Wednesday, January 25, 2012

အသစ်စက်စက် နှလုံးသားတစ်စုံ အလိုရှိသည်


ညီမလေးကို ချစ်တယ်တဲ့။ သူမ ချစ်သော ကိုကြီးရဲ့ စကားသံ။ ကိုယ့်နားကိုယ်ပင် မယုံနိုင်သလိုဖြစ်နေတဲ့ အချိန်မှာ နောက်တစ်ခါ ထပ်ပြောတဲ့ ကိုကြီးရဲ့ စကားသံက သူမရဲ့ မယုံနိုင်တဲ့ စိတ်တွေကို လွင့်ပါးသွားစေတယ်။ အဲဒီအချိန်ခဏလေးက သူမဘ၀မှာ အပျော်ရွှင်ဆုံး အချိန်တွေ ဖြစ်ခဲ့ဖူးတယ်လေ။
          သူမနဲ့ ကိုကြီး သိခဲ့ကြတာ နှစ်နှစ်ကျော်ပါရောလား။ အဲဒီအချိန်အတွင်းမှာ သူမကသာ ကိုကြီးကို စပြီး ချစ်မိခဲ့တာဖြစ်ပါလိမ့်မယ်။ အစပိုင်းတော့ ကိုယ့်ထက်အသက်လည်းကြီး၊ နောက်ပြီး အထင်ကြီးလေးစားမိတဲ့ ကိုကြီးကို ခင်မင်ရင်းနှီးရုံသက်သက်။ ကိုကြီးနဲ့ ခင်မင်ခွင့်ရတာကိုပဲ ကျေနပ်နေခဲ့သေးတာ။ သူမရဲ့ နှလုံးသားက ဘယ်အချိန်ကတည်းက ကိုကြီးအပေါ် ရင်ခုန်နေခဲ့မိတာ၊ ကိုကြီးနဲ့ စကားပြောနေရတာကို ပျော်ဝင်ကြည်နူးနေခဲ့ တာလည်း ဆိုတာတွေ အတိအကျ မသိတော့ပါဘူး။ သူမ သတိထားမိတဲ့အချိန်မှာ သူမရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ ကိုကြီးဆိုတာ ရှိနှင့်နေခဲ့ပြီလေ။
နှစ်ယောက်ဆုံတိုင်းမှာ စကားများ စပ်စုတတ်တဲ့ သူမနဲ့ စကားနည်းပြီး မေးသမျှကိုသာ ဖြေတတ်တဲ့ ကိုကြီး…။ တစ်ခါတလေမှာ သူမရဲ့ စကားသံတွေထဲကနေ ကိုကြီးအပေါ် သံယောဇဉ်စကားတွေ ဖိတ်လျှံကျသွား တဲ့အခါမျိုးမှာ မသိချင်ယောင်ဆောင်တတ်တဲ့ ကိုကြီးကို စိတ်တိုမိတဲ့ အချိန်တွေ မနည်းပါဘူး။ တစ်နေ့တော့ အမြဲတမ်း သွေးအေးအေးနဲ့ အသည်းနှလုံးမရှိသလိုနေတတ်တဲ့ ကိုကြီးဆီက စကားသံတချို့ထွက်လာပါတယ်။
'ညီမလေး ကိုကြီးအကြောင်းကို မသိသေးလို့ပါ။ ကိုကြီးလိုလူတစ်ယောက်ကို သံယောဇဉ်ထားမိရင် ညီမလေးပဲ ခံစားရလိမ့်မယ်…' တဲ့။
'ကိုကြီးရဲ့ အရင်အကြောင်းတွေ မသိချင်ပါဘူး။ ကိုကြီးကို ချစ်တယ်။ အဲဒီလိုပြောလို့ ကိုကြီး ညီမလေးကို အထင်သေးရင်လည်း သေးနိုင်တယ်။ ဒါပေမဲ့ ညီမလေးကတော့ အခုလိုပြောမိလို့ နောင်တမရဘူး။'
အဲဒီလို သူမရင်ထဲက ပွင့်အံကျလာတဲ့ အချစ်တွေကို ကိုကြီး ဘာမှပြန်မပြောခဲ့ပါဘူး။ တစ်ခါတလေ သူပြောတတ်တာက 'ညီမလေး စိတ်နဲ့ပဲ နှိုင်းပေါ့…'တဲ့။
