Monday, January 30, 2012

ကျနော့်ရဲ့ ကြောက်စိတ်



အရင်တပတ်ရုံးပိတ်ရက် အိမ်ပြန်တော့ လူကနေသိပ်မကောင်းချင်။ လည်ချောင်းကနာ ချောင်းကဆိုးနဲ့ဆိုတော့ အိမ်က ဖွားဖွားနဲ့မေမေက လမ်းထိပ်မှာရှိတဲ့ ဆေးခန်းကို သွားပြဖို့ ပြောနေတာကို မကြားသလိုနဲ့ ပေကပ်ကပ်လုပ်နေတော့ ဘာမှမပြောဘဲနေတဲ့ ဖိုးဖိုးကပါ ၀င်ပြီးပြောလာတော့ နောက်ဆုံးတော့လက်လျှော့ပြီး မေမေနဲ့အတူ လမ်းထိပ်ကဆေးခန်းလေးကို လိုက်သွားရတော့တယ်။
တရပ်ကွက်ထဲမှာမို့ အဲဒီဆေးခန်းမှာထိုင်တဲ့ ဆရာဝန်လေးနဲ့ မျက်မှန်းတန်းမိနေတယ်။ တခါတရံ ဖိုးဖိုးတို့ ဖွားဖွားတို့ နေထိုင်မကောင်းဖြစ်လို့ ညဘက်အချိန်မတော်သွားပင့်လည်း မညည်းမညူလိုက်လာတတ်တယ်။ အလုပ်သင်ဆရာဝန်ဖြစ်တဲ့ ထိုဆရာဝန်လေးက ဆေးရုံကပြန်ရောက်တဲ့အချိန် ညနေပိုင်းလေးမှာ ဆေးခန်းဖွင့်ခြင်းရယ်ပါ။
 နေအိမ်အောက်ထပ်မှာပဲ ဆေးခန်းဖွင့်ထားတာဖြစ်တော့ အိမ်ခြံဝန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ သစ်ခွပန်းမျိုးစုံက ချိတ်ဆွဲလို့…ပွင့်တဲ့အိုးက ပွင့်လို့…. ပြီးတော့ အနီရောင်နှင်းဆီ တပွင့်က ရဲရဲနီလို့ တပွင့်တည်းပွင့်နေလိုက်တာ။ တခြား ကျနော်မသိတဲ့ အမျိုးအမည်မသိတဲ့ ပန်းအမျိုးအစားတွေနဲ့ ခြံဝန်းကလေးက သန့်ရှင်းသပ်ရပ်လို့။ ခြံရဲ့ ဘယ်လက်ထောင့်နားမှာ ရေတွင်းလေး တတွင်းက သစ်ပင်တွေကို ရေလောင်းဖို့ဖြစ်ဟန်တူပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အဲဒီခြံဝန်းလေးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စိတ်ကြည်လင်သွားမိပါတယ်။
အိမ်ရှေ့အ၀င်အ၀နားမှာ လူနာဧည့်သည်တွေထိုင်ဖို့ ပလတ်စတစ်ထိုင်ခုံလေးတွေချထားပါတယ်။ ကျနော်တို့ရှေ့မှာ လူနာတဦးပဲရှိတော့ သိပ်စောင့်စရာမလိုဟု ကိုယ့်ဘာသာတွေးရင်း ကျေနပ်နေမိတယ်။ ကျနော်ရောက်ပြီး သိပ်မကြာခင်မှာ ဆရာဝန်လေးက drip သွင်းထားတဲ့ လူနာတဦးကို ပိုက်ဖြုတ်ပေးဖို့ ဆိုင်ကယ်နဲ့အပြင်ထွက်သွားတယ်။
