Thursday, June 2, 2011

နေသားကျသွားတဲ့ ဘ၀များ … (၁)

''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး… ဆိုတဲ့ ဆရာဂျူးရဲ့စကားလေးကို ကျနော်ဖတ်မိတော့ ကျနော့်မှာ စဉ်းစားစရာတွေများလာတယ်။ နေသားကျသွားတဲ့ ဘ၀များစွာကို ကျနော်တို့တွေ မျက်မြင်ကိုယ့်တွေ့ မြင်တွေ့ကြမှာပါ။ တခါတလေ ကျနော်တို့ကိုယ်တိုင်လည်း လက်ရှိဘ၀တွေကိုပဲ အလိုက်သင့်မျောရင်း မတုန်မလှုပ်နဲ့ နေသားကျချင်ချင်ရယ်ပါ။ တလောက ကျနော်အိမ်မှာရှိနေတဲ့ရက်တွေမှာ ဖွားဖွားက ဈေးကို အိမ်အတွက် ဟင်းချက်စရာတွေဝယ်ဖို့လွှတ်လိုက်တယ်။ တကယ်တော့ ကျနော်မကျွမ်းကျင်တဲ့အလုပ်တွေထဲမှာ ဈေးဝယ်တာလည်းပါပါတယ်။ ညံ့တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားမှာပါ။ ဖွားဖွားက ၀ယ်ဖို့အတွက် ငါးနာမည်ကိုသေချာပြောလိုက်တာတောင် ဈေးကိုရောက်တော့ ငါးသည်တွေအများကြီးရဲ့ ဈေးဗန်းတွေထဲမှာထည့်ထားတဲ့ ငါးအမျိုးအစားအများကြီးထဲမှာ ကျနော်ဝယ်ရမယ့်ငါးက ဘယ်ငါးမှန်း မသိခဲ့ဘူး။ အဲဒီလိုနဲ့ သားငါးတန်းမှာ အနံ့အသက်ဆိုးဆိုးတွေ ငါးညှီနံ့တွေ အသားတွေလှီးဖျက်ထားတဲ့ သွေးသံရဲရဲတွေကိုကြည့်ရင်း ဖြစ်နိုင်ရင် ဈေးတန်းထဲမှာ မျက်စိမှိတ် နှာခေါင်းပိတ်ပြီး လမ်းလျှောက်ချင်ခဲ့တယ်။ မနက်စောစောမို့ ၀ယ်သူများနဲ့ ကြပ်ညှက်နေတဲ့ကြားထဲက ကျနော့်မျက်လုံးက ငါးရောင်းနေတဲ့ အစ်မတယောက်ဆီရောက်သွားတော့ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိတာကြောင့် ဘယ်မှမြင်ဖူးပါလိမ့်ဆိုပြီး အကြိတ်အနယ်စဉ်းစားနေမိတော့တယ်။ အရပ်ပုပျက်ပျက် ခန္ဒာကိုယ်၀၀ မျက်နှာဝိုင်းဝိုင်းနဲ့ အဲဒီအမကိုရင်းရင်းနှီးနှီးမြင်ဖူးနေတာအမှန်။ သူ့ရဲ့ ၀တုတ်နေတဲ့ လက်မောင်းက ဆေးမင်ကြောင်တွေများလား…ဆိုပြီး သေချာကြည့်တော့မှ မဟုတ်ပါ။ ငါးမျိုးစုံကို လက်လီကော လက်ကားကော ရောင်းပုံရပါတယ်။ သူ့လက်မောင်းမှာ ဗြုန်းခနဲကြည့်တော့ ဆေးမင်ကြောင်တွေလို့ ထင်ရပေမယ့် တကယ်တော့ ငါးဈေးနှုန်းနဲ့ ပိဿချိန်ကိုတွက်ထားတဲ့ ဘောလ်ပင်မင်ရာတွေဖြစ်နေပါတယ်။ ကျနော်လည်း သူ့မျက်နှာကို အသေအချာကြည့်ပြီး သတိမရမချင်း ဘယ်မှာမြင်ဖူးတယ်ဆိုတာကို ဦးနှောက်ကို အလုပ်ပေးနေမိတော့တယ်။

ခဏအကြာမှာတော့ ကျနော်သူ့ကိုမှတ်မိသွားတယ်။ သူ့ကိုကျနော် ကျောင်းမှာမြင်ဖူးတာပဲ။ ဟုတ်တယ်။ တက္ကသိုလ်မှာ ကျနော်မြင်ဖူးခဲ့တာ။ သူက ကျနော်တို့လို့ ရိုးရိုးဘွဲ့တခုအတွက် တက်နေတဲ့သူမဟုတ်ဘဲ မဟာဘွဲ့အတွက် တက်နေခဲ့သူတဦးဖြစ်တယ်။ ကျနော့်ရဲ့ အမလိုချစ်ခင်ရတဲ့ မကြီးတို့နဲ့ မေဂျာကွဲပေမယ့် အတန်း အတူတူပဲဖြစ်လောက်ပါတယ်။ ကျနော်သတိထားမိနေတာက မကြီးတို့လို မဟာဘွဲ့အတွက်တက်နေသူဖြစ်တာက တကြောင်း၊ တခါတရံ ဖယ်ရီပေါ်မှာ မြင်တွေ့နေတာက တကြောင်းကြောင့်ရယ်ပါ။ သူဆိုရင် ရိုးရိုးဘွဲ့အတွက် အချိန်က သုံးနှစ်၊ နောက်မဟာဘွဲ့ဆက်တက်တာက သုံးနှစ် စုစုပေါင်း ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို တက္ကသိုလ်မှာပဲ အချိန်ကုန်စေခဲ့တယ်။ အဲဒီပေးဆပ်တဲ့အချိန်နဲ့ ရလာမယ့်အခွင့်အလမ်းတခုခုကိုတော့ သူမျှော်လင့်ခဲ့မပေါ့။ မမျှော်လင့်ဘဲနဲ့တော့ ဘယ်သူမှ ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတခုကို ပေးဆပ်ခဲ့မှာမဟုတ်ပါဘူး။ သူမျှော်လင့်ခဲ့မှာက မဟာဘွဲ့ရသွားရင် တက္ကသိုလ်မှာပဲ ကျူတာဆရာမအဖြစ် အလုပ်ဆက်လုပ်မယ်…ပြီးရင် တဆင့်ပြီးတဆင့်…. နောက်ပိုင်းအဆင့်တွေ သူအများကြီးမမျှော်လင့်ခဲ့ရင်တောင် ကျောင်းမှာ ဆရာမပြန်လုပ်ဖို့တော့ ရည်ရွယ်ချက်ရှိမှာပဲ။ မဟာဘွဲ့ရရင် အခုလို အရပ်စကားနဲ့ပြောရင် ငါးစိမ်းသည်တယောက်ရဲ့ ဘ၀နဲ့ ရပ်တည်မယ်လို့ ဘယ်သူက စဉ်းစားထားမှာလဲ။ စိတ်ကူးထဲမှာတောင် တွေးကြည့်မယ့်ကိစ္စတခုမဟုတ်ခဲ့ပါဘူး။ တချိန်တုန်းက တက္ကသိုလ်မှာ သက်ဆိုင်ရာဘာသာရပ်အတွက် သုသေတနလုပ်နေတဲ့ လက်တွေက အခုတော့ ညာဘက်က ငါးခုတ်ဓါးကိုကိုင်လို့ ဘယ်ဘက်က ငါးအမြီးကိုကိုင်ပြီး ခပ်သွက်သွက် အကြေးခွံ နွှာနေတာဟာ ကျွမ်းကျင်ပိုင်နိုင်လွန်းလို့ တက္ကသိုလ်မှာဆို အဲဒီဘာသာရပ်ကို ဂုဏ်ထူးတောင် ရလောက်ပြီပေါ့။ အရင်က ဘောလ်ပင်ကို စနစ်တကျကိုင်ပြီး သပ်ရပ်တဲ့စာအုပ်လေးတွေမှာ လှလှပပလေးရေးခြစ်ခဲ့ပေမယ့် အခုတော့ ဖြစ်သလိုကြုံသလို ရေးတတ်နေပုံရတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းက သချာင်္ဂဏန်းတွေနဲ့ စုပေါင်းတန်ဖိုးတွေက သက်သေပြနေလေရဲ့။ ချိန်ခွင်နဲ့အလေးကို ကိုင်တွယ်ပုံက တကယ့်ငါးသည်ကြီးတယောက်လို။ တဖက်မှာ ၀ယ်သူကိုဈေးရောင်းရင်း တဖက်ကလည်း ငါးခြင်းတွေသယ်တဲ့အလုပ်သမားလေးတွေကို စိတ်တိုင်းမကျဟန်နဲ့ ဆူပူမာန်မဲနေပြန်တယ်။ အဲဒီအချိန်ခဏလေးမှာ ကျနော်အတွေးထဲမှာ ဖွားဖွားဝယ်ခိုင်းလိုက်တဲ့ငါးကိုလည်း သတိမရတော့။ နေသားကျနေတဲ့ ဘ၀တခုကို အံ့သြစွာနဲ့ ငေးကြည့်နေမိတော့တယ်။

