Wednesday, July 20, 2011

ထားခဲ့ပါ ဆရာ


နုနုရည်(အင်းဝ)


အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။ နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။ သိပ်လှတာပဲ။ ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။ ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။ သူများတွေ ပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။
“ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ” တဲ့။ ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်ကမျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိပ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိပ်ပြောတတ်တာပဲ။ တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ “ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား” ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။ စကားအလှတန်ဆာ မဆင်တတ်ဘူး။
“ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ” လို့ ပြောတော့ “ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိပ်စိတ်ချမ်းသာ တာပဲ” တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
“ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေး ရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။”
“ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်းချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်းပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ်
ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။”
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
“ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ် ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံယူလိုက်စမ်း....”
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ “မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ” ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
“ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်”
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး ကလက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
“မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ”
“ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်”
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲအလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
“မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့”
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိအောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
“ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူကခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော”
“တလုံး”
အမေရဲ့ “ဘာဟဲ့” ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
“ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ”
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက “ကျွတ်” ခနဲ စုတ်သပ်ပြီး “အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့” လို့ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး
“နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ”
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
“ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်”
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
“ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ”
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
“ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား”
“ရတယ်အမေ... ကျွန်မနင်းနိုင်တယ်” ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင်တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
“ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား”
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
“နင်..မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ”
“အမေ့အတွက် မြေနေရာသွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား...”
“နင်တယောက်ထည်းလား”
“ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစကမလိုက်ဘဲနေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ် ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ။ သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာ မှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
“အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ”
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာလာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက “ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး” လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
“ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ” သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
“နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ”
အ၀င်းဆီက “ဒေါ်သိန်းခင်” ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
“အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ”
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
“ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်”
“အေးပါ”
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
“အဲဒါပဲကွ” တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
“ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ”
“ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ”
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက် ကိုတယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ ကျွန်မတို့ကို
ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ် ခုန်လာတယ်။
အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူအဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ဆရာ”
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်း သူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိပ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။
နုနုရည် (အင်းဝ)။
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။

အခုတလော....


အခုတလော… အချစ်ဆုံးသူငယ်ချင်းကပြောတယ်…. "တော်တော်ပြောင်းလဲလာတယ်တဲ့…" ဇွတ်လုပ်တတ်တာတွေ၊ စိတ်မရှည်တတ်တာတွေမရှိတော့ဘဲ အားနာတတ်လာပြီတဲ့…။ သူပြောတာ မှန်လား မမှန်လားတော့ မသိ။ သူ့အပေါ်မှာတော့ မပြောင်းလဲဘဲ ဆိုးမိနေတုန်း။ သူနဲ့အတူ 'အာဒံရယ်၊ ဧ၀ရယ် ဒသရယ်' ဆိုတဲ့ ရုပ်ရှင်ကား သွားကြည့်ရအောင်လို့ ခေါ်ပေမဲ့ မလိုက်ချင်ဘူးလို့…ပြောပြီး တယောက်တည်းသွားလို့ရတဲ့ နီးနီးလေးမှာရှိတဲ့ ဆူးလေဘုရားကို လိုက်ပို့ခိုင်းခဲ့တယ်။ သူ့ကောင်းမှုကြောင့် ဆူးလေဘုရားကို ဒုတိယအကြိမ်ဖူးဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က စနေနေ့။
အခုတလော… အလုပ်ကော၊ နေတဲ့နေရာပါပြောင်းလိုက်လို့ အဆင်ပြေရဲ့လားလို့ ဖွားဖွားတို့ မေမေတို့က ခဏခဏဖုန်းဆက်ပြီး မေးတယ်။ "မနက်..မနက်.. အိပ်ယာစောစောထရတာကလွဲရင် အားလုံးအဆင်ပြေပါတယ်" ဆိုတဲ့ ကျနော့်အဖြေကို သဘောတကျ ရယ်နေကြတယ်။ အလုပ်ကအပြန် မိုးချုပ်နေရင် သွားတဲ့လမ်းတလျှောက် လမ်းမီးလင်းရဲ့လားလို့ တွေးတွေးတောတောနဲ့ စိတ်ပူပြီး မေးတတ်တဲ့ ဖွားဖွားကိုလည်း အဆင်ပြေအောင်ပြောမိသေးတယ်။
အခုတလော…မြင်ကွင်းတွေေ၀၀ါးနေတယ်။ ဒီဂရီထပ်တိုးရတော့မယ်ထင်ရဲ့။
အခုတလော…ဘတ်စ်ကားစီးရင်း ကိုယ်ချင်းမစာနာတတ်တဲ့ လူအများအပြားတွေ့တယ်။ ကျပ်ညှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ ကံကောင်းထောက်မစွာ ထိုင်ဖို့နေရာလေးရတဲ့နေ့။ ကားနောက်နားဆီက ဆူဆူညံညံကြားမိလို့ လှည့်ကြည့်လိုက်မိတော့ လူနှစ်ယောက်ရန်ဖြစ်နေကြတယ်။ အကြောင်းရင်းက ရန်ဖြစ်နေတဲ့သူနှစ်ယောက်ထဲက တယောက်က မိန်းကလေးတယောက်ကို ကားကျပ်နေတာကို အခွင့်ကောင်းယူပြီး မတော်မရော်ပြုမူနေလို့တဲ့။
ကားပေါ်မှ လူအားလုံးရဲ့ အကြည့်တွေက အဲဒီလူဆီကို စူးစူးဝါးဝါးကျရောက်နေချိန်မှာ ကားရပ်လိုက်တော့ ကားပေါ်က သူဆင်းသွားတယ်။ ကျနော် အဲဒီလူရဲ့ မျက်နှာကို သေချာမကြည့်လိုက်ပါဘူး။ အဲဒီလို စိတ်ဓာတ်သိမ်ဖျင်းသေးနုတ်တဲ့ လူတယောက်ရဲ့မျက်နှာကို ကျနော်မမြင်ချင်လို့ပါ။ ကားရှေ့ဘက်နားက အသံတသံထွက်လာတယ်။ 'နှမသားချင်း မစာမနာကွာ၊ သူ့မှာ အမေတွေ နှမတွေ မရှိတာကျနေတာပဲ' တဲ့။ အဲဒီအသံကလည်း ယောက်ျားတယောက်အသံပါပဲ။ အဲဒီစကားပြောလိုက်တဲ့သူကို ကျနော် ကျေးဇူးတင်နေမိတယ်။ ကျနော့်ကိုယ်စား၊ ဒါမှမဟုတ် ကားပေါ်မှာပါလာတဲ့သူတွေရဲ့ ကိုယ်စား ပြောပေးလိုက် စကားပါပဲ။ ကားပေါ်မှာပါလာတဲ့သူအားလုံးက အဲဒီစကားကို နှုတ်ကဖွင့်မပြောဖြစ်ကြပေမဲ့ ရင်ထဲမှာတော့ ကိုယ်စီပြောနေကြမယ့် စကားတခွန်းပါပဲလေ။
ဘတ်စ်ကားပေါ်ကို တိုးတိုးခွေ့ခွေ့နဲ့ ထမင်းချိုင့်ထည့်တဲ့ခြင်းကတဖက် ထီးကတဖက် ကိုင်ပြီးတတ်လာတဲ့ လူတွေကိုမြင်ပေမဲ့ ထိုင်ခုံမှာထိုင်နေတဲ့ လူတချို့ရဲ့ မသိကျိုးကျွန်ပြု ကူညီဖော်မရတဲ့ လုပ်ရပ်တွေ။ ကျနော်ကတော့ အဲဒီလိုလူတွေကို ကိုယ်ချင်းမစာတတ်လို့ပဲလို့ သတ်မှတ်မိပါတယ်။ မနက်ရုံးသွားချိန်ဆိုတော့ ထမင်းချိုင့်ကိုယ်စီနဲ့ ဘတ်စ်ကားလည်း ကျပ်တဲ့အချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ကားပေါ်မှာ နေရာရတဲ့သူက ကိုယ့်အနီးအနားက မတ်တပ်ရပ်နေတဲ့သူဆီက ထမင်းချိုင့်တို့… တခြားလက်ထဲဆွဲထားတဲ့ အိတ်အစရှိတာတွေကို တတ်နိုင်သလောက် ကူညီကြရတာပါပဲ။ ဒါပေမဲ့ တချို့တချို့တွေလည်း ကိုယ့်ရှေ့မှာ ဘယ်လိုပဲအမြင်မတော်မတော် နေစိမ့်ကြတဲ့ သူတွေလည်း တွေ့ဖူးပါရဲ့။ ဘတ်စ်ကားစီးချိန်ခဏလေးအတွင်းမှာ တဦးနဲ့တဦးတတ်နိုင်သလောက် ရိုင်းပင်းကူညီကြရင်း လိုရာခရီးကိုသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြရင်ဖြင့် နွေးထွေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဘယ်လောက်နေပျော်စရာကောင်းလိုက်မလဲ။ ခုတော့ အော်…သူ ကိုယ်ချင်းမစာတတ်သေးဘူးပဲ လို့ သတ်မှတ်လိုက်မိပါတော့တယ်။
အခုတလော…ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းတပုဒ်က ထူးအိမ်သင်ရဲ့ နှလုံးသားကျမ်းစာ။ ဒီသီချင်းလေးကို အရင်က အမှုမဲ့ အမှတ်မဲ့ နားထောင်ဖူးပေမဲ့ အခုတော့ သေသေချာချာကို နားထောင်ဖြစ်နေတယ်။ ကျနော့်ရဲ့ကိုကြီးက ကျနော့်ကို ဒီသီချင်းလေးကို နားထောင်ခိုင်းခဲ့တာကိုး။ အခုလည်း အဲဒီသီချင်းကို တိုးတိုးလေးဖွင့်ထားတုန်းပဲ။
အခုတလော…ကျနော်ပျော်နေမိတယ်။ အလုပ်မှာလည်း ပျော်တယ်။ အိမ်ပြန်ရောက်ရင်လည်း ပျော်တယ်။ ပြီးတော့ ချစ်တဲ့သူနဲ့တွေ့ရင်လည်း ပျော်တယ်။ ရလာတဲ့ ဘ၀တိုတိုလေးအတွင်းမှာ ပျော်စရာလေးတွေကိုပဲ တွေးနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာဘဲရလာတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ အပြစ်ကင်းတာပဲလို့တွေးရင်း…။ အဲဒီအချိန်လေးမှာ လောကကြီးက သာယာလှပလို့… နေပျော်စရာကောင်းလို့….ကြည်နူးစရာကောင်းလို့ပါလား။
 
