Saturday, April 9, 2011

သံယောဇဉ် တွယ်မိသူတယောက် အကြောင်း...


ကိုကြီးနဲ့ ကျနော်တို့ ဆုံတွေ့ခဲ့ရတာက တခြားသူကို ကူညီရင်းနဲ့ တွေ့ခဲ့ကြတယ်။ ပြည်တွင်းမှာရှိတဲ့မိသားစုက ဖခင်ဖြစ်သူနဲ့ ဆက်သွယ်တော့ ကျနော်တို့ထံမှတဆင့် ဆက်သွယ်ပေးခဲ့တော့ အဲဒီအချိန်ကစလို့ ကိုကြီးကို ကျနော် သိနေခဲ့တာ။ စတွေ့တုန်းက ကျနော်က ကိုကြီးရဲ့အသက်ကို သေချာမသိတော့ အန်ကယ်လို့ စပြီး နှုတ်ဆက်ခဲ့တယ်။ ကိုကြီးကတော့ ကျနော့်ကို ညီမတဲ့။ အဲဒီကတည်းက ဘယ်လောက် ကသောင်းကနင်းဖြစ်သလဲနော်။ ကျနော်က ညီမ မဟုတ်ပါဘူးလို့ မကျေမနပ်နဲ့ပြောတော့ ဟုတ်ကဲ့ပါ ကလေးမရယ်လို့ ကိုကြီးပြန်ပြောခဲ့တာ ကျနော် မှတ်မိနေတုန်းပဲ။ နောက်တော့ ကျနော့်ကို ယုန်ကလေး လို့ခေါ်ခဲ့တယ်။ တကယ်တော့ ယုန်ကလေးဆိုတာ ကိုကြီးပေးထားတဲ့ နာမည်လေးပါပဲ။ တခါတလေလည်း ယေးကလုန် လို့လည်းခေါ်တတ်တယ်။
တနှစ်သော သင်္ကြန်မှာ ကျနော် ကိုကြီးနဲ့တွေ့ပြီး ကိုကြီးတိုက်တဲ့ ကော်ဖီတခွက် သောက်ခဲ့ဖူးတယ်။ အဲဒီနေ့က ကိုကြီးနဲ့တွေ့ရမယ်ဆိုတာ ကြိုသိနေခဲ့တော့ ကျနော် ပျော်နေခဲ့တယ်။ အပြင်မှာ ပထမဆုံး တွေ့ခဲ့ပေမယ့် ကျနော်တို့အနားကို ကိုကြီးရောက်တော့ လေးငါးယောက် ထိုင်နေတဲ့အထဲမှာမှ ကျနော့်ကို ယုန်ကလေး...လို့ တန်းခေါ်ခဲ့တာ ကျနော်အံ့သြနေမိတယ်။ အဲဒီတုန်းက ကိုကြီးသာ ကျနော့်ကို မသိဘူးဆိုရင် ကျနော်လည်း တိတ်တိတ်လေး နေလိုက်တော့မလို့လေ။ ကိုကြီးက ကျနော့်ကို ယုန်ကလေး ထမင်းစားပြီးပြီလားလို့ မေးတော့ အယောင်ယောင်အမှားမှားနဲ့ ဟုတ်ကဲ့လို့… ဖြေခဲ့ပြီးမှ ချက်ချင်းပဲ မှားလို့ မစားရသေးဘူးလို့….ပြောပြီး ကျနော်တို့ ဆိုင်တဆိုင်ကိုရောက်လာခဲ့တယ်။ ကိုကြီးက လမ်းလျှောက်တာတော့ တော်တော်မြန်တယ်။ နောက်မှာ ကျန်နေတဲ့ ကျနော့်ကို ယုန်ကလေး လာ…လာ..လို့ လှည့်လှည့်ပြီးခေါ်တယ်။ ဆိုင်ကိုရောက်တော့ ကိုကြီးက သူ့ကိုယ်သူ ယုန်ကလေး... ဓာတ်ပုံထဲမှာနဲ့ အပြင်မှာ ဘယ်က ပိုညစ်ပတ်လဲလို့မေးတော့… အတူတူပဲလို့… ကျနော်ပြန်ဖြေခဲ့တယ်။
