစီး တွေ့ခဲ့တယ်။ ကားခက အရင်ပေးနေကျထက် အဆမတန် များနေပေမယ့် ကျေကျေနပ်နပ်နဲ့ ပေးနေမိတယ်။ ကားလမ်းတလျှောက်လုံးလည်း ဘေးဘီဝဲယာမှာ မြင်မကောင်းအောင် ပျက်စီးမှုတွေတွေ့နေရတော့ အိမ်မှာလည်း ဘယ်လိုတွေများဖြစ်နေမလဲဆိုတာ တွေးပြီး စိတ်ကပိုပူလာမိတယ်။ ကျနော်တို့ကို လိုက်ပို့ပေးတဲ့ ကားက မြို့ကိုမရောက်ခင် မိုင်ဝက်လောက်အလိုမှာ ရှေ့ဆက်ဘယ်လိုမှ မောင်းလို့မရတော့။ လူနှစ်ဖက်စာလောက်ရှိတဲ့ ကုက္ကိုပင်ကြီးတပင် ကားလမ်းကို ကန့်လန့်ဖြတ်လဲကျနေတယ်။ အဲဒီနေရာကနေ လမ်းဆင်းလျှောက်ရပြီး အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ ကျနော့်ခြေလှမ်းတွေက အပြေးတပိုင်းနဲ့ အရင်ကထက် ပိုမြန်နေခဲ့တယ်။ မြို့မှာရှိတဲ့ အိမ်ကိုပဲ အရင်သွားရမလား ရွာကိုပဲ သွားရမလား ကျနော် စဉ်းစားနေမိသေးတယ်။ နောက်တော့ ဘွားဘွားတို့ကော အားလုံး ရွာမှာရောက်နေတယ်လို့ သိတာနဲ့ ကျနော် ရွာကို လိုက်သွားမိတယ်။

ရွာအိမ်ကို ရောက်တော့ မိသားစုအားလုံးက ကျနော့်အတွက် စိတ်ပူနေခဲ့ကြကြောင်း ကျနော့်ဘွားဘွားက ကျနော်နဲ့ အဆက်အသွယ်မရလို့ ဘာမှမစားကြောင်း ၀ိုင်းပြောကြတယ်။ မိသားစုအားလုံးမှာမှ တယောက်တည်း ကွဲထွက်နေတဲ့ ကျနော့်အတွက် သူတို့ဝိုင်းပြီး စိတ်ပူနေကြတာသိတော့ စိတ်မကောင်းဖြစ်မိတယ်။ ဘွားဘွားကလည်း ကျနော်ပြန်ရောက်လာလို့ အလွန်ဝမ်းသာနေပြီး ကျနော်နဲ့အတူ ထမင်းတူတူ စားခဲ့တယ်။ မေမေကတော့ ကျနော်သာပြန်ရောက်မလာရင် ဘွားဘွားတော့ မလွယ်ဘူးလို့ စိတ်သက်သာရာရဟန်နဲ့ ပြောနေတယ်။

အရွက်ကင်းမဲ့နေတဲ့ သစ်ပင်တွေနဲ့ အဆောက်အဦးအပျက်အစီးတွေကို တွေ့ရတော့ စာတွေထဲမှာ ဖတ်ရတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်နဲ့ ပျက်စီးနေတဲ့ မြန်မာပြည်ကြီးကို မဆီမဆိုင် ကျနော် သတိရလိုက်မိသေးတယ်။ အခုကတော့ ဗုံးဒဏ်ကြောင့် မဟုတ်ဘဲ လေဒဏ်နဲ့ အားလုံးပျက်စီးနေတဲ့ ပတ်ဝန်းကျင်ကို တွေ့ရတာ ၀မ်းနည်းစရာ မြင်ကွင်းတခုပါပဲ။ ဖေဖေတို့ စပါးတွေထားတဲ့ စပါးစည့်တွေလည်း အမိုးသွပ်တွေတချပ်မှ မရှိတော့။ ဘေးအကာနဲ့ တိုင်တွေပဲ ရှိတော့တယ်။ ခေါင်းမိုးမရှိတဲ့ စပါးစည့်ထဲမှာ မိုးရေတွေစိုနေတဲ့ စပါးတွေကို ငေးကြည့်ရင်း ဖေဖေတို့ ဘယ်လောက်ရင်နာလိမ့်မလဲလို့ တွေးနေမိတယ်။ မိုးရေစိုသွားတဲ့ စပါးတွေက အညှောင့်တွေ ထွက်လာပြီး အပင်ပေါက်ဖို့ပဲရှိတော့ ရင်မနာဘဲနေမလား။ ကျနော်တို့အိမ်နားက အိမ်တချို့လည်း ပြိုကျပျက်စီးကုန်ကြတယ်။ ကျနော်တို့အိမ်ကတော့ အိမ်နောက်က သွပ်နှစ်ချပ်သာ ပျက်စီးသွားခဲ့တယ်။

