Monday, November 28, 2011

ကျနော့်မှာလည်း နာကျင်တတ်တဲ့ အသည်းနှလုံးရှိတယ်..



သူများတွေ ပြောကြတယ်….
အသည်းကွဲလို့ အရမ်းခံစားနေရတယ်တဲ့။
အဲဒီအချိန်တုန်းက ပြောခဲ့ဖူးတယ်…
အသည်းကွဲရင် သေသွားမှာပေါ့လို့။
တကယ့်ကို ပေါ့ပေါ့ပါးပါးလေး
ပြောခဲ့လိုက်တာ။
မသိရင် ကိုယ့်မှာ အသည်းမရှိတဲ့အတိုင်းပေါ့…
ခုတော့ ကိုယ်တိုင်လည်း…
သုံးနေကျ လက်သုံးစကား အသည်းကွဲတယ်ဆိုတာချည်းကိုပဲ မသုံးချင်ပါဘူး။
ကျနော့်အသည်းက မကွဲခဲ့ပါဘူး။
နာကျင်ရုံလေးပါ…
ဘယ်လောက်ထိ နာကျင်ရုံလေးလဲလို့ မေးလာခဲ့ရင်…
ခုချိန်မှာတော့ မျက်ရည်ဝဲမိရုံလေးပါပဲလို့…
ဖြေလိုက်မိမှာပါ။
လူမမြင်၊ သူမမြင်ကျခဲ့တဲ့ မျက်ရည်တွေတော့ မပါဘူးပေါ့။
ဒီနေ့တော့…
ဟောင်းနေတဲ့ ဒဏ်ရာက အသစ်လို
နာကျင်နေမိလို့ သူငယ်ချင်းတွေကြားထဲ
မျက်ရည်မကျအောင် ထိန်းရတာ ခက်လိုတာ။
ဟန်ဆောင်ပြီး ရယ်ရတာက အခက်ဆုံးပဲ။
အရမ်းခင်ရတဲ့ အစ်မတယောက်ကတော့…
သူ့ရှေ့မှာ ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျနေတဲ့ ကျနော့်ကို
"ဒီလောက်စိတ်ပျော့နေတာ မကြိုက်ပါဘူး" တဲ့။
ဂရုဏာဒေါသောနဲ့ ပြောနေတဲ့ အစ်မကိုလည်း ဘာမှပြန်ပြီး မတုံ့ပြန်နိုင်ခဲ့။
မာလှပြီထင်နေတဲ့ အသည်း….
မာလှပြီးထင်နေတဲ့ စိတ်…
အခုတော့လည်း ဘာမှမဟုတ်ပါလား။
တကယ်တော့ အတိတ်က ဒဏ်ရာကို မမေ့နိုင်သေးသရွေ့
ဒီဒဏ်ရာတွေက နာကျင်နေရဦးမှာပါပဲ။
အချိန်က အကောင်းဆုံးသမားတော်လို့ဆိုတယ်…
အခုချိန်ထိတော့ မကျက်သေးတဲ့ ဒဏ်ရာက ထိမိခိုက်မိရင်
ဆတ်ဆတ်ခါနာနေတုန်း…
အချိန် ဘယ်လောက်ကြာမှာ အဲဒီဒဏ်ရာတွေ
အဲဒီနာကျင်မှုတွေက ရပ်တန့်သွားမလဲဆိုတာ…
(၁.၁၁.၂၀၁၁)
Image and video hosting by TinyPic

Friday, November 18, 2011

မင်းမြင်မလား



မင်းမြင်မလား…အချစ်တခုကို ပိုင်ဆိုင်ရပြီးချိန်မှာ
အဲဒီအချစ်တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေမိတဲ့ ငါ့စိတ်ကို..
မင်းမြင်မလား…ယုံကြည်နေတဲ့ အချစ်…
ရုတ်တရက်ပျက်သုဉ်းသွားတဲ့အခါ ကျမိတဲ့ ငါ့မျက်ရည်တွေကို…
မင်းမြင်မလား…ငါ့ရဲ့အချစ်တွေက မင်းအတွက် အနှောင့်အယှက်လို့ မင်းထင်တဲ့အခါ
နာကျင်ရတဲ့ ငါ့ရဲ့စိတ်တွေကို…
မင်းမြင်မလား…မင်းကိုချစ်တဲ့ အနာဂတ်မရှိတဲ့ ငါ့ရဲ့အချစ်တွေအတွက်
တွေးမိတိုင်း ငါ့ရင်တွေနာရတယ်ဆိုတာ…
မင်းမြင်မလား…သေဆုံးသွားခဲ့တဲ့ ငါ့ရဲ့အချစ်တွေကို…
မင်းမြင်မလား…မင်းကို သတိရမိတိုင်း
မျက်ရည်ဝဲမိတဲ့ ငါ့အဖြစ်ကို…
မင်းမြင်မလား…ခုချိန်ထိ မင်းကို ငါ
………………………………………….
မင်းမြင်မလား… ငါ့အပြုံးနောက်ကွယ်မှာ
မျက်ရည်တွေနဲ့ဆိုတာ။