ဆိုင်ထဲမှာ ကျနော်တို့က တ၀ိုင်း ကိုကြီးတို့က စားပွဲတ၀ိုင်း။ ခဏနေတော့ ကိုကြီးက သူထိုင်နေတဲ့ စားပွဲဝိုင်းကနေထလာပြီး အပြင်ခဏသွားလိုက်ဦးမယ်လို့ ပြောပြီး ယုန်ကလေး ဘာမှာဦးမလဲ…ဘာစားမလဲ..လို့မေးပြီး အပြင်ကို ပြန်ထွက်သွားခဲ့တယ်။ ငါးမိနစ်လောက်ကြတော့ ဆိုင်ကယ်နဲ့ ကိုကြီးပြန်ရောက်လာခဲ့တယ်။ အဲဒီတုန်းက ကိုကြီး အပြင်ကိုထွက်ပြီး ဘယ်သွားတာလဲ ကျနော် မသိခဲ့။ နောက်တော့မှ ကိုကြီးက ကျနော်တို့တွေ့တဲ့နားမှာ ဆိုင်ကယ်ရပ်ထားခဲ့ပြီး အဲဒီဆိုင်ကယ်ရှေ့ခြင်းထဲမှာ ကိုကြီးရဲ့ ဘကြီးပေးထားတဲ့ ကင်မရာကျန်ခဲ့လို့ပြန်ယူတာဆိုလား။ အဲဒီတုန်းက ကျန်ခဲ့တဲ့ ကင်မရာပြန်ရလို့ တော်ပါသေးရဲ့လို့ ကျနော်ပြောလိုက်သေးတယ်။ ကျနော့်ကို ဆိုင်ကယ်နဲ့ မြို့တပတ်လိုက်ပို့မယ်လို့ ကိုကြီးက ပြောပေမယ့် မလိုက်ဖြစ်ခဲ့ပါ။
အဲဒီတုန်းက တခြားသူတွေနဲ့အတူ ကော်ဖီထိုင်သောက်ရင်း ဆိုင်နဲ့ မျက်စောင်းထိုး သင်္ကြန်မဏ္ဍပ်မှာ ရေကစားနေတဲ့သူတွေကို ငေးနေတဲ့ ကျနော့်ကို ကိုကြီးက တဖက်ဝိုင်းကနေ ထလာပြီး ယုန်ကလေး လာဦးလို့…ခေါ်တော့ ကိုကြီးထိုင်လိုက်တဲ့ စားပွဲဝိုင်းကို အမိန့်အတိုင်း (ဒီမှာလည်း အမိန့်အာဏာနဲ့မလွတ်ပါလားလို့တွေးရင်း)ကျနော်ရောက်ခဲ့တယ်။ အဲဒီမှာ စကားတွေအများကြီးပြောတဲ့သူက ကိုကြီးဖြစ်နေတယ်။ ကျနော်ကတော့ အလိုက်သင့် ပြန်ဖြေတဲ့ သူဖြစ်ခဲ့တယ်။ ကိုကြီးက စကားသိပ်မပြောတဲ့ ကျနော့်ကိုကြည့်ပြီး ယုန်ကလေးက ချက်တင်မှာဆို စကားများပြီး အခုတော့ စကားသိပ်မပြောဘူးနော်…လို့ပြောခဲ့တယ်။ ချက်တင်မှာ စကားများလွန်းလို့ ကျနော့်ကို စ ၇ လုံးလို့တောင် အမည်တပ်ခဲ့သေးတာပဲ။ စကားများတယ်၊ စိတ်ကြီးတယ်၊ စပ်စုတယ်၊ စိတ်ကောက်တယ်…..