ကျနော်တို့ မိသားစုထဲမှာ လူဦးရေးတိုးလာတော့မယ်တဲ့…။ မေမေက အဲလိုပြောတော့ ညီမလေးကို ပြေးမြင်မိတယ်။ ကျနော်နဲ့ အသက်နှစ်နှစ်သာကွာတဲ့ ညီမလေးက အိမ်ထောင်ရေးလောကထဲကို တိုးဝင်သွားခဲ့တာ နှစ်နှစ်ရှိပြီပဲလေ။ မေမေဆီက အဲဒီလိုကြားလိုက်ရတဲ့အချိန်မှာ ဗြုန်းဆို.. ကြက်သီးမွှေးညှင်းတွေထပြီး လှိုက်ခနဲဝမ်းသာသွားမိတယ်။ ကျနော့်ရဲ့ တူလေးလား တူမလေးလား မသိတဲ့ အဲဒီကလေးလေးကိုလည်း မြင်ဖူးချင်လာမိတယ်။
တစ်ချိန်က
ဘ၀တစ်ခုကို အရွယ်မတိုင်ခင် ကိုယ်သဘောနဲ့ကိုယ် တည်ဆောက်သွားတဲ့ ညီမလေးကို စိတ်ဆိုးဒေါသဖြစ်မိသေးတယ်။
နောက်ပိုင်းတော့ ငယ်ရွယ်သေးတဲ့အချိန်မှာ အိမ်ထောင့်တာဝန်တွေထမ်းနေရတဲ့ ညီမလေးကို သနားမိတယ်။
တစ်ခါတရံ
ညီမလေးနဲ့ တွေ့ချိန်တွေမှာ အင်္ကျီလေးအောက်က မသိမသာစူထွက်နေတဲ့ ဗိုက်ကလေးကို ခိုးကြည့်မိတယ်။
ပြီးရင် ကိုယ့်ဘာသာကိုယ် ကြည်နူးနေမိတယ်။ ညီမလေးရဲ့ ဗိုက်က အပျိုဗိုက်မို့ထင်ပါတယ်။
၅လလောက်ရောက်နေ တာတောင် သိပ်မသိသာဘူး။ ကလေးလေးတစ်ယောက် ရတော့မှာမို့ ၀မ်းသာနေရပေမဲ့
တဖက်ကလည်း ကျန်းမာရေးမကောင်းတဲ့ ညီမလေးကို မွေးဖွားရ အဆင်ပြေပါ့မလားလို့ စိုးရိမ်ပူပန်နေသေးတယ်။
နှလုံးသွေးကြောကျဉ်း
ရောဂါရှိတဲ့ ညီမလေးကို မွေးဖွားရင် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်မိတယ်။ ညီမလေးက ကလေးယူလို့ရတယ်
မဟုတ်လား… လို့ မေမေ့ကို ခဏခဏမေးကြည့်မိတယ်။ မေမေက စိတ်မပူပါနဲ့ OG နဲ့ သေချာပြထားပါတယ်…လို့
ပြောမှ နည်းနည်းစိတ်သက်သာရာ ရမိတယ်။ ဈေးဝယ်သွားရင် တစ်သက်နဲ့တစ်ကိုယ် ယောင်လို့တောင်
မကြည့်ဖူးတဲ့ ဗိုက်ဖုံးအင်္ကျီလှလှလေးတစ်ထည်ကို ညီမလေးအတွက်ဆိုပြီး ၀ယ်ပေးခဲ့ဖူးတယ်။
ညီမလေးကိုယ်ဝန်
၆လပြည့်တဲ့အခါမှာတော့ Ultrasound ရိုက်ကြည့်တယ်။ အဲဒီအချိန်မှာ ဗိုက်ထဲက ကလေးလေးက ယောက်ျားလေးတဲ့။
အားလုံးက ပျော်ကြတယ်။ ဒါပေမဲ့ ကျနော့်မေမေကတော့ အပျော်ဆုံးပေါ့။ ကျနော်ကတော့ မိန်းကလေးဖြစ်ပါစေလို့