 Image and video hosting by TinyPic

Saturday, July 9, 2011

ချစ်သူ့ရပ်ဝန်းလေးမှာ…


ချစ်သူ…တဲ့။ အခုတလော အဲဒီအသုံးအနှုန်းကို ခဏခဏကြားနေရတယ်။ ကြားရမှာပေါ့။ တကယ်တော့ သူက အဲဒီ ချစ်သူ့ရပ်ဝန်းလေးတခုထဲကို ရောက်ရှိနေခဲ့တာကိုး။ ဟုတ်ပါတယ်။ သူမရဲ့ ၀န်းကျင်သစ်တခုက လူတွေက "ချစ်သူ" ဆိုတဲ့ စကားလုံးကိုသာ သုံးပြီး လေးလေးနက်နက် ချစ်မြတ်နိုးတတ်တဲ့ သူတွေဖြစ်နေလို့ပါပဲ။ သူမရဲ့ သူငယ်ချင်းတချို့နဲ့ မိတ်ဆွေတချို့တလေက ကိုယ်တကယ်ချစ်နေသူကိုတောင် ချစ်သူလို့ မသုံးဘဲ "ရည်စား" လို့ သုံးနှုန်းကြတာချည်း တွေးဖူးနေကျရယ်ပါ။ သူမကတော့ ရည်စားဆိုတဲ့ အသုံးအနှုန်းနဲ့ ချစ်သူဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်လည်း မတူသလို တန်ဖိုးချင်းလည်း မတူဘူးလို့ သတ်မှတ်ထားတဲ့ လူတယောက်ပါ။
အဲဒီတော့ အရင်ကတည်းက ခင်မင်လာခဲ့ပြီး နောက်ပိုင်း မတွေ့တာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါမှာ သူတို့က ရည်စားရှိနေပြီလား….ဆိုတဲ့ မေးခွန်းမျိုး မပါမဖြစ်ပါအောင် မေးတတ်ကြတယ်။
"ဘယ်က ရည်စားလဲ…ရှာရှာပေါက်ပေါက် မရှိပါဘူးကွာ…"
"သွားစမ်းပါ…လာလိမ်မနေနဲ့ ဒီရုပ်လား မရှိတာ"
"သြော်….တကယ်ပါဆို…ငါ့မှာ ရည်စားထားဖို့ အချိန်မရှိပါဘူးဟာ…"
အဲဒီလို ခပ်ညည်းညည်းနဲ့ ပြောနေ၊ ငြင်းနေပေမဲ့လည်း ယုံဟန်နည်းနည်းမှမရသော သူငယ်ချင်းတွေလည်း ရှိရဲ့။
တချို့တွေကလည်း ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်လဲလို့… ခပ်နောက်နောက်ပြောတတ်ကြ ပြန်တယ်။ မတတ်နိုင်ဘူးပေါ့လေ။ ရည်းစားမရှိတဲ့သူတိုင်း မျောက်ဖြစ်တယ်လို့ သတ်မှတ်လည်း ဖြစ်တယ်ပေါ့။ တချို့ကျပြန်တော့လည်း ရည်စားမရှိပါဘူးလို့ပြောတဲ့ သူမကို သနားစရာ သတ္တ၀ါလေးတကောင်လို ကြည့်တတ်တဲ့ အကြည့်တွေကိုလည်း တွေ့ဖူးပါရဲ့။ ဒါကိုလည်း မတတ်နိုင်ပါဘူးလေ။ ကြည့်ကြပါစေပေါ့။ အကြောင်းသိတဲ့ သူငယ်ချင်းတချို့ကတော့ ပြောပါတယ်။
                   နင့်ကို ရည်စားထားတဲ့သူကလည်း စိတ်ရှည်နိုင်မှာ မဟုတ်ပါဘူး…တဲ့။
သူတို့ပြောသလိုပဲ ဟုတ်ပါတယ်။ စိတ်ရှည်နိုင်မှာ မဟုတ်ကြပါဘူး။  သူမက ရုံးပိတ်ရက် တရက်တလေမှာ တောင် အပြင်မထွက်ချင်ဘဲ အိမ်တွင်းမှာပဲ စာဖတ်နေချင်သူ။ ရုပ်ရှင်ကြည့်ရမှာ ပျင်းပြီး တခါတလေအပြင်ထွက်ဖြစ်ရင်တောင် စာအုပ်ဆိုင်တွေမှာပဲ အချိန်ဖြုန်းချင်သူ။ အဲဒီတော့ ထားမိတဲ့ ရည်စားရှိရင်တောင် သူတို့ကို အချိန်မပေးနိုင်တာနဲ့ ဘယ်ရည်စားက စိတ်ရှည်သည်းခံနိုင်မှာလဲ။
တခါတလေလည်း တွေးမိသား။ သူတို့ကျေနပ်လောက်မယ့် အဖြေမျိုးပေးနိုင်ဖို့ပဲဖြစ်ဖြစ် အပျင်းပြေပဲဖြစ်ဖြစ် ရည်စားလေးတယောက်လောက်တော့ ထားကြည့်လိုက်မယ်လို့်စဉ်းစားကြည့်လိုက်မိပေမဲ့ အဲဒီစဉ်းစားမှုက ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဒါပေမဲ့ သူမရဲ့ ရည်စားထားကြည့်မယ်ဆိုတဲ့အတွေး တွေးနေစဉ်ခဏ အဲဒီစည်းဝိုင်းထဲကို လူတယောက်ဝင်လာခဲ့တယ်။
စာအုပ်လေးတအုပ်ကို အစပြုပြီး သူ့အပေါ် သူငယ်ချင်းလိုကော အစ်ကိုတယောက်လိုပါ ခင်မင်ခဲ့တယ်။  သူမ စာအုပ်ဆိုင်တွေသွားတဲ့အခါ သူက စိတ်ရှည်လက်ရှည်လိုက်ပေးတတ်တယ်။ ပြီးရင် သူမ ၀င်တဲ့ စာအုပ်ဆိုင်ထဲ ခဏလိုက်ဝင်ပြီး စာအုပ်တွေတအုပ်ပြီးတအုပ်ကြည့်ပြီး အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်နေသော သူမကို စာအုပ်ဆိုင် အပြင်ကနေသွားပြီး စောင့်နေတတ်ပြန်တယ်။ ပြီးရင် သူမဆွဲလာတဲ့ စာအုပ်ထုပ်ကို အတင်းယူဆွဲပေးရင်း ၀ယ်လာတဲ့ စာအုပ်တွေကို စိတ်မပါတပါ့ ၀တ်ကျေတန်းကျေကြည့်မယ်။ ပြီးရင် အိမ်အထိလိုက်ပို့မယ်လို့ အတင်းပူဆာမယ်။ မလိုက်ရဘူး…ကားဂိတ်ကနေပဲ ပြန်ပါလို့…ပြောရင် မျက်နှာပျက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး ကားဂိတ်ထိ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာမယ်။ အဲဒါတွေက သူလုပ်နေကျ မရိုးနိုင်တဲ့ ပုံစံတွေရယ်ပါ။
နောက်ပိုင်းတော့ သူက ချစ်တယ်လို့ပြောလာတော့ စတိုင်သိပ်ကျတဲ့သူက မိန်းကလေးလည်း မပီသ ဆွဲဆောင်မှုလည်း မရှိတဲ့ သူမကိုမှ ချစ်မိတယ်ဆိုတော့ အနည်းငယ်တော့အံ့သြမိတယ်။ သူမရဲ့ မြင့်လှပြီထင်နေတဲ့ အရပ်ကလည်း သူနဲ့မှ သိပ်ကိုပုသွားခဲ့တယ်။ သူနဲ့ ယှဉ်ပြီးလမ်းလျှောက်ရင် သူမက သူ့ကို မော့မော့ပြီးစကား ပြောရတယ်။ သူမရဲ့ သင်တန်းဆင်းချိန်တိုင်း မှန်မှန်လာကြိုတတ်တယ်။ မလာပါနဲ့လို့ ပြောလည်း မရ။ တရက်တော့ မိုးတွေသည်းသည်းမဲမဲရွာနေချိန်မှာ သူ့မှာထီးပါမလာခဲ့။ အဲဒီနေ့က သူမရဲ့ထီးကိုဖွင့်ပြီး သူ့ရဲ့ရှည်လျားတဲ့အရပ်ကြီးကို မမီမကမ်းနဲ့ ထီးဆောင်းပေးခဲ့တယ်။ သူက ကို့ကိုပေးလို့…ပြောပေမဲ့ သူမ မပေးဖြစ်ခဲ့။ လမ်းတလျှောက်မှာ လူတွေကွက်ကြည့် ကွက်ကြည့်လုပ်ပြီး ပြုံးစိစိ လုပ်သွားကြတာတွေ့ပေမဲ့ မသိချင်ယောင်ဆောင်နေမိခဲ့တယ်။ သူကတော့ သူမထီးဆောင်းပေးတာကို ရှက်နေပုံပါပဲ။ သူ့နေရာ တခြားတယောက်ဆိုရင်လည်း မိုးတွေအရမ်းရွာနေတဲ့အချိန် ထီးမပါလာခဲ့ရင် မိုးမစိုချင်တဲ့ ဆန္ဒရှိနေခဲ့ရင် သူမ ကူညီမိမှာပါပဲလေ။
                   "အစ်ကို…မဆောင်းချင် မဆောင်းနဲ့လေ…."
                   "ကို မိုးတွေစိုကုန်မှာပေါ့….ပေးပါ လူမြင်လို့မကောင်းဘူး…ကို ကိုင်ခဲ့မယ်.."
"ကို့အရပ်ကိုလည်း လွတ်အောင် မဆောင်းပေးဘဲနဲ့.."
သူအဲဒီလိုပြောလိုက်တော့ လက်ကိုဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး သူ့ခေါင်းနဲ့လွတ်အောင် ဆောင်းပေးမိတယ်။ သူ့ထံမှ သူမကို သိပ်ခေါင်းမာတာပဲလို့ မှတ်ချက်ချသံ ကြားလိုက်ရတယ်။ သူမကတော့ သူ မမြင်အောင် ညစ်ကျယ်ကျယ်အပြုံးမျိုး ပြုံးလိုက်မိတယ်ထင်ပါတယ်။ သူက သူ့ကိုသူ "ကို" လို့ပြောတတ်ပေမဲ့ သူမကတော့ သူနဲ့စသိကတည်းက အစ်ကိုလို့ပဲခေါ်ဖြစ်ခဲ့တယ်။
သူ့ကို ရည်စားတယောက်အဖြစ်တော့ စိတ်ကူးကြည့်မိတယ်။ နောက်ပိုင်း သူမအပေါ် ထားတဲ့ သူ့ရဲ့လေးနက်တဲ့စကားသံတွေ၊ သူ့ရဲ့ခံစားချက်တွေက သူမအပေါ် ၀န်လေးစေခဲ့တယ်။ သူ့အပေါ် လိမ်ညာလို့မဖြစ်ဘူးဆိုတာရယ်… သူလိုချင်တဲ့ အချစ်ဆိုတာကိုလည်း ပေးဖို့ သူမမှာ မရှိဘူးတော့ဆိုတာရယ်…ဒါတွေကို သူသိအောင် ပြောပြလိုက်မိတယ်။ ပြီးတော့ အခုလိုပဲ သူငယ်ချင်းတွေလိုမျိုး အစ်ကိုတယောက်လိုမျိုးပဲ သဘောထားနိုင်မယ်ဆိုတာရယ်ပါ အသိပေးမိတယ်။ သူမပြောသမျှစကားတွေကြောင့် ခေါင်းငိုက်စိုက်ကျပြီး ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေဝဲနေတဲ့ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။ သူ့ရဲ့ စိတ်ကို အကြာကြီးမျှော်လင့်ချက်လည်း မပေးချင်ခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချစ်ရသူတယောက်ရဲ့ ခံစားချက်ကို နားလည်နေမိလို့ပါပဲ။ အချစ်ခံရသူနဲ့ ချစ်ရသူ။ အဲဒီနှစ်ခုက ခြားနားမှုတွေ အများကြီးရှိနေလေရဲ့….။
လူတယောက်ကို မချစ်ဘဲနဲ့ သူ့အပေါ် အကြာကြီးလှည့်စားဖို့ သူမမှာ အင်အားမရှိခဲ့ဘူး။ သူမအပေါ် ဂရုစိုက်လေ၊ ကြင်နာတတ်လေ သူမ မလုံမလဲ ခံစားရမစမြဲပါပဲ။ သူ့ကို ဘေးမှာထားပြီး တခြားတယောက်(အဲဒီတခြားတယောက်က နောက်ပိုင်းမှာ သူမရဲ့ ချစ်သူဖြစ်လာမယ့်သူ)အပေါ်ကို စိတ်ရောက်နေတတ်တဲ့အတွက် သူမအပြစ်ရှိသလို ခံစားခဲ့ရတယ်။ အဲဒီလိုအတွေးတွေ ခံယူချက်တွေကြောင့်ပဲ ရည်စားဆိုတာ ခုချိန်ထိ မရှိခဲ့….မရှိဆဲ….မရှိတော့မှာပါပဲ။ သူမကို ချစ်သူရှိလားလို့ မေးခဲ့ရင်တော့ မလိမ်ညာချင်ခဲ့ပါဘူး။ လိမ်ညာလို့မရအောင်ကို သူမမျက်နှာမှာ ပေါ်နေမှာတာကိုး။

