Saturday, April 9, 2011

ပြန်လျော်ပေးလို့ ဆိုသူတို့ရဲ့ ကမ္ဘာ - မောင်သာချို



(တစ်)
ပြန်လျော်ပေး
အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုး ဘွားဘွားတွေကို ပြန်လျော်ပေး
ညီ ညီမလေးတွေကို ပြန်လျော်ပေး
ကျနော့်ကို ပြန်လျော်ပေး
ကျနော်နှင့် ဆက်စပ်နေတဲ့ လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးကို ပြန်လျော်ပေး။
            ကျနော့်မှတ်စုစာအုပ်တနေရာ၌ ကူးယူထားခဲ့သော ကဗျာလေးတပုဒ်ပဲ ဖြစ်ပါသည်။ ဆရာရဲမြလွင် ဂျပန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့သော ကဗျာလေးတပုဒ်။ သည်ကဗျာကို မူလတန်းကျောင်းသားကလေး တယောက်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ တော်ဂဲကိကျိ(TOGEKICHI)တဲ့။ အနုမြူဗုံးဒဏ်ကြောင့် ဝေဒနာခံစားနေရစဉ် ရက်များအတွင်း မကွယ်လွန်မီ ဆေးရုံပေါ်မှာ ရေးဖွဲ့သွားခဲ့သည့် ကဗျာတဲ့။
            သည်ကဗျာလေးကို ဟီရိုရှီးမားကမ္ဘာ့ငြိမ်းချမ်းရေး ပန်းခြံအတွင်းရှိ ထိုကလေးငယ်၏ အုပ်ဂူ၌ ထွင်းထားသည်ကို တွေ့သဖြင့် ကူးယူခဲ့ကာ ဘာသာပြန်လိုက်ခြင်း ဖြစ်ကြောင်းလည်း ဆရာရဲမြလွင်က မှတ်ချက်ရေးထားခဲ့ပါသည်။
            သြော်…ပြန်လျော်ပေးတဲ့။
            ကျနော်နာကျင်စွာ ပြုံးမိပါသည်။ ပြန်လျော်ပေး။ ဘယ်သူတွေက ဘာတွေနဲ့ ဘယ်လိုလျော်ကြမလဲ။ ငွေနဲ့လား။ ရွှေနဲ့လား။ ဒေါ်လာဘယ်နှသန်းလဲ။ ရွှေဘယ်နှတန်လဲ။ ကားဘယ်နှစီး။ တိုက်ဘယ်နှလုံး။ လေယာဉ်တင် သင်္ဘောဘယ်နှစင်း။ လျော်လို့ကျေပါ့မလား။ မိဘဘိုးဘွား၊ မောင်နှမသားချင်း၊ သူငယ်ချင်းတွေကို အသက်ရှင်လျက် ပြန်တွေ့ရသလို အခြေအနေမျိုးရောက်အောင် ဘာတွေနဲ့ ဘယ်လောက်အထိ ကျနော်တို့က လျော်ကြမှာတဲ့လဲ။
            တကယ်တော့ ပေးလျော်လို့ မရနိုင်သော ထိခိုက်နာကျင်မှုတွေက ကမ္ဘာပေါ်မှာ အနှံ့အပြားပဲ ဖြစ်ပါသည်။
(နှစ်)
            ဟင်္သာတ တက္ကသိုလ် ရူပဗေဒဌာန၌ တွဲဖက်ပါမောက္ခတဦး ရှိပါသည်။ ဆရာက တကိုယ်တည်းသမား လူပျိုကြီးဖြစ်ပြီး အမြဲတမ်းလိုလို သူ့လက်စွဲတော် စက်ဘီးကလေး တစီးနှင့်။
            အခုတော့ သူ စက်ဘီးစီးမရတော့။ လမ်းလည်း ကောင်းကောင်းလျှောက်မရတော့။ ထော့နင်းထော့နင်း။ ကျောင်းသွားကျောင်းပြန် ဆိုက်ကားတစီးနှင့်။ လှေကားထစ်တွေ ဘာတွေကို တက်မရတော့။ ရူပဗေဒဌာနက မြေညီထပ်မှာ ရှိနေသေးလို့ တော်ပါသေးရဲ့ဟု ကျနော့်စိတ်ကို ဖြေရသည်။ နောက်ပိုင်း အငြိမ်းစားတွေ ဘာတွေယူပြီးတဲ့အခါ ဆရာ ဘယ်လိုနေမှာပါလိမ့်ဆိုသော အတွေးကတော့ ကျနော့်ကို စိတ်မောစေသည်။
            တကယ်တော့ ဒါတွေကို ရမ်းကားသော ဆိုင်ကယ်သမား တယောက်ဖန်တီးလိုက်ခြင်းပဲဖြစ်ပါသည်။ ဆရာ့စက်ဘီးကို ဖြတ်တိုက်လိုက်ရာက ခြေထောက် အပိုင်းပိုင်းအတစ်တစ် ကျိုးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။
            သူ့မဆင်မခြင်မှု။ သူ့ရမ်းကားမှု၊ သူ့ဉာဏ်အမြော်အမြင် ချွတ်ခြုံကျမှုတို့အတွက် သူ့ဘယ်လောက်ပေးလျော်ခဲ့သလဲ ကျနော်မသိပါ။ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း။ တစုံတရာ သူ ပေးလျော်ခဲ့လေမပေါ့။ သို့သော ဆရာ့ဘ၀ကတော့ ဘယ်လိုမှ အကောင်းအတိုင်း ပြန်မရတော့။ သက်ဆုံးတိုင် ဒုက္ခိတဘ၀ကို ခံစားပေတော့။
            ဒါကြောင့် အရာရာကို အလျော်ပေးလို့ရသလားဆိုသည့် မေးခွန်းကို ကျနော်က မေးလိုက်ခြင်း ဖြစ်ပါသည်။
(သုံး)
            ဟစ်တလာလို သွေးဆာသူ လူတယောက်ကြောင့် ကမ္ဘာစစ်မီးကြီးတောက်ခဲ့ရကာ အသက်အိုးအိမ် စည်းစိမ်တွေ အများအပြား ပျက်သုဉ်းခဲ့ရ၏။
            ကျနော်တို့ ဘယ်လိုလျော်ကြေးပေးကြမလဲ။
            ကျေအောင်ပေးလို့ရော ရနိုင်ကြပါစ။
            တိုက်တာ အိမ်ခြေတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေကို ကျနော်တို့လျော်လို့ရပါသည်။ ကားတစီးကို ကားတစီးနှင့် အလျော်ပေးနိုင်ပါသည်။ နွားတကောင်ကိုလည်း နွားတကောင်နှင့် အလျော်ပေးနိုင်ပါသည်။ တယ်လီဖုန်းတလုံးကိုလည်း တယ်လီဖုန်းတလုံးနှင့် အလျော်ပေးနိုင်ပါသည်။
            လူကို ဘာနဲ့ကျနော်တို့အလျော်ပေးကြမလဲ။
            ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်သား၊ ကိုယ့်မယား၊ ကိုယ့်ခြေထောက်၊ ကိုယ့်လက်၊ ကိုယ့်အသက်၊ ကိုယ့်မျက်လုံး၊ ကိုယ့်စိတ်၊ ကိုယ့်ခံစားမှု ကိုယ်ယုံကြည်ရာကို လူတယောက်က အဖွဲ့အစည်းတခုခုက စစ်ပွဲကြီးတပွဲက ဒါမှမဟုတ် ဆိုင်ကယ်တစီး၊ မော်တော်ကားတစီး၊ လူရမ်းကားတသိုက် စသည် စသည်တို့က ချိုးခြေဖျက်စီးပစ်လိုက်သော အခါ ဘယ်လိုလုပ် အလျော်ပေးကြရပါ့။
            ဂျပန်ကဗျာဆရာကလေး တော်ဂဲကိကျိ ကိုလည်း  ဘာနဲ့မှ ကျနော်တို့ ပြန်လျော်လို့ မရပါ။ ရူပဗေဒဆရာ၏ အပိုင်းပိုင်း အတစ်တစ်ကျိုးသွားသော ခြေထောက်ကိုလည်း ကျနော်တို့ လျော်လို့မရပါ။
            လူ့ဘ၀သို့ တခေါက်တခါရောက်လာကြသူများ အချင်းချင်း လူနှင့်လူ့ဘ၀ကို ထိခိုက်နာကျင်အောင်လုပ်သော အမှုလောက်ဆိုးသည့် အမှု ဤကမ္ဘာပေါ်၌ ရှိမည်ဟု ကျနော်မထင်ပါ။
            လူက အလျော်ပေးရသည် ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်သော အလုပ်မဟုတ်ပါလား။
(ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ ၂၀၀၉)

