Wednesday, September 28, 2011

ကျနော်တို့ရဲ့ ဧရာဝတီကို ကာကွယ်ကြပါစို့...



ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး လူအများက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျနော်လည်း ကျနော်နဲ့ နီးစပ်တဲ့၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း လူငယ်များရဲ့ သဘောထားအမြင်တွေကို မေးကြည့်မိပါတယ်။
လူအများကတော့ အဲဒီ မြစ်ဆုံဆည်ရဲ့ ဆိုးကျိုးတွေကို စာတွေဖတ်ပြီး သိမြင်တဲ့အမြင်ရယ် ပြီးတော့ ဧရာဝတီကို ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့ "ဧရာဝတီဆိုတာ တစ်ဦးတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ လုပ်ချင်တိုင်း လုပ်လို့ရမလား။ ဧရာဝတီက ပြည်သူတွေပိုင်တာပဲ။ ဒီဆည်ဆောက်တာကို တို့ကတော့ နည်းနည်းမှ သဘောမတူနိုင်ပါဘူး။ ဒီအစိုးရ ဆောက်ရဲရင် ဆောက်ကြည့်လိုက်ပါလား.." အဲသလို တက်တက်ကြွကြွ ရဲရဲရင့်ရင့်ဖြေသံကြားရရင်ဖြင့် ကျနော့်ရဲ့ နှလုံးခုန်သံတွေက ပူနွေးပြီး မြန်ဆန်လာတတ်ပါတယ်။ ပြီးတော့ ကျေနပ်အားရမိပါတယ်။ အဓိက က ဧရာဝတီဆိုတာ မြန်မာပြည်သား အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အသိ ကလေးရှိဖို့နဲ့ ကိုယ့်ရဲ့ ဧရာဝတီကို ကာကွယ်ချင်တဲ့ စိတ်တွေရှိဖို့ပဲ လိုတာမဟုတ်ပါလား။
ဒါပေမဲ့ တချို့ကလည်း "ဆောက်ချင်ဆောက်၊ မဆောက်ချင်နေ၊ စိတ်ကိုမ၀င်စားတာ" လို့ ဖြေသူများလည်း ရှိသဗျ။ အဲဒီလိုဖြေသံကြားရရင်ဖြင့် ကျနော့်ရဲ့ ရင်ခုန်သံတွေ ခေတ္တရပ်တန့်သွားသလို အေးစက်စက်ခံစားချက်နဲ့ ၀မ်းနည်းမိပြန်ပါတယ်။  ဒီအရေးကိစ္စကြီးကို ကိုယ်နဲ့မဆိုင်သလိုများ နေစိမ့်လိုက်လေခြင်းလို့လည်း တဆက်တည်းတွေးလိုက်မိပါတယ်။
အဲ…တချို့ကျပြန်တော့လည်း "အခုမှ ဧရာဝတီကို လာချစ်ပြနေကြတယ်… အရင်ကတော့ မသိသလိုနေနေကြပြီး…" ဆိုပြီးလည်း စိတ်ပျက်စရာကောင်းအောင် ပြောတတ်ကြသေးတယ်။ တော်သေးတာက အဲလိုလူမျိုးက တစ်ယောက်တလေပဲ ရှိလို့ဗျို့။ နို့မို့ဆိုရင်တော့ ရင်လေးစရာပါပဲ။
ရင်လေးစရာဆိုလို့ တလောက လျှပ်စစ်ဝန်ကြီးပြောသွားတဲ့ စကားတွေကိုဖတ်အပြီးမှာတော့ စိတ်လည်း ပျက်မိသလို ကျနော်တို့တိုင်းပြည်မှာ အဲသလိုလူမျိုးတွေက နိုင်ငံခေါင်းဆောင်တွေဖြစ်နေပါလားလို့တွေးမိပြီး ရင်လေးရပါတယ်။ ပြီးတော့ မြန်မာပြည်မှာ သူလောက်တော်တဲ့သူ၊ တတ်တဲ့သူမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တာဟာ လူရယ်စရာကြီး ဖြစ်လို့နေပါတယ်။ လူတစ်ယောက် ပညာမရှိဘူး ရှိတယ်ဆိုတာ သူ့ရဲ့ အပြောအဆိုကို အကဲခတ်လိုက်ရင်ပဲ သိမြင်နိုင်ပါတယ်။
ဒီနေရာမှာ ကျနော့်ကို အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာပြောတဲ့ စကားလေးကို သွားသတိရလိုက်မိပါတယ်။ "I am perfect." တဲ့။ ငါပဲ တော်တယ်၊ ငါပဲ တတ်တယ်၊ ငါသာလျှင် အတော်ဆုံးဆိုတာ မရှိပါဘူးတဲ့။ ပြီးပြည့်စုံတဲ့သူဆိုတာ ကျနော်တို့ရဲ့ ဘုရားရှင်ပဲရှိပါတယ်တဲ့။ လောကမှာ အလုံးစုံပြီးပြည့်စုံတယ်၊ တော်တယ်လို့ ကိုယ့်ကိုယ်ကိုပြောတဲ့သူတွေမှာ ဘုရားကလွဲရင် ကျန်တာ သူရူးတွေပါပဲလို့ ဆရာက ပြောသွားပါတယ်။
ဒါကို တချို့တချို့လူတွေက ငါသာလျှင်အတော်ဆုံးဆိုပြီး အရူးလိုကြွေးကြော်တတ်ကြပါသေးတယ်။။ အဲသလိုပြောတဲ့သူက ဘုရားလောင်းလျာလား။ ဘုရားလောင်းလျာ မဟုတ်ရင်တော့ သူက အရူးပဲဖြစ်ပါလိမ့်မယ်။ အခု သူသာလျှင် အတော်ဆုံးလို့ ပြောသွားတဲ့ လျှပ်စစ်ဝန်ကြီးကတော့ ဘုရားလောင်းလျာ လုံးဝလုံးဝမဖြစ်နိုင်လေတော့ ဖြစ်နိုင်စရာတစ်ခုပဲရှိပါတယ်။ ဒါကတော့ ကျနော်ဆက်မပြောတော့ပါဘူး။ တွေးကြည့်ကြပါကုန်။
မြန်မာပြည်သားတွေပိုင်တဲ့ ဧရာဝတီမြစ်ကြီးကို ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်အကျိုးစီးပွားအလို့ငှာ တိုင်းတပါးကို ရောင်းစားတဲ့ အနာဂတ်အရေး မျှော်မတွေးတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကြောင့် ဧရာဝတီမြစ်ကြီး သေဆုံးရတော့မယ်။ ပစ္စုပ္ပန်ကိုသာ ကြည့်ပြီး အနာဂတ်အတွက် ပူပင်မှု မရှိတဲ့ ထိုထိုသူများကြောင့် ဧရာဝတီမြစ်ကြီး  နစ်မွန်းတော့မယ်။ မြန်မာပြည်ကြီးကို တတိတိလှီးဖြတ်တာ အားမရသေးလို့… ဟော ခုတော့ ခုတ်ပိုင်းကြပြန်ပြီ။ တိုင်းပြည်က ထွက်သမျှ သဘာဝသယံဇာတများလည်း ကုန်သလောက်ရှိပြီ၊ နောက်ဆုံး နိုင်ငံကိုပါ ရောင်းဖို့စဉ်းစားလာကြပြန်တယ်။
သဘာဝသယံဇာတနဲ့ ပတ်သက်ပြီး ဆရာမောင်ဝံသကပြောထားတဲ့ စကားလေးကို ကျနော်အရမ်းပဲ နှစ်ခြိုက်မိပါတယ်။ ဆရာက ဘာပြောထားလဲဆိုရင် "တခြားနိုင်ငံတွေမှာ သူတို့တိုင်းပြည်က ထွက်တဲ့ သံယဇာတတွေကို မသုံးပါဘူးတဲ့။  တခြားတိုင်းပြည်တွေကနေ ၀ယ်ပြီး သုံးနေကြတယ်၊ တချိန်ချိန်အရေးတကြီး လိုအပ်ချိန်ကျမှ ထုတ်သုံးဖို့အတွက် ထားထားပါတယ်" တဲ့။ ပြီးတော့ ဆက်ပြီး ဆရာက "တကယ်တော့ သယံဇာတဆိုတာ အခုလက်ရှိပြည်သူပြည်သားတွေနဲ့တင်ဆိုင်တာ မဟုတ်ပါဘူးတဲ့၊ နောင်လာမဲ့ မျိုးဆက်တွေနဲ့ပါ သက်ဆိုင်ပါတယ်" လို့ ဆရာပြောထားတာကို ကျနော်ဖတ်လိုက်ရပါတယ်။
အဲဒီမှာ ကျနော်တွေးလိုက်မိတာက ကျနော်တို့ မြန်မာပြည်မှာလည်း သဘာဝသယံဇာတကို ဖြုန်းတီးမပစ်ဘဲ နောင်လာမယ့် မျိုးဆက်တွေနဲ့ဆိုင်တယ်လို့ စဉ်းစားပြီး ခြိုးခြံချွေတာပြီး တန်ဖိုးထားတတ်မယ့် ခေါင်းဆောင်မျိုးရှိရင် သိပ်ကောင်းမှာပဲလို့ တောင့်တလိုက်မိပါတယ်။ ခုတော့ ကျနော့်ရဲ့ ဆန္ဒတွေက မနီးစပ်နိုင်တဲ့အပြင် မျှော်လင့်လို့မရတဲ့ အဆိုးဆုံး အနေအထားကိုတောင် ရောက်သလိုဖြစ်နေပါပြီ။ နောင်လာမယ့် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် တိုင်းပြည်ရဲ့ ဘယ်လို အမွေအနှစ်ကောင်းတွေကို ချန်ထားရစ်ခဲ့မလဲဆိုတာ စဉ်းစားမှ ကျနော်တို့ လူကြီးပီသမှာပေါ့။ ဒီမြစ်ဆုံဆည်ကြီးသာ အကောင်အထည်ပေါ်သွားကြည့်ပါလား။ နောင်လာမယ့် မျိုးဆက်တွေအတွက် ကျနော်တို့ ချန်ထားခဲ့တဲ့ အရာတွေက ကပ်ဘေးဆိုးတွေရယ်၊ လူမျိုလို့ လူမျိုးပျောက်မယ့် အရေးတွေရယ်ပဲ ဖြစ်သွားမှာပေါ့။