ဟော အခုတော့ သူမ ရောက်နေတဲ့ နေရာလေးက ချစ်သူဆိုတဲ့အသုံးလေးနဲ့…လှပလို့…နွေးထွေးလို့… ကြားရသူအပေါင်းကိုလည်း ကြည်နူးပိတိဖြစ်စရာ။
"အမရဲ့ချစ်သူကလေ….။"                           
"ဒီနေ့ ကျနော့်ချစ်သူနဲ့ တွေ့ဖို့ပြောထားလို့…ပြန်နှင့်ပြီ….။"
"ချစ်သူလေးက ခုချိန်ထိ ဖုန်းလည်း မဆက်ဘူး….။"
          "ဒီနေ့ နောက်ကျမှာမို့လို့ ချစ်သူကို လာကြိုဖို့ပြောထားတယ်…။"
အဲဒီလို အသံလေးတွေ နေ့တိုင်း ကြားနေရတယ်။ အဲဒီ ချစ်သူတွေနေတဲ့ ရပ်ဝန်းလေး၊ နွေးထွေတဲ့ ရပ်ဝန်းလေးကို ရောက်လာတဲ့ သူမကို အားလုံးက စိတ်ဝင်တစားနဲ့ "ချစ်သူရှိလား…" လို့ မေးတဲ့လူတွေ မေးတဲ့နေရာတွေ မတူပေမဲ့ မေးခွန်းက တခုတည်းပဲ မေးကြတယ်။
တနေ့ ပြပွဲတခုကအပြန် သူမရဲ့ ကင်မရာလေးနဲ့ရိုက်လာတဲ့ ဓာတ်ပုံတွေကို ကွန်ပျူတာထဲထည့် ကြည့်နေတဲ့သူမကို အမတယောက်က နောက်ကနေလာကြည့်ရင်း ကင်မရာအကြောင်းကိုပြောပါတော့တယ်။
"ညီမလေးရဲ့ ကင်မရာက ရုပ်ထွက်ကောင်းတယ်နော်…ကြည်နေတာပဲ…"
"အမလည်း ကြိုက်လိုက်တာ…ဘယ်လောက်ပေးရလဲဟင်…"
"မသိဘူး အမရဲ့…လက်ဆောင်ပေးတာ"
အဲဒီမှာ ဇာတ်လမ်း စတော့တာပါပဲ။
          "ချစ်သူပေးထားတာလား….." လို့ရယ်ကျဲကျဲနဲ့မေးတယ်။
လူကြီးရှက်တော့ ရှယ်တယ်တဲ့… စကားပုံရှိတယ် မဟုတ်လား။ အဲဒီတုန်းက သူမ အကျယ်ကြီးရယ်ခဲ့မိတယ်။
          "ချစ်သူ ပေးတာ မဟုတ်ပါဘူး အမရယ်…." လို့ပြောရင်း သူမ ရှယ်ရယ်ရယ်နေခဲ့တယ်။
နောက်တကြိမ်အမေးခံရတာတော့ ထမင်းစားပြီး ကော်ဖီသောက်ချင်တာနဲ့ ကော်ဖီထုပ် သွားထုတ်တဲ့ စတိုခန်းထဲမှာပါ။ အဲဒီက အမတွေကို နှုတ်ဆက်ရင်း စကားစမြည်ပြောရင်းနဲ့။
          "အမ နေ့လည်စာစားပြီးပြီလား…"                                                         
          "ဒီနေ့ အပြင်သွားရလို့လေ… ချစ်သူနဲ့ အပြင်မှာစားခဲ့တယ်…"
          "ညီမလေးကော ချစ်သူရှိလား…"                             
အဲဒီမေးခွန်းမေးတော့ စတိုခန်းထဲက အမတယောက်နဲ့ ညီမတယောက်ရှေ့မှာ သူမ ပြေးပေါက်မှားတော့တာပါပဲ။ ကော်ဖီထုတ်ပြီး သူမနာမည်နဲ့ နေ့စွဲအောက်မှာ အမှန်ခြစ်လေးခြစ်ပေးဖို့ကို ဘောလ်ပင်ကိုင်ထားတဲ့လက်က အယောင်ယောင်အမှားမှားနဲ့။
          "'ဒီနေ့ ဘယ်နှစ်ရက်လဲ အမ…"
          "ကြည်…ဒီကောင်မလေးတော့ စကားတွေလွှဲကုန်ပြီ…"
          "……….."
          "…………..."
သူမမှာ ချစ်သူရှိပါတယ်လို့ ဖြေလိုက်တဲ့အချိန်တိုင်းမှာ ရှက်ရွံ့ကြည်နူးစွာနဲ့ ပျော်ရွှင်ကြည်နူးစိတ်လေး ၀င်လာတတ်တာကို သူမ မငြင်းနိုင်ပါ။ ချစ်တဲ့သူတွေကို အလေးအနက်တန်ဖိုးထားတတ်တဲ့ ချစ်သူ့ရပ်ဝန်းလေးကို ရောက်မှာပဲ သူမမှာ ချစ်သူရှိတယ်ဆို ပထမဆုံးအကြိမ် ၀န်ခံခဲ့ရဖူးပြီ။ သူမရဲ့ရင်ထဲမှာ နေရာတွေအများကြီးယူထားတဲ့ ချစ်သူကို သူမရဲ့ချစ်သူပါလို့ ချစ်သူ့ရပ်ဝန်းလေးကို အသိပေးခဲ့ပြီးပါပြီ။ ဒါကို ချစ်သူသိအောင် ပြောပြရပါဦးမယ်။ 
 
