Friday, July 18, 2014

ညီမလေး ဖတ်ဖို့…


ညီမလေးရေ ဒီခေတ်ကြီးထဲမှာ လူတိုင်းလူတိုင်း လက်ကိုင်တယ်လီဖုန်းလေးတွေနဲ့ ပြီးတော့ အင်တာနက်လေးကြည့်ရင်း အရင်က သူငယ်ချင်းတွေ ၀ိုင်းဖွဲ့စကားပြောကြတဲ့ နေရာမှာ ခုတော့ ကိုယ့်ဖုန်း ကိုယ်ပွတ်လို့ ဖာသိဖာသာပဲ တွေ့ဆုံမှုလေး ပြီးဆုံးခဲ့တယ် မဟုတ်လား။ အဲ့ဒါက နည်းပညာတိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးလို့ ဆိုလေမလား၊ လူသားဆန်ဆန်နွေးထွေးမှုထက် နည်းပညာတွေပေါ်မှာ ခုံမင်သာယာမှုတွေလားတော့ မသိတော့ပါဘူး ညီမလေးရယ်။
မိသားစုတွေ့ဆုံပွဲတွေ၊ မိတ်ဟောင်းဆွေဟောင်း တွေ့ဆုံပွဲတွေ၊ ချစ်သူခင်သူတွေ ဆုံတွေ့ကြတဲ့နေရာတွေမှာ အရင်လို မနွေးထွေးတော့ဘူး ညီမလေး။ သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ သာကြောင်း၊ မာကြောင်း သတင်းမေးဖို့ထက် သူ့ထက်ငါ လူမှုကွန်ရက်ပေါ်မှာ Check In ၀င်ဖို့သာ စိတ်စောနေကြတာ မဟုတ်လား။ ပြီးတော့ အဲ့ဒီက ရလာတဲ့ လိုက်ခ်တွေ ကွန်မန့်တွေအပေါ်မှာ သာယာစီးမျောပြီး ဖုန်းလက်ကမချ၊ အချင်းချင်း စကားပြောဖို့တောင် မေ့နေကြရဲ့လေ။
တချို့တွေအတွက် Facebook က သတင်းအချက်အလက်တွေ ဝေမျှစရာနေရာ၊ တချို့တွေအတွက် အမုန်းတရားများ မီးမွှေးရာ၊ တချို့တွေအတွက် ဟစ်တိုင်၊ တချို့တွေအတွက် ၀ါဒဖြန့်ရုံသက်သက်၊ တချို့တွေအတွက် မြားနတ်မောင်၊ တချို့တွေအတွက် စိတ်ချင်းတဖြည်းဖြည်းဝေးကွာရာ နေရာ၊ တချို့တွေအတွက် ကြွားလုံးထုတ်တဲ့ နေရာ၊ တချို့တွေအတွက် ၀မ်းနည်းခြင်းများ ငိုကြွေးရာနေရာ၊ တချို့တွေအတွက် ငွေရှာတဲ့ နေရာ၊ တချို့တွေအတွက် စိတ်ကြီးဝင်တဲ့နေရာ၊တချို့တွေအတွက် အခွင့်အလမ်းရှာဖွေရာနေရာ၊ တချို့တွေအတွက် စီးပွားရှာဖွေရာနေရာ၊ တချို့တွေအတွက် မိမိကိုယ်ကိုယ်ရောင်းချရာ နေရာ၊ တချို့တွေအတွက် အလာပသလာပပဲခေါ်ခေါ်၊ အီစီကလီ ပလီပလာပဲခေါ်ခေါ် ပြောတဲ့နေရာ၊ နောက်ထပ် တချို့တွေ အများကြီး ကျန်ပါသေးတယ် ညီမလေးရေ။ ဆက်ပြောနေရင် မဆုံးတော့တဲ့ စာတစ်စောင်ဖြစ်နေမှာ စိုးလို့ပါ။
