Tuesday, May 24, 2011

ဒီမိုကရေစီနိုင်ငံထူထောင်မည်လား

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရမည်ဟူသော အယူအဆမှာ ၁၉၈၈ လူထုဒီမိုကရေစီအရေး တော်ပုံကြီးမှ စတင်၍ တစ်ကြော့ပြန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ထိုမှတဖန် တပ်မတော်သည် အာဏာ သိမ်းလိုက်ပြီးသည့်နောက် ပြည်သူလူထု၏ ဒီမိုကရေစီရေးကြွေးကြော်သံများသည် ပုံစံတမျိုးပြောင်းလဲကာ အာဏာသိမ်းတပ်မတော်အစိုးရ၏ ကြွေးကြော်သံဖြစ်လာခဲ့၏။ ထို့နောက် တပ်မတော်အစိုးရက ဒီမိုကရေစီ နိုင်ငံတော်သို့ဟူသော အလံကိုလွှင့်ထူပြီး လမ်းပြမြေပုံခုနှစ်ချက်ကို ရေးဆွဲအကောင်အထည်ဖော်၏။
          ထိုမှတဖန် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော် ပေါ်ပေါက်လာ၏။
          လွှတ်တော်မှ သမ္မတသစ် ရွေးချယ်ခန့်အပ်၏။
          သမ္မတသစ်က အစိုးရသစ်ဖွဲ့၏။
          အစိုးရသစ်တွင် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းရယူသော ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့လည်း ပါဝင်၏။
          ထို့နောက် အစိုးရသစ်က ကောင်းသော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းသော အစိုးရဖြစ်အောင် လုပ်ကြမည်ဟု လမ်းစဉ်ချမှတ်သည်။ တိုးတက်သော၊ ခေတ်မီသော ဒီမိုက ရေစီနိုင်ငံ ထူထောင်မည်ဟု ဆက်လက်ကြွေးကြော်သည်။
          သည်မှာ၊ ဒီမိုကရေစီက အားလုံး၏ ပန်းတိုင်လိုဖြစ်သည်။
          ဒီမိုကရေစီနိုင်ငံ ထူထောင်ကြမည်လား။
          ပြည်သူ့အဆုံးအဖြတ်များပေါ်မှာသာ လုံးလုံးလျားလျား အခြေပြုသည့် နိုင်ငံရေးအာဏာ၊ စီးပွားရေး အာဏာတို့ဖြစ်လာမှ ဒီမိုကရေစီနိုင်ငံဖြစ်မည်။ အုပ်ချုပ်ရေးမှာရော စီးပွားရေးမှာပါ ပြည်သူ့အဆုံးအဖြတ်တို့က နောက်ဆုံးမှာ အတည်ဖြစ်ရမည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့အဆုံးအဖြတ်ကို နာခံသူများဖြစ်ရ မည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့မျက်နှာကိုသာ ကြည့်သူများဖြစ်လာရမည်။ ပြည်သူ့ကိုယ်စား လှယ်များက ပြည်သူလူထုက လိုလားထောက်ခံသူများ ဖြစ်ရမည်။
အကောင်အထည်ဖော် တည်ဆောက်စရာတွေ ကြိုးပမ်းဆောင်ရွက်စရာတွေကို တိတိကျကျ လုပ်ငန်း စဉ်ရေးဆွဲပြီး ပြင်းပြင်းထန်ထန် လုပ်ကြရမည့်သဘော ရှိသည်။ ပြီးတော့ သည်လို လုပ်ကြရာမှာ အစိုးရသစ် က ချမှတ်သည့် လမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထုက ယုံကြည်စွာဖြင့် ပူပေါင်းဆောင်ရွက်ဦးမှ ဖြစ် မှာဖြစ်သည်။
          နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍအသီးသီးမှာ ထူထောင်ရမှာဖြစ်သည်။ သည်လို ထူထောင်သည့် ကဏ္ဍအသီးသီးနှင့် အစိတ်အပိုင်းတိုင်းမှာ ချွတ်ချော်တိမ်းစောင်းလို့မရ၊ နေရာတိုင်းမှာ ပြည် သူလူထု၏ ယုံကြည်မှုကို လိုအပ်သည်။ အစိုးရကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။ အစိုးရ၏လမ်းစဉ်ကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။ အစိုးရရေးဆွဲသော လုပ်ငန်းစဉ်များ၊ စီမံကိန်းများကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လို၏။
          ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ရင်း ပြည်သူလူထု၏ ဒီမိုကရေစီအလေ့အကျင့်ကို အား ပေးရမည်။ ပြည်သူလူထု၏ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုမှု၊ ဝေဖန်မှု၊ တာဝန်ယူတတ်မှုတို့ကို အားပေးရ မည်။
          ပြည်သူလူထု၏ ယုံကြည်မှု၊ တက်ကြွစွာ ပါဝင်မှုတို့မရှိဘဲနှင့် ဒီမိုကရေစီ နိုင်ငံသစ်ကို မရောက်နိုင်ပါ။

ပြည်သူ့ခေတ် အယ်ဒီတာ (၁၃၊ မေ၊ ၂၀၁၁)

Monday, May 23, 2011

ညီမလေးဖတ်ဖို့..(၄)



