Monday, November 28, 2011

ကျနော် ဓနုရာသီဖွား



ဓနုရာသီဖွားတွေဟာ ကိုယ်ချစ်တဲ့သူတွေနဲ့တွေ့ရင် ချွဲချွဲနွဲ့နွဲ့နဲ့ ကြည်ကြည်သာသာလေးနေဖို့ထက် စိတ်ကောက်တာ၊ ပြဿနာရှာတာ၊ အနိုင်ကျင့်တာတွေကိုသာ လုပ်လေ့ရှိပါတယ်တဲ့။ အစ်မတယောက်က ပေးဖတ်တဲ့ ဓနုရာသီဖွားတွေအကြောင်းရေးထားတဲ့ စာအုပ်တအုပ်မှာပါ။ အကြောင်းအရာတွေက  အတိအကျတော့ မဟုတ်ပေမဲ့ အဲဒီသဘောမျိုးတွေပါပဲ။ အဲဒီစာအုပ်ပါ အကြောင်းအရာတွေကို လက်ခံတာ လက်မခံတာ အပထား။
ကျနော်မှတ်မိသလောက် ငယ်ငယ်ကတည်းကကို ကျနော့်ကို သိပ်ချစ်ကြတဲ့ ဦးလေးတွေကို နေ့စဉ်လိုလို စိတ်ကောက်နေကျ။ မေမေတို့ မောင်နှမငါးယောက်မှာ မေမေတယောက်သာ မိန်းကလေးဖြစ်ပြီး လေးယောက်က ယောက်ျားလေးတွေဖြစ်တော့ အဲဒီဦးလေးတွေ အလယ်မှာ ချစ်စရာ၊ စနောက်ချင်စရာ ကလေးလေးအဖြစ် ကြီးပြင်းခဲ့ရတယ်။
သူတို့တွေရဲ့ အလိုလိုက်မှုတွေက တခုခုအလိုမကျရင် စိတ်ကောက်တတ်အောင်များ သင်ပေးသလားပဲ။ ဟုတ်တယ်။ ကျနော်ငယ်ငယ်က သိပ်စိတ်ကောက်ခဲ့တာ။ ထစ်ခနဲရှိ စိတ်ကောက်ပြီ။ လိုချင်တာ မရရင်လည်း စိတ်ကောက်၊ ပြောသလို မလုပ်ပေးရင်လည်း စိတ်ကောက်၊ ကျနော့်ကို ချစ်လို့ စ ရင်လည်း စိတ်ကောက်။ သူတို့အချစ်ဆုံး အစ်မရဲ့ ကလေးဖြစ်လေတော့ သိပ်လည်းချစ်ကြတယ်။ ကျနော် တက္ကသိုလ်တက်တဲ့အချိန်အထိ ဖိနပ်ကအစ သူတို့ဝယ်ပေးတုန်း။ သူတို့အင်္ကျီတွေထဲမှာ ကျနော် ကြိုက်တဲ့အင်္ကျီတွေကို ယူဝတ်တိုင်း အဲဒီရှပ်အင်္ကျီပွပွကြီးတွေနဲ့ ကို့ရို့ကားရား ဖြစ်နေတဲ့ ကျနော်ကို မေမေက အမြဲမျက်စိစပါးမွှေးစူးလေ့ရှိတယ်။ အဲလိုအင်္ကျီတွေဝတ်တိုင်း အဆူခံရတယ်။
ငယ်ငယ်က ကြည့်မှန်နဲ့ ပတ်သက်ပြီး ကျနော့်မှာ အမှတ်တရဖြစ်စရာ ကိစ္စတခုရှိခဲ့တယ်။ မေမေက ကျနော့်ကို လေးလေးတို့ဆီမှာ စာသင်ဖို့ ဖွားဖွားအိမ်ကို ပို့ထားတယ်။ အဲဒီလို စာသင်ရင်လည်း တနေ့မှ မငိုရတဲ့နေ့ဆိုတာ မရှိဘူး။ နည်းနည်းလေး ဆူလိုက်တာနဲ့ ၀မ်းနည်းပြီး မျက်ရည်တွေတွေကျတတ်တဲ့ ကျနော့်ကို အငယ်ဆုံး ဦးလေးက စိတ်မရှည်တတ်ပါ။ သူ့အထက် လေးလေးကတော့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးတတ်တယ်။
