Tuesday, June 26, 2012

ညီမလေးဖတ်ဖို့ (၅)


ညီမလေးရေ…

အချိန်တွေ ရာသီတွေက သူ့သဘာဝအတိုင်း တရွေ့ရွေကုန်လွန်လာနေတုန်း ခုဆို ညီမလေးက မမကြီးတို့ရဲ့ မျက်စိရှေ့တင် တဖြည်းဖြည်း အရွယ်ရောက်လာလိုက်တာ ဒီနှစ်ဆိုရင် ညီမလေးက ကိုးတန်းတောင်ရောက်ပြီပေါ့။ ဒီနှစ်တွေအတွင်းမှာ ညီမလေးက အရပ်ကြီးရှည်ပြီး ထွားလာလိုက်ပုံများ မမကြီးတို့တောင် အံ့သြယူရတယ်။ မမကြီးနဲ့ အသက် ၁၁နှစ်ကွာတဲ့ ညီမလေးက.. မမကြီးထက် အရပ်နည်းနည်းလေး နိမ့်တာကလွဲရင် ကိုယ်လုံးကိုယ်ထည်က မမကြီးထက်တောင် ဖွံ့ထွားနေသေးတယ်။
ခု ညီမလေးက ကိုတန်းဆိုတော့ နားရက်မရှိလောက်အောင်ကို ကျောင်းနဲ့ ကျူရှင်နဲ့ အလုပ်ရှုပ်နေမှာပေါ့။ ဟိုတရက်က မမကြီးဆီကို မေကြီးဖုန်းဆက်တယ်။ ည ဆယ်နာရီကျော်လောက်ပေါ့။ အဲဒီအချိန်ထိ ညီမလေး ကျူရှင်က ပြန်မလာရသေးဘူးတဲ့။ အဲဒါကြားတော့ မမကြီးစိတ်ထဲ မကောင်းဘူး။ ညီမလေးပေးရတဲ့အချိန်တွေနဲ့ တန်တဲ့ အသိပညာတွေ မမကြီးရဲ့ ညီမလေး ရနိုင်ပါ့မလားလို့ တွေးမိပြီးတော့ပေါ့။
လက်ရှိ မမကြီးတို့နိုင်ငံက ပညာရေးစနစ်က အလွန်ကိုနိမ့်ကျပြီး ဆိုးရွားနေတဲ့ အခြေအနေလေ။ မမကြီးတို့ ညီမလေးတို့က အဲဒီစနစ်တွေရဲ့ သားကောင်တွေပေါ့။  ဆရာကြီးအောင်သင်းကတော့ ဒီလိုပြောဖူးတယ် ညီမလေးရေ… `ပညာရေး စနစ်ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့်ပျက်သွားတာ´ လို့ ဆရာကြီးက ပြောခဲ့ဖူးတယ်။ ဒါတွေ ထားလိုက်ပါတော့။ ဆရာကြီးပြောတဲ့ နိုင်ငံရေးစနစ်ဆိုတာကို ခုချိန်မှာ ညီမလေး သေချာနားလည်နိုင်မှာ မဟုတ်သေးဘူး။ တစ်နေ့တော့ သမိုင်းကပြောတဲ့အမှန်တရားတွေကို ညီမလေးကောင်းစွာ နားလည်သဘောပေါက်နိုင်လိမ့်မယ်လို့ မမကြီး ယုံကြည်မိတယ်။
မိသားစုတစ်စုမှာ ကျန်းမာရေးစရိတ်က ပထမ၊ ပညာရေးစရိတ်က ဒုတိယလို့ ပြောကြတာ ညီမလေး ကြားဖူးမှာပေါ့။ မမကြီးတို့ မိဘတွေက ပြည့်စုံလွန်းလို့ မဟုတ်ဘဲ မမကြီးတို့ကို ပညာတတ်စေချင်လွန်းလို့ ကြိုးစားပြီး ပညာရေးကို ထောက်ပံ့ နေကြတာလေ။ ဒီလိုမျိုးပါပဲ မိဘတိုင်းက သူတို့ရဲ့ ပင်ပန်းမှုတွေကို မငဲ့ဘဲ ကိုယ့်သားသမီးတွေကို ပညာတတ်ပါစေတော့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သားသမီးတွေကို စာသင်ကျောင်းတွေကို ပို့ခဲ့ကြတယ်။
ညီမလေးရေ…အဲဒီ ကျောင်းတွေက သင်ကြားပို့ချမှုတွေက မိဘတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်ထိ အထောက်အကူဖြစ်နိုင်မလဲဆိုတာ မမကြီး စဉ်းစားကြည့်မိတယ်။ အရင် မမကြီးတို့ ကျောင်းတက်တုန်းကကော အခုညီမလေးတို့ လက်ထက်အထိကော ကျောင်းစာသင်ခန်းတွေမှာ သင်ထောက်ကူပစ္စည်းဆိုတာ မရှိခဲ့ဘူးနော်။ ဒီတော့ တကယ့်လက်တွေ့ဘ၀နဲ့ ဆပ်စပ်ဖို့အတွက် အလှမ်းဝေးခဲ့တယ်။
စာတစ်ပုဒ်ကို သင်ပြီး ဒါတွေဟာ တကယ့်လက်တွေ့ဘ၀နဲ့ ဆက်စပ်ပြီး အသုံးချလို့ရပါလားဆိုတဲ့ အတွေးတွေ ကျောင်းသားတွေဆီမှာ ၀င်မလာတော့ဘူးလေ။ ဒီ့တော့ စာတစ်ပုဒ်ကို ပုံသေကျက်၊ ပုံသေမှတ်တဲ့ အကျင့်တွေသာ ရလာခဲ့တယ်။ အာဂုံဆောင် နှုတ်တိုက်ရွတ်အဆင့်ကနေ တက်မလာခဲ့ဘူး။ ကျောင်းသားတွေကို ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းထက် အချက်အလက်တွေကို အလွတ်ကျက်မှတ်တာကိုသာ အားပေးနေတုန်း။
