Monday, February 14, 2011

လောကကို ယုံပါ သင့်ကိုယ်သင်ယုံပါ - လူထုစိန်ဝင်း


လောကကို ယုံပါ သင့်ကိုယ်သင်ယုံပါ

သင့်ကိုယ်သင် သိအောင်လုပ်
ဘာတွေ လုပ်နိုင်သလဲ
ဘာတွေ မလုပ်နိုင်ဘူးလဲ
သင့်စိတ်ချမ်းသာအောင်
သင်ကိုယ်တိုင်သာ လုပ်နိုင်တယ်။
အလုပ်လုပ်ရင်း သင်ယူလေ့လာရင်းနဲ့
အောင်မြင်မှုတွေ ရယူပြီး
ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ
ယုံကြည်ပါ။
လူ့ဘ၀မှာ
မြတ်နိုးစရာတွေ ရှိတယ်ဆိုတာ
ယုံကြည်ပါ။
နေ့တိုင်း ပျော်ရွှင်ကြည်နူးစွာနဲ့
ကမ္ဘာကြီးရဲ့ အလှတွေကို ခံစားပါ။
ချစ်ခြင်းမေတ္တာကို ယုံကြည်ပါ။
မိတ်ဆွေတွေကို ချစ်ပါ
မိသားစုကို ချစ်ပါ
သင့်ကိုယ်သင် ချစ်ပါ
သင့်ဘ၀ကိုသင် ချစ်ပါ
သင့်အိပ်မက်တွေကို ယုံကြည်ပါ
သင့်အိပ်မက်တွေဟာ
လက်တွေ့ဖြစ်လာနိုင်တာတွေပါ။
         
          Get to know yourself
          what you can do
          and what you cannot do
          for only you can make your life happy
          Believe that by working
          learning and achieving
          you can reach your goals
          and be successful
          Believe in your own creativity
          as a mean of expressing
          your true feelings
          Believe in appreciating life
          Be sure to have fun every day
          and to enjoy
          the beautiful in the world
          Believe in love
          Love your friends
          your family
          yourself
          and your life
          Believe in your dreams
          and your dreams can become
          a reality
-          Susan Polis Schutz




ဒီနေ့ လူငယ်တော်တော်များများဟာ ဘယ်အရာကိုမဆို သံသယစိတ်နဲ့ ကြည့်တတ်ကြတယ်။ ဘာကိုမှ မယုံတဲ့စိတ်တွေ များနေတတ်ပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလား။ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ရခက်နေတတ်တယ်။ သူတို့က လူတွေကို မယုံကြည်ကြဘူး။ သူတို့ပြောတဲ့အတိုင်း ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့လူတိုင်းကို ကြည့်တတ်တယ်။ လူတွေကို မယုံကြည်ရာက လောကကြီးတခုလုံးကိုပါ မယုံကြည်တော့တဲ့အထိ ဖြစ်လာတတ်တယ်။ နောက်ဆုံးအဆင့်ရောက်တော့ ကိုယ်လည်း လူတယောက်ပဲဆိုတဲ့ အတွေးတွေဝင်လာပြီး ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်နိုင်တော့အောင် ဖြစ်သွားလေ့ရှိတယ်။
      ဒီစိတ်တွေ ဖြစ်ပေါ်လာရတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတလို ပုဂ္ဂိုလ်ကအစ ကမ္ဘာကြီးတခုလုံးကို လိမ်နေတာမျိုးတွေချည်း တွေ့နေရလေတော့ ဘယ်သူ့ကို ယုံရဲတော့မှာလဲ။ နေရာတကာမှာ လူတွေက ‘အနိုင်နဲ့အမြတ်’ ကိုသာ အဓိကထားနေကြတယ်။ သူတို့က ‘သိက္ခာဆိုတာ ရိက္ခာဝယ်လို့ မရနိုင်ဘူး’ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာဆိုတာ အရူးတွေရဲ့ အလုပ်လို့တောင် ပြောတတ်ကြသေးတယ်လေ။
      အဲဒါကြောင့် လူငယ်တွေ ဘယ်သူ့ကိုမှ မယုံကြည်တာ၊ ဘယ်အရာကိုမှ မယုံကြည်တာ သူတို့အပြစ်မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်တယ်။ ဒါပေမဲ့လို့ ဒါမကောင်းပါဘူး။ ဒီကတဆင့် ကိုယ့်ကိုယ်ကိုယ်ပါ မယုံကြည်တဲ့စိတ်တွေ မလွဲမသွေ ရောက်လာလေ့ရှိတာကလား။
      ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မစူးစမ်းရဲတော့ဘူး။ အဲဒီတော့ ဘာမှဖြစ်မလာနိုင်တော့ဘူး။ ဒီကဗျာလေးကို ဖတ်ပြီး လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်ပါစေ။ လောကကြီးကို ယုံကြည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါမှလည်း လူ့ဘ၀မှာ ပျော်ရွှင်ချမ်းသာစွာ နေသွားနိုင်မယ်လေ။

(၁၇.၁၂.၂၀၀၅) ဖတ်စရာ - ၅၀
          မှတ်ချက် - လူထုစိန်ဝင်း၏ ဖတ်စရာ စာအုပ်မှ…
         

Friday, February 11, 2011

ပင်လုံကျေးဇူး - တင်ဧ(ရှမ်းပြည်)


