Sunday, September 18, 2011

ညီမလေးက ပြောတယ်… ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့လူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။


ညီမလေးက ကျနော့်ကို တကယ်ပဲ အဲဒီလိုပြောခဲ့ပါတယ်။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာရှိတယ်လို့…လေ။ ညီမလေး သတိပေးလည်း ပေးချင်စရာပါပဲ။ ကျနော်ဆိုင်ကယ်စီးရင် ကြမ်းလွန်းတဲ့အတွက် ကျနော့်နောက်ကနေ သူမလိုက်ချင်ပါဘူး။ ကျနော် ရွာပြန်တိုင်း ဆိုင်ကယ်တစ်စီးနဲ့ အမျိုးတွေဆီ လျှောက်သွားတတ်ပါတယ်။ အလုပ်ပိတ်ရက်ရှည်ရရင်ဖြင့် ကျနော်တို့မြို့ ကလေးကတဆင့် ကျနော့်ရဲ့ ဇာတိရွာကလေးကို ရောက်သွားတတ်ပါတယ်။ အဲဒီရွာကလေးက မြို့နဲ့ ခြောက်မိုင်လောက်ဝေးပါတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်သွားရပါတယ်။ ရွာရဲ့ လူအများစုက လယ်ယာအလုပ်နဲ့ အသက်မွေးကြပါတယ်။ မိုးရာသီဆိုရင် စပါးတွေစိုက်ပြီး နွေရာသီဆိုရင် ပဲတို့ နေကြာတို့လည်း စိုက်ပျိုးကြတယ်။
          အဲဒီကျနော်တို့ရွာလေးက မြို့နဲ့ခြောက်မိုင်လောက်သာဝေးပေမဲ့ လျှပ်စစ်မီးမရှိပါဘူး။ တတ်နိုင်တဲ့သူများကတော့ မီးစက်ကလေးတွေနဲ့။ မတတ်နိုင်သူများလည်း ရေနံဆီမီး၊ ဖယောင်းတိုင်မီးတွေနဲ့ပေါ့။ သူဟာနဲ့သူတော့ အသားတကျဖြစ်နေတာပါပဲ။ တလောက လျှပ်စစ်ဝန်ကြီးပြောသွားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ တခြားရောင်းစားနေရတယ်ဆိုတာ ကိုလည်း သူတို့စိတ်မ၀င်စားနိုင်ကြပါဘူး။ လျှပ်စစ်ဆိုတာ တောနေလူတန်းစားနဲ့ လုံးလုံးမအပ်စပ် မသက်ဆိုင်ဘူးလို့ပဲ ရိုးရိုးတွေးပြီး ပိုလျှံနေတဲ့ အဲဒီလျှပ်စစ်တွေကို မျက်စောင်းတောင်မထိုးအားဘဲ ဖယောင်းတိုင်မီး၊ ရေနံဆီမီးအိမ်လေးတွေနဲ့ပဲ အများစုက နေသားတကျဖြစ်လို့နေတယ်။ ဒါတွေ ထားပါတော့လေ။ ဆက်ပြောနေရင် ကျနော့် ညီမလေးပြောတဲ့ အကြောင်းက လိုရင်းမရောက်နိုင်ဖြစ်ရော့မယ်။
လူနေထူထပ်တဲ့ လေကောင်းလေသန့် မရတဲ့ မြို့ပြကြီးကို မွန်းကျပ်တိုင်း ကျနော်တို့ ရွာကလေးကို လွမ်းနေမိတာပါပဲ။ ဒါကြောင့် ပိတ်ရက်ရှည်လေးရရင် ရသလို အဲဒီရွာကလေးမှာ အသက်၀၀သွားရှူမိတယ်ဗျာ။ အဲဒီရွာကလေးမှာ လေတွေက လတ်ဆတ်တုန်း၊ သဘာဝရှူခင်းတွေက စိမ်းညို့တုန်းဗျာ။ ပြီးတော့ မြို့ပြက တိုက်ခန်းတွေပေါ်ကနေ ကောင်းကင်ကို မော့မော့ကြည့်ပြီး ကြယ်ကလေးတွေကို လိုက်ရှာပေမဲ့ ကြယ်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် အခိုးအခွေ့တွေနဲ့ ဖုံးအုပ်နေလို့ မတွေ့ပေမဲ့ ကျနော့်ရဲ့ ရွာကလေးမှာတော့ ကောင်းကင်ဘယ်နေရာကိုပဲ ကြည့်ကြည့် ကြယ်ကလေးတွေက အလင်းရောင် တလတ်လတ်နဲ့ ကောင်းကင်ကြီး အပြည့်ပဲဗျာ။