ကျနော်တို့ငယ်ငယ်က သင်ရိုးညွှန်းတန်းမှာ ဧရာဝတီမြစ်အကြောင်း သင်ရပါတယ်။ အဲဒီမှာ အသည်းစွဲနေတဲ့ အကြောင်းအရာတစ်ခုကတော့ ဧရာဝတီမြစ်ဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတဲ့ စကားကိုပါပဲ။ ဧရာဝတီ သေဆုံးသွားတာဟာ ကျနော်တို့ရဲ့ အသက်တွေ၊ သွေးတွေ သေဆုံးပျောက်ကွယ်သွားမှာနဲ့ အတူတူပါပဲ။
ပြီးတော့ အခုဆည်ဆောက်မယ်ဆိုတဲ့ မြစ်ဆုံဟာ ကချင်တိုင်းရင်းသားတွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုပါပဲ။ ဒီနေရာမှာ “ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူပြောသွားတာ ကျနော်သဘောကျပါတယ်။ ကချင်လူမျိုးနှစ်သောင်းကျော်ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီးတစ်ခုလုံးအကျိုးရှိရင် ကျမတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုးနပ်ပါတယ်" လို့ပြောသွားပါတယ်။ အဲဒီလိုပြောသွားတဲ့ ကချင်အမျိုးသမီးကို ကျနော်လေးစားမိပါတယ်။
အများအကျိုးအတွက်သာကောင်းမယ်ဆိုရင်ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို လေးစားမိသလို၊ သူတို့လူမျိုး အနစ်နာခံရဲပါလို့ ရင်နာနာနဲ့ ပြောရမယ့် သူ့ရဲ့စကားအတွက်လည်း ၀မ်းနည်းမိပါတယ်။ တကယ်ပဲ ဒီစီမံကိန်းက အများအတွက် အကျိုးရှိမယ့် စီမံကိန်းဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ စဉ်းစားနေစရာကို မလိုပါဘူး။ ဒီစီမံကိန်းကြောင့် ဘယ်သူတွေက အကျိုးအမြတ်ဖြစ်မှာလဲ။ တရုတ်နဲ့ မြန်မာပြည်က လက်တစ်ဆုပ်စာ လူနည်းစုအပြင် တခြားဘယ်သူ့အတွက်မှ အကျိုးအမြတ်မရှိဘူးဆိုတာ စဉ်းစားစရာကို မလိုတဲ့ အကြောင်းအရာတစ်ရပ်ပါ။
ဒါကြောင့် ကျနော်တို့ရဲ့ဧရာဝတီ ဆက်လက်စီးဆင်းနိုင်ဖို့ အစွမ်းကုန် ကယ်တင်ကြရပါမယ်။ ဧရာဝတီကို ကယ်တင်ဖို့က နိုင်ငံသားတိုင်းရဲ့ သမိုင်းပေး တာဝန်တစ်ရပ်ပါပဲ။ မြန်မာပြည်နဲ့ ဧရာဝတီဟာ ခွဲခြားလို့မရတဲ့၊ ယှဉ်တွဲနေတဲ့ အရာတွေပါပဲ။ ဧရာဝတီပျက်စီးမယ့် အရေးဟာ မြန်မာပြည့်အရေးပါပဲ။ ကျနော်တို့ မွေးဖွားလာကတည်းက နိုင်ငံ့အကျိုးအတွက် ဘာတွေလုပ်ဆောင်ပြီးပြီလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့အခါ ဖြေစရာအဖြေမရှိခဲ့။ ခုတော့ ဧရာဝတီကိုကာကွယ်ဖို့ ကျနော်တို့အရေး၊ ကျနော်တို့ရဲ့ တာဝန်ဖြစ်လာပါပြီ။ ဒီတော့ မိမိနိုင်ငံနဲ့ မိမိလူမျိုးကို ချစ်တဲ့သူတိုင်း မြန်မာနိုင်ငံသားတွေရဲ့ ဧရာဝတီကို စောင့်ရှောက်ကြပါစို့။

Image and video hosting by TinyPic

Sunday, September 18, 2011

ညီမလေးက ပြောတယ်… ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့လူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။


ညီမလေးက ကျနော့်ကို တကယ်ပဲ အဲဒီလိုပြောခဲ့ပါတယ်။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာရှိတယ်လို့…လေ။ ညီမလေး သတိပေးလည်း ပေးချင်စရာပါပဲ။ ကျနော်ဆိုင်ကယ်စီးရင် ကြမ်းလွန်းတဲ့အတွက် ကျနော့်နောက်ကနေ သူမလိုက်ချင်ပါဘူး။ ကျနော် ရွာပြန်တိုင်း ဆိုင်ကယ်တစ်စီးနဲ့ အမျိုးတွေဆီ လျှောက်သွားတတ်ပါတယ်။ အလုပ်ပိတ်ရက်ရှည်ရရင်ဖြင့် ကျနော်တို့မြို့ ကလေးကတဆင့် ကျနော့်ရဲ့ ဇာတိရွာကလေးကို ရောက်သွားတတ်ပါတယ်။ အဲဒီရွာကလေးက မြို့နဲ့ ခြောက်မိုင်လောက်ဝေးပါတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်သွားရပါတယ်။ ရွာရဲ့ လူအများစုက လယ်ယာအလုပ်နဲ့ အသက်မွေးကြပါတယ်။ မိုးရာသီဆိုရင် စပါးတွေစိုက်ပြီး နွေရာသီဆိုရင် ပဲတို့ နေကြာတို့လည်း စိုက်ပျိုးကြတယ်။
          အဲဒီကျနော်တို့ရွာလေးက မြို့နဲ့ခြောက်မိုင်လောက်သာဝေးပေမဲ့ လျှပ်စစ်မီးမရှိပါဘူး။ တတ်နိုင်တဲ့သူများကတော့ မီးစက်ကလေးတွေနဲ့။ မတတ်နိုင်သူများလည်း ရေနံဆီမီး၊ ဖယောင်းတိုင်မီးတွေနဲ့ပေါ့။ သူဟာနဲ့သူတော့ အသားတကျဖြစ်နေတာပါပဲ။ တလောက လျှပ်စစ်ဝန်ကြီးပြောသွားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ တခြားရောင်းစားနေရတယ်ဆိုတာ ကိုလည်း သူတို့စိတ်မ၀င်စားနိုင်ကြပါဘူး။ လျှပ်စစ်ဆိုတာ တောနေလူတန်းစားနဲ့ လုံးလုံးမအပ်စပ် မသက်ဆိုင်ဘူးလို့ပဲ ရိုးရိုးတွေးပြီး ပိုလျှံနေတဲ့ အဲဒီလျှပ်စစ်တွေကို မျက်စောင်းတောင်မထိုးအားဘဲ ဖယောင်းတိုင်မီး၊ ရေနံဆီမီးအိမ်လေးတွေနဲ့ပဲ အများစုက နေသားတကျဖြစ်လို့နေတယ်။ ဒါတွေ ထားပါတော့လေ။ ဆက်ပြောနေရင် ကျနော့် ညီမလေးပြောတဲ့ အကြောင်းက လိုရင်းမရောက်နိုင်ဖြစ်ရော့မယ်။
လူနေထူထပ်တဲ့ လေကောင်းလေသန့် မရတဲ့ မြို့ပြကြီးကို မွန်းကျပ်တိုင်း ကျနော်တို့ ရွာကလေးကို လွမ်းနေမိတာပါပဲ။ ဒါကြောင့် ပိတ်ရက်ရှည်လေးရရင် ရသလို အဲဒီရွာကလေးမှာ အသက်၀၀သွားရှူမိတယ်ဗျာ။ အဲဒီရွာကလေးမှာ လေတွေက လတ်ဆတ်တုန်း၊ သဘာဝရှူခင်းတွေက စိမ်းညို့တုန်းဗျာ။ ပြီးတော့ မြို့ပြက တိုက်ခန်းတွေပေါ်ကနေ ကောင်းကင်ကို မော့မော့ကြည့်ပြီး ကြယ်ကလေးတွေကို လိုက်ရှာပေမဲ့ ကြယ်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် အခိုးအခွေ့တွေနဲ့ ဖုံးအုပ်နေလို့ မတွေ့ပေမဲ့ ကျနော့်ရဲ့ ရွာကလေးမှာတော့ ကောင်းကင်ဘယ်နေရာကိုပဲ ကြည့်ကြည့် ကြယ်ကလေးတွေက အလင်းရောင် တလတ်လတ်နဲ့ ကောင်းကင်ကြီး အပြည့်ပဲဗျာ။
          ကျနော် အဲဒီလိုရွာပြန်တိုင်း ပြန်တိုင်း အိမ်မှာ အမြဲမနေတတ်ပါဘူး။ ဆိုင်ကယ်တစ်စီးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လျှောက်သွားတတ်တယ်။ နေပူထဲလည်း လျှောက်သွားနေလို့ ကျနော့်မေမေရဲ့ အဆူလည်း ခံရပေါ့ဗျာ။ ဒီနှစ် နွေရာသီမှာ ကျနော်ရွာပြန်တော့ မေမေက ရွာထဲကို သွားစရာရှိလို့ ကျနော့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပါတယ်။ မေမေက ဖေဖေမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ရတာထက် ကျနော့်နောက်က လိုက်ရတာ ပိုစိတ်ချတယ်လို့လည်း ပြောသေးတယ်။