တပတ်လောက်နေတော့ ကျနော် ရန်ကုန်ကို ပြန်လာခဲ့တယ်။ အဲဒီအတောအတွင်း သတင်းတွေထဲကနေ မြစ်ဝကျွန်းပေါ်ဘက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတွေသိန်းနှင့်ချီကာ သေဆုံးထိခိုက်သွားတယ်ဆိုတာ သိရတော့ တုန်လှုပ်နေမိတယ်။ ကျနော် ရန်ကုန်ပြန်လာဖို့ကိုလည်း ဘွားဘွားကို မနည်းဖျောင်းဖြပြီးမှ လာခဲ့ရတယ်။ အဲဒီတုန်းက ဘွားဘွားက ကျနော့်ကို စိတ်မချလို့ဆိုပြီး ဖေဖေ့ကို ရန်ကုန်ရောက်တဲ့အထိ လိုက်ပို့ခိုင်းခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ သတင်းတွေ ဓာတ်ပုံတွေမြင်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်မိတယ်။ လေတိုက်နှုန်းက တနာရီကို မိုင် ၁၂၀ တဲ့။ သေကွဲကွဲသွားကြရတဲ့ မိသားစုတွေရဲ့ဘ၀တွေကို ကြားသိရတော့ အဲဒီနာဂစ်မုန်တိုင်းကြီးကို နာကြည်းမုန်းတီးမိခဲ့တယ်။
ကျနော် ရန်ကုန်ပြန်ရောက်ပြီး တပတ်လောက်ကြာတော့ မေမေ့ဘက်က ဘိုးဘိုးရဲ့အမေ ကျနော်တို့ရဲ့ အမေကြီးဘွားဘွား ဆုံးသွားခဲ့တယ်။ အသက် ၉၄ နှစ်အရွယ် အမေကြီးဘွားဘွားက နာဂစ်မတိုက်ခင်အချိန်တွေက ကျန်းကျန်းမာမာနဲ့ သန်သန်မာမာရှိဆဲ။ မေမေတို့အပြောအရ အမေကြီးဘွားဘွားက အရင်ကတည်းက လေတိုက်တာ သိပ်ကြောက်တာတဲ့။ အခုလေတိုက်တဲ့အချိန်မှာ သူ့တို့အိမ်အမိုးတွေအကုန်လုံး လေနဲ့ပါသွားချိန်မှာ မိုးရေတွေနဲ့ တကိုယ်လုံးရွှဲစိုပြီး တုန်ရီနေခဲ့တယ်တဲ့။ ကျနော်လေ အမေကြီးဘွားဘွားအတွက် စိတ်မကောင်းလိုက်တာ။ ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်းနေတဲ့ ဘွားဘွားက သူ့တသက်မကြုံဖူးတဲ့ လေပြင်းတိုက်တာနဲ့ကြုံပြီး နှစ်ပတ်အကြာမှာ ဆုံးပါးသွားခဲ့ရတယ်။ အဲဒီအကြောင်းကို ကျနော်တွေးမိတိုင်း ယူကျုံးမရစိတ်နဲ့ နာကျင်ဝမ်းနည်းနေရတုန်းပါပဲ။

နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့နေရာတွေမှာ စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလှူရှင်တွေ သွားရောက်လှူဒါန်းတာတွေ ကြားသိရတော့ သူတို့ကို လေးစားမိတယ်။ အိုးမဲ့အိမ်မဲ့နဲ့ မိသားစုတွေဆုံးရှုံးသွားလို့ ငိုကြွေးနေတဲ့ သူတို့ရဲ့မျက်ရည်တွေကို စာနာမှုအပြည့်နဲ့ မျှဝေယူခြင်းတမျိုးလို့ ကျနော် တွေးမိလိုက်တယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေက အတုယူစရာပါပဲ။ ကျနော်တို့ကြုံတွေ့ရတဲ့ ၀မ်းနည်းနာကျင်မှုတွေထက် အဆပေါင်းများစွာပိုဆိုးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကိုတော့ ကျနော်သွားချင်ခဲ့တယ်။ ကိုယ်တိုင်လည်း အဲဒီနေရာတွေကို စိတ်က ရောက်ပေမယ့် အလုပ်တွေကြောင့် လူက မရောက်နိုင်ခဲ့။ နီးစပ်တဲ့ မိတ်ဆွေတွေ သွားလှူမယ်လို့ ပြောတော့ တတ်နိုင်သလောက်လေးတော့ ပါဝင်ခဲ့သေးတယ်။