ဒီတော့ မြန်မာပြည်မှာအသုံးများတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ FB က လူတစ်ယောက်ချင်းဆီရဲ့ စိတ်တွေကို ယေဘုယျအကဲခတ်လို့ရနိုင်တဲ့ နေရာတစ်နေရာဖြစ်နေတာတော့ သေချာတယ် ညီမလေး။ ကိုယ်ယုံကြည်ရာ လက်ခံရာတွေ ရေးကြသားကြ၊ ဝေမျှကြတဲ့အပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့ စရိုက်လက္ခဏာ၊ အမူအကျင့်၊ အတွင်းစိတ်တွေကို အနည်းနဲ့အများ ထင်ဟပ်ကြတယ်။ ဟိုးအရင်က ခင်မင်နေသူတွေလည်း FB ပေါ်မှာ မိတ်ပျက်ကြ၊ အရင်မသိဘူး မမြင်ဘူးသူတွေလည်း FB သုံးရင်း ရင်းနှီးခင်မင်လာကြ။ FB ဆိုတာ မလိမ်မိုးမလိမ်မာ၊ မသုံးတတ် သုံးတတ်သူတွေအတွက် တချို့တွေရဲ့ အသုံးချရာနေရာတစ်ခုဖြစ်လာတယ်။ FB ဆိုတာ အသုံးမတော်ရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းမယ့် နေရာတစ်ခုဖြစ်နေပါရော ညီမလေးရေ။
ညီမလေးအနေနဲ့လည်း နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ လိုတယ်။ လိုအပ်တဲ့ သတင်းအချက်တွေ ရှာဖွေဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိရဖို့၊ ပညာရေးအတွက် အသုံးပြုဖို့၊ ဘာသာစကား၊ အခွင့်အလမ်းစတာတွေအတွက် အသုံးပြုတတ်ဖို့ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ လိုတယ်လို့ မမကြီးပြောတာပါ။
အင်တာနက်ဆိုတာ FB တစ်ခုတည်း သုံးတတ်ရုံပဲ မဟုတ်ဘူး။ Viber တစ်ခုတည်း သုံးတတ်ဖို့လည်း မဟုတ်ဘူး။ တချို့ ရှိတယ်။ အင်တာနက်ဆိုရင် FB ရယ်၊ Viber ရယ်ပဲ သိတယ်တဲ့။ အီးမေးလ်တောင် မပို့တတ်ဘူးတဲ့။ အင်တာနက်သုံးတယ်ဆိုတာ ဒီထက်ကျယ်ပြန့်တဲ့ ပညာတွေ၊ သတင်းအချက်အလက်တွေ၊ နည်းပညာတွေ စတာတွေ အတွက်မဟုတ်ဘဲ အပေါ်ယံသက်သက်ဖြစ်တဲ့ မသိ၊ မမြင်ဘူးကြသူအချင်းချင်း အရည်မရအဖတ်မရတွေ ပြောနေရုံပဲဆိုရင် ဘယ်လောက်တောင် အချိန်တွေ နှမြောဖို့ ကောင်းလိမ့်မလဲနော်။
ဂူဂဲလ်ကနေ ဘယ်လိုရှာရမယ်မှန်း မသိတဲ့ အင်တာနက်သုံးသူတွေထဲ ညီမလေး မပါစေချင်ဘူး။ ဘယ်မှာနေလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ နေကောင်းလား စတာတွေနဲ့လည်း မမကြီး ညီမလေးကို အချိန်မကုန်စေချင်ဘူး။ အချစ်ကဗျာလေးတွေဖတ်၊ အချစ်အကြောင်းလေးတွေ ရေးထားတဲ့ စာသားလေးတွေအပေါ်မှာလည်း ငါ့ညီမလေးကို အချိန်မကုန်စေချင်သေးဘူး။ ဘယ်နေရာပဲရောက်ရောက် အမြင်ကျယ်ကျယ်ရှိဖို့၊ အမှားအမှန်ဝေဖန်ပိုင်းခြားဖို့၊ ကိုယ့်ရဲ့စိတ်ကို သန်မာဖို့ စာများများဖတ်စေချင်တယ်။ ဒါ့ကြောင့် ညီမလေးရေ… ဘယ်အရာမဆို အသုံးချခံ တစ်ယောက်မဖြစ်စေဘဲ၊ ဥာဏ်အမြော်အမြင်ရှိရှိနဲ့ အသုံးပြုသူတစ်ယောက်ဖြစ်စေဖို့ မမကြီး ဆုတောင်းပါတယ်။