Image and video hosting by TinyPic

ကျန်ရစ်သူအပြုံး


          မကြာခင်ကမှ အိမ်ထောင်ကျသွားတဲ့ ငယ်သူငယ်ချင်းတယောက်နဲ့ ကျနော်တို့ဇာတိမြို့လေးမှာ ပြန်တွေ့တော့ အသစ်စက်စက် သတို့သားလောင်းလေးကို မင်္ဂလာဦးဝမ်းမြောက်စကား မဆိုဖြစ်ဘဲ 'နင်က တော်တော်ရက်စက်တာပဲ…ငါ့သူငယ်ချင်းလေး သနားပါတယ်…' ဆိုတဲ့ စကားသာ ကျနော့်နှုတ်မှ ထွက်သွားခဲ့သည်။ သူ့ထံမှ 'အခုလည်း နင့်သူငယ်ချင်းပဲလေဟာ' လို့ အပြုံးမပျက် ပြန်ပြောတော့ သူ့ကို ထုရိုက်ပစ်ချင်လောက်အောင်ကို အသည်းယားနေမိသည်။ 'ဘာသူငယ်ချင်းလဲ…' ကျနော့်စကား မဆုံးလိုက်ပါ။ သူ့ရဲ့ ဇနီးလောင်းလေးက ကျနော်တို့အနားရောက်လာသောကြောင့် ဖြစ်သည်။ သူ့ရဲ့မဒီလေးနဲ့ ကျနော်တို့က သူပြောသလို သူငယ်ချင်းတွေလည်း မဟုတ်ခဲ့ပါ။ ကျောင်းတက်တုန်းက တတန်းတည်းတော့ မှန်ပေမယ့် မျက်မှန်းတန်းမိရုံရှိခဲ့၏။
ကျနော်ကတော့ သူ့ကိုတွေ့တွ့ချင်း မုဒိတာစကားမဆိုနိုင်ခဲ့။ သူနဲ့ကျနော်နဲ့က သူငယ်တန်းကနေ ဆယ်တန်းအထိ ရန်ခဏခဏဖြစ်ရတဲ့ ငယ်သူငယ်ချင်းတွေဖြစ်သည်။။ ပြောမနာဆိုမနာနဲ့ တယောက်အကြောင်းတယောက် အသိဆုံးပင်။ အရင်က သူ့ချစ်သူနဲ့လည်း ကျနော်က သူငယ်ချင်းဖြစ်တော့ သူတို့အကြောင်းတွေ သိနေခဲ့သည်။ သူတို့က သုံးနှစ်သုံးမိုး ချစ်သူတောင် မက။ အဲဒီထက်ကျော်ပြီး နှစ်ပေါင်းတော်တော်ကြာအောင် ချစ်ခဲ့ကြသူတွေဖြစ်ပြီး နှစ်ဖက်မိဘတွေ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင် အားလုံးက အသိအမှတ်ပြုထားတဲ့ ချစ်သူတွေလည်းဖြစ်သည်။ ဒါပေမယ့် သူက ရောက်လေရာအရပ်မှာ ဇာတ်လမ်းတွေ အမျိုးမျိုးရှိလာခဲ့ပေမယ့် ကျနော့်သူငယ်ချင်းမိန်းကလေးကတော့ သူ့ချစ်သူအပေါ် ခွင့်လွှတ်သည်းခံမြဲပါ။ အဲဒီမိန်းကလေးက စိတ်ထားနူးညံ့သိမ်မွေ့သလို အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး လူတိုင်းအပေါ်အကောင်းမြင်တတ်သူဖြစ်သည်။
ကျနော်ကတော့ ရှုပ်လွန်း ပွေလွန်းတဲ့ သူ့ကို နည်းနည်းမှ မတည့်ပါ။ တကယ်တော့ ကျနော်က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကြားချင်နေခဲ့မိပေမယ့် ကြားမယ့်ကြားလာတော့လည်း လုပ်ရက်လိုက်တာလို့…တွေးရင်း သူ့ကို စိတ်နာမိပါသည်။ ကျနော်ရဲ့ သူငယ်ချင်းမိန်းကလေးနဲ့တော့ မတွေ့ဖြစ်ပေမယ့် သူခံစားနေရမှာကို ကျနော်စာနားလည်မိသည်။ သူ့ကို သွားတွေ့ချင်ပေမယ့် အမျိုးမျိုးစဉ်းစားပြီး သွားမတွေ့ဖြစ်ခဲ့ပါ။ အမှားလုပ်သွားတဲ့သူက မျက်နှာပူလား မပူလား မသိပေမယ့် ကျနော်ကတော့ မျက်နှာပူမိသည်။ သူလည်း ကျနော်ကို တွေ့ရင် အဟောင်းတွေက အသစ်ဖြစ်ပြီး သတိရစရာတွေ၊ ၀မ်းနည်းစရာတွေ ဖြစ်လာမှာ စိုးမိသည်။ အချစ်ဆုံးသူရဲ့ ရက်စက်မှုတွေ သစ္စာမဲ့မှုတွေက သူ့အတွက် အနာကျင်ဆုံး ခံစားမှုတွေပဲ ဖြစ်မည်ထင်ပါသည်။ မျိုသိပ်ခံစားတတ်သူဖြစ်လေတော့ တယောက်တည်းကြိတ်ပြီး ခံစားနေရမှာပဲဖြစ်သည်။ ကျနော်သူ့ကို ဘယ်လိုနှစ်သိမ့်ရမှာလဲဆိုတာ မစဉ်းစားတတ်ခဲ့ပါ။
သူတို့နှစ်ဦးကို ဒီလိုမျိုး ကွဲကွာသွားမယ်လို့ ဘယ်သူမှ ထင်မိမှာမဟုတ်ကြ။ အနိုင်ယူတတ်သူနဲ့ အမြဲအလျော့ပေးတတ်သူတို့အကြားမှာ ဘယ်တော့မှ ပြဿနာမရှိနိုင်ဘူးလို့ ထင်သူတွေလည်း ထင်ကြမှာပါ။ ပြီးတော့ နှစ်ဖက်သောမိဘတွေရဲ့ သဘောတူခွင့်ပြုချက်ရထားကြသူများ ဖြစ်လေတော့ သူတို့နှစ်ဦးပဲ ပေါင်းဖက်ဖြစ်လိမ့်မယ်လို့ တွေးမိကြမည်သာဖြစ်သည်။ ကျနော်လည်း အဲဒီအတိုင်းတွေးထင်ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို နားစွင့်နေမိခဲ့သည်။ ခုတော့ ဖူးစာမပါလို့ ဝေးကြရတာလား…ဒါမှမဟုတ် နှစ်ပေါင်းများစွာ အနစ်နာခံပြီး ချစ်လာခဲ့တဲ့ချစ်သူကို သစ္စာမဲ့ခဲ့သလား…ဆိုတာတော့ ကျနော် မတွေးချင်တော့ပါ။ 'ယောက်ျားတွေက နည်းနည်းပဲချစ်သည်…သို့သော် ခဏခဏ ချစ်သည်…' တဲ့။ သူလည်း အဲဒီလို ယောက်ျားမျိုးပါပဲ။ ခဏခဏချစ်တတ်တဲ့ သူတယောက်။ နည်းနည်းပဲချစ်တတ်တဲ့ သူတယောက်ဖြစ်ခဲ့ပုံရပါသည်။ ဒါကြောင့် နှစ်ပေါင်းရှည်ကြာနေတဲ့ သံယောဇဉ်ကို တိခနဲဖြတ်ချလိုက်နိုင်တာပဲဖြစ်မည်။
ကျနော့်သူငယ်ချင်း မိန်းကလေးကတော့ သူ့အပေါ် အပြစ်လုပ်မယ့်သူမဟုတ်ပါ။ သူပြောသမျှ သူ့သဘောအတိုင်း ချစ်တဲ့စိတ်နဲ့ လိုက်လျောတတ်တဲ့သူဆိုတာ ကျနော်သိနေခဲ့တော့ သူ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်ရလေသည်။ ဒါပေမယ့် သူ့အတွက်ပိုပြီးကောင်းဖို့ဖြစ်လာမှာပါလို့တွေးမိပြီး သစ္စာမဲ့တဲ့သူတယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်လည်း သူပဲ စိတ်ဆင်းရဲနေရမှာလို့ ဖြေတွေး တွေးနေမိလိုက်သည်။ တကယ်တော့ အချစ်ကြီးတဲ့သူတွေကသာ ရှုံးနိမ့်ကြေကွဲပြီး ကျန်ခဲ့ရတာပါ။ မိန်းမမာယာ သဲကိုးဖျာ… လို့ ပြောတတ်တဲ့ ယောက်ျားတွေက မာယာများပြီဆို မိန်းမတွေထက်တောင် အဆပေါင်းများစွာ သာလွန်နေမှာပါ။ အပေါ်ယံနှုတ်ဖျားက ချိုသာတဲ့ စကားလေးတွေသုံးပြီး လူတယောက်ရဲ့ ဘ၀ကို ချိုးဖဲ့ဖျက်စီးတတ်ကြတာ သူတို့လို ယောက်ျားတွေအများဆုံး ဖြစ်မည်ထင်ပါသည်။
ကျနော် ဘယ်လောက်တောင် အတွေးလွန်နေခဲ့သလဲ မသိပါ။ 'မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာ ပို့ထားလိုက်မယ်နော်…' လို့ သူ့ထံမှ အသံထွက်လာတော့ ချက်ချင်းပဲ 'ငါ လာဖြစ်မှာမဟုတ်ဘူး…' လို့ တုံးတိတိပြန်ဖြေလိုက်မိသည်။ သူမျက်နှာအနည်းငယ် ပျက်သွားတာကို တွေ့လိုက်တော့ ကျနော့် ကျေနပ်နေမိသည်။ ကျန်ရစ်သူကော ချန်ထားရစ်ခဲ့သူပါ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်နေကြတော့ တယောက်က တယောက်တည်း တိတ်တဆိတ်ဝမ်းနည်းနေချိန်မှာ တယောက်ကတော့ ဆွေမျိုးမိတ်သင်္ဂဟတွေအလည်မှာ ရွှေလက်တွဲပြီး အပြုံးပန်းဆင်နေတာကို ကျနော် အားမပေးချင်ခဲ့။ သွားပြီဆိုကတည်းက သူများတွေမင်္ဂလာယူနေချိန်မှာ ကိုယ်လည်း နည်းနည်းတော့ ပြုံးပြုံးလေးနေရမှာဖြစ်တော့ ကျနော်ဟန်ဆောင်ပြီး ပြုံးဖို့ ဖြစ်နိုင်မယ်မထင်ပါ။ ဒီတော့ အခုကတည်းက မလာဖြစ်ဘူးလို့ပြောလိုက်တာဖြစ်သည်။ သစ္စာမရှိတဲ့ သူတယောက်ကို အားပေးဖို့ ကျနော့်မှာ ခွန်းအားမရှိပါ။
မုန်တိုင်းထန်ပြီးချိန် လေပြေညှင်းလေးအတိုက်မှာ ကျန်နေခဲ့သူတယောက်အဖို့ ကံကောင်းတဲ့သူလို့ ကျနော် သတ်မှတ်လိုက်ချင်ပါသည်။ သူမကတော့ အရာရာကို ခွင့်လွှတ်တတ်သူပီပီ အခုလည်း ကျန်ရစ်သူအဖြစ် ပြုံးပြုံးလေး တိတ်တဆိတ် ကျန်ရစ်ခဲ့မယ်လို့ ကျနော်ယုံကြည်နေမိတော့ပါသည်။