ညီမလေးရေ…                                                                                                          
ဒီနေ့ မေ ၂၂ရက်နေ့ ဖေဖေ့ရဲ့မွေနေ့လေ… ညီမလေး မှတ်မိရဲ့လား။ မမကြီးက ဖေဖေ့ကို ဒီနေ့ ဖေဖေ့ရဲ့မွေးနေ့နော်လို့…ပြောတော့ ဖေဖေက သူ့မွေးနေ့ကို မှတ်မိနေပါလားဆိုပြီး ၀မ်းသာနေပုံရတယ် ညီမလေးရဲ့။ တကယ်တော့ မမကြီးတို့ ညီမလေးတို့က ဖေဖေ မေမေတို့ရဲ့ တနှစ်မှာတခါသာရောက်တဲ့ မွေးနေ့ရက်ကလေးကို မှတ်မိသင့်တာပေါ့နော်။ ဖေဖေ မေမေတို့က မမကြီးတို့ ညီမလေးတို့အတွက် သူတို့ရဲ့အချိန်တွေ သူတို့ရဲ့အတွေးတွေမှန်သမျှ အရာအားလုံးကို မမကြီးတို့အပေါ်မှာပဲ ပေးဆပ်ထားကြတာလေ။ သူတို့ရဲ့မွေးနေ့တွေ၊ အမှတ်တရနေ့တွေကိုတောင် တခါတလေ မေ့ချင်မေ့နေကြမှာပါ။ မမကြီးငယ်ငယ်က ဖေဖေက သူ့မွေးနေ့ကို မေ့နေတဲ့အခါ မေမေက အမှတ်ပေးရတယ်တဲ့။ ဒီအတိုင်းပဲ မေမေက မေမေမွေးနေ့ကို မေ့နေတဲ့အခါ ဖေဖေက အမှတ်ရပေးတယ်လို့ မေမေပြောပြလို့ သိခဲ့ရတယ်။
မမကြီးတို့တွေအားလုံးဟာ ကိုယ်ချစ်ခင်လေးစားသူတွေရဲ့မွေးနေ့ရက်တွေကို သတိတရရှိနေတတ်ကြတယ်။ အခုလည်း ဖေဖေရဲ့မွေးနေ့မှာ ဖေဖေအံ့သြ၀မ်းသာသွားအောင် ဒီနေ့ ဖေဖေ့မွေးနေ့နော်လို့… အရင်ရက်တွေကတည်းက ပြောချင်လွန်းလို့ မွေးနေ့ရက်ကို မြန်မြန်ရောက်စေချင်နေမိတယ်။ မမကြီးငယ်ငယ်က ဖေဖေနဲ့မေမေ့ကို ဖေဖေ့ကို ပိုခင်တွယ်ခဲ့တာတဲ့။ ရေချိုးလည်း ဖေဖေချိုးပေးမှ…. ထမင်းစားလည်း ဖေဖေကျွေးမှလို့…ဂျီတော်တော်ကျခဲ့တာတဲ့။ ဖေဖေသွားလေရာ တကောက်ကောက်လျှောက်လိုက်နေတတ်တဲ့ မမကြီးကို မေမေဆို တော်တော်စိတ်ညစ်ခဲ့ရတာတဲ့။ အဲဒါတွေတော့ မမကြီးမမှတ်မိခဲ့ဘူး။ နောက်ပိုင်းမှ မေမေပြောပြလို့ သိခဲ့ရတာ။ ငယ်ငယ်က မှတ်မိတာဆိုလို့ ဖေဖေက မမကြီးတို့ကို မာန်လည်းမမာန် ရိုက်လည်းမရိုက်ဘူး။ မေမေဆူရိုက်ရင်တောင် ဖေဖေက မကြိုက်ဘူးလေ။ လိုချင်တာရှိလို့ ပူဆာရင်လည်း ဖေဖေက ချက်ချင်းဝယ်ပေးတတ်တယ်။ တနေရာရာသွားတိုင်း မမကြီးတို့အတွက် အမှတ်တရပစ္စည်းလေးတွေ ဂရုတစိုက်ဝယ်လာပေးတတ်တယ်လေ။ ညီမလေးကိုလည်း အငယ်ဆုံးမို့ ဖေဖေက သိပ်ချစ်တာလေ။ ညီမလေးလမ်းလျှောက်တတ်စအရွယ်က မမကြီးတို့နဲ့ ကစားရင်း ညီမလေးပျောက်သွားခဲ့တုန်းက ဖေဖေလေ အရမ်းစိတ်ပူပြီး မမကြီးတို့ကိုလည်း ညီမလေးကို ဂရုမစိုက်ရကောင်းလားဆိုပြီး ပြောခဲ့တယ်။ နောက်တော့ ညီမလေးကို ပြန်တွေ့တော့မှ ဖေဖေစိတ်အေးသွားခဲ့တယ်။ မမကြီးတို့ကိုလည်း ညီမလေးကို သေသေချာချာကြည့်ထားနော်လို့ စိတ်မချဟန်နဲ့မှာနေတတ်တယ်။ ညီမလေးကိုလည်း သမီးအငယ်ဆုံးလေးမို့ ချစ်ရသလို မမလေးကိုလည်း အလတ်မို့လို့ ချစ်တာပါပဲ။ မမကြီးကိုတော့ သားဦးမို့လို့ ရူးမတတ်ချစ်ခဲ့မှာပေါ့ (တကယ်တော့ လူတွေပြောပြောနေတဲ့ သားဦး အရူး….ဆိုတဲ့ စကားကို ဒီအဓိပ္ပာယ်လို့ကောက်ချက်ချမိလို့ပါပဲ)။ အဟဲ။

မမကြီးတို့အပေါ်မှာထားတဲ့ ဖေဖေ့ရဲ့မေတ္တာတွေ စေတနာတွေနဲ့ ကျေးဇူးတရားတွေကို မမကြီးတို့ အမြဲအောက်မေ့သတိရနေမိမှာပါ။ ဖေဖေ့ရဲ့ကြီးမားတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတဲ့ မမကြီးတို့ရဲ့အိမ်လေးဟာ အမြဲနွေးထွေးနေပါတယ်။ ဘယ်အချိန်မှာ ခိုဝင်နားနား အမြဲတမ်းတံခါးဖွင့်ထားမယ့် နွေးထွေးတဲ့မေတ္တာအိမ်လေးပါပဲ။ ဖေဖေတို့ရဲ့အဝေးမှာ အမြဲလိုရောက်နေတဲ့ မမကြီးက တခါတလေမှာ အခက်အခဲတွေတွေ့တဲ့အခါ၊ ကိုယ်ရပ်တည်နေတဲ့ ကိုယ့်ခြေထောက်တွေက အားအင်ချိနဲ့ပြီးယိမ်းယိုင်မလိုဖြစ်နေတဲ့အခါတွေမှာ ဖေဖေ့ကို အရမ်းသတိရမိတာပါပဲ။ အပေါ်ယံဟန်ဆောင်အပြုံးတွေ၊ ရင်ထဲကမလာဘဲ ပြောတတ်ကြတဲ့စကားအမျိုးမျိုးကို ကြောက်ရွံ့မိပြီး အဲဒီအရာတွေအားလုံးရဲ့ဝေးရာ ဖေဖေတို့အနားကိုပြေးထွက်လာချင်မိတယ် ညီမလေးရယ်။ ညီမလေးကတော့ အဲဒီခံစားချက်တွေကို ဘယ်နားလည်နိုင်ဦးမှာလဲနော်။ အခုချိန်မှာ ဖေဖေတို့မေမေတို့အနားမှာ ရှိနေသေးတာကိုး။ တခါတခါနားလည်ရသိပ်ခက်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမဖြစ်လို့ စိတ်ဓာတ်ကျချင်နေမိတဲ့အချိန်မျိုးမှာ ဖေဖေရဲ့ အသံကြားရုံနဲ့ အားတက်မိတယ်ဆို ညီမလေး ယုံပါ့မလား။ တကယ်ပါ ညီမလေးရေ…မမကြီး ဘာလုပ်လုပ် ယုံကြည်စိတ်ချစွာနဲ့ အားပေးတတ်တဲ့ ဖေဖေ့ကြောင့် ခွန်အားတွေဖြစ်မိတယ်။
ညီမလေးရေ…ဖေဖေဟာ မေမေ့အပေါ်မှာ ခင်ပွန်းကောင်းတယောက်ဖြစ်ခဲ့သလို မမကြီးတို့ ညီမလေးတို့အပေါ်မှာလည်း ဖခင်ကောင်းတယောက်ဖြစ်ခဲ့တယ်လေ။ မမကြီးတို့ ဖေဖေ့ကို ချစ်ခင်လေးစားစွာနဲ့ ဖေဖေ့ရဲ့ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေမိမှာပါ။ ညီမလေးရေ… ဒီနှစ် ဖေဖေ့ရဲ့မွေးနေ့မှာ မမကြီး ဖေဖေ့အနားမှာရှိနေခဲ့တာ ကံတရားကိုကျေးဇူးတင်ရမလားပါပဲ။ နောင်နှစ်တွေမှာလည်း ဖေဖေ့ရဲ့မွေးနေ့မှာ အခုလိုပဲခဏလေးဖြစ်ဖြစ် ရှိနေချင်ပါတယ် ညီမလေးရယ်။