Image and video hosting by TinyPic

Tuesday, June 17, 2014

ကျနော့်မှာ ကိုကြီးတစ်ယောက်ရှိတယ်...


ယုန်ကလေးက ကိုကြီးရဲ့ ယုန်ကလေးဆိုရင်
ကိုကြီးက ယုန်ကလေးရဲ့ လမင်းကြီးဖြစ်လိမ့်မယ်..
လမင်းဆိုတာ ယုန်ကလေးဘယ်သွားသွား အနားမှာ လိုက်ပါနေတာ မဟုတ်လား...
ကိုကြီးက မေ့တတ်တယ်ဆိုပေမဲ့ ယုန်ကလေးနဲ့ ပတ်သက်သမျှကိုသာ သတိရဆုံးလို့ ကိုကြီးက ဆိုရင်...
ယုန်ကလေးက ကိုကြီးနဲ့ပတ်သက်ရင် အသေးစိတ်ကအစ သတိရနေတာက ယုန်ကလေးရဲ့ အားနည်းချက်ဖြစ်မယ်။
ကိုကြီးနဲ့ နေရာတိုင်းမှာ ယုန်ကလေးရှိတယ်လို့ ကိုကြီးကဆိုရင်...
ယုန်ကလေးရဲ့ စိတ်၊ ခန္ဓာ အားလပ်ချိန်တိုင်း တွေးနေမိတာ ကိုကြီးအကြောင်းပါ။
စိတ်ကောက်တတ်တဲ့ ယုန်ကလေးလို့ ကိုကြီးက ဆိုရင်..
ဒီကမ္ဘာမှာ ယုန်ကလေး တစ်ရက်ထက်ပိုပြီး စိတ်ဆိုးလို့ မရတာ ကိုကြီးတစ်ယောက်ပဲ ရှိတယ်။
အငေါက်အငမ်းထူတဲ့ ကျောက်တန်းသူလို့ ကိုကြီးကဆိုရင်..
ဂရုဏာဒေါသောနဲ့ ပြောတဲ့ စေတနာအမှားတွေလို့ ယုန်ကလေးတော့ ချေပမှာပဲ။
၁၁၅ပေါင်ပြည့်အောင် စားပါလို့ ကိုကြီးက ဆိုရင်...
ကိုကြီးသာ ပေါင် ၁၅၀ဖြစ်အောင် ၀ိတ်ချပါလို့ ယုန်ကလေးတော့ ပြန်ပြောမိမှာပဲ။
နှုတ်စကားကြားမှ ယုံလိုသူကလေးလို့ ကိုကြီးက ဆိုရင်...
ရိုးမသွားနိုင်တဲ့ စကားတွေကို ကိုကြီးခဏခဏပြောပါလို့ တောင်းဆိုမိမှာပါပဲ။
ယောက်ျားလျာလေးလို့ ကိုကြီးကဆိုရင်...
အဲ့ဒီယောက်ျားလျာလေးအဖြစ်က လွတ်မြောက်သွားတာ ကိုကြီးကြောင့်ဖြစ်မယ်။
ချစ်သူသိစေ သီချင်းနားထောင်ပြီး ယုန်ကလေးကို သတိရတယ်လို့ ကိုကြီးက ဆိုရင်...
ကိုကြီးပေးထားဖူးတဲ့ သီချင်းတွေကို ဖြတ်သွားဖြတ်လာ လမ်းသွားရင်း ကြားမိရင်တောင် သတိရစိတ်နဲ့ မျက်ရည်ဝဲမိတာ ယုန်ကလေးပါ။
ဒါပေမဲ့လည်းလေ ကျနော်တို့တွေက ၃နဲ့ ၄လို ဘ၀တွေပါ။
ဆုံနိုင်ခွင့်ဆိုတာကိုလည်း ကျနော် မမျှော်လင့်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျနော့်မှာ အရာရာကို ခွင့်လွှတ်သည်းခံပေးခဲ့တဲ့ ကိုကြီးတစ်ယောက်ရှိတယ်။


Image and video hosting by TinyPic

Friday, January 31, 2014

အမှတ်ရစရာတွေကို အမှတ်မရချင်ဘူး


ကော်ဖီတစ်ခွက်၊ သင်္ကြန်တစ်ရက်က
ကျနော်တို့အတွက် အမှတ်ရစရာ
ကျနော်က သူ့အတွက် ချစ်စရာအိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ပေါ့။
ချစ်စရာယုန်ရုပ်လေးရယ်၊ ငှက်ကလေးတွေရယ်က
ကျနော်တို့ကြားက သံယောဇဉ်၊
လေလိုင်းလေးက ကျနော်တို့ရဲ့ အလွမ်းဖြေရာ၊
ပြီးတော့ ပျော်ရွှင်ခြင်းတွေ၊ စိုးရိမ်ပူပန်မှုတွေကို
မျှဝေမိတဲ့ ကျနော့်တို့ရဲ့ အလွမ်းခြေရာ
သူက ကျနော့်ရဲ့ မီးအိမ်ရှင်
..............................
..............................
ကျနော်ချစ်တဲ့သူက
ကျနော့်ကိုသတိရဖို့
alarm ပေးထားရတဲ့ နှလုံးသားနဲ့လူ။
ကျနော့်စိတ်ဆိုးခြင်းတွေကို
တစ်ရက်တည်းနဲ့ ပြယ်လွင့်စေသူ၊
သတိမေ့တတ်တယ်ဆိုရင် ကျနော်နဲ့ပတ်သက်တာတွေသာ
သတိအရဆုံးလို့ဆိုတတ်ပေမဲ့၊
တစ်ခါတလေ
သူက အချစ်မဲ့လူသားပါတဲ့...
ဟုတ်ပါတယ်..
ကျနော်က အချစ်မဲ့လူသားကို ချစ်နေမိသူပါ။
ဒါ့ကြောင့် အမှတ်ရစရာတွေကို ကျနော် အမှတ်မရချင်ဘူး။




Image and video hosting by TinyPic