Image and video hosting by TinyPic

Wednesday, October 26, 2011

ကိုမင်း ကိုချင်း နိုင်ငံရေး


ကျောင်းဒကာကိုပဲ စိတ်ဆိုးရမလား
မိုးကိုပဲ စိတ်ထွက်ရမလား
ကျောင်းပျက်ကိုပဲ စိတ်ချဉ်ရမလား
သက်ညို
ကိုချင်း   ။ ဟေ့လူ။ ဟေ့လူ။ လွှတ်ပြီတဲ့ဗျ။
ကိုမင်း    ။ သိပြီးပါပြီဗျာ။
ကိုချင်း   ။ ခင်ဗျားကလည်း။ တစ်ချိန်လုံး ဒီအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကိုပဲ ပြောနေကြပြီး၊ တကယ်လွှတ်တော့လည်း ခင်ဗျားတို့က ၀မ်းပန်းတသာလည်း မရှိပါလား။ အကျဉ်းသားတွေ လွှတ်ပေးတာ မကောင်းဘူးလား။
ကိုမင်း    ။ အကျဉ်းသားတွေ လွှတ်ပေးတာ ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ ခုလိုလွှတ်ပေးတာတော့ ၀မ်းသာအားရ ဖြစ်စရာ မဟုတ်ဘူးလို့ ထင်တာပဲ။
ကိုချင်း   ။ ဘာတွေ ဖြစ်နေလို့လဲ။
ကိုမင်း    ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးတာကို ပြည်သူတွေက မျှော်လင့်နေကြတာ မဟုတ်လား။
ကိုချင်း   ။ အခု အဲဒီလို လူတွေမပါဘူးလား။
ကိုမင်း    ။ အဲဒီလိုလူတွေထဲက ထင်ရှားတဲ့သူ တော်တော်များများ မပါဘူး။
ကိုချင်း   ။ နေဦးဗျ။ ခုဟာကက ပထမအသုတ်လို့လည်း ပြောတယ်။ ပြီးတော့ ပထမအသုတ်မှာ အသက်အရွယ်ကြီးရင့်သူများနဲ့၊ မကျန်းမမာသူများကို ဦးစားပေးလွှတ်တယ်လို့ ဆိုတာကိုး။ ဒီတော့ ထင်ရှားသူတွေ၊ ကျန်တဲ့သူတွေကို နောက်အသုတ်တွေမှာ လွှတ်ပေးမယ်ဆိုတဲ့ သဘောလားမှ မသိတာ။
ကိုမင်း    ။ နောက်အသုတ်မှာ လွှတ်ပေးမယ်ဆိုရင်တော့ ကောင်းပါလေ့။ ဒါပေမဲ့ဗျာ။ ဒါမျိုးဆိုတာ အစိုးရရဲ့ စေတနာကို ပြသဖို့ဖြစ်တာမို့၊ ထင်ရှားသူတွေ၊ ပြည်သူလူထုက မျှော်လင့်နေကြသူတွေကို ဦးစားပေးပြီး အများအပြား လွှတ်ပေးသင့်တယ်လို့ ထင်တာပဲ။
ကိုချင်း   ။ ဟုတ်တော့ ဟုတ်တယ်နော်။ ကျနော်တို့ရပ်ကွက်ထဲက အဒေါ်ကြီးတွေကတော့ လွှတ်ပေးလိုက်ပြီလို့ စကြားတုန်းက အရမ်းပျော်နေကြပြီး ဟိုတစ်ယောက်မပါဘူး။ ဒီတစ်ယောက်လည်း မပါသေးဘူးလည်းဆိုရော ဆက်တောင် မမေးတော့ဘူး။
ကိုမင်း    ။ အင်း၊ အဲဒါပြောတာပေါ့။
ကိုချင်း   ။ သာမန်ပြည်သူလူထုတွေ အဖို့တော့ ဟုတ်တာပေါ့။ ဘယ်ကျေနပ်ပါ့မလဲ။ ခင်ဗျားတို့လို နိုင်ငံရေးစိတ်ရှိတဲ့ သူတွေအဖို့တော့ ဒါကိုအကျိုးသင့် အကြောင်းသင့် စဉ်းစားပြီး လက်ခံသင့်တယ် မဟုတ်လား။
ကိုမင်း    ။ ကျုပ်တို့က ပြည်သူလူထု ခံစားချက်ကို ဘယ်နှယ့်လုပ်ပစ်ပယ်လို့ ရပါ့မလဲဗျာ။ အကျိုးသင့် အကြောင်းသင့်ဆိုတာ ပြည်သူလူထုကို ဘယ်လောက် အကျိုးပြုတယ်။ ဘယ်လောက် စိတ်ချမ်းသာစေလဲဆိုတဲ့ အကျိုးအကြောင်းကို ဆင်ခြင်ရတာဗျ။
ကိုချင်း   ။ ပြည်သူလူထုက၊ ဦးပုညမေတ္တာစာထဲကလို "ကျောင်းဒကာကိုလည်း စိတ်မဆိုး၊ မိုးကိုလည်း စိတ်မထွက်၊ ကျောင်းပျက်ကိုလည်း စိတ်မချဉ်၊ ကံကိုပင် စိတ်နာ၍ " ဆိုသလိုဖြစ်နေကြသဗျ။ ကံကိုပဲ ပုံချနေရတော့သဗျ။
ကိုမင်း    ။ ကျောင်းဒကာကိုလည်း စိတ်မဆိုးရဲလို့ ထင်တယ်။ မိုးကိုလည်း စိတ်ထွက်လို့မှ မရတာကိုး။ ကျောင်းပျက်ကိုလည်း ဘယ့်နှယ်ပြန်တည်ဆောက်ရမယ်မှန်း မသိတော့ ကံကိုပဲ ပုံချရတာ ဖြစ်ပေမပေါ့။ အမှန်ကတော့ အစိုးရမှာ လုပ်ပိုင်ခွင့်လည်း ရှိပြီး၊ စေတနာလည်း ရှိပုံရလို့ ကျုပ်တို့အားလုံးက ထောက်ခံကြတော့ မလိုဖြစ်နေတာ မဟုတ်လား။ ခုတော့ တစ်မျိုးဖြစ်ကုန်ကြတာပေါ့။
ကိုချင်း   ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အထဲမှာ ဒီလိုယုံကြည်ချက်အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စက ရှေ့တန်းက ပါနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကျေနပ်အားရမှု ရှိတယ်ဆိုတော့ မျှော်လင့်ချက်က ကျန်နေသေးတာ မဟုတ်လား။
ကိုမင်း    ။ ဒီလိုဗျ ကိုယ့်လူရဲ့။ ဘယ်လိုပဲ ဆွေးနွေးကြ၊ သဘောတူညီချက်တွေ ရကြတယ်ဆိုပေမယ့်၊ လက်တွေ့ကိစ္စတွေကို မသိကျိုးကျွံပြုလို့မရတာ အမှန်ပဲ။ အများပြည်သူဆိုတာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ မနေကြဘူး။ မနေနိုင်ကြဘူးလေ။ လက်တွေ့ရင်ဆိုင်နေရတာတွေနဲ့ပဲ အားလုံးကို ဆုံးဖြတ်ကြမှာပဲ။
ကိုချင်း   ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကရော သိပါ့မလား။
ကိုမင်း    ။ သိပ်သိမှာပေါ့။ သူက ပြည်သူလူထုနဲ့ ကင်းကွာပြီး နေလို့မရတဲ့ သူပဲဟာ။ ဒီတော့ သူလည်း ဆွေးနွေးစရာဖြစ်ဖြစ်၊ တောင်းဆိုစရာဖြစ်ဖြစ်၊ တစ်စုံတစ်ရာ အစိုးရနဲ့ လုပ်စရာရှိလိမ့်မယ် ထင်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရကိုရော၊ အစိုးရနဲ့ ဆွေးနွေးသဘောတူညီမှု ရနေတာကိုပါ အမျိုးမျိုး တွေးလာကြလိမ့်မယ် မဟုတ်လား။
ကိုချင်း   ။ မပြောတတ်တော့ဘူးဗျာ။ ကျနော်တို့ကတော့ ပျော်ရတော့မလိုလို၊ ဒုံရင်းဒုံရင်းကိုပဲ ပြန်သွားရတော့မလိုလို ဖြစ်နေတာ အမှန်ပဲ။
ကိုမင်း    ။ အဲဒါပြောတာပေါ့။ ပြည်သူ့ခံစားချက်က အဲဒီလိုဖြစ်နေတာလေ။
ကိုချင်း   ။ မျှော်လင့်ချက် နည်းနည်းတော့ ကျန်သေးတယ် မဟုတ်လား။ အဲဒါက နောက်ထပ် အကျဉ်းသားတွေလွှတ်တဲ့ အသုတ်မှာ ထင်ရှားတဲ့ ယုံကြည်ချက် အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင်ရောဗျာ။
ကိုမင်း    ။ အဲဒီလိုလွှတ်ပေးမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ့် လမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံ ရှိနေသေးတယ်လို့ ဆိုရမှာပေါ့။
ကိုချင်း   ။ အဲဒီလိုဖြစ်လာအောင် ကျနော်တို့က ဘာလုပ်ရမလဲ။ အစိုးရဆီကို ဒါမှမဟုတ်၊ သမ္မတကြီးဆီကို ပြည်သူလူထုရဲ့ မေတ္တာရပ်ခံချက် တင်ရမလား။
ကိုမင်း    ။ ပြည်သူလူထုက အမြဲတမ်းမေတ္တာရပ်ခံနေတာပဲ။ ဒါကို အစိုးရလည်း မသိတာမဟုတ်ပါဘူး။ တကယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင်တော့၊ ဒီလမ်းကြောင်းကို မဖြစ်မနေလျှောက်ရမှာပဲ။ ဒီလို ယုံကြည်ချက် အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဒီမိုကရေစီဆိုတာ ဖြစ်မလာနိုင်ဘူးလေ။ မဟုတ်ဘူးလား။
၁၄၊ အောက်တိုဘာ ၂၀၁၁။
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၆၅။