အခု ပုဂ္ဂလိကကျောင်းတွေ အတော်များများပေါ်လာခဲ့တယ်။ ဒါက ပိုက်ဆံတတ်နိုင်သူတွေအတွက်တော့ ကောင်းပါတယ်။ ကိုယ့်သားသမီးတွေကို အစိုးရကျောင်းမထားဘဲ သင်ယူနည်းစနစ် မတူတဲ့ ပုဂ္ဂလိကကျောင်း ပြောင်းထားမှာပေါ့။ ဒီထက်ပိုပြီး တတ်နိုင်သူများကျတော့လည်း နာမည်ကြီး နိုင်ငံခြားကျောင်းတွေမှာ သွားထားကြတယ်။ တချို့ကျတော့ ပညာရေးစနစ်ကြီး နိမ့်ပါးနေတာ သိရက်နဲ့ ငွေကြေးမတတ်နိုင်ဘဲ မလွဲသာလို့ ထားရတာရှိသလို တချို့မိဘများကျတော့လည်း ပညာရေးစနစ်ဆိုးကိုတောင် သတိမထားနိုင်ဘဲ စားဝတ်နေရေးလုံးပမ်းရတာ တစ်ဖက်၊ သားသမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်လွန်းလို့ ချို့ချို့တဲ့တဲ့ ဒုက္ခခံပြီး ထားရတဲ့ မိဘတွေလည်း ရှိတယ်ဆိုတာ ညီမလေးသိမှာပါ။
အဲဒီလိုနဲ့ ပညာရေးစနစ်ကြီးက ဆယ်စုနှစ်များစွာ လည်ပတ်လာလိုက်တာ… ခု ညီမလေး ဒီအရွယ်ရောက်တဲ့အထိပေါ့။ ခုချိန်မှာ မမကြီးတို့နိုင်ငံမှာ ပညာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေပြီ။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်ဆိုတဲ့ စကားကို ညီမလေးကြားဖူးမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထူးချွန်ထက်မြတ်ပြီး အတတ်ပညာ၊ အသိပညာကြွယ်ဝတဲ့ လူငယ်တွေ အများကြီးလိုအပ်တယ် ညီမလေး။
အခု မမကြီးနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေ တပုံတပင်ပဲ။ ဘွဲ့လက်မှတ်ချောင်ထိုးထားပြီး ဆိုက်ကားနင်းနေသူတွေ၊ လမ်းဘေးမှာ ကွမ်းယာရောင်းနေသူတွေ၊ ဈေးတန်းမှာ ငါးရောင်းနေသူတွေ၊ ….. အများကြီးပဲ ညီမလေး။ ဆယ်တန်းအောင်ပြီးတော့ ပိုက်ဆံမတတ်နိုင်လို့ အဝေးသင်တက္ကသိုလ်တက်တယ်။ တစ်နှစ်လုံးမှာမှ ၁၁ရက်သာ တက်လိုက်ရပြီး စာမေးပွဲဝင်ဖြေတယ်။ အောင်လာတယ်။ ဒီလိုနဲ့ သုံးနှစ်ပေါင်းကို ရက်ပေါင်း ၃၃ရက်နဲ့ ဘွဲ့လက်မှတ်တစ်ခု ရလာလိုက်တယ်။ အဲဒီဘွဲ့လက်မှတ်ရဲ့ တန်ဖိုးက ဘာလဲ။ အနှစ်မဲ့ပြီး စာရွက်တရွက်သာသာလောက် ပဲ တန်ဖိုးရှိတဲ့ အဲဒီလက်မှတ်နဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ညီမလေး စဉ်းစားတာကြည့်ပေတော့။
ပိုက်ဆံတတ်နိုင်တဲ့ သူများကျပြန်တော့လည်း Day တက်တယ်။ Day က တနင်္လာကနေ သောကြာနေ့အထိ တက်ရတယ်။ ဘာသာရပ်တိုင်းမှာ စာအုပ်ထဲကအတိုင်း အကုန်အစင် သင်တာမရှိဘူး။ ဟိုအခန်းကျော်လိုက် ဒီအခန်းကျော်လိုက်နဲ့ ရှေ့ဆုံးက နှစ်ပုဒ်သုံးပုဒ် အလယ်နားက နှစ်ပုဒ်သုံးပုဒ်  နောက်နားလေးက လေးငါးပုဒ်လောက်သင်ပြီး စာအုပ်တစ်အုပ် အဆုံးသတ်သွားတယ်။ စာသင်တာတွေ နားမလည်ရင် စာမေးပွဲအောင်ဖို့ သေချာချင်ရင် ကျူရှင်တက်။ ကျူရှင်မှာ စာမေးပွဲအတွက်ဆိုပြီး တစ်ပွဲတိုး သင်ပေးတယ်။ ဒီလိုနဲ့ ဘွဲ့လက်မှတ်ရလာခဲ့တယ်ပေါ့.. ညီမလေး။
ညီမလေးရေ… မမကြီး အခုပြောပြတာတွေ ကြားပြီး ညီမလေး စိတ်ဓာတ်ကျမသွားနဲ့ဦးနော်။ မမကြီးဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာတစ်ကြောင်းကို ညီမလေးကို ပြောပြမယ်။ အဲဒါဘာလဲဆိုတော့… `ပညာက ကိုယ့်ဆီမလာရင် ကိုယ်က ပညာဆီ သွားရမှာပဲ´ တဲ့။ အရမ်းကို ကောင်းပြီး အရမ်းအဓိပ္ပာယ်ရှိတဲ့ စကားလေးပဲနော်။ ညီမလေးလည်း ပညာဆီကို သွားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ မမကြီး ဆန္ဒပြုပါတယ်။
ပညာကို တန်းဖိုးထားတတ်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ညီမလေး။

