Friday, July 26, 2013

ကိုယ့်အချစ်ဆုံးနှစ်ယောက်....



ဒီကမ္ဘာမှာ ကိုယ်ချစ်ရတဲ့ အချစ်ဆုံးနှစ်ယောက်ရှိတယ်။ ကိုယ်သူတို့အပေါ် သိပ်ချစ်သလို သူတို့နှစ်ယောက်ရဲ့ ကိုယ့်အပေါ်ချစ်တဲ့အချစ်တွေက တူညီကြပေမဲ့ တစ်ခါတရံမှာ သူတို့က ရန်သူတွေလိုဖြစ်နေတတ်ကြတယ်။ ကိုယ်က ငယ်ငယ်ကလေးကတည်းက သူတို့ကြားက ငြိမ်းချမ်းရေးသံတမန်ဖြစ်ခဲ့တယ်။ ဒီကမ္ဘာမှာ ယောက်ခမနဲ့ ချွေးမဆိုတာ မသင့်မမြတ်နဲ့ ရန်သူတွေဖြစ်ဖို့များ ဖြစ်တည်လာခဲ့သလားဆိုတာ ကိုယ်အတွေ့အကြုံအရ လက်ခံချင်သလိုပဲ။ကိုယ်ချစ်တဲ့ ကိုယ့်အဖွားနဲ့ ကိုယ့်ရဲ့အမေကတော့ အဲဒီလိုဖြစ်နေခဲ့တာက ကိုယ်တွေ့ပါပဲ။
တစ်ဦးတည်းသောသားတစ်ယောက်ရဲ့ မိခင်မာနနဲ့ တစ်ဦးတည်းသောသမီးတစ်ယောက်ရဲ့ ဆက်ဆက်ကျဲ မဟုတ်မခံ မိန်းမနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့အခါ….။
သူသိပ်ချစ်တဲ့ သားကမွေးလာတဲ့ မြေးကို သိပ်ချစ်တဲ့အဖွားပေမဲ့ ချွေးမကို မကြည်ဖြူနိုင်တဲ့ ကိုယ့်အဖွားနဲ့ ကိုယ့်မိခင်ရဲ့ မကျေနပ်မှု၊ မုန်းတီးမှုတွေကြား ကိုယ်က ရှင်သန်ခဲ့တယ်။
ဒါ့ကြောင့်ဖြစ်မယ်…. ကိုယ်က ငယ်ငယ်ကတည်းက သူတစ်ပါးမျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်ခဲ့တယ်။ မေမေ့ရဲ့ ၀မ်းနည်းမှုက ကိုယ့်ရဲ့ ၀မ်းနည်းမှု။ မေမေငိုရင် ကိုယ်လည်းငိုတယ်။ မေမေမုန်းတဲ့ အဖွားကို ကိုယ်မမုန်းနိုင်ခဲ့တာတော့… ကိုယ့်နဲ့ ကိုယ့်အဖွားရဲ့ သံယောဇဉ်ပဲဖြစ်မယ်။
အဖွားရဲ့ သားအပေါ်သိပ်ချစ်တဲ့ မေတ္တာစိတ်က မေမေ့အပေါ်ဝန်တိုစိတ်ဖြစ်စေခဲ့သလားဆိုတာတော့ ကိုယ်ငယ်ငယ်က မတွေးတတ်ခဲ့ဘူး။ ကိုယ့်ရဲ့အဖေကော သူတို့နှစ်ယောက်ကြားမှာ ဘယ်လောက် အနေခက်ရမလဲဆိုတာ ကိုယ်အရွယ်ရောက်မှ တွေးမိခဲ့တယ်။
အစားကောင်းကောင်းစားရရင် ကိုယ်ချစ်တဲ့သူ၊ ခင်တဲ့သူတွေကို ကျွေးချင်တယ်တဲ့။ ကိုယ်ငယ်ငယ်ကတော့ အဲဒီသဒ္ဒါစိတ်ကို မသိခဲ့ဘူး။ ဒါပေမဲ့ အဖွားက ကိုယ့်ကို အစားကောင်းကောင်း တစ်ခုကျွေးရင် ကိုယ်မစားဘဲ မေမေ့ဆီယူလာပြီး မေမေ့ကို ကျွေးတတ်တယ်။ ဒီလိုပဲ မေမေက ကိုယ့်ကို အစားတစ်ခုကျွေးရင် အဖွားဆီယူလာပြီး အဖွားကို ကျွေးတတ်တာ အခုထိ အမှတ်တရရှိနေတုန်းပဲ။
မေမေက အဖွားအကြောင်း မကောင်းတာပြောရင် ကိုယ်နားမထောင်ချင်ဘူး။ ဒီလိုပဲ အဖွားက အမေ့အကြောင့် မကောင်းတာပြောရင် ကိုယ်အရမ်းစိတ်ဆင်းရဲရတယ်။ သူတို့ကြားက မကျေနပ်မှုတွေ၊ ၀န်တိုမှုတွေ၊ မုန်းတီးမှုတွေကို တဖြည်းဖြည်းလျော့နည်းစေချင်တာ ကိုယ့်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒ။ နောက်ပြီး သူတို့နှစ်ဦးက ကိုယ့်ရဲ့ အချစ်ဆုံးလူနှစ်ယောက်ဖြစ်နေခဲ့တယ်လေ။
ငယ်ငယ်က ကိုယ်က ဂရုစိုက်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ ကြီးပြင်းခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်ကြောင့်ကျမှုတွေကလည်း ကပ်ပါနေသေးတယ်။ ကိုယ်ချစ်တဲ့သူနှစ်ယောက် မသင့်မြတ်မှာ၊ မုန်းတီးမှုတွေ ကြာရှည်မှာကို မလိုလားခဲ့ဘူး။ ကိုယ်တတ်စွမ်းသလောက် သူတို့နှစ်ယောက်ကြားက အေးစက်မှုတွေကို နွေးထွေးအောင် လုပ်ပေးချင်ခဲ့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ သူတို့ကြားက အေးစက်မှုတွေက လျှော့ပါးလာခဲ့တယ်။ အဲဒီချိန်မှာ အပျော်ရွှင်ဆုံးက ကိုယ်နဲ့ အဖေပဲဖြစ်ပါလိမ့်မယ်။ 