 Image and video hosting by TinyPic

Monday, October 24, 2011

အောက်မေ့မိတဲ့ ခရီးသွားနေ့ရက်များ… (၁)


လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်လောက်က မိသားစုတွေနဲ့အတူ မန္တလေးတဖက်ကမ်း မင်းကွန်းမှာ အလှူတစ်ခုသွားလုပ်ရင်း ဧရာဝတီမြစ်ကြီးကို ရင်းရင်းနှီးနှီးငေးမောကြည့်ရှုခွင့်ရခဲ့သည်။ မန္တလေးမှနေ မင်းကွန်းကိုအကူး စက်သဗ္ဗာန်တွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးရင်း ကြည်လင်တဲ့ ဧရာဝတီမြစ်ရေတွေကို ငေးကြည့်ရင်း လိုက်ပါခဲ့သည်။ မန္တလေးနဲ့ မင်းကွန်းအကူး ကျနော့်စိတ်ထင် ၄၅မိနစ်လောက် ကြာမြင့်သည်ဟု ထင်မိပါသည်။
စက်သဗ္ဗာန်ကို မိနစ် ၂၀လောက် စီးအပြီးမှာတော့ စိမ်းညို့ညို့တောင်တန်းတွေနဲ့ အုပ်မှိုင်းပြီး အေးချမ်းလှတဲ့ မင်းကွန်းကို ပြတ်ပြတ်ထင်ထင်မြင်လာရပါသည်။ စိမ်းညို့တဲ့ တောတန်းနဲ့ အတူ ထင်ထင်ရှားရှား လှမ်းမြင်ရတာက မင်းကွန်းပုထိုးတော်ကြီး ဖြစ်သည်။ ဧရာဝတီမြစ်ကြီးရယ် စိမ်းညို့နေတဲ့ တောင်တန်းတွေရယ် ပြီးတော့ နီညိုရောင်မှာ ရေညှိတွေကြောင့် အညိုဘက်များနေတဲ့ ပုထိုးတော်ကြီးရယ်က ကျနော့်အတွက်တော့ ရင်သပ်ရှုမောဖွယ် သိပ်လှတဲ့ ပန်းချီကားကြီးတစ်ချပ်ဖြစ်ခဲ့သည်။ စက်သဗ္ဗာန်ကမ်းကပ်ချိန်မှာ ညနေခင်းချိန်ခါလည်းဖြစ်လေတော့ မြစ်ဆိပ်မှာ ရေးချိုးသူချိုး၊ အ၀တ်လျော်သူလျော်၊ ရေးချိုးပြီးလို့ ရေအိုးလေးတွေရွက်ပြီး အိမ်ပြန်သူပြန်နဲ့ မြစ်ဆိပ်မှာ စည်းကားလို့နေသည်။
ကျနော်တို့လာတဲ့ အလှူက တောင်ခြေလေးတစ်ခုမှာ အသစ်ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကျောင်းဆောင်လေးပြီးသွား၍ ရေစက်ချအလှူဖြစ်သည်။  အလှူရှင်တွေပေါင်းစုပြီး လှူဒါန်းခဲ့တဲ့ အဲဒီကျောင်းလေးက မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဓမ္မနာဒကျောင်းတိုက်အနီးမှာဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ပုံတူရုပ်ထုကြီးကိုလည်း သွားရောက်ဖူးမျှော်ခွင့်ရခဲ့သည်။
နောက်နေ့တွေမှာ ပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းကြီးကို မြို့ခံအစ်မတစ်ယောက်က လိုက်ပို့ခဲ့သည်။ ကျနော့်အတွေးထဲမှာ ပုထိုးတော်ကြီးတည်တာသာ ပြီးစီးခဲ့ပါရင် ဘယ်လောက်ကြီးကြယ်ခမ်းနားလိမ့်မလဲလို့ တွေးမိပါသည်။ အဲဒီမှာ စိတ်မကောင်းစရာတစ်ခုကိုလည်း သွားတွေ့ခဲ့ရသည်။ အဲဒါက ပုထိုးတော်ကြီးရဲ့ အပေါ်ကိုတက်နေကြတဲ့  မိန်းကလေးတချို့ကိုတွေ့ လိုက်ရလို့ပါပဲ။ ထိပ်ဆုံးကိုရောက်တဲ့သူက ရောက်နေ၊ အပေါ်မှာ ဓာတ်ပုံရိုက်သူကရိုက်၊ အပေါ်တက်တဲ့သူက တက်နေဆဲ။ ကျနော့်အမြင်ကတော့ အဲဒီမြင်ကွင်းက ကျနော့်မျက်စိထဲမှာ အကျဉ်းတန်အရုပ်ဆိုးနေခဲ့ သည်။
ပုထိုးတော်ကြီးအနားမှာပဲ ဧရာဝတီမြစ်ကို မျက်နှာမူထားတဲ့ ခြင်္သေ့ကြီးနှစ်ကောင်။ နည်းတဲ့ အကောင်ကြီးတွေမဟုတ်ဘူး။ ဒါပေမဲ့ ခြင်္သေ့ကြီးတွေက အကောင်လိုက်ကြီးတွေ ရှိနေတာမဟုတ်ပါဘူး။ ရှေ့ခေါင်းပိုင်းနဲ့ အနောက်ပိုင်း နှစ်ခြမ်းပြတ်နေတဲ့ ခြင်္သေ့ရုပ်ထုကြီးတွေပါ။
အဲဒီခြင်္သေ့ရုပ်ကြီးတွေကိုကြည့်ရင်း ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ အမတ်ကြီးဦးပေါ်ဦးစာအုပ်ထဲက အကြောင်းလေးကို သွားသတိရမိပါသည်။ ဘိုးတော်ဘုရားက ဒီခြင်္သေ့ရုပ်ထုကြီးတွေ ထုလုပ်ပြီးစီးသွားတော့ မှူးကြီးမတ်ရာတွေ ရံရွေတော်တွေနဲ့အတူ ဒီခြင်္သေ့ကြီးတွေကို လာရောက်ရှုစားသတဲ့။
အဲဒီမှာ အမတ်ကြီးဦးပေါ်ဦးက ကြီးမားလွန်တဲ့ ခြင်္သေ့ကြီးတွေကို မြင်လျင်မြင်ချင်းပဲ 'ဟင်.. ခြင်္သေ့ကြီးတွေကလည်း..' လို့ ဘိုတော်ဘုရားရှေ့မှာ အာမေဍိက်သံ ထွက်သွားတော့ ဘိုးတော်ဘုရားကနေပြီးတော့ ' ခြင်္သေ့ကြီးတွေက ဘာဖြစ်လဲ ပေါ်ဦးရဲ့…ပြောစမ်းပါဦး…' လို့ပြောလိုက်တဲ့ အခါမှာတော့ ဦးပေါ်ဦးရဲ့ အလျှောက်ကောင်းမှုကြောင့် ဘိုးတော်မင်းတရားကြီးက သူ့ရဲ့ခြင်္သေ့ကြီးတွေအတွက် ကျေနပ်အားရတော်မူသွားသတဲ့။ ဦးပေါ်ဦးက 'ဘိုးတော်မင်းတရားကြီးရဲ့ ခြင်္သေ့ကြီးတွေက မြစ်တဖက်ကမ်းကို ခုန်ကူးတော့မလိုပဲ အသက်ဝင်လှကြောင်းပါ' လို့ဖြေခဲ့တယ်လို့ ဖတ်ရှုခဲ့ရပါသည်။ ဒီခြင်္သေ့ကြီးတွေတွေ့တော့ အဲဒီအဖြစ်လေးကို သွားသတိရမိလိုက်ပါသည်။
