Friday, August 17, 2012

အလုပ်တကယ်ခေါ်တာ သေချာသလား

အခွင့်အလမ်းဂျာနယ်ရဲ့ ခံစားမှုရင်ဖွင့်သံကဏ္ဍကို ဖတ်ရတော့ အလွန်ကို စိတ်ဝင်စားမိပါတယ်။ အခုလို ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့ ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးတဲ့ အခွင့်အလမ်းဂျာနယ်ရဲ့ စိတ်ကူးကိုလည်း သဘောကျမိပါတယ်။ ယခင်တစ်ပတ်က ခံစားမှုရင်ဖွင့်သံကဏ္ဍမှာပါတဲ့ အလုပ်လျှောက်သူတစ်ဦးရဲ့ ခံစားချက်ရင်ဖွင့်စာကို ဖတ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြ ချင်လာပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဂျာနယ်တစ်ခုက မဂ္ဂဇင်း တစ်စောင်မှ Graphic Design အတွက် ဝန်ထမ်းခေါ်တာတွေ့တော့ သွားလျှောက်မိပါတယ်။ ဟိုရောက်တော့ Reception မှာရှိတဲ့ ဝန်ထမ်း ကပဲ CV Form နှစ်စုံရယ် ဓာတ်ပုံ(၃)ပုံရယ်တောင်းပြီးတော့ အကြောင်း ပြန်မယ်လို့ ပြောပါတယ်။ ကျွန်တော်မျှော်လင့်တာက Design တစ်ခုခုကို လုပ်ခိုင်းပြီး အရည်အချင်းကို လက်တွေ့စစ်ဆေးမယ်လို့ ထင်ခဲ့တာပါ။ ပြီးတော့မှ အရည်အချင်းပေါ်မူတည်ပြီး ခန့်မယ်၊ မခန့်ဘူး ဆုံးဖြတ် မယ်လို့ထင်ခဲ့တာလေ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီလို မဟုတ်ခဲ့ ဘူး။ အလုပ်နဲ့ပတ်သက်ပြီး ဘာမှလည်း မေးမြန်းခြင်းမပြုဘဲ အကြောင်း ပြန်မယ်လို့ပဲ ပြောလိုက်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို သဘောမကျ လို့ အလုပ်မခန့်တာဆိုရင်လည်း စိတ်ထဲမှာခံသာဦးမှာပါ။ ခုတော့ ဘာမှလည်း အရည်အချင်းစမ်းသပ်မှုမလုပ်ဘဲ အလုပ်လျှောက်လွှာ လက်ခံထားပြီး ဝတ်ကျေတမ်းကျေသဘောမျိုးနဲ့ အကြောင်းပြန်မယ်လို့ပဲ ပြောတယ်။
အဲဒီက အပြန်မှာတော့ သူတို့ပြောတဲ့ အကြောင်းပြန်မယ်ဆိုတာ ကိုလည်း ကျွန်တော်မမျှော်လင့်ထားတော့ပါဘူး။ တကယ်လည်း တစ်ပတ် လည်း အကြောင်းမပြန်၊ နှစ်ပတ်လည်း အကြောင်းမပြန်ခဲ့ပါဘူး။   နောက်ပိုင်းမှာလည်း သူတို့ဆီက အလုပ်ခေါ်ကြော်ငြာတွေ ခဏခဏ တွေ့နေမိပေမဲ့ သွားမလျှောက်ဖြစ်တော့ပါဘူး။
နောက်တစ်ခုကတော့ ပထမအလုပ်လျှောက်တာနဲ့ ပုံစံချင်းမတူ ပါဘူး။ ပုံစံချင်းမတူဘူးလို့ ပြောရတာကတော့ ပထမအလုပ်က CV From နှစ်စုံရယ် ဓာတ်ပုံ (၃)ပုံရယ်တောင်းပေမဲ့ ဒုတိယလျှောက်တဲ့ အလုပ်ကတော့ ကုမ္ပဏီတစ်ခုပါ။ ကုမ္ပဏီကိုရောက်တော့ Reception မှာပဲ သူတို့ဆီက လျှောက်လွှာနဲ့ ကိုယ်ရေး အချက်အလက်အသေးစိတ်ကို ဖြည့်ရမယ်ပြောပါတယ်။ နောက်ပြီး လျှောက်လွှာဖိုးအတွက်က (၃၀ဝ၀) ကျပ်ကျတယ်လို့ ပြောပါတယ်။ ကျွန်တော် အလွန်ပဲ အံ့အားသင့်မိပါတယ်။ သူတို့ဆီမှာ အလုပ်ရမယ်၊ မရဘူး မသေချာသေးဘူး။ အရင်ဆုံး ရင်းနှီး ရတာက လျှောက်လွှာဖိုးနဲ့ ဓာတ်ပုံဖိုးတင်မကဘဲ သူတို့ပေးတဲ့ လျှောက်လွှာအတွက်က သပ်သပ်သုံးထောင်ထပ်ပေးရမလိုဖြစ်နေပါတယ်။