ဆက်ရန်....



  Image and video hosting by TinyPic

Monday, February 25, 2013

Friday, February 22, 2013

သားရဲ့အဖေ




သူအရင်လို မဟုတ်တော့ဘူး။ သူပုံစံတွေပြောင်းနေတာကို ကျမစပြီး သတိထားမိတာက အိပ်ထောင်သက် နှစ်နှစ်ကျော်မှာပေါ့။
       ကျမတို့ အိမ်ထောင်သက် နှစ်နှစ်ကျော်မှာ ထူးထူးခြားခြားပြောင်းလဲတာဆိုလို့ သားလေးတစ်ယောက် ကျမတို့နှစ်ယောက်ကြားရောက်ရှိလာတာပါပဲ။ ခုဆို သားလေးက ၉လအရွယ်။ တီတီတာတာနဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက ချစ်စရာကောင်းအောင် အပြစ်ကင်းစင်နေတယ်။
         ကျမတို့နှစ်ယောက်လက်ထပ်ကျတော့ နှစ်ယောက်လုံး ပထမနှစ်တက်နေတဲ့အချိန်မှာ သူ့နောက်ကို လိုက်ခဲ့ခြင်းပင်။ မိဘနှစ်ပါးလုံးမရှိတော့တဲ့ ကျမက အဘွားနဲ့အတူနေရင်း တက္ကသိုလ်တက်ရင်းက ပညာရေး တစ်ပိုင်းတစနဲ့ အိမ်ထောင်ရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျမအသက်က ၁၈နှစ်။ သူက ကျမထက် အသက်တစ်နှစ်ကြီးပြီး လက်ထပ်ပြီးခါစကတော့ မိုးမမြင်လေမမြင်ချစ်ခင်ခဲ့ကြတယ်။
 သားလေးရပြီးနောက်ပိုင်း သူ့ပုံစံတွေ တဖြည်းဖြည်းပြောင်းလာခဲ့တယ်။ အစက ကျမမျက်ရည်က သူ့အတွက် ပုလဲလုံးလေးတွေ ဆုံးရှုံးရမှာစိုးလို့ တန်းဖိုးထားရသလောက် ခုတော့ ကျမမျက်ရည်တွေက သူ့အတွက် ကျောက်တုံးကျောက်ခဲတွေလိုပဲတဲ့။ သူမဘယ်လောက်ငိုငို သူဂရုမစိုက်တော့ဘူးတဲ့။
 ဟိုအရင်အချိန်တွေက ညခင်းအချိန်တွေမှာ သူ့ရင်ခွင်ထဲမှာနေရင်း ကောင်းကင်က ကြယ်တွေကို နှစ်ယောက်အတူ ရေတွက်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေတုန်းက သူက ကျမကို တကယ်ကြင်နာပါတယ်။ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးက သူပဲလို့ ကျမ မှတ်ထင်ထားခဲ့ဖူးတယ်။ ခုချိန်မှာတော့ ကျမရဲ့ ထင်မြင်ချက်တွေက မှားတယ်လို့ ကောက်ချက်ချရတော့မလို။
      လရိပ်လေးနဲ့ အေးမြတဲ့ ညလေးတစ်ညမှာတော့ သားလေးကိုသိပ်ပြီး သူ့ကို ကျမ ပူဆာကြည့်မိတယ်။ ဟိုးတစ်ချိန်ကလို ကြယ်တွေရေတွက်ရအောင်လို့။ ကျမအပြောကို မျက်မှောင်ကြီးကုတ်ပြီး မင်းရူးနေလား…ဒီလောက်ကြယ်တွေအများကြီး ဘယ်လိုရေတွက်မလဲ… စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ကွာ..။