Image and video hosting by TinyPic

Tuesday, June 28, 2011

ပလူတိုနီယမ်


နေ၀င်းမြင့်
(၁)
          "….အရှေ့အာရှဒေသမှ လက်ရှိလည်ပတ်နေတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုပေါင်းဟာ ၁၁၅လုံးရှိပြီး လာမယ့် ဆယ့်စုနှစ်များမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ဖိုး အကုန်အကျခံပြီး ဓာတ်ပေါင်းဖိုတွေ ဆောက်ဦးမှာပါ။ အာရှနိုင်ငံတွေကတော့ ပလိုတိုနီယံ အသုံးပြုဓာတ်ပေါင်းဖိုတွေကို သုံးဖို့တောင် စိတ်ကူးနေကြပါပြီ။ အာရှနိုင်ငံအချို့ရ့ ပြဿနာကတော့ ပလူတိုနီယမ်ကို စွမ်းအင်ထုတ်လုပ်ဖို့ထက် လက်နက်မှာသုံးဖို့ကို အာရုံစိုက်လိုက်ကြတာလည်း တွေ့နေရတယ်"
          "ဓာတ်ပေါင်းဖိုတွေမှာ သုံးတဲ့ ယူရေနီယမ်လောင်စာဟာ လောလောဆယ်မှာတော့ ပေါနေတာပေါ့လေ။ ဆိုဗီယက်ခေတ်ကောင်းတုန်းကနဲ့ အမေရိကန်တို့က သုံးခဲ့တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့တာလည်းပါတော့ ကမ္ဘာ့ဈေးကွက်မှာ ယူရေနီယမ်ဟာ ဈေးကွက်သဘောအရ ခေတ္တခဏတော့ ပေါများနေဦးမှာပါပဲ"
          သာမောင်က မဂ္ဂဇင်းအဟောင်းစာအုပ်ထဲမှာပါတဲ့ ကမ္ဘာ့ပလူတိုနီယမ် မှောင်ခိုမှုကြီးဆောင်းပါးကို ဖတ်နေရင်းက သူ့အိမ်အပြင်ဘက်က တာလမ်းကြီးကို လှမ်းကြည့်လိုက်တယ်။ ဘာမှမရှိပါဘူး။ ခါတိုင်းလိုပဲ ကုက္ကိုပင် ၄၊ ၅ပင်ရယ်၊ ရေမရှိတဲ့ သောက်ရေအိုးစင်ဟောင်း ခပ်စောင်းစောင်းရယ်၊ ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းကြောင်းရယ်၊ နေပူပူကျဲကျဲမှာ ထီးမပါဘာမပါ သွားနေတဲ့ လူတစ်ယောက်နှစ်ယောက်ပဲရှိတယ်။
          သဖန်းကုန်းနဲ့ လျှော်ပင်ဆိပ်ကို ကူးလာခတ်သွားနေကျ မြင်းလှည်းတစီးတလေတောင် မရှိဘဲ တာလမ်းမဟာ တံလျှပ်တွေ တချောင်းချောင်းထွက်နေတာကို ကြည့်ရင်းက သူ့စိတ်ထဲမှာ နျူကလီးယား၊ ယူရေနီယမ်နဲ့ ပလူတိုနီယမ်ဆိုတာတွေကို မျက်စိထဲ မြင်ကြည့်တယ်။ ဘယ်ကရမှာလဲ။ သူမှတခါမှ မမြင်ဘူးတဲ့ပစ္စည်း၊ စိတ်နဲ့မှန်းကြည့်လို့ ဘယ်ရနိုင်မှာလဲ။
          ကြောက်စရာတောင် ကောင်းနေပါရောလား။ ပလူတိုနီယမ်ဟာ တော်တော်အဆိပ်ပြင်းတဲ့ ကောင်ပါလား။ သည်ကောင်ဟာ တစ်ကမ္ဘာလုံးက ကြောက်နေရတဲ့ အကောင်ပါလား။
          သူ့ဟာသူလည်း တွေးတယ်။ ပြီးတော့မှ မဂ္ဂဇင်းဟောင်းကို ဆက်ဖတ်တယ်။
          "အသုံးပြုပြီးသား လောင်စာချောင်းတွေကို ပြန်သုံးလို့ရအောင် အဆင့်ဆင့် သန့်စင်ယူနေကြတယ်။ ဓာတ်ပေါင်းဖိုသုံး ပလူတိုနီယမ်ရဖို့ မခက်ပေမယ့် လက်နက်သုံး ပလူတိုနီယမ်ရဖို့က ခက်တယ်။
ဒါကြောင့် နိုင်ငံတကာက ဒီနည်းပညာကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားတာပေါ့။ လိုတာထက်ပိုပြီး လက်ဝယ်ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံတကာက စစ်ဆေးပေးဖို့ တောင်းဆိုနေတယ်။
ကုလသမဂ္ဂ နိုင်ငံတကာအဏုမြူအေဂျင်စီ(အိုင်အေအီးအေ)ကလည်း အရေးယူပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားကပဲ…"
သာမောင် နဖူးမှာချွေးတွေ စီးကျလာတယ်။ ဘုရား…ဘုရား။ သည်အိုင်အေအီးအေဆိုတဲ့ ငနဲတွေကလည်း ဘယ်နှယ့်လုပ် တတ်နိုင်မှာလဲ။ လူလေးနည်းနည်းပါးပါးနဲ့ ကမ္ဘာကြီးရဲ့ အကာအကွယ်မရှိတဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့လို့ရမှာတုန်း။
"ကိုသာမောင်…တော် ကျောင်းမှာ အစည်းအဝေးရှိတယ် မဟုတ်လား"
"နေပါဦး စောပါသေးတယ်။ ရာအိမ်မှူးငပွားတောင် မလာသေးဘူး။ ဒီမှာ စာဖတ်လို့ ကောင်းတုန်းရှိသေးတယ်"
"စာတိုငညို လုပ်မနေနဲ့၊ ညနေလည်း ပိုက်ဆံကောက်ထွက်ရဦးမှာနဲ့"
"ဒါက ငါလုပ်စရာမလိုဘူး။ အပိုင်းလိုက် တာဝန်ပေးထားပါတယ်"
"တော်တော်လူကြီးလုပ်ချင်၊ လူကြီးဖြစ်ခါမှ ဘာမှမည်မည်ရရ မလုပ်တော့ဘူး။ ရေနွေးတအိုးနဲ့ ဘုတ်အုပ်ဖတ်လိုက်၊ စာချောက်လိုက်လုပ်နေ သိလား…"
မစိန်လှ ပြောချင်ရင်လည်း ပြောချင်စရာပဲ။ သာမောင်လူကြီးဖြစ်တာ မကြာသေးဘူး။ လူက နဂိုက ခပ်အေးအေးပါ။ ခေတ်ပညာမတောက်တခေါက်တတ်တော့ ကိုယ့်လက်မှတ်ကိုယ် သာမောင်လို့ ကောက်ကောက်ကွေးကွေး ထိုးတတ်တာရယ်။ လူကြီးလုပ်ချင်တဲ့ ရောဂါရယ်ပေါင်းပြီး ရွာက ၀ိုင်းတင်တော့ သာမောင်ကလည်း ဘာရမလဲ၊ လုပ်ပေါ့၊ ချပေါ့၊ ရွာကျိုးရပ်ကျိုးလည်း လုပ်ပါတယ်။
စာလေးဘာလေးကတော့လည်း ၀ါသနာပါတယ်။ စာအုပ်ထဲကဟာတွေဖတ်ပြီး လုပ်ရတဲ့လူကြီးဆိုတော့ လျှော်ပင်ဆိပ်မှာတော့ အာဂထဲက ဆိုပါတော့။
"ဆိုမာလီမှာ အငတ်ဘေးတွေ ဆိုက်နေပြီ။ ဘော့စနီးယားမှာလည်း ဆာ့ဘ်နဲ့ဖြစ်တဲ့ ပြဿနာ ပိုကြီးနေပါပြီ။ ရ၀မ်ဒါ လူမျိုးစုချင်း တိုက်နေတာတွေကို ဘယ်သူကမှ ကြားမ၀င်သေးတာကို ကျုပ်က မခံချင်တာ"
"ကိုသာမောင်ရယ်၊ လျှော်ပင်ဆိပ်နဲ့ အဝေးကြီးပါတော်"
"အေး….ကမ္ဘာ့အရေးအခင်းဟ၊ နင်ဘာနားလည်လဲ၊ အိမ်ရှေ့ပူ အိမ်နောင်မချမ်းသာဆိုတာ မဟုတ်လား၊ ဘာဖြစ်တုန်း ဆိုဗီယက်ကွဲပြီလေ ကောင်းသေးလား၊ ဆိုဗီယက်ကွဲတော့ ရုရှားက ရယ်တာပေါ့"
"ဟ…သာမောင်ရ ဆိုဗီယက်နဲ့ ရုရှားအတူတူပဲဆို"
"ဟုတ်တယ် ဟုတ်တယ်၊ စကားတွေတောင် လွဲကုန်ပြီ၊ အမေရိကန် အကြိုက်ပေါ့။ တကယ့်ကလီယုဂ်ခေတ်ကို ရောက်နေတာ လက်နက်ရောင်းဖို့ စဉ်းစားနေတာ"
အိမ်မှာ လူထူရင် ရေနွေးကြမ်းတအိုးချပြီး အာဘောင်အာရင်းသန်သန်နဲ့ ပြောတတ်လာတာလည်း သိပ်တော့ မကြာသေးဘူး။