  Image and video hosting by TinyPic

သံယောဇဉ် တွယ်မိသူတယောက် အကြောင်း...


ကိုကြီးနဲ့ ကျနော်တို့ ဆုံတွေ့ခဲ့ရတာက တခြားသူကို ကူညီရင်းနဲ့ တွေ့ခဲ့ကြတယ်။ ပြည်တွင်းမှာရှိတဲ့မိသားစုက ဖခင်ဖြစ်သူနဲ့ ဆက်သွယ်တော့ ကျနော်တို့ထံမှတဆင့် ဆက်သွယ်ပေးခဲ့တော့ အဲဒီအချိန်ကစလို့ ကိုကြီးကို ကျနော် သိနေခဲ့တာ။ စတွေ့တုန်းက ကျနော်က ကိုကြီးရဲ့အသက်ကို သေချာမသိတော့ အန်ကယ်လို့ စပြီး နှုတ်ဆက်ခဲ့တယ်။ ကိုကြီးကတော့ ကျနော့်ကို ညီမတဲ့။ အဲဒီကတည်းက ဘယ်လောက် ကသောင်းကနင်းဖြစ်သလဲနော်။ ကျနော်က ညီမ မဟုတ်ပါဘူးလို့ မကျေမနပ်နဲ့ပြောတော့ ဟုတ်ကဲ့ပါ ကလေးမရယ်လို့ ကိုကြီးပြန်ပြောခဲ့တာ ကျနော် မှတ်မိနေတုန်းပဲ။ နောက်တော့ ကျနော့်ကို ယုန်ကလေး လို့ခေါ်ခဲ့တယ်။ တကယ်တော့ ယုန်ကလေးဆိုတာ ကိုကြီးပေးထားတဲ့ နာမည်လေးပါပဲ။ တခါတလေလည်း ယေးကလုန် လို့လည်းခေါ်တတ်တယ်။
တနှစ်သော သင်္ကြန်မှာ ကျနော် ကိုကြီးနဲ့တွေ့ပြီး ကိုကြီးတိုက်တဲ့ ကော်ဖီတခွက် သောက်ခဲ့ဖူးတယ်။ အဲဒီနေ့က ကိုကြီးနဲ့တွေ့ရမယ်ဆိုတာ ကြိုသိနေခဲ့တော့ ကျနော် ပျော်နေခဲ့တယ်။ အပြင်မှာ ပထမဆုံး တွေ့ခဲ့ပေမယ့် ကျနော်တို့အနားကို ကိုကြီးရောက်တော့ လေးငါးယောက် ထိုင်နေတဲ့အထဲမှာမှ ကျနော့်ကို ယုန်ကလေး...လို့ တန်းခေါ်ခဲ့တာ ကျနော်အံ့သြနေမိတယ်။ အဲဒီတုန်းက ကိုကြီးသာ ကျနော့်ကို မသိဘူးဆိုရင် ကျနော်လည်း တိတ်တိတ်လေး နေလိုက်တော့မလို့လေ။ ကိုကြီးက ကျနော့်ကို ယုန်ကလေး ထမင်းစားပြီးပြီလားလို့ မေးတော့ အယောင်ယောင်အမှားမှားနဲ့ ဟုတ်ကဲ့လို့… ဖြေခဲ့ပြီးမှ ချက်ချင်းပဲ မှားလို့ မစားရသေးဘူးလို့….ပြောပြီး ကျနော်တို့ ဆိုင်တဆိုင်ကိုရောက်လာခဲ့တယ်။ ကိုကြီးက လမ်းလျှောက်တာတော့ တော်တော်မြန်တယ်။ နောက်မှာ ကျန်နေတဲ့ ကျနော့်ကို ယုန်ကလေး လာ…လာ..လို့ လှည့်လှည့်ပြီးခေါ်တယ်။ ဆိုင်ကိုရောက်တော့ ကိုကြီးက သူ့ကိုယ်သူ ယုန်ကလေး... ဓာတ်ပုံထဲမှာနဲ့ အပြင်မှာ ဘယ်က ပိုညစ်ပတ်လဲလို့မေးတော့… အတူတူပဲလို့… ကျနော်ပြန်ဖြေခဲ့တယ်။
ဆိုင်ထဲမှာ ကျနော်တို့က တ၀ိုင်း ကိုကြီးတို့က စားပွဲတ၀ိုင်း။ ခဏနေတော့ ကိုကြီးက သူထိုင်နေတဲ့ စားပွဲဝိုင်းကနေထလာပြီး အပြင်ခဏသွားလိုက်ဦးမယ်လို့ ပြောပြီး ယုန်ကလေး ဘာမှာဦးမလဲ…ဘာစားမလဲ..လို့မေးပြီး အပြင်ကို ပြန်ထွက်သွားခဲ့တယ်။ ငါးမိနစ်လောက်ကြတော့ ဆိုင်ကယ်နဲ့ ကိုကြီးပြန်ရောက်လာခဲ့တယ်။ အဲဒီတုန်းက ကိုကြီး အပြင်ကိုထွက်ပြီး ဘယ်သွားတာလဲ ကျနော် မသိခဲ့။ နောက်တော့မှ ကိုကြီးက ကျနော်တို့တွေ့တဲ့နားမှာ ဆိုင်ကယ်ရပ်ထားခဲ့ပြီး အဲဒီဆိုင်ကယ်ရှေ့ခြင်းထဲမှာ ကိုကြီးရဲ့ ဘကြီးပေးထားတဲ့ ကင်မရာကျန်ခဲ့လို့ပြန်ယူတာဆိုလား။ အဲဒီတုန်းက ကျန်ခဲ့တဲ့ ကင်မရာပြန်ရလို့ တော်ပါသေးရဲ့လို့ ကျနော်ပြောလိုက်သေးတယ်။ ကျနော့်ကို ဆိုင်ကယ်နဲ့ မြို့တပတ်လိုက်ပို့မယ်လို့ ကိုကြီးက ပြောပေမယ့် မလိုက်ဖြစ်ခဲ့ပါ။
အဲဒီတုန်းက တခြားသူတွေနဲ့အတူ ကော်ဖီထိုင်သောက်ရင်း ဆိုင်နဲ့ မျက်စောင်းထိုး သင်္ကြန်မဏ္ဍပ်မှာ ရေကစားနေတဲ့သူတွေကို ငေးနေတဲ့ ကျနော့်ကို ကိုကြီးက တဖက်ဝိုင်းကနေ ထလာပြီး ယုန်ကလေး လာဦးလို့…ခေါ်တော့ ကိုကြီးထိုင်လိုက်တဲ့ စားပွဲဝိုင်းကို အမိန့်အတိုင်း (ဒီမှာလည်း အမိန့်အာဏာနဲ့မလွတ်ပါလားလို့တွေးရင်း)ကျနော်ရောက်ခဲ့တယ်။ အဲဒီမှာ စကားတွေအများကြီးပြောတဲ့သူက ကိုကြီးဖြစ်နေတယ်။ ကျနော်ကတော့ အလိုက်သင့် ပြန်ဖြေတဲ့ သူဖြစ်ခဲ့တယ်။ ကိုကြီးက စကားသိပ်မပြောတဲ့ ကျနော့်ကိုကြည့်ပြီး ယုန်ကလေးက ချက်တင်မှာဆို စကားများပြီး အခုတော့ စကားသိပ်မပြောဘူးနော်…လို့ပြောခဲ့တယ်။ ချက်တင်မှာ စကားများလွန်းလို့ ကျနော့်ကို စ ၇ လုံးလို့တောင် အမည်တပ်ခဲ့သေးတာပဲ။ စကားများတယ်၊ စိတ်ကြီးတယ်၊ စပ်စုတယ်၊ စိတ်ကောက်တယ်…..