          ကျနော် အဲဒီလိုရွာပြန်တိုင်း ပြန်တိုင်း အိမ်မှာ အမြဲမနေတတ်ပါဘူး။ ဆိုင်ကယ်တစ်စီးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လျှောက်သွားတတ်တယ်။ နေပူထဲလည်း လျှောက်သွားနေလို့ ကျနော့်မေမေရဲ့ အဆူလည်း ခံရပေါ့ဗျာ။ ဒီနှစ် နွေရာသီမှာ ကျနော်ရွာပြန်တော့ မေမေက ရွာထဲကို သွားစရာရှိလို့ ကျနော့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပါတယ်။ မေမေက ဖေဖေမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ရတာထက် ကျနော့်နောက်က လိုက်ရတာ ပိုစိတ်ချတယ်လို့လည်း ပြောသေးတယ်။
          အဲဒီလိုနဲ့ မေမေသွားချင်တဲ့ နေရာကို ကျနော်လိုက်ပို့ရပါတယ်။ ကျနော့်နောက်ကနေ မေမေက ဖြေးဖြေးမောင်းနော် ဖြေးဖြေးမောင်းနော်…..လို့ ပြောလာတာ လမ်းတလျှောက်လုံးပါပဲ။ ဒါပေမဲ့ ကျနော်မေမေ့ စကားကို နားမထောင်ခဲ့ပါဘူး။ လမ်းကလည်း ချိုင့်တွေကျင်းတွေနဲ့ ချောချောမွေ့မွေ့မရှိပါဘူး။ တစ်နေရာအရောက်မှာတော့ ချိုင့်ထဲကိုကျပြီး ပြန်အတက် ဆိုင်ကယ်က ဇက်ခေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လဲကျပါတော့တယ်။ အဲဒီအချိန်မှာ စက္ကန့်ပိုင်းလောက် ကျနော်ဘာကိုမှ မသိတော့ပါဘူး။ နောက် သတိပြန်ဝင်လာတော့ မေမေ့အတွက် စိတ်ပူပြီး မေမေ့ကိုကြည့်လိုက်တော့ မတ်တပ်ရပ်လျက်သားလေး တွေ့လိုက်ရတယ်။ မေ…ဘာဖြစ်သွားသေးလဲဟင်…ဘယ်နားနာသွားလဲ….ဒဏ်ရာရသွားသေးလား.. စတဲ့ မေးခွန်းတွေမေးချိန်မှာ မေမေကလည်း ကျနော့်ကို အလားတူပြန်မေးလို့နေတယ်။
          အဲဒီတုန်းက ကံကောင်းထောက်မစွာနဲ့ မေမေက ဘာဒဏ်ရာမှ မရခဲ့ပါ။ ကျနော်တို့သားအမိ အဲဒီလို ဆိုင်ကယ်နဲ့လဲကျသွားချိန်မှာ ကျနော့်တို့နားက ဖြတ်သွားတဲ့ ဆိုင်ကယ်နှစ်စီးက ဘာဖြစ်သွားသေးလဲ…. ဘယ်လိုဖြစ်တာလဲ သတင်းလာမေးပြီး၊ ကျနော်နဲ့မေမေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူပြီးမေးမြန်းနေတာနဲ့ လဲကျနေတဲ့ ဆိုင်ကယ်ကြီးပြန်မထောင်အားတာက ဆိုင်ကယ်ကိုပြန်ထောင်ပေးပြီး စက်ရပ်ပေးပါတယ်။ လဲကျသွားတာတောင် စက်ကမရပ်ဘဲ ဆိုင်ကယ်နောက်ဘီးကြီးက ထောင်နေပြီး တ၀ှီးဝှီးနဲ့ မြည်နေတော့ သူတို့က စက်ရပ်ပေးပါတယ်။
          လာကူညီတဲ့ သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိရဲ့လားတောင် ခုချိန်ပြန်စဉ်းစားရင် မမှတ်မိတော့ပါဘူး။ အဲဒီအချိန်က ဆိုင်ကယ်လဲကျလို့ မေမေ့အတွက် စိတ်ပူတာရော တခါမှ အခုလိုမဖြစ်ဘူးတာကြောင့် ရှက်တာရော အားလုံးပေါင်းစုံပြီး သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိပါရဲ့လား မသိတော့။ အဲဒီတုန်းက ကျနော့်ခြေထောက်မှာ ပွန်းပဲ့သွားရုံကလွဲပြီး တခြားဘာဒဏ်ရာမှတော့ မရခဲ့။ ပွန်းတာပဲ့တာလောက်ကတော့ ရွာပြန်တိုင်း ကျနော်ရနေကျ ဒဏ်ရာတွေဆိုတော့ သိပ်မပြောပလောက်ပါ။ တခါတလေ သစ်ပင်ရိပ်မှာ စာအုပ်တအုပ်နဲ့ စာဖတ်ရင်း သရက်သီးစားချင်စိတ်ပေါက်လို့ သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးမိလို့ သစ်ကိုင်းနဲ့ထိုးမိတဲ့ ဒဏ်ရာနဲ့၊ အဲဒီလိုဖြစ်တိုင်းလည်း ဒဏ်ရာလည်းရ အဆူလည်း ခံရတာပါပဲ။ ကလေးမဟုတ် သူငယ်မဟုတ်… ဒီအရွယ်ကြီးနဲ့ သစ်ပင်ပေါ်တက်ရလား၊ တယောက်ယောက်ကို ခူးခိုင်းပါလား။ အဲဒါ မိန်းကလေးတဲ့လား… စတဲ့ စတဲ့ အမျိုးစုံပါပဲ။