          အဲဒီလိုနဲ့ မေမေသွားချင်တဲ့ နေရာကို ကျနော်လိုက်ပို့ရပါတယ်။ ကျနော့်နောက်ကနေ မေမေက ဖြေးဖြေးမောင်းနော် ဖြေးဖြေးမောင်းနော်…..လို့ ပြောလာတာ လမ်းတလျှောက်လုံးပါပဲ။ ဒါပေမဲ့ ကျနော်မေမေ့ စကားကို နားမထောင်ခဲ့ပါဘူး။ လမ်းကလည်း ချိုင့်တွေကျင်းတွေနဲ့ ချောချောမွေ့မွေ့မရှိပါဘူး။ တစ်နေရာအရောက်မှာတော့ ချိုင့်ထဲကိုကျပြီး ပြန်အတက် ဆိုင်ကယ်က ဇက်ခေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လဲကျပါတော့တယ်။ အဲဒီအချိန်မှာ စက္ကန့်ပိုင်းလောက် ကျနော်ဘာကိုမှ မသိတော့ပါဘူး။ နောက် သတိပြန်ဝင်လာတော့ မေမေ့အတွက် စိတ်ပူပြီး မေမေ့ကိုကြည့်လိုက်တော့ မတ်တပ်ရပ်လျက်သားလေး တွေ့လိုက်ရတယ်။ မေ…ဘာဖြစ်သွားသေးလဲဟင်…ဘယ်နားနာသွားလဲ….ဒဏ်ရာရသွားသေးလား.. စတဲ့ မေးခွန်းတွေမေးချိန်မှာ မေမေကလည်း ကျနော့်ကို အလားတူပြန်မေးလို့နေတယ်။
          အဲဒီတုန်းက ကံကောင်းထောက်မစွာနဲ့ မေမေက ဘာဒဏ်ရာမှ မရခဲ့ပါ။ ကျနော်တို့သားအမိ အဲဒီလို ဆိုင်ကယ်နဲ့လဲကျသွားချိန်မှာ ကျနော့်တို့နားက ဖြတ်သွားတဲ့ ဆိုင်ကယ်နှစ်စီးက ဘာဖြစ်သွားသေးလဲ…. ဘယ်လိုဖြစ်တာလဲ သတင်းလာမေးပြီး၊ ကျနော်နဲ့မေမေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူပြီးမေးမြန်းနေတာနဲ့ လဲကျနေတဲ့ ဆိုင်ကယ်ကြီးပြန်မထောင်အားတာက ဆိုင်ကယ်ကိုပြန်ထောင်ပေးပြီး စက်ရပ်ပေးပါတယ်။ လဲကျသွားတာတောင် စက်ကမရပ်ဘဲ ဆိုင်ကယ်နောက်ဘီးကြီးက ထောင်နေပြီး တ၀ှီးဝှီးနဲ့ မြည်နေတော့ သူတို့က စက်ရပ်ပေးပါတယ်။
          လာကူညီတဲ့ သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိရဲ့လားတောင် ခုချိန်ပြန်စဉ်းစားရင် မမှတ်မိတော့ပါဘူး။ အဲဒီအချိန်က ဆိုင်ကယ်လဲကျလို့ မေမေ့အတွက် စိတ်ပူတာရော တခါမှ အခုလိုမဖြစ်ဘူးတာကြောင့် ရှက်တာရော အားလုံးပေါင်းစုံပြီး သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိပါရဲ့လား မသိတော့။ အဲဒီတုန်းက ကျနော့်ခြေထောက်မှာ ပွန်းပဲ့သွားရုံကလွဲပြီး တခြားဘာဒဏ်ရာမှတော့ မရခဲ့။ ပွန်းတာပဲ့တာလောက်ကတော့ ရွာပြန်တိုင်း ကျနော်ရနေကျ ဒဏ်ရာတွေဆိုတော့ သိပ်မပြောပလောက်ပါ။ တခါတလေ သစ်ပင်ရိပ်မှာ စာအုပ်တအုပ်နဲ့ စာဖတ်ရင်း သရက်သီးစားချင်စိတ်ပေါက်လို့ သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးမိလို့ သစ်ကိုင်းနဲ့ထိုးမိတဲ့ ဒဏ်ရာနဲ့၊ အဲဒီလိုဖြစ်တိုင်းလည်း ဒဏ်ရာလည်းရ အဆူလည်း ခံရတာပါပဲ။ ကလေးမဟုတ် သူငယ်မဟုတ်… ဒီအရွယ်ကြီးနဲ့ သစ်ပင်ပေါ်တက်ရလား၊ တယောက်ယောက်ကို ခူးခိုင်းပါလား။ အဲဒါ မိန်းကလေးတဲ့လား… စတဲ့ စတဲ့ အမျိုးစုံပါပဲ။
အခုဆိုင်ကယ်နဲ့ လဲတာတော့ အဆူမခံရပါဘူး။ နည်းနည်းလေး ဒဏ်ရာရပေမဲ့ မေမေ မေးတော့ ဘာမှမဖြစ်ဘူးလို့ပဲ စိတ်ချမ်းသာအောင်ပြောလိုက်မိပါတယ်။ တကယ်တော့ နောက်ပိုင်းမှ သေချာစဉ်းစားမိတာက အဲဒီလို လဲကျတုန်း မေမေဘာမှမဖြစ်လို့ တော်ပါသေးရဲ့လို့။ မေမေသာ တစ်ခုခုဖြစ်သွားရင် ကျနော်တော့ မတွေးဝံ့အောင်ပါပဲ။ နောက်ဆို ဆင်ခြင်ရပါမယ်။ ကျနော့်ဆိုင်ကယ်နောက်မှာ မေမေတို့ ညီမလေးတို့ လိုက်လာရင်ဖြင့် အထူးသတိထားပြီး မောင်းပါတော့မယ်လို့ တွေးနေမိပါတယ်။
          မေမေက ကျနော်ဆိုင်ကယ် အမောင်းကြမ်းလို့ ခဏခဏပြောတဲ့ စကားရှိတယ်။ မွေးထားတုန်းက အကောင်းလေး ကြီးလာမှ အကျိုးလေးဖြစ်နေမယ်…လို့ စိတ်ဆိုးဆိုးနဲ့ ပြောလေ့ရှိပါတယ်။ မေမေအဲလိုပြောတိုင်း ကျနော်ပြန်ပြောမိတာက ကိုယ့်အရှိန် ကိုယ်သိပါတယ် မေကလည်း… ဖြစ်ရင်တော့ ဘယ်တော့မှ ကျိုးပဲ့မှာမဟုတ်ဘူး… ဖြစ်ရင်တော့ အပြီးပဲ…ဆိုတဲ့ စကားကို ပြောလေ့ရှိတယ်။ အဲဒါဆို မေမေက မဟုတ်က ဟုတ်ကတွေ ပြောပြန်ပြီ… လို့ အထိတ်တလန့်နဲ့ မေမေ့ တားလေ့ရှိပါတယ်။
          ဟော အခုတော့ မေမေ့အပြင် ကျနော့်ထက် အသက် ၁၁နှစ်ငယ်တဲ့ ညီမလေးကပါ ပြောနေပါပြီ။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။ အဲဒီစကားက သူတို့ကျောင်းကို ယာဉ်ထိန်းရဲတွေလာပြီး ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းတွေလာပြောရင်း ပြောသွားတာတဲ့။ ပြီးတော့ ညီမလေးက ကျနော်မြို့ကလေးမှာ လတ်တလောလေးက ဖြစ်သွားတဲ့ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အသက်ငယ်ငယ်နဲ့ သေဆုံးသွားတဲ့ အစ်ကိုတစ်ယောက်အကြောင်းကို ပြောပါတယ်။ အဲဒီဆိုင်ကယ်မတော်တဆမှုဖြစ်တဲ့ အစ်ကိုက နိုင်ငံခြားမှာ အလုပ်လုပ်နေသူဖြစ်ပြီး မိဘညီအစ်ကိုမောင်နှမတွေဆီ တစ်လအလည်ပြန်လာတဲ့အချိန်လေးမှာ အဲဒီအဖြစ်ဆိုးနဲ့ ကြုံရတာပဲဖြစ်တယ်။ ဖြစ်တဲ့ နေရာမှာတင် ဦးနှောက်ထွက်ပြီး ပွဲချင်းပြီး အသက်ဆုံးသွားတဲ့ အကြောင်းကို ညီမလေးက စိတ်မကောင်းစွာနဲ့ပြောပြပြီး ကျနော့်ကိုလည်း သတိပေးပါတယ်။
ကျနော့်အတွက် စိတ်ပူလို့ပြောကြတဲ့ မေမေနဲ့ ညီမလေးတို့စကားကို ဒီတခါရွာပြန်ဖြစ်ရင် လိုက်နာပါတော့မယ်။ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပါတော့မယ်။ ဆိုင်ကယ်နဲ့ သွားလာလှုပ်ရှားနေတဲ့ ကျနော့်ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလဲ ဆိုင်ကယ်စီးရင် သတိထားပြီး ခပ်မှန်မှန်ပဲမောင်းပါလို့ ဒီကနေတဆင့် ပြောလိုက်ချင်ပါတယ်။ 
  Image and video hosting by TinyPic

Friday, September 16, 2011

ဧရာဝတီပုံပြင်


ဂျူး
ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။