22.5.2011 (10:30PM)
 Image and video hosting by TinyPic

Tuesday, May 3, 2011

မခန်းခြောက်သေးတဲ့ မျက်ရည်စက်များ …


၂၀၁၁ မေလထဲရောက်လာတော့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး ၃ နှစ်ပြည့်ခဲ့ပြီဆိုတာ သတိပေးနေသလိုပါပဲ။ သုံးနှစ်ပြည့်ခဲ့ပေမယ့် မုန်တိုင်းဒဏ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ မနေ့တနေ့ကလိုပါပဲ။ အဲဒီအချိန်တုန်းက ကျနော် ရန်ကုန်မှာ ရှိနေခဲ့တယ်။ မေ ၂ ရက်နေ့ ညမှာ လေတိုက်သံတွေကို အိပ်နေရင်း ကြားနေမိတယ်။ တဖြည်းဖြည်း လေက ပိုကြမ်းလာတော့ ကိုယ့်အခန်းနဲ့ ဘေးအခန်းက မှန်တံခါးကွဲရှသံတွေက အိပ်ရာထဲမှာ ပေပြီးအိပ်နေတဲ့ ကျနော် ဘယ်လိုမှနေလို့မရတော့။ ဒါနဲ့ပဲ အိပ်ရာကထပြီး တံခါးပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်မိတယ်။ အခုချိန်မှာ တံခါးဖွင့်ပြီး ၀ရန်တာထွက်လို့ကတော့ လူပါလွှင့်ပါသွားနိုင်တယ်လို့ တွေးမိပြီး ၀ရန်တာကိုတော့ မထွက်မိခဲ့။ တ၀ှီဝှီနဲ့ အငြိုးတကြီး တိုက်ခတ်နေတဲ့ လေကြမ်းတွေအောက်မှာ သစ်ပင်တွေ ကွေးညွှတ်ကျသွားလိုက်တာ မယုံနိုင်စရာပါပဲ။ အိမ်ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ စလောင်းတွေလည်း မြင်မကောင်းအောင် ပျက်စီးလို့။ တချို့တွေလည်း လမ်းပေါ်မှာ ပြုတ်ကျနေတယ်။ ကျနော်တို့ အခန်းထဲမှာလည်း ကွဲသွားတဲ့ တံခါးတွေကနေ မိုးရေတွေဝင်လာတယ်။ တဖြည်းဖြည်း မနက်လင်းလာတော့ လေက ညဘက်ထက် ပိုကြမ်းလာတယ်။ လေက လုံးဝငြိမ်သက်သွားလိုက် တရကြမ်း ပြန်တိုက်လိုက်နဲ့ လမ်းထဲမှာရှိတဲ့ သစ်ပင်တွေ လမ်းမီးတိုင်တွေ ဈေးဆိုင်လေးတွေ မြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်လို့ ...။

အဲဒီအချိန်မှာ ကျနော် အိမ်ကို စိတ်ပူနေမိတယ်။ အိမ်ကို ဖုန်းဆက်လို့ ရလိုရငြား ဆက်ကြည့်မိသေးတယ်။ ဒါပေမယ့် ဖုန်းက ဘယ်လိုမှဆက်လို့မရ။ နောက်တော့ ဖုန်းလိုင်းတွေအားလုံး ပြတ်တောက်သွားခဲ့တယ်။ ကားလမ်းတွေလည်း သစ်ပင်တွေလဲပြိုကျပြီး ပိတ်နေပြီ။ မေ ၃ ရက် နေ့လည်ပိုင်းလောက်မှာတော့ တဖြည်းဖြည်းနဲ့ လေအားပျော့သွားတော့မှ ကျနော် ၀ရန်တာကို ထွက်ရပ်မိတယ်။ ပတ်ဝန်းကျင်တခုလုံး မြင်မြင်သမျှ အပျက်အစီးနဲ့ အမှိုက်အစအနတွေပဲ ဖြစ်နေခဲ့တယ်။ သစ်ပင်တွေမှာလည်း သစ်ရွက်တရွက်တလေတောင် မကျန်ရစ်ခဲ့။ လမ်းပေါ်မှာ လူတယောက်စ နှစ်ယောက်စ တွေ့လာရပြီး အိပ်မက်ဆိုးက နိုးထပြီး လမ်းလျှောက်လာသူတွေလိုပဲ အားလုံးက သွေးပျက်တုန်လှုပ်နေကြတယ်။

အဲဒီနေ့က ကျနော် ထမင်းလည်း စားရမှန်းမသိ အိမ်မှာလည်း ဒီလိုလေမျိုး တိုက်လေမလားလို့ တွေးမိပြီး အိမ်ကလူတွေအတွက် စိုးရိမ်နေမိတယ်။ နောက်တနေ့ မနက်စောစော ကျနော် အိမ်ကိုပြန်ဖို့ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဘာနဲ့ပြန်ရမှန်းမသိ။ လမ်းတွေမှာ သစ်ပင်တွေလဲပြီး ပိတ်နေတာလည်း မဖယ်ရှားရသေး၊ လိုင်းကားတွေလည်း မတွေ့ရပေမယ့် ကျနော် ဒီနေ့ အိမ်ကို အရောက်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ ဇွတ်ထွက်လာခဲ့မိတယ်။ မြို့ထဲကနေ တာမွေထိ လမ်းလျှောက်လာခဲ့တယ်။ ဟိုဘက်ကို ခရီးဆက်ဖို့ ကားရှိလား မရှိလားဆိုတာ မသေချာတဲ့ အခြေအနေတခုပါပဲ။ လမ်းတလျှောက်လုံးမှာ တွေ့သမျှလူတွေအကုန်လုံး ပြောနေတဲ့အကြောင်းက မညှာမတာတိုက်ခတ်သွားတဲ့ လေရိုင်းအကြောင်း။ လဲပြိုနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ရှုပ်ထွေးနေတဲ့ ဓာတ်ကြိုးတွေနဲ့ မှန်ကွဲစတွေကို ကွေ့ရှောင်ပြီး ကျနော် တာမွေကို ရောက်လာခဲ့တယ်။ တာမွေကို ရောက်တော့မှ ကျနော့်လိုပဲ အိမ်ပြန်ကြတဲ့ လူတွေ အများအပြား တွေ့ခဲ့တယ်။