ကျမ သူ့ကို သေသေချာချာကြည့်မိတယ်။ အချိန်နှစ်နှစ်ကျော်ဆိုတဲ့ ကာလက လူတစ်ယောက်ကို ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ အေးစက်မှုတွေကို ပေးနိုင်သလား။ အင်းလေ ဖြစ်နိုင်ပါတယ်။ လောကမှာ မဖြစ်နိုင်တာရယ်လို့မှ မရှိတာ။ သူက ရင့်ကျက်တည်ငြိမ်နေပေမဲ့ ကျမကတော့ ခုချိန်ထိ သူပြောသလို စိတ်ကူးယဉ်ကောင်းတုန်းလား။
          အချိန်တွေကြာလာတာနဲ့အမျှ အခေါ်အပြော၊ အပြုအမူတွေက နွေးထွေးမှုမရှိတော့တာကို တည်ငြိမ်ရင့်ကျက်မှုတစ်ခုလိုတော့ ကျမ မယူဆချင်ပါဘူး မောင်။ လက်ထပ်ပြီးတစ်နှစ်ကျော်အချိန် ကာလတစ်ခုမှာကတည်းက နင်တွေငါတွေနဲ့ မောင် သုံးနှုန်းနေပေမဲ့ ကျမကတော့ ခုချိန်ထိ မောင်လို့ ခေါ်နေတုန်းပဲ။ နောက်လည်း ဒီအတိုင်းပဲ ခေါ်ခွင့်ရှိသမျှ ခေါ်နေဦးမှာပါလေ။
          “သည်း…ဆိုတဲ့အဓိပ္ပာယ်က ကိုယ့်ရင်ထဲက အသည်းအသက်တမျှချစ်ရလို့ အဲဒီလိုခေါ်တာပေါ့ သည်းရဲ့…” ဟိုတစ်ချိန်တုန်းက ပြောတဲ့ သူ့ရဲ့ စကားသံတွေက ကျမနားထဲမှာ နီးသွားလိုက် ဝေးလာလိုက်။ အော်…ခုတော့.. နင်တစ်လုံး ငါတစ်လုံးနဲ့ အရင်တုန်းက နူးညံ့ပျော့ပျောင်းတဲ့ လေသံတွေက အချိန်ကာလတွေ တိုက်စားသွားလို့များ မာကျောလာတတ်သလား… မောင်တို့ယောက်ျားတွေအကြောင်း ကျမ မသိတော့ပါလေ။
           တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ အနုပညာတစ်ခုပဲတဲ့လေ။ အဲဒီအနုပညာကို ကျမတို့ မိသားစုလေးအတွက် လှပသေသပ်တဲ့ ချစ်ခြင်းအနုပညာဖြစ်ဖို့တော့ ကျမတို့ကြိုးစားလို့ရနိုင်သားပဲ မောင်။ မောင်တို့ယောက်ျားတွေရဲ့အချစ်က အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်သလားလို့ ကျမ မေးချင်တယ်။
    ခုနောက်ပိုင်း မောင့်ရဲ့ အိမ်ပြန်ချိန်တွေက နောက်ကျလွန်းတယ်။ ဒါပေမဲ့ မောင် အလုပ်များလို့နေမှာပါလို့ ကျမ ဖြေတွေးတွေးမိတယ်။ မောင်ပြန်လာတဲ့အချိန်တိုင်း သားလေးက အိပ်မောကျနေပြီ။ မနက်ခင်း သားလေးနိုးနေတဲ့အချိန်ကျပြန်တော့လည်း မောင်က အပြင်ကို စောစောထွက်တတ်တော့ မောင်တို့သားအဖ တွေ့ချိန်က အရမ်းကိုနည်းတယ်။ ကြာတော့ သားက မောင့်ကို ခပ်စိမ်းစိမ်းဖြစ်လာတာကို မောင်ကလည်း ဂရုမစိုက်ခဲ့ပါဘူးလေ။