သူ့ရွာလျှော်ပင်ဆိပ်ထက် ကြီးတဲ့ တိုက်နယ်အဆင့်ရွာ သဖန်းကုန်းက တပတ်တခါ မြင်းလှည်းနဲ့ စုလာတတ်တဲ့ သတင်းစာတွေကို ဖတ်တာလည်း တရွာလုံးမှာ သူနဲ့ မူလတန်းကျောင်းက ဆရာ၊ ဆရာတွေလောက်ပဲ ရှိတော့ သူပြောသမျှ ရွာကလူတွေကတော့ အဆန်းတကြယ်ချည်းပေါ့လေ။ ခက်တာက သူ့ရွာမှာ သတင်းစာဟောင်းကလွဲရင် ဘာစာအုပ်မှ မရှိဘူး။ ဘာမဂ္ဂဇင်းမှ မရှိဘူး။ ဖတ်ချင်လို့ စာအုပ်မရှိဘူး။ သူက လျှော်ပင်ဆိပ်သားလည်း မဟုတ်ဘူး။ သဖန်းကုန်းသား။ လျှော်ပင်ဆိပ်က မိန်းမနဲ့ရလို့သာ သည်ရွာရောက်လာတယ်ဆိုတော့ သဖန်းကုန်းမှာ နေတုန်းကလိုလည်း ဖတ်စရာစာအုပ်က လက်လှမ်းမီတာ မဟုတ်ဘူးကိုး။
တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သဖန်းကုန်း အစည်းအဝေးသွားရင်းက မဂ္ဂဇင်းစာအုပ်ရလာတယ်။ သူ့အကြိုက်ပေါ့။ ကမ္ဘာ့ရေးရာတွေ တော်တော်များများပါတဲ့ စာအုပ်ဖြစ်နေတယ်။ တချို့စာတွေကို အလွတ်ကျက်ထားတယ်။ တချို့အချက်အလက်တွေကို ဗလာစာအုပ်နဲ့ကို မှတ်ထားတယ်။ အဲသည်မဂ္ဂဇင်းထဲမှာ သူတခါမှ မကြားဖူးတဲ့ အကြောင်းအရာတခုပါလာတော့ သူတော်တော်လည်း စိတ်ဝင်စားသွားတယ်။ အဏုမြူဓာတ်ပေါင်းဖိုတို့၊ နျူကလီးယားလောင်စာတို့၊ အဏုမြူဗုံးတို့လောက်တော့ သူကြားဖူးတယ်။ ဖတ်လည်း ဖတ်ဖူးတယ်။ ဒါပေမယ့် ခပ်ဝါးဝါးဖတ်ဖူးတာ။ အခုက ယူရေနိယမ်တဲ့၊ ပလူတိုနီယမ်တဲ့၊ အဆိပ်တော်တော်ပြင်းတဲ့ ဓာတ်တွေတဲ့၊ အာရှနိုင်ငံတွေ အတော်များများမှာတောင် ရှိနေပတဲ့။
ဒါက ဘယ်ကကရောက်လာတာတုန်း၊ ဘာလုပ်ရတာတုန်း၊ ဘယ်ထဲက ထုတ်ယူတာတုန်း၊ မြေကြီးထဲက တူးဆွဲယူလို့ရတာလား သူသိချင်တယ်။
အဲသည်နေ့ကတော့ အစည်းအေးတောင် ဖြည်းဖြည်းမှသွားတော့မယ် စိတ်ပိုင်းဖြတ်လိုက်တယ်။ သူတော်တော်လည်း စိတ်ဝင်စားတယ်။ မဂ္ဂဇင်းကို မျက်မှောင်ကြီးကြုတ်ရင်း ဆက်ဖတ်တယ်။
ဂျပန်မှာ ပလူတိုနီယမ် တတန်ကျော်လောက် ပိုင်ဆိုင်ထားတယ်။
ဒါဟာ ကြောက်စရာအခြေအနေပဲ။ ဗုံးတလုံးလုပ်ဖို့ ရှစ်ကီလိုဂရမ်သာလိုတဲ့ ပလူတိုနီယမ်ကို ဂျပန်က သည်လောက်များများ ပိုင်ဆိုင်ထားတော့ တခြားနိုင်ငံတွေက စိုးရိမ်နေကြတယ်။
လာမယ့် ဆယ်ရာစုနှစ် တခုကျော်ရင် ဂျပန်က ပလူတိုနီယမ်မက်ထရစ်တန် ၅၀လောက်ကို ပိုင်ဆိုင်တော့မှာပါ။ ဒါကို ၀ါရှင်တန်အစိုးရကတောင် သံသယရှိလာခဲ့တယ်။
တောင်ကိုးရီးယားနိုင်ငံလည်း နျူကလီးယား စွန့်ပစ်ပစ္စည်းတွေထားဖို့ အဏုမြူအမှိုက်ပုံတခု ရှာဖွေနေတယ်။ ဒါကို လူထုက ဆန့်ကျင် ဆန္ဒပြတာတွေလည်း ကြားနေရတယ်။
တပိုဒ်ဖတ်ပြိးတော့ သာမောင် စာအုပ်ကိုပိတ်လိုက်တယ်။ သူက ဆေးလိပ်တိုကို မီးညှိတယ်။ သူ့ခေါင်းထဲမျာ အာရုံတွေ ဆူဝေနေတယ်။ တဆက်တည်းပဲ သည်စာသားတွေကို အစည်းအဝေးမှာ လိုအပ်ရင် ပြောဖို့ မှတ်သားထားတယ်။ တာလမ်းပေါ်မှာတော့ နေက ခြစ်ခြစ်တောက်ပူနေတုန်း။
ကလေးတယောက်က လမ်းဘေးရေအိုးစင်က ရေတခွက်ခပ်သောက်နေတာကို သူမြင်နေရတယ်။ ဒါပေမယ့် ရေက ရှိနေပုံမရဘူး။ ကလေးက ရေမှုတ်ကို ပြန်တင်ရင်းက နေပူထဲ ပြေးထွက်သွားတယ်။ နွားလှည်းတစီး တအီအီအော်ရင်းက တာလမ်းကို ပျင်းတိပျင်းတွဲဖြတ်နေတာကို ကြည့်ရင်းက သူတွေးနေတာ အကြာကြီး။ တော်တော်ကြာတော့မှ ဆေးလိပ်တိုကို အုန်းမှုတ်ဆေးလိပ်ခွက်ထဲ ပြာချွေရင်းက ဆက်ဖတ်တယ်။
"ကနေ့ ပြဿနာကတော့ နျူကလီးယားပစ္စည်းတွေ မှောင်ခိုရောင်းနေတဲ့ ပြဿနာပဲ။ ဂျာမနီနိုင်ငံ တိန်ဂျင်မြို့မှာ ရဲအဖွဲ့က ဒေါ့စ်ဂျက်ကာဆိုသူရဲ့ ကားဂိုဒေါင်ထဲမှာ ၀င်ရှာတာ ပလူတိုနီယမ် ဂရမ် ၆၀လောက် ရှာဖွေတွေ့သွားခဲ့တယ်။ နောက်တခါ ဂျာမနီမှာ ယူရေနီယမ်ဒြပ်စင် ၂၃၅၀.၈ ဂရမ်ကို ဘာဘေးရီးယားရဲက ရှာတွေ့တယ်။ ရဲက သန့်စင်ထားတဲ့ ယူရေနီယမ်အလုံးကလေး ၁၂၀ကို ထပ်မံဖမ်းဆီရမိတာကစပြီး နျူကလီးယားမှောင်ခိုမှုဟာ အားကောင်းလာပြီဆိုတာ ကမ္ဘာကသိသွားတော့တာပါပဲ။
နောက်တခါတော့ ဂျာမနီမှာပဲ မြူးနစ်လေဆိပ်မှာ ကိုလံဘီယာ နိုင်ငံသားဂျက်စတီနီယာ နိုတောရက်စ်ကို ပလူတိုနီယမ် ဒြပ်စင် ၂၃၉ အမျိုးအစား ၁၀.၅၈အောင်စ (ဂရမ် ၃၀၀)လောက်ကို ဖမ်းမိတယ်။ လေဆိပ်မှာ တောရက်စ်ဖမ်းပြီးစစ်ဆေးတော့ သံမဏိသတ္တုဘူးပြောင်ပြောင်ထဲ ထည့်လာတာကို စစ်ဆေးတွေ့ရှိတာကစပြီး ဂျာမနီဝန်ကြီးချုပ် ခိုးလ်က သည်အဏုမြူမှောင်ခိုမှုဟာ လူသားအားလုံးအတွက် ကြောက်စရာကောင်းတဲ့ မှောင်ခိုမှုကြီးပဲလို့ ပြောခဲ့တယ်။ ယဲ့ဆင်ဆီကိုလည်း စာရေးတယ်။
ရုရှားကလည်း သူတို့ဟာ မဟုတ်ဘူးလို့ ငြင်းနေတုန်းပါပဲ။
ငြင်းတာငြင်းတာပါ၊ မော်စကိုအရှေ့မိုင် ၂၅၀ကွာမှာ အာဇာမာ ၁၆လို့ နာမည်ပေးထားတဲ့ နျူကလီးယား သုတေသနဌာနကလည်း ပလူတိုနီယမ်တွေ ပျောက်တယ်လို့ ကြေညာထားတော့ သံသယဖြစ်စရာတွေ ရှိလာခဲ့ပါတယ်။
ပလူတိုနီယမ်ဟာ လူတွေသောက်တဲ့ ရေထဲကို ထည့်လိုက်ရင် ဒါမှမဟုတ် မီးရှို့ပြီး လေထဲမှာပေါက်ကွဲစေမယ်ဆိုရင် လူသန်းပေါင်းများစွာ…."
"ဟ…သောက်ကျိုးနဲ"
ဖတ်နေရင်းက သာမောင် ဆေးလိပ်က မီးပွားတွေ ပုဆိုးပေါ်ပြုတ်ကျကုန်တယ်။ ပထမတော့ အဏုမြူကွဲတာလို့ အောက်မေ့သွားတယ်။ နောက်မှ ပုဆိုးထခါရင်း ဖတ်လက်စ မဂ္ဂဇင်းစာအုပ်ကို ပိတ်တယ်။ ရေတခွက် ခပ်သောက်တယ်။ သူ့ရင်ထဲမှာ ကတုန်ကယင်ကြီး ဖြစ်နေတုန်းပဲ။ ပြီးတော့ သူ့ဟာသူလည်း တွေးတယ်။
"လူတွေ တရားပျက်ကုန်ပါရောလား၊ ကြည့်စမ်း အရောင်းအ၀ယ်လုပ်စရာရှားလို့ ဘယ်နှယ့် ပလူတိုနီယမ်ဆိုတာကြီးကို အရောင်းအ၀ယ်လုပ်နေကြတာကိုး။ ဒါကြီးက လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုပါလား။ ဒါတွေ ဘယ်လောက်တောင် ပျံ့နှံ့နေပြီလဲ။ ငါ့ရွာလျှော်ပင်ဆိပ်ကိုတော့ ရောက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ လျှော်ပင်ဆိပ်မှာ ပလူတိုနီယမ်မိရင် ငါနာမည်ပျက်တော့မယ်။ လူတွေ သေတော့မယ်"
သာမောင် ပုဆိုးလဲတယ်။ ရေတခွက်ခပ်သောက်တယ်။ သူတော်တော်ရင်ပူနေတာကိုး။
(၂)

