ကျနော် ဒီနေ့အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့မိတယ်။ ဟုတ်တယ်။ ကျနော် ဒီရက်မတိုင်မီ လွန်ခဲ့တဲ့ရက်တွေကတည်းက စိတ်လှုပ်ရှားပြီးနေမိတာလေ။ ဒါပေမယ့် ဒီနေ့ကတော့ ကျနော့်ရဲ့ အပျော်ဆုံးနေ့တနေ့လို့ ပြောလို့ရတဲ့ နေ့ပါပဲ။ ဒီနေ့က ၁၃.၁၁.၂၀၁၀ ဖြစ်တယ်။ ဒီနေ့ ကျနော်တို့ရဲ့ အမေစု နေအိမ်အကျယ်ချုပ်ကနေ ညနေ ၅း၁၅မှာ လွတ်မြောက်ခဲ့တယ်လို့ သတင်းကြားတော့ ကျနော်ဘ၀ရဲ့ အပျော်ဆုံးသတင်းတခုဖြစ်ခဲ့ပါတယ်။
ကျနော် သိတတ်စအရွယ်ကတည်းက ကျနော့်ရဲ့စိတ်ကို လွှမ်းမိုးထားတဲ့သူတယောက်၊ နောက်ပိုင်းမှာ သူ့ရဲ့ပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကျနော့်ဘ၀ရဲ့ ယုံကြည်လေးစားရတဲ့ လူတယောက်ဖြစ်ခဲ့ပါတယ်။ ကျနော်ငယ်ငယ်က အမေစုကိုမြင်ခွင့်ရချင်လို့ သတင်းမကြည့်တဲ့ကျနော်က အာဇာနည်နေ့တွေဆို ည ၈နာရီမှာလာတဲ့ ပြည်တွင်းသတင်းကို စောင့်ကြည့်ခဲ့တယ်။ အမေစု သူမရဲ့ အဖေ ကျနော်တို့ ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်းကို လာရောက်ဂါရ၀ပြုတာကို မြင်ချင်တာပါ။ မှတ်မှတ်ရရ တခါသာ ဖျတ်ခနဲ့ဆို အမေစုရဲ့ရုပ်ပုံကို တွေ့ဖူးလိုက်တယ်။ တခါတလေမှာ ကျနော် တီဗွီနဲ့အဝေးရောက်နေချိန်မှာ မေမေတို့က လာပြီ…လာပြီ ဒေါ်စုလာနေပြီ။ မြန်မြန်လာကြည့်လို့ အော်ခေါ်ချိန်မှာ မြင်ချင်ဇောနဲ့ အပြေးအလွှားလာခဲ့ပေမယ့် ကျနော်ရောက်တော့ တခြားသတင်းပြောင်းသွားပြီ။ အော်…ဒီနှစ်တော့ မမြင်လိုက်ရတော့ဘူးပေါ့ဆိုတဲ့ အတွေးနဲ့ပဲ…။ စက္ကန့်အနည်းငယ်လေးသာ ဖော်ပြတဲ့သတင်းကြောင့် ကျနော် ငယ်ငယ်ကနေ အသက် ၁၉နှစ်လောက်ထိ အမေစုကို ခန္ဒာကိုယ်ပါးပါးလျားလျားနဲ့ လမ်းလျှောက်ရင် ယုံကြည်မှုနဲ့ အားမာန်တွေပြည့်နေတဲ့ ပုံသဏ္ဌာန်လေးသာ စိတ်ထဲမှာ စွဲနေမိသည်။ မျက်နှာကိုကား သေသေချာချာမမြင်ဖူးခဲ့ပါ။