အဲဒီနေ့က ကံကောင်းထောက်မစွာနဲ့ ကျနော်တို့မြို့ကို သွားဖို့ ကားတစီး တွေ့ခဲ့တယ်။ ကားခက အရင်ပေးနေကျထက် အဆမတန် များနေပေမယ့် ကျေကျေနပ်နပ်နဲ့ ပေးနေမိတယ်။ ကားလမ်းတလျှောက်လုံးလည်း ဘေးဘီဝဲယာမှာ မြင်မကောင်းအောင် ပျက်စီးမှုတွေတွေ့နေရတော့ အိမ်မှာလည်း ဘယ်လိုတွေများဖြစ်နေမလဲဆိုတာ တွေးပြီး စိတ်ကပိုပူလာမိတယ်။ ကျနော်တို့ကို လိုက်ပို့ပေးတဲ့ ကားက မြို့ကိုမရောက်ခင် မိုင်ဝက်လောက်အလိုမှာ ရှေ့ဆက်ဘယ်လိုမှ မောင်းလို့မရတော့။ လူနှစ်ဖက်စာလောက်ရှိတဲ့ ကုက္ကိုပင်ကြီးတပင် ကားလမ်းကို ကန့်လန့်ဖြတ်လဲကျနေတယ်။ အဲဒီနေရာကနေ လမ်းဆင်းလျှောက်ရပြီး အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ ကျနော့်ခြေလှမ်းတွေက အပြေးတပိုင်းနဲ့ အရင်ကထက် ပိုမြန်နေခဲ့တယ်။ မြို့မှာရှိတဲ့ အိမ်ကိုပဲ အရင်သွားရမလား ရွာကိုပဲ သွားရမလား ကျနော် စဉ်းစားနေမိသေးတယ်။ နောက်တော့ ဘွားဘွားတို့ကော အားလုံး ရွာမှာရောက်နေတယ်လို့ သိတာနဲ့ ကျနော် ရွာကို လိုက်သွားမိတယ်။

ရွာအိမ်ကို ရောက်တော့ မိသားစုအားလုံးက ကျနော့်အတွက် စိတ်ပူနေခဲ့ကြကြောင်း ကျနော့်ဘွားဘွားက ကျနော်နဲ့ အဆက်အသွယ်မရလို့ ဘာမှမစားကြောင်း ၀ိုင်းပြောကြတယ်။ မိသားစုအားလုံးမှာမှ တယောက်တည်း ကွဲထွက်နေတဲ့ ကျနော့်အတွက် သူတို့ဝိုင်းပြီး စိတ်ပူနေကြတာသိတော့ စိတ်မကောင်းဖြစ်မိတယ်။ ဘွားဘွားကလည်း ကျနော်ပြန်ရောက်လာလို့ အလွန်ဝမ်းသာနေပြီး ကျနော်နဲ့အတူ ထမင်းတူတူ စားခဲ့တယ်။ မေမေကတော့ ကျနော်သာပြန်ရောက်မလာရင် ဘွားဘွားတော့ မလွယ်ဘူးလို့ စိတ်သက်သာရာရဟန်နဲ့ ပြောနေတယ်။

အရွက်ကင်းမဲ့နေတဲ့ သစ်ပင်တွေနဲ့ အဆောက်အဦးအပျက်အစီးတွေကို တွေ့ရတော့ စာတွေထဲမှာ ဖတ်ရတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်နဲ့ ပျက်စီးနေတဲ့ မြန်မာပြည်ကြီးကို မဆီမဆိုင် ကျနော် သတိရလိုက်မိသေးတယ်။ အခုကတော့ ဗုံးဒဏ်ကြောင့် မဟုတ်ဘဲ လေဒဏ်နဲ့ အားလုံးပျက်စီးနေတဲ့ ပတ်ဝန်းကျင်ကို တွေ့ရတာ ၀မ်းနည်းစရာ မြင်ကွင်းတခုပါပဲ။ ဖေဖေတို့ စပါးတွေထားတဲ့ စပါးစည့်တွေလည်း အမိုးသွပ်တွေတချပ်မှ မရှိတော့။ ဘေးအကာနဲ့ တိုင်တွေပဲ ရှိတော့တယ်။ ခေါင်းမိုးမရှိတဲ့ စပါးစည့်ထဲမှာ မိုးရေတွေစိုနေတဲ့ စပါးတွေကို ငေးကြည့်ရင်း ဖေဖေတို့ ဘယ်လောက်ရင်နာလိမ့်မလဲလို့ တွေးနေမိတယ်။ မိုးရေစိုသွားတဲ့ စပါးတွေက အညှောင့်တွေ ထွက်လာပြီး အပင်ပေါက်ဖို့ပဲရှိတော့ ရင်မနာဘဲနေမလား။ ကျနော်တို့အိမ်နားက အိမ်တချို့လည်း ပြိုကျပျက်စီးကုန်ကြတယ်။ ကျနော်တို့အိမ်ကတော့ အိမ်နောက်က သွပ်နှစ်ချပ်သာ ပျက်စီးသွားခဲ့တယ်။

တပတ်လောက်နေတော့ ကျနော် ရန်ကုန်ကို ပြန်လာခဲ့တယ်။ အဲဒီအတောအတွင်း သတင်းတွေထဲကနေ မြစ်ဝကျွန်းပေါ်ဘက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတွေသိန်းနှင့်ချီကာ သေဆုံးထိခိုက်သွားတယ်ဆိုတာ သိရတော့ တုန်လှုပ်နေမိတယ်။ ကျနော် ရန်ကုန်ပြန်လာဖို့ကိုလည်း ဘွားဘွားကို မနည်းဖျောင်းဖြပြီးမှ လာခဲ့ရတယ်။ အဲဒီတုန်းက ဘွားဘွားက ကျနော့်ကို စိတ်မချလို့ဆိုပြီး ဖေဖေ့ကို ရန်ကုန်ရောက်တဲ့အထိ လိုက်ပို့ခိုင်းခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ သတင်းတွေ ဓာတ်ပုံတွေမြင်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်မိတယ်။ လေတိုက်နှုန်းက တနာရီကို မိုင် ၁၂၀ တဲ့။ သေကွဲကွဲသွားကြရတဲ့ မိသားစုတွေရဲ့ဘ၀တွေကို ကြားသိရတော့ အဲဒီနာဂစ်မုန်တိုင်းကြီးကို နာကြည်းမုန်းတီးမိခဲ့တယ်။
ကျနော် ရန်ကုန်ပြန်ရောက်ပြီး တပတ်လောက်ကြာတော့ မေမေ့ဘက်က ဘိုးဘိုးရဲ့အမေ ကျနော်တို့ရဲ့ အမေကြီးဘွားဘွား ဆုံးသွားခဲ့တယ်။ အသက် ၉၄ နှစ်အရွယ် အမေကြီးဘွားဘွားက နာဂစ်မတိုက်ခင်အချိန်တွေက ကျန်းကျန်းမာမာနဲ့ သန်သန်မာမာရှိဆဲ။ မေမေတို့အပြောအရ အမေကြီးဘွားဘွားက အရင်ကတည်းက လေတိုက်တာ သိပ်ကြောက်တာတဲ့။ အခုလေတိုက်တဲ့အချိန်မှာ သူ့တို့အိမ်အမိုးတွေအကုန်လုံး လေနဲ့ပါသွားချိန်မှာ မိုးရေတွေနဲ့ တကိုယ်လုံးရွှဲစိုပြီး တုန်ရီနေခဲ့တယ်တဲ့။ ကျနော်လေ အမေကြီးဘွားဘွားအတွက် စိတ်မကောင်းလိုက်တာ။ ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်းနေတဲ့ ဘွားဘွားက သူ့တသက်မကြုံဖူးတဲ့ လေပြင်းတိုက်တာနဲ့ကြုံပြီး နှစ်ပတ်အကြာမှာ ဆုံးပါးသွားခဲ့ရတယ်။ အဲဒီအကြောင်းကို ကျနော်တွေးမိတိုင်း ယူကျုံးမရစိတ်နဲ့ နာကျင်ဝမ်းနည်းနေရတုန်းပါပဲ။

နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့နေရာတွေမှာ စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလှူရှင်တွေ သွားရောက်လှူဒါန်းတာတွေ ကြားသိရတော့ သူတို့ကို လေးစားမိတယ်။ အိုးမဲ့အိမ်မဲ့နဲ့ မိသားစုတွေဆုံးရှုံးသွားလို့ ငိုကြွေးနေတဲ့ သူတို့ရဲ့မျက်ရည်တွေကို စာနာမှုအပြည့်နဲ့ မျှဝေယူခြင်းတမျိုးလို့ ကျနော် တွေးမိလိုက်တယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေက အတုယူစရာပါပဲ။ ကျနော်တို့ကြုံတွေ့ရတဲ့ ၀မ်းနည်းနာကျင်မှုတွေထက် အဆပေါင်းများစွာပိုဆိုးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကိုတော့ ကျနော်သွားချင်ခဲ့တယ်။ ကိုယ်တိုင်လည်း အဲဒီနေရာတွေကို စိတ်က ရောက်ပေမယ့် အလုပ်တွေကြောင့် လူက မရောက်နိုင်ခဲ့။ နီးစပ်တဲ့ မိတ်ဆွေတွေ သွားလှူမယ်လို့ ပြောတော့ တတ်နိုင်သလောက်လေးတော့ ပါဝင်ခဲ့သေးတယ်။

နာဂစ်ဖြစ်ပြီး တနှစ်အကြာမှာတော့ ကျနော် ရောက်ချင်နေတဲ့ မြစ်ဝကျွန်းပေါ်ကို ရောက်သွားခဲ့တယ်။ ဖျာပုံမြို့နယ်ထဲမှာရှိတဲ့ ရွာတရွာကို အလှူရှင်တွေနဲ့အတူ လိုက်သွားဖြစ်ခဲ့တယ်။ တရွာလုံး အိမ်နဲ့တူတာဆိုလို့ တအိမ်နှစ်အိမ်လောက်သာရှိပြီး တဲသာသာလေးတွေနဲ့ ဖြစ်သလိုနေကြရတဲ့ ရွာသူရွာသားတွေအတွက် ၀မ်းနည်းခဲ့ရတယ်။ အဲဒီက ကလေးတွေနဲ့လည်း စကားတွေပြောဖြစ်ခဲ့တယ်။ ခုနှစ်နှစ်အရွယ် ညီမလေးတယောက်ရဲ့ ရင်နာစရာအဖြစ်ကိုလည်း သိခဲ့ရတယ်။ နာဂစ်တိုက်ချိန်မှာ သူ့ရဲ့မိခင်က အုန်းပင်ပိလို့ သေဆုံးခဲ့တယ်လို့ အဲဒီညီမလေးရဲ့ ဘေးကအဖော်တွေကပြောတော့ ကျနော့်သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ မသိခဲ့။ ညှိုးနွမ်းပြီး အားပျော့အနေတဲ့ သူ့မျက်လုံးတွေကို ကျနော်ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ပြန်လာခါနီးမှာ ကျနော်တို့ကို မော်တော်ဆိပ်ကို လိုက်ပို့တဲ့ ချိုင်းထောက်နဲ့ အစ်ကိုကြီးတယောက်ကို သတိထားမိလိုက်တယ်။ မေးကြည့်မိတော့ သူ့ရဲ့ ညာခြေတဖက်က နာဂစ်မှာ ဆုံးရှုံးသွားခဲ့ရတာတဲ့။ “စိတ်ဓာတ်မကျပါနဲ့နော် အစ်ကိုကြီး … သူများတွေထက်စာရင် တော်ပါသေးတယ် ... အားမလျှော့ပါနဲ့နော် …” လို့ အားပေးခဲ့ပေးသေးတယ်။ သူက ကျနော့်ကို ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။

အခု ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ဆို နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ပါပဲ။ ရင်ဆိုင်ကြုံတွေ့ရသူတွေအဖို့တော့ ဘယ်တော့မှမမေ့နိုင်တော့မယ့် အတိတ်ဆိုးကြီးတခုပါပဲ။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို အချိန်တိုလေးအတွင်းမှာ ပျောက်ကွယ်သွားအောင် လုပ်ခဲ့တဲ့ ကပ်ဆိုးကြီးတခုပါပဲ။ ဒါတွေကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူတွေက ဘယ်လိုမေ့နိုင်တော့မှာလဲ။ သုံးနှစ်ကြာကာလအထိ သူတို့ရဲ့မျက်ရည်တွေ နာကျင်ဝမ်းနည်းမှုတွေ မခန်းခြောက် မကုန်ဆုံးသေးပါဘူး။ ဘယ်တော့မှလည်း မေ့ပျောက်နိုင်မှာမဟုတ်တဲ့ ကံကြမ္မာဆိုးတခုပါပဲ။ ယခုချိန်ထိ နာဂစ်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ရွာတွေမှာ ပရဟိတစိတ်နဲ့ အားပေးကူညီ လှူဒါန်းသူတွေ ရှိနေဆဲပါပဲ။ သူတို့ရဲ့လုပ်ရပ်တွေက နတ်လူသာဓုခေါ်စရာ မွန်မြတ်တဲ့ အလုပ်တွေပဲမဟုတ်ပါလား။ ခုချိန်ထိ မခန်းခြောက်သေးတဲ့ မျက်ရည်စက်တွေကို မွန်မြတ်တဲ့လက်တွေနဲ့ ဖေးမကူညီပြီး ဖယ်ရှားပေးနေတဲ့ အလှူရှင်တွေကို ကျနော် ဦးညွတ်မိပါရဲ့။