သာမောင်အစည်းအဝေးကို တော်တော်နောက်ကျမှ ရောက်တယ်။ ဒါပေမယ့် သာမောင်လာမှပဲ  အစည်းအဝေးစတာပါ။ အစည်းအဝေးမှာလည်း မဆီမဆိုင် နျူကလီးယား ဓာတ်ပေါင်းဖိုတွေအကြောင်း ပြောတယ်။ ကမ္ဘာ့အနှံ့ ရုရှားဘက်က မှောင်ခိုထုတ်နေတဲ့ ပလူတိုနီယမ်အကြောင်းတွေကို ပြောတယ်။ ရုရှားအာကာသပညာရှင်တွေကိုယ်တိုင် ပလူတိုနီယမ်ကို တဖက်လှည့် ထုတ်နေတာတွေကြောင့် ကမ္ဘာ့ပုလိပ်အဖွဲ့က နေရာအနှံ့မှာ တွေ့နေတာတွေကို ပြောတယ်။ အစည်းအဝေးတက်လာတဲ့ သူတွေလည်း ဘာမှနားမလည်ဘူးပေါ့လေ။ ဘာတွေလာပြောနေတာလဲပေါ့၊ ပလူတိုနီယမ်နဲ့ လျှော်ပင်ဆိပ်နဲ့လည်း ကွာလှတာကိုး။
"ဒီတော့ ခင်ဗျားတို့လည်း သွားရင်းလာရင်း ကြည့်ပါ။ ဂရုစိုက်ပါ။ သံမဏိသတ္တုဘူး ပြောင်ပြောင်တွေ့ရင်မေးပါ။ မသင်္ကာရင် ခေါ်ခဲ့ပါ"
ကျောင်းအစည်းအဝေးဆိုပေမယ့် အစည်းအဝေးမှာပါတဲ့ ဆရာ၊ ဆရာမတွေကလည်း ဘာပြောလို့ရမှာတုန်း၊ သာမောင်ပြောတာ နားထောင်ရတော့တာကလား။ ကျောင်းအုပ်ဆရာကြီးကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့မြေပုံကိုကြည့်လိုက်၊ ပလူတိုနီယမ်က လျှော်ပင်ဆိပ်ကို ဘယ်အပေါက်က ဘယ်လိုဝင်လာမှာလည်း တွေးလိုက်နဲ့ပေါ့လေ။
ဒါပေမယ့် သာမောင်အစည်းအဝေးအပြန်မှာ ဘယ်လိုမှ မထင်ထားတာတွေ ဖြစ်လာခဲ့တာပါပဲ။ သာမောင် တွေးပူခဲ့တာတွေ ကွက်တိဝင်လာတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လျှော်ပင်ဆိပ်မှာ အဲသည့်နေ့က သံမဏိသတ္တုဘူး သုံးဘူး မိလိုက်လို့ပါပဲ။
ဖြစ်ပုံက ကျောင်းအစည်းအဝေးအပြန်၊ ဈေးဝက လှည့်ပြန်တော့ မြင်းလှည်းဂိတ်မှာ သာမောင် သတင်း တခုကြားတယ်။ ဒဟပ်တန်းက ခင်အောင်က သံမဏိသတ္တုဘူး ရှည်ရှည်သုံးဘူးကို ရသလောက်နဲ့ လိုက်ရောင်းနေတယ်ဆိုတဲ့ သတင်းပဲ။ ဒဟပ်တန်းဆိုတာ လျှော်ပင်ဆိပ်နဲ့ တော်တော်ဝေးတဲ့နေရာ။ အဲသည်ရွာမှာ မကြာခင်က ဆည်တခုဖောက်နေတော့ အနားက ရွာတွေက ရွာသားတော်တော်များများ အလုပ် ရကြတယ်။ ခင်အေင်ကလည်း အလုပ်သမားလက်သစ်ပဲ။ ဒါကို သာမောင်သိတယ်။ သည်ကောင်က ဘာဖြစ်လို့ လျှော်ပင်ဆိပ်ကို ရောက်လာတာလဲ။ သတ္တုဘူး ပြောင်ပြောင်သုံးဘူးဟာ ဘာလဲ။ သတင်းရရချင်းပဲ ခင်အောင်ကို လိုက်ရှာတယ်။ ဘုံဆိုင်သွားတယ်ဆိုလို့ လိုက်တယ်။ ပြန်သွားပြီဆိုတော့ မြင်းလှည်းဂိတ်ရှေ့က စောင့်တယ်။ မိတယ်။ အရက်မူးနေတဲ့ ခင်အောင်ကို ဆင်းခိုင်းတယ်။ သူ့လွယ်အိတ်ထဲက ပြောင်လက်ပြီး အင်္ဂလိပ်စာတွေရေးထားတဲ့ သံမဏိသတ္တုဘူး သုံးဘူးကို တွေ့တယ်။ သံမဏိဘူးတွေကို ဖွင့်ကြည့်လိုက်တော့ ငွေရောင်တောက်နေတဲ့ သတ္တုခဲလေးတွေဟာ တဖျပ်ဖျပ်လက်နေတယ်။ ပြီးတော့ လက်မလောက်ရှိတဲ့ အ၀တ်နဲ့ချုပ်ထားတဲ့ ဆန်အိတ်သေးသေးလေးတွေလို အထုပ်ကလေးတွေလည်း ပါတယ်။
"ဟာ…ကြည့်စမ်း၊ ပလူတိုနီယမ်တွေ"
(၃)
သာမောင်အိမ်ရှေ့မှာ လူတွေဝိုင်းနေပြီ။ အောက်လင်းဓာတ်မီးကြီးထွန်းပြီး သာမောင်က ခင်အောင်ကို ညတွင်းချင်း စစ်ဆေးတယ်။ လူတွေကတော့ ခြံထဲမှာရော တာလမ်းပေါ်မှာရော လူတွေအပြည့်။ ထမင်းတောင် မစားနိုင်ဘူး။ ခင်အောင်အိတ်ထဲက ပလူတိုနီယမ်ဆိုလို့သာ လာကြည့်ရတယ်။ ဘာမှန်းလည်း သိကြတာ မဟုတ်ဘူး။ ခင်အောင်ကိုယ်တိုင်ကလည်း ခေါ်လာလို့သာ လိုက်ရပါတယ် သူ့ဟာသူ ဘာအမှုမှန်းလည်း မသိဘူး။
"မင်း ဒီပလူတိုနီယမ်တွေ ဘယ်ကရလာတာလဲဟေ့"
"ကျုပ် အလုပ်ထဲက"
"ဒါတွေဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား"
"မသိဘူး"
"ဟေ့ လူသန်းပေါင်းများစွာ သေစေနိုင်တယ်ကွ။ မင်းနားလည်လား"
အဲသည်တော့မှ လာနားထောင်တဲ့ ရွာသားတွေက -
"ဟာ…နည်းတဲ့ အမှုကြီး မဟုတ်ပါလား။ ခင်အောင်ယူလာတာ လက်စသတ်တော့ ဗုံးဆံတွေပဲ။ ကြည့်စမ်း မသေကောင်း မပျောက်ကောင်း၊ ချဟာ နှက်ဟာ ဆော်ဟာ" ဖြစ်ကုန်ရော။ ရွာမိ ရွာဖတွေကလည်း အဲသည်တော့မှ လူသန်းပေါင်းများစွာ သေနိုင်တယ်ဆိုတဲ့ ပလူတိုနီယမ်အခဲတွေကို ခပ်ဝေးဝေးက လှမ်းကြည့်ကြတယ်။ အောက်လင်းဓာတ်မိးရောင်ထဲမှာ သတ္တုခဲတွေ တဖျပ်ဖျပ်နဲ့ကိုး။ သည်သတ္တုခဲလေးတွေ ထည့်ထားတဲ့ သတ္တုဘူးတွေကလည်း တကယ့် သေမင်းတမန်ဆိုပေမယ့် လှလိုက်တာလည်း မပြောနဲ့တော့။
"အေး သည်တညတော့ နေဦးပေါ့ကွာ။ မင်း ဒဟပ်ကုန်းမှာသာရမယ်။ လျှော်ပင်ဆိပ်မှာ လူလည်လာမလုပ်နဲ့ မရဘူး မှတ်ထား"
သာမောင်က သတ္တုခဲတွေကို သတိနဲ့ ကိုင်ရင်းက ဂရမ်ချိန်ခွင်မရှိတော့ အထဲက ကြေးချိန်ခွင်နဲ့ချိန်တယ်။ တစ်ဘူးကို ဓာတ်ခဲလေးလုံးနဲ့ညီတော့ ၂၀သားစီရှိတယ်။ သုံးဘူးဆိုတော့ ၆၀သား။ အဲသည်ညက ခင်အောင်ကို ဖမ်းထားလိုက်တယ်။ အမှုက ပလူတိုနီယမ် တရားမ၀င်ရောင်းဝယ်မှု။
(၄)
ဒါပေမယ့် ပေါ့လေ။ နောက်တနေ့ နေ့လယ်မှာတော့ ဒဟပ်တန်းက ခင်အောင်ကို သာမောင်လွှတ်လိုက်တာပါပဲ။ ခင်အောင် အလုပ်လုပ်တဲ့ ဆည်မြောင်းအရာရှိတွေက လျှော်ပင်ဆိပ်ကို မြင်းလှည်းနဲ့လိုက်လာပြီး လာရွေးသွားလို့ ပါလာတဲ့ အရာရှိတွေကလည်း သာမောင်ကို သတ္တုဘူးတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။
"ဒါက ကျွန်တော်တို့ဆောက်နေတဲ့ လုပ်ငန်းမှာ နိုင်ငံခြားက စက်ပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ဆီလီကာဂျဲလ်လို့ခေါ်တဲ့ ရေငွေ့စုပ်တဲ့ သတ္တုခဲကလေးတွေပါခင်ဗျား၊ ပလူတိုနီယမ် မဟုတ်ပါဘူး။ သူရဲ့ သဘောက ရေငွေ့တွေကြောင့် စက်ပစ္စည်းတွေ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ရေငွေ့ထိန်းအခဲလေးတွေပါ။ ကျွန်တော်တို့ဆီမှာတော့ အလုပ်သမားတွေက ဘူးလေးတွေလှလို့ ယူကြတာပဲ။ သူက လာတော့လည်း သတ္တူဘူးတွေနဲ့ လာတာပါ။ ဘာမှ အဖိုးမတန်ပါဘူး"
သာမောင်ကတော့ နားရှိလို့သာ ကြားရတာ။ မယုံဘူး။ ဒါဟာ သံချေးမတက်အောင် ထည့်ပေးလိုက်တဲ့ ပစ္စည်းဆိုတာ ဟုတ်ကိုမဟုတ်နိုင်ဘူး။ ဒါပေမယ့် တဖက်က အရာရှိဖြစ်နေတယ်။ ခေတ်ပညာတတ်ဖြစ်နေတယ်။ လေးစားယုံကြည်လောက်တဲ့လူဖြစ်နေတယ်။ ဒါပေမယ့် လူသန်းပေါင်းများစွာ သေနိုင်တဲ့ ပလူတိုနီယမ် သယ်ဆောင်လာသူကို သူ့အစွမ်းအစနဲ့ ဖမ်းမိထားတယ်လို့ လူသိရှင်ကြား ပြောပြီးနေပြီ။ သက်ဆိုင်ရာကို တင်ပြဖို့တောင် စာရေးပြီးနေပြီ။ လျှော်ပင်ဆိပ်ရဲကိုတောင် အကြောင်းကြားပြီးနေပြီ မဟုတ်လား။
"မဟုတ်ရင်လည်း ခေါ်သွာပေါ့ဗျာ။ ကျုပ်ကတော့ ပလူတိုနီယမ်ထင်တာပဲ။ ခင်အောင် မင်း သိပ်ကံကောင်းတယ်ကွ နော်"
"ဟင်း…ဟင်း"
သာမောင်ကတော့ မလျှော့သေးဘူး။ မြင်းလှည်းပေါ် ပါသွားတဲ့ ခင်အောင်ကို မကျေမချမ်း လှည်းကြည့်နေတုန်းပဲ။ သည်သတင်း ရွာထဲပျံ့သွားတော့လည်း ရွာသူရွာသားတွေ ၀မ်းသာကြတာပါပဲ။ တောသူ တောင်သားတွေဆိုတော့ ပလူတိုနီယမ်လည်း မသိဘူး။ ဆီလီကာဂျဲလ်ဆိုတာလည်း မသိဘူး။ သူတို့ ၀မ်းသာတာက သည်ငွေရောင်ခဲလေးတွေက လူသန်းပေါင်းများစွာကို သေစေနိုင်တာ မဟုတ်ဘူးဆိုတာကိုပါ။
(၅)
သာမောင်ကတော့ မလျှော့သေးဘူး။ လျှော်ပင်ဆိပ်မှာ သတ္တုဘူးပြောင်ပြောင်တွေ့ ရင် ပြူးပြဲရှာဖို့ ပြောတုန်း။ ပလူတိုနီယမ်တွေ့ရင် အမြန်ဆုံးသတင်းပို့ဖို့ အစည်းအဝေးတိုင်းမှာ မှာတုန်း။