အခုကျနော်ပြောမယ့် ငယ်ငယ်က မှန် အမှတ်တရကိစ္စဆိုတာ ပြောရရင်တော့ နည်းနည်းတော့ ကိုယ့်ကိုယ်ကို
ရှက်မိသား။ ကျနော် သုံးတန်းအရွယ်လောက်ဖြစ်မယ်ထင်တယ်။ တရက် ဖွားဖွားက သူသွားစရာတခုရှိတော့ ကျောင်းပိတ်ရက်ဖြစ်နေလို့ အားနေတဲ့ ကျနော့်ကို သူနဲ့အတူခေါ်သွားမယ်လို့ပြောပါတယ်။ အဲဒီကိုသွားဖို့ လူကြီးတွေက သနပ်ခါးလိမ်းပေးပြီးချိန်မှာ ခေါင်းကို ကျနော့်ဘာသာ ဖြီးပါတယ်။ ဖွားဖွားတို့အိမ်က တော်တော်ကို မြင့်ပါတယ်။ ခြေတံမြင့်မြင့်နဲ့ အိမ်အောက်ထပ်က ခြောက်ပေနီးနီးလောက်မြင့်ပါတယ်။
အဲဒီနေ့က အပေါ်ထပ်မှာ မှန်တချပ်နဲ့ အိမ်နောက်ဘက်အခန်းက ပြတင်းပေါက်ဘောင်ပေါ်တက်ကာ အိမ်အပြင်ကို ကျောပေးပြီး ခေါင်းဖြီးနေခဲ့တယ်။ အဲဒီမှာပဲ ဘယ်လိုက ဘယ်လိုဖြစ်သွားတယ် မသိ။ လွင့်ခနဲ့ ဖြစ်ပြီး ရင်ထဲမှာအေးခနဲနေလိုက်ပြီး သတိထားမိလိုက်တော့ လူကမြေကြီးပေါ်ရောက်နေပြီ။
ကျနော် အိမ်နောက်ပြတင်းပေါက်က ကျသွားတယ်ဆို အိမ်ရှေ့မှာ ထိုင်နေကြတဲ့ ကျနော့်ဦးလေးနှစ်ယောက်သား ကျနော်ကျသွားပြီလို့ အော်ရင်း တယောက်က ကျနော်ကျသွားတဲ့အပေါက်ကနေပဲ ခွေခွေလေးဖြစ်နေတဲ့ ကျနော့်အနီးကို ၀ုန်းခနဲ့ဆို ခုန်ချလိုက်ပါတယ်။ အငယ်ဆုံး ဦးလေးကတော့ အိမ်ရှေ့လှေကားကနေ အိမ်ခေါင်းရင်းကနေပတ်ပြီး ကျနော့်ထံကို အပြေးလာပါတယ်။ စိုးရိမ်ပူပန်နေတဲ့ သူတို့တွေဟာ ကျနော့်ကို ဘယ်နားဒဏ်ရာရသွားလဲဆိုတာ အလုအယက် ရှာဖွေနေကြတယ်။ အဲဒီတုန်းက နဖူးနဲ့ ခြေထောက်မှာ နည်းနည်းလေးပွန်းသွားတာကလွဲပြီး ဒဏ်ရာကြီးကြီးမားမား မရခဲ့။
အဲဒီတုန်းကတော့ ဦးလေးနှစ်ယောက်စလုံး ကျနော့်ကို စိုးရိမ်စိတ်တွေနဲ့ စ နောက်ဖို့ သတိမရကြပေမဲ့ နောက်နေ့တွေမှာ မှန်ကြည့်ရင်း ပြတင်းပေါက်က ပြုတ်ကျတာကို ဟာသလုပ်ရင်း စ နောက်ကြတယ်။ ကျနော်က အငယ်ဆုံးဦးလေးကို စကားနာထိုးခဲ့သေးတယ်။ လေလေးတို့များ ကျနော်ပြုတ်ကျသွားတာကို အိမ်ရှေ့ကနေ ပတ်ပြေးနိုင်သေးတယ်နော်။ အဲဒါ လေးလေးတို့ ကျနော့်ကို ဘယ်လောက်ချစ်သလဲဆိုတာ စမ်းသပ်မှုတခုပဲလို့ ပြန်ချေပခဲ့သေးတယ်။
နောက်ကြုံကြိုက်တဲ့အခါတိုင်း အငယ်ဆုံး ဦးလေးကို အဲဒီအကြောင်းကို ပြောပြီး စိတ်ကောက်ခဲ့တယ်။ အဲဒီတုန်းက စိတ်ကောက်တဲ့သူတွေက ကျနော်သိပ်ချစ်ရတဲ့သူတွေ။