ပုထိုးတော်ကြီးနဲ့ကပ်လျက် မင်းကွန်းခေါင်းလောင်းကြီးကိုရောက်တော့ ကျနော့်အစ်မ၊ ညီမနဲ့ အစ်ကိုက ခေါင်းလောင်းကြီးအထဲကို ၀င်ကြည့်ကြပေမဲ့ ကျနော်ကတော့ အပြင်ကနေပဲ လှည့်ပတ်ကြည့်ရှု ခဲ့သည်။ အစ်မတွေက ၀င်ကြည့်ပါလားလို့ပြောပေမဲ့ ကျနော်ဝင်ကြည့်တုန်း ခေါင်းလောင်းကြီးက ပြုတ်ကျလာရင် ပိတ်မိနေမှာပေါ့…မ၀င်ချင်ဘူး ကြောက်တယ်… လို့ဖြေတော့ သူတို့ကျနော့်ကို ၀ိုင်းရယ်ကြသည်။ ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့ မင်းဖြူမှန်မှန်ပြော ဆိုတဲ့ စာတန်းက ကျနော်တို့ငယ်ငယ်ကတည်းက စာသင်ရင်းဖြင့် ရင်းနှီးနေခဲ့တဲ့ ခေါင်းလောင်းကြီးရဲ့ ကြေးပိဿာချိန် ၅၅၅၅၅ ဖြစ်သည်ဟု မှတ်သားထားခဲ့မိသည်။
မင်းကွန်းခေါင်းလောင်းကြီးကနေ လမ်းနည်းနည်းလောက်လျှောက်သွားတော့ မြသိန်းတန်စေတီကို ရောက်ပါသည်။ အဲဒီကနေ ဘုရားဖူးပြီး ပြန်လာတော့ ညနေ နေတော်တော်စောင်းနေပြီ။
နောက်တနေ့ညနေပိုင်းမှာတော့ ကျနော်တို့လူငယ်အုပ်စု နှစ်ထပ်တိုက်ကျောင်းလေးရဲ့ အနားက တောင်ကုန်းလေးပေါ်မှာ မြင်နေရတဲ့ ဘုရားပေါ်ကို တက်ခဲ့ကြသည်။ တောလမ်းလေးအတိုင်းလျှောက်လာပြီး သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်းတဲ့ ရှုခင်းတွေရယ် တောင်တက်လမ်းကျဉ်းကလေးရယ်က မောရကောင်းမှန်းမသိ ဆွဲဆောင်လို့နေပါသည်။ စကားပန်းအဖြူရောင်တွေက တပင်လုံးဖွေးဖွေးလှုပ်လို့ ပွင့်နေလိုက်ကြတာ။ ပန်းရနံ့လေးတွေနဲ့ လမ်းတစ်လျှောက်လုံး သင်းသင်းကလေးမွှေးနေသည်။ မိနစ်နှစ်ဆယ်လောက်လျှောက်ပြီး တော့မှ တောင်ပေါ်စေတီလေးကို ရောက်ခဲ့ကြသည်။
တောင်ပေါ်ဘုရားပေါ်ကနေပြီးတော့ အဝေးခပ်လှမ်းလှမ်းက တောင်ထိပ်ကြီးတစ်ခုပေါ်မှာတည်ထားတဲ့ မတ်ရပ်တော်ဘုရားကြီးတစ်ဆူကိုလည်း လှမ်းတွေ့ရသေးသည်။ နောက်နေ့တွေ အဲဒီဘုရားကို သွားဖူးကြမယ် လို့လည်း တိုင်ပင်လိုက်မိကြသည်။ ကျနော်တို့ရောက်နေတဲ့ တောင်ပေါ်ဘုရားကနေပြီး တောင်အောက်ကိုငုံ့ကြည့်တဲ့အခါမှာတော့ လူလေးတွေ သေးသေးလေးတွေ လှမ်းမြင်ရသည်။ အဲဒီလူစုထဲမှာမှ ကျနော့်အစ်ကိုကြီးနဲ့တူသူတစ်ယောက်ကို လှမ်းတွေ့တော့ စိတ်မြန်ကိုယ်မြန်နဲ့ ကျနော်က 'ကိုကိုကြီး… ကိုကိုကြီး' လို့ အော်ခေါ်လိုက်မိသည်။ ဒါပေမဲ့ အခေါ်ခံရတဲ့သူက ကျနော်တို့ရှိရာ ဘုရားပေါ်သို့မော့ကြည့်ပြီး ဘာမှ ပြန်တုံ့မပြန်။
အဲဒီတော့မှ ကျနော့်တို့နဲ့ပါလာတဲ့ အစ်မတွေက 'အဲဒါ နင့်အစ်ကို မဟုတ်ဘူး… လူမှားပြီးခေါ်နေတာ' ဆိုတော့မှ မှားပြီးခေါ်မိမှန်းသိရသည်။ 'တော်သေးတာပေါ့ လူတွေမမြင်ရလို့ နို့မို့ဆို ရှက်စရာကြီးနော်…' လို့ ဇက်ကလေးပုပြီးရယ်ကျဲကျဲနဲ့ ပြောလိုက်မိသည်။ ကျနော့်အစ်ကိုက ကျနော်တို့နဲ့အတူ မလိုက်ဘဲ ကျောင်းမှာ ကျန်ရစ်ခဲ့သည်မို့ တောင်အောက်မှာလှမ်းတွေ့လိုက်သူကို ကိုကိုကြီးလို့ပဲ ထင်မှတ်လိုက်ပြီး လှမ်းခေါ်လိုက်မိခြင်းဖြစ်သည်။
နောက်တနေ့ ကျောင်းမှာ အလှူနေ့ဖြစ်တော့ အနီးအပါးက လူတွေနှင့် ကျောင်းမှာ လူတွေအများကြီးဖြစ်လို့နေသည်။ အဲဒီအချိန်မှာ မနေ့ညနေက တောင်ပေါ်ဘုရားပေါ်တက်တုန်းကပါလာတဲ့ အစ်မတစ်ယောက်က 'ဟေး…ဟိုမှာ.. မင်း ကိုကိုကြီး လာတယ်။ တွေ့လား… ဟိုမှာ ဒီဘက်ကို ကြည့်ပြီး ရယ်နေတယ်'  လို့ ကျနော့်ကိုလှမ်းပြောပါသည်။ ကျနော့်အစ်ကိုထင်ပြီး မှားခေါ်မိလို့ ခရီးတစ်လျှောက်လုံး ကျနော့်နာမည် ကိုကိုကြီးလို့ တွင်သွားခဲ့ပါသည်။ အဲဒါက မှတ်မှတ်ရရ ရယ်စရာလေးတစ်ခုပါ။ အခု အစ်မတွေနဲ့ ကြုံတိုင်းလည်း သတိရတိုင်း ကျနော့်ကို စနေကြတုန်းပါပဲ။
အလှူနေ့ပြီးတော့ တရက်နားပြီး ကျနော်တို့ မင်းကွန်းဆရာတော်ဘုရားကြီးကျောင်းတိုက်က ကားနဲ့ ပုဂံသို့ ခရီးဆက်ခဲ့ကြသည်။

 Image and video hosting by TinyPic

Wednesday, September 28, 2011

ကျနော်တို့ရဲ့ ဧရာဝတီကို ကာကွယ်ကြပါစို့...