 
ပြည်ပတောင်တန်းပူးပေါင်းရေး စာချုပ်ကျောက်တိုင်

ပင်လုံကား မထင်ရှားသော ရွာကလေးမျှသာတည်း။ စော်ဘွားရုံးစိုက်ရာ မြို့လည်းမဟုတ်။ စော်ဘွားရုံးစိုက်ရာ မြို့ကား လဲချားဖြစ်၏။ အင်္ဂလိပ်အစိုးရတို့ ရုံးစိုက်မြို့လည်းမဟုတ်။ အင်္ဂလိပ်အစိုးရတို့ ရုံးစိုက်ရာမြို့ကား လွယ်လင်ဖြင်၏။ ပင်လုံသည် လဲချားမြို့နှင့် လွယ်လင်မြို့အကြားတွင် တည်ရှိ၏။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့နှင့် မိုင် ၆၀ ခန့်ဝေး၏။
ပင်လုံသည် အုပ်ချုပ်ရေးအားဖြင့်သာ အရေးမပါသည်မဟုတ်။ စီးပွားရေးအားဖြင့်လည်း များစွာ အရေးမပါလှချေ။ စီးပွားရေးအားဖြင့် ရှမ်းဖက်(သနပ်ဖက်)အရောင်းအ၀ယ်သာလျှင် အသင့်အတင့်ဖြစ်ထွန်း၏။ ထို့ပြင် လမ်းပန်းအဆက်အသွယ်အားဖြင့်လည်း ကားလမ်းတစ်လမ်း တည်းသာလျှင်ရှိ၏။ ရှမ်းပြည်နယ်တောင်ပိုင်း ရထားလမ်းဆုံရာဖြစ်သော ရွှေညောင်မြို့နှင့် မိုင်ပေါင်း ၇၀ကျော် ကွာလှမ်း၏။ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ လားရှိုးစသည်တို့နှင့်လည်း မိုင်ပေါင်းရာကျော် ကွာဝေး၏။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့်လည်း ထို့နည်းလည်းကောင်း ကွာလှမ်း၏။ မည်သည့်ဒေသမှပင် သွားသည်ဖြစ်စေ၊ တောင်အထပ်ထပ် လျှိုအတန်တန် ခဲယဉ်ပင်ပန်းစွာ ကျော်ဖြတ်ပြီး သွားမှသာလျှင် ပင်လုံသို့ရောက်မည်ဖြစ်၏။ ဤသို့လျှင် ပင်လုံသည် မထင်ရှားသော ရွာကလေးအဖြစ်ဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်းတွင် အေးဆေးငြိမ်သက်စွာ ဘာသာဘာဝ တည်ရှိနေလေသည်။
အေးဆေးသည် ဆုရာ၌ အရောင်းအ၀ယ် အလုပ်အကိုင်တို့၌သာမက ရာသီဥတုအားဖြင့်လည်း မြောက်လေတဟူးဟူး ဆီးနှင်းတဖြောက်ဖြောက်နှင့် ခိုက်ခိုက်တုန် ချမ်းအေးနေပေသည်။
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ။
ဤကဲ့သို့ များစွာ အသက်မ၀င် မထင်ရှားလှသော ရွာကလေးသို့ ဤမျှ ခိုက်ခိုက်တုန် ချမ်းအေးနေသော ရာသီဆိုးတွင် တောအထပ်ထပ် တောင်အလျှိုလျှိုဖြင့် ရှည်လျားကြမ်းတမ်းလှသော လမ်း၊ ခရီးကိုကျော်ဖြတ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်တို့မှ စော်ဘွားမြို့စားများသည်လည်းကောင်း၊ လူထုခေါင်းဆောင်များသည်လည်းကောင်း၊ စုဝေးရောက်ရှိ လာကြ၏။ ချင်းတောင်တန်းမှ ခေါင်းဆောင်များလည်း ရောက်ရှိလာကြ၏။ ကချင်ဒေသမှ ဒူးဝါးကြီးများလည်း ရောက်ရှိလာကြ၏။ ပင်လုံရွာကလေး၏ အပြင်ဘက် လယ်ကွင်းထဲတွင် ၀ါးတဲကလေးတွေ အစီအရီ၊ ရိုးပြတ်နံ့တသင်းသင်းနှင့် မြောက်လေက တဟူးဟူးနှင့် နေ့တွင် တဖြောက်ဖြောက်နှင့် ဗမာပြည်မြေပြန့်နှင့် တောင်တန်းဒေသအသီးသီးမှ အရေးကြီးသော တိုင်းရင်းသား ခေါင်းဆောင်အားလုံးလိုလို စုဝေးရောက်ရှိနေကြသည်။
ဗိုလ်ချုပ်အောင်ဆန်း အစရှိသော တိုင်းရင်းသားလူမျိုး အသီးသီး၏ ခေါင်းဆောင်ကြီးများသည် အဘယ်အကြောင်း ကိစ္စများကြောင့် ဤအချိန် ဤအခါတွင် ပင်လုံရွာကလေး၌ စုဝေးရောက်ရှိနေကြပါသနည်း။
ဗမာနိုင်ငံသည် ၁၂၄၇-ခုနှစ်၊ သီပေါဘုရင် ပါတော်မူသည့် အချိန်မှစ၍ ဗြိတိသျှနယ်ချဲ့သမားတို့၏ လက်အောက်သို့ ကျရောက်ခဲ့ရလေ၏။ မရှေးမနှောင်းပင် ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသားတို့သည် ဗြိတိသျှတို့၏ ကျွန်ဖြစ်ခဲ့ရလေသည်။ ဗြိတိသျှတို့သည် ဗမာနိုင်ငံကို ထာဝရသိမ်းပိုက်ထားလိုသည်။ ထာဝရ အုပ်ချုပ်သွေးစုပ်လိုသည်။ ယင်းကဲ့သို့ ထာဝရအုပ်ချုပ် သွေးစုပ်နိုင်ရန် တိုင်းရင်းသားများကို သွေးခဲထားမှဖြစ်မည်။ တိုင်းရင်းသားအချင်းချင်း ညီညွတ်စည်းလုံးနေလျှင် ထာဝစဉ် ကျွန်လုပ်ရန် မလွယ်။ တနေ့သော် အာခံကာ ပြန်ချလာလိမ့်မည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း ပရိယာယ်အမျိုးမျိုးဖြင့် လုပ်ဆောင်လေတော့သည်။
ရှေးဗမာအစရှိသော တိုင်းရင်းသားတို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ညီညွတ်သွေးစည်းမှု လျော့ရဲရဲဖြစ်နေလေသည်။ ရှေးရှေးက ဗမာနိုင်ငံတွင် ဘုရင်ဧကရာဇ်များ၊ စော်ဘွားများ၊ ပဒေသရာဇ်များ အုပ်စိုးခဲ့ရာ ထိုဧကရာဇ် ပဒေသရာဇ်တို့သည် အချင်းချင်း နယ်လုကြ၊ တိုက်ခိုက်ကြလေသည်။ ယင်းတို့သည် တိုင်းရင်းသား အချင်းချင်းသာမက တိုင်းရင်းသား တမျိုးတည်းတွင်ပင် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ ဥပမာ အင်းဝနှင့် တောင်ငူ ဗမာအချင်းချင်း တိုက်ကြသည်။ မိုးနဲနှင့် ညောင်ရွှေ ရှမ်းအချင်းချင်း တိုက်ကြသည်။
ဤနယ်လု ပယ်လု စစ်ပွဲကား ဗမာလူထု၊ ရှမ်းလူထု၊ ကချင်လူထုတို့နှင့် ဘာမျှမဆိုင်။ အုပ်ချုပ်သူ လူတန်းစားအချင်းချင်း တိုက်ကြသော စစ်ပွဲများသာ ဖြစ်သည်။ သို့သော် ရှမ်းနှင့် ဗမာ၊ မွန်နှင့် ဗမာ သွေးကွဲကြ သယောင်ယောင် ရေးကြ သားကြသည်။ ပြောကြ ဆိုကြသည်။ ဤအတိုင်းပင် ဖြစ်သည်ဟု ထင်သူတို့ကလည်း ထင်ကြသည်။ ယုံသူတို့ကလည်း ယုံကြသည်။ ဤပျော့ကွက်ကို နယ်ချဲ့သမားတို့က အခွင့်ကောင်းယူ၍ တိုင်းရင်းသားအချင်းချင်းကို ပို၍ သွေးခွဲလေတော့သည်။
ဤသို့ဖြစ်နေသည့် အထဲတွင် အရာရှိဆိုးတို့ကလည်း ‘မြွေပူရာ ကင်းမှောင့်’ လေသေးသည်။ နယ်ချဲ့သမားတို့သည် တောင်တန်းဒေသများသို့ မြို့အုပ်၊ ၀န်ထောက် အစရှိသော အရာရှိများကို ပို့လေ့ရှိလေသည်။ ထို့သို့ပို့ရာ၌ အရည်အချင်းရှိသော၊ အကျင့်စာရိတ္တကောင်းသော ‘စံပြ’ ဗမာအရာရှိများကို ရွေးချယ်ပို့လွှတ်ရမည့်အစား အရည်အချင်း ညံ့ဖျင်းသော၊ မင်းပြစ်မင်းဒဏ်သင့်၊ အကျင့်စာရိတ္တ မကောင်းသော အရာရှိများကို များသောအားဖြင့် ပို့တတ်ကြလေသည်။ ထိုသူတို့ကလည်း ‘ငှက်တောခွေးတော’ အပို့ခံရသည်ဟု အယူရှိကြပြီးလျှင် ထင်သလို နေထိုင်ပြုမူ ဆက်ဆံကြလေတော့သည်။ ‘မင်းနေပြည်တော်’နှင့် အလှမ်းဝေးသော တောင်တန်းဒေသတွင် ရောက်ရှိနေကြသည့် ထိုအရာရှိတို့သည် အရက်နှင့် ဘိန်းကို အဖော်လုပ်ကြ၏။ လောင်းကစားဝိုင်းများတွင် အချိန်ဖြုန်းကြ၏။ မိန်းမမှုတို့ကို ကျူးလွန်ကြ၏။ ဗမာအရာရှိများကို ကြည့်ကြည့်ပြီးလျှင် တောင်တန်းဒေသနေ တိုင်းရင်းသားတို့သည် ဗမာတို့အပေါ် မေတ္တာမဲ့သထက် မဲ့လာကြကုန်၏။ နယ်ချဲ့သမားတို့၏ အကြိုက်ပင်ဖြစ်တော့သည်။
ထိုမှတပါး ‘အောက်ပြည် အောက်ရွာ’ သို့ လက်ဖက်ခြောက်၊ လိမ္မော်သီး စသည်တို့ လာရောက်ရောင်းကြသော တောင်တန်းသားတို့အား ဗမာကုန်သည် ပွဲစားများက ‘လည်လှီး’၊ ‘လက်ဝါးကြီးအုပ်’ မှုတို့လည်း ရှိ၏။ ရှမ်းတောင်သူ ဘုရားဖူးတို့ကို ဗမာရွှေကြိုတို့က ‘နှပ်’ကြသည်လည်း ရှိ၏။ ဤကိစ္စတို့သည် အသေးအဖွဲပင် ဖြစ်လင့်ကစား တိုင်းရင်းသား အချင်းချင်း သွေးကွဲမှုတွင် အထိုက်အလျောက် အထောက်အပံ့ ပြုကြကုန်၏။
ဖော်ပြခဲ့သည့်အတိုင်း တောင်းတန်းသားများနှင့် နေ့စဉ်နှင့်အမျှ လက်ပွန်းတတီး ဆက်ဆံကြရသော ဗမာများကား အရာရှိဆိုးများ၊ အမြတ်ကြီးစား ကုန်သည်ပွဲစားများသာ ဖြစ်ကြ၏။ လမ်းပန်း အဆက်အသွယ် မကောင်းမှုကြောင့်လည်းကောင်း၊ စီးပွားရေး ပညာရေး အောက်ကျမှုကြောင့်လည်းကောင်း၊ တောင်တန်းသား အများစုကြီးမှာ အောက်ပြည် အောက်ရွာသို့ အရောက်အပေါက် နည်းပါးလှ၏။ စိတ်ကောင်း စေတနာကောင်းရှိသော ဗမာလူထုကြီးနှင့် တွေ့ဆုံသိကျွမ်းရန် အခွင့်အရေး မရခဲ့ကြ။ နယ်ချဲ့စနစ်ကို ဆန့်ကျင်သော၊ လွတ်လပ်ရေးကို အလိုရှိသော တိုင်းရင်းသားချင်း ချစ်ကြည်စည်းလုံးရေးကို ယုံကြည်လိုလားသော ခေတ်ပညာတတ် ဗမာလူငယ် ကျောင်းသားများသည်လည်း တောင်တန်းဒေသများသို့ သွားရောက်လည်ပတ် ဟောပြောရှင်းပြခွင့် မရခဲ့ကြ။ ရှမ်းပြည်နယ် ပုဒ်မ-၁၀ ကလည်းကောင်း၊ ကချင်နယ်၊ ချင်းနယ်ရှိ တောင်တန်းဒေသ ဥပဒေတို့ကလည်းကောင်း တားဆီးပိတ်ပင်ထား၏။
ဤသို့လျှင် ‘မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိ’ သောကြောင့် မြေပြန့်သား ဗမာများနှင့် တောင်တန်းဒေသ တိုင်းရင်းသားတို့သည် သွေးအကွဲကြီး ကွဲလျက်ရှိသည်။

