Thursday, December 30, 2010

ဒီဇင်ဘာ အမှတ်တရ



ဒီဇင်ဘာတဲ့။ ဒီဇင်ဘာဆိုတာ ဆောင်းရဲ့သင်္ကေတတခုပါပဲ။ ဒီဇင်ဘာမှာ ကျနော်မွေးခဲ့လို့ ထင်ပါရဲ့။ ဒီဇင်ဘာ မနက်ခင်းလေးမှာ နှင်းငွေ့လေးတွေ ဝေနေတာကို ကျနော်အရမ်းကြိုက်ခဲ့တယ်။ ကျနော်ငယ်ငယ်ကဆို နှင်းကျတဲ့ မနက်ခင်းလေးမှာ စက်ဘီတစီးနဲ့ နှင်းတောထဲမှာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဖူးတယ်။ နှင်းဖြူတွေသာမြင်ရပြီး ကိုယ့်ရဲ့အရှေ့မှာ ဘာရှိလဲဆိုတာကို မမြင်နိုင်ဘဲ ရှေ့ကိုတိုးနေရတာလေ။ ကျနော့်ရဲ့ ဆံပင်တွေ၊ ကျနော့်ရဲ့ မျက်ခုံးနဲ့ မျက်တောင်မွှေးလေးတွေမှာ နှင်းရည်တွေနဲ့ ရွှဲစိုခဲ့ဖူးတယ်။ အဲဒီလို ခံစားမှုမျိုးကို ကျနော်ကြိုက်ခဲ့တယ်။ သစ်ရွက်ကလေးတွေမှာ နှင်းရည်လေးတွေ ရွှဲစိုနေတာကအစ တမျိုးကြည့်လို့ကောင်းတယ်။ ကျနော်နှင်းငွေ့တွေဝေနေတာကို နှစ်သက်ပေမယ့် အရမ်းချမ်းအေးတဲ့ဒဏ်ကိုတော့ မနှစ်သက်ပြန်။ သိပ်အေးရင် အအိပ်ကြီးတဲ့ ကျနော် မအိပ်တတ်လို့လေ။
အခု ၂၀၁၀ ဒီဇင်ဘာကလည်း ကျနော်စိတ်ထင် အရင်နှစ်ကထက်ပိုအေး နေသလိုပါပဲ။ ဒါပေမယ့် နှင်းကျတာကိုတော့ မတွေ့ရသေးဘူး။ ကျနော်ပဲ အိပ်ပုတ်ကြီးနေလို့လား…။ မနက်စောစော နှင်းကျတာကို မသိလိုက်တာ။ ဟုတ်တယ်။ ကျနော် ဒီလထဲမှာ အရင်ကထက်နောက်ကျပြီးမှ အိပ်ယာထဖြစ်နေတယ်လေ။ အရင်ကထက်နောက်ကျပြီးမှဆိုရင်တော့….။ ဟဲ ဟဲ အေးလို့ထင်ပါရဲ့။ မနက်မနက် အိပ်ယာထပြီး အရမ်းအေးတော့ ရေကိုအမြန်ချိုး ပြီးတော့ Breakfast အတွက် ကော်ဖီတခွက်ရယ် ပေါင်မုန့်ရယ်ကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ကမန်းကတန်းစားသောက်။ နောက် ကွန်ပျူတာရှေ့မှာထိုင်နေရင်း ခြေဖျားလက်ဖျားတွေ အေးလာတဲ့အခါ ကော်ဖီပူပူလေး တခွက်ကိုထပ်သောက်…ထပ်သောက်…။ ဘယ်နှစ်ခွက်မြောက်ပါလိမ့်။ အရင်ကထက် ပိုသောက်ဖြစ် နေတာတော့ အမှန်။