Saturday, April 9, 2011

ပြန်လျော်ပေးလို့ ဆိုသူတို့ရဲ့ ကမ္ဘာ - မောင်သာချို



(တစ်)
ပြန်လျော်ပေး
အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုး ဘွားဘွားတွေကို ပြန်လျော်ပေး
ညီ ညီမလေးတွေကို ပြန်လျော်ပေး
ကျနော့်ကို ပြန်လျော်ပေး
ကျနော်နှင့် ဆက်စပ်နေတဲ့ လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးကို ပြန်လျော်ပေး။
            ကျနော့်မှတ်စုစာအုပ်တနေရာ၌ ကူးယူထားခဲ့သော ကဗျာလေးတပုဒ်ပဲ ဖြစ်ပါသည်။ ဆရာရဲမြလွင် ဂျပန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့သော ကဗျာလေးတပုဒ်။ သည်ကဗျာကို မူလတန်းကျောင်းသားကလေး တယောက်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ တော်ဂဲကိကျိ(TOGEKICHI)တဲ့။ အနုမြူဗုံးဒဏ်ကြောင့် ဝေဒနာခံစားနေရစဉ် ရက်များအတွင်း မကွယ်လွန်မီ ဆေးရုံပေါ်မှာ ရေးဖွဲ့သွားခဲ့သည့် ကဗျာတဲ့။
            သည်ကဗျာလေးကို ဟီရိုရှီးမားကမ္ဘာ့ငြိမ်းချမ်းရေး ပန်းခြံအတွင်းရှိ ထိုကလေးငယ်၏ အုပ်ဂူ၌ ထွင်းထားသည်ကို တွေ့သဖြင့် ကူးယူခဲ့ကာ ဘာသာပြန်လိုက်ခြင်း ဖြစ်ကြောင်းလည်း ဆရာရဲမြလွင်က မှတ်ချက်ရေးထားခဲ့ပါသည်။
            သြော်…ပြန်လျော်ပေးတဲ့။
            ကျနော်နာကျင်စွာ ပြုံးမိပါသည်။ ပြန်လျော်ပေး။ ဘယ်သူတွေက ဘာတွေနဲ့ ဘယ်လိုလျော်ကြမလဲ။ ငွေနဲ့လား။ ရွှေနဲ့လား။ ဒေါ်လာဘယ်နှသန်းလဲ။ ရွှေဘယ်နှတန်လဲ။ ကားဘယ်နှစီး။ တိုက်ဘယ်နှလုံး။ လေယာဉ်တင် သင်္ဘောဘယ်နှစင်း။ လျော်လို့ကျေပါ့မလား။ မိဘဘိုးဘွား၊ မောင်နှမသားချင်း၊ သူငယ်ချင်းတွေကို အသက်ရှင်လျက် ပြန်တွေ့ရသလို အခြေအနေမျိုးရောက်အောင် ဘာတွေနဲ့ ဘယ်လောက်အထိ ကျနော်တို့က လျော်ကြမှာတဲ့လဲ။
            တကယ်တော့ ပေးလျော်လို့ မရနိုင်သော ထိခိုက်နာကျင်မှုတွေက ကမ္ဘာပေါ်မှာ အနှံ့အပြားပဲ ဖြစ်ပါသည်။
(နှစ်)
            ဟင်္သာတ တက္ကသိုလ် ရူပဗေဒဌာန၌ တွဲဖက်ပါမောက္ခတဦး ရှိပါသည်။ ဆရာက တကိုယ်တည်းသမား လူပျိုကြီးဖြစ်ပြီး အမြဲတမ်းလိုလို သူ့လက်စွဲတော် စက်ဘီးကလေး တစီးနှင့်။
            အခုတော့ သူ စက်ဘီးစီးမရတော့။ လမ်းလည်း ကောင်းကောင်းလျှောက်မရတော့။ ထော့နင်းထော့နင်း။ ကျောင်းသွားကျောင်းပြန် ဆိုက်ကားတစီးနှင့်။ လှေကားထစ်တွေ ဘာတွေကို တက်မရတော့။ ရူပဗေဒဌာနက မြေညီထပ်မှာ ရှိနေသေးလို့ တော်ပါသေးရဲ့ဟု ကျနော့်စိတ်ကို ဖြေရသည်။ နောက်ပိုင်း အငြိမ်းစားတွေ ဘာတွေယူပြီးတဲ့အခါ ဆရာ ဘယ်လိုနေမှာပါလိမ့်ဆိုသော အတွေးကတော့ ကျနော့်ကို စိတ်မောစေသည်။
            တကယ်တော့ ဒါတွေကို ရမ်းကားသော ဆိုင်ကယ်သမား တယောက်ဖန်တီးလိုက်ခြင်းပဲဖြစ်ပါသည်။ ဆရာ့စက်ဘီးကို ဖြတ်တိုက်လိုက်ရာက ခြေထောက် အပိုင်းပိုင်းအတစ်တစ် ကျိုးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။
            သူ့မဆင်မခြင်မှု။ သူ့ရမ်းကားမှု၊ သူ့ဉာဏ်အမြော်အမြင် ချွတ်ခြုံကျမှုတို့အတွက် သူ့ဘယ်လောက်ပေးလျော်ခဲ့သလဲ ကျနော်မသိပါ။ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း။ တစုံတရာ သူ ပေးလျော်ခဲ့လေမပေါ့။ သို့သော ဆရာ့ဘ၀ကတော့ ဘယ်လိုမှ အကောင်းအတိုင်း ပြန်မရတော့။ သက်ဆုံးတိုင် ဒုက္ခိတဘ၀ကို ခံစားပေတော့။
            ဒါကြောင့် အရာရာကို အလျော်ပေးလို့ရသလားဆိုသည့် မေးခွန်းကို ကျနော်က မေးလိုက်ခြင်း ဖြစ်ပါသည်။
(သုံး)
            ဟစ်တလာလို သွေးဆာသူ လူတယောက်ကြောင့် ကမ္ဘာစစ်မီးကြီးတောက်ခဲ့ရကာ အသက်အိုးအိမ် စည်းစိမ်တွေ အများအပြား ပျက်သုဉ်းခဲ့ရ၏။
            ကျနော်တို့ ဘယ်လိုလျော်ကြေးပေးကြမလဲ။
            ကျေအောင်ပေးလို့ရော ရနိုင်ကြပါစ။
            တိုက်တာ အိမ်ခြေတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေကို ကျနော်တို့လျော်လို့ရပါသည်။ ကားတစီးကို ကားတစီးနှင့် အလျော်ပေးနိုင်ပါသည်။ နွားတကောင်ကိုလည်း နွားတကောင်နှင့် အလျော်ပေးနိုင်ပါသည်။ တယ်လီဖုန်းတလုံးကိုလည်း တယ်လီဖုန်းတလုံးနှင့် အလျော်ပေးနိုင်ပါသည်။
            လူကို ဘာနဲ့ကျနော်တို့အလျော်ပေးကြမလဲ။
            ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်သား၊ ကိုယ့်မယား၊ ကိုယ့်ခြေထောက်၊ ကိုယ့်လက်၊ ကိုယ့်အသက်၊ ကိုယ့်မျက်လုံး၊ ကိုယ့်စိတ်၊ ကိုယ့်ခံစားမှု ကိုယ်ယုံကြည်ရာကို လူတယောက်က အဖွဲ့အစည်းတခုခုက စစ်ပွဲကြီးတပွဲက ဒါမှမဟုတ် ဆိုင်ကယ်တစီး၊ မော်တော်ကားတစီး၊ လူရမ်းကားတသိုက် စသည် စသည်တို့က ချိုးခြေဖျက်စီးပစ်လိုက်သော အခါ ဘယ်လိုလုပ် အလျော်ပေးကြရပါ့။
            ဂျပန်ကဗျာဆရာကလေး တော်ဂဲကိကျိ ကိုလည်း  ဘာနဲ့မှ ကျနော်တို့ ပြန်လျော်လို့ မရပါ။ ရူပဗေဒဆရာ၏ အပိုင်းပိုင်း အတစ်တစ်ကျိုးသွားသော ခြေထောက်ကိုလည်း ကျနော်တို့ လျော်လို့မရပါ။
            လူ့ဘ၀သို့ တခေါက်တခါရောက်လာကြသူများ အချင်းချင်း လူနှင့်လူ့ဘ၀ကို ထိခိုက်နာကျင်အောင်လုပ်သော အမှုလောက်ဆိုးသည့် အမှု ဤကမ္ဘာပေါ်၌ ရှိမည်ဟု ကျနော်မထင်ပါ။
            လူက အလျော်ပေးရသည် ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်သော အလုပ်မဟုတ်ပါလား။
(ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ ၂၀၀၉)