အခု ကျနော့်မှာ ကိုယ်ပွားလေးတယောက်ရှိတယ်။ သူက ကျနော့်ရဲ့ အကောင်းအဆိုးတွေကို မျှဝေခံစားပေးတတ်တဲ့ သူပေါ့။ အကောင်းအဆိုးဆိုပေမဲ့ ကျနော့်အဆိုးတွေသာ မငြီးမညူကြုံရတဲ့သူပါ။ ကျနော့်မျက်နှာကို အရိပ်အကဲကို ဖတ်တတ်လွန်းတဲ့ သူက ကျနော့်ရဲ့ ကိုယ်ပွားတယောက်ပါပဲ။ ကျနော်ပြောသမျှကိုသာ နားထောင်ပေးတတ်ပြီး ကျနော့်အတွက် အဖြေခက်မယ့် မေးခွန်းမျိုးတွေကိုတော့ သူမမေးတတ်ပါဘူး။ တခါတလေမှာ တခြားအကြောင်းကြောင်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီး သူ့ရှေ့ကို ကျနော်ရောက်သွားတတ်တဲ့အခါတိုင်းမှာ တခြားက သယ်လာတဲ့ မကျေနပ်တာတွေကို သူ့ဆီမှာ ပုံချတတ်တဲ့ ကျနော့်ရဲ့ အကျင့်ဆိုးတွေကိုလည်း သူ မကြာခဏခံရတတ်တယ်။ တခြားကြောင့် ကျလာတဲ့ မျက်ရည်တွေကိုလည်း သူ့ကြောင့်လိုလို ဖန်တီးလိုက်ချိန်တိုင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာယာခတ်သွားတတ်တယ်။
ကျနော့် အစ်မတယောက်လို ချစ်ရတဲ့ အစ်မကတော့ ဓနုရာသီဖွားတွေက ကိုယ်ချစ်တဲ့သူတွေကို အမြဲပဲ စိတ်ကောက်တယ်၊ အနိုင်ကျင့်တယ်၊ သ၀န်တိုတတ်တာ သဘာဝပဲလို့ပြောတတ်တယ်။ တခါတလေ ကျနော်စိတ်ဆိုးနေတဲ့ အချိန်တွေမှာ… 'ဟင်း..နော်… ဓနုရာသီဖွား…သတိထားပါ။ အဲဒီလိုလုပ်နေလို့ ကိုယ်ချစ်တဲ့သူတွေ တဖြည်းဖြည်းနဲ့ ကိုယ်နဲ့ဝေးသွားလိမ့်မယ်' တဲ့။
ကျနော် ယုံကြည်တာတခုတော့ရှိတယ်။ ကျနော့်ရဲ့ ကိုယ်ပွားလေးကတော့ ဘယ်အချိန်မှာမဆို ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ကျနော့်ဘေးကနေ အဝေးထွက်မသွားဘူးလို့ ယုံကြည်နေမိပါတယ်။ အစ်မပြောတာလည်း မှန်သလိုလိုပါပဲ။ တခြားသူတွေနဲ့ဆို ပုံမှန်နေတတ်ပေမဲ့ ချစ်တဲ့သူတွေဆိုရင် ဆိုးနွဲ့တတ်တဲ့ ကျနော်က ဓနုရာသီဖွားဖြစ်နေလို့တဲ့လေ။
အခု ကျနော်စိတ်ကောက်တဲ့ သူတွေကလည်း ကျနော်သိပ်ချစ်ရတဲ့သူတွေ။ လက်နှစ်ဖက်ထောင်လို့မှ ကျနော်စိတ်ကောက်တဲ့သူ၊ ဆိုးမိတဲ့သူ အရေအတွက်က လက်ဆယ်ချောင်းတောင် မပြည့်သေးဘူးဆိုရင် ကျနော် အရမ်းကြီးဆိုးတဲ့သူတစ်ယောက် မဟုတ်ဘူးလို့ထင်တာပဲနော်။ အဟဲ။
 Image and video hosting by TinyPic