Tuesday, December 28, 2010

ချစ်ခြင်းနဲ့ ကျနော်



ကျနော် တကယ်တော့ အချစ်အကြောင်းရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ အချစ်ဆိုတဲ့အရာက ကိုယ့်အတွက် ဒါ့ထက်ပိုပြီးပြောရင် ကိုယ်ချစ်တဲ့သူ… အဲဒီနှစ်ဦးတည်း သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။ တကယ်တော့ နှစ်ယောက်တည်းရဲ့ စိတ်ခံစားချက်ဟာ အများနဲ့ယှဉ်ပြီး ပြောရင်တော့ ဘာမှမပြောပလောက်ပါဘူး။ ဒါပေမယ့် အဲဒီနှစ်ယောက်တည်းရဲ့ စိတ်ခံစားချက် တွေဟာပဲ ခမ်းနားကြီးကျယ်ပြီး လေးနက်ခြင်း အတိဖြစ်နေပြန်လေရဲ့။
ကျနော်ကိုယ်တိုင်လည်း အချစ်ရဲ့အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးတယ်လေ။ ချစ်တတ်ခဲ့တယ်၊ ပြီးတော့ အလွမ်းဆိုတာလည်း ကျနော်နဲ့ ဖက်လဲတကင်းဖြစ်ခဲ့ပြန်တယ်။ တကယ်တော့ ချစ်ခြင်းရဲ့ အဓိပ္ပာယ်လေးနက်မှုတွေကို သူ့ကြောင့် ကျနော်သိခဲ့တယ်။ ကျနော်ကိုယ် ကျနော်လည်း အံ့သြမိတယ်။ ကျနော့်ဘ၀မှာ အချစ်ဆိုတာကို ဘာမှန်းမသိခင် အချိန်တွေတုန်းက ‘ချစ်တယ်’ ဆိုတဲ့စကားက ကျနော့်အတွက်တော့ ရယ်စရာ၊ သရော်စရာစကားတခွန်းမျှပါပဲ။ ဘာတဲ့…ချစ်တယ် ဟုတ်လား…။ အဲဒါ ကိုယ့်ကိုယ်ကိုသာ ချစ်နေတာပါ။ အဲသလို ကျနော်ပြောနေကျ။ ဖောင်းပွနေတဲ့ အတုအယောင်ချစ်ခြင်းတွေကို ကျနော်မြင်ရ၊ တွေ့ရ၊ ကြားရဖန်များလာတော့ အဲဒီအချစ်ဆိုတာ ကျနော့်အတွက်တော့ လက်မခံနိုင် တဲ့ အကြောင်းအရာတခုပါပဲ။ အဲဒီအချိန်တွေတုန်းက ကျနော်ဟာ စစ်မှန်တဲ့ချစ်ခြင်း ဆိုတာနဲ့ တနေ့နေ့ကြုံတွေ့ ရမယ်လို့ တွေးတောင်မကြည့်ခဲ့မိဘူး။
ကျနော့်ရဲ့ ရင်ခုန်သံတွေက အသက်ရှင်ဖို့လောက်သာ ပုံမှန်အလုပ်လုပ်နေတယ်လို့ပဲ အထင်ရောက်ခဲ့ဖူးတယ်။ ဘယ်တော့မှ ဒီထက်ပိုထူးမလာနိုင်ဘူးပေါ့။ ဒီတော့ ကျနော့်သူငယ်ချင်း တွေကတော့ ပြောတယ်။ ‘အပြောမကြီးလေနဲ့…’တဲ့။
တကယ်လည်း သူတို့ပြောသလို ကျနော်အပြောကြီးခဲ့ဖူးတယ်။ အချစ်ဆိုတာကို မတွေ့ခင်အချိန်က အချစ်ဆိုတာကို ကျနော်မယုံကြည်ဘူး။ ချစ်တယ်ဆိုတဲ့ စကားတခွန်းကို အလွယ်တကူသုံးနှုန်းနေကြတယ်လို့ ကျနော်မြင်ခဲ့တယ်။ တကယ်တော့ ကျနော်ကိုယ်တိုင် အချစ်ဆိုတာ ခံစားနားလည်လာတဲ့အချိန်မှာတော့ အချစ်ဆိုတာ တကယ်ရှိတာပါလားဆိုတာ လက်ခံလိုက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အချစ်ကို ယုံကြည်လာမိလို့လေ။
အချစ်ဆိုတဲ့အရာက ကျနော်မသိလိုက်တဲ့အချိန်မှာ ၀င်ရောက်လာပြီး ကျနော် သတိပြုမိ လိုက်တဲ့ အချိန်မှာ ကျနော့်နှလုံးသားမှာ အမြစ်တွယ်နေခဲ့ပြီ။ အဲဒီအချိန်အထိ ကျနော်လက်မခံ ချင်သေးပါဘူး။ ကျနော့်နှလုံးသားမှာ အမြစ်တွယ်နေတဲ့ အဲဒီ အရာကို အကြိမ်ကြိမ်ထုတ်ယူပစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲဒီအချစ်ဆိုတဲ့အရာကို ကျနော်ဖယ်ထုတ်လိုက်ရင် ကျနော့်နှလုံးသားကိုပါ အဆစ်ပေးလိုက်ရမယ်ထင်ပါတယ်။ နောက်ဆုံးတော့ ကျနော်လက်လျှော့ လိုက်မိတယ်။
အဲဒီအချစ်ဆိုတာကို မယုံကြည်ခဲ့တဲ့ ကျနော်က ဘာကြောင့် သူ့ကို ကျနော်ချစ်ခဲ့တာလဲ…။ ဒီမေးခွန်းက ကျနော်ခဏခဏ ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့ မေးခွန်းတခုပါပဲ။ ဒီလိုမေးတိုင်းလဲ အဖြေကတခုတည်း။ သူက နှလုံးသားလှလို့တဲ့လေ။ ကျနော်လေ… သူစိတ်ချမ်းသာ ပျော်ရွှင်တာကိုပဲ မြင်ချင်တယ်။ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် ကျနော်သူ့ဘက်မှာအမြဲရှိမယ်။ သူပျော်နေတဲ့ အချိန်မျိုးမှာ ကျနော့်ကို သတိမရရင် ကျေနပ်နိုင်ပေမယ့် သူဝမ်းနည်းတဲ့အခါမျိုး မှာတော့ ကျနော့်ကို သတိရစေချင်တယ်။ ကျနော်လည်း သူနဲ့ထပ်တူ ခံစားနေမှာကိုလေ။
ကျနော် ထမင်းစားနေတဲ့အချိန်မှာ သူကော ဒီအချိန်မှာ ထမင်းမှ စားပြီးရဲ့လား…၊ သူ နေမှကောင်းရဲ့လား…၊ သူ အလုပ်တွေ ပင်ပန်းနေမလား…၊ သူ့မှာ စိတ်ရှုပ်စရာတွေများ ရှိနေမလား ဆိုတဲ့… ဆိုတဲ့အတွေးတွေနဲ့ ကျနော် သူ့အတွက် ပူပင်တတ်ခဲ့တယ်။ သူနေမကောင်းဖြစ်ခဲ့ရင်... ဆက်ပြီး ကျနော်မတွေး ရဲတော့ပါဘူး။ ကျနော် သူ့ကို သိပ်ချစ်နေခဲ့တာလား…။
ကျနော်ချစ်တဲ့ သူ့ဆီက ဘာပြန်မျှော်လင့်လဲ...ဟုတ်လား…။ ကျနော်သူ့ဆီက မျှော်လင့်မိတာက သူ့ရဲ့ပျော်ရွှင်ငြိမ်းချမ်းခြင်းကိုပါပဲ။ သူပျော်ရွှင်တယ်ဆို ကျနော်ကျေနပ်တယ်။ ဒီထက်ပိုပြီး ကျနော် မမျှော်လင့်တော့ပါဘူး။ ဒါဟာ သေချာပါရဲ့လား။ တနေ့နေ့မှာ ကျနော့်ကိုယ် ကျနော် ညာနေများလားဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကို ပြန်မေးမိခဲ့ရင်… ကျနော်ဒီလောက်ပဲ အတ္တကြီးချင်ပါတယ်လို့…။

