ညီမလေးရေ…
အချိန်တွေ
ရာသီတွေက သူ့သဘာဝအတိုင်း တရွေ့ရွေကုန်လွန်လာနေတုန်း ခုဆို ညီမလေးက မမကြီးတို့ရဲ့ မျက်စိရှေ့တင်
တဖြည်းဖြည်း အရွယ်ရောက်လာလိုက်တာ ဒီနှစ်ဆိုရင် ညီမလေးက ကိုးတန်းတောင်ရောက်ပြီပေါ့။
ဒီနှစ်တွေအတွင်းမှာ ညီမလေးက အရပ်ကြီးရှည်ပြီး ထွားလာလိုက်ပုံများ မမကြီးတို့တောင် အံ့သြယူရတယ်။
မမကြီးနဲ့ အသက် ၁၁နှစ်ကွာတဲ့ ညီမလေးက.. မမကြီးထက် အရပ်နည်းနည်းလေး နိမ့်တာကလွဲရင် ကိုယ်လုံးကိုယ်ထည်က
မမကြီးထက်တောင် ဖွံ့ထွားနေသေးတယ်။
ခု
ညီမလေးက ကိုတန်းဆိုတော့ နားရက်မရှိလောက်အောင်ကို ကျောင်းနဲ့ ကျူရှင်နဲ့ အလုပ်ရှုပ်နေမှာပေါ့။
ဟိုတရက်က မမကြီးဆီကို မေကြီးဖုန်းဆက်တယ်။ ည ဆယ်နာရီကျော်လောက်ပေါ့။ အဲဒီအချိန်ထိ ညီမလေး
ကျူရှင်က ပြန်မလာရသေးဘူးတဲ့။ အဲဒါကြားတော့ မမကြီးစိတ်ထဲ မကောင်းဘူး။ ညီမလေးပေးရတဲ့အချိန်တွေနဲ့
တန်တဲ့ အသိပညာတွေ မမကြီးရဲ့ ညီမလေး ရနိုင်ပါ့မလားလို့ တွေးမိပြီးတော့ပေါ့။
လက်ရှိ
မမကြီးတို့နိုင်ငံက ပညာရေးစနစ်က အလွန်ကိုနိမ့်ကျပြီး ဆိုးရွားနေတဲ့ အခြေအနေလေ။ မမကြီးတို့
ညီမလေးတို့က အဲဒီစနစ်တွေရဲ့ သားကောင်တွေပေါ့။
ဆရာကြီးအောင်သင်းကတော့ ဒီလိုပြောဖူးတယ် ညီမလေးရေ… `ပညာရေး စနစ်ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့်ပျက်သွားတာ´
လို့ ဆရာကြီးက ပြောခဲ့ဖူးတယ်။ ဒါတွေ ထားလိုက်ပါတော့။ ဆရာကြီးပြောတဲ့ နိုင်ငံရေးစနစ်ဆိုတာကို
ခုချိန်မှာ ညီမလေး သေချာနားလည်နိုင်မှာ မဟုတ်သေးဘူး။ တစ်နေ့တော့ သမိုင်းကပြောတဲ့အမှန်တရားတွေကို
ညီမလေးကောင်းစွာ နားလည်သဘောပေါက်နိုင်လိမ့်မယ်လို့ မမကြီး ယုံကြည်မိတယ်။
မိသားစုတစ်စုမှာ
ကျန်းမာရေးစရိတ်က ပထမ၊ ပညာရေးစရိတ်က ဒုတိယလို့ ပြောကြတာ ညီမလေး ကြားဖူးမှာပေါ့။ မမကြီးတို့
မိဘတွေက ပြည့်စုံလွန်းလို့ မဟုတ်ဘဲ မမကြီးတို့ကို ပညာတတ်စေချင်လွန်းလို့ ကြိုးစားပြီး
ပညာရေးကို ထောက်ပံ့ နေကြတာလေ။ ဒီလိုမျိုးပါပဲ မိဘတိုင်းက သူတို့ရဲ့ ပင်ပန်းမှုတွေကို
မငဲ့ဘဲ ကိုယ့်သားသမီးတွေကို ပညာတတ်ပါစေတော့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သားသမီးတွေကို