  တောင်တန်းဒေသလူထုကြီးမှာ ရာဇ၀င်တလျှောက်လုံး ပဒေသရာဇ်စနစ်အောက်တွင် နေထိုင်လာခဲ့ကြရသဖြင့် မျက်စိမပွင့်သေး၊
ဤအခြေအနေတွင် ဗြိတိသျှနယ်ချဲ့သမားတို့သည် မြန်မာပြည်မကိုကား လက်မလွှတ်ဘဲ နေ၍မဖြစ်၊ လက်လွှတ်ရတော့မည်။ လွတ်လပ်ရေး ပေးရတော့မည်။ ဗမာတို့သည် ၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူပြီးသည့် အချိန်မှစ၍ အေးအေးသာသာ ခေါင်းငုံ့မခံခဲ့။ အခွင့်ရတိုင်း နယ်ချဲ့ကို နည်းအမျိုးမျိုး၊ ပရိယာယ် အဖုံဖုံဖြင့် ခုခံတွန်းလှန်ခဲ့ကြ၏။ နောက်ဆုံး ၁၉၄၂-ခုနှစ်၌ ဂျပန်တို့နှင့် ပူးပေါင်းကာ နယ်ချဲ့ဗြိတိသျှတို့ကို ဗမာနိုင်ငံတွင်းမှ တိုက်ထုတ်ခဲ့ကြ၏။
ထို့နောက် ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ခိုက်ကြပြန်၏။ ကမ္ဘာတွင်လည်း ဖက်ဆစ်စနစ်သည် ကျဆုံးနေပြီဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ကြီး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် အလွန်ညီညွတ်စည်းလုံး တောင့်တင်းခိုင်မာလျက်ရှိ၏။ ဒုတိယ ကမ္ဘာစစ်ကြီး၏ ဒဏ်ကြောင့် ဗြိတိန်နိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးတို့တွင် နာလန်မထူနိုင်ဘဲ အင်အားလျော့ပါးချည့်နဲ့နေ၏။ ဤကဲ့သို့သော အခြေအနေတွင် ဗြိတိသျှ နယ်ချဲ့သမားတို့သည် ဗမာနိုင်ငံကို လက်မလွှတ်ချင်သော်လည်း မလွဲမသွေ လက်လွှတ်ရချေတော့မည်။
သို့ရာတွင် မြေပြန့်ဗမာနိုင်ငံကို မတတ်သာသောကြောင့် လက်လွှတ်ပင်လက်လွှတ် လိုက်ရသော်လည်း တောင်တန်းဒေသကိုကား မိမိခြေဖ၀ါးအောက်တွင်ပင် ဆက်လက်ထားလိုသေး၏။ ဆက်လက်၍ သွေးစုပ်လိုသေး၏။ တောင်တန်းဒေသတွင် ခြေကုပ်ယူကာ ‘လွတ်လပ်သော’ မြေပြန့်ဗမာနိုင်ငံကို အမြဲတမ်း အနှောင့်အယှက်ပေးနေလို၏။ ခြိမ်းခြောက်နေဖို့ ကြံ၏။ အခွင့်သာသော တနေ့တွင် ဗမာမြေပြန့်ကို ပြန်လည်သိမ်းပိုက်နိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့က ဗြိတိသျှအစိုးရကို အရေးဆိုကြသောအခါ ဗမာပြည်ကိုကား လွတ်လပ်ရေးပေးပါမည်။ တောင်တန်းဒေသအတွက်ကား ယင်းတို့ဆိုင်ရာ ခေါင်းဆောင်များ၏ သဘောထားကို မေးမြန်းကြည့်လိုပါသေးသည်။ ပင်လုံတွင်ဖြစ်စေ၊ အခြားတနေရာတွင်ဖြစ်စေ၊ တောင်တန်းသား ခေါင်းဆောင်များ၏ အစည်းအဝေးတရပ် ခေါ်ယူကျင်းပ၍ ယင်းတို့၏ သဘောထားကို ပြောကြားကြပါစေ…အစရှိသဖြင့် သဘောတူခဲ့ကြလေသည်။
တောင်တန်းသားများနှင့် ဗမာများသည် အကြောင်းအမျိုးမျိုးကြောင့် မူလကတည်းက မသင့်မမြတတ် ရှိတန်သလောက် ရှိခဲ့ကြသည်။ နယ်ချဲ့တို့ကလည်း နည်းပရိယာယ် အသွယ်သွယ်ဖြင့် သွေးခွဲထားခဲ့ပြီးပြီ။ တောင်တန်းဒေသတွင် စော်ဘွား၊ ပဒေသရာဇ် ခေါင်းဆောင်များမှာ နယ်ချဲ့သမား၏ လက်ဝေခံများသာ ဖြစ်ကြသည်။ တောင်တန်းဒေသ လူထုကြီးမှာ ရာဇ၀င်တလျှောက်လုံး ပဒေသရာဇ်စနစ်အောက်တွင် နေထိုင်လာခဲ့ကြရသဖြင့် မျက်စိမပွင့်သေး၊ မနိုးကြားသေး၊ ထို့ကြောင့် ပင်လုံတွင်ဖြစ်စေ၊ အခြားတနေရာတွင်ဖြစ်စေ ထိုတောင်တန်းဒေသက ပဒေသရာဇ်ခေါင်းဆောင်များကို ခေါ်ယူစည်းဝေးစေ၍ သဘောထားကို မေးမြန်းလိုက်လျှင် မုချဗမာပြည်မနှင့် ပေါင်းလိုကြမည်မဟုတ်။ ငါတို့လက်အောက်တွင်သာ ဆက်လက်နေထိုင်သွားလိုကြသည်ဟု ပြောကြမည်မှာ မုချပင်ဖြစ်သည်ဟု နယ်ချဲ့သမားတို့သည် ‘သပိတ်ဝင်-အိတ်ဝင်’တွက်ထားကြလေသည်။ ထို့ကြောင့် ပင်လုံတွင် တောင်တန်းဒေသခေါင်းဆောင်များ စည်းဝေးကြရန် အောင်ဆန်း-အက်တလီစာချုပ်တွင် သဘောတူ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်လေသည်။ မကြာမီ မိမိတို့အောင်ပွဲခံရလိမ့်မည်ဟု ဗြိတိသျှ နယ်ချဲ့တို့သည် ကိန်းသေတွက်ထားကာ ဒူးတနန့်နန့်နှင့် ပြုံးနေကြလေသည်။
သို့သော် ၁၉၄၇-ခုနှစ် တောင်တန်းဒေသကား ၁၈၈၅-ခုနှစ်က တောင်တန်းဒေသမဟုတ်တော့ပြီ။ တောင်တန်းဒေသက ကျောင်းသားလူငယ်များသည် ၁၉၃၆-ခုနှစ်လောက်မှစ၍ ပြည်မက ကျောင်းသားလူငယ်များ၊ ဒို့ဗမာသခင်များနှင့် ပူးပေါင်းလက်တွဲကာ ကိုလိုနီပညာရေး စနစ်ကို တိုက်ပွဲဝင်ခဲ့ကြ၏။ အတူတကွ သပိတ်မှောက်ခဲ့ကြ၏။ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြ၏။ ထို့နောက် ဖက်ဆစ်ဂျပန်တို့ သုံးနှစ်သုံးမိုး အုပ်စိုးစဉ်ကာလအတွင်း တောင်တန်းသား လူငယ်များနှင့်အတူ အာရှလူငယ်အစည်းအရုံးများ အနှံ့အပြား တည်ထောင်ကြကာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ၀င်ရောက်အမှုထမ်းကြလေသည်။ ထို့နောက် ဖက်ဆစ်တော်လှမ်းရေး ဆင်နွှဲကြသောအခါ များစွာသော တောင်တန်းသား လူငယ်ကျောင်းသားတို့သည် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြလေသည်။ ထို့နောက် ဖက်ဆစ်ဂျပန်တို့ သုံးနှစ်သုံးမိုး အုပ်စိုးစဉ် ကာလအတွင်း တောင်တန်းသား လူငယ်ကျောင်းသားတို့သည် ဗမာလူငယ်များနှင့်အတူ အာရှလူငယ်အစည်းအရုံးများ အနှံ့အပြားတည်ထောင်ကြကာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲသို့ ၀င်ရောက် အမှုထမ်းကြလေသည်။ ထို့နောက် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲကြသောအခါ များစွာသော တောင်တန်းသား လူငယ်ကျောင်းသားတို့သည် အင်အားအလျောက် ပါဝင်ဆင်နွှဲခဲ့ကြလေသည်။
ဤသို့လျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲတို့ကို အကြောင်းပြုကာ တိုင်းရင်းသားသွေးစည်းမှုသည် ကြီးထွားရင့်သန်လာခဲ့ပေသည်။ တောင်တန်းသားတိုပ၏ နိုးကြားမှုသည် ကြီးမားကျယ်ပြန့်လာခဲ့ပေသည်။