မှတ်ချက်။ ။ ဆရာနေ၀င်းမြင့်၏ ရေသွန်မြစ် ၀တ္တုတိုများစာအုပ်မှ….

 Image and video hosting by TinyPic

Monday, June 20, 2011

သံချောင်းတို့အဖေ - မောင်ဝံသ



အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတခုက ကံကောင်းလို့ လွတ်မြောက်လာခဲ့ရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ရယ်ရယ်မောမော ဟာသကလေးနှောပြီး "သံချောင်းတို့အဖေ၊ ကံကောင်းလို့မသေ" လို့ပြောလေ့ရှိကြတယ်ဗျ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ အခန့်မသင့်ရင် သေချင်သေသွားနိုင်တဲ့ ဖြစ်ရပ်ကို ပြီပြီးပျောက်ပျောက်ဖြစ်သွားပြီး ရယ်ရယ်မောမောပြန်ပြောနိုင်ကြတာ ကျွန်တော်တို့ လူမျိုးပဲရှိမယ်ထင်တယ်။
          ကျနော်ကတော့ မရယ်နိုင်ပါဘူးဗျာ။ အခုဆောင်းပါးရေးနေတဲ့ အချိန်မတိုင်ခင် ကုန်ခဲ့တဲ့နှစ်နာရီလောက်၊ ၁၂ ဇွန် ၂၀၁၁ နေ့လယ် ၂နာရီလောက်က ကျွန်တော်ဟာ ဘတ်စ်ကားပေါ်က တွန်းချခံခဲ့ရတယ်ဗျာ။ ရင်ထဲအေးခနဲဖြစ်သွားပြီး ခြေထောက်တဖက်တည်း လမ်းပေါ်ကျသွားတယ်။ မနည်းကိုယ်ကို ဟန်လိုက်တော့မှ တပတ်လည်ပြီး လဲမသွားအောင် ထိန်းလိုက်နိုင်တယ်။ ကံကောင်းလို့ ဆိုတာထက် ကျွန်တော်သတိကောင်းလွန်းပေလို့ဗျ။ ဒီလိုလုပ်တော့မယ်ဆိုတာကို တွက်မိလို့ ကျွန်တော် သတိထား ဆင်းလိုက်ပေလို့သာပေါ့။ နို့မို့ဆိုရင် ကျနော်လဲကျသွားနိုင်တယ်။ သာမန်ပွန်းပဲ့ရုံမက ဒဏ်ရာရနိုင်တယ်။ သည့်ထက်မက ဒဏ်ရာကြီးနိုငတယ်။ အခန့်မသင့်ရင် နောက်စိနဲ့ကျပြီး ဆရာမြသန်းတင့်တို့လို သေသွားနိုင်တယ်။ ဆရာမြကတော့ အိမ်ပေါ်ကနေ လှေကားက ကျလို့သေရတာ။ ကျွန်တော်က ဘတ်စ်ကားစပယ်ယာ တွန်းချလို့ သေရတဲ့မသာ ဖြစ်သွားမယ်။
          တကယ်လို့ ကျွန်တော်သာ သေသွားရင် ကြမ္မာငင်တာလို့ ပြောစရာဖြစ်မယ်။ ပြည်သူ့ခေတ်ဂျာနယ်အတွက် နောက်ဆွဲတွဲတင်ဖို့ ဆောင်းပါးရေးစရာရှိလို့ ဒီနေ့ ဘယ်မှမသါားဘူးလို့ ဆုံးဖြတ်းတာ မနက်စောစောမှာ ကျွန်တော်ခြံစောင့်က ဖုန်းဆက်တယ်။ သူ့သမီးလေး ဆေးရုံတင်ထားရတယ်။ ငွေလိုနေလို့ ဒီနေ့ ခြံကိုလာရင် လခကြိုထုတ်ပါရစေတဲ့။ ကျွန်တော့်ဆောင်းပါးတချို့မှာ ရေးခဲ့ဖူးတဲ့အတိုင်း ရန်ကုန်မြို့လယ်ကနေ ၂၃မိုင်ကွာတဲ့ အမှတ် ၂လမ်းမကြီးကားလမ်းဘေး ရွာတရွာ အစွန်မှာ ကျွန်တော့်ခြံကလေးရှိတယ်။ ဟင်နရီဒေးဗစ်သောရိုးရဲ့ Walden pondကို အားကျပြီး ချောင်းကလေးတခုရဲ့ ဘေးကပ်လျက်နေရာမှာ စိုက်ပျိုးခြံတခု လုပ်နေတာ ခုနှစ်နှစ်ရှိပြီ။ စနေ တနင်္ဂနွေရက်တွေမှာ ကျွန်တော်သွားလေ့ရှိတယ်။ ဆောင်းပါးရေးစရာရှိလို့ ဒီနေ့တော့ မသွားတော့ဘူးလို့ နေနေရာက ခြံစောင့်ရဲ့ ပန်ကြားချက်ကြောင့် မနေသာဘဲ သွားလိုက်ရတယ်။ အပြန်မှာ ဒိုင်နာလိုင်းကားတစ်ဆင့် စီးလာပြီး သင်္ဃန်းကျွန်း စံပြဈေးကနေ ၃၉ လိုင်းကားကို ပြောင်းစီးလာခဲ့တယ်။ နေ့လယ်အချိန်ဆိုတော့ လူမကျပ်ဘူး။ ထိုင်စရာနေရာတောင် ရပါတယ်။ ကျွန်တော်က နောက်နားက လွတ်တဲ့ထိုင်ခုံတစ်ခုမှာ ထိုင်နေတော့ အတတ်အဆင်းတံခါးပေါက်က မြင်ကွင်းကို အတိုင်းသားမြင်နေရတယ်။ စပယ်ယာနှစ်ယောက်ဟာ တယောက်က လူခေါ်၊ တယောက်က တက်လာသူ ခရီးသည်တွေကို ဆွဲတင်ပေးနေတယ်။ ဆွဲတင်ပေးနေတယ်ဆိုကတည်းက ကားဟာ အတော်မြင့်နေတယ်ဆိုတာ တွက်မိမှာပေါ့။ အဲ…ဆွဲတင်တာတော့ထားတော့၊ ဆင်းတဲ့ လူတွေကို ကျောကနေ တွန်းချနေတာလည်း တွေ့နေရတယ်။ သူတို့ကြည့်ရတာ လောဆော်နေသလိုပဲ။ တစ်နေရာရာကို သတ်မှတ်အချိန်အမီရောက်အောင် သွားဖို့ အရေးကြီးနေသလိုပဲ။ ဆင်းနေသူတွေဟာ လူငယ်လည်းပါတယ်။ လူကြီးတွေလည်း ပါတယ်။ သူတို့ဟာ ဘယ်သူ့ကိုမှ စိတ်မရှည်နိုင်သလို ဖြစ်နေတယ်။ အပြေးအလွှား မသွားမလာနိုင်သူတွေကို အတင်းလောဆော်နေတယ်။
          ကျွန်တော်က အနော်ရထာလမ်းပေါ် ဘားလမ်းမှတ်တိုင်လို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှတ်တိုင်မှာ ဆင်းရမယ်။ စပယ်ယာက ဗိုလ်အောင်ကျော်လမ်း အလွန်လောက်ကတည်းက အော်နေတယ်။ ဘားလမ်းပါလားဆိုတော့ ကျွန်တော်က ဘားလမ်းပါတယ် ပြောလိုက်ရုံရှိသေး၊ ကျွန်တော်ကို လာ လာ လာ လို့ အပေါက်ဝကို ထိလာဖို့ ခေါ်နေတယ်။ ဒါပေမယ့် ပန်းဆိုးတန်းမီးပွိုင့်မှာ မီးနီမိနေတာဆိုတော့ ကျွန်တော်က မှန်မှန်ပဲ ထပြီးသွားတယ်။ ကျွန်တော်ညာဘက်ဒူးကလည်း လှေကားမြင့်မြင့်တောင် မတက်နိုင်လောက်အောင် နာနေလို့ပါ။ စပယ်ယာက ကျွန်တော့်ကို လက်နဲ့ဆွဲခေါ်တော့မလောက် လောနေတာ တွေ့ရတယ်။ "ဘားလမ်း တစ်ယောက်တည်းဆင်းမယ်၊ ယောက်ျားလေး" လို့ အော်သံကြားလိုက်ကတည်းက "ဆင်းမယ့်လူဟာ ယောက်ျားလေးဖြစ်တယ်၊ မိန်းမတွေလို ဆင်းပြီးတာ သေချာအောင် စောင့်နေစရာ မလိုဘူး" လို့ စပယ်ယာက ဒရိုင်ဘာကို အချက်ပေးလိုက်တာလို့ ကျွန်တော်နားလည်လိုက်တယ်။ ဒါကြောင့်လည်း ကျွန်တော်သတိကြီးစွာ ထားလိုက်မိတာပါ။ ဒါပေမယ့် လှေကားထစ်တွေကလည်း မြင့်နေ၊ နောက်ဆုံး လှေကားထစ်ကနေ လမ်းပေါ်ဆင်းရမယ့် အကွာအဝေးကလည်း မြင့်နေလေတော့ ကျွန်တော် ခပ်ဆိုင်းဆိုင်းဆင်းနေချိန်မှာ ကိုယ်တော်ချောက နောက်ကနေ ကျောကို တွန်းချလိုက်တာပါပဲဗျာ။ ကျွန်တော် အသက် ၆၆နှစ်ကျော်ပါပြီ။ လူငယ် ယောက်ျားလေးလည်း မဟုတ်တော့ပါဘူး။ တကယ်တော့ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ခရီးသည်ကို ကားပေါ်က မြန်မြန်ဆင်းအောင် တွန်းချတာကတော့ ဘယ်သူ့ကိုမှ မလုပ်သင့်တဲ့ အပြုအမူမျိုးပါ။ ကားဆရာတွေက လှည့်တောင် မကြည့်ဘူး။ ခရီးသည်ကို ခုလိုတွန်းချနေတာ အပြစ်ကြီးတခုလို ကျူးလွန်းနေတာပဲ ဆိုတာကိုတောင် သူတို့ သဘောထားရဲ့လား မသိပါဘူးဗျာ။ တွန်းချခံရတဲ့သူ အကျမတော်ဘဲ လဲကွဲကျန်ရစ်ရင်တောင် သိကြမယ်မထင်ဘူး။ ကျွန်တော် ကားနံပါတ်တော့ မှတ်ထားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီကားတစ်စီးတည်းကို အမှုမလုပ်ချင်ပါဘူး။ ဒါမျိုးတွေက လိုင်းကားတိုင်းလိုလိုမှာ ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဆောင်းပါးတွေ ရေးခဲ့ပေါင်းများပါပြီ။ တခြားဆောင်းပါးရှင်တွေ၊ သတင်းထောက်တွေလည်း ရေးဖူးပေါင်းများပြီ။ ခရီးသည်းတွေရဲ့ ရင်ဖွင့်သံတွေလည်း မနည်းမနော များလှပြီ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက တိတိကျကျ အရေးယူနေတာတွေလည်း ကျွန်တော်တို့သိတယ်။ ကားမောင်းခွင့် ယာဉ်လိုက်ခွင့် တလ ပိတ်တာ၊ နှစ်လပိတ်တာ၊ ဘယ်ယာဉ်လိုင်းမှာမှ ယာဉ်မောင်း။ ယာဉ်နောက်လိုက် လုပ်စားခွင့် မရှိစေရလို့ ပိတ်ပစ်တာတွေလည်း တွေ့နေရတာပါပဲ။