 Image and video hosting by TinyPic

Sunday, June 10, 2012

Center for Myanmar Media Development Journalism School

ဒီနေ့ ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တော့ ဆရာမောင်ဝံသဖေ့စ်ဘွတ်ခ်မှာသတင်းတခုတွေ့လိုက်ရတယ်။ ကျနော့်အတွက် အတိုင်းမသိပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာတဲ့ သတင်းတခုပါ။ ဆရာက သတင်းစာပညာ သင်တန်းဖွင့်လှစ်ဖို့အတွက် ၀ါသနာပါသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်ဆိုတဲ့ သတင်း တင်ထားပါတယ်။
ဆက်သွယ်စုံစမ်းဖို့ ဆရာဖုန်းနံပါတ်လည်း ပါတယ်။ ဒီတော့ ဆရာ့ဆီဖုန်းဆက်ပြီး စုံစမ်းမိတယ်။ ဆရာက CV ဖောင်ပို့ပေးဖို့ပြောပါတယ်။ ပြီးတော့ ဘယ်မှာနေလဲ မေးတယ်။ အင်းစိန်မှာနေတာ ဆရာ…လို့ ပြန်ဖြေတော့ ဆရာက သင်တန်းချိန် ၈နာရီဆိုတော့ အရောက်လာနိုင်ပါ့မလားလို့ မေးတယ်။ အရောက်လာနိုင်ပါတယ် ဆရာ… လို့ စိတ်အားထက်သန်စွာနဲ့ ဖြေလိုက်မိတယ်။
ချက်ခြင်းပဲ ဆရာ့အီးမေးလ်ထဲကို CV ဖောင် ပို့လိုက်ပြီး မကြာခင်ပဲ ဆရာ့ဆီက Reply ပြန်လာတယ်။ မေလနောက်ဆုံးပတ် မတိုင်ခင် သင်တန်းတက်ခွင့်ရမရ အကြောင်းပြန်မယ်လို့ ပြောထားတယ်။ အဲဒီအချိန်မှာ သင်တန်းတက်ခွင့်မရခဲ့ရင်ဆိုတဲ့ စိတ်က ကျနော့်ကို အလွန်အမင်းခြောက်လန့်ခဲ့တယ်။
ဆရာ့ဆီကို CV ဖောင်ပို့ပြီး နှစ်ရက်လောက်ကြာတော့ ကျနော့်မေးလ်ထဲကို ဆရာ့ဆီက အီးမေးလ်ရောက်နေတာ တွေ့လိုက်ရတယ်။ စိတ်လှုပ်ရှားစွာနဲ့ အဲဒီအီးမေးလ်ကို ဖွင့်လိုက်မိတယ်။ အီးမေးလ်က သင်တန်းတက်ခွင့်ရတယ်ဆိုတဲ့ အကြောင်း ပြီးတော့ အချိန်ရရင် ဇွန်လလေးရက်နေ့ သင်တန်းကို မစောင့်ဘဲ အခု ပထမဆုံးဖွင့်တဲ့ အပတ်စဉ်သင်တန်းမှာ Journalism English စသင်နေလို့ အရေးကြီးတဲ့ သင်ခန်းစာဖြစ်တာမို့ အချိန်ရရင် တက်စေချင်တဲ့အကြောင်း ရေးထားပါတယ်။
ဆရာ့ဆီကို အီးမေးလ်ကတဆင့် ချက်ခြင်းပဲ ၀မ်းသာအားရ အကြောင်းပြန်မိတယ်။ ဆရာပြောသလိုပဲ ဇွန်လ ၄ရက်နေ့အထိ မစောင့်ဘဲ အခုသင်တန်းကစပြီး တက်ပါ့မယ်ဆိုတဲ့အကြောင်းပါ။
သင်တန်းကို ၁၄.၅.၂၀၁၂ရက်နေ့မှာ စတက်ခဲ့တယ်။

Monday, February 13, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇နှစ်မြောက် မွေးနေ့ အမှတ်တရ

Type rest of the post here Image and video hosting by TinyPic

ညီမလေးဖတ်ဖို့ (၂)