          တစ်နေ့တစ်နေ့ သားသားနားနားကျော့ကျော့မော့မော့နဲ့ အပြင်ထွက်ဖို့သာ မောင်တစ်ယောက် စိတ်စောနေခဲ့တာပဲလေ။
          တစ်ရက် သားလေးကိုယ်တွေပူနေလို့ ဆေးခန်းပြဖို့ လမ်းထိပ်မှာရှိတဲ့ ဆေးခန်းကို အပြေးအလွှားရောက်သွားမိတယ်။ မောင့်ကိုလည်း ဖုန်းဆက်ပြောဦးမလို့ပဲ။ ဒါပေမဲ့ မောင် အလုပ်များနေတဲ့ကြားက စိတ်အနှောင့်အယှက်မဖြစ်စေချင်တာကြောင့် မပြောဖြစ်ခဲ့တော့ဘူး။ သားလေး အခြေအနေကြည့်ပြီး နောက်မှပဲ ဖုန်းဆက်တော့မယ်လို့ စိတ်ကူးတာကြောင့်ရယ်ပါ။
          လမ်းထိပ်က အထွေထွေရောဂါကုဆေးခန်းလေးရဲ့ ဆရာဝန်က ကလေးသီးသန့်ဆရာဝန်မဟုတ်ပေမဲ့ အမြဲပဲ ကလေးတွေကို ဦးစားပေးတတ်တော့ ရောက်တယ်ဆို ၀င်ပြရတယ်။ သားလေးကို သေသေချာချာစမ်းသပ်ပြီး သူ့ရဲ့ အကူဆရာမလေးကို ဆေးတွေပေးဖို့ပြောနေတယ်။ အိမ်ပြန်ရောက်ရောက်ချင်း ပေးလိုက်တဲ့ဆေးတွေထဲက တစ်ခွက်ကို တိုက်ဖို့ပြောတာကို ကျမ သေသေချာချာလိုက်မှတ်နေမိတယ်။ သားလေးအတွက် လိုအပ်တဲ့ ဆေးတစ်မျိုးက အဲဒီဆေးခန်းမှာ မရနိုင်လို့ တခြားမှာ ၀ယ်ရမယ်ဆိုပြီး ဆရာဝန်က ဆေးစာရေးပေးတဲ့ စာရွက်လေးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင် ဆေးခန်းထဲက ထွက်လာခဲ့တယ်။
          အပြန်မှာ သားလေးကိုချီရင်း အလာတုန်းက အမှုမဲ့အမှတ်မဲ့သားဇောနဲ့ စိုးရိမ်တကြီးလာခဲ့တဲ့ လမ်းကလေးကို သေချာကြည့်မိတယ်။ လမ်းသွားလမ်းလာ လူငယ်စုံတွဲလေးတွေ ရယ်ရွှင်ကြည်နူးလို့။ ပြီးတော့ ကောင်မလေးတွေရဲ့ လက်ထဲမှာ ပန်းစီးကြီးကိုင်လို့။ တချို့ကောင်မလေးတွေလည်း အရုပ်အကြီးကြီးတွေ ပွေ့ပိုက်လို့။ တစ်လောကလုံးမှာ သူတို့နှစ်ဦးပဲ ရှိတဲ့အတိုင်း လမ်းလျှောက်သွားလိုက်ကြတာ ယုံကြည်မှုအပြည့်နဲ့လေ။ အော် … ဒီနေ့က ချစ်သူများနေ့ပဲ။ ဟိုတစ်ချိန်တုန်းက ဒီလိုနေ့မျိုးမှာ မောင်နဲ့ ကျမ အခုလိုပဲ ကမ္ဘာမှာ အပျော်ဆုံး လူသားနှစ်ဦးဖြစ်ခဲ့တာပဲလေ။ မောင်က ကျမအတွက် မျက်မှန်တပ်ထားတဲ့ ၀က်ဝံရုပ်ကြီးတစ်ရုပ် လက်ဆောင်ပေးတယ်။ ကမ္ဘာပေါ်မှာ ကျမသာ ကံအကောင်းဆုံး မိန်းကလေးလို့ မှတ်ထင်ခဲ့ဖူးတဲ့ နေရက်တွေပေါ့။ မောင်ပေးခဲ့တဲ့ ချောကလက်ကို မစားရက်ဘဲ သိမ်းထားခဲ့မိတဲ့ ကျမရဲ့ အရင်က အဖြစ်တွေကို သွားပြီး သတိရသေးတယ် မောင်။ မောင်သာ သိရင် ရူးပြန်ပြီလို့ ဆိုဦးမလားပဲ။