ပြီးတော့ ဘာတွေလဲ ကျနော်တောင် သေချာမသိတော့ပါဘူး။ အရင်က ကျနော်က မျက်စိမှုန်တယ်လို့ ကိုကြီးကို ပြောခဲ့ဖူးတော့ အဲဒီတုန်းကတွေ့တော့ ယုန်ကလေးက မျက်ကပ်မှန်တပ်တာလားလို့ ကိုကြီးက မေးခဲ့တယ်။ ပြီးတော့ ကိုကြီးက ယုန်ကလေးကို အခု မစရဲဘူး… တော်ကြာ စိတ်ဆိုးပြီး လက်သီးနဲ့ထထိုးနေမှ…လို့ပြောတော့ ကျနော်က စားပွဲပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက်မိတယ်။ နောက်ပိုင်း အဲဒီအကြောင်းကို စကားစပ်မိတိုင်း ကိုကြီးကပြောပြောနေတတ်တယ်။ ယုန်ကလေး လက်သီးဆုပ်ကိုမြင်ပြီး ကြောက်ပါတယ်…လို့ ကျနော့်ကို စတတ်တယ်။ အဲဒီတုန်းက ကိုကြီးပြောသမျှကို နားထောင်ရင်း စားပွဲပေါ်ချွတ်ပြီးတင်ထားတဲ့ နေကာမျက်မှန်ကိုင်းလေးကို ကွေးလိုက် ဆန့်လိုက် လုပ်ရင်း စိတ်လှုပ်ရှားနေမိတဲ့ ကျနော်။
ကိုကြီးနဲ့ စကားပြောနေရင်းမှ ကျနော်က စာအုပ်လေးထုတ်ပေးရင်း အမှတ်တရ တခုခုရေးပေးပါလို့ပြောတော့… 'ယုန်ကလေးနဲ့တွေ့ရတာ အရမ်းဝမ်းသာပါတယ်…ဓာတ်ပုံထဲကထက် ပိုချောတဲ့ ယုန်ကလေးဖြစ်ပါတယ်ခင်ဗျား' တဲ့။ ကိုကြီး ကျနော့်စာအုပ်လေးထဲမှာ ရေးနေတုန်းက ဘာတွေရေးနေပါလိမ့်ဆိုတဲ့ အတွေးနဲ့စိတ်လှုပ်ရှားနေမိတယ်။ နောက်တော့မှ အဲဒီစာကြောင်းလေးဖြစ်တော့ ဖတ်ကြည့်မိပြီး ကျနော်က အဟဲ…မဟုတ်လည်း မဟုတ်ဘဲနဲ့ အန်ကယ်ကလည်း…ပိုချောတယ်လို့ပြောလည်း ဒီကော်ဖီ အန်ကယ်တိုက်ရမှာနော်… လို့ ပြန်ပြောလိုက်တော့ ကိုကြီးက သောက်..သောက်…ထပ်မှာဦးလေ…လို့ပြောတော့ ကျနော့်စိတ်ထဲမှာ အန်ကယ်က အပြင်မှာ တော်တော်သဘောကောင်းပါလား…လို့တောင် တွေးမိသေးတယ်။ ကျနော့်ကို ချောတယ်လို့ပြောတာတော့ အန်ကယ်က ကျနော့်ထက်အသက်ကြီးတော့ မျက်လုံးမှုန်လို့ဖြစ်မှာပဲလို့လည်း တွေးရင်း။ ကျနော် ရန်ကုန်ပြန်ရောက်တော့ ကိုကြီးရေးပေးတဲ့ စာအုပ်လေးကို ခဏခဏထုတ်ကြည့်လွန်းလို့ စာကြောင်းတွေကော ကိုကြီးလက်ရေးကိုပါ မျက်လုံးထဲမှာ မြင်မြင်နေတတ်တယ်။ အမေးအမြန်းထူလွန်းတယ်လို့အပြောခံရတဲ့ ကျနော်က ကိုကြီးကို တခုတော့မေးခဲ့သေးတယ်။ ဒီမှာနေရတာ ပျော်လား ဆိုတဲ့ မေးခွန်းပါ။
ကျနော်နဲ့ စကားပြောပြီး တော်တော်ကြာတော့ ကိုကြီးက ကဲ….ယုန်ကလေး ငေးလိုက်ဦးနော်…ဟိုဘက်ဝိုင်းသွားလိုက်ဦးမယ်…လို့ပြောပြီး တဖက်ဝိုင်းကို ကူးသွားတယ်။ ကျနော်တို့ပြန်တော့ ကိုကြီးတို့ထိုင်နေတဲ့ စားပွဲဆီကို သွားပြီး နှုတ်ဆက်တော့ ယုန်ကလေးက မေးခွန်းတွေ သိပ်မေးတာ….လို့ ကိုကြီးက တခြားသူတွေကိုပြောတော့ ကိုကြီးကို မကျေမနပ်ဖြစ်မိသေးတယ်။ ပြီးတော့ ကိုကြီးအပါအ၀င် တခြားသူတွေကိုပါ နှုတ်ဆက်ရင်း အားလုံးနဲ့ နောက်နှစ်ရောက်ရင် အမိမြေမှာ ပြန်ဆုံချင်ပါတယ်…လို့ ပြောမိတယ်။ ဒါပေမယ့် ကျနော့်ဆုတောင်း မပြည့်ခဲ့ဘူးဆိုတာ အခုချိန်ရောက်မှ သိခဲ့ရတယ်။ အဲဒီနေ့က ကျနော် ကိုကြီးနဲ့တွေ့လို့ ပျော်ရွှင်ခဲ့တယ်။ ပြီးတော့ ကျနော့်ရဲ့ မသေချာသေးတဲ့ အကြောင်းအရာတခုကို သေချာအောင် အတည်ပြုနိုင်ခဲ့တယ်။
အခုနောက်ပိုင်း ကျနော် ကိုကြီးကို အန်ကယ်လို့ခေါ်နေရင်းက ကိုကြီးလို့ ပြောင်းခေါ်ခဲ့တာ သိပ်မကြာသေး။ မေးခွန်းတွေ လိုက်မေးတတ်တဲ့ ကျနော့်ကို ဆရာမောင်သာချိုရဲ့ စာအုပ်တအုပ်ကို ပို့ပေးခဲ့တယ်။ အဲဒီတော့မှ ကျနော်လည်း နည်းနည်းဆင်ခြင်သွားမိတော့တယ်။ ကျနော်ဖတ်ချင်တဲ့စာအုပ်တွေ ဖတ်သင့်တယ်ထင်တဲ့ စာအုပ်တွေကို ကိုကြီးကပို့ပေးတတ်တယ်။ ကျနော် စာတွေရေးပြီး သိမ်းထားတတ်တာ ကိုကြီးကြောင့်ပါ။ ကျနော့်ရဲ့ စာရေးချင်စိတ်တွေကို ကိုကြီးက လမ်းဖွင့်ပေးခဲ့တယ်။ အရင်က ကျနော် စာတကြောင်းပြည့်အောင်တောင် မရေးဖြစ်ခဲ့ပါဘူး။ နောက်တော့ ကျနော်အကြောင်းတခုခု ကိုကြီးကိုပြောပြတိုင်း အလုပ်များတဲ့ ကိုကြီးက ယုန်ကလေး ပြောချင်တာတွေ စာရေးထားနော်….ပြီးရင် ဖတ်မယ်…လို့ ပြောတတ်တော့ စကားများချင်တဲ့ ကျနော်က စာကြောင်းတွေဖြစ်အောင် ရေးရတယ်။ ပြီးတော့ ကိုကြီးက ကျနော့်ကို ယုန်ကလေး ဘာစာအုပ်တွေဖတ်နေလဲ…လို့ ခဏခဏမေးတတ်တယ်။ တခါတလေ အလုပ်များနေတာနဲ့ အာရုံမရတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာစာအုပ်ကိုမှ မယ်မယ်ရရမဖတ်ဖြစ်တဲ့အခါ ကျနော့်မှာ အဖြေမရှိ။ အဲဒီအခါကျရင် ကိုကြီးက စာဖတ်မှပေါ့…လို့ပြောတတ်တယ်။