*****
သားသည် အိပ်မက်ထဲမှာ သူ့လက်နှစ်ဖက်မှာ အတောင်နှစ်ဖက်အဖြစ်ပြောင်းလဲသွား၏။ ထိုတောင်ပံများဖြင့် လေကိုခတ်ယူ၍ ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံဝဲမြင့်တက်သွားပြီး တိမ်တွေ၏ အပေါ်မှာ ငှက်တစ်ကောင်လိုပင် တောင်ပံဖြန့်ဝဲရင်း လေဟုန်စီးလျက်ရှိသည်။ သား၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ပါးလွှာနူးညံ့သော တိမ်ငွေ့တန်းများကို ထွင်းဖောက်ပြီး လှပသော မြစ်ကြီးတစ်စင်းသည် ရှည်လျားစွာ၊ ညင်သာစွာ စီးဆင်းလျက်ရှိသည်။ မြစ်ရေ၏ အရောင်သည် ခါတိုင်းလို ညိုညစ်ညစ်ရွှံ့ရောင်မဟုတ်။ တောင်တန်းတွေ၏ အရောင်လို၊ ကောင်းကင်၏ အရောင်လိုပြာလဲ့လျက်ရှိ၏။ သို့သော် ထိုမြစ်သည် ဧရာဝတီမြစ်ဖြစ်သည်။ နောက်ကျိသောအရောင်မဟုတ်ဘဲ ပြာလဲ့နေစေကာမူ ဒါဟာ ဧရာဝတီမြစ်ဟု သေချာသည်။
          ဖေဖေကပြုံးလျက် "သားက ဘယ်လိုလုပ်ပြီး ဧရာဝတီမှန်း သိသလဲ"ဟု မေး၏။ သားထံမှ အမျိုးမျိုးသော အဖြေတို့ထွက်လာနိုင်ကြောင်း အဖေမျှော်လင့်ထားပြီးဖြစ်သည်။
          "သိတာပေါ့အဖေရဲ့၊ အောက်မှာ စစ်ကိုင်းတံတားကြီးကိုပါ မြင်ရတာကိုး။ တံတားကြီးက ကောင်းကင်ပေါ်က ကြည့်တော့ မှုန်မှုန်သေးသေးလေး အဖေရဲ့။ ဒါပေမဲ့ အဲဒါ စစ်ကိုင်းတံတားပဲ။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…
          "ဒုဋ္ဌ၀တီမြစ်စီးဝင်တဲ့ နေရာလေးကို ကျနော် မှတ်မိနေတယ်လေ အဖေရဲ့။ အင်းဝကိုလည်း မြင်ရတယ်။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…
          "သပြေတန်း ခံတပ်ကြီးကို သေးသေးကလေးမြင်နေရတာပဲ အဖေရဲ့။ ဒါဧရာဝတိမဟုတ်လို့ ဘာလဲ" ဟူသော အဖြေမျိုး။ စသည်ဖြင့် သားရောက်ဖူးသော ဧရာဝတီပတ်ဝန်းကျင်က တည်မြဲနေသေးသည့် ကြီးမားထင်ရှားသော အရာဝတ္တုများနှင့် နှိုင်းယှဉ်ဆက်စပ်၍ သားဖြေလိမ့်မည်ဟု ထင်ခဲ့သည်။
          သို့သော် ကလေးများသည် လူကြီးများတွေးသလို ဘယ်တော့မျှ မတွေးကြပေ။
          "အိပ်မက်ထဲမှာ ရေစီးသံကို ကျနော်ကောင်းကင်ပေါ်ကတောင်မှ ကြားနေရတယ် အဖေ။ ဧရာဝတီမြစ်ရဲ့ ရေစီးသံကို ကျနော်ကောင်းကောင်းမှတ်မိတာပေါ့ အဖေရဲ့။ ဒါဧရာဝတီပေါ့"
          အဖေသည်ပြုံးလျက် သား၏ ပခုံးကိုလက်သီးဖြင့် မနာကျင်အောင် ခပ်ဖွဖွထိုးလိုက်လေသည်။
          ထိုအိပ်မက်မှ နိုးပြီးနောက်… နံနက်မိုးသောက်သောအခါ သားသည် ဘုရားစင်၏ ရှေ့မှာ ဒူးတုပ်ကာ ကျုံ့ကျုံ့လေးထိုင်လျက် အတောင်ပံနှစ်ဖက် ရရှိဖို့အကြောင်း ဘုရားထံမှာ ဆုတောင်းခဲ့၏။
          "တောင်ပံရရင် သားက ဘာလုပ်မှာလဲကွ" အဖေက မေးကြည့်သည်။
          "ဧရာဝတီမြစ်ကို ဟိုး အစမြစ်ဖျားကနေ ဟိုးအောက်ဘက် ပင်လယ်ထဲအထိ စီးဝင်သွားတာကို မိုးပေါ်ကနေပျံပြီး လိုက်ကြည့်ဖို့ပေါ့ အဖေရ"
          ကလေးတစ်ယောက်၏ အတွေးသည် လူကြီးအတွေးထက် ပို၍ ရိုးသားသန့်စင်စွာ အပြစ်ကင်းသည်။ သားကိုယ်ခန္ဓာမှာ အတောင်ပံတွေ ပေါက်လာဖို့ဟူသော ဆုတောင်းသည် သားရဟတ်ယာဉ်တစ်စီး ပိုင်ဆိုင်ဖို့ ဟူသော ဆုတောင်းထက် ပို၍နီးစပ်စွာ ဖြစ်နိုင်ချေရှိသည်ဟု သားကထင်နေလေသည်။
          ဧရာဝတီမြစ်အပေါ်မှာ ထူးခြားသော စွဲလမ်းမှုဖြင့် ချစ်ခင်တွယ်တာလျက်ရှိသော သား၏စိတ်ကို အခြားသူများ နားမလည်နိုင်သော်လည်း အဖေကတော့ နှလုံးသားထဲမှ နင့်သည်းစွာ နားလည်နေသည်။ ဘာကြောင့်လည်းဆိုတော့ သားလူမှန်းသိတတ်စအရွယ်ကတည်းက ဧရာဝတီမြစ်ကို သားရင်းနှီးကျွမ်းဝင် လာအောင် တဖြည်းဖြည်းချင်း လေ့ကျင့်သင်ကြားပေးခဲ့သူသည် အဖေကိုယ်တိုင်ဖြစ်နေသောကြောင့်တည်း။
*****
သားအသက် ၂နှစ်အရွယ်တွင် အဖေစတင်မိတ်ဆက်သင်ကြားပေးခဲ့သော ဒေသန္တရပထ၀ီသည် ဧရာဝတီမြစ်အကြောင်းဖြစ်သည်။ အိမ်နောက်ဖေးကပြင်၏ ၀ါးကြမ်းခင်း ခရိုးခယိုင်ပေါ်မှာ ယိုင်တိယိုင်ထိုး လမ်းလျှောက်ခါစ ဘ၀တည်းက သားသည် ဧရာဝတီမြစ်ကို မြင်မြင်နေရသည်။ ဧရာဝတီမြစ်ပေါ်မှာ သွားလာနေကြသော ဖောင်များ၊ လှေများ၊ မော်တော်သင်္ဘောများကို မြင်မြင်နေရသည်။ အမေခါးထစ်ခွင် ချီးပိုးရသည့် အရွယ်ကတည်းက သားသည် ဧရာဝတီမြစ်ရေကို ချိုးဖူးခဲ့သည်။ မိဘများအလစ်တွင် မြစ်ထဲဆင်းရန် ကြိုးစားမှာစိုးသော အမေက ခြိမ်းခြောက်ထားသည့် စကားအရ သားသည် ရေနစ်သေဆုံးခြင်း ဟူသော အဖြစ်ကို နားလည်သိတတ်ခဲ့ရုံမျှမက ကြောက်ရွံ့ထိတ်လန့်ခဲ့ဖူးသည်။ သား မြစ်ရေကို မကြောက်ရန် အမေက အားပေးခဲ့ရ၏။
          ဧရာဝတီမြစ်သည် ဖေဖေ့သူငယ်ချင်းဖြစ်သည်။ ထို့ကြောင့် ဧရာဝတီမြစ်သည် သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ သားအဘိုးလက်ထက်ကတည်းက ဧရာဝတီမြစ်သည် ဘိုးဘိုးသူငယ်ချင်းလည်းဖြစ်သည်။ အဘိုးနှင့်အဖေသည် ဧရာဝတီမြစ်ကမ်းပါးတွင် ကြီးပြင်းခဲ့သည်။ ဧရာဝတီမြစ်ဖြင့် အသက်မွေး ၀မ်းကျောင်းခဲ့သည်။ ဧရာဝတီမြစ်ကြောင့် သား ထမင်းစားနေရသည်။ သားကသာ မြစ်ကို ခင်မင်ရင်းနှီးမည်ဆိုလျှင် မြစ်သည် သားကို ပြန်လည်ခင်မင်ရင်းနှီးလိမ့်မည်။ သို့သော် မြစ်သည် လူတို့ကို သူ့သူငယ်ချင်းအဖြစ် တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းသာ လက်ခံလေ့ရှိသည်။
          သား ၃နှစ်သားအရွယ်တွင် အဖေက သားကို ရေးကူးသင်ပေးသည်။ ၄နှစ်သား အရွယ်တွင် ငါးမျှားသင်ပေးသည်။ ၅နှစ်သားအရွယ်တွင် လှော်တက် ခပ်သေးသေးတစ်ချောင်း ပြုလုပ်ပေးပြီး လှေလှော် သင်စပြုသည်။ ၆နှစ်သားအရွယ်တွင် ကျောင်းအားရက်များ၌ အဖေသွားလေရာ အဖေ့လှေပေါ် သား လိုက်ပါခွင့် ရခဲ့သည်။ ထိုအချိန်တွင် မြစ်သည် သား၏ သူငယ်ချင်းဖြစ်နေခဲ့ပြီ။ လှေဝမ်းထဲမှာ ထိုင်လိုက်ရင်း သားလက်ကိုရေပြင်ထဲ အသာနှစ်၍ ထားသည့်အခါ လက်ကို ကျီစယ်သလို မွမွညင်သာ တိုးတိုက်လေ့ရှိသော ဧရာဝတီမြစ်ရေသည် သားအား ရင်းနှီးစွာ စကားဆိုနေသလိုပင် ဖြစ်သည်။ လှော်တက်သေးသေးဖြင့် လှေကို ကူညီလှော်ခတ်နေသည့်အခါ တက်ရေထဲကျသံ၊ ရေထဲမှာ ၀ိုက်၍ လှော်ခတ်လိုက်သောကြောင့်  ထွက်ပေါ်လာသောအသံ၊ တက်ကို မှောက်ယူလိုက်သောအခါ တက်၏ ရေစက် လက်ကရေပြင်ပေါ် ကျသွားသော အသံ ထိုအသံများအောက်မှာတော့ ဧရာဝတီသည် သား၏ လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ယောက်ဖြစ်သည်။ မြင်နေရသော ဧရာဝတီနှင့်အတူ မမြင်ရသေးသော ဧရာဝတီကိုပါ သားရင်းနှီးလာစေသည့် အကြောင်းကတော့ အဖေပြောပြော ပြတတ်သည့် အိပ်ရာဝင် ပုံပြင်များကြောင့် ဖြစ်သည်။