ဧရာဝတီမြစ်ဆုံမှာ ဆည်ဆောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး လူအများက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျနော်လည်း ကျနော်နဲ့ နီးစပ်တဲ့၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း လူငယ်များရဲ့ သဘောထားအမြင်တွေကို မေးကြည့်မိပါတယ်။
လူအများကတော့ အဲဒီ မြစ်ဆုံဆည်ရဲ့ ဆိုးကျိုးတွေကို စာတွေဖတ်ပြီး သိမြင်တဲ့အမြင်ရယ် ပြီးတော့ ဧရာဝတီကို ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့ "ဧရာဝတီဆိုတာ တစ်ဦးတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ လုပ်ချင်တိုင်း လုပ်လို့ရမလား။ ဧရာဝတီက ပြည်သူတွေပိုင်တာပဲ။ ဒီဆည်ဆောက်တာကို တို့ကတော့ နည်းနည်းမှ သဘောမတူနိုင်ပါဘူး။ ဒီအစိုးရ ဆောက်ရဲရင် ဆောက်ကြည့်လိုက်ပါလား.." အဲသလို တက်တက်ကြွကြွ ရဲရဲရင့်ရင့်ဖြေသံကြားရရင်ဖြင့် ကျနော့်ရဲ့ နှလုံးခုန်သံတွေက ပူနွေးပြီး မြန်ဆန်လာတတ်ပါတယ်။ ပြီးတော့ ကျေနပ်အားရမိပါတယ်။ အဓိက က ဧရာဝတီဆိုတာ မြန်မာပြည်သား အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အသိ ကလေးရှိဖို့နဲ့ ကိုယ့်ရဲ့ ဧရာဝတီကို ကာကွယ်ချင်တဲ့ စိတ်တွေရှိဖို့ပဲ လိုတာမဟုတ်ပါလား။
ဒါပေမဲ့ တချို့ကလည်း "ဆောက်ချင်ဆောက်၊ မဆောက်ချင်နေ၊ စိတ်ကိုမ၀င်စားတာ" လို့ ဖြေသူများလည်း ရှိသဗျ။ အဲဒီလိုဖြေသံကြားရရင်ဖြင့် ကျနော့်ရဲ့ ရင်ခုန်သံတွေ ခေတ္တရပ်တန့်သွားသလို အေးစက်စက်ခံစားချက်နဲ့ ၀မ်းနည်းမိပြန်ပါတယ်။  ဒီအရေးကိစ္စကြီးကို ကိုယ်နဲ့မဆိုင်သလိုများ နေစိမ့်လိုက်လေခြင်းလို့လည်း တဆက်တည်းတွေးလိုက်မိပါတယ်။
အဲ…တချို့ကျပြန်တော့လည်း "အခုမှ ဧရာဝတီကို လာချစ်ပြနေကြတယ်… အရင်ကတော့ မသိသလိုနေနေကြပြီး…" ဆိုပြီးလည်း စိတ်ပျက်စရာကောင်းအောင် ပြောတတ်ကြသေးတယ်။ တော်သေးတာက အဲလိုလူမျိုးက တစ်ယောက်တလေပဲ ရှိလို့ဗျို့။ နို့မို့ဆိုရင်တော့ ရင်လေးစရာပါပဲ။
ရင်လေးစရာဆိုလို့ တလောက လျှပ်စစ်ဝန်ကြီးပြောသွားတဲ့ စကားတွေကိုဖတ်အပြီးမှာတော့ စိတ်လည်း ပျက်မိသလို ကျနော်တို့တိုင်းပြည်မှာ အဲသလိုလူမျိုးတွေက နိုင်ငံခေါင်းဆောင်တွေဖြစ်နေပါလားလို့တွေးမိပြီး ရင်လေးရပါတယ်။ ပြီးတော့ မြန်မာပြည်မှာ သူလောက်တော်တဲ့သူ၊ တတ်တဲ့သူမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တာဟာ လူရယ်စရာကြီး ဖြစ်လို့နေပါတယ်။ လူတစ်ယောက် ပညာမရှိဘူး ရှိတယ်ဆိုတာ သူ့ရဲ့ အပြောအဆိုကို အကဲခတ်လိုက်ရင်ပဲ သိမြင်နိုင်ပါတယ်။
ဒီနေရာမှာ ကျနော့်ကို အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာပြောတဲ့ စကားလေးကို သွားသတိရလိုက်မိပါတယ်။ "I am perfect." တဲ့။ ငါပဲ တော်တယ်၊ ငါပဲ တတ်တယ်၊ ငါသာလျှင် အတော်ဆုံးဆိုတာ မရှိပါဘူးတဲ့။ ပြီးပြည့်စုံတဲ့သူဆိုတာ ကျနော်တို့ရဲ့ ဘုရားရှင်ပဲရှိပါတယ်တဲ့။ လောကမှာ အလုံးစုံပြီးပြည့်စုံတယ်၊ တော်တယ်လို့ ကိုယ့်ကိုယ်ကိုပြောတဲ့သူတွေမှာ ဘုရားကလွဲရင် ကျန်တာ သူရူးတွေပါပဲလို့ ဆရာက ပြောသွားပါတယ်။
ဒါကို တချို့တချို့လူတွေက ငါသာလျှင်အတော်ဆုံးဆိုပြီး အရူးလိုကြွေးကြော်တတ်ကြပါသေးတယ်။။ အဲသလိုပြောတဲ့သူက ဘုရားလောင်းလျာလား။ ဘုရားလောင်းလျာ မဟုတ်ရင်တော့ သူက အရူးပဲဖြစ်ပါလိမ့်မယ်။ အခု သူသာလျှင် အတော်ဆုံးလို့ ပြောသွားတဲ့ လျှပ်စစ်ဝန်ကြီးကတော့ ဘုရားလောင်းလျာ လုံးဝလုံးဝမဖြစ်နိုင်လေတော့ ဖြစ်နိုင်စရာတစ်ခုပဲရှိပါတယ်။ ဒါကတော့ ကျနော်ဆက်မပြောတော့ပါဘူး။ တွေးကြည့်ကြပါကုန်။
မြန်မာပြည်သားတွေပိုင်တဲ့ ဧရာဝတီမြစ်ကြီးကို ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်အကျိုးစီးပွားအလို့ငှာ တိုင်းတပါးကို ရောင်းစားတဲ့ အနာဂတ်အရေး မျှော်မတွေးတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကြောင့် ဧရာဝတီမြစ်ကြီး သေဆုံးရတော့မယ်။ ပစ္စုပ္ပန်ကိုသာ ကြည့်ပြီး အနာဂတ်အတွက် ပူပင်မှု မရှိတဲ့ ထိုထိုသူများကြောင့် ဧရာဝတီမြစ်ကြီး  နစ်မွန်းတော့မယ်။ မြန်မာပြည်ကြီးကို တတိတိလှီးဖြတ်တာ အားမရသေးလို့… ဟော ခုတော့ ခုတ်ပိုင်းကြပြန်ပြီ။ တိုင်းပြည်က ထွက်သမျှ သဘာဝသယံဇာတများလည်း ကုန်သလောက်ရှိပြီ၊ နောက်ဆုံး နိုင်ငံကိုပါ ရောင်းဖို့စဉ်းစားလာကြပြန်တယ်။