ပြီးတော့ ဘာတွေလဲ ကျနော်တောင် သေချာမသိတော့ပါဘူး။ အရင်က ကျနော်က မျက်စိမှုန်တယ်လို့ ကိုကြီးကို ပြောခဲ့ဖူးတော့ အဲဒီတုန်းကတွေ့တော့ ယုန်ကလေးက မျက်ကပ်မှန်တပ်တာလားလို့ ကိုကြီးက မေးခဲ့တယ်။ ပြီးတော့ ကိုကြီးက ယုန်ကလေးကို အခု မစရဲဘူး… တော်ကြာ စိတ်ဆိုးပြီး လက်သီးနဲ့ထထိုးနေမှ…လို့ပြောတော့ ကျနော်က စားပွဲပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက်မိတယ်။ နောက်ပိုင်း အဲဒီအကြောင်းကို စကားစပ်မိတိုင်း ကိုကြီးကပြောပြောနေတတ်တယ်။ ယုန်ကလေး လက်သီးဆုပ်ကိုမြင်ပြီး ကြောက်ပါတယ်…လို့ ကျနော့်ကို စတတ်တယ်။ အဲဒီတုန်းက ကိုကြီးပြောသမျှကို နားထောင်ရင်း စားပွဲပေါ်ချွတ်ပြီးတင်ထားတဲ့ နေကာမျက်မှန်ကိုင်းလေးကို ကွေးလိုက် ဆန့်လိုက် လုပ်ရင်း စိတ်လှုပ်ရှားနေမိတဲ့ ကျနော်။
ကိုကြီးနဲ့ စကားပြောနေရင်းမှ ကျနော်က စာအုပ်လေးထုတ်ပေးရင်း အမှတ်တရ တခုခုရေးပေးပါလို့ပြောတော့… 'ယုန်ကလေးနဲ့တွေ့ရတာ အရမ်းဝမ်းသာပါတယ်…ဓာတ်ပုံထဲကထက် ပိုချောတဲ့ ယုန်ကလေးဖြစ်ပါတယ်ခင်ဗျား' တဲ့။ ကိုကြီး ကျနော့်စာအုပ်လေးထဲမှာ ရေးနေတုန်းက ဘာတွေရေးနေပါလိမ့်ဆိုတဲ့ အတွေးနဲ့စိတ်လှုပ်ရှားနေမိတယ်။ နောက်တော့မှ အဲဒီစာကြောင်းလေးဖြစ်တော့ ဖတ်ကြည့်မိပြီး ကျနော်က အဟဲ…မဟုတ်လည်း မဟုတ်ဘဲနဲ့ အန်ကယ်ကလည်း…ပိုချောတယ်လို့ပြောလည်း ဒီကော်ဖီ အန်ကယ်တိုက်ရမှာနော်… လို့ ပြန်ပြောလိုက်တော့ ကိုကြီးက သောက်..သောက်…ထပ်မှာဦးလေ…လို့ပြောတော့ ကျနော့်စိတ်ထဲမှာ အန်ကယ်က အပြင်မှာ တော်တော်သဘောကောင်းပါလား…လို့တောင် တွေးမိသေးတယ်။ ကျနော့်ကို ချောတယ်လို့ပြောတာတော့ အန်ကယ်က ကျနော့်ထက်အသက်ကြီးတော့ မျက်လုံးမှုန်လို့ဖြစ်မှာပဲလို့လည်း တွေးရင်း။ ကျနော် ရန်ကုန်ပြန်ရောက်တော့ ကိုကြီးရေးပေးတဲ့ စာအုပ်လေးကို ခဏခဏထုတ်ကြည့်လွန်းလို့ စာကြောင်းတွေကော ကိုကြီးလက်ရေးကိုပါ မျက်လုံးထဲမှာ မြင်မြင်နေတတ်တယ်။ အမေးအမြန်းထူလွန်းတယ်လို့အပြောခံရတဲ့ ကျနော်က ကိုကြီးကို တခုတော့မေးခဲ့သေးတယ်။ ဒီမှာနေရတာ ပျော်လား ဆိုတဲ့ မေးခွန်းပါ။