          သို့ပေမယ့် ဘယ်လောက်ပဲ အရေးယူယူ၊ လူဆိုတာမျိုးက ခက်သားကလားဗျာ။ စရိုက်ကြမ်းသူတွေ၊ လူလူချင်း စာနာစိတ် မရှိသူတွေဟာ ပြုပြင်ဖို့ အတော်မလွယ်ပါဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ် ၄၀လောက်က သက်ကြီးရွယ်အို ပညာရှင် စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေကို ထိုးကြိတ်ရန်ပြုခဲ့တဲ့ စပယ်ယာခေတ်ကနေ အခု စာရေးဆရာ မောင်ဝံသကို တွန်းချတဲ့ ခေတ်အထိ ဘာမှ မပြောင်းလဲပါဘူး။ သူတို့ကို ပြစ်ဒဏ်ပေးရုံနဲ့ နောင်ကြဉ်ပြီး အသိတရားရလာကြလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့ရဲ့ ဘ၀တွေပါ ပြောင်းလဲဖို့လိုတယ်။ ဘ၀တွေမြင့်လာမှ သူတို့ရဲ့ အသိဉာဏ်တွေလည်း မြင့်မားလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ လောလောဆယ် လက်တွေ့ကျတာကတော့ ခရီးသည်တင် ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်စီးရေ အလုံအလောက် ဖြည့်တင်းပြီး လူစပယ်ယာ လိုက်ပါစရာမလိုတဲ့ ပိုက်ဆံသိမ်းစနစ် ကျင့်သုံးဖို့ကို စိုင်းပြင်းသင့်ပါတယ်။
          ကျွန်တော်ဆိုရင် နိုင်ငံခြားတွေ အတော်ရောက်ဖူးခဲ့ပါတယ်။ ခရီးသွားလာရေးမှာ အများပြည်သူသုံး ယာဉ်ရထားစနစ်တွေကို အစိုးရများက အထူးအလေးပေးတယ်။ စနစ်တွေ ကောင်းတဲ့အတွက် ဘယ်လောက် အဆင်ပြေ စိတ်ချမ်းသာရတယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့တာပါ။ သို့ပေမယ့် အနောက်နိုင်ငံတွေနဲ့ ယှဉ်မပြောချင်ပါဘူး။ ကိုယ့်အိမ်နီးချင်း ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့နဲ့ပဲ ယှဉ်ပြီး ကြည့်စေချင်တယ်။ စင်ကာပူမှာ ဘတ်စ်ကားလိုင်းတွေဟာ စံပါပဲဗျာလို့ ပြောလောက်အောင် ကောင်းတယ်။ အချိန်မှန်တယ်။ တိကျတယ်။ ယာဉ်မောင်းပဲ ရှိတယ်။ ယာဉ်နောက်လိုက် မပါဘူး။ ပါစရာလည်း မလိုဘူးလေ။ ပိုက်ဆံ လိုက်သိမ်းစရာမှ မလိုတာ။ ခရီးသည်တွေဟာ ရထားဘူတာရုံလို နေရာတိုင်းမှာရှိတဲ့ ငွေသွင်းစက်တွေထဲ ငွေသွင်းပြီး ယာဉ်စီးကတ်ပြားကို အသက်ဝင်အောင် လုပ်ထားတယ်။ ကားပေါ်တက်ရင် အဲဒီကတ်ပြားကို ကားရဲ့ ရှေ့ပေါက်အတက်တံခါးက လက်မှတ်စစ်စက်ခလုတ်မှာ ကတ်ပေးလိုက်ရုံပဲ။ ဆင်းရင် နောက်ပေါက်တံခါးနားက လက်မှတ်စစ် စက်ခလုတ်မှာ ကတ်လိုက်ရင် ကိုယ်စီးလာတဲ့ ခရီးအတိုင်း ငွေနုတ်ယူလိုက်တာပဲ။
          ခရီးသည်ဟာ ယာဉ်မောင်းနဲ့ ဘာစကားမှ ပြောစရာမလိုဘူး။ ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ပါရင် ကားဘေးနံရံမှာရှိတဲ့ ခလုတ်လေးကို ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်မရောက်ခင် နှိပ်ပေးလိုက်ရုံပဲ။ အင်မတန်မှ ရှင်းတယ်။ ယာဉ်မောင်းတွေကလည်း လခစားတွေချည်းပဲ။ ရတဲ့လခက မိသားစုတစုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစရိတ် ကောင်းကောင်းဖူလုံတယ်။ အဲသလို ယာဉ်မောင်းမျိုးဟာ ဘယ်လိုနည်းနဲ့မှ ရိုင်းပြစရာ မရှိတော့ဘူး။ ယာဉ်ပိုင်ရှင်အတွက်နဲ့ သူ့အတွက် လောဘတက်ပြီး သူ့ထက်ငါ လူပိုရအောင် လုမောင်းစရာလည်း မလိုဘူး။
          ယဉ်ကျေးမှုဆိုတာ တကယ်ကတော့ အလေ့အကျင့်ပါပဲ။ လောဘ၊ ဒေါသနည်းပါးအောင် ဖန်တီပေးထားတဲ့ အခြေအနေတွေကြောင့် သူတို့ဆီက ဘတ်စ်ကား ယာဉ်မောင်းတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ပဲ ဂရုစိုက်ကြတာ တွေ့ရတယ်။ စိတ်ရှည်ရှည်နဲ့ တာဝန်ကျေပွန်ပုံကို ကျွန်တော်ကိုယ်တိုင် စင်ကာပူမှာ၊ အမေရိကန်မှာ၊ ဥရောပမှာ၊ ဂျပန်မှာ မျက်ဝါးထင်ထင်တွေ့ခဲ့တာတွေ ရှိတယ်။ ဥပမာ-ဘီးတပ်ကုလားထိုင်နဲ့ မစွမ်းမသန် ခရီးသည်တွေကို ဘတ်စ်ကားပေါ်တင်တာ၊ ပြန်အဆင်းမှာ ဂရုတစိုက် ဆင်ပေးတာတွေဟာ ချီးကျူး အံ့သြလောက်တယ်။ ကျွန်တော်အပါအ၀င် ခရီးသည်တွေဟာ ဘတ်စ်ကား ဒရိုင်ဘာ အဲဒီကိစ္စတွေ ဆောင်ရွက်ပြီးသည်အထိ အတက် ၃မိနစ်၊ အဆင်း ၃မိနစ်စီလောက် စောင့်နေကြရတယ်။ ဘယ်သူမှ စိတ်မရှည်တဲ့ အသံနဲ့ ဘာလုပ်နေတာလဲကွ၊ မပြီးသေးဘူးလားကွလို့ မအော်ဘူး။ ဘ၀ကံ မကောင်းလို့ ခြေထောက်မသန်ဘဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရသူကို ယာဉ်မောင်းက တာဝန်ကျေပွန်စွာ ကူညီနေတာကို စိတ်ရှည်ရှည်စောင့်နေကြတယ်။ အဲသလို ဆောင်ရွက်ပေးနေတဲ့ ယာဉ်မောင်းတွေရဲ့ မျက်နှာကိုလည်း ကျွန်တော် သတိထားစောင့်ကြည့်ဖူးတယ်။ သည်မစွမ်းမသန်ငနဲကလည်း အလုပ်ရှုပ်ရန်ကောဆိုပြီး စိတ်မရှည်တဲ့ မအီမသာ မျက်နှာကြီးဖြစ်နေသလား။ အလုပ်ပိုတစ်ခုကို မလွှဲသာလို့ လုပ်ပေးနေရတဲ့ အင်တင်တင်အမူအရာ ဖြစ်နေသလား၊ ကားပေါ်မှာ သူ့ကိုစောင့်ကြည့်နေတဲ့ အာဏာပိုင်သတင်းပေး တယောက်ယောက်ပါလာလို့ ထိတ်လန့်ပြီး လုပ်ပေးနေတဲ့ အမူအရာ ပေါ်နေသလား။ ဘာအမူအရာမှ မပေါ်ပါဘူးဗျာ။ ကားမောင်းနေတုန်းက မူလမျက်နှာအတိုင်းပဲ။ သူ လုပ်ဆောင်ရမယ့် ပုံမှန်အလုပ်တခုကို တာဝန်ကျေကျေ ဂရုတစိုက် လုပ်နေသလို လုပ်သွားတာပဲဆိုတာ အထင်အရှားတွေ့ရတယ်။ အဲသလို စိတ်ထားတွေ ထားတတ်ကြလို့လည်း သူတို့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတာပေါ့ဗျာ။
          နိဂုံးချုပ်ကတော့ မောင်ဝံသ တယောက် "သံချောင်းတို့ အဖေ" ဖြစ်ခဲ့ပါပြီ။ မောင်ဝံသနည်းတူ ကြုံရဆဲ ကြုံ့ရလတ္တံ ပြည်သူပေါင်းများစွာလည်း အမြန်ဆုံး အန္တရာယ်ကင်းနိုင်ကြပါစေ။
၁၂-၆-၂၀၁၁
                                                                            ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၇။

 Image and video hosting by TinyPic