နာဂစ်ဖြစ်ပြီး တနှစ်အကြာမှာတော့ ကျနော် ရောက်ချင်နေတဲ့ မြစ်ဝကျွန်းပေါ်ကို ရောက်သွားခဲ့တယ်။ ဖျာပုံမြို့နယ်ထဲမှာရှိတဲ့ ရွာတရွာကို အလှူရှင်တွေနဲ့အတူ လိုက်သွားဖြစ်ခဲ့တယ်။ တရွာလုံး အိမ်နဲ့တူတာဆိုလို့ တအိမ်နှစ်အိမ်လောက်သာရှိပြီး တဲသာသာလေးတွေနဲ့ ဖြစ်သလိုနေကြရတဲ့ ရွာသူရွာသားတွေအတွက် ၀မ်းနည်းခဲ့ရတယ်။ အဲဒီက ကလေးတွေနဲ့လည်း စကားတွေပြောဖြစ်ခဲ့တယ်။ ခုနှစ်နှစ်အရွယ် ညီမလေးတယောက်ရဲ့ ရင်နာစရာအဖြစ်ကိုလည်း သိခဲ့ရတယ်။ နာဂစ်တိုက်ချိန်မှာ သူ့ရဲ့မိခင်က အုန်းပင်ပိလို့ သေဆုံးခဲ့တယ်လို့ အဲဒီညီမလေးရဲ့ ဘေးကအဖော်တွေကပြောတော့ ကျနော့်သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ မသိခဲ့။ ညှိုးနွမ်းပြီး အားပျော့အနေတဲ့ သူ့မျက်လုံးတွေကို ကျနော်ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ပြန်လာခါနီးမှာ ကျနော်တို့ကို မော်တော်ဆိပ်ကို လိုက်ပို့တဲ့ ချိုင်းထောက်နဲ့ အစ်ကိုကြီးတယောက်ကို သတိထားမိလိုက်တယ်။ မေးကြည့်မိတော့ သူ့ရဲ့ ညာခြေတဖက်က နာဂစ်မှာ ဆုံးရှုံးသွားခဲ့ရတာတဲ့။ “စိတ်ဓာတ်မကျပါနဲ့နော် အစ်ကိုကြီး … သူများတွေထက်စာရင် တော်ပါသေးတယ် ... အားမလျှော့ပါနဲ့နော် …” လို့ အားပေးခဲ့ပေးသေးတယ်။ သူက ကျနော့်ကို ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။

အခု ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ဆို နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ပါပဲ။ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ ဘယ်တော့မှမမေ့နိုင်တော့မယ့် အတိတ်ဆိုးကြီးတခုပါပဲ။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ ပျောက်ကွယ်သွားအောင် လုပ်ခဲ့တဲ့ ကပ်ဆိုးကြီးတခုပါပဲ။ ဒါတွေကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူတွေက ဘယ်လိုမေ့နိုင်တော့မှာလဲ။ သုံးနှစ်ကြာကာလအထိ သူတို့ရဲ့မျက်ရည်တွေ နာကျင်ဝမ်းနည်းမှုတွေ မခန်းခြောက် မကုန်ဆုံးသေးပါဘူး။ ဘယ်တော့မှလည်း မေ့ပျောက်နိုင်မှာမဟုတ်တဲ့ ကံကြမ္မာဆိုးတခုပါပဲ။ ယခုချိန်ထိ နာဂစ်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ရွာတွေမှာ ပရဟိတစိတ်နဲ့ အားပေးကူညီ လှူဒါန်းသူတွေ ရှိနေဆဲပါပဲ။ သူတို့ရဲ့လုပ်ရပ်တွေက နတ်လူသာဓုခေါ်စရာ မွန်မြတ်တဲ့ အလုပ်တွေပဲမဟုတ်ပါလား။ ခုချိန်ထိ မခန်းခြောက်သေးတဲ့ မျက်ရည်စက်တွေကို မွန်မြတ်တဲ့လက်တွေနဲ့ ဖေးမကူညီပြီး ဖယ်ရှားပေးနေတဲ့ အလှူရှင်တွေကို ကျနော် ဦးညွတ်မိပါရဲ့။




No comments:

Post a Comment