Saturday, April 9, 2011

ပြန်လျော်ပေးလို့ ဆိုသူတို့ရဲ့ ကမ္ဘာ - မောင်သာချို



(တစ်)
ပြန်လျော်ပေး
အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုး ဘွားဘွားတွေကို ပြန်လျော်ပေး
ညီ ညီမလေးတွေကို ပြန်လျော်ပေး
ကျနော့်ကို ပြန်လျော်ပေး
ကျနော်နှင့် ဆက်စပ်နေတဲ့ လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးကို ပြန်လျော်ပေး။
            ကျနော့်မှတ်စုစာအုပ်တနေရာ၌ ကူးယူထားခဲ့သော ကဗျာလေးတပုဒ်ပဲ ဖြစ်ပါသည်။ ဆရာရဲမြလွင် ဂျပန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့သော ကဗျာလေးတပုဒ်။ သည်ကဗျာကို မူလတန်းကျောင်းသားကလေး တယောက်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ တော်ဂဲကိကျိ(TOGEKICHI)တဲ့။ အနုမြူဗုံးဒဏ်ကြောင့် ဝေဒနာခံစားနေရစဉ် ရက်များအတွင်း မကွယ်လွန်မီ ဆေးရုံပေါ်မှာ ရေးဖွဲ့သွားခဲ့သည့် ကဗျာတဲ့။
            သည်ကဗျာလေးကို ဟီရိုရှီးမားကမ္ဘာ့ငြိမ်းချမ်းရေး ပန်းခြံအတွင်းရှိ ထိုကလေးငယ်၏ အုပ်ဂူ၌ ထွင်းထားသည်ကို တွေ့သဖြင့် ကူးယူခဲ့ကာ ဘာသာပြန်လိုက်ခြင်း ဖြစ်ကြောင်းလည်း ဆရာရဲမြလွင်က မှတ်ချက်ရေးထားခဲ့ပါသည်။
            သြော်…ပြန်လျော်ပေးတဲ့။
            ကျနော်နာကျင်စွာ ပြုံးမိပါသည်။ ပြန်လျော်ပေး။ ဘယ်သူတွေက ဘာတွေနဲ့ ဘယ်လိုလျော်ကြမလဲ။ ငွေနဲ့လား။ ရွှေနဲ့လား။ ဒေါ်လာဘယ်နှသန်းလဲ။ ရွှေဘယ်နှတန်လဲ။ ကားဘယ်နှစီး။ တိုက်ဘယ်နှလုံး။ လေယာဉ်တင် သင်္ဘောဘယ်နှစင်း။ လျော်လို့ကျေပါ့မလား။ မိဘဘိုးဘွား၊ မောင်နှမသားချင်း၊ သူငယ်ချင်းတွေကို အသက်ရှင်လျက် ပြန်တွေ့ရသလို အခြေအနေမျိုးရောက်အောင် ဘာတွေနဲ့ ဘယ်လောက်အထိ ကျနော်တို့က လျော်ကြမှာတဲ့လဲ။
            တကယ်တော့ ပေးလျော်လို့ မရနိုင်သော ထိခိုက်နာကျင်မှုတွေက ကမ္ဘာပေါ်မှာ အနှံ့အပြားပဲ ဖြစ်ပါသည်။
(နှစ်)
            ဟင်္သာတ တက္ကသိုလ် ရူပဗေဒဌာန၌ တွဲဖက်ပါမောက္ခတဦး ရှိပါသည်။ ဆရာက တကိုယ်တည်းသမား လူပျိုကြီးဖြစ်ပြီး အမြဲတမ်းလိုလို သူ့လက်စွဲတော် စက်ဘီးကလေး တစီးနှင့်။
            အခုတော့ သူ စက်ဘီးစီးမရတော့။ လမ်းလည်း ကောင်းကောင်းလျှောက်မရတော့။ ထော့နင်းထော့နင်း။ ကျောင်းသွားကျောင်းပြန် ဆိုက်ကားတစီးနှင့်။ လှေကားထစ်တွေ ဘာတွေကို တက်မရတော့။ ရူပဗေဒဌာနက မြေညီထပ်မှာ ရှိနေသေးလို့ တော်ပါသေးရဲ့ဟု ကျနော့်စိတ်ကို ဖြေရသည်။ နောက်ပိုင်း အငြိမ်းစားတွေ ဘာတွေယူပြီးတဲ့အခါ ဆရာ ဘယ်လိုနေမှာပါလိမ့်ဆိုသော အတွေးကတော့ ကျနော့်ကို စိတ်မောစေသည်။