အဖေသည် သားကို စိတ်ကူးယဉ်ပုံပြင်များ မပြောပြချင်။ မင်းသားလေးနှင့် မင်းသမီးလေးကို အဖေ စိတ်မ၀င်စား။ ထို့အတူ ဘုရင့်နောင်တို့ ကျန်စစ်သားတို့အကြောင်းလည်း အဖေရေရေရာရာ မသိ။ သိသည်က ဧရာဝတီ။ ထို့ကြောင့် အဖေသည် သားကို ဧရာဝတီ၏ အစမှ အဆုံးထိအောင် ဒေသန္တရဗဟုသုတအဖြစ် ပြောပြောပြတတ်သည်။ အဖေ၏ ဧရာဝတီပုံပြင်ကို နားထောင်ရင်း ဧရာဝတီ၏ မြစ်ရေစီးသံကို သားမျက်တောင်များ တဖြည်းဖြည်းစင်းကာ အိပ်ပျော်သွားခဲ့ရလေသည်။
          သူတို့စိတ်ဝင်စားသော ပုံပြင်တစ်ပုဒ်ကို ထပ်ကာထပ်ကာ နားထောင်၍ အားမရသောစိတ်သည် ကလေးတိုင်းမျာရှိသည်။ အဖေသည် ဧရာဝတီအကြောင်း သားကို ပါးစပ်ညောင်း၍ အာခြောက်သည်အထိ ထပ်ကာထပ်ကာ ပြောပြရသည်။
          "လွန်ခဲ့တဲ့ ဆယ်နှစ် လောက်တုန်းက…"
          အဖေ့ပုံပြင်သည် သူများတွေလို "ဟိုးရှေးရှေးတုန်းက…"ဟု ဘယ်တော့မျှ မစခဲ့ပေ။ အကြောင်းမှာ ထိုအဖြစ်အပျက်သည် ရှေးတုန်းက အဖြစ်အပျက်မဟုတ်။ လွန်ခဲ့သည် ဆယ်နှစ်ခန့်က တကယ်ဖြစ်ပေါ်ခဲ့သည့် ပုံပြင်ဖြစ်သည်။
          "သူငယ်ချင်းလေးယောက်ရှိတယ်။ တစ်ယောက်က သစ်ခုတ်သမား၊ တစ်ယောက်က တံငါသည်၊ တစ်ယောက်က သစ်ဖောင်ဆွဲသလား၊ တစ်ယောက်က ကူးတို့သမားပေါ့"
          "ကူးတို့သမားက အဖေနော်"
          "အေးပေါ့ကွ"
          "သစ်ခုတ်သမားဆိုတာ ဘာလဲ အဖေ"
          "မင်းက သိပြီးသားကို မေးချင်သေးတာကိုးကွ။ သစ်ခုတ်သမားဆိုတာ သစ်ပင်ကြီးတွေကို ပစ်စည်အောက်ခြေကနေ ပုဆိန်ကြီးနဲ့ လွှဲလွှဲခုတ်ဖြတ်ပြီး မြေပေါ်ကို ၀ုန်းခနဲကျသွားအောင် ဖြိုပစ်ပေးရတဲ့ လူပေါ့ကွာ"
          "သူက ခွန်အားကောင်းတာပေါ့နော်"
          "အေးပေါ့ကွ.. ဘယ်လောက်မြင့်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် လုံးပတ်ကုတ်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ လုံးပတ်တုတ်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ သစ်ပင်ဖြစ်ဖြစ် သူ့ပုဆိန်နဲ့ထိရင် လဲကျရတာပဲ။ သူပေါ့ကွ၊ အဖေတို့ ဧရာဝတီကို စုန်ဆင်းဖို့ပြင်တော့ အဖေ့လှေအတွက် သစ်တွေကို ရွေးခုတ်ပေးခဲ့တာ သူပေါ့"
          သို့သော် ဧရာဝတီကို စုန်ဆင်းသည့်ကိစ္စကို ကာလကြာရှည်စွာ ကန့်ကွက်နေခဲ့သူမှာ သစ်ခုတ်သမား ပင်ဖြစ်သည်ဟု သားသိထားသည်။ သစ်ခုတ်သမားသည် ဧရာဝတီ၏ အကြောင်းကို ဖေဖေတို့လောက် မသိပေ။ ဧရာဝတီသည် သူ့သူငယ်ချင်းလည်း မဟုတ်ပေ။
          "သူ့ သူငယ်ချင်းက ဘယ်သူလဲ အဖေ"
          သားက သိပြီးသားအကြောင်းကို လူလည်ကျစွာ ထပ်သိချင်သေးတော့ အဖေက မျက်မှောင်ကြုတ်ပြ၏။
          "သစ်တောပေါ့ကွ။ သစ်တောထဲမှာ သူဘယ်တော့မှ လမ်းပျောက်မသွားဘူး။ တောထဲမှာ ကျေးငှက်တိရစ္ဆာန်တွေ သစ်ကိုင်းတွေရဲ့ အသံကို နားထောင်ပြီး ဘယ်နားမှာ ကျားရှိတယ်၊ ဘယ်နားမှာ ဆင်ရိုင်းတွေ စုနေကြတယ်ဆိုတာ သိရုံမကဘူး။ ဘယ်တော့လေတိုက်မယ်၊ ဘယ်အချိန်မှာ မိုးရွာမယ်ဆိုတာတောင် သိတယ်။ သူ့နားကလည်း သိပ်ပါးတာ။ အဝေးက သစ်ရွက်ခြောက်တွေပေါ်မှာ ဖွဖွနင်းလာတဲ့ ခြေသံဟာ သမင်လား ဆက်လား သူ့နားက ခွဲခြားပြီးသိတယ်။ သူလမ်းလျှောက်ရင်လည်း သိပ်ညင်သာတယ်။ ခြေသံလုံအေင် အဖေတို့ အားလုံးထဲမှာ သူတစ်ယောက်ပဲ ထိန်းပြီး လမ်းလျှောက်တတ်တယ်"
          သားသည် အဖေ့သူငယ်ချင်းသူရဲကောင်းကို မျက်စိထဲမှာ မြင်ယောင်ကာ ကျေနပ်အားရလျက်ရှိသည်။ ဆံပင်ရှည်ရှည်လိမ်လိမ်ကောက်ကောက်၊ မုတ်ဆိတ်ကျင်စါယ်ဖားလျားနှင့် လက်ဖောင်းလက်ဖျံတုတ်ခိုင်ကာ သန်စွမ်းမာကျောသော သစ်ခုတ်သမား၏ သွင်ပြင်သည် သား အာရုံထဲ၌ အားကျစရာပင်ဖြစ်သည်။
          အဖေတို့လေးယောက်သည် ဧရာဝတီကို စုန်ဆင်းဖို့ စိတ်ကူးရပြီးသည့်နောက် နှစ်နှစ်တိတိ အချိန်ယူခဲ့ ရ၏။ ရိက္ခာအတွက် ပြင်ဆင်ရန်၊ အထက်ပိုင်းမြစ်၏ ရေစီးနှင့် ကျောက်ဆောင်များကို ခံနိုင်မည့် လှေတစ်စင်း ရရှိရန်၊ ရေစီးကြောင်းများ ၀ဲဂယက်များကို လေ့လာရန်ဖြစ်သည်။ မြစ်၏ အထက်ပိုင်းကို အဖေ့ထက်ပို၍ ကျွမ်းကျင်သူမှာ သစ်ဖောင်ဆွဲသမားဖြစ်၏။ ရွှေလီမြစ်ဘေးက ချောင်းငယ်မြောင်းငယ်များထဲမှ သစ်လုံးများကို ရွှေလီမြစ်ထဲရောက်အောင်၊ ရွှေလီမြစ်ထဲမှ သစ်ဖောင်များကို ဧရာဝတီမြစ်ထဲရောက်အောင် ပို့ပေးရသူမှာ သစ်ဖောင်ဆွဲသမားဖြစ်သည်။
          "ဟောဒီ ရွှေလီမြစ်ရဲ့ လေးပုံတစ်ပုံဟာ ရေတွေ မဟုတ်ဘူး။ ငါတို့ရဲ့ ချွေးတွေ"
          မေးစေ့နှင့် လည်ပင်းမှ ချွေးများကို လက်ဖြင့်သပ်ချရင်း သူမကြာခဏ အော်ဟစ်ပေါက်ကွဲလေ့ရှိသည်။ အထက်ပိုင်း ဧရာဝတီမြစ်ဖျားသည် သူ၏ ဧရာဝတီဖြစ်သည်။
"ဧရာဝတီမြစ်ရဲ့ အစဟာ ဘယ်နေရာလဲကွာ"
အဖေက သားကိုဖျတ်ခနဲ မေးခွန်းထုတ်လျှင် သားချက်ချင်း အဖြေပေးနိုင်၏။
"မြစ်ဆုံပေါ့ အဖေ။ မြစ်ဆုံမှာ ဧရာဝတီက တိမ်တိမ်လေး…။ မြစ်ပြင်ကြမ်းခင်းက ကျောက်တုံးအချောတွေ။ မြစ်ရေက ကျနော်တို့ ဧရာဝတီလို မနောက်ဘူး။ ကြည်နေတာ။ ကျုံးကလာတဲ့ ရေထက် ကြည်တယ်။"
သားအဖြေကို တစ်ခါတစ်ခါ အဖေက ခေါင်းတညိတ်ညိတ်လက်ခံ၏။ တစ်ခါတစ်ခါကျတော့ သားကို ဉာဏ်စမ်းချင်သည်။
"ဒါပေမဲ့ မြစ်ဆုံက ရေကြောင်းခရီးအစမှ မဟုတ်ဘဲကွ။ အဖေမေးတာက လှေသင်္ဘောတွေ သွားနိုင်တဲ့  ဧရာဝတီရဲ့ အထက် အဖျားအကျဆုံ့း နယ်နိမိတ်ကိုပြောတာ"
          ထိုမေးခွန်းကိုဖြေသော သား၏ အဖြေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်စုံပြီး ပိုမို၍ ပထ၀ီဝင် ဆန်လာသည်။