စာသင်ကျောင်းတွေကို ပို့ခဲ့ကြတယ်။
ညီမလေးရေ…အဲဒီ
ကျောင်းတွေက သင်ကြားပို့ချမှုတွေက မိဘတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်ထိ အထောက်အကူဖြစ်နိုင်မလဲဆိုတာ
မမကြီး စဉ်းစားကြည့်မိတယ်။ အရင် မမကြီးတို့ ကျောင်းတက်တုန်းကကော အခုညီမလေးတို့ လက်ထက်အထိကော
ကျောင်းစာသင်ခန်းတွေမှာ သင်ထောက်ကူပစ္စည်းဆိုတာ မရှိခဲ့ဘူးနော်။ ဒီတော့ တကယ့်လက်တွေ့ဘ၀နဲ့
ဆပ်စပ်ဖို့အတွက် အလှမ်းဝေးခဲ့တယ်။
စာတစ်ပုဒ်ကို
သင်ပြီး ဒါတွေဟာ တကယ့်လက်တွေ့ဘ၀နဲ့ ဆက်စပ်ပြီး အသုံးချလို့ရပါလားဆိုတဲ့ အတွေးတွေ ကျောင်းသားတွေဆီမှာ
ဝင်မလာတော့ဘူးလေ။ ဒီ့တော့ စာတစ်ပုဒ်ကို ပုံသေကျက်၊ ပုံသေမှတ်တဲ့ အကျင့်တွေသာ ရလာခဲ့တယ်။
အာဂုံဆောင် နှုတ်တိုက်ရွတ်အဆင့်ကနေ တက်မလာခဲ့ဘူး။ ကျောင်းသားတွေကို ဝေဖန်သုံးသပ်နိုင်စွမ်း၊
တီထွင်ဖန်တီးနိုင်စွမ်းထက် အချက်အလက်တွေကို အလွတ်ကျက်မှတ်တာကိုသာ အားပေးနေတုန်း။
အခု
ပုဂ္ဂလိကကျောင်းတွေ အတော်များများပေါ်လာခဲ့တယ်။ ဒါက ပိုက်ဆံတတ်နိုင်သူတွေအတွက်တော့ ကောင်းပါတယ်။
ကိုယ့်သားသမီးတွေကို အစိုးရကျောင်းမထားဘဲ သင်ယူနည်းစနစ် မတူတဲ့ ပုဂ္ဂလိကကျောင်း ပြောင်းထားမှာပေါ့။
ဒီထက်ပိုပြီး တတ်နိုင်သူများကျတော့လည်း နာမည်ကြီး နိုင်ငံခြားကျောင်းတွေမှာ သွားထားကြတယ်။
တချို့ကျတော့ ပညာရေးစနစ်ကြီး နိမ့်ပါးနေတာ သိရက်နဲ့ ငွေကြေးမတတ်နိုင်ဘဲ မလွဲသာလို့
ထားရတာရှိသလို တချို့မိဘများကျတော့လည်း ပညာရေးစနစ်ဆိုးကိုတောင် သတိမထားနိုင်ဘဲ စားဝတ်နေရေးလုံးပမ်းရတာ
တစ်ဖက်၊ သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်လွန်းလို့ ချို့ချို့တဲ့တဲ့ ဒုက္ခခံပြီး
ထားရတဲ့ မိဘတွေလည်း ရှိတယ်ဆိုတာ ညီမလေးသိမှာပါ။
အဲဒီလိုနဲ့
ပညာရေးစနစ်ကြီးက ဆယ်စုနှစ်များစွာ လည်ပတ်လာလိုက်တာ… ခု ညီမလေး ဒီအရွယ်ရောက်တဲ့အထိပေါ့။
ခုချိန်မှာ မမကြီးတို့နိုင်ငံမှာ ပညာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေပြီ။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်ဆိုတဲ့ စကားကို ညီမလေးကြားဖူးမှာပါ။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထူးချွန်ထက်မြတ်ပြီး အတတ်ပညာ၊ အသိပညာကြွယ်ဝတဲ့