ပင်လုံညီလာခံ ကျင်းပကာ တောင်တန်းသားခေါင်းဆောင်တို့၏ သဘောထားကို ထုတ်ဖော်စေသောအခါ

ကမ္ဘာတွင် ဖက်ဆစ်စနစ်သည် ဗုန်းဗုန်းကျဆုံးနေလေပြီ။ ဗမာပြည်မြေပြန့်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး လှုပ်ရှားမှုကြီးသည် အစွမ်းကုန် ညီညွတ်တောင့်တင်းနေပေသည်။ တောင်တန်းဒေသတရိုးတွင်လည်း နိုးကြားမှုသည် အရှိန်အဟုန်ရနေပေပြီ။ ဤအခြေအနေတွင် ပင်လုံညီလာခံကျင်းပကာ တောင်တန်းသားခေါင်းဆောင် တို့၏ သဘောထားကို ထုတ်ဖော်စေသောအခါ ‘ရှမ်း၊ ချင်း၊ ကချင် အစရှိသော ငါတို့ တောင်တန်းဒေသသားတို့သည် မြေပြန့်ဗမာတို့နှင့်အတူ ပူပေါင်းလက်တွဲ၍ လုံးဝလွတ်လပ်ရေးကို အရယူကြမည်’ ဟု တခဲနက်သော အသံကြီးထွက်ပေါ်လာခဲ့လေသည်။ ဤကိစ္စတွင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် တောင်တန်းဒေသခေါင်းဆောင်များ၏ မမှိတ်မသုန်သော၊ မတုန်မလှုပ်သော ယုံကြည်မှုသည်လည်း အဓိက အချက်တရပ်အနေဖြင့် ပါဝင်နေသည်ကို မမေ့အပ်ပေ။ ဤသို့ ပင်လုံညီလာခံကြီးသည် နယ်ချဲ့သမားတို့၏ နှစ်ပေါင်းရာနှင့်ချီ၍ တည်ဆောက်ခဲ့သော သွေးခွဲရေး စနစ်ကြီးကို တအားကုန် ရိုက်ချိုးနိုင်ခဲ့ပေသည်။
ယင်းကဲ့သို့ နယ်ချဲ့တို့၏ ‘သွေးခွဲ၍ အုပ်ချုပ်မှု’ကြီးကို ပင်လုံတွင် ရိုက်ချိုးနိုင်ခဲ့သဖြင့် ၁၉၄၇-ခုနှစ်တွင် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်များ ပါဝင်သော တိုင်းပြည်ပြုလွှတ်တော်ကြီးကို ကျင်းပနိုင်ခဲ့လေသည်။ ထိုလွှတ်တော်ကြီးတွင် တိုင်းရင်းသားအများစုက သဘောတူညီရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ပြဋ္ဌာန်းနိုင်ခဲ့လေသည်။ ထို့နောက် ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် လုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့် ယနေ့ယခုအခါတွင် ကျွန်ုပ်တို့သည် လွတ်လပ်သော လူမျိုးတမျိုးအဖြစ်ဖြင့် ကမ္ဘာ့နိုင်ငံများအလယ်တွင် ထည်ဝါခံ့ညားဝင့်ကြွားစွာ နေထိုင်နိုင်ကြခြင်း ဖြစ်ပေသည်။ ပြည်ထောင်စု တိုင်းရင်းသား အပေါင်းတို့၏ သူတူညီမျှ ကောင်းကျိုးကို ရည်စူးရှေးရှုလျက် ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးကို ဗမာ့နည်း ဗမာ့ဟန်ဖြင့် တည်ဆောက်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ပင်လုံ၏ ကျေးဇူးကား ကြီးမားပေစွ။
ဤပင်လုံ၏ ကျေးဇူးကြီးမားပုံကို ပိုမိုထင်ရှားဝေရန် ဤအတိုင်း အပြန်အလှန်ဆင်ခြင်ကြည့်သင့်ကြပေသည်။ လွန်ခဲ့သည့် ၁၉နှစ်က ဆီးနှင်းတွေ တဖြိုက်ဖြိုက်နှင့် မေးခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ဖေဖော်ဝါရီလတွင် မထင်ရှားလှသော ရှမ်းရွာငယ်လေး တရွာ၏ လေတဟူးဟူးတိုက်နေသော လယ်ကွင်းပြင် ရိုးပြတ်တွေကြားထဲ၌ ရှမ်းစော်ဘွားများ၊ ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီးများ မတွေ့ဆုံ မဆွေးနွေးခဲ့ကြပါမူ… တွေ့ဆုံဆွေးနွေးခဲ့ကြလင့်ကစား မညီညွတ်ခဲ့ကြ။ သဘောမတူညီကြပါမူ…ထို ၁၉၄၇-ခုနှစ် နောက်ပိုင်းတွင် တိုင်းပြည်ပြုလွှတ်တော်ကြီကို ကျင်းပနိုင်ခဲ့မည် မဟုတ်ပေ။
အကယ်၍ ထိုတိုင်းပြည်ပြုလွှတ်တော်ကြီးကို မကျင်းပနိုင်ခဲ့၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အများသဘောတူရေးဆွဲ ပြဋ္ဌာန်းခြင်း မပြုနိုင်ခဲ့ပါလျှင် အောင်ဆန်း-အက်တလီစာချုပ်အရ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ကြမည် မဟုတ်ပေ။
နိုင်ငံလွတ်လပ်ရေးပင် မရှိသေးသော လူမျိုး တမျိုးအဖို့ ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ဆိုသည်ကား အိပ်မက်ပင် မမက်ကောင်းသော ကိစ္စဖြစ်ပေသည်။ ပင်လုံ၏ ကျေးဇူးကား ကြီးမားလှပေစွတကား။
ထို့ကြောင့် ကျွန်ုပ်တို့ ပြည်ထောင်စု ဗမာနိုင်ငံသား တိုင်းရင်းသားအားလုံးသည် ‘ပင်လုံ စိတ်ဓာတ်’ ကို အပြည့်အ၀ ဆက်လက်ထိန်းသိမ်းတိုးမြှင့်သွားကြကာ ပြည်ထောင်စုကြီး ထာဝရတည်မြဲရေး၊ လွတ်လပ်ရေး အဓွန့်ရှည်စွာ တည်တံ့ရေး၊ ဆိုရှယ်လစ် လူ့ဘောင်သစ် ထူထောင်မှု အောင်မြင်ရေးတို့အတွက် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ညီညွတ် စည်းလုံးရေးကို အစွမ်းကုန် ဆက်လက်တည်ဆေက်သွားကြပါစို့။

ငွေတာရီမဂ္ဂဇင်း၊ အမှတ် - ၉၂ (ဖေဖော်ဝါရီ - ၁၉၆၈)

မှတ်ချက် - ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁)၊ အမှတ် - ၃၁ (၁၀၊ ဖေဖော်ဝါရီ၊ ၂၀၁၁) မှ….