ကြိတ်ဆုတောင်းနေသူဆိုတော့ အပြည့်အ၀ မပျော်နိုင်ပါဘူး။ ယောက်ျားလေးတွေ အဆော့သန်တာ၊ ပစ်စလက်ခတ်နေတာ၊
စည်းကမ်းမရှိတာ၊ ကြမ်းတမ်းတာ၊ ခေါင်းကြောမာတာ..စတဲ့ အကျင့်စရိုက်တွေရှိတဲ့ တခြားကလေးတွေကိုကြည့်ပြီး
ယောက်ျားလေးဆိုရင် လန့်နေမိတယ်။
ဆေးရုံက
ညီမလေးကို မွေးဖွားဖို့ ပေးထားတဲ့ Due Date နဲ့ တကယ်ဗိုက်နာတဲ့အချိန်နဲ့က တစ်လကွာတယ်။
ဗိုက်ကလည်း တအားနာနေတော့ ညီမလေးကို အပ်ထားတဲ့ OG က မိသားစုကို ပြောတယ်တဲ့။ ဗိုက်ထဲက
ကလေးကတော့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးတဲ့။ အဲဒီအချိန်တုန်းက မေမေက ငိုတယ်။ ညီမလေး
မွေးဖွားတဲ့အချိန် အနားမှာ မရှိတဲ့ ကျနော်က နောက်ပိုင်း အဲဒီအကြောင်းတွေကို မေမေပြန်ပြောပြမှ
သိခဲ့ရတယ်။
ညီမလေး
ခွဲခန်းထဲဝင်သွားပြီး ဆယ့်ငါးမိနစ်လောက်ပဲ ကြာလိုက်တယ်တဲ့… အခန်းထဲက ကလေးလေးတစ်ယောက်ငိုသံက
အပြင်မှာနေတဲ့ မေမေတို့အားလုံး ကြားလိုက်ရတော့ အရမ်းကိုပျော်သွားကြတာပေါ့။ ကလေးလေးက
ကျန်းမာလိုက်တာမှ အသံကျယ်ကြီးနဲ့တောင် အော်ငိုတယ်ဆိုပြီးလေ။
ဒီလိုနဲ့
ကျနော်တို့ရဲ့ မျိုးဆက်လေး လူ့လောကထဲ ခက်ခက်ခဲခဲနဲ့ ဘေးမသီရန်မခပဲ ရောက်ရှိလာခဲ့တယ်။
ညီမလေးမွေးပြီး နောက်နေ့ ဆေးရုံကို ကျနော်ရောက်သွားတော့… သစ်သားပုခတ်လေးထဲမှာ နီတာရဲ
ကလေးလေးကိုကြည့်ပြီး ချစ်စရာကောင်းလွန်းလို့ ကလေးနားကကို မခွာတော့ဘူး။ ဆံပင်နက်နက်လေးတွေရယ်
မျက်တောင်အရှည်ကြီးတွေရယ် ပန်းရောင်အသားနုနုဖပ်ဖပ်လေးနဲ့ နှုတ်ခမ်းပါးပါးလေးကို တင်းတင်းစေ့ပြီး
အိပ်နေလိုက်တာ။။ ခြင်ထောင်လို ဇာပိတ်စလေးနဲ့ အပေါ်ကနေ အုပ်ထားတဲ့ ကလေးလေးကို မကိုင်ရက်
မထိရက်နဲ့ ငေးကြည့်ရင်း ပျော်နေမိတယ်။
အမျိုးတွေက
ကလေးအနားက မခွာတဲ့ ကျနော့်ကို စ ကြတယ်။ ကလေးလေးကို ချစ်လားတဲ့။ မချစ်ပါဘူး….လို့ အရွဲ့တိုက်ပြီး
ဆန့်ကျင်ဘက်တွေ လိုက်ဖြေတတ်တဲ့ အကျင့်နဲ့ ဖြေလိုက်မိတယ်။ ပြီးတော့မှ ညီမလေး ကြားသွားမှာ..