          အဲဒီနေ့ MRTV-4 က ထုတ်လွှင့်တဲ့ ဆရာမောင်သာချိုနဲ့ တွေ့ဆုံခန်းကို မမကြီးနဲ့အတူ ထိုင်ကြည့်နေရင်း ဆရာ့ကို အစီအစဉ်တင်ဆက်သူက သမီးဖတ်ဖို့စာအုပ်အကြောင်းမေးတယ်။ မမကြီးစိတ်ထင် အဲဒီအစီအစဉ်လေးက မိနစ်နှစ်ဆယ်လောက်ပဲရှိမယ်ထင်တယ်။ အဲဒီမှာ ဆရာပြောတဲ့ စကားတွေထဲမှာ မှတ်မှတ်ရရရှိနေတာကတော့ ‘ကျနော့် မိတ်ဆွေ တယောက်က ဒီစာအုပ်ကို ဝေဖန်ဖူးတယ်။ ခင်ဗျား စာအုပ်က ရေးထားတဲ့ ဆောင်းပါးတွေက ဥပဒေအရ အရေးယူလို့ မရတဲ့ မကောင်းမှုတွေကိုရေးထားတာပဲ ’ ဆိုတာရယ် ‘ပုဇွန်ထုပ်မှာပါတဲ့ လက်ညှက်ကြီးတွေကြီးလို့ ဈေးဝယ်သူက ပုဇွန်ထုပ်ရောင်းတဲ့သူကိုပြောတဲ့အခါ  ဈေးသည်က တမင်တကာ တပ်ထားတာမှ မဟုတ်တာပဲ’ ဆိုပြီး ဆရာက မေးမြန်းသူကို ပြောပြခဲ့တာကို မှတ်မိနေတယ်။ တကယ်တော့ ညီမလေးလည်း ဆရာ့ရဲ့အဖြေတွေကိုကြားပြီး အဲဒီစာအုပ်ကိုဖတ်ဖို့ စိတ်ဝင်စားသွားခဲ့တာ မဟုတ်လား။ ပုဇွန်ထုပ်မှာပါတဲ့ လက်ညှက်ကြီးတွေ တမင်တကာတပ်ထားတာ မဟုတ်ဘူးဆိုတဲ့ စကားကို ညီမလေး သဘောတကျနဲ့ ရယ်ခဲ့သေးတာပဲ။ မမကြီးကတော့ အဲဒီအစီအစဉ်ကို ထုတ်လွှင့်ပေးတဲ့ MRTV-4 ကို ကျေးဇူးတင်မိသေးတယ်။ နို့မို့ဆို မမကြီးက ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ပြောပေမယ့် အခုလောက်ဖတ်ဖို့ စိတ်ပါမှာ မဟုတ်ဘူးလေ။ ခုတော့ ဒီအစီအစဉ်လေးကို ကြည့်ပြီး ညီမလေး ဖတ်ဖို့စိတ်ပါသွားတယ်လေ။ အဲဒီစာအုပ်ထဲကနေ ညီမလေး လူမှုပေါင်းသင်းဆက်ဆံရေးတွေ သိလာမယ်။ ပြီးတော့ စိတ်ဓာတ်တွေ မြင့်မားလာမယ်။
          ညီမလေးရေ… လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ တကယ်တော့ ကျယ်ပြန့်လွန်းပါတယ်။ တကယ်တော့ မမကြီးကိုယ်တိုင်လည်း အဲဒီအထဲမှာ အသားမကျလှသေးပါဘူး။ မမကြီးလည်း တခါတရံ ကိုယ့်ရဲ့ ဒေါသတွေ အတ္တတွေ လောဘတွေက ထိန်းမနိုင် သိမ်းမရတဲ့အခါတွေလည်း ရှိနေဆဲပါ။ အသိစိတ်ကလေးလွတ်သွားရင် လွတ်သွားသလောက် အဲဒီအရာတွေက မြင်သာထင်သာလာတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သိစိတ်ကလေးက အဲဒီအရာတွေကို ချွန်းအုပ်နိုင်ရမယ်။ အဲဒီလို ချွန်းအုပ်နိုင်ဖို့ စာများများဖတ်သင့်တယ် ညီမလေး။ ဒါမှ ကိုယ့်ရဲ့ စိတ်ဓာတ်တွေ မြင့်မားလာမှာကိုး။
ဒီတပတ်တော့ ညီမလေးဆီက ဖုန်းလာလို့ မမကြီးဖုန်းလာကိုင်တော့ ညီမလေးက ထုံးစံအတိုင်းပဲ မမကြီးကို ပြောစရာရှိတယ်လို့ ပြောတယ်နော်။ မမကြီးလည်း ဘာပါလိမ့်ဆိုတဲ့ အတွေးနဲ့ စိတ်လှုပ်ရှားမိတယ်။ ဒီစိတ်လှုပ်ရှားတာက ညီမလေး ပြောစရာရှိတယ်ဆိုတိုင်း ဖြစ်နေကျ အကျင့်တခုရယ်ပါ။ ညီမလေးပြောတာက ညီမလေးတို့ကျောင်းက ရန်ကုန်ကို လေ့လာရေးခရီးတိုလေး တခု လာဖို့ရှိတယ်လို့ ပြောတာနော်။ အဲဒါ ဖွားဖွားက ညီမလေးကို စိတ်မချလို့ မထည့်ချင်ဘူးဆိုတာကြောင့် ဖွားဖွားကို မမကြီးက ကူပြောပေးဖို့ စစ်ကူခေါ်တာပေါ့နော်။ ညီမလေးကို မမကြီးမေးခဲ့တယ်နော်။ ရန်ကုန်ကို လေ့လာရေးလာမှာဆိုတော့ ဘယ်နေရာတွေလဲလို့လေ။ ဒီတော့ ညီမလေးပြောတာတွေက တပ်မတော်စစ်သမိုင်းပြတိုက်တို့ နက္ခတ်တာရာပြခန်းတို့ စတဲ့ နေရာတွေကို ယေဘုယျသိသလောက်လေး ပြောပြခဲ့တယ်နော်။ ညီမလေးရေ…ညီမလေးသွားသင့်တဲ့ သွားရမဲ့နေရာတွေ ရှိသေးတယ်ကွဲ့။ မမကြီးတို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့၊ ဗိုလ်ချုပ်နဲ့အတူ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေရဲ့ ဂူဗိမာန်တွေရှိတဲ့ အာဇာနည်ကုန်းကိုလည်း သွားရမယ်။ အင်း…ဒီနေရာတွေကိုတော့ ညီမလေးတို့လေ့လာဖို့ အခုချိန်မှာ မလွယ်သေးလောက်ဘူးထင်ပါရဲ့ကွယ်။ တနေ့နေ့ မဝေးတော့တဲ့ တနေ့တော့ ဒို့ညီအစ်မနှစ်ယောက် အဲဒီနေရာတွေကို လွတ်လွတ်လပ်လပ် သွားကြတာပေါ့နော်။
ဒါနဲ့ ညီမလေးရေ… ဒီလက ဖေဖော်ဝါရီလနော်။ ဒီလထဲမှာ ဘယ်သူ့မွေးနေ့ရှိ သိလား။ ညီမလေး တတိယတန်းမှာ သင်ခဲ့ရတဲ့ ‘အောင်ဆန်းဇာနည်’ ဆိုတဲ့ ကဗျာလေးကို မှတ်မိတယ် မဟုတ်လား။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

          အဲဒီကဗျာလေးကို ညီမလေး မမေ့ပါနဲ့နော်။ ခုနေခါ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် လာမယ့်ဖေဖော်ဝါရီ ၁၃ရက်နေ့ဆိုရင် ၉၆နှစ်မြောက်မွေးနေ့ပေါ့ကွယ်။ ဒါကြောင့် ညီမလေးလည်း ဒီဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဘယ်တော့မှ မမေ့ရဘူးနော်။ ညီမလေးတို့အတန်းက သူငယ်ချင်း တွေကိုလည်း မမေ့ဖို့ ညီမလေးက ပြောပြရမယ်နော်။ ပြောမယ့်သာ ပြောရတာပါ။ မမကြီးတို့ တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ပြည်သူတွေက တသက်မေ့မှာမဟုတ်ပါဘူး ညီမလေးရယ်။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေက တနိုင်ငံလုံးအပေါ်မှာရှိပါတယ်။ ဒါကြောင့် ညီမလေးက လိမ္မာယဉ်ကျေးတတ်ဖို့နဲ့ ကျေးဇူးသိတတ်သူဖြစ်အောင် ပြီးတော့ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူဖြစ်အောင် နေထိုင်ရမယ်နော်။
ညီမလေးရေ…ညီမလေးတို့ကျောင်းက သွားမယ့် လေ့လာရေးခရီးကိုလည်း လိုက်ခွင့်ရအောင် ဖွားဖွားကို မမကြီးပြောပေးပါ့မယ်။ ညီမလေးလည်း လေ့လာရေးခရီးစဉ်လေးမှာ ပျော်ရွှင်ပြီး အကျိုးရှိပါစေလို့ မမကြီး ဆုတောင်းပေးလိုက်ပါတယ်နော်။



Image and video hosting by TinyPic 

Monday, January 30, 2012

လမ်းကလေးမှာ….