သဘာဝသယံဇာတနဲ့ ပတ်သက်ပြီး ဆရာမောင်ဝံသကပြောထားတဲ့ စကားလေးကို ကျနော်အရမ်းပဲ နှစ်ခြိုက်မိပါတယ်။ ဆရာက ဘာပြောထားလဲဆိုရင် "တခြားနိုင်ငံတွေမှာ သူတို့တိုင်းပြည်က ထွက်တဲ့ သံယဇာတတွေကို မသုံးပါဘူးတဲ့။  တခြားတိုင်းပြည်တွေကနေ ၀ယ်ပြီး သုံးနေကြတယ်၊ တချိန်ချိန်အရေးတကြီး လိုအပ်ချိန်ကျမှ ထုတ်သုံးဖို့အတွက် ထားထားပါတယ်" တဲ့။ ပြီးတော့ ဆက်ပြီး ဆရာက "တကယ်တော့ သယံဇာတဆိုတာ အခုလက်ရှိပြည်သူပြည်သားတွေနဲ့တင်ဆိုင်တာ မဟုတ်ပါဘူးတဲ့၊ နောင်လာမဲ့ မျိုးဆက်တွေနဲ့ပါ သက်ဆိုင်ပါတယ်" လို့ ဆရာပြောထားတာကို ကျနော်ဖတ်လိုက်ရပါတယ်။
အဲဒီမှာ ကျနော်တွေးလိုက်မိတာက ကျနော်တို့ မြန်မာပြည်မှာလည်း သဘာဝသယံဇာတကို ဖြုန်းတီးမပစ်ဘဲ နောင်လာမယ့် မျိုးဆက်တွေနဲ့ဆိုင်တယ်လို့ စဉ်းစားပြီး ခြိုးခြံချွေတာပြီး တန်ဖိုးထားတတ်မယ့် ခေါင်းဆောင်မျိုးရှိရင် သိပ်ကောင်းမှာပဲလို့ တောင့်တလိုက်မိပါတယ်။ ခုတော့ ကျနော့်ရဲ့ ဆန္ဒတွေက မနီးစပ်နိုင်တဲ့အပြင် မျှော်လင့်လို့မရတဲ့ အဆိုးဆုံး အနေအထားကိုတောင် ရောက်သလိုဖြစ်နေပါပြီ။ နောင်လာမယ့် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် တိုင်းပြည်ရဲ့ ဘယ်လို အမွေအနှစ်ကောင်းတွေကို ချန်ထားရစ်ခဲ့မလဲဆိုတာ စဉ်းစားမှ ကျနော်တို့ လူကြီးပီသမှာပေါ့။ ဒီမြစ်ဆုံဆည်ကြီးသာ အကောင်အထည်ပေါ်သွားကြည့်ပါလား။ နောင်လာမယ့် မျိုးဆက်တွေအတွက် ကျနော်တို့ ချန်ထားခဲ့တဲ့ အရာတွေက ကပ်ဘေးဆိုးတွေရယ်၊ လူမျိုလို့ လူမျိုးပျောက်မယ့် အရေးတွေရယ်ပဲ ဖြစ်သွားမှာပေါ့။
ကျနော်တို့ငယ်ငယ်က သင်ရိုးညွှန်းတန်းမှာ ဧရာဝတီမြစ်အကြောင်း သင်ရပါတယ်။ အဲဒီမှာ အသည်းစွဲနေတဲ့ အကြောင်းအရာတစ်ခုကတော့ ဧရာဝတီမြစ်ဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတဲ့ စကားကိုပါပဲ။ ဧရာဝတီ သေဆုံးသွားတာဟာ ကျနော်တို့ရဲ့ အသက်တွေ၊ သွေးတွေ သေဆုံးပျောက်ကွယ်သွားမှာနဲ့ အတူတူပါပဲ။
ပြီးတော့ အခုဆည်ဆောက်မယ်ဆိုတဲ့ မြစ်ဆုံဟာ ကချင်တိုင်းရင်းသားတွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုပါပဲ။ ဒီနေရာမှာ “ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူပြောသွားတာ ကျနော်သဘောကျပါတယ်။ ကချင်လူမျိုးနှစ်သောင်းကျော်ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီးတစ်ခုလုံးအကျိုးရှိရင် ကျမတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုးနပ်ပါတယ်" လို့ပြောသွားပါတယ်။ အဲဒီလိုပြောသွားတဲ့ ကချင်အမျိုးသမီးကို ကျနော်လေးစားမိပါတယ်။
အများအကျိုးအတွက်သာကောင်းမယ်ဆိုရင်ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို လေးစားမိသလို၊ သူတို့လူမျိုး အနစ်နာခံရဲပါလို့ ရင်နာနာနဲ့ ပြောရမယ့် သူ့ရဲ့စကားအတွက်လည်း ၀မ်းနည်းမိပါတယ်။ တကယ်ပဲ ဒီစီမံကိန်းက အများအတွက် အကျိုးရှိမယ့် စီမံကိန်းဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ စဉ်းစားနေစရာကို မလိုပါဘူး။ ဒီစီမံကိန်းကြောင့် ဘယ်သူတွေက အကျိုးအမြတ်ဖြစ်မှာလဲ။ တရုတ်နဲ့ မြန်မာပြည်က လက်တစ်ဆုပ်စာ လူနည်းစုအပြင် တခြားဘယ်သူ့အတွက်မှ အကျိုးအမြတ်မရှိဘူးဆိုတာ စဉ်းစားစရာကို မလိုတဲ့ အကြောင်းအရာတစ်ရပ်ပါ။
ဒါကြောင့် ကျနော်တို့ရဲ့ဧရာဝတီ ဆက်လက်စီးဆင်းနိုင်ဖို့ အစွမ်းကုန် ကယ်တင်ကြရပါမယ်။ ဧရာဝတီကို ကယ်တင်ဖို့က နိုင်ငံသားတိုင်းရဲ့ သမိုင်းပေး တာဝန်တစ်ရပ်ပါပဲ။ မြန်မာပြည်နဲ့ ဧရာဝတီဟာ ခွဲခြားလို့မရတဲ့၊ ယှဉ်တွဲနေတဲ့ အရာတွေပါပဲ။ ဧရာဝတီပျက်စီးမယ့် အရေးဟာ မြန်မာပြည့်အရေးပါပဲ။ ကျနော်တို့ မွေးဖွားလာကတည်းက နိုင်ငံ့အကျိုးအတွက် ဘာတွေလုပ်ဆောင်ပြီးပြီလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့အခါ ဖြေစရာအဖြေမရှိခဲ့။ ခုတော့ ဧရာဝတီကိုကာကွယ်ဖို့ ကျနော်တို့အရေး၊ ကျနော်တို့ရဲ့ တာဝန်ဖြစ်လာပါပြီ။ ဒီတော့ မိမိနိုင်ငံနဲ့ မိမိလူမျိုးကို ချစ်တဲ့သူတိုင်း မြန်မာနိုင်ငံသားတွေရဲ့ ဧရာဝတီကို စောင့်ရှောက်ကြပါစို့။

