ဒီလမ်းကလေးကို ကျနော်နေ့စဉ်သွားနေတာ
ခြောက်လ၀န်းကျင်လောက်တောင် ရှိရော့မယ်။ မနက်မနက် ရှစ်နာရီလောက်ဆို အလုပ်သွားရင် ဒီလမ်းကနေ
လမ်းလျှောက်ပြီး ကားဂိတ်ကိုလမ်းလျှောက်နေကျ။ ကျနော်လမ်းသွားနေတဲ့ လမ်းကလေးမှာ ထူးခြားတာလား။
အင်း… ဈေးကြီးတခုရယ် ပြီးတော့ ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးတကျောင်းရယ် ကျနော်သွားတဲ့
လမ်းမှာ ရှိနေတယ်လေ။
ဈေးတွေရဲ့ ထုံးစံအတိုင်း မနက်ပိုင်းဆို
ဈေးဝယ်သူတွေနဲ့ စည်းကားနေတယ်။ ကျနော်သွားတဲ့ လမ်းတလျှောက်မှာလည်း ပန်းသည်၊ ဟင်းရွက်သည်တွေ၊
သားငါးသည်တွေ၊ ငါးပိငါးခြောက်သည်တွေ ပြီးတော့ မုန့်ပဲသရေစာရောင်းတဲ့ သူတွေ၊…. စတာတွေနဲ့
ပြည့်သိပ်လို့နေပါတယ်။ တခါတလေ ကံမကောင်းတဲ့အခါများတော့ အသားတင်တဲ့ကားကြီးကို သွေးသံရဲရဲနဲ့
အဲဒီလမ်းကလေးမှာ တွေ့ရတတ်ပါသေးတယ်။
အဲဒီလမ်းကလေးဟာ မနက်ပိုင်းတော့ ဈေးသည်တွေ
ဈေးဝယ်သူတွေနဲ့ စည်ကားနေတတ်ပေမဲ့ ကျနော်အလုပ်က ပြန်လာတဲ့အချိန် ည ရှစ်နာရီဝန်းကျင်လောက်ဆို
ကားပေါ်ကဆင်းဆင်းချင်း လမ်းထိပ်ကို စ၀င်တယ်ဆို ဧရာမအမှိုက်ပုံကြီးက ဆီးကြိုနေတာပါပဲ။
အဲဒီမှာ အမှိုက်သိမ်းအလုပ်သမားတွေရယ် အမှိုက်ကားကြီးရယ်ကို စတွေ့ရပါတယ်။ ပြီးတော့ လမ်းသွားလမ်းလာ
တယောက်စ နှစ်ယောက်စရဲ့ စကားသံတွေက လွဲရင် တိတ်ဆိတ်နေတတ်ပါတယ်။
အဲဒီလမ်းကလေးမှာ ကျနော်နေ့စဉ်သွားလာနေတာ
ခြောက်လလောက် ရှိပါတော့မယ်။ တရက် အလုပ်ကအပြန် ပုံမှန်အချိန် ည ၈နာရီဝန်းကျင်လောက်မှာပေါ့။
အဲဒီလမ်းကလေး အတိုင်း ကျနော်တယောက်တည်း လမ်းလျှောက်လာရင်း မနက်ပိုင်းက ဆော့ဝဲလ်တခု
update လုပ်ဖို့အတွက် အလုပ်ကိုသယ်သွားခဲ့တဲ့ ကျနော့်ကွန်ပျူတာ အိတ်က အတော်ကို လေးလံလာသလို
ထင်နေမိတယ်။ လူက နုနုရွရွလေးမဟုတ်ပေမဲ့ အဲဒီကွန်ပျူတာအိတ်ကို သယ်ရတဲ့အခါတိုင်း ပခုံးနာတတ်ပါတယ်။
အခုလည်း အဲဒီအိတ်ကို စလွယ်သိုင်းလွယ်ရင်း လမ်းလျှောက်လာရင်း 'မကြီး…' လို့ ရင်းရင်းနှီးနှီးအသံတသံ
ကျနော့်အနားက ပေါ်လာတဲ့အခါ အံ့သြသင့်မိသွားပါတယ်။
ဒီလမ်းကလေးမှာ ကျနော် သွားနေတာ ကြာပြီလေ။
နေ့စဉ်လိုလိုသွားလာနေပေမဲ့ တွေ့သမျှ မြင်သမျှ မျက်နှာတွေက တခါမှ မမြင်ဖူးတဲ့ မျက်နှာတွေပါ။
နေ့စဉ်တွေ့သမျှ လူတွေက မျက်နှာမကျက်မိတဲ့ မျက်နှာစိမ်းသက်သက်တွေရယ်ပါ။ အခုလို ရင်းရင်းနှီးနှီးသံမျိုးနဲ့
နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့။ အဲဒီအသံထွက်လာရာဘက်သို့ ကျနော်တချက်ကြည့်လိုက်မိတယ်။ ညီမလေးတို့အရွယ်
ကလေးမလေးတယောက်။ စက်ဘီးစီးရင်း စက်ဘီးပေါ်ကနေ ကျနော့်ကို လှမ်းခေါ်လိုက်တာပဲ။
ထိုကလေးမက 'မကြီး…လာလာ...တက်… သမီးလိုက်ပို့မယ်။
အော်… မကြီးကို သမီးနိုင်ပါတယ် မကြီးရဲ့… တက်ပါ။ မကြီးက …….မှာ နေတာမဟုတ်လား။ တက်ပါ…'
လို့ ဆိုလာပြီး ကျနော်မလိုက်မချင်း ရှေ့ဆက်နင်းပုံမရတဲ့ သူ့စက်ဘီးနောက်ကို ကျနော်ယောင်တောင်တောင်နဲ့
တက်လိုက်မိပါတယ်။ အဲဒီချိန်ထိ သူဘယ်ကလဲ.. ဘယ်သူလဲ ကျနော်မသိပါ။ ကျနော် စစတက်ချင်း သူ့စက်ဘီးခေါင်းက
ဟိုရမ်း ဒီရမ်းနဲ့ လမ်းမထက်မှာ အသည်းယားစရာ။ ကျနော်လည်း စိတ်ထဲကနေ လဲရင်လည်း မတတ်နိုင်ဘူး…
လို့တွေးကာ သူ့စက်ဘီးနောက်နေ လိုက်လာမိပါတယ်။ တော်တော်လေး နင်းလာတော့ သူ့စက်ဘီးက ပုံမှန်ဖြစ်သွားတယ်။
အဲဒီတော့မှ ကျနော့်သိချင်တဲ့ အကြောင်းကို မေးလိုက်မိတယ်။
'ညီမလေးက ဘယ်မှာနေတာလဲဟင်…အမကိုကော
သိလို့လားဟင်..' လို့မေးလိုက်မိတယ်။ ထိုကလေးမထံမှ 'မကြီးကို သမီးသိတာပေါ့… မကြီးက ဒီလမ်းက
အမြဲသွားနေတာ တွေ့သားပဲ… သမီးက ရှေ့နားက လမ်းချိုးလေးမှာ နေတာလေ မကြီးရဲ့…' သွက်သွက်လက်လက်နဲ့
ပြန်ဖြေလိုက်တာ ကျနော့်မှာ မေးစရာတောင် ကုန်သလိုဖြစ်သွားပါတယ်။
ကျနော်နေတဲ့နေရာ မရောက်ခင် သူနေတယ်ဆိုတဲ့
လမ်းချိုးကလေးမှာပဲ စက်ဘီးကို ရပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ စက်ဘီးပေါ်ကဆင်းရင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားကို လေးလေးနက်နက်ပြောမိပါတယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကျနော့်ရဲ့ ရင်ထဲမှာ
ကြည်နူးပီတိဖြစ်နေမိပါတယ်။ ကျနော်နေ့စဉ်သွားနေကျ လမ်းကလေးထဲမှာ ကျနော့်ကို သိနေတဲ့
လူတယောက်ရှိနေတဲ့အတွက်ကြောင့်တော့ မဟုတ်တာ သေချာပါတယ်။ ထိုညီမလေးရဲ့ ကူညီချင်တဲ့ စိတ်ထားကလေးကို
သဘောကျမိပြီး သူ့နဲ့သိရတာကို ၀မ်းသာမိတာပါ။
နောက်နေ့တွေ အဲဒီလမ်းကလေးမှာ သူ့ကို
သတိထားပြီး ရှာကြည့်မိပါတယ်။ ဒါပေမဲ့ ကျနော့်ပင်ကိုယ်ကိုက လမ်းလျှောက်ရင် ကိုယ့်အာရုံနဲ့ကိုယ်
