Saturday, January 7, 2012

၂၀၁၁ နှုတ်ဆက်ရင်းဖြင့် ၂၀၁၂ကို မျှော်လင့်ခြင်း...


အပျင်းရောဂါဆိုတာ အတော်ကြောက်ဖို့ ကောင်းသဗျာ။ အခုတလော ကျနော့်မှာ အဲဒီကြောက်ဖို့ကောင်းလှတဲ့ အပျင်းရောဂါကြီး စွဲကပ်နေတယ်။ မေမေ့မွေးနေ့တုန်းက မွေးနေ့အမှတ်တရ စာတိုလေး တပုဒ်ရေးပြီးကတည်းက ညညတွေ ကွန်ပျူတာဖွင့်ရင် စာတိုပေစလေးတွေကို ယောင်လို့တောင် မရေးမိဘဲ သီချင်းလေး နားထောင်လိုက်၊ အင်တာနက်က download လုပ်ပြီး ယူလာတဲ့ စာလေးတွေကို ဖတ်လိုက်နဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ပျင်းနေမိပါတယ်။
အဲဒီလို ပျင်းနေတုန်းမှာ ၂၀၁၁က ကျနော့်ကို နှုတ်ဆက်သွားခဲ့တယ်။ သူနှုတ်ဆက်ပုံက ဘာကြမ်းသလဲတော့ မမေးနဲ့ဗျို့။ ကျနော့်ရင်အစုံကို ခြေနဲ့ကန်ပြီး ထွက်သွားခဲ့တာလေ။ သူ့ကို နာကျည်းစိတ်ထက် ၀မ်းနည်းခြင်းတွေ က ပိုနေမိပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် ၂၀၁၁ရေ။ သတင်းဆိုးတွေ အဖြစ်အပျက်ဆိုးတွေ မင်းနဲ့အတူ ခေါ်ဆောင်သွားပါတော့။
၂၀၁၂ခုနှစ်ကို ကူးပြောင်းတဲ့ ည။ ချစ်သူ၊ ခင်သူတွေကြောင့် နွေးထွေပျော်ရွှင်ခဲ့ရတဲ့ နှစ်တစ်နှစ်ရဲ့ အစပါပဲ။ နှစ်သစ်ရဲ့ အစမှာ ပျော်ရွှင်ခြင်းတွေနဲ့ စ ခဲ့ပါတယ်လို့ ၀န်ခံရပါမယ်။
 ၁-၁-၂၀၁၂။                                                                
အိမ်ပြန်တယ်။ ဖွားဖွား ပေါင်ပေါ်ကို ခေါင်းအုံးအိပ်ရင်း စကားတွေများနေမိသေးတယ်။ အိမ်ဆိုတဲ့ မေတ္တာရိပ်လေးမှာ တညတာ အိပ်စက်ပြီး နောက်တနေ့ ရုံးချိန်မီအောင် ပြန်ပြေးခဲ့ရတယ်။
၂-၁-၂၀၁၂။
ပုံမှန်ဖြတ်သန်းနေကျ နေရက်တွေထဲက တရက်ပါပဲ။
၃-၁-၂၀၁၂။
မလွတ်တလွတ်တွေကြောင့် စိတ်ပျက်ရတယ်။ အရူးစကားကို ယုံမိသလိုပဲ။ နောက်ဆုံးတော့လည်း ရွှေပြည်တော်မျှော်တိုင်း မနီးသေးပြီမို့…။ L
၎-၁-၂၀၁၂။
လွတ်လပ်ရေးနေ့။ ဒါပေမဲ့ ရုံးဆင်းရတဲ့ နေ့။
မနက်စောစော ဆူးလေဘုရားဝင်ပြီး တနင်္ဂနွေထောင့်မှာ ပန်းလှူခဲ့တယ်။ ဘုရားကို ရေသပ္ပာယ်ရင်း သာယာတဲ့ ဆွဲလည်းသံလေးတွေ ကြားလိုက်ရတယ်။ အော်… လွတ်လပ်ရေးနေ့မှာ မလွတ်လပ်နိုင်တဲ့သူတွေကော ဘုရားက ဆွဲလည်းလေးတွေရဲ့ သာယာတဲ့အသံတွေကို ဘယ်တော့များမှ ကြားခွင့်ရနိုင်မလဲလေလို့ တွေးလိုက်မိတယ်။
ဘုရားပေါ်ကဆင်းတော့ ဘုရားရဲ့ မြောက်ဘက်မုဂ်မှာ ငှက်သည်တွေရယ်၊ လှောင်ချိုင့်ထဲ အထည့်ခံထားရတဲ့ ငှက်ကလေးတွေရယ်။ ပျံချင်တိုင်း ပျံလို့မရလို့ ခုန်ဆွ ခုန်ဆွလုပ်ကာ အော်မြည်နေတဲ့ ငှက်ကလေးတွေက အစာတောင်းနေတာလား၊ ရေတောင်းနေတာလား၊ ဒါမှမဟုတ် ကျန်ရစ်ခဲ့တဲ့ အပေါင်းအဖော်တွေကိုလွမ်းလို့ အော်နေတာလား။ ဘာမှန်းမသိပေမဲ့ ငှက်ကလေးတွေ လှောင်ချိုင့်ထဲမှာ အော်နေတာတော့ သေချာတယ်။ အဲဒီလှောင်ချိုင့်ထဲက ငှက်ကလေးတွေကို ကြည့်နေတဲ့ တခဏမှာ ကျနော်ကိုယ်တိုင်လည်း လှောင်ချိုင့်ထဲ ရောက်နေသလို ခံစားလိုက်မိတယ်။
 လှောင်ချိုင့်ထဲက အဲဒီငှက်ကလေးတွေကို ၀ယ်မဲ့သူ အဲ…ကယ်တင်မဲ့သူ ရောက်လာရင်ဖြင့် သူတို့တွေ လှောင်ချိုင့်ထဲကနေ ဟိုး….မိုးမြင့်ဆီကို ပျံသန်းကြဦးမယ်။
အဲဒီလိုနေ့မျိုးကို မျှော်လင့်ရင်း…နှစ်တနှစ်ရဲ့ အစမှစ၍ မျှော်လင့်ရင်းနှင့် အသက်ရှင်နေပါကြောင်း။

 Image and video hosting by TinyPic

No comments:

Post a Comment