တကယ်ထင်ပြီး စိတ်မကောင်းဖြစ်နေမှာကို စိုးရိမ်မိတယ်။
ကျနော့်တူလေးက
သိပ်ချစ်စရာကောင်းတာပဲ။ အိပ်နေရင်လည်း ချစ်စရာကောင်းတယ်။ ငိုရင်လည်း ချစ်ဖို့ကောင်းတာပါပဲ။
ကျနော့်သူ့ကို သိပ်ချစ်ပေမဲ့ မချီရဲဘူး။ မချီတတ်ချီတတ်နဲ့ ချီမိရင် ကျနော့်တူလေး နာသွားမှာစိုးလို့လေ။
မှတ်မှတ်ရရ သူ သုံးလပြည့်လောက်မှာ ကျနော် သူ့ကို ချီဖြစ်ခဲ့တယ်။ သူ့ပါးနုနုလေးကိုလည်း
အဲဒီတော့မှ မွှေးကြည့်မိတယ်။
ကျနော်တောင်
ဒီလောက်ချစ်နေတာ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ ညီမလေးဆို သူ့သားလေးကို ဘယ်လောက်တောင် ချစ်လိမ့်မလဲလို့
တွေးမိတယ်။ ပြီးတော့ နောက်ထပ် ခံစားမိတာက မိဘမေတ္တာကိုပါပဲ။ ညီမလေးရဲ့ သားလေးဟာ ကျနော့်သားလေးလို့
သဘောထားမိတော့ မိဘမေတ္တာဆိုတာကို သဘောပေါက်လာမိတယ်။ မိဘတွေလည်း ကျနော်တို့ အပေါ်ကို အခုလိုပဲ
အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့မှာပဲလို့လေ။
အခုဆို
ကျနော့်တူလေး နှစ်နှစ်ကျော်သွားခဲ့ပြီ။ စကားကောင်းကောင်းတတ်တဲ့ အရွယ်ပေါ့။ စကားအရမ်းတတ်ပြီး
ဉာဏ်လည်းကောင်းတဲ့ သားသားက ပြောသမျှကို လွယ်လွယ်နဲ့ မမေ့တတ်ပါဘူး။ တစ်ခါတရံ သူ့ကို
ကတိပေးထား တာတွေကို မေ့နေရင်လည်း သတိပေးတတ်ပါသေးတယ်။ ငယ်သေးတဲ့အရွယ်ပေမဲ့ စကားကို ချက်ချက်ချာချာနဲ့
လူကြီးလေး တစ်ယောက်လို ပြောတတ်တာကလည်း အံ့သြစရာပါ။ အဲ…နောက်တစ်ခုက ဇွတ်တရွတ်လုပ်တတ်တဲ့
အကျင့်ရယ်ပါ။ ဒီအကျင့်က ဘယ်သူ့ဆီက ကူးတာပါလိမ့်နော်။ အ ဟဲ။ နောက်တစ်ခုကတော့ ခပ်တည်တည်နဲ့
နောက်ပြောင်တတ်တဲ့အကျင့်လေးပါ။ လူကြီးတွေက သူ့နာမည်ခေါ်ပြီး လိုက်ရှာနေရင် တစ်နေရာရာမှာ
ပြုံးစိစိလေးနဲ့ ပုန်းနေတတ်တဲ့ အဲဒီကလေးရဲ့ အကျင့်လေးကကော ဘယ်သူနဲ့ တူမလဲမသိ။
တစ်ခါတလေမှ
သားသားနဲ့တွေ့ဖြစ်ပေမဲ့ သားသားက ကျနော်အပေါ် စိမ်းမသွားတာကို ကြိတ်ပြီး ၀မ်းသာနေသေးတာ။
လူကြီးတွေ ပြောပြောနေတဲ့ သွေးက စကားပြောတယ်ဆိုတဲ့ စကားက သိပ်မှန်တာပဲ။ အိမ်ကို ဖုန်းဆက်တိုင်း
သားသားတို့ သားအမိရောက်တဲ့နေအခါနဲ့ ကြုံရင် သားသားနဲ့ ဖုန်းပြောချင်တယ်လို့ အမြဲပြောမိတယ်။
ဖုန်းထဲကနေ မပီကလာပီကလာနဲ့ လူကြီးလေးတစ်ယောက်လိုပြောနေတဲ့ သားသားလေးအသံကြားရရင် တစ်နေ့လုံး
ပျော်နေမိတယ်။
မြေဦးယောက်ျားလေးမို့