ဒီလမ်းကလေးကို ကျနော်နေ့စဉ်သွားနေတာ ခြောက်လ၀န်းကျင်လောက်တောင် ရှိရော့မယ်။ မနက်မနက် ရှစ်နာရီလောက်ဆို အလုပ်သွားရင် ဒီလမ်းကနေ လမ်းလျှောက်ပြီး ကားဂိတ်ကိုလမ်းလျှောက်နေကျ။ ကျနော်လမ်းသွားနေတဲ့ လမ်းကလေးမှာ ထူးခြားတာလား။ အင်း… ဈေးကြီးတခုရယ် ပြီးတော့ ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးတကျောင်းရယ် ကျနော်သွားတဲ့ လမ်းမှာ ရှိနေတယ်လေ။
ဈေးတွေရဲ့ ထုံးစံအတိုင်း မနက်ပိုင်းဆို ဈေးဝယ်သူတွေနဲ့ စည်းကားနေတယ်။ ကျနော်သွားတဲ့ လမ်းတလျှောက်မှာလည်း ပန်းသည်၊ ဟင်းရွက်သည်တွေ၊ သားငါးသည်တွေ၊ ငါးပိငါးခြောက်သည်တွေ ပြီးတော့ မုန့်ပဲသရေစာရောင်းတဲ့ သူတွေ၊…. စတာတွေနဲ့ ပြည့်သိပ်လို့နေပါတယ်။ တခါတလေ ကံမကောင်းတဲ့အခါများတော့ အသားတင်တဲ့ကားကြီးကို သွေးသံရဲရဲနဲ့ အဲဒီလမ်းကလေးမှာ တွေ့ရတတ်ပါသေးတယ်။
အဲဒီလမ်းကလေးဟာ မနက်ပိုင်းတော့ ဈေးသည်တွေ ဈေးဝယ်သူတွေနဲ့ စည်ကားနေတတ်ပေမဲ့ ကျနော်အလုပ်က ပြန်လာတဲ့အချိန် ည ရှစ်နာရီဝန်းကျင်လောက်ဆို ကားပေါ်ကဆင်းဆင်းချင်း လမ်းထိပ်ကို စ၀င်တယ်ဆို ဧရာမအမှိုက်ပုံကြီးက ဆီးကြိုနေတာပါပဲ။ အဲဒီမှာ အမှိုက်သိမ်းအလုပ်သမားတွေရယ် အမှိုက်ကားကြီးရယ်ကို စတွေ့ရပါတယ်။ ပြီးတော့ လမ်းသွားလမ်းလာ တယောက်စ နှစ်ယောက်စရဲ့ စကားသံတွေက လွဲရင် တိတ်ဆိတ်နေတတ်ပါတယ်။
အဲဒီလမ်းကလေးမှာ ကျနော်နေ့စဉ်သွားလာနေတာ ခြောက်လလောက် ရှိပါတော့မယ်။ တရက် အလုပ်ကအပြန် ပုံမှန်အချိန် ည ၈နာရီဝန်းကျင်လောက်မှာပေါ့။ အဲဒီလမ်းကလေး အတိုင်း ကျနော်တယောက်တည်း လမ်းလျှောက်လာရင်း မနက်ပိုင်းက ဆော့ဝဲလ်တခု update လုပ်ဖို့အတွက် အလုပ်ကိုသယ်သွားခဲ့တဲ့ ကျနော့်ကွန်ပျူတာ အိတ်က အတော်ကို လေးလံလာသလို ထင်နေမိတယ်။ လူက နုနုရွရွလေးမဟုတ်ပေမဲ့ အဲဒီကွန်ပျူတာအိတ်ကို သယ်ရတဲ့အခါတိုင်း ပခုံးနာတတ်ပါတယ်။ အခုလည်း အဲဒီအိတ်ကို စလွယ်သိုင်းလွယ်ရင်း လမ်းလျှောက်လာရင်း 'မကြီး…' လို့ ရင်းရင်းနှီးနှီးအသံတသံ ကျနော့်အနားက ပေါ်လာတဲ့အခါ အံ့သြသင့်မိသွားပါတယ်။
ဒီလမ်းကလေးမှာ ကျနော် သွားနေတာ ကြာပြီလေ။ နေ့စဉ်လိုလိုသွားလာနေပေမဲ့ တွေ့သမျှ မြင်သမျှ မျက်နှာတွေက တခါမှ မမြင်ဖူးတဲ့ မျက်နှာတွေပါ။ နေ့စဉ်တွေ့သမျှ လူတွေက မျက်နှာမကျက်မိတဲ့ မျက်နှာစိမ်းသက်သက်တွေရယ်ပါ။ အခုလို ရင်းရင်းနှီးနှီးသံမျိုးနဲ့ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့။ အဲဒီအသံထွက်လာရာဘက်သို့ ကျနော်တချက်ကြည့်လိုက်မိတယ်။ ညီမလေးတို့အရွယ် ကလေးမလေးတယောက်။ စက်ဘီးစီးရင်း စက်ဘီးပေါ်ကနေ ကျနော့်ကို လှမ်းခေါ်လိုက်တာပဲ။
ထိုကလေးမက 'မကြီး…လာလာ...တက်… သမီးလိုက်ပို့မယ်။ အော်… မကြီးကို သမီးနိုင်ပါတယ် မကြီးရဲ့… တက်ပါ။ မကြီးက …….မှာ နေတာမဟုတ်လား။ တက်ပါ…' လို့ ဆိုလာပြီး ကျနော်မလိုက်မချင်း ရှေ့ဆက်နင်းပုံမရတဲ့ သူ့စက်ဘီးနောက်ကို ကျနော်ယောင်တောင်တောင်နဲ့ တက်လိုက်မိပါတယ်။ အဲဒီချိန်ထိ သူဘယ်ကလဲ.. ဘယ်သူလဲ ကျနော်မသိပါ။ ကျနော် စစတက်ချင်း သူ့စက်ဘီးခေါင်းက ဟိုရမ်း ဒီရမ်းနဲ့ လမ်းမထက်မှာ အသည်းယားစရာ။ ကျနော်လည်း စိတ်ထဲကနေ လဲရင်လည်း မတတ်နိုင်ဘူး… လို့တွေးကာ သူ့စက်ဘီးနောက်နေ လိုက်လာမိပါတယ်။ တော်တော်လေး နင်းလာတော့ သူ့စက်ဘီးက ပုံမှန်ဖြစ်သွားတယ်။ အဲဒီတော့မှ ကျနော့်သိချင်တဲ့  အကြောင်းကို မေးလိုက်မိတယ်။