မှတ်ချက် - ပုံကို ဂူဂဲလ်မှယူပါသည်။

Saturday, December 25, 2010

မြို့ပြရဲ့ညတွေမှာ လွမ်းမိလွမ်းရာ

   
တ၀ုန်းဝုန်း တဒိုင်းဒိုင်းအသံတွေ…
အမှတ်တမဲ့…
ဘယ်နေရာရောက်နေသလဲလို့
ကျနော်တွေးမိလိုက်တယ်…
သြော်… ဒီအသံတွေက
မီးစက်သံတွေပဲ…အပြင်မှာလည်း မှောင်နေတယ်…
ဒါဆို ဒီနေ့မီးမလာဘူးပေါ့…
မြို့ပြရဲ့ အမှောင်ညတွေက
ကျနော့်အတွက်တော့ မွန်းကျပ်စေတဲ့ ပန်ချီးကားတချပ်ကို
ကြည့်ရသလိုပါပဲ။
အသက်ရှူကျပ်တယ်…အသက်ရှူကျပ်တယ်…
မြို့ပြနဲ့ဝေးတဲ့ ရွာကလေးကို လွမ်းလိုက်တာ။
ကျနော်တို့ရဲ့ ရွာကလေးက လျှပ်စစ်မီးမရှိပေမယ့်
လမင်းကြီးရဲ့ အလင်းရောင်အပြည့်အ၀ရတယ်။
လမင်းကြီးမရှိတဲ့ ညမျိုးမှာ ကြယ်လေးတွေ..ပိုးစုန်းကြူးလေးတွေရဲ့
အလင်းရောင်နဲ့ အမှောင်ခွင်းတယ်…
ဒီအချိန်ဆို လေးညင်းလေးတွေ တိုက်ခတ်နေမယ်…
တောပန်းလေးတွေရဲ့ မွှေးပျံ့တဲ့ ရနံ့လေးတွေ သင်းနေမယ်…
ဘာဆို ဘာမှမကြားရအောင်ကို တိတ်ဆိတ်အေးချမ်းနေမယ်။
မြို့ပြရဲ့ အမှောင်ညတွေမှာ နေရင်း…
လျှပ်စစ်မီးမရှိတဲ့ ကျနော်တို့ ရွာကလေးကို လွမ်းတယ်။
(၂၂.၂.၂၀၁၀ - ရန်ကုန်မြို့ရဲ့ ဆူညံမွန်းကျပ်တဲ့ အမှောင်ညတွေမှာနေရင်း ခံစားမိသလို ရေးဖြစ်ပါသည်။)



Tuesday, December 21, 2010

ကျနော့်မွေးနေ့နဲ့ ချစ်သူ ခင်သူ မိတ်ဆွေသူငယ်ချင်းများ....


                ဒီနေ့ ကျနော့်မွေးနေ့မှာ အရင်ဆုံး ဖေဖေ မေမေတို့ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့မိတယ်။ ပြီးတော့ ဖိုးဖိုးတို့ ဖွားဖွားတို့ကို သတိရမိတယ်။(မုန့်ဖိုးတောင်းဖို့ မဟုတ်ပါဘူး)
          ဒီကနေ့ ကျနော့်ရဲ့ ၂၃နှစ်မြောက်မွေးနေ့မှာ အရင်ဆုံး ကျနော့်ကို မွေးနေ့ကိတ်နဲ့ မွေးနေ့စကားလက်ဆောင် ပေးခဲ့တဲ့ ကျနော့်ရဲ့ ကိုကြီးကိုလည်း ကျေးဇူးတင်ပါတယ်။
          ပြီးတော့ ကျနော့်ကို မွေးနေ့ဆုတောင်းစကားများပြောကြားပေးတဲ့ အကိုတွေ အမတွေ မိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
          ကျနော့်ရဲ့ သူငယ်ချင်း ပုရွက်ဆိတ်လေးနှစ်ကောင်ကိုလည်း ကျေးဇူးတင်ပါကြောင်း…. J
          သူတို့ကတော့ ကျနော် သူတို့ကို အဲသလိုခေါ်ရင် မကြိုက်ကြပါဘူး။ ဘယ်ကြိုက်ပါ့ မလဲနော်…။ အဟဲ။ အဲဒီပုရွက်ဆိတ်လေးနှစ်ကောင်နဲ့တွေ့ရင် ပျော်စရာကောင်းတယ်။ ကျနော့်ရဲ့ မွေးနေ့လေးကို ပိုပြီးပျော်ရွှင်စရာကောင်းအောင် လုပ်ပေးတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်ကြောင့်လည်း မွေးနေ့လေးက ပိုပြီးအသက်ဝင် ပျော်ရွှင်စရာကောင်းပါတယ်။  လူတိုင်းလူတိုင်း ကိုယ့်မွေးနေ့လေးတွေကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ပါစေလို့ ကျနော်ဆန္ဒပြုမိပါတယ်။
အဲ… သူတို့နှစ်ကောင်ပေးတဲ့ လက်ဆောင်လေးတွေက ကျနော့်ကို စိတ်လှုပ်ရှား စေတယ်ဗျ။
          အိမ်ရောက်မှ သူတို့ပေးတဲ့ ပါကင်ထုတ်ထားတဲ့ အထုပ်လေးတွေကို ဖြည်ကြည့်တော့ ပုရွက်ဆိတ်လေးတကောင်က ကျနော့်ကို ကော်ဖီခွက်လေးလက်ဆောင်ပေးတယ်။ သူက နှစ်တိုင်း ကျနော့်မွေးနေ့ဆိုရင် ပေးနေကျလက်ဆောင်ပါ။ ကျနော်ကော်ဖီအမြဲသောက်တတ်တော့ ကော်ဖီသောက်တိုင်း သူ့ကို သတိရနေပါတဲ့။ အဲဒါတော့ တဆိတ် လွန်တာပေါ့နော်…။ အရင်နှစ်တွေက ကော်ဖီခွက်လှလှလေးတွေပေးပေမယ့် ကျနော်က စည်းကမ်းမရှိလို့ ကျကျကွဲသွားတော့ ကော်ဖီခွက်နဲ့ ကော်ဖီခွက်ဖုံးတဲ့ အဖုံးလေးက တရက်နှစ်ရက်လောက်သာ အတူတကွနေရတယ်။ နောက်တော့ သူတို့တွေ ခွဲခွာသွားရတယ်။ ဘယ်တော့မှ မဆုံတဲ့ ခွဲခွာခြင်းမျိုးနဲ့လေ။ ဒီအကြောင်းကို အဲဒီကော်ဖီခွက်ပေးတဲ့ ပုရွက်ဆိတ်လေးသိတော့ ဒီနှစ်တော့ ကော်ဖီခွက်နဲ့ အဖုံးလေး မကွဲမကွာအတူတကွနေနိုင်အောင်ဆိုပြီး မကွဲရှနိုင်တဲ့ စတီးလ်ကော်ဖီခွက်လေးပေးတာပါ။ ကျနော် သူပေးတဲ့ ပါကင်ထုတ်လေးဖြည်ရင်း ပြုံးစိစိဖြစ်နေမိတယ်။
          နောက်ပုရွက်ဆိတ်လေးရဲ့ ပါကင်ထုပ်လေးကိုဖြေတော့ သူပေးတဲ့လက်ဆောင်က ယုန်ပုံလေးပါတဲ့ စားပွဲတင် photo frame လေးဖြစ်နေတယ်။ အဲဒီယုန်လေးက ခေါင်းကအ၀ါရောင်နဲ့ ကိုယ်လုံးက ပန်းရောင်လေး။ သူ့ရဲ့ ဗိုက်မှာ ဓာတ်ပုံထည့်ရတာ ဖြစ်တယ်။ အရပ်ကတော့ တော်တော်ရှည်တယ်ဗျ။ ချစ်စရာလည်းကောင်းတယ်။ အဲဒါကိုပေးတဲ့ ပုရွက်ဆိတ်လေးကတော့ ဓာတ်ပုံထည့်ရမယ့်နေရာမှာ သူ့ဓာတ်ပုံထည့်ပါလို့တော့ မပြောဘူးဗျ။ တော်သေးတယ်နော်…။ ကျနော် ထည့်ချင်တဲ့ပုံထည့်လို့ရတာပေါ့။
          ခုကျနော်.. ယုန်ပုံလေးရဲ့ ဓာတ်ပုံထည့်တဲ့နေရာလေးမှာ ဘယ်သူ့ဓာတ်ပုံထည့်ရမလဲ စဉ်းစားစရာဖြစ်နေတာပေါ့ဗျာ။ အင်း…ကျနော်မျက်လုံးမှိတ်လိုက်ရင် မျက်လုံးထဲ ပထမဆုံး ပေါ်လာတဲ့သူရဲ့ ဓာတ်ပုံထည့်မယ်ဗျာ။ ကဲ…ဘယ်သူကန့်ကွက်မလဲ….။ 