မိနစ်နှစ်ဆယ်လောက်ကြာတော့ ဆရာဝန်လေးပြန်ရောက်လာပြီး ကျနော့်ရှေ့က ဖျားတဲ့ လူနာတဦးကို ကြည့်ပေးဖို့ခေါ်တယ်။ ကျနော်လည်း ကိုယ့်ရှေ့ကလူခေါ်သွားပြီဆိုတော့ ကျနော့်အလှည့်ရောက်ဖို့ ဆယ်မိနစ်လောက်ပဲလိုတော့တယ်လို့ ထင်မိပြီး ၀မ်းသာနေမိတယ်။ ဆယ်မိနစ်ပဲ ကြာမယ်လို့တွေးလိုက်မိတာက နာမည်ကြီးအထူးကုဆေးခန်းကြီးတွေမှာ နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ ပြပြနေရတဲ့ ဖွားဖွားတို့နဲ့ တခါတခါလိုက်သွားရင် လူနာတစ်ဦးကို ဆယ်မိနစ်လောက်ပဲ အချိန်ပေးတာ တွေ့ဖူးနေကျမို့ရယ်ပါ။
ကျနော်ထင်သလို ကျနော့်ရှေ့က ၀င်သွားတဲ့ လူနာက ဆယ်မိနစ်လည်း ထွက်မလာ၊ မိနစ်နှစ်ဆယ်လည်း ထွက်မလာနဲ့ နာရီဝက်ကျော်ကျော်လောက်ဖြစ်တော့မှ ခုန၀င်သွားတဲ့ လူနာထွက်လာပါတယ်။ စိတ်မရှည်တဲ့ပုံတဲ့ မှုန်ကုပ်ကုပ်ထိုင်နေတဲ့ ကျနော့်ကို မေမေက 'ခဏလေးပါ… ပြီးတော့မှာပါ…' ဆိုပြီး ပြောရှာတယ်။ 'ဖျားတဲ့ လူနာကို ဘာတွေဒီလောက်မေးနေလို့ ကြာနေရတာလည်း မေမေကလည်း… အဲဒါကြောင့် လာမပြချင်တာ….' ဆိုပြီး ပွစိပွစိလုပ်နေမိတော့တယ်။
ခဏနေတော့ ကျနော့်ရှေ့က ကုလားအဘိုးကြီးထွက်လာတော့ ကျနော်ဝင်ရတယ်။ ထုံးစံအတိုင်း ဆရာဝန်တွေက လူနာတွေကို မေးနေကျ မေးခွန်းတွေ မေးပါတယ်။ ဘာဖြစ်လို့လဲ…ဘယ်တုန်းကဖြစ်တာလဲ…စတဲ့ စတဲ့…မေးခွန်းတွေပါ။ ကျနော်က ဖျားနေတာဆိုတော့ ဖျားနေတာ ဘယ်နှစ်ရက်ရှိပြီလဲတဲ့။ သုံးရက်လောက်တော့ရှိပြီဆိုတဲ့ ကျနော့်ရဲ့ စကားအဆုံးမှာ ဘာဆေးတွေသောက်လဲ… မေးပါတယ်။ ကျနော်သောက်တဲ့ဆေးတွေ ပြောတော့ ဆရာဝန်က ဘယ်အချိန်တွေသောက်လဲတဲ့။ တော်တော်လည်း မေးနိုင်တဲ့ ဆရာဝန်ပဲဟု စိတ်ထဲက မှတ်ချက်ချပြီး သတိရတဲ့အချိန်သောက်တယ်….လို့ ပြန်ဖြေလိုက်တော့ ဆရာဝန်က ပထမတော့ အံ့သြဟန်ပြပြီး နောက်တော့ ကျနော့်အဖြေက ရယ်စရာကောင်းဟန်တူပါတယ်။ သူရယ်လိုက်လို့လေ။ နောက်တော့ ကျနော်ဆေးသောက်ကြောက်တဲ့ အကြောင်းမေမေကပြောပြနေတယ်။