'ညီမလေးက ဘယ်မှာနေတာလဲဟင်…အမကိုကော သိလို့လားဟင်..' လို့မေးလိုက်မိတယ်။ ထိုကလေးမထံမှ 'မကြီးကို သမီးသိတာပေါ့… မကြီးက ဒီလမ်းက အမြဲသွားနေတာ တွေ့သားပဲ… သမီးက ရှေ့နားက လမ်းချိုးလေးမှာ နေတာလေ မကြီးရဲ့…' သွက်သွက်လက်လက်နဲ့ ပြန်ဖြေလိုက်တာ ကျနော့်မှာ မေးစရာတောင် ကုန်သလိုဖြစ်သွားပါတယ်။
ကျနော်နေတဲ့နေရာ မရောက်ခင် သူနေတယ်ဆိုတဲ့ လမ်းချိုးကလေးမှာပဲ စက်ဘီးကို ရပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ စက်ဘီးပေါ်ကဆင်းရင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို လေးလေးနက်နက်ပြောမိပါတယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကျနော့်ရဲ့ ရင်ထဲမှာ ကြည်နူးပီတိဖြစ်နေမိပါတယ်။ ကျနော်နေ့စဉ်သွားနေကျ လမ်းကလေးထဲမှာ ကျနော့်ကို သိနေတဲ့ လူတယောက်ရှိနေတဲ့အတွက်ကြောင့်တော့ မဟုတ်တာ သေချာပါတယ်။ ထိုညီမလေးရဲ့ ကူညီချင်တဲ့ စိတ်ထားကလေးကို သဘောကျမိပြီး သူ့နဲ့သိရတာကို ၀မ်းသာမိတာပါ။
နောက်နေ့တွေ အဲဒီလမ်းကလေးမှာ သူ့ကို သတိထားပြီး ရှာကြည့်မိပါတယ်။ ဒါပေမဲ့ ကျနော့်ပင်ကိုယ်ကိုက လမ်းလျှောက်ရင် ကိုယ့်အာရုံနဲ့ကိုယ် ဘာကိုမှ သိပ်သတိမရတတ်ပါဘူး။ ကျနော့်သူငယ်ချင်းတွေဆို ခဏခဏပြောတယ်။ တခါတလေ အဝေးကနေ ကျနော့်ကိုလှမ်းတွေ့လိုက်လို့ အော်ခေါ်ရင်ပဲဖြစ်ဖြစ်၊ လက်လှမ်းပြတာပဲဖြစ်ဖြစ် ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် ကျနော် သတိမထားမိပါဘူး။ နောက်တော့ သူတို့က ကျနော့်ကိုလှမ်းတွေ့ရင် မှီအောင် အပြေးလိုက်လာတတ်တယ်။ အော်ခေါ်ရင်လည်း လေကုန်တာနဲ့ အသံဝင်တာပဲအဖတ်တင်မယ်တဲ့။ ကျနော်ကတော့ ကြားမှာမဟုတ်ဘူးတဲ့လေ။ သူတို့ပြောတာ မှန်နေတော့ ကျနော်ပြန်မပြောနိုင်ပါဘူး။
အခုလည်း သတိထားပြီးကြည့်မယ်ဆိုပေမဲ့ ကိုယ့်အာရုံနဲ့ကိုယ် ဘာကိုမှ သတိမထားမိဘဲ သွားနေမိပါတယ်။ သူမနဲ့တွေ့ပြီး သုံးရက်မြောက် ကျနော်အလုပ်သွားတဲ့ မနက်မှာတော့ သူမ ကျနော့်ကို ခေါ်တဲ့ 'မကြီး… 'ဆိုတဲ့ အသံကို ကြားလိုက်လို့ ၀မ်းသာအားရ ကျနော်လှည့်ကြည့်လိုက်မိပါတယ်။ ဟုတ်ပါတယ်။ ဟိုနေ့ညက ကျနော်တွေ့ခဲ့တဲ့ ကျနော့်ကို စက်ဘီးပေါ်တင်ပြီး ခေါ်လာတဲ့ ညီမလေးပါပဲ။ ဆံပင်ကောက်ကောက်ခပ်တိုတိုဆံပင်လေးက နီကြောင်ကြောင်အရောင်သို့ သန်းနေတယ်။ အဲဒီဆံပင်လေးကို ခေါင်းစည်းကြိုးနဲ့ စုစည်းထားပြီး အရပ်ရှည်ရှည် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နဲ့ အသားညိုညို ထိုကောင်မလေးက ရယ်လိုက်ရင် ပိုပြီး ချစ်စရာကောင်းသွားပုံကို ကျနော် ငေးကြည့်နေမိတယ်။ ကျနော့်ညီမလေး အရွယ်ပါပဲ။
အခုဆိုရင် အဲဒီလမ်းကလေးကနေသွားတိုင်း သူမရှိတတ်တဲ့နေရာလေးတွေမှာ ဝေ့၀ဲပြီး သူမကို ရှာရတာ အကျင့်တခုလိုဖြစ်နေပြီ။ တခါတလေ ဟိန္ဒူဘုရားရှိခိုးကျောင်းရှေ့မှာ တခြားကလေးတွေနဲ့အတူ ကစားနေတတ်တယ်။  ကျနော်လာတိုင်း ကစားတာရပ်ပြီး ကျနော့်ဘေးကနေ သူသိချင်တာတွေ မေးရင်း အိမ်နားအထိ လိုက်ပို့ပေးတတ်တယ်။ တခါတလေမှာ သူ့မောင်လေးဆိုသူ ကလေးလေးကို ခါးတွင်းခွင်ချီရင် ထိန်းနေတတ်တယ်။
သူမကလေးက ကျောင်းနေရမယ့်အရွယ်လေးပါပဲ။ ဒါပေမဲ့ သူမကို ကျောင်းတက်ရတဲ့နေ့တွေမှာလည်း အမြဲလိုလို အဲဒီဟိန္ဒူဘုရားရှိခိုးကျောင်းရှေ့မှာ တွေ့တွေ့နေရတတ်တယ်။ ဒါဆို သူမ ကျောင်းမတတ်တော့ဘူးလား။ ဘယ်နှစ်တန်းမှာ ကျောင်းထွက်လိုက်တာလဲ။ အတန်းပညာ ဘယ်နှစ်တန်းထိ တက်ဖူးသလဲ။ ဒါတွေကို ကျနော်မေးကြည့်ဖို့ အသင့်တော်ဆုံးအချိန်ကို စောင့်ရပါဦးမယ်။