Image and video hosting by TinyPic

ကျန်ရစ်သူအပြုံး


          မကြာခင်ကမှ အိမ်ထောင်ကျသွားတဲ့ ငယ်သူငယ်ချင်းတယောက်နဲ့ ကျနော်တို့ဇာတိမြို့လေးမှာ ပြန်တွေ့တော့ အသစ်စက်စက် သတို့သားလောင်းလေးကို မင်္ဂလာဦးဝမ်းမြောက်စကား မဆိုဖြစ်ဘဲ 'နင်က တော်တော်ရက်စက်တာပဲ…ငါ့သူငယ်ချင်းလေး သနားပါတယ်…' ဆိုတဲ့ စကားသာ ကျနော့်နှုတ်မှ ထွက်သွားခဲ့သည်။ သူ့ထံမှ 'အခုလည်း နင့်သူငယ်ချင်းပဲလေဟာ' လို့ အပြုံးမပျက် ပြန်ပြောတော့ သူ့ကို ထုရိုက်ပစ်ချင်လောက်အောင်ကို အသည်းယားနေမိသည်။ 'ဘာသူငယ်ချင်းလဲ…' ကျနော့်စကား မဆုံးလိုက်ပါ။ သူ့ရဲ့ ဇနီးလောင်းလေးက ကျနော်တို့အနားရောက်လာသောကြောင့် ဖြစ်သည်။ သူ့ရဲ့မဒီလေးနဲ့ ကျနော်တို့က သူပြောသလို သူငယ်ချင်းတွေလည်း မဟုတ်ခဲ့ပါ။ ကျောင်းတက်တုန်းက တတန်းတည်းတော့ မှန်ပေမယ့် မျက်မှန်းတန်းမိရုံရှိခဲ့၏။
ကျနော်ကတော့ သူ့ကိုတွေ့တွ့ချင်း မုဒိတာစကားမဆိုနိုင်ခဲ့။ သူနဲ့ကျနော်နဲ့က သူငယ်တန်းကနေ ဆယ်တန်းအထိ ရန်ခဏခဏဖြစ်ရတဲ့ ငယ်သူငယ်ချင်းတွေဖြစ်သည်။။ ပြောမနာဆိုမနာနဲ့ တယောက်အကြောင်းတယောက် အသိဆုံးပင်။ အရင်က သူ့ချစ်သူနဲ့လည်း ကျနော်က သူငယ်ချင်းဖြစ်တော့ သူတို့အကြောင်းတွေ သိနေခဲ့သည်။ သူတို့က သုံးနှစ်သုံးမိုး ချစ်သူတောင် မက။ အဲဒီထက်ကျော်ပြီး နှစ်ပေါင်းတော်တော်ကြာအောင် ချစ်ခဲ့ကြသူတွေဖြစ်ပြီး နှစ်ဖက်မိဘတွေ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင် အားလုံးက အသိအမှတ်ပြုထားတဲ့ ချစ်သူတွေလည်းဖြစ်သည်။ ဒါပေမယ့် သူက ရောက်လေရာအရပ်မှာ ဇာတ်လမ်းတွေ အမျိုးမျိုးရှိလာခဲ့ပေမယ့် ကျနော့်သူငယ်ချင်းမိန်းကလေးကတော့ သူ့ချစ်သူအပေါ် ခွင့်လွှတ်သည်းခံမြဲပါ။ အဲဒီမိန်းကလေးက စိတ်ထားနူးညံ့သိမ်မွေ့သလို အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး လူတိုင်းအပေါ်အကောင်းမြင်တတ်သူဖြစ်သည်။
ကျနော်ကတော့ ရှုပ်လွန်း ပွေလွန်းတဲ့ သူ့ကို နည်းနည်းမှ မတည့်ပါ။ တကယ်တော့ ကျနော်က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကြားချင်နေခဲ့မိပေမယ့် ကြားမယ့်ကြားလာတော့လည်း လုပ်ရက်လိုက်တာလို့…တွေးရင်း သူ့ကို စိတ်နာမိပါသည်။ ကျနော်ရဲ့ သူငယ်ချင်းမိန်းကလေးနဲ့တော့ မတွေ့ဖြစ်ပေမယ့် သူခံစားနေရမှာကို ကျနော်စာနားလည်မိသည်။ သူ့ကို သွားတွေ့ချင်ပေမယ့် အမျိုးမျိုးစဉ်းစားပြီး သွားမတွေ့ဖြစ်ခဲ့ပါ။ အမှားလုပ်သွားတဲ့သူက မျက်နှာပူလား မပူလား မသိပေမယ့် ကျနော်ကတော့ မျက်နှာပူမိသည်။ သူလည်း ကျနော်ကို တွေ့ရင် အဟောင်းတွေက အသစ်ဖြစ်ပြီး သတိရစရာတွေ၊ ၀မ်းနည်းစရာတွေ ဖြစ်လာမှာ စိုးမိသည်။ အချစ်ဆုံးသူရဲ့ ရက်စက်မှုတွေ သစ္စာမဲ့မှုတွေက သူ့အတွက် အနာကျင်ဆုံး ခံစားမှုတွေပဲ ဖြစ်မည်ထင်ပါသည်။ မျိုသိပ်ခံစားတတ်သူဖြစ်လေတော့ တယောက်တည်းကြိတ်ပြီး ခံစားနေရမှာပဲဖြစ်သည်။ ကျနော်သူ့ကို ဘယ်လိုနှစ်သိမ့်ရမှာလဲဆိုတာ မစဉ်းစားတတ်ခဲ့ပါ။