ဒီနေ့ ကျနော့်မွေးနေ့ပါ...ကော်ဖီသောက်သွားပါဦးနော်...:)

Friday, December 17, 2010

ကျနော်မုန်းတဲ့ အရက်



ကျနော်အသက် ၁၀နှစ်ဝန်းကျင်လောက်ကစပြီး အရက်သောက်တဲ့သူတွေကို  ကြောက်ရွံ့မုန်းတီးစရာအဖြစ် မြင်ခဲ့မိတယ်။ အရက်သောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး အဲဒီ မုန်းတီစိတ်ကို စတင်ဖြစ်ပေါ်စေတဲ့ တနေ့ပေါ့။ ကျနော်ကလေးဘ၀မှာ အဲဒီအရက်ကြောင့် စိတ်ဒဏ်ရာ ရတဲ့နေ့။ အခုထိလည်း မမေ့နိုင်ခဲ့သေးဘူး။
အဲဒီနေ့က မေမေနဲ့ ကျနော့် ဖိုးဖိုးတို့အိမ်ကို အသွား… လမ်းမှာ ကျနော်နဲ့ရွယ်တူ ကောင်မလေးတယောက်ကို နဖူးမှာ သွေးသံတရဲရဲနဲ့ မြင်လိုက်ရတယ်။ မျက်ရည်တွေရယ် သွေးတွေရယ် ပေကျံနေတဲ့ သူ့ရဲ့မျက်နှာတပြင်လုံးကို ကျနော်ထိတ်ထိတ်လန့်လန့် ကြည့်နေမိတယ်။ ပြီးတော့ အနားမှာရှိတဲ့ မေမေ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်းပေါ့။ အဲဒီကောင်မလေးကို သူ့ရဲ့မေမေက ကုန်းပိုးပြီး ကျနော့် ဖိုးဖိုး အိမ်ကို အပြေးသွားနေတာလေ။ ထိုစဉ်ခါတုန်းက ကျနော်ရဲ့ ဖိုးဖိုးက ကျနော်တို့ရွာမှာ ကျန်းမာရေး ဆေးမှူးလေ။ မဖွံ့ဖြိုးသေးတဲ့ ကျနော်တို့ရွာလေးမှာ ဆေးမှူးကိုသာ အားကိုးနေရတာကိုး။ ဆရာဝန်၊ သူနာပြုလည်းမရှိ။ ဆေးခန်းလည်း မရှိခဲ့ပါ။ ရောဂါပြင်းပြင်းထန်ထန်ဆို ရွာနဲ့ ခြောက်မိုင်လောက်ဝေးတဲ့ မြို့ကို သွားရတယ်။