ကျနော်နဲ့ စကားပြောပြီး တော်တော်ကြာတော့ ကိုကြီးက ကဲ….ယုန်ကလေး ငေးလိုက်ဦးနော်…ဟိုဘက်ဝိုင်းသွားလိုက်ဦးမယ်…လို့ပြောပြီး တဖက်ဝိုင်းကို ကူးသွားတယ်။ ကျနော်တို့ပြန်တော့ ကိုကြီးတို့ထိုင်နေတဲ့ စားပွဲဆီကို သွားပြီး နှုတ်ဆက်တော့ ယုန်ကလေးက မေးခွန်းတွေ သိပ်မေးတာ….လို့ ကိုကြီးက တခြားသူတွေကိုပြောတော့ ကိုကြီးကို မကျေမနပ်ဖြစ်မိသေးတယ်။ ပြီးတော့ ကိုကြီးအပါအ၀င် တခြားသူတွေကိုပါ နှုတ်ဆက်ရင်း အားလုံးနဲ့ နောက်နှစ်ရောက်ရင် အမိမြေမှာ ပြန်ဆုံချင်ပါတယ်…လို့ ပြောမိတယ်။ ဒါပေမယ့် ကျနော့်ဆုတောင်း မပြည့်ခဲ့ဘူးဆိုတာ အခုချိန်ရောက်မှ သိခဲ့ရတယ်။ အဲဒီနေ့က ကျနော် ကိုကြီးနဲ့တွေ့လို့ ပျော်ရွှင်ခဲ့တယ်။ ပြီးတော့ ကျနော့်ရဲ့ မသေချာသေးတဲ့ အကြောင်းအရာတခုကို သေချာအောင် အတည်ပြုနိုင်ခဲ့တယ်။
အခုနောက်ပိုင်း ကျနော် ကိုကြီးကို အန်ကယ်လို့ခေါ်နေရင်းက ကိုကြီးလို့ ပြောင်းခေါ်ခဲ့တာ သိပ်မကြာသေး။ မေးခွန်းတွေ လိုက်မေးတတ်တဲ့ ကျနော့်ကို ဆရာမောင်သာချိုရဲ့ စာအုပ်တအုပ်ကို ပို့ပေးခဲ့တယ်။ အဲဒီတော့မှ ကျနော်လည်း နည်းနည်းဆင်ခြင်သွားမိတော့တယ်။ ကျနော်ဖတ်ချင်တဲ့စာအုပ်တွေ ဖတ်သင့်တယ်ထင်တဲ့ စာအုပ်တွေကို ကိုကြီးကပို့ပေးတတ်တယ်။ ကျနော် စာတွေရေးပြီး သိမ်းထားတတ်တာ ကိုကြီးကြောင့်ပါ။ ကျနော့်ရဲ့ စာရေးချင်စိတ်တွေကို ကိုကြီးက လမ်းဖွင့်ပေးခဲ့တယ်။ အရင်က ကျနော် စာတကြောင်းပြည့်အောင်တောင် မရေးဖြစ်ခဲ့ပါဘူး။ နောက်တော့ ကျနော်အကြောင်းတခုခု ကိုကြီးကိုပြောပြတိုင်း အလုပ်များတဲ့ ကိုကြီးက ယုန်ကလေး ပြောချင်တာတွေ စာရေးထားနော်….ပြီးရင် ဖတ်မယ်…လို့ ပြောတတ်တော့ စကားများချင်တဲ့ ကျနော်က စာကြောင်းတွေဖြစ်အောင် ရေးရတယ်။ ပြီးတော့ ကိုကြီးက ကျနော့်ကို ယုန်ကလေး ဘာစာအုပ်တွေဖတ်နေလဲ…လို့ ခဏခဏမေးတတ်တယ်။ တခါတလေ အလုပ်များနေတာနဲ့ အာရုံမရတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာစာအုပ်ကိုမှ မယ်မယ်ရရမဖတ်ဖြစ်တဲ့အခါ ကျနော့်မှာ အဖြေမရှိ။ အဲဒီအခါကျရင် ကိုကြီးက စာဖတ်မှပေါ့…လို့ပြောတတ်တယ်။