သူတို့နှစ်ဦးကို ဒီလိုမျိုး ကွဲကွာသွားမယ်လို့ ဘယ်သူမှ ထင်မိမှာမဟုတ်ကြ။ အနိုင်ယူတတ်သူနဲ့ အမြဲအလျော့ပေးတတ်သူတို့အကြားမှာ ဘယ်တော့မှ ပြဿနာမရှိနိုင်ဘူးလို့ ထင်သူတွေလည်း ထင်ကြမှာပါ။ ပြီးတော့ နှစ်ဖက်သောမိဘတွေရဲ့ သဘောတူခွင့်ပြုချက်ရထားကြသူများ ဖြစ်လေတော့ သူတို့နှစ်ဦးပဲ ပေါင်းဖက်ဖြစ်လိမ့်မယ်လို့ တွေးမိကြမည်သာဖြစ်သည်။ ကျနော်လည်း အဲဒီအတိုင်းတွေးထင်ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို နားစွင့်နေမိခဲ့သည်။ ခုတော့ ဖူးစာမပါလို့ ဝေးကြရတာလား…ဒါမှမဟုတ် နှစ်ပေါင်းများစွာ အနစ်နာခံပြီး ချစ်လာခဲ့တဲ့ချစ်သူကို သစ္စာမဲ့ခဲ့သလား…ဆိုတာတော့ ကျနော် မတွေးချင်တော့ပါ။ 'ယောက်ျားတွေက နည်းနည်းပဲချစ်သည်…သို့သော် ခဏခဏ ချစ်သည်…' တဲ့။ သူလည်း အဲဒီလို ယောက်ျားမျိုးပါပဲ။ ခဏခဏချစ်တတ်တဲ့ သူတယောက်။ နည်းနည်းပဲချစ်တတ်တဲ့ သူတယောက်ဖြစ်ခဲ့ပုံရပါသည်။ ဒါကြောင့် နှစ်ပေါင်းရှည်ကြာနေတဲ့ သံယောဇဉ်ကို တိခနဲဖြတ်ချလိုက်နိုင်တာပဲဖြစ်မည်။
ကျနော့်သူငယ်ချင်း မိန်းကလေးကတော့ သူ့အပေါ် အပြစ်လုပ်မယ့်သူမဟုတ်ပါ။ သူပြောသမျှ သူ့သဘောအတိုင်း ချစ်တဲ့စိတ်နဲ့ လိုက်လျောတတ်တဲ့သူဆိုတာ ကျနော်သိနေခဲ့တော့ သူ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်ရလေသည်။ ဒါပေမယ့် သူ့အတွက်ပိုပြီးကောင်းဖို့ဖြစ်လာမှာပါလို့တွေးမိပြီး သစ္စာမဲ့တဲ့သူတယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်လည်း သူပဲ စိတ်ဆင်းရဲနေရမှာလို့ ဖြေတွေး တွေးနေမိလိုက်သည်။ တကယ်တော့ အချစ်ကြီးတဲ့သူတွေကသာ ရှုံးနိမ့်ကြေကွဲပြီး ကျန်ခဲ့ရတာပါ။ မိန်းမမာယာ သဲကိုးဖျာ… လို့ ပြောတတ်တဲ့ ယောက်ျားတွေက မာယာများပြီဆို မိန်းမတွေထက်တောင် အဆပေါင်းများစွာ သာလွန်နေမှာပါ။ အပေါ်ယံနှုတ်ဖျားက ချိုသာတဲ့ စကားလေးတွေသုံးပြီး လူတယောက်ရဲ့ ဘ၀ကို ချိုးဖဲ့ဖျက်စီးတတ်ကြတာ သူတို့လို ယောက်ျားတွေအများဆုံး ဖြစ်မည်ထင်ပါသည်။
ကျနော် ဘယ်လောက်တောင် အတွေးလွန်နေခဲ့သလဲ မသိပါ။ 'မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာ ပို့ထားလိုက်မယ်နော်…' လို့ သူ့ထံမှ အသံထွက်လာတော့ ချက်ချင်းပဲ 'ငါ လာဖြစ်မှာမဟုတ်ဘူး…' လို့ တုံးတိတိပြန်ဖြေလိုက်မိသည်။ သူမျက်နှာအနည်းငယ် ပျက်သွားတာကို တွေ့လိုက်တော့ ကျနော့် ကျေနပ်နေမိသည်။ ကျန်ရစ်သူကော ချန်ထားရစ်ခဲ့သူပါ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်နေကြတော့ တယောက်က တယောက်တည်း တိတ်တဆိတ်ဝမ်းနည်းနေချိန်မှာ တယောက်ကတော့ ဆွေမျိုးမိတ်သင်္ဂဟတွေအလည်မှာ ရွှေလက်တွဲပြီး အပြုံးပန်းဆင်နေတာကို ကျနော် အားမပေးချင်ခဲ့။ သွားပြီဆိုကတည်းက သူများတွေမင်္ဂလာယူနေချိန်မှာ ကိုယ်လည်း နည်းနည်းတော့ ပြုံးပြုံးလေးနေရမှာဖြစ်တော့ ကျနော်ဟန်ဆောင်ပြီး ပြုံးဖို့ ဖြစ်နိုင်မယ်မထင်ပါ။ ဒီတော့ အခုကတည်းက မလာဖြစ်ဘူးလို့ပြောလိုက်တာဖြစ်သည်။ သစ္စာမရှိတဲ့ သူတယောက်ကို အားပေးဖို့ ကျနော့်မှာ ခွန်းအားမရှိပါ။
မုန်တိုင်းထန်ပြီးချိန် လေပြေညှင်းလေးအတိုက်မှာ ကျန်နေခဲ့သူတယောက်အဖို့ ကံကောင်းတဲ့သူလို့ ကျနော် သတ်မှတ်လိုက်ချင်ပါသည်။ သူမကတော့ အရာရာကို ခွင့်လွှတ်တတ်သူပီပီ အခုလည်း ကျန်ရစ်သူအဖြစ် ပြုံးပြုံးလေး တိတ်တဆိတ် ကျန်ရစ်ခဲ့မယ်လို့ ကျနော်ယုံကြည်နေမိတော့ပါသည်။



  Image and video hosting by TinyPic