 Image and video hosting by TinyPic

ကျနော့်ရဲ့ ကြောက်စိတ်



အရင်တပတ်ရုံးပိတ်ရက် အိမ်ပြန်တော့ လူကနေသိပ်မကောင်းချင်။ လည်ချောင်းကနာ ချောင်းကဆိုးနဲ့ဆိုတော့ အိမ်က ဖွားဖွားနဲ့မေမေက လမ်းထိပ်မှာရှိတဲ့ ဆေးခန်းကို သွားပြဖို့ ပြောနေတာကို မကြားသလိုနဲ့ ပေကပ်ကပ်လုပ်နေတော့ ဘာမှမပြောဘဲနေတဲ့ ဖိုးဖိုးကပါ ၀င်ပြီးပြောလာတော့ နောက်ဆုံးတော့လက်လျှော့ပြီး မေမေနဲ့အတူ လမ်းထိပ်ကဆေးခန်းလေးကို လိုက်သွားရတော့တယ်။
တရပ်ကွက်ထဲမှာမို့ အဲဒီဆေးခန်းမှာထိုင်တဲ့ ဆရာဝန်လေးနဲ့ မျက်မှန်းတန်းမိနေတယ်။ တခါတရံ ဖိုးဖိုးတို့ ဖွားဖွားတို့ နေထိုင်မကောင်းဖြစ်လို့ ညဘက်အချိန်မတော်သွားပင့်လည်း မညည်းမညူလိုက်လာတတ်တယ်။ အလုပ်သင်ဆရာဝန်ဖြစ်တဲ့ ထိုဆရာဝန်လေးက ဆေးရုံကပြန်ရောက်တဲ့အချိန် ညနေပိုင်းလေးမှာ ဆေးခန်းဖွင့်ခြင်းရယ်ပါ။
 နေအိမ်အောက်ထပ်မှာပဲ ဆေးခန်းဖွင့်ထားတာဖြစ်တော့ အိမ်ခြံဝန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ သစ်ခွပန်းမျိုးစုံက ချိတ်ဆွဲလို့…ပွင့်တဲ့အိုးက ပွင့်လို့…. ပြီးတော့ အနီရောင်နှင်းဆီ တပွင့်က ရဲရဲနီလို့ တပွင့်တည်းပွင့်နေလိုက်တာ။ တခြား ကျနော်မသိတဲ့ အမျိုးအမည်မသိတဲ့ ပန်းအမျိုးအစားတွေနဲ့ ခြံဝန်းကလေးက သန့်ရှင်းသပ်ရပ်လို့။ ခြံရဲ့ ဘယ်လက်ထောင့်နားမှာ ရေတွင်းလေး တတွင်းက သစ်ပင်တွေကို ရေလောင်းဖို့ဖြစ်ဟန်တူပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အဲဒီခြံဝန်းလေးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ စိတ်ကြည်လင်သွားမိပါတယ်။
အိမ်ရှေ့အ၀င်အ၀နားမှာ လူနာဧည့်သည်တွေထိုင်ဖို့ ပလတ်စတစ်ထိုင်ခုံလေးတွေချထားပါတယ်။ ကျနော်တို့ရှေ့မှာ လူနာတဦးပဲရှိတော့ သိပ်စောင့်စရာမလိုဟု ကိုယ့်ဘာသာတွေးရင်း ကျေနပ်နေမိတယ်။ ကျနော်ရောက်ပြီး သိပ်မကြာခင်မှာ ဆရာဝန်လေးက drip သွင်းထားတဲ့ လူနာတဦးကို ပိုက်ဖြုတ်ပေးဖို့ ဆိုင်ကယ်နဲ့အပြင်ထွက်သွားတယ်။
မိနစ်နှစ်ဆယ်လောက်ကြာတော့ ဆရာဝန်လေးပြန်ရောက်လာပြီး ကျနော့်ရှေ့က ဖျားတဲ့ လူနာတဦးကို ကြည့်ပေးဖို့ခေါ်တယ်။ ကျနော်လည်း ကိုယ့်ရှေ့ကလူခေါ်သွားပြီဆိုတော့ ကျနော့်အလှည့်ရောက်ဖို့ ဆယ်မိနစ်လောက်ပဲလိုတော့တယ်လို့ ထင်မိပြီး ၀မ်းသာနေမိတယ်။ ဆယ်မိနစ်ပဲ ကြာမယ်လို့တွေးလိုက်မိတာက နာမည်ကြီးအထူးကုဆေးခန်းကြီးတွေမှာ နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ ပြပြနေရတဲ့ ဖွားဖွားတို့နဲ့ တခါတခါလိုက်သွားရင် လူနာတစ်ဦးကို ဆယ်မိနစ်လောက်ပဲ အချိန်ပေးတာ တွေ့ဖူးနေကျမို့ရယ်ပါ။
