Monday, February 13, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇နှစ်မြောက် မွေးနေ့ အမှတ်တရ

Type rest of the post here Image and video hosting by TinyPic

ညီမလေးဖတ်ဖို့ (၂)


          အဲဒီနေ့ MRTV-4 က ထုတ်လွှင့်တဲ့ ဆရာမောင်သာချိုနဲ့ တွေ့ဆုံခန်းကို မမကြီးနဲ့အတူ ထိုင်ကြည့်နေရင်း ဆရာ့ကို အစီအစဉ်တင်ဆက်သူက သမီးဖတ်ဖို့စာအုပ်အကြောင်းမေးတယ်။ မမကြီးစိတ်ထင် အဲဒီအစီအစဉ်လေးက မိနစ်နှစ်ဆယ်လောက်ပဲရှိမယ်ထင်တယ်။ အဲဒီမှာ ဆရာပြောတဲ့ စကားတွေထဲမှာ မှတ်မှတ်ရရရှိနေတာကတော့ ‘ကျနော့် မိတ်ဆွေ တယောက်က ဒီစာအုပ်ကို ဝေဖန်ဖူးတယ်။ ခင်ဗျား စာအုပ်က ရေးထားတဲ့ ဆောင်းပါးတွေက ဥပဒေအရ အရေးယူလို့ မရတဲ့ မကောင်းမှုတွေကိုရေးထားတာပဲ ’ ဆိုတာရယ် ‘ပုဇွန်ထုပ်မှာပါတဲ့ လက်ညှက်ကြီးတွေကြီးလို့ ဈေးဝယ်သူက ပုဇွန်ထုပ်ရောင်းတဲ့သူကိုပြောတဲ့အခါ  ဈေးသည်က တမင်တကာ တပ်ထားတာမှ မဟုတ်တာပဲ’ ဆိုပြီး ဆရာက မေးမြန်းသူကို ပြောပြခဲ့တာကို မှတ်မိနေတယ်။ တကယ်တော့ ညီမလေးလည်း ဆရာ့ရဲ့အဖြေတွေကိုကြားပြီး အဲဒီစာအုပ်ကိုဖတ်ဖို့ စိတ်ဝင်စားသွားခဲ့တာ မဟုတ်လား။ ပုဇွန်ထုပ်မှာပါတဲ့ လက်ညှက်ကြီးတွေ တမင်တကာတပ်ထားတာ မဟုတ်ဘူးဆိုတဲ့ စကားကို ညီမလေး သဘောတကျနဲ့ ရယ်ခဲ့သေးတာပဲ။ မမကြီးကတော့ အဲဒီအစီအစဉ်ကို ထုတ်လွှင့်ပေးတဲ့ MRTV-4 ကို ကျေးဇူးတင်မိသေးတယ်။ နို့မို့ဆို မမကြီးက ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ပြောပေမယ့် အခုလောက်ဖတ်ဖို့ စိတ်ပါမှာ မဟုတ်ဘူးလေ။ ခုတော့ ဒီအစီအစဉ်လေးကို ကြည့်ပြီး ညီမလေး ဖတ်ဖို့စိတ်ပါသွားတယ်လေ။ အဲဒီစာအုပ်ထဲကနေ ညီမလေး လူမှုပေါင်းသင်းဆက်ဆံရေးတွေ သိလာမယ်။ ပြီးတော့ စိတ်ဓာတ်တွေ မြင့်မားလာမယ်။
          ညီမလေးရေ… လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ တကယ်တော့ ကျယ်ပြန့်လွန်းပါတယ်။ တကယ်တော့ မမကြီးကိုယ်တိုင်လည်း အဲဒီအထဲမှာ အသားမကျလှသေးပါဘူး။ မမကြီးလည်း တခါတရံ ကိုယ့်ရဲ့ ဒေါသတွေ အတ္တတွေ လောဘတွေက ထိန်းမနိုင် သိမ်းမရတဲ့အခါတွေလည်း ရှိနေဆဲပါ။ အသိစိတ်ကလေးလွတ်သွားရင် လွတ်သွားသလောက် အဲဒီအရာတွေက မြင်သာထင်သာလာတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သိစိတ်ကလေးက အဲဒီအရာတွေကို ချွန်းအုပ်နိုင်ရမယ်။ အဲဒီလို ချွန်းအုပ်နိုင်ဖို့ စာများများဖတ်သင့်တယ် ညီမလေး။ ဒါမှ ကိုယ့်ရဲ့ စိတ်ဓာတ်တွေ မြင့်မားလာမှာကိုး။
ဒီတပတ်တော့ ညီမလေးဆီက ဖုန်းလာလို့ မမကြီးဖုန်းလာကိုင်တော့ ညီမလေးက ထုံးစံအတိုင်းပဲ မမကြီးကို ပြောစရာရှိတယ်လို့ ပြောတယ်နော်။ မမကြီးလည်း ဘာပါလိမ့်ဆိုတဲ့ အတွေးနဲ့ စိတ်လှုပ်ရှားမိတယ်။ ဒီစိတ်လှုပ်ရှားတာက ညီမလေး ပြောစရာရှိတယ်ဆိုတိုင်း ဖြစ်နေကျ အကျင့်တခုရယ်ပါ။ ညီမလေးပြောတာက ညီမလေးတို့ကျောင်းက ရန်ကုန်ကို လေ့လာရေးခရီးတိုလေး တခု လာဖို့ရှိတယ်လို့ ပြောတာနော်။ အဲဒါ ဖွားဖွားက ညီမလေးကို စိတ်မချလို့ မထည့်ချင်ဘူးဆိုတာကြောင့် ဖွားဖွားကို မမကြီးက ကူပြောပေးဖို့ စစ်ကူခေါ်တာပေါ့နော်။ ညီမလေးကို မမကြီးမေးခဲ့တယ်နော်။ ရန်ကုန်ကို လေ့လာရေးလာမှာဆိုတော့ ဘယ်နေရာတွေလဲလို့လေ။ ဒီတော့ ညီမလေးပြောတာတွေက တပ်မတော်စစ်သမိုင်းပြတိုက်တို့ နက္ခတ်တာရာပြခန်းတို့ စတဲ့ နေရာတွေကို ယေဘုယျသိသလောက်လေး ပြောပြခဲ့တယ်နော်။ ညီမလေးရေ…ညီမလေးသွားသင့်တဲ့ သွားရမဲ့နေရာတွေ ရှိသေးတယ်ကွဲ့။ မမကြီးတို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့၊ ဗိုလ်ချုပ်နဲ့အတူ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေရဲ့ ဂူဗိမာန်တွေရှိတဲ့ အာဇာနည်ကုန်းကိုလည်း သွားရမယ်။ အင်း…ဒီနေရာတွေကိုတော့ ညီမလေးတို့လေ့လာဖို့ အခုချိန်မှာ မလွယ်သေးလောက်ဘူးထင်ပါရဲ့ကွယ်။ တနေ့နေ့ မဝေးတော့တဲ့ တနေ့တော့ ဒို့ညီအစ်မနှစ်ယောက် အဲဒီနေရာတွေကို လွတ်လွတ်လပ်လပ် သွားကြတာပေါ့နော်။
ဒါနဲ့ ညီမလေးရေ… ဒီလက ဖေဖော်ဝါရီလနော်။ ဒီလထဲမှာ ဘယ်သူ့မွေးနေ့ရှိ သိလား။ ညီမလေး တတိယတန်းမှာ သင်ခဲ့ရတဲ့ ‘အောင်ဆန်းဇာနည်’ ဆိုတဲ့ ကဗျာလေးကို မှတ်မိတယ် မဟုတ်လား။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

