လောကကို ယုံပါ သင့်ကိုယ်သင်ယုံပါ
သင့်ကိုယ်သင် သိအောင်လုပ်
ဘာတွေ လုပ်နိုင်သလဲ
ဘာတွေ မလုပ်နိုင်ဘူးလဲ
သင့်စိတ်ချမ်းသာအောင်
သင်ကိုယ်တိုင်သာ လုပ်နိုင်တယ်။
အလုပ်လုပ်ရင်း သင်ယူလေ့လာရင်းနဲ့
အောင်မြင်မှုတွေ ရယူပြီး
ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ
ယုံကြည်ပါ။
လူ့ဘ၀မှာ
မြတ်နိုးစရာတွေ ရှိတယ်ဆိုတာ
ယုံကြည်ပါ။
နေ့တိုင်း ပျော်ရွှင်ကြည်နူးစွာနဲ့
ကမ္ဘာကြီးရဲ့ အလှတွေကို ခံစားပါ။
ချစ်ခြင်းမေတ္တာကို ယုံကြည်ပါ။
မိတ်ဆွေတွေကို ချစ်ပါ
မိသားစုကို ချစ်ပါ
သင့်ကိုယ်သင် ချစ်ပါ
သင့်ဘ၀ကိုသင် ချစ်ပါ
သင့်အိပ်မက်တွေကို ယုံကြည်ပါ
သင့်အိပ်မက်တွေဟာ
လက်တွေ့ဖြစ်လာနိုင်တာတွေပါ။
Get to know yourself
what you can do
and what you cannot do
for only you can make your life happy
Believe that by working
learning and achieving
you can reach your goals
and be successful
Believe in your own creativity
as a mean of expressing
your true feelings
Believe in appreciating life
Be sure to have fun every day
and to enjoy
the beautiful in the world
Believe in love
Love your friends
your family
yourself
and your life
Believe in your dreams
and your dreams can become
a reality
- Susan Polis Schutz
ဒီနေ့ လူငယ်တော်တော်များများဟာ ဘယ်အရာကိုမဆို သံသယစိတ်နဲ့ ကြည့်တတ်ကြတယ်။ ဘာကိုမှ မယုံတဲ့စိတ်တွေ များနေတတ်ပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလား။ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ရခက်နေတတ်တယ်။ သူတို့က လူတွေကို မယုံကြည်ကြဘူး။ သူတို့ပြောတဲ့အတိုင်း ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့လူတိုင်းကို ကြည့်တတ်တယ်။ လူတွေကို မယုံကြည်ရာက လောကကြီးတခုလုံးကိုပါ မယုံကြည်တော့တဲ့အထိ ဖြစ်လာတတ်တယ်။ နောက်ဆုံးအဆင့်ရောက်တော့ ကိုယ်လည်း လူတယောက်ပဲဆိုတဲ့ အတွေးတွေဝင်လာပြီး ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်နိုင်တော့အောင် ဖြစ်သွားလေ့ရှိတယ်။
ဒီစိတ်တွေ ဖြစ်ပေါ်လာရတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတလို ပုဂ္ဂိုလ်ကအစ ကမ္ဘာကြီးတခုလုံးကို လိမ်နေတာမျိုးတွေချည်း တွေ့နေရလေတော့ ဘယ်သူ့ကို ယုံရဲတော့မှာလဲ။ နေရာတကာမှာ လူတွေက ‘အနိုင်နဲ့အမြတ်’ ကိုသာ အဓိကထားနေကြတယ်။ သူတို့က ‘သိက္ခာဆိုတာ ရိက္ခာဝယ်လို့ မရနိုင်ဘူး’ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာဆိုတာ အရူးတွေရဲ့ အလုပ်လို့တောင် ပြောတတ်ကြသေးတယ်လေ။
အဲဒါကြောင့် လူငယ်တွေ ဘယ်သူ့ကိုမှ မယုံကြည်တာ၊ ဘယ်အရာကိုမှ မယုံကြည်တာ သူတို့အပြစ်မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်တယ်။ ဒါပေမဲ့လို့ ဒါမကောင်းပါဘူး။ ဒီကတဆင့် ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်တဲ့စိတ်တွေ မလွဲမသွေ ရောက်လာလေ့ရှိတာကလား။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မစူးစမ်းရဲတော့ဘူး။ အဲဒီတော့ ဘာမှဖြစ်မလာနိုင်တော့ဘူး။ ဒီကဗျာလေးကို ဖတ်ပြီး လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်ပါစေ။ လောကကြီးကို ယုံကြည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါမှလည်း လူ့ဘ၀မှာ ပျော်ရွှင်ချမ်းသာစွာ နေသွားနိုင်မယ်လေ။
(၁၇.၁၂.၂၀၀၅) ဖတ်စရာ - ၅၀
မှတ်ချက် - လူထုစိန်ဝင်း၏ ဖတ်စရာ စာအုပ်မှ…
No comments:
Post a Comment