Tuesday, December 14, 2010

ကျနော့်ရဲ့ အပျော်ဆုံးနေ့တနေ့



ကျနော် ဒီနေ့အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့မိတယ်။ ဟုတ်တယ်။ ကျနော် ဒီရက်မတိုင်မီ လွန်ခဲ့တဲ့ရက်တွေကတည်းက စိတ်လှုပ်ရှားပြီးနေမိတာလေ။ ဒါပေမယ့် ဒီနေ့ကတော့ ကျနော့်ရဲ့ အပျော်ဆုံးနေ့တနေ့လို့ ပြောလို့ရတဲ့ နေ့ပါပဲ။ ဒီနေ့က ၁၃.၁၁.၂၀၁၀ ဖြစ်တယ်။ ဒီနေ့ ကျနော်တို့ရဲ့ အမေစု နေအိမ်အကျယ်ချုပ်ကနေ ညနေ ၅း၁၅မှာ လွတ်မြောက်ခဲ့တယ်လို့ သတင်းကြားတော့ ကျနော်ဘ၀ရဲ့ အပျော်ဆုံးသတင်းတခုဖြစ်ခဲ့ပါတယ်။
ကျနော် သိတတ်စအရွယ်ကတည်းက ကျနော့်ရဲ့စိတ်ကို လွှမ်းမိုးထားတဲ့သူတယောက်၊ နောက်ပိုင်းမှာ သူ့ရဲ့ပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကျနော့်ဘ၀ရဲ့ ယုံကြည်လေးစားရတဲ့ လူတယောက်ဖြစ်ခဲ့ပါတယ်။ ကျနော်ငယ်ငယ်က အမေစုကိုမြင်ခွင့်ရချင်လို့ သတင်းမကြည့်တဲ့ကျနော်က အာဇာနည်နေ့တွေဆို ည ၈နာရီမှာလာတဲ့ ပြည်တွင်းသတင်းကို စောင့်ကြည့်ခဲ့တယ်။ အမေစု သူမရဲ့ အဖေ ကျနော်တို့ ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်းကို လာရောက်ဂါရ၀ပြုတာကို မြင်ချင်တာပါ။ မှတ်မှတ်ရရ တခါသာ ဖျတ်ခနဲ့ဆို အမေစုရဲ့ရုပ်ပုံကို တွေ့ဖူးလိုက်တယ်။ တခါတလေမှာ ကျနော် တီဗွီနဲ့အဝေးရောက်နေချိန်မှာ မေမေတို့က လာပြီ…လာပြီ ဒေါ်စုလာနေပြီ။ မြန်မြန်လာကြည့်လို့ အော်ခေါ်ချိန်မှာ မြင်ချင်ဇောနဲ့ အပြေးအလွှားလာခဲ့ပေမယ့် ကျနော်ရောက်တော့ တခြားသတင်းပြောင်းသွားပြီ။ အော်…ဒီနှစ်တော့ မမြင်လိုက်ရတော့ဘူးပေါ့ဆိုတဲ့ အတွေးနဲ့ပဲ…။ စက္ကန့်အနည်းငယ်လေးသာ ဖော်ပြတဲ့သတင်းကြောင့် ကျနော် ငယ်ငယ်ကနေ အသက် ၁၉နှစ်လောက်ထိ အမေစုကို ခန္ဒာကိုယ်ပါးပါးလျားလျားနဲ့ လမ်းလျှောက်ရင် ယုံကြည်မှုနဲ့ အားမာန်တွေပြည့်နေတဲ့ ပုံသဏ္ဌာန်လေးသာ စိတ်ထဲမှာ စွဲနေမိသည်။ မျက်နှာကိုကား သေသေချာချာမမြင်ဖူးခဲ့ပါ။

Sunday, December 12, 2010

မပြည့်စုံသေးတဲ့ ဘလော့ဂ်လေးကို လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းကို ကျေးဇူးတင်ရှိပါကြောင်း...



ယုန်ကလေး၏ ဒိုင်ယာရီ ဘလော့ဂ် ကို ဒီဇင်ဘာ ၅ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပါတယ်။
ဒီဘလော့ဂ်လေးမှာ ကျနော်ယုံကြည်ရာ အကြောင်းအရာတွေရယ် ပြီးတော့ ကျနော်ငယ်ငယ်ကစ၍ ယခုချိန်ထိ မှတ်မှတ်ရရရှိခဲ့တဲ့ အဖြစ်အပျက်လေးတွေရယ်၊ ကျနော် မရေးတတ်ရေးတတ်နဲ့ ရေးထားတဲ့ ၀တ္တုတိုလေးတွေကို ဆက်လက်ပြီး ယုန်ကလေး၏ ဒိုင်ယာရီ ဘလော့ဂ်လေး  မှာ တင်သွားမှာဖြစ်ပါတယ်။  
နည်းပညာပိုင်း မကျွမ်းကျင်ပေမယ့်ကြောင့် တတ်သလောက်မှတ်သလောက်လေး ကြိုးစားတည်ဆောက်ထားတဲ့ ဘလော့ဂ်လေးဖြစ်ပါတယ်။
သူများတွေများ ‘who is yor daddy?’ ‘ဘယ်သူ့သားသမီးလေးပါလဲ’ လို့ မေးရလောက်အောင်ကို တော်ကြပါတယ်။
ကျနော်ကတော့ သူများတွေတီထွင်ပြီးသား ဒီလို ဒီလိုလုပ်ပါ ဆိုတဲ့ အဲဒီနည်းပညာတွေကို အမြီးအမောက်တည့်အောင် မသုံးတတ်သေးပါဘူး။
ခုချိန်ထိ လွဲလွဲမှားမှားနဲ့ပါပဲ။

ဒီနည်းနည်းပါးပါးနဲ့ လွဲလွဲမှားမှားဖြစ်နေတဲ့ စတင်တာ မကြာသေးတဲ့ မပြည့်စုံသေးတဲ့ ဘလော့ဂ်လေးဆီ လာလည်သူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း….

ယုန်ပုလေးပေးတဲ့ သင်ခန်းစာ


ယုန်ပုလေးရေ… ယုန်ပုလေးအကြောင်းကို သေချာပြန်စဉ်းစားကြည့်တော့မှ ကျနော်က ကျနော့် အတ္တအတွက်နဲ့ ယုန်ပုလေးကိုအပြစ်မရှိဘဲ အကျယ်ချုပ်သဘောမျိုး ထားနေမိတယ်လို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ တကယ်တော့ ယုန်ပုလေးမှာ ဘာအပြစ်မှ မရှိမှန်းသိရက်နဲ့ ကျနော့်အတ္တ၊ ကျနော့်လောဘအတွက်နဲ့ ယုန်ပုလေးကို ဒီမှာ အကျယ်ချုပ်ထားမိတာ စိတ်မကောင်းဖြစ်ရပါတယ် ယုန်ပုလေးရေ။
တကယ်တော့ အကျယ်ချုပ်ပဲဖြစ်ဖြစ် ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်တဲ့ အကျဉ်း…(အဲ…)အကျဉ်းချုပ်ပဲဖြစ်ဖြစ်ပေါ့နော် အပြစ်မရှိဘဲနဲ့ အဲလိုနေရာမှာ ဘယ်သူ့ကိုမှ မထားသင့်ပါဘူးလေ။ ယုန်ပုလေးကိုလည်း ဒီအတိုင်းပဲပေါ့။ ကျနော် ယုန်ပုလေးကို အပြစ်မရှိဘဲ ဒီအကျယ်ချုပ်ထဲ မထားတော့ပါဘူး။ ယုန်ပုလေးလဲ ယုန်အခွင့်အရေး ရှိရမှာပေါ့ဗျာ။ ကျနော် စဉ်းစားဉာဏ်မဲ့သွားလို့ ယုန်ပုလေးကို အပြစ်မရှိဘဲ တရက်တာအကျယ်ချုပ် ထားမိတာ ခွင့်လွှတ်ပါလို့တော့ ကျနော်မတောင်းဆိုချင်ပါဘူး။ ကျနော့်မှာ အပြစ်ရှိပါတယ်။ ကျနော်က ကျနော့်အတ္တအတွက်ပဲ စဉ်းစားလိုက်မိတာကိုး။

