လူတိုင်းမှာ
စာအုပ်ထဲမှာရေးထားတဲ့ ဒိုင်ယာရီနဲ့ နှလုံးသားထဲမှာ ရေးမှတ်ထားတဲ့ ဒိုင်ယာရီတွေရှိလိမ့်မယ်။
ကျနော့်အတွက် ဒီစာမျက်နှာလေးက ကျနော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလို့ဆိုရင် မမှားပါဘူး။
ဒီစာမျက်နှာပေါ်မှာ ဘယ်တော့မှ ရောက်မလာမယ့် အကြောင်းအရာတွေ၊ အမှတ်တရတွေလည်း ကျနော့်ဘ၀မှာအများကြီးရှိကောင်း
ရှိနေပါလိမ့်မယ်။
လူရယ်လို့ဖြစ်လာရင်
ဘ၀မှာ ထင်မှတ်မထားတဲ့ ကိစ္စရပ်တွေအများကြီးရှိတဲ့အထဲ ကျနော်လည်း လူထဲကလူတစ်ယောက်နည်းတူ
ထင်မှတ်မထားတဲ့ ကိစ္စတွေအများကြီး ကြုံခဲ့ရတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီးပေါ့။
ချစ်ခဲ့တယ်၊ လွမ်းခဲ့တယ်၊ ဝေးခဲ့တယ်၊ ငိုခဲ့တယ်။ ဒါတွေက လွယ်လွယ်မေ့ဖို့ မလွယ်ပေမဲ့
အခုတော့ ကျနော့်မှာ ဒီဒဏ်ရာတွေ သက်သာစပြုလာပြီလေ။ အရင်ကဆို ဒီစာမျက်နှာလေးကို လာဖို့သတ္တိမရှိခဲ့ဘူး။
ကိုယ့်အနာကိုယ် ပြန်စမ်းဖို့ သတ္တိမရှိတာလည်း ပါတာပေါ့လေ။ ကျနော်က သူရဲဘောကြောင်သူ
သက်သက်ပဲ။
အရင်ကဆို
သီချင်းသံကြားရင်တောင် မျက်ရည်ဝဲတတ်တဲ့ ကျနော်က အခုဆို အားလုံးကိုမေ့ပစ်နိုင်ခဲ့ပြီ။
သီချင်းသံတွေ ဝေးတဲ့နေရာကို ပြေးထွက်သွားစရာမလိုတော့ဘူး။ အဲဒီလိုဖြစ်ဖို
အချိန်ရယ်၊ နာကျင်ရတဲ့ နှလုံးသားတစ်ခုရယ်တော့ ရင်းနှီးမြှုပ်နှံရတာပေါ့လေ။
ဒီနေ့တော့
ကျနော်ကိုယ်တိုင် ခြေချဖို့ မရဲတဲ့ ဒီစာမျက်နှာလေးမှာ ကိုယ့်ဒဏ်ရာကို ပြန်လာရှာတယ်လေ။
မနာကျင်တော့တာကလွဲလို့ အမာရွတ်ကတော့ ကျန်ရစ်ခဲ့မှာပေါ့လေ။
အချိန်တွေ
တရွေ့ရွေ့ပြောင်းလဲသွားတယ်။ နေ့စဉ်နဲ့အမျှ နေမင်းကြီးက တာဝန်ကျေသလို၊ ညရောက်တိုင်းလည်း
လမင်းကြီးက သူ့တာဝန်သူကျေခဲ့တယ်။ လမင်းကြီးမရှိတဲ့တချို့ညတွေမှာ တခဏတာ မှောင်မှိတ်နေပေမဲ့
အချိန်ကာလတစ်ခုမှာတော့ လမင်းကြီးက အေးမြတဲ့အလင်းရောင်နဲ့ ပြန်ပေါ်လာတယ်လေ။