လွန်ခဲ့တဲ့ခြောက်လလောက်က ရုံးပိတ်ရက်တရက်မှာ ကျနော့်သူငယ်ချင်းနဲ့အတူ သူနေတဲ့ ရန်ကုန်တဖက်ကမ်းက မြို့လေးတမြို့ကိုရောက်သွားခဲ့တယ်။ သူတို့အိမ်ကိုအသွား လမ်းမှာ ကျနော်တို့ကျောင်းတက်တုန်းက ရင်းနှီးခဲ့တဲ့ အတန်းထဲက မိန်းကလေးတယောက်ရဲ့ ဈေးဆိုင်လေးရှေ့ရောက်တော့ ကျနော့်သူငယ်ချင်းက ကျနော့်ကို နှုတ်ဆက်ဖို့ပြတယ်။ ကျနော်လည်း မတွေ့တာကြာပြီဖြစ်လို့ နေကောင်းလား အဆင်ပြေလား စတာတွေကို မတ်တပ်ရပ်ရင်းနဲ့ပဲ ပြောဆိုရင်း သူ့ရဲ့ဆိုင်လေးကို တချက်သတိထားကြည့်မိလိုက်တယ်။ ဆိုင်လေးလေးကလေးထဲမှာ မုန့်ပဲသရေစာလေးတွေ၊ ကွမ်းယာ ဆေးလိပ် စတာလေးတွေနဲ့ ခြောက်ခြောက်ကပ်ကပ်ဆိုင်လေးပါပဲ။ ကျနော်တို့စကားပြောနေတုန်းပဲ ကွမ်းယာလာဝယ်သူ အမျိုးသားတယောက်က သူစားနေကျ ကွမ်းယာကိုပြောတော့ ချက်ခြင်းပဲသူရဲ့လက်ကလေးတွေက လှုပ်ရှားလိုက်တာ မြန်မှမြန်ပဲ။ ကျနော်တွေးမိလိုက်တာက ဒါတွေက ဘ၀က သင်သွားတာပဲလို့။ ဘယ်တက္ကသိုလ် ဘယ်ကျောင်းမှာမှ ဒီပညာရပ်တွေ မသင်ကြားခဲ့ရပါဘူး။ ရိုးရိုးဘွဲ့တခုက ဘ၀ရပ်တည်ဖို့အတွက် အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ သူပေးနိုင်တာက စာရွက်တရွက်ရယ် ပြီးတော့ ဧည့်ခန်းမှာ လူအမြင်တင့်တယ်စေဖို့ ချိတ်ဆွဲထားမယ့် ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံတပုံရယ်ပါပဲ။ ဘ၀ကပေးတဲ့ ပညာကတော့ သူ့ဘ၀အတွက် သူ့မိသားစုအတွက် မပိုလျှံပေမယ့် အသက်ရှင်ရပ်တည်ဖို့အတွက်တော့ လောက်ငပုံရပါတယ်။ ဘွဲ့တခုရပြီး အစိုးရ၀န်ထမ်းအလုပ်တခုခုကို ၀င်လုပ်ဖို့ကျပြန်တော့လည်း အစိုးရ၀န်ထမ်းအလုပ်က မိသားစုကိုထောက်ပံ့ဖို့မပြောနဲ့ ကိုယ်တဦးတည်းတောင် မနည်းရပ်တည်ရမယ့် လစာမျိုးပါ။ ဒါပေမယ့် အစိုးရအလုပ်မှာလည်း လစ်လပ်နေရာပေါများလားဆိုတော့ မပေါပါဘူး။ တခါတလေ နေရာလစ်လပ်လို့ ၀န်ထမ်းခေါ်တယ်ဆိုရင်တောင် နေရာအဆင့်သတ်မှတ်ချက်အရ အလုပ်ရဖို့ကို ရေလောင်းရတာက ငါးပုံးတို့ ဆယ်ပုံးတို့လို့ ကြားဖူးနားဝရှိခဲ့တယ်။ ရာထူးဌာနပေါ်မှာမူတည်ပြီး ဒီထက်လည်း များများလောင်းရနိုင်ပါတယ်။ အစိုးရ၀န်ထမ်းမဟုတ်ဘဲ ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ အရည်အချင်းပေါ်မူတည်ပြီး နေရာရနိုင်ပါသေးတယ်။ ရိုးရိုးဘွဲ့လက်မှတ်တခုတည်းတော့မဟုတ်ဘဲ တခြားကျွမ်းကျင်ရာ certificate မျိုးစုံနဲ့ပေါ့။ တကယ်တော့ သုံးနှစ်ဆိုတဲ့အချိန်ကာလတခုကနေ သင်ကြားတက်မြောက်လာတဲ့ အရည်အချင်းတွေက အသုံးမ၀င်တော့ဘဲ ခြောက်လတန်သည်…တနှစ်တန်သည်လောက်နဲ့ သင်ကြားခဲ့တဲ့ အရည်အချင်းက ဒီနေရာမှာ ပိုပြီးအသုံးဝင်နေတာကတော့ နေသားကျနေတဲ့ အရာတခုပဲလား မပြောတတ်။

ကျနော်တို့ အဲဒီဈေးဆိုင်လေးကပြန်မထွက်ခင် သူက ကျနော်တို့ကို မုန့်တခုခုစားသွားပါဦးလို့ပြောတော့ ကျနော်က မူးတဲ့ကွမ်းတယာလောက် ယာပေးပါလို့ပြောတော့ ကျနော့်သူငယ်ချင်းကကော သူကပါ မစားရပါဘူးလို့…. အသည်းအသန် ကန့်ကွက်နေကြတော့ မူးချင်နေလို့ပါလို့… ကျနော်ပြန်ပြောလိုက်မိတယ်။ ကျနော် သူကွမ်းယာရောင်းနေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေမိတယ်။ ဘွဲ့လက်မှတ်နှစ်ခုကိုင်ပြီး ငါးစိမ်းသည်ဘ၀ရောက်နေသူ၊ လက်မှတ်တခုနဲ့ ကွမ်းယယာရောင်းနေသူ ပြီးတော့ ပဲပြုတ်ရောင်းနေသူတို့ဘာတို့လည်း ရှိနေနိုင်သေးတာပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းလို့ပြောလို့ရနိုင်မယ့် သူတို့မိသားစုအတွက် ရုန်းကန်နေတာဟာ သမ္မာအာဇီဝနည်းနဲ့ ရိုးရိုးသားသားရှာဖွေလုပ်ကိုင်နေခြင်းဖြစ်တာတော့ ၀မ်းသာဂုဏ်ယူစရာပါ။ ဘွဲ့တခုရပေမယ့် ဘ၀အာမခံချက်အတွက်မရေရာလို့ မိသားစုစားဝတ်နေရေးအတွက် လမ်းမှားရောက်နေကြတဲ့ မိန်းကလေးတွေရဲ့ဘ၀ကတော့ ရင်နာစရာပါပဲ။ ကေတီဗီတို့ မာဆက်တို့လိုနေရာမျိုးတွေမှာ မရောက်သင့်ဘဲရောက်နေကြရရှာတဲ့ မိန်းကလေးတွေရဲ့အကြောင်းတွေကို ကြားမိရင်း ကျနော်ရင်နာမိပါတယ်။ မိသားစုရဲ့စားဝတ်နေရေး ကျန်းမာရေးနဲ့ မောင်လေးတွေ ညီမလေးတွေရဲ့ ပညာရေးတာဝန်တွေဟာ သူတို့တွေရဲ့ပုခုံးထက်ကိုရောက်လာတဲ့အခါ သင်ကြားထားတဲ့ပညာနဲ့ရပ်တည်ဖို့မဖြစ်တဲ့အခြေအနေတွေမှာ သူတို့တွေရဲ့ဘ၀ဟာ ရုန်းကန်ရင်း နစ်သထက်နစ်သွားရတာပါပဲ။ အဲဒီပြဿနာတွေရဲ့ အဓိကအခြေခံကတော့ နိမ့်ကျတဲ့ ပညာရေးစနစ်ကြောင့်လို့ ဆိုရမှာပါပဲ။ အရည်အချင်းရှိတဲ့ ဆရာ၊ အရည်အချင်းရှိတဲ့ ကျောင်းသားနဲ့ အရည်အသွေးပြည့်ဝတဲ့ ဘွဲ့လက်မှတ်တခုဖြစ်ဖို့က အဓိကလိုအပ်ချက်တွေပါ။ ဒါပေမယ့် ကျနော်တို့တော်တော်များများက အဲဒါကိုမစဉ်းစားနိုင်ဘဲ လက်ရှိဖြစ်ရပ်ပေါ်မှာပဲ အလိုက်သင့်မျောပါမှန်းမသိ မျောပါရင်း နေသားကျနေကြတယ်။