          သားလေးအတွက်ဆေးဝယ်ဖို့ မောင့်ဆီဖုန်းဆက်ရင် ကောင်းမလား၊ ဒါမှမဟုတ် အခုပဲ သွားဝယ်ရင် ကောင်းမလားဆိုတဲ့ စိတ်တွေနဲ့ ခြေလှမ်းတွေက အိမ်အပြန်လမ်းရဲ့ ဆန့်ကျင်ရာကို သားလေးကိုချီရင်း လျှောက်လာမိတယ်။ သားလေးကတော့ ခုနဆေးခန်းမှာ တိုက်ထားတဲ့ ဆေးအရှိန်နဲ့ အိပ်ပျော်နေတယ်။
          လမ်းတစ်လျှောက်လုံး အင်္ကျီဆင်တူစုံတွဲကောင်လေးတွေ ကောင်မလေးတွေကိုကြည့်ရင်း ကျမ၀ယ်ရမယ့် ဆေးဆိုင်ကို ရောက်လာခဲ့တယ်။ ဆရာဝန်ပေးလိုက်တဲ့ ဆေးစာရွက်ကို ဆေးဆိုင်အရောင်းဝန်ထမ်း မိန်းကလေးကိုပေးလိုက်တော့ သူက စာရွက်ကိုတစ်ချက်ကြည့်ပြီး ကျမကို ဆေးတစ်မျိုးထုတ်ပေးတယ်။ ဘယ်လောက်ကျလဲလို့ ကျမမေးလိုက်ပြီးမှ စိုးရိမ်စိတ်တစ်ခုက ၀င်လာတယ်။ ကျမပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့။ သားတို့အဖေပေးတဲ့ နေ့စဉ်ဈေးဖိုးထဲကကျန်ငွေလေးတွေကို စုထားတဲ့ ပိုက်ဆံအိတ်သေးသေးလေးက ခုန ဆေးခန်းမှာလည်း အတော်အသင့်ကုန်ခဲ့ပြီ။ သားလေး မြန်မြန်နေကောင်းဖို့ ဆေးတိုက်ချင်တဲ့ စိတ်ဆန္ဒနဲ့ အိတ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့တာကို သေချာမစဉ်းစားမိခဲ့။
          ဆေးအရောင်းဝန်ထမ်းမိန်းကလေးပြောလိုက်တဲ့ ငွေပမာဏ ကျမအိတ်ထဲမှာမရှိတော့။ ဘယ်တတ်နိုင်တော့မလဲ။ သားတို့အဖေပြန်လာမှ ၀ယ်ခိုင်းရတော့မှာပဲ။ သားလေးကိုတင်းတင်းပွေ့ချီလို့ ဆေးဆိုင်ထဲက အထွက် အဖြူရောင်ဝက်ဝံရုပ်ကြီးတစ်ရုပ်ပိုက်လို့ ရယ်မောပျော်ရွှင်နေတဲ့ ကောင်မလေးတစ်ယောက်ကို အမှတ်မထင်ငေးကြည့်လိုက်မိတယ်။ စိတ်ထဲကနေလည်း ဒီအရုပ်က အကြီးကြီး ဆိုတော့ ဈေးလည်း တော်တော်ပေးရမှာပဲလို့ တွက်နေမိတယ်။ ကောင်မလေး ကံကောင်းတာပဲ။ သူ့ချစ်သူက ကောင်မလေးကို တော်တော်ချစ်လို့ဖြစ်မယ်လို့တွေးပြီး သူ့ဘေးကို ငဲ့အကြည့်……
ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင် သားလေးကိုပွေ့ထားတဲ့ ကျမလက်တွေက ရုတ်တရက်အားကုန်သွားသလို ခြေထောက်တွေကလည်း ယိုင်နဲ့နဲ့ဖြစ်ပြီး ကျမနှုတ်က အထစ်ထစ်ငေါ့ငေါ့ ဆို့ဆို့နစ်နစ်နဲ့ အက်ကွဲထွက်သွားတာက….
သား.. ရဲ့… အ...ဖေ …။
      