ယုန်ပုလေးဘက်ကနေကြည့်ပြီး ကျနော်တွေးကြည့်တော့မှ ယုန်ပုလေးမှာ ကျန်ခဲ့တဲ့ မိသားစု ဒါမှမဟုတ် ချစ်ရတဲ့သူ ပြီးတော့ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိချင်ရှိနိုင်တာပဲနော်။ သူတို့တွေလည်း ယုန်ပုလေးပျောက်သွားတော့ ပူဆွေးသောကတွေရောက်ကြရမှာပဲ။ ယုန်ပုလေး ဘယ်ရောက်သွားတာလဲ၊ ယုန်ပုလေး နေမှကောင်းရဲ့လားဆိုပြီး တွေးပူနေကြမှာပဲ။
ယုန်ပုလေးပျောက်သွားလို့ ဘယ်မှာသွားတိုင်လို့ရမှာလဲနော်။ ဥပဒေမှ မရှိတာပဲ။ အော်… ယုန်ဥပဒေကိုပြောပါတယ်။ ဒီမှာ အကျယ်ချုပ်နဲ့ရောက်နေတဲ့ ယုန်ပုလေးလဲ သူတို့ကိုလွမ်းမှာပဲ။ ဒီနေရာမှာ ချစ်ခင်ရတဲ့ သူတွေကိုခွဲပြီး လာနေရတဲ့အတွက် ဘယ်ပျော်နိုင်ပါ့မလဲနော်။ ကျနော့်အပြစ်တွေပါ ယုန်ပုလေးရယ်။ ကျနော် အပြစ်ရှိပါတယ်။
          ပြီးတော့ တခါတည်းပဲ ဒီနေရာမှာ ယုန်ပုလေးရဲ့ ပိုင်ရှင်ကိုလည်း ယုန်ပုလေး မပေးဘဲနဲ့ယူခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။
ယုန်ပုလေးရေ… ကောင်းကောင်းပြန်တော့နော်။
ယုန်ပုလေးကို လွတ်လပ်ခွင့်ပေးလိုက်ပါပြီ။ 
ယုန်ပုလေးလိုပဲ အပြစ်မရှိဘဲ အကျယ်ချုပ်ခံရတဲ့သူတွေ အကျဉ်းချခံရတဲ့သူတွေ ဘယ်နေရာမှာမဆို မရှိပါစေနဲ့လို့ ကျနော်ဆုတောင်းပါတယ်။ ကျနော့်လို အပြစ်မရှိတဲ့သူကို အကျယ်ချုပ်ထား၊ အကျဉ်းချထားတတ်တဲ့ စဉ်းစားဉာဏ်နည်းတဲ့သူတွေလည်း မရှိပါစေနဲ့လို့ ဆုတောင်းနေပါမယ်။
ဟိုရောက်ရင် ယုန်ပုလေးရဲ့ ချစ်သူခင်သူ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာနေပါတော့နော်။ ပြီးတော့ ယုန်ပုလေးရဲ့ ပိုင်ရှင်ကိုလည်း ဂရုစိုက်ပါနော်။
ကျနော်ကတော့ ယုန်ပုလေးကို တရက်တာ အကျယ်ချုပ်ထားမိတဲ့ အပြစ်အတွက် ယုန်ပုလေးပေးမယ့် အပြစ်ဒဏ်ကို ခံယူဖို့် အဆင်သင့်ရှိနေမယ်။
   
(မှတ်ချက်။ ယုန်ပုလေးကို သနားနေတဲ့ မမလည်း စိတ်ချမ်းသာတော့နော်။ :)                 ယုန်ပုလေးကို သနားနေသူအားလုံး ဟုတ်ကဲ့ စိတ်ချမ်းသာပါစေ ခင်ဗျာ။)

Saturday, December 11, 2010

ပိုင်ရှင်မပေးဘဲ ယူထားရသော ယုန်ပုလေး




ဒီယုန်ရုပ်ကလေးကတော့ ကျနော့်ရဲ့ ယုန်ရုပ်လေးတော့ မဟုတ်ပါဘူး။ ကျနော့် …….ရဲ့ ယုန်ရုပ်လေးပါ။ ကျနော်က ဒီယုန်ကလေးကို ပုပုလေးမို့လို့ ကျနော့်ရဲ့ ယုန်ရုပ်လေးလောက် မချစ်ပါဘူး။ ကျနော့်ရဲ့…….ကတော့ ယုန်ပုပုလေးမို့လို့ ချစ်စရာလေးတဲ့။ ဒါနဲ့ ကျနော်လည်း အဲဒီယုန်ကလေးကို မနာလိုတာနဲ့ ဒီမှာယူထားလိုက်တာ။ 
ကဲ….ဘာတတ်နိုင်သေးတုန်း…. :P
မင်းရဲ့ ပိုင်ရှင်အနားမှာပဲ ကပ်နေလို့ မင်းကို ဒီမှာခေါ်ထားလိုက်ပြီ။
ကောင်းကောင်းနေနော် ယုန်ပုလေး…









Thursday, December 9, 2010

မွန်းကျပ်စေတဲ့ အတွေးစများ


ဒီနေ့မနက် ကျမထံသို့ဖုန်းလာနေတယ်လို့ လာပြောတော့ ရေချိုးနေချိန်ဖြစ်နေတော့ အတော် ကသီကလျင်ဖြစ်ခဲ့ရသည်။ နောက်မှ မေမေတို့များ ဆက်လေသလားဆိုတဲ့ အတွေးနဲ့ ကမန်းကတမ်း ရေချိုးခြင်းကိုအဆုံးသတ်လိုက်သည်။ ပြီးနောက် အ၀တ်အစားခပ်သွက်သွက်လဲလိုက်ပြီး အောက်ထပ်သို့ အပြေးကလေး ဆင်းခဲ့လေသည်။
ဘေးသို့ချထားသော ဖုန်းခွက်ကို ကောက်ကိုင်လိုက်ရင်း ‘ဟလို’ ဟု ပြောရိုးပြောစဉ် စကားဆိုပြီးမှာတော့ တဖက်က အသံက ကျမမျှော်လင့်ထားသလို ကျမရဲ့ အိမ်ကဆက်သော ဖုန်းမဟုတ်ခဲ့ပါ။ ကျမနှင့် အကျွမ်းတ၀င်မရှိလှသော အသံဖြစ်သည်။ ဒါပေမယ့် သူ့ဘက်ကတော့ တကယ့်ကို ရင်းရင်းနှီးနှီးရှိလှသည်။