Tuesday, February 1, 2011

ညီမလေးဖတ်ဖို့ (၁)



ညီမလေးရေ...
ဒို့ညီအစ်မနှစ်ယောက်က အသက်ဆယ့်တစ်နှစ်ကွာတယ်ဆိုပေမယ့် ညီအစ်မလိုကော သူငယ်ချင်းလိုပါ ပေါင်းမိခဲ့ကြတယ်နော်။ ခဏခဏ စ တတ်တဲ့ မမကြီးကြောင့် ညီမလေးက တခါတခါပြုံးရယ်တယ်။ တခါတရံလည်း စိတ်ကောက်တတ်တယ်နော်။ မမကြီးကတော့လေ... ညီမလေး မမကြီးအပေါ်မှာ အကြီးဆိုပြီး ကြောက်ရွံ့ရတာမျိုး မလိုချင်ဘူး။ ချစ်ခင်အားကိုးတဲ့ စိတ်ပဲရှိစေချင်တယ်။  မမကြီးနဲ့ အနေဝေးပေမယ့် ညီမလေးအကြောင်းရှိတဲ့အခါ ဖုန်းဆက်ပြီး တိုင်ပင်တတ်တဲ့ ညီမလေးကြောင့် ပြောမပြတတ်အောင် ၀မ်းသာရတယ်။ မမကြီး အိမ်ပြန်လာရင် ညီမလေးက 'မမကြီးကို ပြောစရာရှိသေးတယ်' လို့ပြောတိုင်း အနေဝေးပေမယ့် နွေးထွေးတဲ့ သံယောဇဉ်ကို ခံစားမိတယ်။ ခုဆို ညီမလေးက အသက် ၁၃ နှစ်ရှိပြီ။ သတ္တမတန်းတောင် ရောက်နေပြီနော်။ တခါတလေ အိမ်ပြန်ရင် ညီမလေးကိုကြည့်ရတာ ပင်ပန်းလိုက်တာ။ မနက်ဆို ငါးနာရီခွဲ အိပ်ယာထ။ ပြီးရင် အိမ်ရဲ့ဟိုဖက်တလမ်းကျော်မှာရှိတဲ့ ကျူရှင်အိမ်ကိုပြေး။ ကျူရှင်ကနေ ကျောင်းကိုတန်းသွား။ ညနေ သုံးနာရီ ကျောင်းကလွှတ်တော့ အိမ်ရောက်ပြီး ရေချိုး၊ ထမင်းစား၊ စာကျက်။ ညနေငါးနာရီခွဲတော့ ကျူရှင်ပြန်သွားရပြီး ညကိုးနာရီလောက်မှ အိမ်ကိုပြန်ရောက်တဲ့ ညီမလေးကိုကြည့်ပြီး ညီမလေးပင်ပန်းမှာပဲဆိုတဲ့ အတွေးနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ကစားချိန်လည်းမရှိတဲ့ ညီမလေး။ စက်ရုပ်လေးနဲ့ တူနေတဲ့ ညီမလေးကိုကြည့်ပြီး မမကြီး တခုတွေးမိတယ်။ အချိန်ကုန် လူပန်းဖြစ်ရသလောက် ညီမျှတဲ့ ပညာကို မရမှာစိုးမိတယ်ကွယ်။ ဒါကြောင့် ညီမလေး စာကြိုးစားပါ။ စာကို ၏ သည်မရွေး ကျက်ဖို့မလိုပါဘူး ညီမလေးရယ်။ ညီမလေးသင်ရတဲ့ ပညာကို စဉ်းစားတွေးခေါ် မြော်မြင်တတ်ဖို့ ဗဟုသုတတိုးပွားဖို့ပဲ နှလုံးသွင်းထားပါ။ စာတပုဒ်ကို နှုတ်တိုက်ရွတ် အာဂုံဆောင် ကျက်တဲ့အကျင့်တွေ ညီမလေးဆီမှာ မရှိပါစေနဲ့ကွယ်။ မမကြီးတို့ငယ်ငယ်ကလည်း စာတပုဒ်ကို ပါးစပ်ကနေ အဆက်မပြတ်ရွတ် မထစ်အငေါ့ မရှိရနေရင်ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီမှတ်နေခဲ့တယ်။ ဒါပေမယ့် ညီမလေးရယ်... အဲဒီလိုမှတ်နေခဲ့တာဟာ နည်းစနစ်အမှားကြီးဆိုတာ အချိန်နှောင်းမှ သိခဲ့ရတယ်လေ။ ဒါကြောင့် ညီမလေးကိုလည်း မမကြီးလို မဖြစ်စေချင်ဘူးလေ။ ပြီးတော့ ကျောင်းပိတ်ရက် အားလပ်ချိန်လေးတွေမှာ ပြင်ပစာပေတွေလည်း ဖတ်ဖြစ်အောင်ဖတ်ပါ။ ကာတွန်းစာအုပ်ပဲဖြစ်ဖြစ် ဂျာနယ် မဂ္ဂဇင်းပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် မမကြီးအခန်းထဲမှာရှိတဲ့ မမကြီးရဲ့ စာအုပ်တွေကို ယူဖတ်ပေါ့။ စာအုပ်အားလုံးကို ညီမလေး စိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ဒါပေမယ့် ညီမလေးဖတ်ချင်စိတ်ရှိမယ့် စာအုပ်တော့ တွေ့မှာပါ။ 
ညီမလေး ခြောက်တန်းတုန်းက မမကြီးအိမ်ပြန်လာတော့ စာစီစာကုံး မမကြီးကို ရေးခိုင်းတယ်လေ။ မရေးတတ်လို့ဆိုပြီး။ မှတ်မိသေးလား။  ညီမလေးရေးခိုင်းတော့ မမကြီးကအကြောင်းအရာတွေ ပြောပြခဲ့တယ်လေ။ ညီမလေး ဘာသာရေးဖို့။ နောက်ပိုင်းတော့ ညီမလေး တိုးတက်လာတယ်ပြောရမယ်။ စာစီစာကုံးကို ကိုယ်တိုင်ရေးတတ်လာတယ်လေ။ တနေ့ မမကြီးအိမ်ပြန်လာတော့ ညီမလေးကိုယ်တိုင်ရေးထားတာလို့ ပြောတဲ့ စာစီစာကုံးဖတ်ကြည့်လိုက်တော့  'ငါ့ ညီမလေးက တယ်တော်ပါလား'လို့ မမကြီး ချီးကျူးမိတယ်လေ။ တချို့တွေ စာစီစာကုံးကို ဆရာမတွေပြောတဲ့ ခေါင်းစဉ်သုံးခုလောက်ကို စာစီစာကုံးစာအုပ်တွေထဲကကြည့်ပြီး ကျက်တဲ့သူတွေ မမကြီး တွေ့ဖူးခဲ့တယ်။ မမကြီးကတော့ အဲသလို တခါမှ မလုပ်ခဲ့ဖူးဘူး။ ခေါင်းစဉ်တခုကို စာစီပြီးရေးဖို့ဆိုတာ စာလုံးတွေ အကြောင်းအရာတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေရင် မခက်ခဲပါဘူး ညီမလေးရယ်။ တကယ်တော့ ပြင်ပစာပေတွေကို ညီမလေး ကို ဖတ်ခိုင်းရတာက ညီမလေးဖတ်ခဲ့တဲ့ စာတွေထဲက ဗဟုသုတ ရစရာတွေ အတုယူသင့်တာယူပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ရမှာပေါ့။ လွန်ခဲ့တဲ့ သုံးလလောက်က မမကြီး အိမ်မှာ အတော်ကြာကြာနေဖြစ်ခဲ့တယ်။ ဒီတော့ ညီမလေးကိုလည်း ဘယ်စာအုပ်ကိုဖတ်... အဲဒီစာအုပ်ကတော့ ညီမလေးဖတ်ဖို့သင့်တယ်လို့ ပြောပြခဲ့တယ်နော်။ ဆရာမောင်သာချိုရဲ့ 'သမီးဖတ်ဖို့' စာအုပ်လေးကိုလည်း ညီမလေးအားရင် ဖတ်နော်လို့ မမကြီးပြောခဲ့တယ်။ တကယ်တော့ မမကြီးလည်း အဲဒီစာအုပ်လေးကို ဖတ်ဖြစ်တာက မမကြီးလေးစားရတဲ့ သူတယောက်က မမကြီးကို ဖတ်ဖို့ညွှန်းခဲ့လို့လေ။ သူ့ကျေးဇူးကြောင့် အဲဒီစာအုပ်လေးကို မမကြီးဖတ်ဖြစ်တယ်။ သိပ်ကောင်းတဲ့ စာအုပ်လေးပါပဲ။ ဒါကြောင့် ညီမလေးကိုလည်း ဖြည်းဖြည်းချင်းဖတ်ဖို့ ပြောပြောနေတာပေါ့။ ညီမလေးကတော့ 'အင်း' လို့ပြောပြီး ဖတ်တာလည်း မမကြီး မတွေ့ခဲ့ဘူး။ ဒီလိုနဲ့ တနေ့တော့ MRTV-4 က ထုတ်လွှင့်တဲ့ ဆရာမောင်သာချိုနဲ့ တွေ့ဆုံခြင်း အစီအစဉ်ကို မမကြီးကြည့်နေတော့ ညီမလေးပါ အတူကြည့်ခဲ့ပြီးနောက်တော့။



ဆက်လက်ဖက်ရှုပါရန်....