အဖေအမေတွေကော အဖိုးအဖွားတွေကပါ အလိုလိုက်ထားတော့ နည်းနည်းဆိုးချင်တယ်။ အိမ်ပြန်ဖြစ်တိုင်း
ချစ်ပေမဲ့ သိပ်အလိုမလိုက်ကြဖို့ သတိပေးရသေးတယ်။ ဒါပေမဲ့ မရပါဘူး။ ကျနော် တစ်ခါတလေ အိမ်ပြန်
ရောက်ရင်တော့ ချစ်ပေမဲ့ အလိုမလိုက်တတ်တဲ့အကျင့်ကြောင့်ထင်ပါတယ်… သူ့ကို မလုပ်ရဘူးဆိုတဲ့
အရာတစ်ခုခုကို ပြောစကားနားမထောင်ဘဲလုပ်နေရင် သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်တာနဲ့
လုပ်နေတာကနေ ချက်ခြင်းရပ်ပြီး မျက်နှာငယ်လေးနဲ့ ဖြစ်သွားတတ်တယ်။ အဲဒီလိုဖြစ်သွားတိုင်း
စိတ်ထဲကနေ သနားပြီး သူ့သဘောအတိုင်း အလိုလိုက်ပြီးနေလိုက်ချင်တဲ့ စိတ်တွေကို မနည်းထိန်းရတယ်။
မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ သားသားကိုကြည့်ပြီး ကျနော်လည်း ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။
ဒါပေမဲ့ ကလေးဆိုတာ သူ့နေရာနဲ့သူပဲ အလိုလိုက်တာ ကောင်းပါလိမ့်မယ်။
အခုဆို
အင်္ကျီဝတ်ရင် ဟိုဟာမ၀တ်ချင်ဘူး၊ ဒီဟာမ၀တ်ချင်ဘူး ဖြစ်နေပြီ။ ကလေးပဲ လူကြီးဝတ်ပေးတာ ၀တ်ပေါ့။
သူ့အမေ(ညီမလေး)က ပြောတယ်… သူကြိုက်တဲ့ အင်္ကျီကို ၀တ်ပေးရတာတဲ့။ ကျနော် ဗုဒ္ဓေါ…တ လိုက်မိတယ်။ ကလေးပဲရှိသေးတာ အဲလောက်တောင် အလိုလိုက်ရသလား…လို့
ပြောမိတယ်။ သူ့အဖွားတွေ အဖိုးတွေကောက ကလေးပြောသမျှ အကုန်လိုက်လုပ်ပေးတယ်။ အဲဒါကြောင့်
မေမေ့ကိုပြောရတယ်။ ကလေးကို အလိုလိုက်လို့ ပြောမရ ဆိုမရ ဖြစ်လာရင် မေမေတို့ကြောင့်နော်…လို့
မေမေကိုပါ ပြောရသေးတယ်။ ကလေးပေမဲ့ အရာရာကို အကင်းပါးပြီး ဉာဏ်ကောင်းတဲ့ သားသားက ပြောဆိုဆုံးမရတာ
မခက်ပါဘူး။
ကျနော်လည်း
သူ့အမေ(ညီမလေး)ချစ်သလောက်ကို ကျနော့်တူလေးကို ချစ်တာပါပဲ။ သူ့အဖေနဲ့ အမေက သူ့သားရဲ့
အနာဂတ်ဘယ်သို့ဘယ်ပုံ စဉ်းစားလဲ မသိပေမဲ့ ကျနော့်မှာ တူလေးရှိလာတဲ့အချိန်မှာ တာဝန်တစ်ခုရှိလာသလို
ခံစားမိတယ်။ သူ့ရဲ့ အနာဂတ်အတွက် ကျနော်ဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးတွေ ကျနော့်ဆီ
ဝင်လာတယ်။ တိုင်းပြည်အတွက် အဖိုးတန်တဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့ရယ်… မိဘဘိုးဘွားတွေအတွက်
အဖိုးတန်တဲ့ သားလှရတနာတစ်ပါးဖြစ်ဖို့ရယ်…က ကျနော့်ရဲ့ သားသားအပေါ်မှာထားတဲ့ လောဘတွေပဲဖြစ်ပါလိမ့်မယ်။
No comments:
Post a Comment