          အဲဒီကဗျာလေးကို ညီမလေး မမေ့ပါနဲ့နော်။ ခုနေခါ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် လာမယ့်ဖေဖော်ဝါရီ ၁၃ရက်နေ့ဆိုရင် ၉၆နှစ်မြောက်မွေးနေ့ပေါ့ကွယ်။ ဒါကြောင့် ညီမလေးလည်း ဒီဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဘယ်တော့မှ မမေ့ရဘူးနော်။ ညီမလေးတို့အတန်းက သူငယ်ချင်း တွေကိုလည်း မမေ့ဖို့ ညီမလေးက ပြောပြရမယ်နော်။ ပြောမယ့်သာ ပြောရတာပါ။ မမကြီးတို့ တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ပြည်သူတွေက တသက်မေ့မှာမဟုတ်ပါဘူး ညီမလေးရယ်။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေက တနိုင်ငံလုံးအပေါ်မှာရှိပါတယ်။ ဒါကြောင့် ညီမလေးက လိမ္မာယဉ်ကျေးတတ်ဖို့နဲ့ ကျေးဇူးသိတတ်သူဖြစ်အောင် ပြီးတော့ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူဖြစ်အောင် နေထိုင်ရမယ်နော်။
ညီမလေးရေ…ညီမလေးတို့ကျောင်းက သွားမယ့် လေ့လာရေးခရီးကိုလည်း လိုက်ခွင့်ရအောင် ဖွားဖွားကို မမကြီးပြောပေးပါ့မယ်။ ညီမလေးလည်း လေ့လာရေးခရီးစဉ်လေးမှာ ပျော်ရွှင်ပြီး အကျိုးရှိပါစေလို့ မမကြီး ဆုတောင်းပေးလိုက်ပါတယ်နော်။



Image and video hosting by TinyPic