          "မိုးရာသီမျာဆိုရင် မြစ်ကြီးနား၊ နွေရာသီမှာဆိုရင် ဗန်းမော်ပေါ့ အဖေ"
          သို့သော် အဖေတို့လှေသည် သင်္ကြန်အပြီး နွေရာသီ တစ်နံနက်ခင်းမှာပင် မြစ်ကြီးနားဆီမှ စတင် စုန်ဆင်းလာခဲ့သည်။ ရေခဲတောင်တွေဆီမှ စတင်စီးဆင်းပေါင်းဆုံခါစ ရေပြင်သည် နွေနံနက်ခင်းတွင် အေးစိမ့်လွန်း၍ လက်ဖျားတွေ ကျင်လာသည်အထိဖြစ်သည်။ ဧရာဝတီ၏ ရေစီးသံသည် ခပ်သွက်သွက်တိးသော မယ်ဒလင်သံလိုပင် လျင်မြန်၏။ တစ်ခါတစ်ခါ ပြေပြစ်ပြီး အများအားဖြင့် ကြမ်းတမ်းဆူညံသည်။ မြစ်ကမ်းတစ်ဖက် တောင်ကုန်းကမ်းပါးတွေမှာ ငှက်မျိုးစုံ၏ အသံစာစာကို ကြားရသည်။ တောကောင်ကလေးများ ပြေးလွှားသံကို ကြားရသည်။ ကောင်းကင်မှာ မှုန်မှိုင်းလျက်ရှိ၏။ ရေပြင်သည်ကား အနည်းငယ်မျှပင် မပြေပြစ်ဘဲ ရေကြောင်းကျဉ်းကျဉ်းတွင် လှေသည် လှုပ်ခါယမ်းလျက် ရှိလေသည်။ မြစ်သည် အကွေ့အကောက်များလာသဖြင့် အဖေတို့လေးယောက်လုံးသည် ပတ်ဝန်းကျင်ကို အာရုံမထားနိုင်။ သစ်ခုတ်သမားသည်ပင် လှေပေါ်မှာ သတိအနေအထားဖြင့် တောင့်တင်းလျက်ရှိသည်။ သို့သော် သစ်ဖောင်ဆွဲ သမားသည် ဤမြစ်ကြောင်းကို ကောင်းကောင်းသိသည်။ သူသည် အထက်မြစ်ကြောင်းတွင် ဇာတ်လိုက်ဖြစ်၏။ အဖေ့တို့အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည် အထက်မြစ်ကြောင်းတွင် ဇာတ်လိုက်ဖြစ်၏။ အဖေတို့ အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည် ပဲ့ကိုင်နိုင်နင်းလှသည်။ ရေ၀ဲဂယက်ကို သူရှောင်တိမ်းနိုင်သည်။ ထွင်းဖောက်ဖြတ်ကျော်ရဲသည့် သတ္တိရှိသည်။
          "ရေထဲမှာ ကျောက်ဆောင်ကြီးတွေကို မြင်တော့ သစ်ခုတ်သမားကြီး လန့်အော်တာကို ပြောဦးလေ အဖေ"
          ပြောရပါများလွန်း၍ တစ်ခါတစ်ရံ မသိမသာ ကျော်ချပစ်မိလျှင် နားထောင်ရပါများ၍ အလွတ်ရနေသော သားက အားမလိုအားမရ ထောက်ပေးတတ်၏။ ထိုအခါ အဖေရယ်လေသည်။
          မြစ်ကြောင်း ကျဉ်းကျဉ်းကလေးတွင် လှေကလေးတစ်စင်းကို လူလေးယောက် အားသွန်ခွန်စိုက် ထိန်းချုပ်ပဲ့ကိုင် စုန်ဆင်းလာသော မြင်ကွင်းသည် သား၏ မျက်စိအာရုံထဲတွင် ရုပ်ရှင်ပြကွက်တစ်ခုပမာ ခွန်အားကြီးလှသည်။ မြစ်ကမ်းကျောက်လွှာကမ်းပါးများနှင့် တိုက်ခတ်ကွေ့ဝိုက်ပြီး ရေးပန်းများ တဖွားဖွား ဖြူဖွေး အော်ဟစ်နေသောမြစ်၊ လှေ၏ ဦးတည်ရာ ရှေ့တည့်တည့်တွင် မြစ်ကြောင်းကို မြင်ရမည့်အစား ကာဆီးနေသော ကျောက်ဆောင်ကမ်းပါးကြီးကို ချောက်ချားဖွယ်ရာ မြင်နေရသောမြစ်။ ရေလုံးကြီးများ အရှိန်ပြင်းစွာ လှေနံရံပေါ်မှာ ရိုက်ခတ်ကျော်ဖြတ်လာသောမြစ်။ ထိုမြစ်သည် သားသိသည့် ဧရာဝတီမြစ်ဟု မယုံနိုင်စရာပင် ကြမ်းတမ်းခက်ထန်လှသည်။ ထိုမြစ်တွင် ကျောက်ဆောင်နှင့် တိုက်ခိုက်မိပြီး ကျိုးပဲ့သွားရဖူးသော လှေများအကြောင်း သိရသည့်အခါ သားသည် မျက်လုံးကလေးပြူးလျက် ပခုံးလေးကျုံ့လျက် စူးစိုက်နားထောင်နေတတ်သည်။ ထိုမြစ်ကိုမှ အဖေတို့ ရဲ့ရင့်စွာ ဖြတ်ကျော်အောင်မြင်ခဲ့ကြသည်။ ထိုအခါ သား၏ မျက်လုံးများ အရောင်တောက်ပကာ ဖခင်အပေါ် ဂုဏ်ယူအားကျစိတ်များ ၀င်လာခဲ့သည်။
          "အဖေတို့ဘာဖြစ်လို့ အဲဒီမြစ်ကို စုန်ဆင်းခဲ့ရတာလဲဟင်"
          ထိုမေးခွန်းသည် အမြဲသားမေးနေကျ မေးခွန်းဖြစ်သည်။ အဖေ့အတွက် ထိုမေးခွန်းသည် ဘယ်တော့မှ ငြီးငွေ့စရာ မဖြစ်ခဲ့။ အဖေအမြဲ စိတ်ပါဝင်စားစွာ ဖြေခဲ့သည်။
          "အကြောင်းတစ်ခုက ဧရာဝတီကို အတွင်းကျကျ နှိုက်နှိုက်ချွတ်ချွတ် ရင်းရင်းနှီးနှီ သိချင်လို့ပေါ့ကွာ။ အခုဆို ဧရာဝတီရဲ့ ဘယ်နေရာမဆို အဖေ ကျွမ်းကျင်ပြီ"
          "နောက်အကြောင်းတစ်ခုကိုလည်း ပြောပြပါဦး အဖေ"
          အဖေသည် လရောင်ဖြင့် တလက်လက် တောက်ပနေသော ဧရာဝတီမြစ်ရေလှိုင်းကလေးများကို လှည်းကြည့်ရင်း စိတ်ရှည်စွာဖြေ၏။
          "မြစ်တစ်ခုကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့အခါ လူတစ်ယောက်မှာ စွန့်စားစိတ် ရဲရင့်စိတ် ဂုဏ်ယူချင်စိတ်တွေ ပေါ်လာတယ် သားရဲ့။ အဲဒီစိတ်တွေ ရဖို့ပေါ့။ အဲဒီစိတ်တွေဟာ ပတ်ဝန်းကျင်ကို အဖေတို့ ရင်ဆိုင်ဖို့ အကောင်းဆုံး ခွန်အားတွေ။ အဲဒီအရသာမျိုးဟာ မြစ်ကိုဖြတ်ကျော်အောင်မြင်တဲ့အခါမှသာ ရလာနိုင်တာပဲ။ သားကြားဖူးတယ် မဟုတ်လား။ တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီး လှေအောက်ဆိုတာလေ။ လူဆိုတာ ကိုယ့်ထက် ခွန်အားကြီးတယ်လို့ ထင်ရသမျှ အရာတွေ အားလုံးကို အနိုင်ယူချင်တာပဲကွ။ အဲဒီနည်းနဲ့ လူတွေဟာ စိတ်ကျေနပ်မှု ရှာကြတယ်"
          မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသော သားကို အဖေက ပြုံးပြ၏။
          "ဒါတွေကို သားလူကြီးဖြစ်တဲ့အခါ နားလည်လာမှာပါ။ ဒါတွေက အဖေသင်ပေးစရာ မလိုဘူးသားရဲ့။ ယောက်ျားတစ်ယောက် လူလားမြောက်လာရင် အဲဒီစိတ်ဟာ အလိုလိုဖြစ်လာတာပါ။ သားတို့ခေတ်ကျရင် သားဟာ ဧရာဝတီမြစ်ကို ရင်ဆိုင်ရုံတင်မကဘူး။ ပင်လယ်ကိုပါ အောင်နိုင်တဲ့လူ ဖြစ်လာမှာ"
          ထိုစကားအတွက် သားသည် ကျေနပ်စွာ ပြုံးလိုက်လေသည်။
          "အဖေ…သစ်ဖောင်တွေ အကြောင်း ကျန်သေးတယ်"
          ထိုအခါ အဖေသည် ကသာတ၀ိုက်တွင် တွေ့ကြုံရသော သစ်ဖောင်များပါမက ရေကူးတတ်သော ဆင်များအကြောင်းကိုပါ အားရပါးရပြောပြလိုက်သည်။
          "ဆင်တွေ ရေမနစ်ဘူးပေါ့"
          "တချို့ဆင်တွေတော့ ရေနစ်ဖူးတယ်လို့ အဖေ့သူငယ်ချင်းက ပြောတယ်။ ဆင်တွေက သိပ်ကြောက်တတ်တာတဲ့ သားရဲ့။ တချို့ဆို ရေကူးဖို့ တော်တော်ကြောက်သတဲ့။ ဒါပေမဲ့ အများအားဖြင့် ဆင်တွေ ရေထဲချလိုက်ရင် ရေကူးတတ်တာပါပဲကွာ"