 လ၀န်းလေး

Friday, February 15, 2013

ဖြစ်နိုင်ရင်...


ဖြစ်နိုင်ရင်... ကိုယ်ချင်းစာတရားမရှိ ပြောတတ်တဲ့သူတွေနဲ့ မဆုံတွေ့ရပါရစေနဲ့၊
ဖြစ်နိုင်ရင်... အသွေးအရောင်အမျိုးမျိုးပြောင်းတတ်တဲ့ အရေခွံချွတ်လူတန်းစားတွေနဲ့ ဝေးရပါစေ၊
ဖြစ်နိုင်ရင်... လြူ့ပိန်းတွေကြီးစိုးတဲ့ ငါတို့နိုင်ငံမဖြစ်ပါစေနဲ့၊
ဖြစ်နိုင်ရင်... ငါတို့နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ မွေးဖွားပါစေ၊
ဖြစ်နိုင်ရင်... စကားအမျိုးမျိုးပြောတတ်တဲ့သူတွေနဲ့ ဝေးဝေးနေနိုင်ပါစေ၊
ဖြစ်နိုင်ရင်... ရွှေရည်စိမ်၊ ငွေရည်စိမ်၊ ကွက်ကြားဒီမိုကရေစီတွေနဲ့ ဝေးပါစေ၊
ဖြစ်နိုင်ရင်... စစ်ပွဲတွေကြားက ကလေးငယ်များ၊ မိခင်များ ငြိမ်းချမ်းပါစေ၊
ဖြစ်နိုင်ရင်... ငါတို့တိုင်းပြည် အမြန်ငြိမ်းချမ်းပါစေ။

လ၀န်းလေး
(31-1-2013)