ဘာကိုမှ သိပ်သတိမရတတ်ပါဘူး။ ကျနော့်သူငယ်ချင်းတွေဆို ခဏခဏပြောတယ်။ တခါတလေ အဝေးကနေ ကျနော့်ကိုလှမ်းတွေ့လိုက်လို့
အော်ခေါ်ရင်ပဲဖြစ်ဖြစ်၊ လက်လှမ်းပြတာပဲဖြစ်ဖြစ် ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် ကျနော်
သတိမထားမိပါဘူး။ နောက်တော့ သူတို့က ကျနော့်ကိုလှမ်းတွေ့ရင် မှီအောင် အပြေးလိုက်လာတတ်တယ်။
အော်ခေါ်ရင်လည်း လေကုန်တာနဲ့ အသံဝင်တာပဲအဖတ်တင်မယ်တဲ့။ ကျနော်ကတော့ ကြားမှာမဟုတ်ဘူးတဲ့လေ။
သူတို့ပြောတာ မှန်နေတော့ ကျနော်ပြန်မပြောနိုင်ပါဘူး။
အခုလည်း သတိထားပြီးကြည့်မယ်ဆိုပေမဲ့
ကိုယ့်အာရုံနဲ့ကိုယ် ဘာကိုမှ သတိမထားမိဘဲ သွားနေမိပါတယ်။ သူမနဲ့တွေ့ပြီး သုံးရက်မြောက်
ကျနော်အလုပ်သွားတဲ့ မနက်မှာတော့ သူမ ကျနော့်ကို ခေါ်တဲ့ 'မကြီး… 'ဆိုတဲ့ အသံကို ကြားလိုက်လို့
ဝမ်းသာအားရ ကျနော်လှည့်ကြည့်လိုက်မိပါတယ်။ ဟုတ်ပါတယ်။ ဟိုနေ့ညက ကျနော်တွေ့ခဲ့တဲ့ ကျနော့်ကို
စက်ဘီးပေါ်တင်ပြီး ခေါ်လာတဲ့ ညီမလေးပါပဲ။ ဆံပင်ကောက်ကောက်ခပ်တိုတိုဆံပင်လေးက နီကြောင်ကြောင်အရောင်သို့
သန်းနေတယ်။ အဲဒီဆံပင်လေးကို ခေါင်းစည်းကြိုးနဲ့ စုစည်းထားပြီး အရပ်ရှည်ရှည် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နဲ့
အသားညိုညို ထိုကောင်မလေးက ရယ်လိုက်ရင် ပိုပြီး ချစ်စရာကောင်းသွားပုံကို ကျနော် ငေးကြည့်နေမိတယ်။
ကျနော့်ညီမလေး အရွယ်ပါပဲ။
အခုဆိုရင် အဲဒီလမ်းကလေးကနေသွားတိုင်း
သူမရှိတတ်တဲ့နေရာလေးတွေမှာ ဝေ့၀ဲပြီး သူမကို ရှာရတာ အကျင့်တခုလိုဖြစ်နေပြီ။ တခါတလေ
ဟိန္ဒူဘုရားရှိခိုးကျောင်းရှေ့မှာ တခြားကလေးတွေနဲ့အတူ ကစားနေတတ်တယ်။ ကျနော်လာတိုင်း ကစားတာရပ်ပြီး ကျနော့်ဘေးကနေ သူသိချင်တာတွေ
မေးရင်း အိမ်နားအထိ လိုက်ပို့ပေးတတ်တယ်။ တခါတလေမှာ သူ့မောင်လေးဆိုသူ ကလေးလေးကို ခါးတွင်းခွင်ချီရင်
ထိန်းနေတတ်တယ်။
သူမကလေးက ကျောင်းနေရမယ့်အရွယ်လေးပါပဲ။
ဒါပေမဲ့ သူမကို ကျောင်းတက်ရတဲ့နေ့တွေမှာလည်း အမြဲလိုလို အဲဒီဟိန္ဒူဘုရားရှိခိုးကျောင်းရှေ့မှာ
တွေ့တွေ့နေရတတ်တယ်။ ဒါဆို သူမ ကျောင်းမတတ်တော့ဘူးလား။ ဘယ်နှစ်တန်းမှာ ကျောင်းထွက်လိုက်တာလဲ။
အတန်းပညာ ဘယ်နှစ်တန်းထိ တက်ဖူးသလဲ။ ဒါတွေကို ကျနော်မေးကြည့်ဖို့ အသင့်တော်ဆုံးအချိန်ကို
စောင့်ရပါဦးမယ်။
No comments:
Post a Comment