ဒါဆို ကိုကြီးလည်း ညီမလေးလိုပဲ ချစ်နေတာပေါ့နော် လို့ သူမ မရဲတရဲအတွေးတွေနဲ့ ရူးမိသေးတယ်။ မတွေ့တာကြာပေမယ့် ကိုကြီးဆီက 'ညီမလေးကို သတိရတယ်…' ဆိုတဲ့ စကားသံလေးကိုပဲ ကျေနပ်နှစ်သိမ့်နေမိ တတ်တယ်။
နယူတန်ရဲ့ တတိယနိယာမလိုပဲပေါ့လို့....ပြောတတ်တဲ့ ကိုကြီးကြောင့် သူမ သံယောဇဉ်ရှိသလို ကိုကြီးလည်း သူမအပေါ် သံယောဇဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်မိခဲ့တယ်။
တနေ့တော့ သူမယုံကြည်တာတွေ၊ မျှော်လင့်မိတာတွေ ပျက်စီးသွားခဲ့တော့ သူရူးတယောက်လိုပဲ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။ သူမရဲ့ဘ၀မှာ သိပ်ချစ်ရတဲ့သူတယောက်ကြောင့် ရခဲ့တဲ့ ပထမဆုံး ဒဏ်ရာတွေပါပဲ။
တကယ်တော့ သူမချစ်တဲ့ ကိုကြီးက  သူမကို တကြိမ်တခါမှ ချစ်တယ်လို့.. မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဘ၀မှာ အပျော်ရွှင်ရဆုံးနဲ့ နှမြောတသဖြစ်စရာ အိပ်မက်တခုတော့ မက်ခဲ့ဖူးပါတယ်။ အိပ်မက်ထဲမှာ ကိုကြီးဆီက ညီမလေးကို သိပ်ချစ်တယ်တဲ့လေ။ အချစ်တွေနဲ့အတူ ကိုကြီးဆီက နွေးထွေးတဲ့ အသံကို ကြားခဲ့ရဖူးတယ်။ အိပ်မက်ထဲမှာပဲ သူမ ပျော်ရွှင်ခဲ့ဖူးတယ်။ တကယ်တော့ အိပ်မက်ဆိုတာ အချိန်တန်တော့လည်း နိုးထရတာပဲပေါ့။
အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ကတော့ ကျောချင်းကပ်အနေအထားလို ခြားနေခဲ့တယ်။ တချိန်တုန်းကတော့ မျှော်လင့်ခဲ့ဖူးသေးတယ်။ ကျောချင်းကပ်တယ်ဆိုတာ ရန်သူရှိတဲ့အချိန် ကျောချင်းကပ်တာပေါ့… ရန်သူမရှိတဲ့အချိန် မျက်နှာချင်းဆိုင်မှာပေါ့… ဆိုတဲ့ လက်တွေ့မကျတဲ့  အခြေအနေတခုကို ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။
အခုတော့ လက်တွေ့ဘ၀ရဲ့ အချစ်ဆိုတာကိုလည်း ဒဏ်ရာတွေနဲ့အတူ မေ့ပစ်ဖို့ ကြိုးစားမိခဲ့တယ်။ လူတယောက်ကို နင့်နေအောင် ချစ်ခဲ့ဖူးတဲ့ နှလုံးသား တစုံကိုလည်း အလိုမရှိတော့ပါဘူး။ အခုချိန်မှာ သူမရဲ့ ဘ၀မှာ ဆန္ဒတခုသာ နောက်ဆုံး ကျန်ရစ်ခဲ့တယ်။ အဲဒီဆန္ဒသာပြည့်ဝခဲ့ရင် ဒဏ်ရာတွေမရှိတဲ့ နှလုံးသားအသစ်တစုံကို သူမပိုင်ဆိုင်ခွင့် ရနိုင်မယ်လို့ မျှော်လင့်ရင်း…။         
လ၀န်းလေး
၂၄.၈.၂၀၁၁။

No comments:

Post a Comment