Tuesday, October 9, 2012

လူဆိုးမလေးရဲ့ ဖွင့်ဟ၀န်ခံချက်



တစ်ခါတလေ အကြောင်းမရှိအကြောင်းရှာ ရစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကျင့်ဆိုး ကြီးကို ညည်းညည်းညူညူ သည်းခံတတ်တဲ့ သူတစ်ယောက်ကို အဲဒီကောင်မလေးက အရမ်းသံယောဇဉ် တွယ်မိတယ်တဲ့။ သူက ကောင်မလေးဆိုးသမျှကို မညည်းမညူတော့ မဟုတ်ပြန်ဘူး။ ကောင်မလေးက သူ့ကို သိပ်ချစ်တဲ့သူကို စိတ်မကောက်ဖို့တော့ ကြိုးစားပြီးနေကြည့်လည်း မရဘူးတဲ့။ သူ့ရဲ့ ဂရုစိုက်မှုတွေ၊ သူ့ရဲ့ ကြင်နာမှုတွေကို အဲဒီစိတ်ကောက်ခြင်းတွေကလည်း တစ်ခါတရံ ယူလာပေးတတ်လို့ သူစိတ်ကောက် တာပါတဲ့။ ကောင်မလေးရဲ့ စိတ်ကောက်တတ်တာတွေကို သူစိတ်ပျက်တယ်လို့ တစ်ခါတရံ သတိပေးတတ် ပါတယ်။
အဲဒီလိုအခါမျိုးမှာတော့ ကောင်မလေးက အလွန်အမင်း ထိတ်လန့်သွားတတ်ပြီး စိတ်မကာက် တော့ဘူးလို့လည်း သူစိတ်မပျက်အောင် ပြောတတ်ပါတယ်။ ဒါပေမဲ့လည်း စိတ်ကောက်ခြင်းနဲ့ သူမနဲ့က အတူယှဉ်တွဲနေပါတယ်။ ကလေးလေးတစ်ယောက်လို ဆိုးနွဲ့တတ်တဲ့ အဲဒီကောင်မလေးကို သူ တစ်ခါတလေ စိတ်ကုန်တယ်တဲ့။ အဲလို သူပြောတဲ့အခါမျိုးမှာ အဲဒီကောင်မလေးက တခြားသူတွေနဲ့ဆို ရင့်ကျက်တဲ့ စိတ်ရှိပြီး သူနဲ့ကျမှ ကလေးလိုနေမိတာပါလို့ ပြန်ပြောတော့ သူက လူကြီးလို နေပြပါဦးခင်ဗျာ လို့… ပြန်ပြောတာကို ကောင်မလေးက မနေပြပါဘူးလို့ ချက်ခြင်းပဲ ခပ်စွာစွာပြန်ပြောတတ်ပါတယ်။
တကယ်တော့ ကောင်မလေးက သူဆိုးတာကို သူကိုယ်တိုင်လည်း သိနေတယ်။ သူ့ကို ချစ်တဲ့သူရဲ့ အချိန်ရှားပါးတာကိုလည်း နားလည်တယ်။ ဒါပေမဲ့ အဲဒီအချိန်တွေထဲမှာ နစ်မြုပ်ပြီး သူမကို မေ့နေမှာ သိပ်စိုးရိမ်နေတဲ့ ကောင်မလေးကို သူက အဲဒီအချိန်တွေကြားထဲ မှာ ကောင်မလေးလည်းရှိတယ်လို့ပြောတော့ ကောင်မလေး ပျော်ရွှင်ခဲ့တယ်။ တစ်ခါတလေ တကယ်နော်..တကယ်လား… ဆိုတဲ့ ပြန်မေးတတ်တဲ့ အကျင့်ကို သူနားလည်နိုင်မယ်လို့ ကောင်မလေး ယုံကြည်နေတယ်။ တစ်ခါအညာခံရဖူးတဲ့သူက နောက်တစ်ခါ အညာခံရမှာကြောက်တယ်ဆိုတာ သူနားလည်မယ်လို့ ကောင်မလေးယုံကြည်ခဲ့တယ်။
တစ်ခါတလေ စကားလုံးတွေထက် တစ်ဦးနဲ့တစ်ဦးနားလည်နေဖို့သာ အဓိကကျတယ် ဆိုတာကို ကောင်မလေးက သိရက်နဲ့ လက်မခံချင်ဘူး။ သူမကို အမြဲခွင့်လွှတ်သည်းခံပေးတတ်တဲ့ သူ့ကို အနိုင်ကျင့် စိတ်ကောက်ရင်း ဆိုးလာလိုက်တာ အခုချိန်ထိ သူမ အသိတရားမရသေးပါဘူး။ ဒါပေမဲ့ သူမနှလုံးသားကတော့ နွယ်ပင်အထပ်ထပ်နဲ့ရစ်ပတ်ထားတဲ့ သံယောဇဉ်တွေက ဖယ်ခွာလို့ မရနိုင်လောက်အောင် တုပ်နှောင်ခံထား ရပြီဆိုတာ ကောင်မလေး လက်ခံလိုက်ရပါတယ်။ တကယ် တမ်းတော့ ပိုချစ်ရတဲ့သူက ကောင်မလေးပဲ ဖြစ်မှာပါ။



 Image and video hosting by TinyPic