တခါတရံ ကျနော့်ရဲ့ မသိဆိုးရွားမှုတွေက ကိုကြီးကြောင့် ဆင်ခြင်တတ်လာခဲ့တယ်။ သည်းခံစိတ်တွေကို ကိုကြီးကိုကြည့်ပြီး သင်ယူတတ်လာခဲ့တယ်။ ကိုကြီးက စိတ်မဆိုးတတ်ဘူးလို့ သူ့ကိုယ်သူ ပြောခဲ့ဖူးတယ်။ ဟုတ်မှာပါ။ စနိုက်ပါတွေ လက်နက်ကြီးတွေနဲ့ ထုတဲ့ဒဏ်ကို ခဏခဏခံနေရပေမယ့် မတုန်မလှုပ်။ ကျနော်သာဆို ဒေါသထွက်ပြီး ဘိုင်းခနဲ လဲနေလောက်ပြီ။ အဲလိုဖြစ်နေတော့ ကျနော်ကပဲ အရှုံးပေးသလိုဖြစ်သွားမှာပေါ့။ ဒါကြောင့် ကိုကြီးကတော့ အပြုံးမပျက် မတုန်မလှုပ်နဲ့ နေနိုင်တာပဲဖြစ်မည်ထင်ပါသည်။ စနိုက်ပါတွေက ကျည်ဆံနဲ့ပစ်တာကို ပန်းပွင့်နဲ့ ပေါက်နေတယ်လို့ ထင်နေပုံရတယ်။ ကျနော်ကတော့ ကိုကြီးကိုကြည့်ပြီး သြချမိတယ်။ ကျနော်သာဆို…။ ဒါကြောင့် ကိုကြီးက ကျနော့်ကို ခဏခဏပြောတာ။ ယုန်ကလေးက အရပ်ရှည်သလောက် စိတ်တိုတတ်တယ်တဲ့…။ လူပုစိတ်တိုပဲ ရှိပါတယ်…လို့လည်း ပြောရဲ့။ ကျနော်စိတ်ကောက်တတ်တဲ့ အကျင့်ကတော့ ကိုကြီးနဲ့တွေ့မှ ပြောင်းပြန်တွေဖြစ်ကုန်ရော။ စိတ်ကောက်ရင် မချော့တတ်ဘူးလို့ပြောပြီး ဘယ်လိုချော့ရသလဲ ပြန်မေးတတ်တဲ့ ကိုကြီးကို ကျနော်က ဘယ်လိုစိတ်ကောက်ရတော့မလဲ။ တခါတလေ ကျနော် စိတ်တိုစိတ်ကောက်ရင် ကိုကြီးက သိတောင် မသိခဲ့။ ကျနော်တယောက်တည်းပဲ စိတ်ကောက် ကျနော်တယောက်တည်းပဲ စိတ်ပြေခဲ့ရတဲ့ အချိန်တွေက ခဏခဏ။ ကျနော် စိတ်ဆိုးရင် ချော့ဖို့ဝေးလို့ တဟီတီကို သွားတော့မယ်…ဆိုပြီးလည်း ခြိမ်းခြောက်တတ်သေးတယ်။
ကိုကြီးက မြန်မာပြည်ပြန်ရောက်ရင် ယုန်ကလေးဆီ အရင်ဆုံးလာလည်ပြီး ယုန်ကလေးချက်ကျွေးတဲ့ လက်ရာကို စားမယ်…လို့ ကျနော့်ကို စ တော့ ကျနော်ရယ်နေခဲ့သေးတယ်။ ကျနော်က ထမင်းဟင်းချက်တဲ့ နေရာမှာတော့ ချာတူးလန်အဆင့်မှာရှိတယ်။ ကျနော် တခါတလေချက်ရင်လည်း ဟင်းဆိုရင် တမျိုးမေ့နေတတ်တယ်။ ဟင်းလျာရဲ့ အရေးကြီးဆုံး ဆားကိုလည်း တခါတလေ မထည့်ဖြစ်ဘူး။ ဒါကြောင့် ကျနော်ချက်တဲ့ဟင်းတွေက တမျိုးမေ့ဟင်းလို့ အမည်တပ်ထားတာ။ ဆားပါရင်လည်း ဟင်းထဲထည့်ဖို့ တခြားဟာတခုခုတော့ လိုနေသေးတာပဲ။ ပြီးတော့ ကိုကြီးနဲ့ကျနော်က အကြိုက်ချင်းလည်း လုံးလုံးမတူကြပါဘူး။ ကိုကြီးက အဆီအဆိမ့်ကြိုက်တဲ့သူဖြစ်ပြီး ကျနော်ကတော့ အဆီအဆိမ့်ဆို မစားတဲ့သူ။ ဒါပေမယ့် အာလူးဟင်းနဲ့ ကြက်ဥမွှေကြော်ကြိုက်တာတော့ တူတယ်လို့ ကိုကြီးပြောဖူးတယ်။
ဒီနှစ် ကိုကြီးမွေးနေ့မှာ ကိုကြီးကို မွေးနေ့လက်ဆောင် အီးမေးလ်ပို့ပေးတော့ မွေးနေ့လက်ဆောင်ကိုကြည့်ပြီး ဒါကြောင့် ကိုကြီးရဲ့ ယုန်ကလေးကို…..။ ပထမဆုံး ကိုကြီးထံက ကိုကြီးရဲ့ ယုန်ကလေးလို့ပြောသံကြားလိုက်တော့ ကျနော်က ကိုကြီးရဲ့ ယုန်ကလေး ဘယ်တုန်းက ဖြစ်သွားတာလဲ…လို့ တအံ့တသြပြန်မေးတော့ ကိုကြီးက မသိဘူး…လို့ အလွယ်တကူဖြေတော့မှ ကိုကြီး စမှန်းသိခဲ့တယ်။ နောက်ပိုင်းမှာ ကိုကြီးရဲ့ ယုန်ကလေးလို့ ခဏခဏပြောတတ်ပေမယ့် ကျနော်ကတော့ လှုပ်ရှားချင်နေတဲ့ ကျနော့်ရဲ့စိတ်ကို ထိန်းထိန်းသိမ်းသိမ်းနေတတ်ခဲ့တယ်။ ကိုကြီးက ကျနော့်ကို အမြဲစနောက်နေကျလေ။ တခါတလေ ကိုကြီးက ယုန်ကလေးတော့ ကိုကြီး စလို့ ခဏခဏငိုနေရမှာပဲ…လို့ ပြောသေးတယ်။
ကျနော် အခုဘလော့ဂ်လေးတခုလုပ်ပြီး စာရေးတော့ ကိုကြီးကို ဘလော့ဂ်လိပ်စာပေးခဲ့တယ်။ အရင်ကတော့ ရောက်တယ်လို့ပြောပေမယ့် အလုပ်များတဲ့ ကိုကြီးက အခုနောက်ပိုင်းတော့ ရောက်ဖြစ်မယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ကိုကြီးနဲ့တွေ့ခဲ့တဲ့ နေ့ရက်တွေ၊ ပြီးတော့ ကျနော့်ကို စာရေးချင်စိတ်ဖြစ်အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် လမ်းညွှန်ပေးခဲ့တဲ့ ကိုကြီးကို သတိရနေမိမှာပါ။ ကိုကြီးနဲ့ပတ်သက်ရင် အသေးစိတ်လေးကအစ ကျနော့်အတွက် မှတ်မှတ်ရရရှိနေတတ်ပါတယ်။ လူတယောက်ရဲ့ အမှုမဲ့ အမှတ်မဲ့ ပြုမူပြောဆိုလိုက်တာတွေက တခြားသူအတွက်တော့ သတိရစရာတွေ အမှတ်ရစရာတွေနဲ့ လွမ်းစရာတွေအဖြစ် ကျန်ရစ်ခဲ့မယ်ဆိုတာ ကိုကြီးသိနိုင်ပါ့မလား…။