 Image and video hosting by TinyPic

Sunday, January 30, 2011

ဥသြ (မင်းသုဝဏ်)


ဝေလီဝေလင်း အချိန်။
          အုန်းတောကြီး အထဲမှ တွန်မြည်လိုက်သော ဥသြသံကလေးသည် မနိုးတ၀က် နိုးတ၀က်နှင့် မှိန်းစက်နေသော ရွာကလေး၏ နားသေတအားငြိမ့်စေလေ၏။ အနက်မထင်သော အသံဖြစ်၍ ငြိမ့်စေခြင်းထက် ပိုမိုမစွမ်းဆောင်နိုင်ချေ။ ဥသြသံကလေး ရပ်စဲသွားသည်နှင့် တပြိုင်နက် ရွာထိပ်ဆီမှ ပေါ်ပေါက်လာသော တေးသံသည်ကား ရွာကလေး၏ နားသောတကို ငြိမ့်စေရုံမျှမက စိတ်နှလုံးကိုလည်း စိမ့်စေလေ၏။ လွမ်းသော ဆွေးသော အောက်မေ့တသသော အဓိပ္ပာယ်တို့ စုဝေးရာ တေးသံတေးသားဖြစ်လေသည်။ ဤတေးသံကလေးကို ကြားရသောခဏ၌ မှိန်းနေသော ရွာကလေးကို လူးလွန့်လာသည်ဟု ထင်မိတော့၏။ တေးပိုင်ရှင်သည် ဟိုဟိုဘ၀များက ခွဲခွာခဲ့ရသော ချစ်သူအား ရော်ရမ်းတမ်းတလျက် အားရပါးရ သီဆိုလိုက်လေရော့လားဟု ကြားရသူတို့၏ စိတ်တွင် ထင်မိလေတော့၏။ တရွာလုံးက ဂရုစိုက် နားစွင့်နေသော်လည်း တေးပိုင်ရှင်သည် မည်သူ့ကိုမျှ သတိထားမိပုံ မရ။ ဆက်လက် သီဆိုသွား၍ ရွာလယ်ရပ် ၅ရက် ဈေးကလေးဆီကျမှ အရပ် ၉ မျက်နှာတွင် ပျံ့နှံ့နေသော မိမိ၏ တေးသံကို ရပ်ဆိုင်းလိုက်လေ၏။
          ဈေးနေ့ နံနက်တိုင်း ဤတေးသံကို ကြားရသည်မှာ ယခုအကြိမ်ပါနှင့် သုံးကြိမ်ရှိလေပြီ။ တေးပိုင်ရှင်ကား အခြားမဟုတ်၊ ရွာအရှေ့နွားတထွန်လောက်တွင်ရှိသော ဇီးပင်ကုန်း၌ ဥယျာဉ်လုပ်ကိုင်စားသောက်နေသော ဘိုးသာလှ၊ အဘွားအေးတို့၏ သွားအထွေး ကုန်စိမ်းသည် မောင်လှဖြစ်လေသည်။ မောင်လှသည် အခြားရွာသားများကဲ့သို့ ထွားကျိုင်းသန်မာသည်မဟုတ်။ မွေးကတည်းက ချုချာလာသည်ဖြစ်၍ လယ်အလုပ်ကို မလုပ်နိုင်။ မိဘများနှင့်အတူ တ၀မ်းတခါး ၀ရုံလှရုံ လုပ်ကိုင်စားသောက်နေရလေ၏။ ခါတိုင်းလည်း ဈေးနေ့အခါများတွင် ရွာသို့ တက်လာဖူး၏။ သို့သော် ဥသြကလေး စ၍ တွန်မြည်သော နေ့တွင်ကဲ့သို့ တခါဖူးမျှ စိတ်နှလုံး မကြည်နူးမိ။ ပထမဆုံး ကြားရသော နံနက်က ဥသြသံကလေးကို နားစိုက်ထောင်မိရင်းနှင့် ရွာထိပ်ကို ရောက်လာ၍ ဥသြသံရပ်သည်နှင့် တပြိုင်နက် မိမိ နှလုံးတွင်းမှ လွမ်းဆွတ်တသသော တေးသံသည် တိုးဝှေ့ထွက်ပေါ်လာလေ၏။ မိမိတေးသံ မရပ်မချင်း လောကကြီးကို သတိမေ့၏။ တေးသံတွင် မိမိ၏ စိတ်သည် ရောနှောလွင့်ပါသွားလေ၏။ တေးဆုံးသွားသော အခါကျမှ သတိရလာ၍ ငါဘာကြောင့် ဆိုမိပါလိမ့်ဟု တွေးတောမိ၏။ မည်သူ့ကို လွမ်းဆွတ်သလဲ၊ မိမိအထက် ပုခတ်တွင်းတွင် ဆုံးသွားသော အစ်ကိုကို လွမ်းဆွတ်၍လား၊ သို့တည်းမဟုတ် တောင်ဘက်တဲက မြထွေးကို လွမ်းဆွတ်၍လား။ ဤသူတို့ လွမ်းဆွတ်၍ မဟုတ်။ ဥသြသံကလေးကို ကြားလျှင် အလိုလိုလွမ်းဆွတ်လာ၍ မမြင်ဖူး မကြားဖူးသော တစုံတယောက်သော သူကို တမ်းတမိသဖြင့် သီဆိုမိခြင်း ဖြစ်လေသည်။ ဤတစုံတယောက်သော သူကား မည်သူနည်း။ ရွာထဲတွင် မိန်းကလေးများကို တွေ့မြင်သော အခါတိုင်း အသင်တမ်းတ လွမ်းဆွတ်နေသူသည် ဤသူလား၊ ထိုသူလောဟု မိမိစိတ်အား မေးမြန်သောအခါတိုင်း ခေါင်းခါသည်ကို တွေ့ရလေ၊ ငါရူးများနေလေသလားဟု ထင်မိလေတော့၏။ ဥသြသံကလေးကို ကြားရပြီးလျှင် ဤလွမ်းဆွတ်တသသော တေးကို မဆိုဘဲ မနေနိုင်။
          မောင်လှ၏ တေးသံကို ဂရုစိုက် နားထောင်သူတို့တွင် ရွာသူကြီးသမီး စိန်သန်းသည် ထူးခြား၏။ ဥသြသံကိုကြားလျှင် မောင်လှသည် လွမ်းဆွတ်တမိသကဲ့သို့ မောင်လှ၏ တေးသံကို ကြားလျှင် စိန်သန်းသည် မဖြစ်စဖူး ထူးကဲစွာ လွမ်းဆွတ်တသ မိလေ၏။ တေးပိုင်ရှင့် အပေါ်တွင် ကရုဏာရေအယဉ်ကို တသွင်သွင် သွန်းလောင်းမိလေ၏။ တေးပိုင်ရှင်၏ အလိုဆန္ဒ တောင့်တရာတို့ကို ဖြည့်စွမ်းပေးချင်သော စိတ်များ တဖွားဖွားပေါ်လေ၏။
          တေးသံကို စတုတ္ထအကြိမ် ကြားရသော ဈေးနေ့နံနက် ဝေလီဝေလင်းတွင်ကား စိန်သန်းသည် ဆွမ်းချက်နေရာ မီးဖိုခန်းတွင် ငြိမ်၍ မနေနိုင်တော့။ ရွာထိပ်ဆီမှ တေးသံကို ကြားရလျှင်ပင် စိန်သန်းသည် အိမ်ရှေ့သပြေပင်ရိပ်သို့ ထွက်လာ၍ တေးပိုင်ရှင်အား စောင့်မျှော်လေ၏။ မောင်လှ သပြေပင်အနီးသို့ ရောက်သည်နှင့် တပြိုင်နက် စိန်သန်းသည် ‘တေးသည် တေးသည်’ ဟု လွှတ်ခနဲ ခေါ်မိလေ၏။ ခေါ်ရင်းက ‘ဈေးသည်’ ဖြစ်သော်လည်း အသံထွက်သွားသည်က ‘တေးသည်’ ဖြစ်နေ၍ ရှက်အမ်းအမ်းဖြစ်သွား၏။ မောင်လှသည်လည်း အသံကြားရာသို့ လှည့်လိုက်၍ အရှက်နှင့် အကြောက် ရောလျက် မောဟိုက် ဖိုလှိုက်နေသော စိန်သန်းကို မြင်ရသောအခါ အသည်းတွင်းဝယ် အေး၍ သွားလေ၏။ ၀မ်းနည်းသလို ၀မ်းသာသလို ဖြစ်မိ၏။ ကာလရှည်စွာ ကွဲကွာနေသော ချစ်သူအား ပြန်တွေ့နေရသလိုလို ထင်မိ၏။ မိမိ၏ ရင်ကို ဖွင့်ကာ အသည်းတွင်းက အလွမ်းအဆွေးတို့ကို ထုတ်၍ ပြလိုက်ချင်သောစိတ် ပေါ်လာ၏။ သို့သော ထူပူနေသော စိန်သန်းက ပြောမိပြောရာ ဘာမှန်းမသိ ပြော၍ ဟင်းရွက်တစည်း ယူလျက် ပိုက်ဆံပေးလိုက်သောအခါ မောင်လှသည်လည်း ထူထူပူပူနှင့်ပင် လှမ်းယူ၍ ထွက်မှန်းမသိ ထွက်လာခဲ့လေ၏။ ဈေးသို့ ရောက်သောအခါ အစဉ်မပြတ်သော အတွေး တမျှော်တခေါ်ကြီးကို တွေးလေ၏။ မိမိသည် ဤရွာနီးချုပ်စပ်ရှိ မိန်းကလေးအားလုံးလောက်ကိုပင် တွေ့ဖူး၏။ မည်သူ့ကို တွေ့ရတွေ့ရ မိမိစိတ်သည် မလှုပ်ရှားခဲ့။ ဤရွာသူကြီးသမီးကို တွေ့သောအခါကျမှ အဘယ်ကြောင့် ၀မ်းနည်းသလိုလို ၀မ်းသာသလိုလို ဖြစ်ရပါသနည်း။ မပြောတတ်အောင် ဖြစ်ရ၏။ ယခုအကြိမ်သည် ပထမ တွေ့ရခြင်းပင်ဖြစ်သော်လည်း အလွန် အကျွမ်းဝင်ချစ်ခင်သော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသကဲ့သို့ ထင်မိလေ၏။ တေးဆို လိုသောစိတ်၏ အကြောင်းရင်းကို ယခုပင် တွေ့ရသည်ဟု ထင်၏။ ယခုပင် တေးဆိုရကျိုး နပ်သည်ဟု အောက်မေ့၏။ ဤသို့ ထူးဆန်းစွာ ဖြစ်ပေါ်လာသော စိတ်ကို အချစ်စိတ်ပေလားဟု မိမိဘာသာ မေးမိလေ၏။
          စိန်သန်း၏ စိတ်တွင်လည်း မောင်လှ၏ တေးသံကို ကြားဦးစကပင် အလွန်ခင်မင် ကျွမ်းဝင်နေသော သူတယောက်ဟု အမှတ်ပြုမိလေ၏။ ဤသူသည် တစုံတခုကို လိုချင်နေဟန် တူ၏။ ဤသူ၏ အလိုကို ငါသည် ဖြည့်အံ့ဟု ကြံ၍ များစွာ ပျော်ရွှင်လေ၏။ ဈေးနေ့ကို မျှော်မှန်းလျက် ရက်ရေနေလေ၏။