          သား၏ မျက်စိထဲတွင် ကြီးမားသော ဆင်ကြီးတစ်ကောင် ရေကူးရမှာ ကြောက်သဖြင့် တကျီကျီအော်ဟစ် တွန့်ဆုတ်နေသည်ကို မြင်ယောင်လာ၏။ ရေကူးကျင်လည်သော သားသည် ဆင်ကြီး၏ အဖြစ်ကို သဘောကျစွာ အသံထွက်ရယ်မောမိသည်။ သို့သော် ဆင်ကြီး ရေနစ်သွားသည်ကို မြင်ယောင်လာသောအခါ သားရင်ထဲမှာ ဆို့နင့်တင်းကျပ်သွား၏။ သား၏ ညီမလေးရေနစ်တုန်းက အဖေသည် လွှားခနဲရောက်လာကာ လက်မောင်းတစ်ဖက်တည်းဖြင့်ပင် ပွေ့ချီဆယ်ယူလိုက်သည်။ ဆင်ကြီးရေနစ်သည့် အခါမှာတော့ ဆယ်နိုင်မည့်သူ မရှိပေ။ ဆင်ကြီးသည် ရုန်းရင်းကန်ရင်း တဖြည်းဖြည်း ရေမွန်းနစ်လျက် ရေထဲ မြုပ်ကာ သေဆုံးသွားပေလိမ့်မည်။
          "တတိယမြစ်ကျဉ်းဆုံးတဲ့အခါမှာတော့ ဧရာဝတီဟာ အဖေ့ဧရာဝတီဖြစ်လာပြီကွ"
          ထိုအခါ ကျောက်မြောင်းအနီး ပတ်ဝန်းကျင်တွင် ကမ်းစပ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ မြစ်ပြင်ကျယ်သော်လည်း အဖေသည် မြစ်ကြောင်းကို ကောင်းကောင်းသိသည်။ မြစ်ရေ၏ အရောင်သည် ရွှံ့ရောင်သန်းနေသည်။ သို့သော် နောက်ကျိခြင်းမဟုတ်။ ရေစီးသည် ညင်သာသိမ်မွေ့လာ၏။
          "အဖေ စဥ့်အိုးဖောင်တွေနဲ့ တွေ့သေးတယ်လေ"
          "သြော် အေး အေး။ စဥ့်အိုးဖောင်ကြီးတွေက ဧရာမဖောင်ကြီးတွေကွ။ ညနေနေရောင်နဲ့ အရောင်ကို လက်နေတာပဲ။ သူတို့က ဖောင်ဖွဲ့တဲ့နေရာမှာ တော်တော်ကို စနစ်ကျတယ်။ စဥ့်အိုးတွေကို သစ်တွေ ၀ါးတွေနဲ့ အတူ ရောထည့်ပြီး ဖောင်ဖွဲ့ထားတာကွ တစ်ခုနဲ့တစ်ခု စီရီပြီး လှတောင်လှတယ်။ ဆိပ်ကမ်းရောက်လို့ ဖောင်ကို တစ်စချင်းဖျက်တဲ့အခါ စဥ့်အိုးတွေ တစ်လုံးပြီး တစ်လုံး ပြေပြီးထွက်လာတာပေါ့။ ပွဲဈေးတွေမှာ ရောင်းဖို့ အောက်ပြည်အောက်ရွာကို ပို့ဖို့ပေါ့ တစ်ခါတစ်ခါ ဟောဒီ ဧရာဝတီကနေ ဖြတ်သွားတာ သား မြင်မှာပါ"
"အေး အဲဒါ ကျောက်မြောင်းနားက နွယ်ငြိမ်းဆိုတဲ့ ရွာကလေးကထွက်တာ။ တစ်ခါလောက် အဖေကူးတို့လိုက်တဲ့အခါ သားကိုခေါ်သွားမယ်ကွာ။ စဥ့်အိုးလုပ်တာ သားကြည့်ဖူးအောင်လို့"
အဖေနှင့်သားသည် ဧရာဝတီ၏ ရေစီးသံကို ခဏနားထောင်ရင်း ငြိမ်သက်သွားကြပြန်၏။ ထို့နောက် အဖေ့ပုံပြင်ဆက်သောအခါ သား ကောင်းကောင်းသိသော ရှိန်းမကား၊ မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းသို့ ရောက်လာလေသည်။ ဤတ၀ိုက်က ဧရာဝတီသည် အဖေ့သူငယ်ချင်းဖြစ်သလို သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ မြင်းခြံ၊ ပခုက္ကူပြီးသည့်အခါမှာတော့ သားအလွန်စိတ်ဝင်စားသော ပုဂံ၊ ညောင်ဦးသို့ ရောက်သည်။
"အဖေတို့လှေ သောင်တင်တဲ့ အကြောင်း ပြောပါဦးအဖေ"
          အဖေ့လှေသည် သုံးကြိမ်တိုင်တိုင် သောင်တင်၏။ ရေကြောင်းကို မည်မျှကျွမ်းကျင်သော လှေသမားဖြစ်စေကာမူ သောင်တင်သည့် အတွေ့အကြုံကို မတွေ့ကြုံဖူးသူမရှိဟု အဖေပြောရင်း ရယ်မောသည်။
          "သောင်တင်တော့ ခရီးနှောင့်တာပေါ့ကွာ။ တစ်ခါတစ်ခါ အရှိန်နဲ့ လှေတစ်ခုလုံး သောင်ခုံပေါ် ရောက်သွားတာကွ။ အဖေတို့လှေက ဆင်းပြီး ရေနက်ထဲ ပြန်တွန်းရတာပေါ့။ ပိုပြီးပင်ပန်းတာပေါ့"
          မြစ်သည် တစ်နှစ်နှင့်တစ်နှစ် မြစ်ကြောင်း မတူတတ်ပေ။ နုန်းမြေများ တင်ကျန်ပုံချင်းလည်း မတူပေ။ နုန်းသဲတို့ အနယ်ကျမှုပေါ် မူတည်၍ မြစ်ရေစီးပြောင်းလဲသည်။ သောင်အနေအထားပြောင်းလဲသည်။ တချို့မြစ်ကမ်းသည် မြစ်ဖြင့် ဖဲ့စားပြိုပျက်၍ တစ်ချို့မြစ်ကမ်းသည် မြစ်ဖြင့် သောင်ထွန်းကာ ကမ်းပါးပိုတိမ် လာတတ်သည်။ မြစ်၏ ကွေ့ကောက်စီးဆင်းရာ ဦးတည်မှုအပေါ်မှာ မူတည်သည်။
          "ရေနံတင် သင်္ဘောကြီးအကြောင်း ပြောဦးလေ အဖေ"
          ရေနံတင် သင်္ဘောကြီးတွေသာမက ရေနံတူးစင်များ၊ မျှော်စင်များပါ သားမျက်စိထဲ မြင်ယောင်လာအောင် အဖေ အားပါးတရပြောပြသည်။ ချောက်နှင့် ရေနံချောင်းမှ တစ်ဆက်တည်း အဖေသည် သူမမှီလိုက်သော ရေနံမြေသပိတ် အကြောင်းကိုပါ ပြောလေသည်။
          "၁၃၀၀ ပြည့် အရေးတော်ပုံအကြောင်း မဟုတ်လား အဖေ။ ကျနော်တို့ စာသင်ရတယ်"
          သားနှင့်အတူ ယောင်နနဖြင့် အဖေ့ပုံပြင်နားထောင်နေသော ညီမလေးသည် ပခုက္ကူမရောက်မီ ကတည်းက အဖေ့ပေါင်ပေါ်မှာ အိပ်ပျော်လျက်ရှိသည်။ သားကတော့ ဧရာဝတီမြစ်အား စုန်ဆင်းအောင်မြင်ခဲ့သော အဖေ့ပုံပြင်ကို ညောင်တုန်းမြို့ရောက်သည်အထိ စိတ်ပါဝင်စားစွာ နားထောင်နေဆဲ။ အဖေ့မျက်နှာမှ အားမာန်နှင့် မျက်လုံးများ၏ ဂုဏ်ယူရိပ်ကို သားသည် အားကျစွာ ငေးမောနေလေသည်။
          "ရန်ကုန်ရောက်တဲ့အထိ အဖေတို့ ဘယ်နှစ်ရက်ကြာခဲ့သလဲဟင်"
          "ညတွေမှာ ကမ်းစပ်မှာအိပ်ပြီး နားကြတာဆိုတော့ အားလုံးပေါင်း ၁၈ရက် ကြာခဲ့တယ်ကွ"
          သားကတော့ ချက်ချင်း ငှက်တစ်ကောင်အဖြစ် ပျံဝဲကာ ဧရာဝတီကို မြင်ချင်လှပါပြီ။
          ဧရာဝတီကြောင့် ပျော်ရွှင်ကြည်နူးပြီး ဧရာဝတီကြောင့် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားနိုင်သူ လူသားတစ်ယောက်ဖြစ်သော အဖေသည် ဧရာဝတီနှင့် ကင်းကွာပြီး အသက်ရှင် နေထိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးချေ။
          အဖေ့မျက်နှာ သည်တစ်ခါလောက် ညှိုးနွမ်းခြောက်သွေ့နေသည်ကို သားတစ်ခါမျှ မမြင်ဖူးပါ။ အဖေ့ချွေးနဲစာ ကူးတို့ခများနှင့် အမေ့ဈေးတောင်းမှ ၀င်ငွေကလေးများကို အနှစ်နှစ်အလလခြစ်ခြုတ်စုဆောင်း ပြီး ဆောက်ခဲ့ရသော လေးပင်အိမ်ကလေးကို ဖျက်သိမ်းလိုက်ရသော နေ့တွင် အမေမျက်ရည်ကျသည်ကို ကြည့်၍ အဖေ တောက်တစ်ချက် ပြင်းပြင်းခေါက်ခဲ့သည်။ သားသည် ဧရာဝတီနှင့် ဝေးရာကို သွားရတော့မည်ဟူသည့် သတင်းကို ဟိုးခပ်စောစောကတည်းက သိထားသော်လည်း ဤသတင်း အတည်ဖြစ်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။ တကယ်တမ်း သားတို့ပြောင်းရွှေ့ရမည်ဆိုတော့ သားသည် ရင်ထဲမှာ ဆို့နင့်ဝမ်းနည်းနေ၏။
          "ဘာဖြစ်လို့တဲ့လဲဟင် အစ်ကို"
          စကားတတ်ခါစ ညီမလေးက သားကို အားကိုးတကြီးမေးတော့ သားက လူကြီးတစ်ယောက်ပမာ ဖြေခဲ့၏။