Image and video hosting by TinyPic

ပြတင်းပေါက်တွေနဲ့ ကျနော်တို့အိမ်



ကျနော် ဒီလထဲမှာ တောင်ကြီး-အင်းလေး ခရီးစဉ်တခုသွားဖို့ စီစဉ်ဖြစ်ခဲ့တယ်။ အားလုံးပြင်ဆင်ပြီးကာမှ ကိစ္စတခုကြောင့် ခရီးစဉ်ပျက်သွားခဲ့တယ်။ သွားမယ့်ရက်မတိုင်မီ ၃ရက်အလိုလောက်က ပန်ဆိုးတန်းမှာရှိတဲ့ အင်းဝစာအုပ်ဆိုင်ကို ကျနော်ရောက်သွားခဲ့တယ်။ တလောလေးက ဆရာမောင်သာချိုရဲ့ စာအုပ်အသစ်တအုပ်ထွက်တယ်လို့ တီဗွီအစီအစဉ်တခုမှာ ကျနော်ကြားလိုက်မိလို့ အဲဒီစာအုပ်ကို အဓိက၀ယ်ချင်တာနဲ့ အင်းဝစာအုပ်ဆိုင်ကို ကျနော်ရောက်သွားခဲ့တယ်။ ကျနော့်ရယ် အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးက ကျနော့်မိတ်ဆွေ အစ်မတယောက်လည်းပါတယ်။ စာအုပ်ဆိုင်ရောက်တော့ အရောင်းဝန်ထမ်းညီမတယောက်ကို ဆရာ့ရဲ့နောက်ဆုံးထွက်တဲ့ စာအုပ်ကိုမေးကြည့်လိုက်တော့ သူက ဆရာ့စာအုပ်တွေထားတဲ့ စင်ဘက်ကို ကျနော့်တို့ကို လိုက်ပို့တယ်။ ဆရာ့ရဲ့ စာအုပ်နာမည်က 'အနာဂတ်ဝါကျများ' တဲ့။ စာအုပ်က ခပ်ပါးပါးလေး။ ကျနော်တွေးမိလိုက်တာက ခရီးသွားရင်ထည့်သွားဖို့ အတော်ပဲလို့ တွေးမိလိုက်တယ်။ နောက်…စာအုပ်တွေလိုက်ကြည့်ရင်း ဆရာနေ၀င်းမြင့်ရဲ့ စာအုပ်လေးတအုပ်သွားတွေ့တယ်။ 'အုပ်ဖွဲ့ပျံကြိုးကြာသံများ' လို့ အမည်ပေးထားတဲ့ စာအုပ်လေးကို ယူကြည့်ရင်း အတွင်းပိုင်း မာတိကာကိုကြည့်ပြီး အဲဒီစာအုပ်လေးကိုလည်း ၀ယ်လာဖြစ်လိုက်တယ်။
          စာအုပ်ဆိုင်က ပြန်လာတော့ တချိန်လုံးငြိမ်ပြီးလိုက်လာတဲ့ ကျနော့်မိတ်ဆွေထံက အသံထွက်လာတယ်။ သူက စာဖတ်တာ ၀ါသနာပါပေမယ့် စာအုပ်တော့ မ၀ယ်ဖြစ်ဘူးလို့ပြောပြီး ကျနော်စာအုပ်တွေဝယ်တဲ့အကြောင်းကို ပြောနေတယ်။ ဟိုယခင် သူနဲစသိကတည်းက ကျနော်စာအုပ်တွေဝယ်ပြီး ထားတတ်တာ သူသိတယ်လေ။ စာအုပ်တွေဝယ်ပြီး ဖတ်ချင်တဲ့သူတွေကို လေးငါးရက် ပေးဖတ်တတ်တဲ့အကြောင်း၊ ပြီးတော့ ကျနော့်စာအုပ်တွေကို ရိုရိုသေသေကိုင်မှ… မဟုတ်ရင် စာအုပ်တွေနဲ့ ပတ်သက်လာရင် အားမနာတမ်းပြောတတ်တဲ့ ကျနော့်အကြောင်းကို သူအသိဆုံးလေ။
          ကျနော် ရန်ကုန်ရောက်နေရင် အိမ်မှာကျန်ခဲ့တဲ့ စာအုပ်တွေကို စိတ်မချဖြစ်ပြီး စိုးရိမ်နေတတ်ပြန်တယ်။ တခါတခါပြန်ဖြစ်ရင် ခြကိုက်မှာစိုးလို့ ကြည့်ရတာ အမော။ တနေရာက တနေရာပြောင်းရင်ပဲ စာအုပ်ထုပ်က မနည်းမနော သယ်ရတယ်။ ကျနော်သွားလေရာ စာအုပ်တွေကိုလိုက်သယ်ချင်တဲ့ စိတ်နဲ့ မသယ်နိုင်ရင် စိတ်မကောင်းဖြစ်ပြီး စိတ်က အဲဒီစာအုပ်တွေဆီမှာ။
          အခု ကျနော်နေတဲ့ မေမေ့မောင် ကျနော့်ဦးလေးအိမ်မှာ နှစ်နှစ်အရွယ် ကျနော့်မောင်ဝမ်းကွဲလေးတယောက်ရှိတယ်။ အဲဒီကျနော့်မောင်လေး ကျနော့်စာအုပ်တွေကို ကိုင်မှာ ဆွဲဆုတ်ပစ်မှာ စိုးနေမိတယ်။ ကျနော်စိုးရိမ်နေတဲ့ အတိုင်းပဲ တနေ့က မိုးမိုးအင်းလျားရဲ့ စာအုပ်တအုပ် ဆုတ်ပြဲသွားတော့ ကျနော့်မှာ ကလေးဆိုတော့ ပြောရခက်ဆိုရခက်နဲ့ အဲဒီဆုတ်ပြဲသွားတဲ့ စာအုပ်လေးကိုပဲ ရင်နာနာနဲ့ ကြည့်နေမိတော့တယ်။ တခါတလေ စာအုပ်တွေ ဘေးပတ်ပတ်လည်မှာ ချပြီး စာဖတ်ရင်း အိပ်ပျော်သွားတတ်တဲ့ ကျနော်… ခုတော့ အဲဒီလိုလည်း မလုပ်ရဲတော့။ ဖတ်ချင်တဲ့ စာအုပ်တအုပ်ကိုသာထုတ်ပြီး ဖတ်ပြီးရင်လည်း သေသေချာချာပြန်သိမ်းတတ်နေပြီ။ မေမေသာ ဒီအကြောင်းတွေသိရင် ကျနော့်ကို စည်းကမ်းမရှိတဲ့သူ…ခုတော့ မှတ်ပလားလို့ ပြောမည်သာ။ ခုတော့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မေမေ့ကိုလည်း ဒီအကြောင်းတွေ ပြောဖြစ်မယ် မထင်ပါဘူး။
          အရင်က ကျနော်စာဖတ်တာ ၀ါသနာပါမေယ့် စာအုပ်ဝယ်တဲ့ အကျင့်မရှိခဲ့။ မှတ်မှတ်ရရ ကျနော်ဆယ်တန်းဖြေပြီးတော့ ရွာအိမ်ကို ကျနော်ပြန်တော့ စစ်မှုထမ်းဟောင်းတွေ အိမ်ကို စာအုပ်လာရောင်းတယ်။ စာအုပ်တွေက ဘုရားစာအုပ်တွေ၊ မြန်မာဆေးမြီးတိုစာအုပ်တွေ၊ ဟင်ချက်နည်းစာအုပ်တွေ၊ ပြီးတော့ ဗေဒင်စာအုပ်၊ စိုက်ပျိုးနည်းစာအုပ်တွေ စတဲ့ စာအုပ်ပေါင်းစုံပါတယ်။ အဲဒီစာအုပ်တွေထဲကမှ တက္ကသိုလ်နေ၀င်းရေးတဲ့ "ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း" ဆိုတဲ့ စာအုပ်ကလေးကို ကျနော်သွားတွေ့တော့ မေမေ့ကို ၀ယ်ပေးဖို့ပြောမိတယ်။ မျက်နှာဖုံးက ဗိုလ်ချုပ်ရဲ့ တည်ကြည်လေးနက်တဲ့ ရုပ်ပုံကို လေးစားဖွယ်ရာ တွေ့မြင်ရတယ်။ တအုပ်တည်းသာ ကျန်တော့တဲ့ အဲဒီစာအုပ်လေးကို မေမေက ကျနော့်ကို ၀ယ်ပေးတယ်။ အဲဒီနေ့က ကျနော်စာအုပ်လေး ရလိုက်လို့ ပျော်ရွှင်နေမိတာ အခုထိ အမှတ်ရတုန်းပါပဲ။