Wednesday, December 8, 2010

သိက္ခာရှိတဲ့ ကော်ဖီတခွက်

ကျနော်ရဲ့ အကြိုက်ဆုံးတွေထဲမှာ ကော်ဖီလည်းပါတယ်။ မိုးအေးအေးလေးမှာ ကော်ဖီပူပူလေး တခွက်ရယ် စာအုပ်ကောင်းကောင်းလေးတအုပ်ရယ်ရှိရင် ကျနော်ဘ၀မှာ ပြီးပြည့်စုံနေပြီလို့တောင် ထင်ခဲ့တာဗျ။ အဲ…နွေရာသီကျပြန်တော့လည်း (Ice Coffee) ကော်ဖီအေးလေးနဲ့ ရင်ထဲက အပူ၊ အပြင်က အပူဒဏ်တွေကို ကာကွယ်နေကျ။ :) ။ ကျနော်သောက်ခဲ့ဘူးတဲ့ ကော်ဖီတွေထဲမှာ ခုချိန်ထိ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ ကော်ဖီနှစ်ခွက်တော့ ရှိခဲ့ဘူးတယ်ဗျ။ အခုပြောမှာက ပထမအကြိမ်အမှတ်တရဖြစ်စေတဲ့ ကော်ဖီတခွက်ရဲ့ အကြောင်းပါ။ အဲဒီကော်ဖီတခွက်ကို သောက်ဖြစ်ခဲ့တဲ့ နေ့စွဲလေးကတော့ ၁၉.၁.၂၀၁၀နေ့ သတင်းစာဆရာ စာရေးဆရာလူထုဦးလှရဲ့ နှစ်တရာပြည့်ဂုဏ်ပြုအမှတ်တရ လူငယ်စာဖတ်ဝိုင်း အခမ်းအနား မှာပါ။ နေရာကတော့ ကျနော်တို့ရဲ့ ယုံကြည်ချက် နှလုံးသားတည်ရာပေါ့။
ကျနော်ရယ် ကျနော့်ဆရာရယ် အန်ကယ်ဦးအေးသာအောင်ရယ် ပြီးတော့ ဒီချုပ်က အန်ကယ်ဦးအုန်းကြိုင်ရယ်(အန်ကယ့်ကို အဲဒီနေ့မှ မြင်ဖူးတာပါ)၊ နောက်တယောက်က ကျနော်လည်း နာမည်မသိပါ။ ကျနော်တို့ ကားပေါ်ကဆင်းပြီး အ၀င်မှာ ကင်မရာတွေတကိုင်ကိုင်နဲ့ ဓာတ်ပုံတွေရိုက်တဲ့ အဖွဲ့တွေလည်းရှိသဗျ။ ကျနော်လည်း ကျနော့်ရဲ့ပုံပါမှာစိုးလို့ အနားကလူတွေနဲ့ အတင်းလိုက်ကွယ်တာပေါ့။ အခမ်းအနားကျင်းပမယ့်နေရာအ၀င်မှာ ဓာတ်ပုံရိုက်ခြင်းဖြစ်သည်။ တခြား ၀င်ဝင်သမျှ ထွက်ထွက်သမျှ လူအားလုံးလည်း မှတ်တမ်းတင်နေတာပါ။ လမ်းမရဲ့ တဖက်ခြမ်းလ္ဘက်ရည်ဆိုင်အတွင်းကနေလည်း ဗီဒီယိုကင်မရာတွေနဲ့ ဒီဘက်ကို လှမ်းဆွဲနေတာတွေ့ရတယ်။ 
အဲဒီနေ့က ကျနော်တော်တော်ပျော်ခဲ့တာဗျ။ စိတ်လှုပ်ရှားတာရော၊ ၀မ်းသာပီတိဖြစ်တာရော ဒီနေရာကိုလာရတဲ့အတွက် ဂုဏ်ယူမိတာရော အစုံပါပဲ။ ဘ၀မှာ အပျော်ဆုံးနေ့တနေ့ဖြစ်ခဲ့တယ်။ အဲဒီနေရာမှာ ကျနော်တို့ရဲ့ အာဇာနည်တွေ၊ ကျနော်တို့ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို လွတ်လွတ် လပ်လပ် မြင်ခွင့်ရခဲ့တယ်။  
 