အခုဆိုင်ကယ်နဲ့ လဲတာတော့ အဆူမခံရပါဘူး။ နည်းနည်းလေး ဒဏ်ရာရပေမဲ့ မေမေ မေးတော့ ဘာမှမဖြစ်ဘူးလို့ပဲ စိတ်ချမ်းသာအောင်ပြောလိုက်မိပါတယ်။ တကယ်တော့ နောက်ပိုင်းမှ သေချာစဉ်းစားမိတာက အဲဒီလို လဲကျတုန်း မေမေဘာမှမဖြစ်လို့ တော်ပါသေးရဲ့လို့။ မေမေသာ တစ်ခုခုဖြစ်သွားရင် ကျနော်တော့ မတွေးဝံ့အောင်ပါပဲ။ နောက်ဆို ဆင်ခြင်ရပါမယ်။ ကျနော့်ဆိုင်ကယ်နောက်မှာ မေမေတို့ ညီမလေးတို့ လိုက်လာရင်ဖြင့် အထူးသတိထားပြီး မောင်းပါတော့မယ်လို့ တွေးနေမိပါတယ်။
          မေမေက ကျနော်ဆိုင်ကယ် အမောင်းကြမ်းလို့ ခဏခဏပြောတဲ့ စကားရှိတယ်။ မွေးထားတုန်းက အကောင်းလေး ကြီးလာမှ အကျိုးလေးဖြစ်နေမယ်…လို့ စိတ်ဆိုးဆိုးနဲ့ ပြောလေ့ရှိပါတယ်။ မေမေအဲလိုပြောတိုင်း ကျနော်ပြန်ပြောမိတာက ကိုယ့်အရှိန် ကိုယ်သိပါတယ် မေကလည်း… ဖြစ်ရင်တော့ ဘယ်တော့မှ ကျိုးပဲ့မှာမဟုတ်ဘူး… ဖြစ်ရင်တော့ အပြီးပဲ…ဆိုတဲ့ စကားကို ပြောလေ့ရှိတယ်။ အဲဒါဆို မေမေက မဟုတ်က ဟုတ်ကတွေ ပြောပြန်ပြီ… လို့ အထိတ်တလန့်နဲ့ မေမေ့ တားလေ့ရှိပါတယ်။
          ဟော အခုတော့ မေမေ့အပြင် ကျနော့်ထက် အသက် ၁၁နှစ်ငယ်တဲ့ ညီမလေးကပါ ပြောနေပါပြီ။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။ အဲဒီစကားက သူတို့ကျောင်းကို ယာဉ်ထိန်းရဲတွေလာပြီး ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းတွေလာပြောရင်း ပြောသွားတာတဲ့။ ပြီးတော့ ညီမလေးက ကျနော်မြို့ကလေးမှာ လတ်တလောလေးက ဖြစ်သွားတဲ့ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အသက်ငယ်ငယ်နဲ့ သေဆုံးသွားတဲ့ အစ်ကိုတစ်ယောက်အကြောင်းကို ပြောပါတယ်။ အဲဒီဆိုင်ကယ်မတော်တဆမှုဖြစ်တဲ့ အစ်ကိုက နိုင်ငံခြားမှာ အလုပ်လုပ်နေသူဖြစ်ပြီး မိဘညီအစ်ကိုမောင်နှမတွေဆီ တစ်လအလည်ပြန်လာတဲ့အချိန်လေးမှာ အဲဒီအဖြစ်ဆိုးနဲ့ ကြုံရတာပဲဖြစ်တယ်။ ဖြစ်တဲ့ နေရာမှာတင် ဦးနှောက်ထွက်ပြီး ပွဲချင်းပြီး အသက်ဆုံးသွားတဲ့ အကြောင်းကို ညီမလေးက စိတ်မကောင်းစွာနဲ့ပြောပြပြီး ကျနော့်ကိုလည်း သတိပေးပါတယ်။
ကျနော့်အတွက် စိတ်ပူလို့ပြောကြတဲ့ မေမေနဲ့ ညီမလေးတို့စကားကို ဒီတခါရွာပြန်ဖြစ်ရင် လိုက်နာပါတော့မယ်။ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပါတော့မယ်။ ဆိုင်ကယ်နဲ့ သွားလာလှုပ်ရှားနေတဲ့ ကျနော့်ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလဲ ဆိုင်ကယ်စီးရင် သတိထားပြီး ခပ်မှန်မှန်ပဲမောင်းပါလို့ ဒီကနေတဆင့် ပြောလိုက်ချင်ပါတယ်။ 
  Image and video hosting by TinyPic

No comments:

Post a Comment