ဆေးသောက်လည်းကြောက်…ဆေးထိုးတော့လည်း ဂဂျီဂဂျောင်ကျနေတဲ့ ကျနော့်ကို ဆရာဝန်ကော ကျနော့်မေမေပါ စိတ်ညစ်နေပုံရပါတယ်။ နောက်ဆုံး သောက်ဆေးတော့ နည်းနည်းသောက်ရမယ်ဆိုပြီး ဆေးလေးငါးမျိုးလောက်ကို အိတ်လေးတွေနဲ့ တခွက်စာ တခွက်စာထည့်ပေးလိုက်တယ်။ သောက်ဖြစ်အောင် သောက်ဖို့လည်း တဖွဖွ မှာလိုက်သေးတယ်။
အိမ်ပြန်ရောက်ရောက်ချင်း မေမေက အစားဝင်အောင်ကျွေးပြီး ဆေးတိုက်တယ်။ နောက်တနေ့ ရန်ကုန်ပြန်လာ ရမှာလေ။ နေကောင်းမှ ဖြစ်မယ်လို့လည်း ပြောပြီး ဆေးကို စောင့်တိုက်တယ်။ နောက်တနေ့ မနက်စောစော ထပြီး ကျနော် ရန်ကုန်ပြန်ခဲ့တယ်။ အရင်နေ့ညနေက ဆေးထိုးခဲ့တာရယ်၊ ဆေးတခွက်လည်း သောက်ခဲ့တာရယ် ကြောင့် ဖျားတာတော့ တော်တော်သက်သာသွားခဲ့တယ်။ အိမ်က တီဗီတင်တဲ့ စားပွဲပေါ်မှာ မနေ့ညနေက ဆရာဝန်လေးပေးလိုက်တဲ့ ဆေးတွေ ကျန်ရစ်ခဲ့တာကိုတွေးပြီး ကားပေါ်မှာ ကျနော်ပြုံးလိုက်မိတယ်။
ပြီးတော့ ဖွားဖွားတို့ မေမေတို့ ပြောနေကြမယ့် စကားတွေကို ကြားယောင်နေမိတယ်။ နည်းနည်းလေး သတိလစ်ရင် လစ်သလို လုပ်ချသွားပြန်ပြီ။ မေ့တာတော့ မဖြစ်နိုင်ဘူး။ တမင်သက်သက်ကို မေ့ချင်ယောင် ဆောင်သွားတာပဲနေမှာ…လို့ ဖွားဖွားက တမျိုး၊ အမေ့မြေးကတော့ ဆေးသောက်တာကို သေမလောက်ကြောက်တာ။ တွေ့တောင် မတွေ့ဖူးဘူး။ အဲဒါကြောင့် သူဖြစ်ရင် ကျမ သိပ်စိတ်ဆင်းရဲတာ။ ပြောမရဆိုမရနဲ့ သိပ်ခေါင်းမာတာလို့…မေမေက ညည်းပြောပြောနေမှာ အသေအချာပင်။
ငယ်ငယ်ကဆို မေမေတခါဆေးတိုက်ရင် ခံစားရတဲ့ ဝေဒနာထက် ဆေးသောက်ရမှာကို ပိုကြောက်တာ သတိရမိတယ်။ ဆေးလုံးတွေကိုကြည့်ကာ မျက်ရည်တွေတွေကျနေတတ်တဲ့ ကျနော့်ကို မေမေက ချော့တခါ ခြောက်တလှည့် ဆေးတိုက်ရတယ်။ ဆေးတလုံးသောက်ပြီး ရေနဲ့အတူဆေးတွေကော ခဏခဏ ပြန်အန်ထွက်လို့ မေမေက စိတ်မရှည်နိုင်ဘဲ ဆူတာလည်း ခံရတယ်။
ကျနော့်အတွက်တော့ ကလေးဘ၀ကနေ ခုအရွယ်ထိရောက်နေပေမယ့် ဆေးသောက်ကြောက်တာက ပြင်လို့မရတဲ့ ကြောက်စိတ်တခုအဖြစ် ရှိနေဆဲ။ 

Image and video hosting by TinyPic

No comments:

Post a Comment