"ငါတို့တစ်တွေက ဧရာဝတီကို ဖျက်ဆီးကြလို့ပေါ့ဟာ။ ငါတို့မရှိရင် ဧရာဝတီက ပိုလှလာမှာမို့ပေါ့"
ထိုစကားကို သားကိုယ်တိုင် ယုံမိသလား ဆိုတာတော့ သားမသေချာပါ။
"အခုလည်း မြစ်ကြီးက လှနေတာပဲ"
ညီမလေးက သူထင်ရာကို စွတ်ပြောတော့ သားက ညီမလေးကို ခေါင်းညိတ်ပြသည်။
"ဧရာဝတီမြစ်ကမ်းပါးမှာ အိမ်ကလေးတွေ ဆောက်ထားတာ မြစ်ကိုလည်း ရုပ်ဆိုးစေတယ်။ လူရဲ့ အမှိုက်သရိုက်အညစ်အကြေးတွေကြောင့် မြစ်ဟာ ညစ်ပတ်လာတယ်။ မသန့်စင်တော့ဘူး"
အဖေက သားကိုယ်စား ညီမလေးကို ၀င်ဖြေပေးသည်။
"အထက်ပိုင်းက ဧရာဝတီဆိုရင် အခုလိုညစ်ထပ်ထပ်ရွှံ့ရောင် မဟုတ်ဘူး သမီးရဲ့။ ဟောဟို ကောင်းကင်ကြီးလိုပြာလဲ့ကြည်လင်နေတာ"
အဖေ့စကားကို ညီမလေးသိပ်နားမလည်ပါ။
"ညီမလေးတို့ ဘယ်ပြောင်းမှာလဲ"
"ဟို…မှာ မြင်နေတဲ့ ဘုရားကလေးတစ်ဆူ တွေ့လား။ အဲဒီဘုရားနဲ့ တည့်တည့်ကုန်းပေါ်မှာ ငါတို့အားလုံး နေကြရမယ်။ အခုလို သဲမြေမဟုတ်ဘူး။ မြေမာ၊ ကုန်းမြေ"
"မြစ်နဲ့ နီးသလား"
"အဝေးကြီး….အဝေးတကာ့ အ၀းကြီး။ နင် မြစ်ကိုတောင် လှမ်းမြင်နိုင်မှာ မဟုတ်ဘူး"
အဖေသည် တစ်ချိန်လုံး ငြိမ်သက်နေ၏။ အဖေကလည်း မျက်နှာသုတ် ပ၀ါကလေး လည်ပင်းမှာပတ်၍ မျက်ရည်ခိုးခိုးသုတ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။
ထို့နောက် အဖေသည် သူ့လက်ဖ၀ါး၊ လက်ဖမိုးနှင့် လက်ဖျံများကို တစ်ခါမှ မမြင်ဖူးသည့် အရာဝတ္တုတွေလို စူးစူးစိုက်စိုက်ကြည့်နေ၏။
"ဟောဒီလက်တွေနဲ့ ငါ နှစ်တွေအကြာကြီး လှော်တက်ကို ကိုင်ခဲ့တယ်။ ငါ့လက်တွေဟာ လှေရွက်တိုက်ဖို့ လှော်တက်ကိုင်ဖို့။ ရွက်ကြိုး အသိမ်းအနှုတ်အတတ် ပဲ့ကိုင်အတတ် အဲဒါတွေ ငါကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့တယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိခဲ့ပြီ သိလား။ ဘယ်ရာသီမှာ ဘယ်လေကြောင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါသိတယ်။ ပဲ့ကို ဘယ်လိုကိုင်ရမယ်၊ ရွက် ဘယ်အချိန် တင်ရမယ်ဆိုတာ ငါသိတယ်"
အဖေသည် သူ့လက်သူ ငုံ့ကြည့်ကာ တတွတ်တွတ်ရေရွတ်နေရာမှ အမေ့ကို လှည်းကြည့်လိုက်သည်။
"အေးမြိုင်…နင် မန္တလေးမှာ သိပ်နေချင်သလား"
အမေသည် အဖေ့ကို မျက်လုံးအ၀ိုင်းသားနှင့် ခဏငေးကြည့်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းရမ်းပြ၏။ သားက အဖေ့လက်မောင်းကို ခိုတွဲလိုက်သည်။
"ကျနော်လည်း မန္တလေးကို မချစ်ဘူး အဖေ။ ကျနော် ဧရာဝတီကိုပဲ ချစ်တယ်"
အဖေက ခပ်သဲ့သဲ့ပြုံး၏။
နောက်ဆုံးတွင် အဖေသည် သားအတွက် သိပ်အံ့သြစရာ မကောင်းသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အဖေသည် တချို့ပစ္စည်းများကို မလိုအပ်တော့ဘူးဟု ရှင်းပြကာ ရောင်းချပစ်လိုက်၏။ အိမ်တိုင်တွေ ၀ါးတွေ ထရံတွေ အကုန်ရောင်းချပစ်လိုက်သည်။ အိုးခွက်ပန်းကန်နှင့် အ၀တ်အထည်၊ သား၏ ကျောင်းစာအုပ် စသည့်ပစ္စည်းများကို လှေပေါ်မှာ စနစ်တကျတင်လိုက်သည်။ အဖေ ဘာလုပ်တော့မည်ဆိုတာ ညီမလေး မသိသော်လည်း သား သိသည်။
"ကျမတို့ ဘယ်ပြောင်းမလို့လဲ"
အမေကမေးတော့ အဖေက စဉ်းစဉ်းစားစား မျက်လုံးဖြင့် အမေ့ကိုတစ်လှည့် သားကိုတစ်လှည့် ကြည့်၏။
"မြစ်ကမ်းပါး ရွာတစ်ရွာပေါ့။ အခြေအနေအရပေါ့"
သားသည် လှိုက်ခနဲ ၀မ်းသာသွားသည်။
တစ်ခုသော အရုဏ်တက် နံနက်ခင်းတစ်ခုတွင် အဖေ၏ လှေသည် နေရာဟောင်းမှ အပြီးတိုင်ခွာခဲ့၏။ မြစ်ကမ်းပါးသည် အိမ်အိုအိမ်ဟောင်းများ ရှင်းလင်းသွားသောကြောင့် လှပသာယာနေသည်။ ဆိုက်ကပ်ထားသည့် လှေကြီး လှေငယ်များ၊ သင်္ဘောကြီးများမှာ သက်ဝင်လှုပ်ရှားစပြုနေပြီ။ စိတ်လက်ပေါ့ပါးနေသော သားသည် အမှောင်မပြယ်တပြယ် အလင်းမှိန်ဖျော့ဖျော့အောက်တွင် တွေ့သမျှလှေတွေပေါ်က လူများကို အားရပါးရ လက်ဝှေ့ယမ်းနှုတ်ဆက်နေ၏။ သားသည် ဧရာဝတီကို လက်ပြနှုတ်ဆက်ရမှာ စိုးရွံ့သလောက် လူတွေကို လက်ပြရသည့်အခါ ပျော်ရွှင်တတ်လေသည်။
ကောင်းကင်တွင် တိမ်များ ပြိုစပြုပြီ။ နေ့အလင်းရောင်သည် တိမ်အကွဲ အအက်များကြားမှ ထွက်ပြူစ ပြုလာသည်။ ငှက်ကလေးတချို့ အိပ်တန်းထကာ ပျံဝဲနေပြီ။
လေးပြင်းတစ်ချက် ဝှေ့လိုက်သောအခါ လှေသည် ရုတ်တရက် လွန့်လူးသွား၏။ သား၏ ကိုယ်မှာ ဆက်ခနဲဖြစ်သွားသည်။ သားကို နောက်မှလှည်းကြည့်နေသော အဖေက တက်မကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်းက ပြုံးလေသည်။
"သား ကြောက်သလားကွ"
သားသည် ကြောက်သည်ဟု ၀န်ခံရမှာကို ရှက်သလိုလိုဖြစ်နေသည်။
"ဧရာဝတီဟာ သားရဲ့ သူငယ်ချင်းဖြစ်နေသမျှ မြစ်ကြောင့် သားဘယ်တော့မှ ဒုက္ခမရောက်နိုင်ဘူး။ မြစ်ကိုသာ ရင်းနှီးပစေ… ကြားလား။ မြစ်ကြောင့် သားဘယ်တော့မှ မသေရဘူး"
သားသည် အားတက်ကာ ခပ်သွက်သွက် ခေါင်းညိတ်၏။
"နောက်ပြီး ဧရာဝတီမြစ်ကြီးရှိနေသမျှ သားတို့ဘယ်တော့မှ ထမင်းမငတ်စေရဘူးကွ… ကြားလား"
"ဟုတ်ကဲ့"
ခပ်လှမ်းလှမ်းမှာ စစ်ကိုင်းတံတားကြီးကို လှမ်းမြင်နေရသည်။
"အဖေ…ညတွေ ညတွေမှာ ကျနော့်ကို မြစ်ရဲ့ပုံပြင်တွေ ပြောပြဦးမှာ မဟုတ်လား"
"ပြောပြမှာပေါ့ကွ"
ခဏတိတ်ဆိတ်သွားပြီးနောက် အဖေက ခပ်တိုးတိုးစကားဆက်သည်။
"ဒါပေမဲ့ သား…သားကြီးပြင်းလာတဲ့အခါ သားကိုယ်တိုင် ဧရာဝတီမြစ်ရဲ့ ပုံပြင်သစ်တွေ ဖန်တီးယူရမယ်နော်။ သားကိုယ်တိုင်ပါတဲ့ ပုံပြင်မျိုးပါ့… ကြားလား"
အဖေ့မျက်နှာသည် တည်ငြိမ်ရင့်ကျက်နေသည်။ သားသည် ထိုကတိကို ရင်ထဲ နှလုံးသားထဲက ပေးလိုက်ခြင်းဖြစ်သည်။ သား၏ သားသမီးများကို သားကိုယ်တိုင်ပြန်ပြောမည့် ဧရာဝတီမြစ်ပုံပြင်များသည် အဖေ ပိုင်ဆိုင်သည့်ပုံပြင် မဖြစ်စေရ။ သားကိုယ်တိုင်ပါဝင် ဖန်တီခဲ့သည့် ပုံပြင်များသာ ဖြစ်ရပေမည်။
မိမိကိုယ်တိုင် ပါဝင်မည့် ပုံပြင်သစ်တစ်ခုကို တကယ်ဖန်တီးရန် သား၌ ခွန်အားပြည့်ရှိသည်ဟု သား ယုံကြည်သည်။
[၁၉၉၅ခု၊ သြဂုတ်လ၊ မဟေသီမဂ္ဂဇင်း]

         
         
Image and video hosting by TinyPic