ဆရာမပြောခဲ့သလိုပဲ ''တယောက်ယောက်က ပစ်ချထားတဲ့ ဘ၀ထဲမှာ အဲဒီ ပစ်ချထားချင်တဲ့သူ ဖြစ်စေချင်တဲ့ အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားတွေ မဖြစ်ချင်ဘူး။ အဲဒီဘ၀နဲ့ နေသားကျမသွားချင်ဘူး…'' ဆိုတဲ့ စိတ်ကလေးနဲ့ ကျနော်တို့တွေနှိုးထသင့်နေပါပြီ။ တယောက်ယောက်က ပစ်ချထားတဲ့ဘ၀ထဲမှာ သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်ရဘူး….ဆိုတဲ့ မာနလေးနဲ့ပဲဖြစ်ဖြစ် ကျနော်တို့တွေ ထိုးထွက်လာသင့်တယ်။ ပစ်ချခံလိုက်ရပေမယ့် သူဖြစ်စေချင်တဲ့အတိုင်း အလိုက်သင့်ဖြစ်နေတဲ့ လူအမျိုးအစားဘ၀ထဲက ရုန်းထွက်နိုင်ရင်ပဲ ကျနော်တို့တွေ မရှုံးသေးပါဘူး။
2.6.2011 (12:24AM)


 
Image and video hosting by TinyPic

ပုရွက်ဆိတ်မောင်နှံသို့ မေတ္တာလက်ဖွဲ့


မေလ ၁၅ ရက်နေ့က ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးတယောက်ရဲ့ မင်္ဂလာပွဲတဲ့။ စိတ်မကောင်းဖြစ်မိတာက ကျနော် အဲဒီမင်္ဂလာပွဲကို မရောက်ဖြစ်ခဲ့လိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော်တို့ သူငယ်ချင်းသုံးယောက် တွေ့ခဲ့ကြသေးတယ်။ ဒါပေမယ့် မင်္ဂလာပွဲနဲ့ပတ်သက်ပြီး စကားတောင်မဟခဲ့။ ဒါပေမယ့် တရက်လောက် အေးအေးဆေးဆေးတွေ့ပြီး ကျနော်တို့နှစ်ယောက်ကို ပြောစရာရှိသေးတယ်လို့တော့ ပြောခဲ့သေးတယ်။ ဘာအကြောင်းအရာမှန်းတော့ မသိခဲ့။

အခုတော့ ဆိုင်းမဆင့် ဗုံမဆင့် ဘယ်လိုက ဘယ်လို မင်္ဂလာဆောင်သွားပါလိမ့်လို့ ကျန်ပုရွက်ဆိတ်ကလေးနဲ့ တအံ့တသြပြောကြဆိုကြ။ ကျန်ပုရွက်ဆိတ်ကလေးကတော့ အေးအေးနေတတ်သူပီပီ ငါလည်းအံ့သြသွားတာ… ခပ်ပြုံးပြုံး သူဆိုပေမယ့် ကျနော့်ရဲ့ တွေ့ရင်တော့လား…မလွယ်ဘူးမှတ်…ဆိုတဲ့ ကြိမ်းဝါးသံကို ပုရွက်ဆိတ်ကလေးက အသံမထွက်ဘဲ ရယ်နေတော့တယ်။ ပြီးတော့သူက အဲဒါကြောင့်မို့လို့ ဟိုတယောက်ကပြောနေတာ…. နင်တော့ဘာပြောမလဲမသိဘူး…နင့်ကိုကြောက်တယ်လို့ ငါ့ကိုပြောနေတယ်လို့…. ပြောရင်း ရယ်နေတော့တယ်။ အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်ကလေးက ကျနော့်ထက် အသက် တနှစ်ကျော်ကျော်ကြီးတာဆိုတော့ ၂၅နှစ်ပေါ့။ ကျနော်ကတော့ ကျနော့်သူငယ်ချင်း ပုရွက်ဆိတ်ကလေးကို နှမြောမိတာပါပဲ။ အချိန်စောလွန်းသေးတယ်လို့ ထင်မိလို့ပါ။
ကျောင်းမှာတုန်းက ကျနော်နဲ့တခုံတည်းမှာထိုင်တဲ့ သူတို့နှစ်ယောက်က တကယ့်ပုရွက်ဆိတ်ကလေးတွေလို သေးသေးကွေးကွေးလေးတွေ။ နှစ်ယောက်လုံးရဲ့ အရပ်က ၅ပေ ၂လက်မလောက်တော့ ရှိကြတယ်။ ပြီးတော့ ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်လေးတွေနဲ့။ ကျောင်းကိုလာတိုင်း သနပ်ခါးလေးတွေကိုယ်စီနဲ့… တခါတလေမှာ မိတ်ကပ်မှုန်မှုန်လေးတွေ နှုတ်ခမ်းနီစိုစိုလေးတွေနဲ့ အလှပြင်လာတတ်သေးတယ်။ ကျနော်က သူတို့နှစ်ယောက်နဲ့ နည်းနည်းမှမတူ။ အရပ်ရှည်ရှည် ဆံပင်တိုတို မျက်နှာပြောင်ပြောင်နဲ့ပဲ အမြဲလာနေတတ်တော့ တခါတလေ စိတ်လိုလက်ရ သနပ်ခါးလိမ်းလာရင်တောင် ဒီနေ့ထူးထူးဆန်းဆန်း အလှပြင်လာပါလားလို့… အပြောခံရတဲ့သူ။ အဲဒီပုပုသေးသေးလေး နှစ်ယောက်ကြားမှာမှ ကလန်ကလားနဲ့ကျနော်က အခုမင်္ဂလာဆောင်သွားတဲ့ ခပ်စွာစွာပုရွက်ဆိတ်ကလေးနဲ့ မတည့်အတူနေလို့ပြောရလောက်အောင်ကို တခုံတည်း အတူထိုင်ပြီး ခဏခဏ ရန်ဖြစ်ရတယ်။

သူနဲ့ကျနော်က စာဖတ်တာဝါသနာတူပေမယ့် စာအမျိုးအစားတော့ မတူခဲ့။ အဲဒီအတွက်ကြောင့်နဲ့ မကြာမခဏရန်ဖြစ်ခဲ့တယ်။ နှစ်ယောက်အတူ စာကြည့်တိုက်သွားပြီး လမ်းမှာစာအုပ်အကြောင်းပြောရင်း ပြန်လာတော့ အတန်းထဲကို တယောက်တကွဲပြန်လာခဲ့ဖူးတယ်။ သူက သရဲ သစ္ဆေအကြောင်းပါတဲ့ စာအုပ်တွေဖတ်ပြီး ကျနော်ကတော့ ရသစာပေနဲ့ ဘာသာပြန်စာအုပ်တွေဖတ်တယ်။ ကျောင်းစာကြည့်တိုက်မှာက စာအုပ်နာမည်တွေ စာရေးသူနာမည်တွေကို ကတ်တလောက်နဲ့နံပါတ်တွေရေးပြီး ခွဲထားပေမယ့် ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို စာအုပ်နာမည် စာရေးသူနာမည်နဲ့ ကတ်တလောက်နံပါတ် ပြောရပေမယ့် များသောအားဖြင့် စာကြည့်တိုက်ဝန်ထမ်းတွေက အလွယ်တကူရှာရလွယ်တဲ့ စာအုပ်တွေကိုပဲ ထုတ်ပေးတာများတယ်။ အဲဒီစာအုပ်က ရှာရခက်တယ်တို့….တခြားတယောက်ငှားသွားတယ်လို့…ပြောပြီး သုံးနှစ်သာကုန်သွားပေမယ့် မဖတ်လိုက်ရတဲ့၊ ဘယ်အချိန်မေးမေး မအားဘူးဆိုတဲ့ စာအုပ်တွေက အများသားပင်။