          ကျနော့်ရဲ့ ပထမဆုံး ကိုယ်ပိုင်စာအုပ်က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးထားတဲ့ စာအုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင်စာအုပ်တွေဝယ်ဖြစ်လာအောင် တွန်းအားပေးတဲ့ စကားလေးတခွန်းကို ဖတ်မိခဲ့တယ်။ "စာအုပ်မရှိသော အိမ်သည် ပြတင်းပေါက်မရှိသော အိမ်နှင့်တူသည်" ဆိုတဲ့ စာလေးကို ဖတ်မိပြီး အဲဒီစကားလေးအတိုင်းပဲ ကျနော်တို့အိမ်ဟာ မှောင်မည်းပြီး ပြတင်းပေါက်မရှိတဲ့ အိမ်လေးမဖြစ်စေချင်ဘူး။ အလင်းရောင် ကင်းမဲ့ပြီး မှောင်မိုက်နေတဲ့ အိမ်မှာနေနေကြတဲ့ သူတွေကကော ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကို မြင်နိုင်ပါ့မလားလို့ ကျနော်တွေးနေမိတယ်။ ဒီတော့ ကျနော်တို့အိမ်ကိုလည်း ပြတင်းပေါက်တွေနဲ့အိမ်ဖြစ်ဖို့ ကျနော်ကြိုးစားနေမိတော့တယ်။ ပြတင်းပေါက်တွေရှိမှ အလင်းရောင်တွေ ၀င်လာနိုင်မှာကိုး။ အဲဒီစာစုလေးကို ဖတ်ခဲ့ရပြီးနောက်ပိုင်း ကျနော် စာအုပ်တွေဝယ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း လုပ်ငန်းခွင်ထဲရောက်တော့ ကိုယ့်ရဲ့လခလေးနဲ့ဝယ်ဖြစ်သလို ကျနော့်ဖွားဖွားရဲ့ မုန့်ဖိုးတွေနဲ့လည်း စာအုပ်ဝယ်ဖြစ်ခဲ့တယ်။ ဖွားဖွားက ကျနော်အခုအရွယ်ထိ ကလေးလို မုန့်ဖိုးပေးတုန်း။ အစကတော့ ဖွားဖွားပေးတဲ့ မုန့်ဖိုးတွေကို တွေ့ကရာလျှောက်သုံးပစ်ခဲ့ပေမယ့် နောက်ပိုင်း ဖွားဖွားပေးတဲ့ မုန့်ဖိုးတွေ အချည်းအနှီးမဖြစ်စေဖို့ဆိုတဲ့ အတွေးဝင်လာပြီး စာအုပ်တွေ ၀ယ်ဖြစ်တယ်။ ကျနော်တို့အိမ်က တတ်နိုင်သမျှ ပြတင်းပေါက်တွေရှိပြီး အလင်းရောင် ၀င်နိုင်သလောက် ၀င်လာအောင်ပေါ့။ ကျနော့်ဆန္ဒက ပြတင်းပေါက်တွေ မရှိတဲ့အိမ် မဖြစ်စေဖို့ရယ်ပါ။
          အခုနောက်ပိုင်း နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့အမျှ အင်တာနက်ကနေ စာအုပ်တွေအများကြီး ဖတ်ခွင့်ရခဲ့တယ်။ ကျနော်ဖတ်ချင်တဲ့ စာအုပ်တွေကို ရှာဖွေပြီး ဖတ်ရှုလို့ရလာတော့ အဲဒီ Ebook တွေကနေ ကျနော်တို့လက်လှမ်းမမှီလောက်တဲ့ စာအုပ်တွေဖတ်ခွင့်ရခဲ့သလို အခုနောက်ပိုင်း ပြန်လည်ထုတ်ဝေနေတဲ့ စာအုပ်တွေလည်း ရှိခဲ့တယ်။ Ebook တွေကနေ ဖတ်ဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ စာအုပ်တွေဆိုရင် လိုက်ရှာပြီး ၀ယ်ဖြစ်ခဲ့တယ်။ တခါတလေ စာအုပ်အဟောင်းဆိုင်တွေမှာလည်း ရှာတွေ့တာတွေ့ပေမယ့် အခုချိန်ထိ ဆရာမဂျူးရဲ့ 'ပင်လယ်နဲ့တူသော မိန်းမများ' ဆိုတဲ့ စာအုပ်ကတော့ လိုချင်ပေမယ့် မရနိုင်သေးဘူး။ တခါက စာအုပ်ဆိုင်တဆိုင်မှာ စာအုပ်တွေဝယ်ပြီး ပြန်အလာ အဲဒီစာအုပ်ကလေးကို တခါမြင်လိုက်ဖူးသေးတယ်။ အဲဒီတုန်းက ၀ယ်ဖို့ဈေးမေးပြီး ကျနော့်အိတ်ထဲကြည့်လိုက်တော့ ပိုက်ဆံက မပြည့်တော့။ စာအုပ်လေးကို တကိုင်ကိုင်နဲ့ မချရက် ချရက်နဲ့ နောက်ဆုံး နှမြောစွာနဲ့ စင်ပေါ်မှာ အသာပြန်တင်ထားလိုက်မိတယ်။ နောက်တနေ့ ကျနော် ဆိုင်ကို ပြန်သွားတော့ စာအုပ်က အဲဒီအဟောင်းဆိုင်လေးမှာ မရှိတော့။
          ကျနော် ဘယ်သွားသွား  ထည့်သွားဖို့ မမေ့တဲ့အရာက စာအုပ်တွေပါပဲ။ ကျနော့်အိတ်ထဲမှာ စာအုပ်နှစ်အုပ် သုံးအုပ် အမြဲပါလေ့ရှိတော့ တခါတလေ မေမေနဲ့ ဖွားဖွားကတော့ ကျနော့်အိတ်ကိုကြည့်ပြီး ဒီစာအုပ်တွေ အသွားသယ် အပြန်သယ်နဲ့ မလေးဘူးလားလို့ ပြောကြတယ်။ ကျနော်ကတော့ လေးတာ မလေးတာ သတိမထားဖြစ်ပေမယ့် အချိန်အားလို့မှ စာအုပ်မဖတ်ဖြစ်ရင် ဒါမှမဟုတ် ဖတ်ချင်တဲ့ စာအုပ်မပါလာခဲ့ရင် စိတ်မကောင်းဖြစ်တတ်တဲ့ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးဖြစ်တော့ သွားလေရာ သယ်သွားဖြစ်လေရဲ့။
          Ebook တွေက အလွယ်တကူ ရှာဖွေလို့ ရပေမယ့် အလွယ်တကူတော့ ဖတ်ဖို့မလွယ်ခဲ့။ ကျနော့်တို့လို ကွန်ပျူတာရှေ့ အမြဲလိုလိုထိုင်နေတဲ့ သူတွေအဖို့တော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် များသောအားဖြင့်တော့ တော်တော်များများအတွက်တော့ အဆင်မပြေ။ ဒါကြောင့် အလွယ်တကူ ဖတ်ချင်တဲ့အချိန် ဖတ်လို့လည်းရ ဘယ်သွားသွားသယ်သွားလို့ရတဲ့ စာအုပ်တွေကို ၀ယ်ဖြစ်ခဲ့တယ်။ အဓိက ကတော့ ကျနော့်ရဲ့ညီမလေးအတွက် ရည်ရွယ်ခဲ့တယ်။ သူ့ကို စာဖတ်စေချင်မိတယ်။ နောက်ပြီး ကျနော့်အနီးအနားမှာရှိတဲ့ စာဖတ်ဝါသနာပါတဲ့ မိတ်ဆွေတွေကို ပေးဖတ်ချင်တယ်။
          ဒါမှ ကျနော်တို့အိမ်လေးဟာ ပြတင်းပေါက်တွေရှိတဲ့အိမ် တနည်းပြောရရင် စာအုပ်တွေရှိတဲ့အိမ်လေးဖြစ်မယ်။ ကျနော့်ရဲ့ ညီမလေး အတိတ်ရဲ့ သမိုင်းပုံရိပ်တွေကို မြင်နိုင်ဖို့ ပြတင်းပေါက်တပေါက်ရယ်၊ လက်ရှိအခြေအနေမှာ လူသားတွေရုန်းကန်လှုပ်ရှားနေတဲ့ ဘ၀အစစ်အမှန်ကို မြင်နိုင်ဖို့ ပြတင်းတပေါက်ရယ်၊ ညီမလေးကို အသိဉာဏ်ပညာနဲ့ စိတ်ဓာတ်တွေကိုမြှင့်တင်ပေးနိုင်မယ့် ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကိုကြည့်ဖို့ ပြတင်းတပေါက်ရယ်၊ လူသားအချင်းချင်း လေးစားတတ်ဖို့နဲ့ စာနာနားလည်တတ်ဖို့ ကြည့်မြင်ရမယ့် ပြတင်းတပေါက်ရယ်…စတဲ့ ပြတင်းပေါက်တွေနဲ့ပြည့်စုံပြီး ထွန်းလင်းတောက်ပနေတဲ့ အိမ်လေးဖြစ်ဖို့ ကျနော်ကြိုးစားရပါဦးမယ်။
(၃၀.၃.၂၀၁၁)
  Image and video hosting by TinyPic