          နောက်ဈေးနေ့ ဝေလီဝေလင်း။ ဥသြသံ ရပ်သွားလျှင် မောင်လှ၏ တေးသံကို ကြားရပြန်၏။ စိန်သန်းသည် သပြေပင်အောက်က စောင့်နေပြန်၏။ မောင်လှတောင့်တနေသော ဆန္ဒမေးအံဟု ကြံ၍ ပျော်ရွှင်နေ၏။
          ခဏမျှကြာလျှင် မောင်လှသည် သပြေပင်အနီးသို့ ရောက်လာ၏။ စိန်သန်းကို တွေ့ရနိုးနှင့် ကြည့်မိ၏။ မျှော်နေသော စိန်သန်းနှင့် အခန့်သင့်တွေ့ရသောအခါ အံ့သြမိ၏။ ကံကောင်းလေစွဟု ထင်မိ၏။ စိန်သန်းသည် ဟင်းရွက်တစည်းကို ၀ယ်ပြီးနောက် ဘယ်စကားက ဘယ်သို့ဆက်သွားသည်မသိ။ ‘ရှင် တေးဆိုတာ အင်မတန် လွမ်းစရာကောင်းတယ်။ ဘယ်သူ့ကို လွမ်းလို့ဆိုတာလဲ။ ကျမ မသိရဘူးလား။ လွမ်းတဲ့သူရှိရင် ကျမပြောပေးပါ့မယ်’ ဟု ရဲရဲတင်းတင်း မိတ်ဆွေချင်း ပြောသကဲ့သို့ ပြောလေသည်။ မောင်လှမှာ အဖြေရခက်လှ၏။ ဦးနှောက်တွေ ဗရပွေရှုပ်၍ သွားလေ၏။ နောက်ဆုံး၌ အကြံမရ၍ ‘အလကားပါဗျာ’ ဟု ပြောလျက် ထွက်ခဲ့လေ၏။ ဈေးချိန်ကုန်၍ အိမ်သို့ ပြန်ရောက်သော်လည်း ဘယ်သို့ဖြေရပါမည်နည်းဟု တွေး၍ မရ။ ငါးရက်ကုန်၍ ဈေးနေ့သို့ ရောက်သောအခါတိုင်အောင်လည်း အကြံမရသေး။ သို့နှင့် နံနက်ဝေလီဝေလင်း ဟင်းရွက်တွေ ထမ်းလာရာ ရွာထိပ်သို့ ရောက်၍ ဥသြသံစလျှင် ဆိုမြဲတေးကို ဆိုမိလေ၏။ သပြေပင်အနီးသို့ ရောက်သောအခါ တေးရော ခြေလှမ်းပါ အလိုလိုရပ်သွား၏။ စိန်သန်းထွက်လာ၍ ယခင်မေးခွန်းကို မေးပြန်၏။ ၅ ရက်တိတိ တွေး၍မှ မထွက်လာသော အဖြေသည် ယခုမှ ဘယ်ချောင်မှ ထွက်ပေါ်လာသည် မသိ။ အောက်ပါ အတိုင်း ထွက်ပေါ်လာလေ၏။
          ‘ဟုတ်ကဲ့၊ အစကတော့ ဥသြသံကလေးကို ကြားရင် အလိုလိုလွမ်းလာတာပဲ။ ဘာလွမ်းတယ်ရယ်လိုလည်း မသိပါဘူး။ လွမ်းတာနဲ့ ဒီတေးကို ဆိုမိတာပဲ။ ဆိုပေမဲ့လည်း အလွမ်းမပြေပါဘူး။ အခုတော့ဖြင့် ဥသြသံကြားရလို့ ဘယ်လောက်ပဲလွမ်းလွမ်း၊ ဒီသပြေပင်အောက် ရောက်လို့ မင်းနဲ့တွေ့ရင် အလွမ်းတွေ အကုန်ပျောက်တာပဲ။ ၀မ်းသာသလို ၀မ်းနည်းသလိုလည်းဖြစ်တယ်။ ဒီတော့ ကျုပ် လွမ်းတာဟာ မင်းကိုပဲပေါ့’ ဟု ပြောလိုက်သော အချိန်ကစ၍ စိန်သန်းနှင့် မောင်လှတို့သည် ချစ်သူဘ၀သို့ ပြောင်းလဲသွားကြလေ၏။
          ထိုနေ့မှစ၍ မောင်လှသည် စိန်သန်းတို့၏ အဆွေအမျိုးသတင်းကို နာလေ၏။ မေးသင့်သည်ကို မေးကြည်၏။ စိန်သန်း၏ ဖခင်သည် ရွာသူကြီး၊ မြေပိုင်ရှင်။ ဘထွေးမှာ မြို့ပေါ်က ပွဲစားကြီးတဦးဖြစ်၏။ အစ်ကိုများကား ကိုယ့်ကျွဲ၊ ကိုယ့်နွား ကိုယ့်လယ် ကိုယ့်ယာနှင့် လူကုံထံများဖြစ်၏။ စိန်သန်း၏ မိခင်မှာ မြို့ပေါ်က ဘုရားတကာကြီး ဦးကံရေး၏ သမီးတည်း။ အမျိုးအနွယ် ကြီးကျယ်လေစွ။ မထင်ရှားသော မိမိ၏ အညတရ အမျိုးနှင့်ကား ကွာခြားချင်တိုင်း ကွာခြားလေ၏။ စိန်သန်းသည် မိမိနှင့် မတန်။ ကြေးရတတ် သားများနှင့်သာ တန်၏။ စိန်သန်းကို မိမိချစ်သည်ကား ချစ်ရာမရောက်။ နှစ်ရာ ရောက်နေ၏။ မိမိသည် တကိုယ်ကောင်း နိုင်လေစွ။ စိန်သန်း မိမိကို ယူလျှင် ဆင်းရဲရမည်။ မိဘဆွေမျိုးတို့နှင့် သဘောကွဲ၍ ၀မ်းနည်းရတော့မည်။ မိမိသည် စိန်သန်းပျော်ရွှင်သည်ကိုသာ မြင်လို၏။ ဆင်းရဲလျှင် စိန်သန်း ပျော်ရွှင်နိုင်အံ့လော။ မိဘတို့နှင့် သေခန်းပြတ်နေလျှင် စိန်သန်းပျော်နိုင်အံ့လော။ ပျော်နိုင်မည် မဟုတ်။ သို့ဖြစ်က မိမိသည်  စိန်သန်းကို လက်လွှတ်ရမည်ဖြစ်၏။ လွှတ်အံ့။ စိန်သန်း ပျော်ရွှင်သည်သာ လိုရင်း။ ပထမ အစ၌ စိန်သန်း ၀မ်းနည်းကြေကွဲရမည်မှာ မုချ။ သို့သော် မတွေ့ရတာ ကြာလျှင် မေ့သွားမည် ဖြစ်၏။ အချိန်ကာလတည်းဟူသော ဆေးသမားသည် စိန်သန်း၏ ကြေကွဲဝမ်းနည်းသော အသည်းနာကို ဆေးကုပေးအံ့။ အသည်းနာသည် အသည်းကောင်း ပြန်ဖြစ်လာသောအခါ စိန်သန်း တသက်လုံး ပျော်ရတော့မည်။ ဤသို့ဖြစ်သောကြောင့် မိမိသည် စိန်သန်းကို လက်လွှတ်အံ့ဟု စိတ်သန္နိဋ္ဌာန် ချလိုက်လေ၏။
          ဈေးနေ့သို့ ရောက်သောအခါ မောင်လှသည် ဟင်းသီးဟင်းရွက်တို့ကို ထမ်း၍ ထွက်လာ၏။ ရွာထိပ်တွင် ဥသြသံကလေးကို နားစိုက်၍ ထောင်မိ၏။ ဥသြသံ စဲလျှင် ခါတိုင်း သီဆိုနေကျ တေးသံသည် နှလုံးတွင်းမှ ထွက်လာ၏။ မောင်လှက ဆီး၍ တားမြစ်လေသောကြောင့် အပြင်သို့ မရောက်မီ ပျောက်ကွယ်သွားလေ၏။ ခြေထောက်တို့သည်လည်း ရွာတွင်းသို့ ၀င်အံ့ဟု ပြင်ကြ၏။ မောင်လှက ‘အသင်တို့သည် ယနေ့မှစ၍ ဤလမ်းကို မသွားရ။ ရွာအပြင် ကိုင်းတောကို ဖြတ်၍သာ သွားရမည်’ ဟု အမိန့်ပေးလေသောကြောင့် ကိုင်းတောကို ဖြတ်၍ သွားရလေ၏။ မောင်လှ၏ နှလုံးသားသည် ထွက်ခွင့်မရသော တေးဖြင့် ကြွေးကျမတတ် နာကျင်လေ၏။ မျက်စိတို့သည် မျက်ရည်ဖြင့် ပြည့်လျှမ်းလျက်။ လမ်းကိုမျှ ကောင်းကောင်း မမြင်ကြကုန်။ ထိုအခါ မောင်လှသည် စိန်သန်းကို မေ့လိုက် မေ့လိုက်ဟု မိမိကိုယ်ကို ဆုံးမရလေ၏။ ဈေးရောင်းရာတွင်လည်း ဆုံးမလျက်။ အိမ်ပြန်ရောက်သောအခါလည်း ဆုံးမလျက်။ မေ့ပစ်လိုက်ဖို့ ဆုံးမလေ သတိရလေ အောက်မေ့လွမ်းဆွတ်လေဖြစ်၏။
          သပြေပင်ရိပ်မှ စောင့်မျှော်နေသော စိန်သန်းမှာလည်း အချိန်တော်၍ မောင်လှ၏ တေးသံကို မကြားရလျှင် စိုးရိမ်မိ၏။ အချိန်လွန်၍ မောင်လှကို မမြင်ရသော အခါကား ကြိတ်၍ ငိုလေတော့၏။ ဈေးရက်ရောက်၍ ဥသြသံကလေးကို ကြားရတိုင်း မပေါ်လာသော မောင်လှကို မျှော်မှန်း တမ်းတလျက် လွမ်းဆွေးလေတော့၏။ သို့ဖြင့် မိုးဦးရောက်၍ မိုးသံ လေသံတို့ အကြားတွင် ဥသြသံကလေး ပျောက်သွားသည့် တိုင်အောင်လည်း မောင်လှကို အရိပ်အယောင်မျှ မမြင်ရလေ။
          ယခုလည်း နွေဦးပေါက်လာပြန်လေပြီ။ ဥသြကလေးလည်း မြည်ပြန်လေပြီ။ အပင်တိုင်း၌ သစ်ကိုင်းကျိုးကျဲနှင့် ဆင်းရဲကြီးလေစွ။ သို့သော် ဤသို့မှ ရွက်ဟောင်း မကြွေလျှင် ရွက်သစ် မဝေနိုင်တော့ပြီ။ အမောင်သစ်ပင်တို့၊ ရွက်ဟောင်းကို မခင်တွယ်လေနှင့်၊ စွန့်လော့။ အို မစိန်သန်း၊ မောင်လှကို မခင်တွယ်လေနှင့်၊ စွန့်လော့။ သို့မှသာလျှင် သစ်ပင်တို့သည် ရွက်သစ်ရွက်ဦးကလေးတွေ ဝေေ၀ဆာဆာနှင့် ရွှင်မြူးပျော်ပါးနိုင်သကဲ့သို့ အသင်သည်လည်း ပျော်ပါးနိုင်တော့အံ့တည်း။