အဲဒီအချိန်တွေတုန်းက ခပ်စွာစွာပုရွက်ဆိတ်ကလေးဖတ်တဲ့ စာအုပ်တွေကို ကျနော်က အဓိပ္ပာယ်မရှိဘူး…အဲလိုစာတွေဖတ်တာ ရူးသွပ်တာလို့… မညှာမတာဝေဖန်ခဲ့ဖူးပြီး အဲဒီစကားအတွက် နောက်ပိုင်းမှ ကျနော် နောင်တရနေမိခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်တန်ဖိုးမထားပေမယ့် သူတပါးတန်ဖိုးထားတာကို နားလည်မပေးနိုင်ခဲ့။ လူတိုင်းမှာ ကိုယ့်အယူအဆနဲ့ကိုယ်… ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ကိုယ်ဆိုတာကိုလည်း အလေးမထားခဲ့။ အခုချိန်မှာ အဲဒီအကြောင်းကို အကြောင်းတိုက်ဆိုင်လို့ သတိရမိတိုင်း ကျနော် ၀မ်းနည်းစွာနဲ့ နောင်တရနေမိခဲ့တယ်။ သူနဲ့ကျနော် နောက် တူတာတခုက ရယ်ရင် အသံကျယ်ကျယ်နဲ့ရယ်တတ်တာ။ သူက အရမ်းပြာယာခတ်တတ်ပြီး ခပ်စွာစွာလူတယောက်လည်းဖြစ်ပေမယ့် စိတ်ရင်းကောင်းတယ်။ တခါက ကင်တင်းထိုင်ပြီး ပြန်အထမှာ စားပွဲပေါ်မှာတင်ထားတဲ့ သူ့ထမင်းချိုင့်နဲ့ ဆိုင်ကချပေးထားတဲ့ ရေနွေးအိုး မှားဆွဲလာမိပြီး လမ်းမကြီးပေါ်ရောက်မှ ဒရောသောပါး ဆိုင်ကိုပြန်ပြေးခဲ့သူ။ ပြီးတော့သူက အစအနောက်လည်းသန်တယ်။ ကျနော်တို့နှစ်ယောက်ပေါင်းပြီး အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကို ခဏခဏ စ တတ်တယ်။ အရမ်းအေးတဲ့ ပုရွက်ဆိတ်ကလေးကတော့ ကျနော်တို့နှစ်ယောက်ဒဏ်ကို အတော်ကိုခံရတယ်။ အဲဒီခပ်စွာစွာပုရွက်ဆိတ်မလေးက ကျနော်တို့သုံးယောက်ထဲမှာ စကားအများဆုံးဖြစ်ပြီး ကိုယ်တွေ့ရယ်စရာတွေကိုလည်း အမူအယာနဲ့ ပိုရယ်ရအောင် ပြောတတ်သူဖြစ်တယ်။ သူရှိနေရင် ကျနော်နဲ့ ခဏခဏရန်ဖြစ်တတ်ပေမယ့် သူအတန်းမတက်တဲ့နေ့ဆို ကျနော်တို့နှစ်ယောက်ပျင်းနေတတ်တယ်။ သူရော ကျနော်ရော အတန်းခဏခဏလစ်တတ်တာလည်း တူပြန်တယ်။ အေးအေးလေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးကတော့ အတန်းစောင့်လို့ ပြောရလောက်အောင်ကို အတန်းမှန်မှန်တက်တယ်။

ကျနော် တက္ကသိုလ်စရောက်တော့ အသက် ၁၇မပြည့်တတ်သေး။ သူတို့နှစ်ယောက်က ကျနော့်ထက် အသက်တနှစ် နှစ်နှစ်ကြီးတော့ ၁၈၊ ၁၉အရွယ်တွေဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအရွယ်တွေက အများသတ်မှတ်လေ့ရှိတဲ့ မြီးကောင်ပေါက်အရွယ်… သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်နေတတ်တဲ့အရွယ်လို့ ပြောလေ့ရှိကြတဲ့ မလိမ်မိုး မလိမ်မာ မရင့်ကျက်သေးတဲ့အရွယ်တွေမှာ ကျနော်တို့တွေ ဆုံစည်းခဲ့တယ်။ တယောက်ကိုတယောက် နားလည်ပေးရင်းနဲ့ အခုချိန်ထိ နွေးနွေးထွေးထွေး ပေါင်းစည်းနေမိကြတုန်း။ အခုချိန်မှာ အရင်လို ရန်ခဏခဏလည်းမဖြစ်တော့။ တခါတလေတော့လည်း ဟိုအရင် ကျောင်းတက်တုန်းက သူငယ်ချင်းတွေ အတူရှိနေတဲ့ အချိန်လေးကို ပြန်လွမ်းမိသား။ အဓိပတိလမ်းမကြီး မရှိတဲ့ တက္ကသိုလ်… ကံ့ကော်ပင်တွေမရှိတဲ့ တက္ကသိုလ်… နွေခေါင်ခေါင်မှာ အရိပ်မရှိဘဲ နေအရမ်းပူတဲ့ တက္ကသိုလ်ကျောင်းကြီးကတော့ ကျနော်တို့ကို လွမ်းစရာတွေမပေးခဲ့ပါဘူး။

ကျနော်တို့တွေ တနှစ်ပတ်လုံးရဲ့ လ သုံးလမှာတော့ အမြဲလိုလိုမဖြစ်မနေဆုံဖြစ်ကြတယ်။ အဲဒီလတွေက အေးအေးဆေးဆေးနေတတ်တဲ့ ပုရွက်ဆိတ်ကလေးရဲ့မွေးလဖြစ်တဲ့ ဇန်န၀ါရီလ။ နောက် အခုလက်ထပ်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးလဖြစ်တဲ့ ဇူလိုင်လရယ် ကျနော့်ရဲ့ မွေးလ ဒီဇင်ဘာရယ်မှာ မပျက်မကွက် တွေ့ဖြစ်ကြတယ်။ လာမယ့် ဇူလိုင် ၂၃ဆိုရင် အခုမင်္ဂလာဆောင်သွားတဲ့ ပုရွက်ဆိတ်မလေးရဲ့ မွေးနေ့ပါပဲ။ ကျနော်တို့တွေ အရင်လို မပျက်မကွက်တွေ့ကြ…စကားတွေအလုအယက်ပြောပြီး စ ကြ နောက်ကြ…ပြီးရင် ဘုရားသွားကြ… မုန့်တွေစားကြနဲ့ အခုအဲလို လုပ်လို့ရပါဦးမလား။ အလိုက်တသိနဲ့
အဲဒီအစီအစဉ်တွေကို နည်းနည်းတော့ လျှော့ရမယ်ထင်ရဲ့….။

ပုရွက်ဆိတ်ကလေး အိမ်ထောင်ကျသွားတဲ့အတွက် သူငယ်ချင်းသံယောဇဉ်နဲ့ကြည့်ရင် ၀မ်းနည်းသလိုဖြစ်မိပေမယ့် တဖက်ကကြည့်တော့လည်း သူချစ်သူ့နဲ့ အတူပေါင်းဖက်သွားတဲ့အတွက် ၀မ်းသာရတယ်။ ဘ၀ကို ချစ်တဲ့သူနဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းသွားဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်သွားခဲ့တာကိုတော့ ကျနော်အသိအမှတ်ပြုရပါလိမ့်မယ်။ တယောက်ကိုတယောက်ယုံကြည်ပြီး လက်တွဲသွားခဲ့တဲ့ ပုရွက်ဆိတ်ကလေးမောင်နှံ(စွာတေးပုရွက်ဆိတ်မလေးတော့ စိတ်ဆိုးတော့မှာပဲ။ သူတင်မက သူချစ်သောသူကိုပါ ပုရွက်ဆိတ်ဖြစ်ခိုင်းလို့... ;) ) ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ တယောက်ကို တယောက်နားလည်ရင်း၊ ဖေးမရင်း၊ အားပေးရင်းနဲ့ ဘ၀ရဲ့အကောင်း အဆိုးတွေကို အတူတူမျှဝေရင်း မပြယ်သော မေတ္တာတွေနဲ့ သေတပန်သက်တဆုံး ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။