ကျနော့်မှာလည်း နာကျင်တတ်တဲ့ အသည်းနှလုံးရှိတယ်..



သူများတွေ ပြောကြတယ်….
အသည်းကွဲလို့ အရမ်းခံစားနေရတယ်တဲ့။
အဲဒီအချိန်တုန်းက ပြောခဲ့ဖူးတယ်…
အသည်းကွဲရင် သေသွားမှာပေါ့လို့။
တကယ့်ကို ပေါ့ပေါ့ပါးပါးလေး
ပြောခဲ့လိုက်တာ။
မသိရင် ကိုယ့်မှာ အသည်းမရှိတဲ့အတိုင်းပေါ့…
ခုတော့ ကိုယ်တိုင်လည်း…
သုံးနေကျ လက်သုံးစကား အသည်းကွဲတယ်ဆိုတာချည်းကိုပဲ မသုံးချင်ပါဘူး။
ကျနော့်အသည်းက မကွဲခဲ့ပါဘူး။
နာကျင်ရုံလေးပါ…
ဘယ်လောက်ထိ နာကျင်ရုံလေးလဲလို့ မေးလာခဲ့ရင်…
ခုချိန်မှာတော့ မျက်ရည်ဝဲမိရုံလေးပါပဲလို့…
ဖြေလိုက်မိမှာပါ။
လူမမြင်၊ သူမမြင်ကျခဲ့တဲ့ မျက်ရည်တွေတော့ မပါဘူးပေါ့။
ဒီနေ့တော့…
ဟောင်းနေတဲ့ ဒဏ်ရာက အသစ်လို
နာကျင်နေမိလို့ သူငယ်ချင်းတွေကြားထဲ
မျက်ရည်မကျအောင် ထိန်းရတာ ခက်လိုတာ။
ဟန်ဆောင်ပြီး ရယ်ရတာက အခက်ဆုံးပဲ။
အရမ်းခင်ရတဲ့ အစ်မတယောက်ကတော့…
သူ့ရှေ့မှာ ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျနေတဲ့ ကျနော့်ကို
"ဒီလောက်စိတ်ပျော့နေတာ မကြိုက်ပါဘူး" တဲ့။
ဂရုဏာဒေါသောနဲ့ ပြောနေတဲ့ အစ်မကိုလည်း ဘာမှပြန်ပြီး မတုံ့ပြန်နိုင်ခဲ့။
မာလှပြီထင်နေတဲ့ အသည်း….
မာလှပြီးထင်နေတဲ့ စိတ်…
အခုတော့လည်း ဘာမှမဟုတ်ပါလား။
တကယ်တော့ အတိတ်က ဒဏ်ရာကို မမေ့နိုင်သေးသရွေ့
ဒီဒဏ်ရာတွေက နာကျင်နေရဦးမှာပါပဲ။
အချိန်က အကောင်းဆုံးသမားတော်လို့ဆိုတယ်…
အခုချိန်ထိတော့ မကျက်သေးတဲ့ ဒဏ်ရာက ထိမိခိုက်မိရင်
ဆတ်ဆတ်ခါနာနေတုန်း…
အချိန် ဘယ်လောက်ကြာမှာ အဲဒီဒဏ်ရာတွေ
အဲဒီနာကျင်မှုတွေက ရပ်တန့်သွားမလဲဆိုတာ…
(၁.၁၁.၂၀၁၁)
Image and video hosting by TinyPic

Friday, November 18, 2011

မင်းမြင်မလား



မင်းမြင်မလား…အချစ်တခုကို ပိုင်ဆိုင်ရပြီးချိန်မှာ
အဲဒီအချစ်တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေမိတဲ့ ငါ့စိတ်ကို..
မင်းမြင်မလား…ယုံကြည်နေတဲ့ အချစ်…
ရုတ်တရက်ပျက်သုဉ်းသွားတဲ့အခါ ကျမိတဲ့ ငါ့မျက်ရည်တွေကို…
မင်းမြင်မလား…ငါ့ရဲ့အချစ်တွေက မင်းအတွက် အနှောင့်အယှက်လို့ မင်းထင်တဲ့အခါ
နာကျင်ရတဲ့ ငါ့ရဲ့စိတ်တွေကို…
မင်းမြင်မလား…မင်းကိုချစ်တဲ့ အနာဂတ်မရှိတဲ့ ငါ့ရဲ့အချစ်တွေအတွက်
တွေးမိတိုင်း ငါ့ရင်တွေနာရတယ်ဆိုတာ…
မင်းမြင်မလား…သေဆုံးသွားခဲ့တဲ့ ငါ့ရဲ့အချစ်တွေကို…
မင်းမြင်မလား…မင်းကို သတိရမိတိုင်း
မျက်ရည်ဝဲမိတဲ့ ငါ့အဖြစ်ကို…
မင်းမြင်မလား…ခုချိန်ထိ မင်းကို ငါ
………………………………………….
မင်းမြင်မလား… ငါ့အပြုံးနောက်ကွယ်မှာ
မျက်ရည်တွေနဲ့ဆိုတာ။


Image and video hosting by TinyPic