သူတို့ဆီက Graphic Designer ခေါ်တာဆိုတော့ ဘယ်လို ဒီဇိုင်း မျိုးတွေ လုပ်ရလဲလို့ အလုပ်လျှောက်လွှာလက်ခံတဲ့ မိန်းကလေးနှစ်ဦးကို မေးကြည့်လိုက်ပါတယ်။ သူတို့နှစ်ဦးစလုံးက အဲဒီအတွက် ရေရေရာရာ ပြန်ပြီး ဖြေတာမျိုးမရှိပါဘူး။ သူတို့ဆီမှာ လျှောက်လွှာတင်သွားဖို့ကိုသာ အထူးအာရုံစိုက်နေကြတယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတယ်။ သူတို့ ဆီကခေါ်တဲ့ ဝန်ထမ်းအရေအတွက်က ကြော်ငြာမှာပါသလောက်ဆိုရင် ရာထူးအမျိုးမျိုးအတွက် နေရာ ၆၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာ ၆၀ ကျော်အတွက် လာလျှောက်တဲ့ဦးရေလည်း နည်းမှာမဟုတ်ဘူးဆိုတာ ယူဆလို့ရပါတယ်။ အဲဒီလိုလာလျှောက်တဲ့သူတွေဆီက လျှောက်လွှာဖိုး သုံးထောင်စီကောက်ရင် ဆယ်ဦးလာလျှောက်ရင်ပဲ သူတို့အတွက် သုံးသောင်းဖြစ်နေပြီ။ အယောက်တစ်ရာဆို သူတို့အတွက် ငွေသုံးသိန်း အလကားသက်သက်ရနေပြီ။ လျှောက်လွှာဖိုးအတွက် ကောက်တယ်ပဲ ထား။ သူတို့လျှောက်လွှာက အေဖိုးနှစ်ရွက်ပဲရှိတာဆိုတော့ အလွန်ဆုံး ငါးရာလောက်တောင်းရင်တောင် နည်းနည်းသဘာဝကျဦးမယ်။ ခုတော့ သူတို့လုပ်ပုံက အလုပ်မရှိလို့ အလုပ်လိုက်ရှာနေတဲ့သူတွေဆီကနေပြန်ပြီး စီးပွားရှာနေသလိုဖြစ်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်ခင်ဗျ။ အဲဒီအလုပ်ကို ကျွန်တော်မလျှောက်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှု မရှိလို့ပဲ။
တချို့အလုပ်ကြော်ငြာတွေဆို ဂျာနယ်တွေမှာ မကြာမကြာတွေ့နေရပါတယ်။ အဲဒီရဲ့ အကြောင်းရင်းခံကို ကျွန်တော်ကိုယ့်တွေ့နဲ့ ယှဉ်ပြီး စဉ်းစားမိသလောက်တော့ အဲဒီကုမ္ပဏီတွေအပေါ် တဖြည်းဖြည်းနဲ့ အလုပ်လျှောက်သူတွေဘက်က ယုံကြည်မှုလျော့နည်းလာတယ်လို့ မြင်မိပါတယ်။ ဒီကုမ္ပဏီကို သွားလျှောက်လည်း လျှောက်လွှာဖိုးပဲကုန်မှာ ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့ အလုပ်လျှောက်သူတွေဘက်က သံသယတွေရှိလာမှာပါ။ အဲဒီလိုမြင်မိတဲ့ အဓိကအချက်ကတော့ ကျွန်တော် အပေါ်မှာ ကြုံတွေ့ခဲ့ရသလိုအဖြစ်အပျက်မျိုး ဒါမှမဟုတ် အလားတူ အဖြစ်အပျက်မျိုးတွေကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါတယ်။
ကျွန်တော့်လို အဖြစ်မျိုး ကြုံတွေ့ရတဲ့သူတွေ နည်းမှာမဟုတ်ပါဘူး။ အဲဒီလိုအဖြစ်မျိုးတွေ ယခုချိန်ထိ ဖြစ်နေဆဲ...ဖြစ်နေမြဲပဲဆိုတာ ဒီကဏ္ဍကနေတစ်ဆင့် ပြောလိုက်ပါရစေခင်ဗျာ။
3K
အခွင့်အလမ်းဂျာနယ် - အမှတ် (၃၅၁)၊ သြဂုတ် ၁၄၊ ၂၀၁၂ (ခံစားမှု ရင်ဖွင့်သံ ကဏ္ဍမှ…)

No comments:

Post a Comment