Image and video hosting by TinyPic


Tuesday, May 24, 2011

ဒီမိုကရေစီနိုင်ငံထူထောင်မည်လား

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရမည်ဟူသော အယူအဆမှာ ၁၉၈၈ လူထုဒီမိုကရေစီအရေး တော်ပုံကြီးမှ စတင်၍ တစ်ကြော့ပြန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ထိုမှတဖန် တပ်မတော်သည် အာဏာ သိမ်းလိုက်ပြီးသည့်နောက် ပြည်သူလူထု၏ ဒီမိုကရေစီရေးကြွေးကြော်သံများသည် ပုံစံတမျိုးပြောင်းလဲကာ အာဏာသိမ်းတပ်မတော်အစိုးရ၏ ကြွေးကြော်သံဖြစ်လာခဲ့၏။ ထို့နောက် တပ်မတော်အစိုးရက ဒီမိုကရေစီ နိုင်ငံတော်သို့ဟူသော အလံကိုလွှင့်ထူပြီး လမ်းပြမြေပုံခုနှစ်ချက်ကို ရေးဆွဲအကောင်အထည်ဖော်၏။
          ထိုမှတဖန် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော် ပေါ်ပေါက်လာ၏။
          လွှတ်တော်မှ သမ္မတသစ် ရွေးချယ်ခန့်အပ်၏။
          သမ္မတသစ်က အစိုးရသစ်ဖွဲ့၏။
          အစိုးရသစ်တွင် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းရယူသော ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့လည်း ပါဝင်၏။
          ထို့နောက် အစိုးရသစ်က ကောင်းသော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းသော အစိုးရဖြစ်အောင် လုပ်ကြမည်ဟု လမ်းစဉ်ချမှတ်သည်။ တိုးတက်သော၊ ခေတ်မီသော ဒီမိုက ရေစီနိုင်ငံ ထူထောင်မည်ဟု ဆက်လက်ကြွေးကြော်သည်။
          သည်မှာ၊ ဒီမိုကရေစီက အားလုံး၏ ပန်းတိုင်လိုဖြစ်သည်။
          ဒီမိုကရေစီနိုင်ငံ ထူထောင်ကြမည်လား။
          ပြည်သူ့အဆုံးအဖြတ်များပေါ်မှာသာ လုံးလုံးလျားလျား အခြေပြုသည့် နိုင်ငံရေးအာဏာ၊ စီးပွားရေး အာဏာတို့ဖြစ်လာမှ ဒီမိုကရေစီနိုင်ငံဖြစ်မည်။ အုပ်ချုပ်ရေးမှာရော စီးပွားရေးမှာပါ ပြည်သူ့အဆုံးအဖြတ်တို့က နောက်ဆုံးမှာ အတည်ဖြစ်ရမည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့အဆုံးအဖြတ်ကို နာခံသူများဖြစ်ရ မည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့မျက်နှာကိုသာ ကြည့်သူများဖြစ်လာရမည်။ ပြည်သူ့ကိုယ်စား လှယ်များက ပြည်သူလူထုက လိုလားထောက်ခံသူများ ဖြစ်ရမည်။
အကောင်အထည်ဖော် တည်ဆောက်စရာတွေ ကြိုးပမ်းဆောင်ရွက်စရာတွေကို တိတိကျကျ လုပ်ငန်း စဉ်ရေးဆွဲပြီး ပြင်းပြင်းထန်ထန် လုပ်ကြရမည့်သဘော ရှိသည်။ ပြီးတော့ သည်လို လုပ်ကြရာမှာ အစိုးရသစ် က ချမှတ်သည့် လမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထုက ယုံကြည်စွာဖြင့် ပူပေါင်းဆောင်ရွက်ဦးမှ ဖြစ် မှာဖြစ်သည်။
          နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍအသီးသီးမှာ ထူထောင်ရမှာဖြစ်သည်။ သည်လို ထူထောင်သည့် ကဏ္ဍအသီးသီးနှင့် အစိတ်အပိုင်းတိုင်းမှာ ချွတ်ချော်တိမ်းစောင်းလို့မရ၊ နေရာတိုင်းမှာ ပြည် သူလူထု၏ ယုံကြည်မှုကို လိုအပ်သည်။ အစိုးရကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။ အစိုးရ၏လမ်းစဉ်ကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။ အစိုးရရေးဆွဲသော လုပ်ငန်းစဉ်များ၊ စီမံကိန်းများကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။
          ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ရင်း ပြည်သူလူထု၏ ဒီမိုကရေစီအလေ့အကျင့်ကို အား ပေးရမည်။ ပြည်သူလူထု၏ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုမှု၊ ဝေဖန်မှု၊ တာဝန်ယူတတ်မှုတို့ကို အားပေးရ မည်။
          ပြည်သူလူထု၏ ယုံကြည်မှု၊ တက်ကြွစွာ ပါဝင်မှုတို့မရှိဘဲနှင့် ဒီမိုကရေစီ နိုင်ငံသစ်ကို မရောက်နိုင်ပါ။

ပြည်သူ့ခေတ် အယ်ဒီတာ (၁၃၊ မေ၊ ၂၀၁၁)

Monday, May 23, 2011

ညီမလေးဖတ်ဖို့..(၄)



ညီမလေးရေ…                                                                                                          
ဒီနေ့ မေ ၂၂ရက်နေ့ ဖေဖေ့ရဲ့မွေနေ့လေ… ညီမလေး မှတ်မိရဲ့လား။ မမကြီးက ဖေဖေ့ကို ဒီနေ့ ဖေဖေ့ရဲ့မွေးနေ့နော်လို့…ပြောတော့ ဖေဖေက သူ့မွေးနေ့ကို မှတ်မိနေပါလားဆိုပြီး ၀မ်းသာနေပုံရတယ် ညီမလေးရဲ့။ တကယ်တော့ မမကြီးတို့ ညီမလေးတို့က ဖေဖေ မေမေတို့ရဲ့ တနှစ်မှာတခါသာရောက်တဲ့ မွေးနေ့ရက်ကလေးကို မှတ်မိသင့်တာပေါ့နော်။ ဖေဖေ မေမေတို့က မမကြီးတို့ ညီမလေးတို့အတွက် သူတို့ရဲ့အချိန်တွေ သူတို့ရဲ့အတွေးတွေမှန်သမျှ အရာအားလုံးကို မမကြီးတို့အပေါ်မှာပဲ ပေးဆပ်ထားကြတာလေ။ သူတို့ရဲ့မွေးနေ့တွေ၊ အမှတ်တရနေ့တွေကိုတောင် တခါတလေ မေ့ချင်မေ့နေကြမှာပါ။ မမကြီးငယ်ငယ်က ဖေဖေက သူ့မွေးနေ့ကို မေ့နေတဲ့အခါ မေမေက အမှတ်ပေးရတယ်တဲ့။ ဒီအတိုင်းပဲ မေမေက မေမေမွေးနေ့ကို မေ့နေတဲ့အခါ ဖေဖေက အမှတ်ရပေးတယ်လို့ မေမေပြောပြလို့ သိခဲ့ရတယ်။
မမကြီးတို့တွေအားလုံးဟာ ကိုယ်ချစ်ခင်လေးစားသူတွေရဲ့မွေးနေ့ရက်တွေကို သတိတရရှိနေတတ်ကြတယ်။ အခုလည်း ဖေဖေရဲ့မွေးနေ့မှာ ဖေဖေအံ့သြ၀မ်းသာသွားအောင် ဒီနေ့ ဖေဖေ့မွေးနေ့နော်လို့… အရင်ရက်တွေကတည်းက ပြောချင်လွန်းလို့ မွေးနေ့ရက်ကို မြန်မြန်ရောက်စေချင်နေမိတယ်။ မမကြီးငယ်ငယ်က ဖေဖေနဲ့မေမေ့ကို ဖေဖေ့ကို ပိုခင်တွယ်ခဲ့တာတဲ့။ ရေချိုးလည်း ဖေဖေချိုးပေးမှ…. ထမင်းစားလည်း ဖေဖေကျွေးမှလို့…ဂျီတော်တော်ကျခဲ့တာတဲ့။ ဖေဖေသွားလေရာ တကောက်ကောက်လျှောက်လိုက်နေတတ်တဲ့ မမကြီးကို မေမေဆို တော်တော်စိတ်ညစ်ခဲ့ရတာတဲ့။ အဲဒါတွေတော့ မမကြီးမမှတ်မိခဲ့ဘူး။ နောက်ပိုင်းမှ မေမေပြောပြလို့ သိခဲ့ရတာ။ ငယ်ငယ်က မှတ်မိတာဆိုလို့ ဖေဖေက မမကြီးတို့ကို မာန်လည်းမမာန် ရိုက်လည်းမရိုက်ဘူး။ မေမေဆူရိုက်ရင်တောင် ဖေဖေက မကြိုက်ဘူးလေ။ လိုချင်တာရှိလို့ ပူဆာရင်လည်း ဖေဖေက ချက်ချင်းဝယ်ပေးတတ်တယ်။ တနေရာရာသွားတိုင်း မမကြီးတို့အတွက် အမှတ်တရပစ္စည်းလေးတွေ ဂရုတစိုက်ဝယ်လာပေးတတ်တယ်လေ။ ညီမလေးကိုလည်း အငယ်ဆုံးမို့ ဖေဖေက သိပ်ချစ်တာလေ။ ညီမလေးလမ်းလျှောက်တတ်စအရွယ်က မမကြီးတို့နဲ့ ကစားရင်း ညီမလေးပျောက်သွားခဲ့တုန်းက ဖေဖေလေ အရမ်းစိတ်ပူပြီး မမကြီးတို့ကိုလည်း ညီမလေးကို ဂရုမစိုက်ရကောင်းလားဆိုပြီး ပြောခဲ့တယ်။ နောက်တော့ ညီမလေးကို ပြန်တွေ့တော့မှ ဖေဖေစိတ်အေးသွားခဲ့တယ်။ မမကြီးတို့ကိုလည်း ညီမလေးကို သေသေချာချာကြည့်ထားနော်လို့ စိတ်မချဟန်နဲ့မှာနေတတ်တယ်။ ညီမလေးကိုလည်း သမီးအငယ်ဆုံးလေးမို့ ချစ်ရသလို မမလေးကိုလည်း အလတ်မို့လို့ ချစ်တာပါပဲ။ မမကြီးကိုတော့ သားဦးမို့လို့ ရူးမတတ်ချစ်ခဲ့မှာပေါ့ (တကယ်တော့ လူတွေပြောပြောနေတဲ့ သားဦး အရူး….ဆိုတဲ့ စကားကို ဒီအဓိပ္ပာယ်လို့ကောက်ချက်ချမိလို့ပါပဲ)။ အဟဲ။