Image and video hosting by TinyPic

Sunday, September 18, 2011

ညီမလေးက ပြောတယ်… ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့လူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။


ညီမလေးက ကျနော့်ကို တကယ်ပဲ အဲဒီလိုပြောခဲ့ပါတယ်။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာရှိတယ်လို့…လေ။ ညီမလေး သတိပေးလည်း ပေးချင်စရာပါပဲ။ ကျနော်ဆိုင်ကယ်စီးရင် ကြမ်းလွန်းတဲ့အတွက် ကျနော့်နောက်ကနေ သူမလိုက်ချင်ပါဘူး။ ကျနော် ရွာပြန်တိုင်း ဆိုင်ကယ်တစ်စီးနဲ့ အမျိုးတွေဆီ လျှောက်သွားတတ်ပါတယ်။ အလုပ်ပိတ်ရက်ရှည်ရရင်ဖြင့် ကျနော်တို့မြို့ ကလေးကတဆင့် ကျနော့်ရဲ့ ဇာတိရွာကလေးကို ရောက်သွားတတ်ပါတယ်။ အဲဒီရွာကလေးက မြို့နဲ့ ခြောက်မိုင်လောက်ဝေးပါတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်သွားရပါတယ်။ ရွာရဲ့ လူအများစုက လယ်ယာအလုပ်နဲ့ အသက်မွေးကြပါတယ်။ မိုးရာသီဆိုရင် စပါးတွေစိုက်ပြီး နွေရာသီဆိုရင် ပဲတို့ နေကြာတို့လည်း စိုက်ပျိုးကြတယ်။
          အဲဒီကျနော်တို့ရွာလေးက မြို့နဲ့ခြောက်မိုင်လောက်သာဝေးပေမဲ့ လျှပ်စစ်မီးမရှိပါဘူး။ တတ်နိုင်တဲ့သူများကတော့ မီးစက်ကလေးတွေနဲ့။ မတတ်နိုင်သူများလည်း ရေနံဆီမီး၊ ဖယောင်းတိုင်မီးတွေနဲ့ပေါ့။ သူဟာနဲ့သူတော့ အသားတကျဖြစ်နေတာပါပဲ။ တလောက လျှပ်စစ်ဝန်ကြီးပြောသွားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ တခြားရောင်းစားနေရတယ်ဆိုတာ ကိုလည်း သူတို့စိတ်မ၀င်စားနိုင်ကြပါဘူး။ လျှပ်စစ်ဆိုတာ တောနေလူတန်းစားနဲ့ လုံးလုံးမအပ်စပ် မသက်ဆိုင်ဘူးလို့ပဲ ရိုးရိုးတွေးပြီး ပိုလျှံနေတဲ့ အဲဒီလျှပ်စစ်တွေကို မျက်စောင်းတောင်မထိုးအားဘဲ ဖယောင်းတိုင်မီး၊ ရေနံဆီမီးအိမ်လေးတွေနဲ့ပဲ အများစုက နေသားတကျဖြစ်လို့နေတယ်။ ဒါတွေ ထားပါတော့လေ။ ဆက်ပြောနေရင် ကျနော့် ညီမလေးပြောတဲ့ အကြောင်းက လိုရင်းမရောက်နိုင်ဖြစ်ရော့မယ်။
လူနေထူထပ်တဲ့ လေကောင်းလေသန့် မရတဲ့ မြို့ပြကြီးကို မွန်းကျပ်တိုင်း ကျနော်တို့ ရွာကလေးကို လွမ်းနေမိတာပါပဲ။ ဒါကြောင့် ပိတ်ရက်ရှည်လေးရရင် ရသလို အဲဒီရွာကလေးမှာ အသက်၀၀သွားရှူမိတယ်ဗျာ။ အဲဒီရွာကလေးမှာ လေတွေက လတ်ဆတ်တုန်း၊ သဘာဝရှူခင်းတွေက စိမ်းညို့တုန်းဗျာ။ ပြီးတော့ မြို့ပြက တိုက်ခန်းတွေပေါ်ကနေ ကောင်းကင်ကို မော့မော့ကြည့်ပြီး ကြယ်ကလေးတွေကို လိုက်ရှာပေမဲ့ ကြယ်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် အခိုးအခွေ့တွေနဲ့ ဖုံးအုပ်နေလို့ မတွေ့ပေမဲ့ ကျနော့်ရဲ့ ရွာကလေးမှာတော့ ကောင်းကင်ဘယ်နေရာကိုပဲ ကြည့်ကြည့် ကြယ်ကလေးတွေက အလင်းရောင် တလတ်လတ်နဲ့ ကောင်းကင်ကြီး အပြည့်ပဲဗျာ။
          ကျနော် အဲဒီလိုရွာပြန်တိုင်း ပြန်တိုင်း အိမ်မှာ အမြဲမနေတတ်ပါဘူး။ ဆိုင်ကယ်တစ်စီးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လျှောက်သွားတတ်တယ်။ နေပူထဲလည်း လျှောက်သွားနေလို့ ကျနော့်မေမေရဲ့ အဆူလည်း ခံရပေါ့ဗျာ။ ဒီနှစ် နွေရာသီမှာ ကျနော်ရွာပြန်တော့ မေမေက ရွာထဲကို သွားစရာရှိလို့ ကျနော့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပါတယ်။ မေမေက ဖေဖေမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ရတာထက် ကျနော့်နောက်က လိုက်ရတာ ပိုစိတ်ချတယ်လို့လည်း ပြောသေးတယ်။
          အဲဒီလိုနဲ့ မေမေသွားချင်တဲ့ နေရာကို ကျနော်လိုက်ပို့ရပါတယ်။ ကျနော့်နောက်ကနေ မေမေက ဖြေးဖြေးမောင်းနော် ဖြေးဖြေးမောင်းနော်…..လို့ ပြောလာတာ လမ်းတလျှောက်လုံးပါပဲ။ ဒါပေမဲ့ ကျနော်မေမေ့ စကားကို နားမထောင်ခဲ့ပါဘူး။ လမ်းကလည်း ချိုင့်တွေကျင်းတွေနဲ့ ချောချောမွေ့မွေ့မရှိပါဘူး။ တစ်နေရာအရောက်မှာတော့ ချိုင့်ထဲကိုကျပြီး ပြန်အတက် ဆိုင်ကယ်က ဇက်ခေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လဲကျပါတော့တယ်။ အဲဒီအချိန်မှာ စက္ကန့်ပိုင်းလောက် ကျနော်ဘာကိုမှ မသိတော့ပါဘူး။ နောက် သတိပြန်ဝင်လာတော့ မေမေ့အတွက် စိတ်ပူပြီး မေမေ့ကိုကြည့်လိုက်တော့ မတ်တပ်ရပ်လျက်သားလေး တွေ့လိုက်ရတယ်။ မေ…ဘာဖြစ်သွားသေးလဲဟင်…ဘယ်နားနာသွားလဲ….ဒဏ်ရာရသွားသေးလား.. စတဲ့ မေးခွန်းတွေမေးချိန်မှာ မေမေကလည်း ကျနော့်ကို အလားတူပြန်မေးလို့နေတယ်။