ယုန်ကလေးတွေကို လွမ်းတဲ့အကြောင်း...

 


          ယုန်ဝါလေးနဲ့ ယုန်ပုလေးတို့ကို သိပ်လွမ်းတာပဲ။ တခါတခါ သူတို့နဲ့ ဒီတသက်တွေ့ခွင့်ကြုံနိုင်ပါတော့မလားရယ်လို့ အတွေးဝင်လာတာနဲ့ ရင်ထဲမှာအလွမ်းတွေက ပိုကဲလာနေတာ သတိထားမိလာတယ်။ အရပ်ရှည်တဲ့ ယုန်ဝါလေးကို သိပ်ချစ်ရသလို အရပ်ပုပုလေးနဲ့ ချစ်စရာကောင်းတဲ့ ယုန်ပုလေးကိုလည်း မချစ်ဘဲ မနေနိုင်ခဲ့။ အော်…သံယောဇဉ်များ တယ်ကြောက်စရာပါလားလို့ တွေးမိတာ ခဏခဏ။

ခုချိန်မှာ….ယုန်ကလေးတွေ ဘယ်နားမှာရောက်ပြီး ဘာတွေလုပ်နေပါလိမ့်လို့ စိတ်ကူးကြည့်နေမိသေး။
 ဆိုင်ကယ်ကို နောက်ပြန်စီးတဲ့ ယုန်ဝါလေးကိုတော့ အရင်ကမေးလိုက်တိုင်း 'သူ့သခင်လိုပဲ အအိပ်ကြီးတယ်၊ ခုလည်း အိပ်နေပြီ' လို့ ဖြေသံပဲ အမြဲကြားနေရတယ်။ စုဗူးလေးဖြစ်တဲ့ ယုန်ပုလေးကတော့ တယ်အားကိုးရတယ်ဆိုပဲ။
          ဒါကြောင့် အရင်က ယုန်ပုလေးကို အတင်းခေါ်လာခဲ့သေးတာပဲ။ နောက်မှ သနားလို့ ပြန်ပို့ပေးခဲ့ရတယ်။ စုဗူး ယုန်ပုလေးက သူ့ကိုယ်ထဲမှာ အကြွေစေ့လေးတွေထည့်ပြီး သိမ်းထားပေးမယ်ထင်တယ်။ ခုချိန်မှာကော ယုန်ပုလေးကိုယ်ထဲမှာ အကြွေစေ့လေးတွေနဲ့ လေးလေးပင်ပင် ရှိနေသေးလား မသိ။
          အင်း…ကျနော့်ရဲ့ ယုန်ဝါလေးကကော ဘာတွေလုပ်နေမှာပါလိမ့်။ ကျနော့်ရဲ့ ယုန်ဝါလေးဆိုပေမယ့် ကျနော်နဲ့အတူ ရှိမနေပါဘူး။ သူလည်း လူတွေလိုပဲ 'ပျော်ရာမှာမနေ၊ တော်ရာမှာနေ' ဆိုသလို တော်ရာမှာ သွားနေတာ ထင်ပါရဲ့။ ပျော်ရာမှာနေဖို့ အချိန်ရောက်လာခဲ့ရင်တော့ ကျနော်နဲ့ ယုန်ဝါလေးတို့ တွေ့နိုင်ကောင်းပါသေးရဲ့။
ကျနော့်ကို အဲဒီယုန်ဝါလေး လက်ဆောင်ပေးတဲ့သူက မြားခုနှစ်ချောင်း မှန်အောင်ပစ်ပြီး ယုန်ဝါလေးကို ရလာခဲ့တာပါတဲ့။ အဲဒီတုန်းက ယုန်ဝါလေးရလို့ အရမ်းပျော်နေတဲ့ ကျနော်က မြားပစ်တာ တော်လိုက်တာလို့တောင် မပြောမိခဲ့ပါဘူး။
ဆိုင်ကယ် နောက်ပြန်စီးတဲ့ ယုန်ဝါလေးကို ဖုန်တက်မှာစိုးလို့ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားခံနေရဆဲပဲလား…။ စိတ်မှန်းနဲ့ မှန်းကြည့်နေရတာ အမော။ ယုန်ကလေးတွေရဲ့ ဓာတ်ပုံလေးတွေကို သတိရတဲ့အခါတိုင်း ကြည့်မိတယ်။ လွမ်းတယ် ယုန်ကလေးတွေရယ်…။
(၃.၄.၂၀၁၁)
Image and video hosting by TinyPic