မမကြီးတို့အပေါ်မှာထားတဲ့ ဖေဖေ့ရဲ့မေတ္တာတွေ စေတနာတွေနဲ့ ကျေးဇူးတရားတွေကို မမကြီးတို့ အမြဲအောက်မေ့သတိရနေမိမှာပါ။ ဖေဖေ့ရဲ့ကြီးမားတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတဲ့ မမကြီးတို့ရဲ့အိမ်လေးဟာ အမြဲနွေးထွေးနေပါတယ်။ ဘယ်အချိန်မှာ ခိုဝင်နားနား အမြဲတမ်းတံခါးဖွင့်ထားမယ့် နွေးထွေးတဲ့မေတ္တာအိမ်လေးပါပဲ။ ဖေဖေတို့ရဲ့အဝေးမှာ အမြဲလိုရောက်နေတဲ့ မမကြီးက တခါတလေမှာ အခက်အခဲတွေတွေ့တဲ့အခါ၊ ကိုယ်ရပ်တည်နေတဲ့ ကိုယ့်ခြေထောက်တွေက အားအင်ချိနဲ့ပြီးယိမ်းယိုင်မလိုဖြစ်နေတဲ့အခါတွေမှာ ဖေဖေ့ကို အရမ်းသတိရမိတာပါပဲ။ အပေါ်ယံဟန်ဆောင်အပြုံးတွေ၊ ရင်ထဲကမလာဘဲ ပြောတတ်ကြတဲ့စကားအမျိုးမျိုးကို ကြောက်ရွံ့မိပြီး အဲဒီအရာတွေအားလုံးရဲ့ဝေးရာ ဖေဖေတို့အနားကိုပြေးထွက်လာချင်မိတယ် ညီမလေးရယ်။ ညီမလေးကတော့ အဲဒီခံစားချက်တွေကို ဘယ်နားလည်နိုင်ဦးမှာလဲနော်။ အခုချိန်မှာ ဖေဖေတို့မေမေတို့အနားမှာ ရှိနေသေးတာကိုး။ တခါတခါနားလည်ရသိပ်ခက်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမဖြစ်လို့ စိတ်ဓာတ်ကျချင်နေမိတဲ့အချိန်မျိုးမှာ ဖေဖေရဲ့ အသံကြားရုံနဲ့ အားတက်မိတယ်ဆို ညီမလေး ယုံပါ့မလား။ တကယ်ပါ ညီမလေးရေ…မမကြီး ဘာလုပ်လုပ် ယုံကြည်စိတ်ချစွာနဲ့ အားပေးတတ်တဲ့ ဖေဖေ့ကြောင့် ခွန်အားတွေဖြစ်မိတယ်။
ညီမလေးရေ…ဖေဖေဟာ မေမေ့အပေါ်မှာ ခင်ပွန်းကောင်းတယောက်ဖြစ်ခဲ့သလို မမကြီးတို့ ညီမလေးတို့အပေါ်မှာလည်း ဖခင်ကောင်းတယောက်ဖြစ်ခဲ့တယ်လေ။ မမကြီးတို့ ဖေဖေ့ကို ချစ်ခင်လေးစားစွာနဲ့ ဖေဖေ့ရဲ့ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေမိမှာပါ။ ညီမလေးရေ… ဒီနှစ် ဖေဖေ့ရဲ့မွေးနေ့မှာ မမကြီး ဖေဖေ့အနားမှာရှိနေခဲ့တာ ကံတရားကိုကျေးဇူးတင်ရမလားပါပဲ။ နောင်နှစ်တွေမှာလည်း ဖေဖေ့ရဲ့မွေးနေ့မှာ အခုလိုပဲခဏလေးဖြစ်ဖြစ် ရှိနေချင်ပါတယ် ညီမလေးရယ်။

22.5.2011 (10:30PM)
 Image and video hosting by TinyPic

Tuesday, May 3, 2011

မခန်းခြောက်သေးတဲ့ မျက်ရည်စက်များ …


၂၀၁၁ မေလထဲရောက်လာတော့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး ၃ နှစ်ပြည့်ခဲ့ပြီဆိုတာ သတိပေးနေသလိုပါပဲ။ သုံးနှစ်ပြည့်ခဲ့ပေမယ့် မုန်တိုင်းဒဏ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ မနေ့တနေ့ကလိုပါပဲ။ အဲဒီအချိန်တုန်းက ကျနော် ရန်ကုန်မှာ ရှိနေခဲ့တယ်။ မေ ၂ ရက်နေ့ ညမှာ လေတိုက်သံတွေကို အိပ်နေရင်း ကြားနေမိတယ်။ တဖြည်းဖြည်း လေက ပိုကြမ်းလာတော့ ကိုယ့်အခန်းနဲ့ ဘေးအခန်းက မှန်တံခါးကွဲရှသံတွေက အိပ်ရာထဲမှာ ပေပြီးအိပ်နေတဲ့ ကျနော် ဘယ်လိုမှနေလို့မရတော့။ ဒါနဲ့ပဲ အိပ်ရာကထပြီး တံခါးပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်မိတယ်။ အခုချိန်မှာ တံခါးဖွင့်ပြီး ၀ရန်တာထွက်လို့ကတော့ လူပါလွှင့်ပါသွားနိုင်တယ်လို့ တွေးမိပြီး ၀ရန်တာကိုတော့ မထွက်မိခဲ့။ တ၀ှီဝှီနဲ့ အငြိုးတကြီး တိုက်ခတ်နေတဲ့ လေကြမ်းတွေအောက်မှာ သစ်ပင်တွေ ကွေးညွှတ်ကျသွားလိုက်တာ မယုံနိုင်စရာပါပဲ။ အိမ်ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ စလောင်းတွေလည်း မြင်မကောင်းအောင် ပျက်စီးလို့။ တချို့တွေလည်း လမ်းပေါ်မှာ ပြုတ်ကျနေတယ်။ ကျနော်တို့ အခန်းထဲမှာလည်း ကွဲသွားတဲ့ တံခါးတွေကနေ မိုးရေတွေဝင်လာတယ်။ တဖြည်းဖြည်း မနက်လင်းလာတော့ လေက ညဘက်ထက် ပိုကြမ်းလာတယ်။ လေက လုံးဝငြိမ်သက်သွားလိုက် တရကြမ်း ပြန်တိုက်လိုက်နဲ့ လမ်းထဲမှာရှိတဲ့ သစ်ပင်တွေ လမ်းမီးတိုင်တွေ ဈေးဆိုင်လေးတွေ မြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်လို့ ...။