တခါတရံ ကျနော့်ရဲ့ မသိဆိုးရွားမှုတွေက ကိုကြီးကြောင့် ဆင်ခြင်တတ်လာခဲ့တယ်။ သည်းခံစိတ်တွေကို ကိုကြီးကိုကြည့်ပြီး သင်ယူတတ်လာခဲ့တယ်။ ကိုကြီးက စိတ်မဆိုးတတ်ဘူးလို့ သူ့ကိုယ်သူ ပြောခဲ့ဖူးတယ်။ ဟုတ်မှာပါ။ စနိုက်ပါတွေ လက်နက်ကြီးတွေနဲ့ ထုတဲ့ဒဏ်ကို ခဏခဏခံနေရပေမယ့် မတုန်မလှုပ်။ ကျနော်သာဆို ဒေါသထွက်ပြီး ဘိုင်းခနဲ လဲနေလောက်ပြီ။ အဲလိုဖြစ်နေတော့ ကျနော်ကပဲ အရှုံးပေးသလိုဖြစ်သွားမှာပေါ့။ ဒါကြောင့် ကိုကြီးကတော့ အပြုံးမပျက် မတုန်မလှုပ်နဲ့ နေနိုင်တာပဲဖြစ်မည်ထင်ပါသည်။ စနိုက်ပါတွေက ကျည်ဆံနဲ့ပစ်တာကို ပန်းပွင့်နဲ့ ပေါက်နေတယ်လို့ ထင်နေပုံရတယ်။ ကျနော်ကတော့ ကိုကြီးကိုကြည့်ပြီး သြချမိတယ်။ ကျနော်သာဆို…။ ဒါကြောင့် ကိုကြီးက ကျနော့်ကို ခဏခဏပြောတာ။ ယုန်ကလေးက အရပ်ရှည်သလောက် စိတ်တိုတတ်တယ်တဲ့…။ လူပုစိတ်တိုပဲ ရှိပါတယ်…လို့လည်း ပြောရဲ့။ ကျနော်စိတ်ကောက်တတ်တဲ့ အကျင့်ကတော့ ကိုကြီးနဲ့တွေ့မှ ပြောင်းပြန်တွေဖြစ်ကုန်ရော။ စိတ်ကောက်ရင် မချော့တတ်ဘူးလို့ပြောပြီး ဘယ်လိုချော့ရသလဲ ပြန်မေးတတ်တဲ့ ကိုကြီးကို ကျနော်က ဘယ်လိုစိတ်ကောက်ရတော့မလဲ။ တခါတလေ ကျနော် စိတ်တိုစိတ်ကောက်ရင် ကိုကြီးက သိတောင် မသိခဲ့။ ကျနော်တယောက်တည်းပဲ စိတ်ကောက် ကျနော်တယောက်တည်းပဲ စိတ်ပြေခဲ့ရတဲ့ အချိန်တွေက ခဏခဏ။ ကျနော် စိတ်ဆိုးရင် ချော့ဖို့ဝေးလို့ တဟီတီကို သွားတော့မယ်…ဆိုပြီးလည်း ခြိမ်းခြောက်တတ်သေးတယ်။
ကိုကြီးက မြန်မာပြည်ပြန်ရောက်ရင် ယုန်ကလေးဆီ အရင်ဆုံးလာလည်ပြီး ယုန်ကလေးချက်ကျွေးတဲ့ လက်ရာကို စားမယ်…လို့ ကျနော့်ကို စ တော့ ကျနော်ရယ်နေခဲ့သေးတယ်။ ကျနော်က ထမင်းဟင်းချက်တဲ့ နေရာမှာတော့ ချာတူးလန်အဆင့်မှာရှိတယ်။ ကျနော် တခါတလေချက်ရင်လည်း ဟင်းဆိုရင် တမျိုးမေ့နေတတ်တယ်။ ဟင်းလျာရဲ့ အရေးကြီးဆုံး ဆားကိုလည်း တခါတလေ မထည့်ဖြစ်ဘူး။ ဒါကြောင့် ကျနော်ချက်တဲ့ဟင်းတွေက တမျိုးမေ့ဟင်းလို့ အမည်တပ်ထားတာ။ ဆားပါရင်လည်း ဟင်းထဲထည့်ဖို့ တခြားဟာတခုခုတော့ လိုနေသေးတာပဲ။ ပြီးတော့ ကိုကြီးနဲ့ကျနော်က အကြိုက်ချင်းလည်း လုံးလုံးမတူကြပါဘူး။ ကိုကြီးက အဆီအဆိမ့်ကြိုက်တဲ့သူဖြစ်ပြီး ကျနော်ကတော့ အဆီအဆိမ့်ဆို မစားတဲ့သူ။ ဒါပေမယ့် အာလူးဟင်းနဲ့ ကြက်ဥမွှေကြော်ကြိုက်တာတော့ တူတယ်လို့ ကိုကြီးပြောဖူးတယ်။
ဒီနှစ် ကိုကြီးမွေးနေ့မှာ ကိုကြီးကို မွေးနေ့လက်ဆောင် အီးမေးလ်ပို့ပေးတော့ မွေးနေ့လက်ဆောင်ကိုကြည့်ပြီး ဒါကြောင့် ကိုကြီးရဲ့ ယုန်ကလေးကို…..။ ပထမဆုံး ကိုကြီးထံက ကိုကြီးရဲ့ ယုန်ကလေးလို့ပြောသံကြားလိုက်တော့ ကျနော်က ကိုကြီးရဲ့ ယုန်ကလေး ဘယ်တုန်းက ဖြစ်သွားတာလဲ…လို့ တအံ့တသြပြန်မေးတော့ ကိုကြီးက မသိဘူး…လို့ အလွယ်တကူဖြေတော့မှ ကိုကြီး စမှန်းသိခဲ့တယ်။ နောက်ပိုင်းမှာ ကိုကြီးရဲ့ ယုန်ကလေးလို့ ခဏခဏပြောတတ်ပေမယ့် ကျနော်ကတော့ လှုပ်ရှားချင်နေတဲ့ ကျနော့်ရဲ့စိတ်ကို ထိန်းထိန်းသိမ်းသိမ်းနေတတ်ခဲ့တယ်။ ကိုကြီးက ကျနော့်ကို အမြဲစနောက်နေကျလေ။ တခါတလေ ကိုကြီးက ယုန်ကလေးတော့ ကိုကြီး စလို့ ခဏခဏငိုနေရမှာပဲ…လို့ ပြောသေးတယ်။
ကျနော် အခုဘလော့ဂ်လေးတခုလုပ်ပြီး စာရေးတော့ ကိုကြီးကို ဘလော့ဂ်လိပ်စာပေးခဲ့တယ်။ အရင်ကတော့ ရောက်တယ်လို့ပြောပေမယ့် အလုပ်များတဲ့ ကိုကြီးက အခုနောက်ပိုင်းတော့ ရောက်ဖြစ်မယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ကိုကြီးနဲ့တွေ့ခဲ့တဲ့ နေ့ရက်တွေ၊ ပြီးတော့ ကျနော့်ကို စာရေးချင်စိတ်ဖြစ်အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် လမ်းညွှန်ပေးခဲ့တဲ့ ကိုကြီးကို သတိရနေမိမှာပါ။ ကိုကြီးနဲ့ပတ်သက်ရင် အသေးစိတ်လေးကအစ ကျနော့်အတွက် မှတ်မှတ်ရရရှိနေတတ်ပါတယ်။ လူတယောက်ရဲ့ အမှုမဲ့ အမှတ်မဲ့ ပြုမူပြောဆိုလိုက်တာတွေက တခြားသူအတွက်တော့ သတိရစရာတွေ အမှတ်ရစရာတွေနဲ့ လွမ်းစရာတွေအဖြစ် ကျန်ရစ်ခဲ့မယ်ဆိုတာ ကိုကြီးသိနိုင်ပါ့မလား…။

Image and video hosting by TinyPic

No comments:

Post a Comment