မင်းသုဝဏ်
[တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ဇန်န၀ါရီ+ဖေဖော်ဝါရီ ၁၉၃၃]

မှတ်ချက် - မင်းသုဝဏ် ၀တ္တုတိုများ စာအုပ်မှ…

Thursday, January 27, 2011

ပျော်သလို နေတတ်ဖို့...


အခုတလော အားလပ်တဲ့အချိန်တိုင်း မရိုးနိုင်အောင် နားထောင်နေမိတဲ့ သီချင်းက ခိုင်ထူးရဲ့ ‘သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်’ ဆိုတဲ့ သီချင်း။ ထပ်ခါတလဲလဲ အဲဒီသီချင်းကို repeat လုပ်ပြီး နားထောင်နေမိတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမှန်းမသိ။ တကယ်တော့ အဲဒီသီချင်းထဲကလိုပဲ ကျနော်ကိုယ်တိုင်က အစွဲအလမ်းကြီးလွန်းတယ်။ ကြံဖန်ပြီးလည်း ပျော်သလို မနေတတ်ခဲ့တော့…။  
စွန့်လွှတ်လိုက်….ဆိုတော့လည်း ကျနော့်ဘ၀ရဲ့ ဘယ်အရာတွေကို စွန့်လွှတ်ရပါ့မလဲ။ အင်း…အတွေးထဲကနေ တခုချင်းစီကို စွန့်လွှတ်ကြည့်နေမိရဲ့။ နောက်ဆုံးတော့လည်း ဒါကိုတော့ဖြင့် စွန့်လွှတ်လို့ မဖြစ်သေးပါဘူး…ဒါလည်း မစွန့်လွှတ်နိုင်ပြန်ဘူး…ဆိုတဲ့ အတွေးထဲကပင် မစွန့်လွှတ်နိုင်လေတော့ ရလာတဲ့ ဒုက္ခတွေကို ပွေ့ပိုက်ပြီး ငမိုက်သားကျနော်က ဘ၀ကိုဖြတ်သန်းဦးမည်လား။
ဖြစ်နိုင်ရင် ကျနော့်ဘ၀မှာ မရှိရင်မဖြစ်ဆိုတဲ့ စွဲလမ်းစိတ်တွေ ပျောက်ပျက်သွားအောင်   နေချင်မိတယ်။ ဟုတ်တယ်။ စွဲလမ်းနှစ်ခြိုက်ခဲ့တဲ့အရာတွေကို တဖြည်းဖြည်းအချိန်ယူ ဖျောက်ပစ်လို့ ရနိုင်ကောင်းပါရဲ့။ ‘ဘာဖြစ်လို့ မရရမှာလဲ’ ဆိုပြီး တိမ်မြုပ်နေတာကြာပြီဖြစ်တဲ့ မာနလေးကလည်း ခေါင်းထောင်လာပါကလား။
စွဲလမ်းခဲ့တဲ့အရာတွေကို ကြိုးစားပြီးမေ့ပစ်ချင်သလို ကျနော်တန်ဖိုးထားတဲ့ ကျနော့်နှလုံးသားကိုလည်း ဥပေက္ခာပြုတော့မယ်။ အဲဒီနှလုံးသားဆီက ထွက်လာတဲ့ အသံကိုလည်း မသိကျိုးကျွန်ပြုလိုက်တော့မယ်။ ကျနော့်နှလုံးသားရဲ့ ဆန့်ကျင်ဘက်ကိုသာ ဦးတည်လိုက်တော့မယ်။ ဒါကလည်း ကြံဖန်ပြီး ပျော်သလိုနေတတ်လာတာ ဖြစ်နိုင်ကောင်းပါရဲ့။ 


Image and video hosting by TinyPic