အဲဒီအချိန်မှာ ကျနော် အိမ်ကို စိတ်ပူနေမိတယ်။ အိမ်ကို ဖုန်းဆက်လို့ ရလိုရငြား ဆက်ကြည့်မိသေးတယ်။ ဒါပေမယ့် ဖုန်းက ဘယ်လိုမှဆက်လို့မရ။ နောက်တော့ ဖုန်းလိုင်းတွေအားလုံး ပြတ်တောက်သွားခဲ့တယ်။ ကားလမ်းတွေလည်း သစ်ပင်တွေလဲပြိုကျပြီး ပိတ်နေပြီ။ မေ ၃ ရက် နေ့လည်ပိုင်းလောက်မှာတော့ တဖြည်းဖြည်းနဲ့ လေအားပျော့သွားတော့မှ ကျနော် ၀ရန်တာကို ထွက်ရပ်မိတယ်။ ပတ်ဝန်းကျင်တခုလုံး မြင်မြင်သမျှ အပျက်အစီးနဲ့ အမှိုက်အစအနတွေပဲ ဖြစ်နေခဲ့တယ်။ သစ်ပင်တွေမှာလည်း သစ်ရွက်တရွက်တလေတောင် မကျန်ရစ်ခဲ့။ လမ်းပေါ်မှာ လူတယောက်စ နှစ်ယောက်စ တွေ့လာရပြီး အိပ်မက်ဆိုးက နိုးထပြီး လမ်းလျှောက်လာသူတွေလိုပဲ အားလုံးက သွေးပျက်တုန်လှုပ်နေကြတယ်။

အဲဒီနေ့က ကျနော် ထမင်းလည်း စားရမှန်းမသိ အိမ်မှာလည်း ဒီလိုလေမျိုး တိုက်လေမလားလို့ တွေးမိပြီး အိမ်ကလူတွေအတွက် စိုးရိမ်နေမိတယ်။ နောက်တနေ့ မနက်စောစော ကျနော် အိမ်ကိုပြန်ဖို့ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဘာနဲ့ပြန်ရမှန်းမသိ။ လမ်းတွေမှာ သစ်ပင်တွေလဲပြီး ပိတ်နေတာလည်း မဖယ်ရှားရသေး၊ လိုင်းကားတွေလည်း မတွေ့ရပေမယ့် ကျနော် ဒီနေ့ အိမ်ကို အရောက်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ ဇွတ်ထွက်လာခဲ့မိတယ်။ မြို့ထဲကနေ တာမွေထိ လမ်းလျှောက်လာခဲ့တယ်။ ဟိုဘက်ကို ခရီးဆက်ဖို့ ကားရှိလား မရှိလားဆိုတာ မသေချာတဲ့ အခြေအနေတခုပါပဲ။ လမ်းတလျှောက်လုံးမှာ တွေ့သမျှလူတွေအကုန်လုံး ပြောနေတဲ့အကြောင်းက မညှာမတာတိုက်ခတ်သွားတဲ့ လေရိုင်းအကြောင်း။ လဲပြိုနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ရှုပ်ထွေးနေတဲ့ ဓာတ်ကြိုးတွေနဲ့ မှန်ကွဲစတွေကို ကွေ့ရှောင်ပြီး ကျနော် တာမွေကို ရောက်လာခဲ့တယ်။ တာမွေကို ရောက်တော့မှ ကျနော့်လိုပဲ အိမ်ပြန်ကြတဲ့ လူတွေ အများအပြား တွေ့ခဲ့တယ်။

အဲဒီနေ့က ကံကောင်းထောက်မစွာနဲ့ ကျနော်တို့မြို့ကို သွားဖို့ ကားတစီး တွေ့ခဲ့တယ်။ ကားခက အရင်ပေးနေကျထက် အဆမတန် များနေပေမယ့် ကျေကျေနပ်နပ်နဲ့ ပေးနေမိတယ်။ ကားလမ်းတလျှောက်လုံးလည်း ဘေးဘီဝဲယာမှာ မြင်မကောင်းအောင် ပျက်စီးမှုတွေတွေ့နေရတော့ အိမ်မှာလည်း ဘယ်လိုတွေများဖြစ်နေမလဲဆိုတာ တွေးပြီး စိတ်ကပိုပူလာမိတယ်။ ကျနော်တို့ကို လိုက်ပို့ပေးတဲ့ ကားက မြို့ကိုမရောက်ခင် မိုင်ဝက်လောက်အလိုမှာ ရှေ့ဆက်ဘယ်လိုမှ မောင်းလို့မရတော့။ လူနှစ်ဖက်စာလောက်ရှိတဲ့ ကုက္ကိုပင်ကြီးတပင် ကားလမ်းကို ကန့်လန့်ဖြတ်လဲကျနေတယ်။ အဲဒီနေရာကနေ လမ်းဆင်းလျှောက်ရပြီး အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ ကျနော့်ခြေလှမ်းတွေက အပြေးတပိုင်းနဲ့ အရင်ကထက် ပိုမြန်နေခဲ့တယ်။ မြို့မှာရှိတဲ့ အိမ်ကိုပဲ အရင်သွားရမလား ရွာကိုပဲ သွားရမလား ကျနော် စဉ်းစားနေမိသေးတယ်။ နောက်တော့ ဘွားဘွားတို့ကော အားလုံး ရွာမှာရောက်နေတယ်လို့ သိတာနဲ့ ကျနော် ရွာကို လိုက်သွားမိတယ်။

ရွာအိမ်ကို ရောက်တော့ မိသားစုအားလုံးက ကျနော့်အတွက် စိတ်ပူနေခဲ့ကြကြောင်း ကျနော့်ဘွားဘွားက ကျနော်နဲ့ အဆက်အသွယ်မရလို့ ဘာမှမစားကြောင်း ၀ိုင်းပြောကြတယ်။ မိသားစုအားလုံးမှာမှ တယောက်တည်း ကွဲထွက်နေတဲ့ ကျနော့်အတွက် သူတို့ဝိုင်းပြီး စိတ်ပူနေကြတာသိတော့ စိတ်မကောင်းဖြစ်မိတယ်။ ဘွားဘွားကလည်း ကျနော်ပြန်ရောက်လာလို့ အလွန်ဝမ်းသာနေပြီး ကျနော်နဲ့အတူ ထမင်းတူတူ စားခဲ့တယ်။ မေမေကတော့ ကျနော်သာပြန်ရောက်မလာရင် ဘွားဘွားတော့ မလွယ်ဘူးလို့ စိတ်သက်သာရာရဟန်နဲ့ ပြောနေတယ်။

အရွက်ကင်းမဲ့နေတဲ့ သစ်ပင်တွေနဲ့ အဆောက်အဦးအပျက်အစီးတွေကို တွေ့ရတော့ စာတွေထဲမှာ ဖတ်ရတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်နဲ့ ပျက်စီးနေတဲ့ မြန်မာပြည်ကြီးကို မဆီမဆိုင် ကျနော် သတိရလိုက်မိသေးတယ်။ အခုကတော့ ဗုံးဒဏ်ကြောင့် မဟုတ်ဘဲ လေဒဏ်နဲ့ အားလုံးပျက်စီးနေတဲ့ ပတ်ဝန်းကျင်ကို တွေ့ရတာ ၀မ်းနည်းစရာ မြင်ကွင်းတခုပါပဲ။ ဖေဖေတို့ စပါးတွေထားတဲ့ စပါးစည့်တွေလည်း အမိုးသွပ်တွေတချပ်မှ မရှိတော့။ ဘေးအကာနဲ့ တိုင်တွေပဲ ရှိတော့တယ်။ ခေါင်းမိုးမရှိတဲ့ စပါးစည့်ထဲမှာ မိုးရေတွေစိုနေတဲ့ စပါးတွေကို ငေးကြည့်ရင်း ဖေဖေတို့ ဘယ်လောက်ရင်နာလိမ့်မလဲလို့ တွေးနေမိတယ်။ မိုးရေစိုသွားတဲ့ စပါးတွေက အညှောင့်တွေ ထွက်လာပြီး အပင်ပေါက်ဖို့ပဲရှိတော့ ရင်မနာဘဲနေမလား။ ကျနော်တို့အိမ်နားက အိမ်တချို့လည်း ပြိုကျပျက်စီးကုန်ကြတယ်။ ကျနော်တို့အိမ်ကတော့ အိမ်နောက်က သွပ်နှစ်ချပ်သာ ပျက်စီးသွားခဲ့တယ်။