            တကယ်တော့ ဒါတွေကို ရမ်းကားသော ဆိုင်ကယ်သမား တယောက်ဖန်တီးလိုက်ခြင်းပဲဖြစ်ပါသည်။ ဆရာ့စက်ဘီးကို ဖြတ်တိုက်လိုက်ရာက ခြေထောက် အပိုင်းပိုင်းအတစ်တစ် ကျိုးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။
            သူ့မဆင်မခြင်မှု။ သူ့ရမ်းကားမှု၊ သူ့ဉာဏ်အမြော်အမြင် ချွတ်ခြုံကျမှုတို့အတွက် သူ့ဘယ်လောက်ပေးလျော်ခဲ့သလဲ ကျနော်မသိပါ။ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း။ တစုံတရာ သူ ပေးလျော်ခဲ့လေမပေါ့။ သို့သော ဆရာ့ဘ၀ကတော့ ဘယ်လိုမှ အကောင်းအတိုင်း ပြန်မရတော့။ သက်ဆုံးတိုင် ဒုက္ခိတဘ၀ကို ခံစားပေတော့။
            ဒါကြောင့် အရာရာကို အလျော်ပေးလို့ရသလားဆိုသည့် မေးခွန်းကို ကျနော်က မေးလိုက်ခြင်း ဖြစ်ပါသည်။
(သုံး)
            ဟစ်တလာလို သွေးဆာသူ လူတယောက်ကြောင့် ကမ္ဘာစစ်မီးကြီးတောက်ခဲ့ရကာ အသက်အိုးအိမ် စည်းစိမ်တွေ အများအပြား ပျက်သုဉ်းခဲ့ရ၏။
            ကျနော်တို့ ဘယ်လိုလျော်ကြေးပေးကြမလဲ။
            ကျေအောင်ပေးလို့ရော ရနိုင်ကြပါစ။
            တိုက်တာ အိမ်ခြေတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေကို ကျနော်တို့လျော်လို့ရပါသည်။ ကားတစီးကို ကားတစီးနှင့် အလျော်ပေးနိုင်ပါသည်။ နွားတကောင်ကိုလည်း နွားတကောင်နှင့် အလျော်ပေးနိုင်ပါသည်။ တယ်လီဖုန်းတလုံးကိုလည်း တယ်လီဖုန်းတလုံးနှင့် အလျော်ပေးနိုင်ပါသည်။
            လူကို ဘာနဲ့ကျနော်တို့အလျော်ပေးကြမလဲ။
            ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်သား၊ ကိုယ့်မယား၊ ကိုယ့်ခြေထောက်၊ ကိုယ့်လက်၊ ကိုယ့်အသက်၊ ကိုယ့်မျက်လုံး၊ ကိုယ့်စိတ်၊ ကိုယ့်ခံစားမှု ကိုယ်ယုံကြည်ရာကို လူတယောက်က အဖွဲ့အစည်းတခုခုက စစ်ပွဲကြီးတပွဲက ဒါမှမဟုတ် ဆိုင်ကယ်တစီး၊ မော်တော်ကားတစီး၊ လူရမ်းကားတသိုက် စသည် စသည်တို့က ချိုးခြေဖျက်စီးပစ်လိုက်သော အခါ ဘယ်လိုလုပ် အလျော်ပေးကြရပါ့။
            ဂျပန်ကဗျာဆရာကလေး တော်ဂဲကိကျိ ကိုလည်း  ဘာနဲ့မှ ကျနော်တို့ ပြန်လျော်လို့ မရပါ။ ရူပဗေဒဆရာ၏ အပိုင်းပိုင်း အတစ်တစ်ကျိုးသွားသော ခြေထောက်ကိုလည်း ကျနော်တို့ လျော်လို့မရပါ။
            လူ့ဘ၀သို့ တခေါက်တခါရောက်လာကြသူများ အချင်းချင်း လူနှင့်လူ့ဘ၀ကို ထိခိုက်နာကျင်အောင်လုပ်သော အမှုလောက်ဆိုးသည့် အမှု ဤကမ္ဘာပေါ်၌ ရှိမည်ဟု ကျနော်မထင်ပါ။
            လူက အလျော်ပေးရသည် ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်သော အလုပ်မဟုတ်ပါလား။
(ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ ၂၀၀၉)

Image and video hosting by TinyPic

No comments:

Post a Comment