ကျနော်တို့ရောက်ပြီး ခဏအကြာမှာတော့ အခမ်းအနား စပါတယ်။ ကျနော့်ထိုင်နေတဲ့ ဘေးနားမှာတော့ အသက်ကြီးကြီး လူကြီးများထိုင်နေကြတယ်။ ကျနော် တခါမှ မမြင်ဖူးတဲ့ သူတွေပါ။ ကျနော်က အရှေ့မှာရှိတဲ့ အခမ်းအနားအစီအစဉ်တွေကို အာရုံရောက်နေစဉ်မှာ ကျနော့်အနောက်ဖက်မှ ကျနော့်နာမည်ခေါ်သံလိုလို ကြားမိလိုက်တယ်။ ဇဝေဇ၀ါနဲ့ ကျနော်ဖြစ်နေမိတယ်။ ဒီနေရာမှာ ကျနော်ကို သိတဲ့သူ မရှိနိုင်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ပါ။ နောက်တော့ ကျနော့်အနောက်ဘက်ကို လှည့်ကြည့် လိုက်တော့ ကျနော်ဝမ်းသာသွားမိသည်။ ကျနော့်ကို လှမ်းခေါ်နှုတ်ဆက်နေတာ ဘဘဦးထွေးမြင့်ပါ။ ဘဘက ကျနော့်ကို မှတ်မိနေသားပဲ ဆိုတဲ့အတွေးနဲ့ ၀မ်းသာသွားတာပါ။ ဘဘကို လှမ်းပြုံးပြပြီး ဘဘနေကောင်းရဲ့လားလို့ ကျနော်မေးတော့ ဘဘက ခေါင်းညိတ်ပြပြီး ကျနော့်ကို ဘယ်သူနဲ့လာတာလဲလို့ မေးပါတယ်။ ကျနော်ပြန်ဖြေအပြီး ခဏအကြာမှာတော့ ဘဘဦးဝင်းတင်က လူထုဦးလှအကြောင်းကို အမှတ်တရပြောကြားပါတယ်။ ဘဘပြောတာတွေကတော့ အများကြီးပါ။
ကျနော်ခုချိန်ထိ မှတ်မှတ်ရရရှိနေတဲ့ စကားကတော့ ‘လူထုဦးလှ၏ အထူးခြားဆုံးအချက်မှာ လူထုအကျိုးကို မျက်နှာမူသော နိုင်ငံရေး၊ လူထုကို မျက်နှာမူသော သတင်းစာပညာ၊ လူထုကို မျက်နှာမူသော စာပေများကို အမြဲ ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်လို့’ ပြောကြားခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ ကျနော် သတင်းစာဆရာကြီး လူထုဦးလှရဲ့ စာတွေကို အနည်းအကျဉ်းပဲ ဖတ်ဖြစ်ပါသေးတယ်။ ကျနော်ဖတ်ဖူးတဲ့ နည်းနည်းလေးထဲမှာပဲ ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာ၊ လူငယ်တွေကို ထူးချွတ်ထက်မြတ် စေချင်တဲ့ စေတနာတွေကို အဲဒီစာတွေထဲမှာပဲ ကျနော်မြင်ခဲ့ရတယ်။ ဆရာကြီးလူထုဦးလှဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့် လူထုကိုမျက်နှာမူခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာတယောက်ဖြစ်တာကြောင့် နမူနာယူစရာ စံပြပုဂ္ဂိုလ်တဦးအဖြစ် ကျနော်တို့လူငယ်တွေရဲ့ ရင်ထဲမှာ ကိန်းအောင်းတည်ရှိနေမှာပါ။
ဘဘရဲ့ အမှတ်တရစကားပြောကြားအပြီးမှာတော့ လူထုဦးလှရဲ့ အတ္ထုပ္ပတ္တိကိုဖတ်ကြားပါတယ်။ အတ္ထုပ္ပတ္တိဖတ်ကြားခြင်းအပြီးမှာတော့ အန်ကယ်ဦးအုန်းကြိုင်က တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို တန်ဖိုးထား လေ့လာခဲ့တဲ့ လူထုဦးလှအကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ရိုးရာပုံပြင်များကိုလည်း ရေးသားခဲ့တယ်လို့ ပြောသွားပါတယ်။ အန်ကယ်ဦးအုန်းကြိုင်ရဲ့ အမှတ်တရစကားပြောကြားအပြီးမှာတော့ တက်ရောက်လာကြာသူများက လူထုဦးလှရဲ့စာများအကြောင်းကို ဆွေးနွေးပြောဆိုကြပါတယ်။
အဲဒီဆွေးနွေးပြောဆိုနေတဲ့အချိန်မှာပဲ ကျနော့်နှာခေါင်းက ကော်ဖီအနံ့လေးရလာပါတယ်။ ခဏ ကြာတော့ ကျနော်တို့ကို ကော်ဖီတခွက်စီနဲ့ ကောက်ညှင်းဆီထမင်းကို အုန်းသီများဖြူးထားသော ပန်ကန်များ လာချပါပေးတယ်။ ကျနော်လည်း ကျနော်ရောက်ဖူးချင်သည့်နေရာကို ရောက်ရုံမျှမက ကျနော် ကြိုက်နှစ်သက်သည့် ကော်ဖီကိုနှင့်လည်း ဧည့်ခံနေသေးသည်ဆိုတော့ အထူးပင်ဝမ်းသာနေမိတယ်။
ကျနော်ကော်ဖီသောက်နေစဉ်မှာပဲ ကျနော့်ရဲ့ဆရာက ကျနော်ရဲ့ ဘေးနားမှာထိုင်နေတဲ့ လူကြီး တဦးကို ကျနော်နဲ့မိတ်ဆက်ပေးပါတယ်။ သူက စာရေးဆရာမောင်မိုးသူဆိုတော့ ကျနော်လည်း အံ့သြ ၀မ်းသာသွားမိတယ်။ ကျနော်က ဆရာမောင်မိုးသူဆိုတာ နာမည်သာကြားဖူးတာ။ လူကိုတော့ ခုမှ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဒါနဲ့ ကျနော့်ရဲ့အိတ်ထဲမှာပါလာတဲ့ စာအုပ်လေးကိုထုတ်ပြီး ဆရာကြီး မောင်မိုးသူကို ဆုံးမစကားတခုခုရေးပေးပါလို့ ကျနော်ပြောလိုက်ပါတယ်။ ဆရာကြီးက ကျနော်ပေးတဲ့ စာအုပ်နဲ့ဘောပင်ကိုယူပြီး စာလေးတကြောင်း ရေးပေးပါတယ်။ ကျနော်လည်း ဘာရေးနေလဲဆိုတာ သိချင်စိတ်ပြင်းပြနေတာပေါ့။ ဆရာကြီးကျနော့်ကို ရေးပေးတဲ့ စာကြောင်းလေးက “တိုင်းချစ်ပြည်ချစ်စိတ် မွေးမြူနိုင်ပါစေ” တဲ့။
အဲဒီမှာတိုက်တဲ့ ကော်ဖီသောက်ကိုနေစဉ်မှာ ကျနော်ဖတ်ဖူးတဲ့ မိုးမိုးအင်လျားရဲ့ သိက္ခာရှိသော မုန့်ဟင်းခါးဆိုတာလေးကို သတိရမိတယ်။ ကျနော်လည်း သိက္ခာရှိတဲ့ကော်ဖီတခွက်ကို သောက်နေရ တယ်ဆိုပြီးလေ။ ကျနော့်ဘ၀ရဲ့ သောက်ဖူးသမျှတွေထဲမှာ အမှတ်တရနဲ့ သိက္ခာရှိတဲ့ ကော်ဖီတခွက်ပါပဲ။