တပတ်လောက်နေတော့ ကျနော် ရန်ကုန်ကို ပြန်လာခဲ့တယ်။ အဲဒီအတောအတွင်း သတင်းတွေထဲကနေ မြစ်ဝကျွန်းပေါ်ဘက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတွေသိန်းနှင့်ချီကာ သေဆုံးထိခိုက်သွားတယ်ဆိုတာ သိရတော့ တုန်လှုပ်နေမိတယ်။ ကျနော် ရန်ကုန်ပြန်လာဖို့ကိုလည်း ဘွားဘွားကို မနည်းဖျောင်းဖြပြီးမှ လာခဲ့ရတယ်။ အဲဒီတုန်းက ဘွားဘွားက ကျနော့်ကို စိတ်မချလို့ဆိုပြီး ဖေဖေ့ကို ရန်ကုန်ရောက်တဲ့အထိ လိုက်ပို့ခိုင်းခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ သတင်းတွေ ဓာတ်ပုံတွေမြင်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်မိတယ်။ လေတိုက်နှုန်းက တနာရီကို မိုင် ၁၂၀ တဲ့။ သေကွဲကွဲသွားကြရတဲ့ မိသားစုတွေရဲ့ဘ၀တွေကို ကြားသိရတော့ အဲဒီနာဂစ်မုန်တိုင်းကြီးကို နာကြည်းမုန်းတီးမိခဲ့တယ်။
ကျနော် ရန်ကုန်ပြန်ရောက်ပြီး တပတ်လောက်ကြာတော့ မေမေ့ဘက်က ဘိုးဘိုးရဲ့အမေ ကျနော်တို့ရဲ့ အမေကြီးဘွားဘွား ဆုံးသွားခဲ့တယ်။ အသက် ၉၄ နှစ်အရွယ် အမေကြီးဘွားဘွားက နာဂစ်မတိုက်ခင်အချိန်တွေက ကျန်းကျန်းမာမာနဲ့ သန်သန်မာမာရှိဆဲ။ မေမေတို့အပြောအရ အမေကြီးဘွားဘွားက အရင်ကတည်းက လေတိုက်တာ သိပ်ကြောက်တာတဲ့။ အခုလေတိုက်တဲ့အချိန်မှာ သူ့တို့အိမ်အမိုးတွေအကုန်လုံး လေနဲ့ပါသွားချိန်မှာ မိုးရေတွေနဲ့ တကိုယ်လုံးရွှဲစိုပြီး တုန်ရီနေခဲ့တယ်တဲ့။ ကျနော်လေ အမေကြီးဘွားဘွားအတွက် စိတ်မကောင်းလိုက်တာ။ ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်းနေတဲ့ ဘွားဘွားက သူ့တသက်မကြုံဖူးတဲ့ လေပြင်းတိုက်တာနဲ့ကြုံပြီး နှစ်ပတ်အကြာမှာ ဆုံးပါးသွားခဲ့ရတယ်။ အဲဒီအကြောင်းကို ကျနော်တွေးမိတိုင်း ယူကျုံးမရစိတ်နဲ့ နာကျင်ဝမ်းနည်းနေရတုန်းပါပဲ။

နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့နေရာတွေမှာ စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလှူရှင်တွေ သွားရောက်လှူဒါန်းတာတွေ ကြားသိရတော့ သူတို့ကို လေးစားမိတယ်။ အိုးမဲ့အိမ်မဲ့နဲ့ မိသားစုတွေဆုံးရှုံးသွားလို့ ငိုကြွေးနေတဲ့ သူတို့ရဲ့မျက်ရည်တွေကို စာနာမှုအပြည့်နဲ့ မျှဝေယူခြင်းတမျိုးလို့ ကျနော် တွေးမိလိုက်တယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေက အတုယူစရာပါပဲ။ ကျနော်တို့ကြုံတွေ့ရတဲ့ ၀မ်းနည်းနာကျင်မှုတွေထက် အဆပေါင်းများစွာပိုဆိုးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကိုတော့ ကျနော်သွားချင်ခဲ့တယ်။ ကိုယ်တိုင်လည်း အဲဒီနေရာတွေကို စိတ်က ရောက်ပေမယ့် အလုပ်တွေကြောင့် လူက မရောက်နိုင်ခဲ့။ နီးစပ်တဲ့ မိတ်ဆွေတွေ သွားလှူမယ်လို့ ပြောတော့ တတ်နိုင်သလောက်လေးတော့ ပါဝင်ခဲ့သေးတယ်။

နာဂစ်ဖြစ်ပြီး တနှစ်အကြာမှာတော့ ကျနော် ရောက်ချင်နေတဲ့ မြစ်ဝကျွန်းပေါ်ကို ရောက်သွားခဲ့တယ်။ ဖျာပုံမြို့နယ်ထဲမှာရှိတဲ့ ရွာတရွာကို အလှူရှင်တွေနဲ့အတူ လိုက်သွားဖြစ်ခဲ့တယ်။ တရွာလုံး အိမ်နဲ့တူတာဆိုလို့ တအိမ်နှစ်အိမ်လောက်သာရှိပြီး တဲသာသာလေးတွေနဲ့ ဖြစ်သလိုနေကြရတဲ့ ရွာသူရွာသားတွေအတွက် ၀မ်းနည်းခဲ့ရတယ်။ အဲဒီက ကလေးတွေနဲ့လည်း စကားတွေပြောဖြစ်ခဲ့တယ်။ ခုနှစ်နှစ်အရွယ် ညီမလေးတယောက်ရဲ့ ရင်နာစရာအဖြစ်ကိုလည်း သိခဲ့ရတယ်။ နာဂစ်တိုက်ချိန်မှာ သူ့ရဲ့မိခင်က အုန်းပင်ပိလို့ သေဆုံးခဲ့တယ်လို့ အဲဒီညီမလေးရဲ့ ဘေးကအဖော်တွေကပြောတော့ ကျနော့်သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ မသိခဲ့။ ညှိုးနွမ်းပြီး အားပျော့အနေတဲ့ သူ့မျက်လုံးတွေကို ကျနော်ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ပြန်လာခါနီးမှာ ကျနော်တို့ကို မော်တော်ဆိပ်ကို လိုက်ပို့တဲ့ ချိုင်းထောက်နဲ့ အစ်ကိုကြီးတယောက်ကို သတိထားမိလိုက်တယ်။ မေးကြည့်မိတော့ သူ့ရဲ့ ညာခြေတဖက်က နာဂစ်မှာ ဆုံးရှုံးသွားခဲ့ရတာတဲ့။ “စိတ်ဓာတ်မကျပါနဲ့နော် အစ်ကိုကြီး … သူများတွေထက်စာရင် တော်ပါသေးတယ် ... အားမလျှော့ပါနဲ့နော် …” လို့ အားပေးခဲ့ပေးသေးတယ်။ သူက ကျနော့်ကို ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။

အခု ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ဆို နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ပါပဲ။ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ ဘယ်တော့မှမမေ့နိုင်တော့မယ့် အတိတ်ဆိုးကြီးတခုပါပဲ။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ ပျောက်ကွယ်သွားအောင် လုပ်ခဲ့တဲ့ ကပ်ဆိုးကြီးတခုပါပဲ။ ဒါတွေကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူတွေက ဘယ်လိုမေ့နိုင်တော့မှာလဲ။ သုံးနှစ်ကြာကာလအထိ သူတို့ရဲ့မျက်ရည်တွေ နာကျင်ဝမ်းနည်းမှုတွေ မခန်းခြောက် မကုန်ဆုံးသေးပါဘူး။ ဘယ်တော့မှလည်း မေ့ပျောက်နိုင်မှာမဟုတ်တဲ့ ကံကြမ္မာဆိုးတခုပါပဲ။ ယခုချိန်ထိ နာဂစ်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ရွာတွေမှာ ပရဟိတစိတ်နဲ့ အားပေးကူညီ လှူဒါန်းသူတွေ ရှိနေဆဲပါပဲ။ သူတို့ရဲ့လုပ်ရပ်တွေက နတ်လူသာဓုခေါ်စရာ မွန်မြတ်တဲ့ အလုပ်တွေပဲမဟုတ်ပါလား။ ခုချိန်ထိ မခန်းခြောက်သေးတဲ့ မျက်ရည်စက်တွေကို မွန်မြတ်တဲ့လက်တွေနဲ့ ဖေးမကူညီပြီး ဖယ်ရှားပေးနေတဲ့ အလှူရှင်တွေကို ကျနော် ဦးညွတ်မိပါရဲ့။