          အဲဒီတုန်းက ကံကောင်းထောက်မစွာနဲ့ မေမေက ဘာဒဏ်ရာမှ မရခဲ့ပါ။ ကျနော်တို့သားအမိ အဲဒီလို ဆိုင်ကယ်နဲ့လဲကျသွားချိန်မှာ ကျနော့်တို့နားက ဖြတ်သွားတဲ့ ဆိုင်ကယ်နှစ်စီးက ဘာဖြစ်သွားသေးလဲ…. ဘယ်လိုဖြစ်တာလဲ သတင်းလာမေးပြီး၊ ကျနော်နဲ့မေမေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူပြီးမေးမြန်းနေတာနဲ့ လဲကျနေတဲ့ ဆိုင်ကယ်ကြီးပြန်မထောင်အားတာက ဆိုင်ကယ်ကိုပြန်ထောင်ပေးပြီး စက်ရပ်ပေးပါတယ်။ လဲကျသွားတာတောင် စက်ကမရပ်ဘဲ ဆိုင်ကယ်နောက်ဘီးကြီးက ထောင်နေပြီး တ၀ှီးဝှီးနဲ့ မြည်နေတော့ သူတို့က စက်ရပ်ပေးပါတယ်။
          လာကူညီတဲ့ သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိရဲ့လားတောင် ခုချိန်ပြန်စဉ်းစားရင် မမှတ်မိတော့ပါဘူး။ အဲဒီအချိန်က ဆိုင်ကယ်လဲကျလို့ မေမေ့အတွက် စိတ်ပူတာရော တခါမှ အခုလိုမဖြစ်ဘူးတာကြောင့် ရှက်တာရော အားလုံးပေါင်းစုံပြီး သူတို့ကိုလည်း ကျေးဇူးတင်စကား ပြောမိပါရဲ့လား မသိတော့။ အဲဒီတုန်းက ကျနော့်ခြေထောက်မှာ ပွန်းပဲ့သွားရုံကလွဲပြီး တခြားဘာဒဏ်ရာမှတော့ မရခဲ့။ ပွန်းတာပဲ့တာလောက်ကတော့ ရွာပြန်တိုင်း ကျနော်ရနေကျ ဒဏ်ရာတွေဆိုတော့ သိပ်မပြောပလောက်ပါ။ တခါတလေ သစ်ပင်ရိပ်မှာ စာအုပ်တအုပ်နဲ့ စာဖတ်ရင်း သရက်သီးစားချင်စိတ်ပေါက်လို့ သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးမိလို့ သစ်ကိုင်းနဲ့ထိုးမိတဲ့ ဒဏ်ရာနဲ့၊ အဲဒီလိုဖြစ်တိုင်းလည်း ဒဏ်ရာလည်းရ အဆူလည်း ခံရတာပါပဲ။ ကလေးမဟုတ် သူငယ်မဟုတ်… ဒီအရွယ်ကြီးနဲ့ သစ်ပင်ပေါ်တက်ရလား၊ တယောက်ယောက်ကို ခူးခိုင်းပါလား။ အဲဒါ မိန်းကလေးတဲ့လား… စတဲ့ စတဲ့ အမျိုးစုံပါပဲ။
အခုဆိုင်ကယ်နဲ့ လဲတာတော့ အဆူမခံရပါဘူး။ နည်းနည်းလေး ဒဏ်ရာရပေမဲ့ မေမေ မေးတော့ ဘာမှမဖြစ်ဘူးလို့ပဲ စိတ်ချမ်းသာအောင်ပြောလိုက်မိပါတယ်။ တကယ်တော့ နောက်ပိုင်းမှ သေချာစဉ်းစားမိတာက အဲဒီလို လဲကျတုန်း မေမေဘာမှမဖြစ်လို့ တော်ပါသေးရဲ့လို့။ မေမေသာ တစ်ခုခုဖြစ်သွားရင် ကျနော်တော့ မတွေးဝံ့အောင်ပါပဲ။ နောက်ဆို ဆင်ခြင်ရပါမယ်။ ကျနော့်ဆိုင်ကယ်နောက်မှာ မေမေတို့ ညီမလေးတို့ လိုက်လာရင်ဖြင့် အထူးသတိထားပြီး မောင်းပါတော့မယ်လို့ တွေးနေမိပါတယ်။
          မေမေက ကျနော်ဆိုင်ကယ် အမောင်းကြမ်းလို့ ခဏခဏပြောတဲ့ စကားရှိတယ်။ မွေးထားတုန်းက အကောင်းလေး ကြီးလာမှ အကျိုးလေးဖြစ်နေမယ်…လို့ စိတ်ဆိုးဆိုးနဲ့ ပြောလေ့ရှိပါတယ်။ မေမေအဲလိုပြောတိုင်း ကျနော်ပြန်ပြောမိတာက ကိုယ့်အရှိန် ကိုယ်သိပါတယ် မေကလည်း… ဖြစ်ရင်တော့ ဘယ်တော့မှ ကျိုးပဲ့မှာမဟုတ်ဘူး… ဖြစ်ရင်တော့ အပြီးပဲ…ဆိုတဲ့ စကားကို ပြောလေ့ရှိတယ်။ အဲဒါဆို မေမေက မဟုတ်က ဟုတ်ကတွေ ပြောပြန်ပြီ… လို့ အထိတ်တလန့်နဲ့ မေမေ့ တားလေ့ရှိပါတယ်။
          ဟော အခုတော့ မေမေ့အပြင် ကျနော့်ထက် အသက် ၁၁နှစ်ငယ်တဲ့ ညီမလေးကပါ ပြောနေပါပြီ။ ကိုယ့်ထက် ဆိုင်ကယ်စီးမြန်တဲ့သူ သင်္ချိုင်းကုန်းမှာ ရှိတယ်တဲ့။ အဲဒီစကားက သူတို့ကျောင်းကို ယာဉ်ထိန်းရဲတွေလာပြီး ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းတွေလာပြောရင်း ပြောသွားတာတဲ့။ ပြီးတော့ ညီမလေးက ကျနော်မြို့ကလေးမှာ လတ်တလောလေးက ဖြစ်သွားတဲ့ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အသက်ငယ်ငယ်နဲ့ သေဆုံးသွားတဲ့ အစ်ကိုတစ်ယောက်အကြောင်းကို ပြောပါတယ်။ အဲဒီဆိုင်ကယ်မတော်တဆမှုဖြစ်တဲ့ အစ်ကိုက နိုင်ငံခြားမှာ အလုပ်လုပ်နေသူဖြစ်ပြီး မိဘညီအစ်ကိုမောင်နှမတွေဆီ တစ်လအလည်ပြန်လာတဲ့အချိန်လေးမှာ အဲဒီအဖြစ်ဆိုးနဲ့ ကြုံရတာပဲဖြစ်တယ်။ ဖြစ်တဲ့ နေရာမှာတင် ဦးနှောက်ထွက်ပြီး ပွဲချင်းပြီး အသက်ဆုံးသွားတဲ့ အကြောင်းကို ညီမလေးက စိတ်မကောင်းစွာနဲ့ပြောပြပြီး ကျနော့်ကိုလည်း သတိပေးပါတယ်။
ကျနော့်အတွက် စိတ်ပူလို့ပြောကြတဲ့ မေမေနဲ့ ညီမလေးတို့စကားကို ဒီတခါရွာပြန်ဖြစ်ရင် လိုက်နာပါတော့မယ်။ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပါတော့မယ်။ ဆိုင်ကယ်နဲ့ သွားလာလှုပ်ရှားနေတဲ့ ကျနော့်ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလဲ ဆိုင်ကယ်စီးရင် သတိထားပြီး ခပ်မှန်မှန်ပဲမောင်းပါလို့ ဒီကနေတဆင့် ပြောလိုက်ချင်ပါတယ်။ 
  Image and video hosting by TinyPic