လူငယ်တွေ အများကြီးလိုအပ်တယ် ညီမလေး။
အခု
မမကြီးနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေ တပုံတပင်ပဲ။ ဘွဲ့လက်မှတ်ချောင်ထိုးထားပြီး
ဆိုက်ကားနင်းနေသူတွေ၊ လမ်းဘေးမှာ ကွမ်းယာရောင်းနေသူတွေ၊ ဈေးတန်းမှာ ငါးရောင်းနေသူတွေ၊
….. အများကြီးပဲ ညီမလေး။ ဆယ်တန်းအောင်ပြီးတော့ ပိုက်ဆံမတတ်နိုင်လို့ အဝေးသင်တက္ကသိုလ်တက်တယ်။
တစ်နှစ်လုံးမှာမှ ၁၁ရက်သာ တက်လိုက်ရပြီး စာမေးပွဲဝင်ဖြေတယ်။ အောင်လာတယ်။ ဒီလိုနဲ့ သုံးနှစ်ပေါင်းကို
ရက်ပေါင်း ၃၃ရက်နဲ့ ဘွဲ့လက်မှတ်တစ်ခု ရလာလိုက်တယ်။ အဲဒီဘွဲ့လက်မှတ်ရဲ့ တန်ဖိုးက ဘာလဲ။
အနှစ်မဲ့ပြီး စာရွက်တရွက်သာသာလောက် ပဲ တန်ဖိုးရှိတဲ့ အဲဒီလက်မှတ်နဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ
ညီမလေး စဉ်းစားတာကြည့်ပေတော့။
ပိုက်ဆံတတ်နိုင်တဲ့
သူများကျပြန်တော့လည်း Day တက်တယ်။ Day က တနင်္လာကနေ သောကြာနေ့အထိ တက်ရတယ်။ ဘာသာရပ်တိုင်းမှာ
စာအုပ်ထဲကအတိုင်း အကုန်အစင် သင်တာမရှိဘူး။ ဟိုအခန်းကျော်လိုက် ဒီအခန်းကျော်လိုက်နဲ့
ရှေ့ဆုံးက နှစ်ပုဒ်သုံးပုဒ် အလယ်နားက နှစ်ပုဒ်သုံးပုဒ် နောက်နားလေးက လေးငါးပုဒ်လောက်သင်ပြီး စာအုပ်တစ်အုပ်
အဆုံးသတ်သွားတယ်။ စာသင်တာတွေ နားမလည်ရင် စာမေးပွဲအောင်ဖို့ သေချာချင်ရင် ကျူရှင်တက်။
ကျူရှင်မှာ စာမေးပွဲအတွက်ဆိုပြီး တစ်ပွဲတိုး သင်ပေးတယ်။ ဒီလိုနဲ့ ဘွဲ့လက်မှတ်ရလာခဲ့တယ်ပေါ့..
ညီမလေး။
ညီမလေးရေ…
မမကြီး အခုပြောပြတာတွေ ကြားပြီး ညီမလေး စိတ်ဓာတ်ကျမသွားနဲ့ဦးနော်။ မမကြီးဖတ်ဖူးတဲ့
စာအုပ်တစ်အုပ်ထဲက စာတစ်ကြောင်းကို ညီမလေးကို ပြောပြမယ်။ အဲဒါဘာလဲဆိုတော့… `ပညာက ကိုယ့်ဆီမလာရင်
ကိုယ်က ပညာဆီ သွားရမှာပဲ´ တဲ့။ အရမ်းကို ကောင်းပြီး အရမ်းအဓိပ္ပာယ်ရှိတဲ့ စကားလေးပဲနော်။
ညီမလေးလည်း ပညာဆီကို သွားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ မမကြီး ဆန္ဒပြုပါတယ်။
ပညာကို
တန်းဖိုးထားတတ်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ညီမလေး။
No comments:
Post a Comment