ကျနော်ထင်သလို ကျနော့်ရှေ့က ၀င်သွားတဲ့ လူနာက ဆယ်မိနစ်လည်း ထွက်မလာ၊ မိနစ်နှစ်ဆယ်လည်း ထွက်မလာနဲ့ နာရီဝက်ကျော်ကျော်လောက်ဖြစ်တော့မှ ခုန၀င်သွားတဲ့ လူနာထွက်လာပါတယ်။ စိတ်မရှည်တဲ့ပုံတဲ့ မှုန်ကုပ်ကုပ်ထိုင်နေတဲ့ ကျနော့်ကို မေမေက 'ခဏလေးပါ… ပြီးတော့မှာပါ…' ဆိုပြီး ပြောရှာတယ်။ 'ဖျားတဲ့ လူနာကို ဘာတွေဒီလောက်မေးနေလို့ ကြာနေရတာလည်း မေမေကလည်း… အဲဒါကြောင့် လာမပြချင်တာ….' ဆိုပြီး ပွစိပွစိလုပ်နေမိတော့တယ်။
ခဏနေတော့ ကျနော့်ရှေ့က ကုလားအဘိုးကြီးထွက်လာတော့ ကျနော်ဝင်ရတယ်။ ထုံးစံအတိုင်း ဆရာဝန်တွေက လူနာတွေကို မေးနေကျ မေးခွန်းတွေ မေးပါတယ်။ ဘာဖြစ်လို့လဲ…ဘယ်တုန်းကဖြစ်တာလဲ…စတဲ့ စတဲ့…မေးခွန်းတွေပါ။ ကျနော်က ဖျားနေတာဆိုတော့ ဖျားနေတာ ဘယ်နှစ်ရက်ရှိပြီလဲတဲ့။ သုံးရက်လောက်တော့ရှိပြီဆိုတဲ့ ကျနော့်ရဲ့ စကားအဆုံးမှာ ဘာဆေးတွေသောက်လဲ… မေးပါတယ်။ ကျနော်သောက်တဲ့ဆေးတွေ ပြောတော့ ဆရာဝန်က ဘယ်အချိန်တွေသောက်လဲတဲ့။ တော်တော်လည်း မေးနိုင်တဲ့ ဆရာဝန်ပဲဟု စိတ်ထဲက မှတ်ချက်ချပြီး သတိရတဲ့အချိန်သောက်တယ်….လို့ ပြန်ဖြေလိုက်တော့ ဆရာဝန်က ပထမတော့ အံ့သြဟန်ပြပြီး နောက်တော့ ကျနော့်အဖြေက ရယ်စရာကောင်းဟန်တူပါတယ်။ သူရယ်လိုက်လို့လေ။ နောက်တော့ ကျနော်ဆေးသောက်ကြောက်တဲ့ အကြောင်းမေမေကပြောပြနေတယ်။
ဆေးသောက်လည်းကြောက်…ဆေးထိုးတော့လည်း ဂဂျီဂဂျောင်ကျနေတဲ့ ကျနော့်ကို ဆရာဝန်ကော ကျနော့်မေမေပါ စိတ်ညစ်နေပုံရပါတယ်။ နောက်ဆုံး သောက်ဆေးတော့ နည်းနည်းသောက်ရမယ်ဆိုပြီး ဆေးလေးငါးမျိုးလောက်ကို အိတ်လေးတွေနဲ့ တခွက်စာ တခွက်စာထည့်ပေးလိုက်တယ်။ သောက်ဖြစ်အောင် သောက်ဖို့လည်း တဖွဖွ မှာလိုက်သေးတယ်။
အိမ်ပြန်ရောက်ရောက်ချင်း မေမေက အစားဝင်အောင်ကျွေးပြီး ဆေးတိုက်တယ်။ နောက်တနေ့ ရန်ကုန်ပြန်လာ ရမှာလေ။ နေကောင်းမှ ဖြစ်မယ်လို့လည်း ပြောပြီး ဆေးကို စောင့်တိုက်တယ်။ နောက်တနေ့ မနက်စောစော ထပြီး ကျနော် ရန်ကုန်ပြန်ခဲ့တယ်။ အရင်နေ့ညနေက ဆေးထိုးခဲ့တာရယ်၊ ဆေးတခွက်လည်း သောက်ခဲ့တာရယ် ကြောင့် ဖျားတာတော့ တော်တော်သက်သာသွားခဲ့တယ်။ အိမ်က တီဗီတင်တဲ့ စားပွဲပေါ်မှာ မနေ့ညနေက ဆရာဝန်လေးပေးလိုက်တဲ့ ဆေးတွေ ကျန်ရစ်ခဲ့တာကိုတွေးပြီး ကားပေါ်မှာ ကျနော်ပြုံးလိုက်မိတယ်။
ပြီးတော့ ဖွားဖွားတို့ မေမေတို့ ပြောနေကြမယ့် စကားတွေကို ကြားယောင်နေမိတယ်။ နည်းနည်းလေး သတိလစ်ရင် လစ်သလို လုပ်ချသွားပြန်ပြီ။ မေ့တာတော့ မဖြစ်နိုင်ဘူး။ တမင်သက်သက်ကို မေ့ချင်ယောင် ဆောင်သွားတာပဲနေမှာ…လို့ ဖွားဖွားက တမျိုး၊ အမေ့မြေးကတော့ ဆေးသောက်တာကို သေမလောက်ကြောက်တာ။ တွေ့တောင် မတွေ့ဖူးဘူး။ အဲဒါကြောင့် သူဖြစ်ရင် ကျမ သိပ်စိတ်ဆင်းရဲတာ။ ပြောမရဆိုမရနဲ့ သိပ်ခေါင်းမာတာလို့…မေမေက ညည်းပြောပြောနေမှာ အသေအချာပင်။
ငယ်ငယ်ကဆို မေမေတခါဆေးတိုက်ရင် ခံစားရတဲ့ ဝေဒနာထက် ဆေးသောက်ရမှာကို ပိုကြောက်တာ သတိရမိတယ်။ ဆေးလုံးတွေကိုကြည့်ကာ မျက်ရည်တွေတွေကျနေတတ်တဲ့ ကျနော့်ကို မေမေက ချော့တခါ ခြောက်တလှည့် ဆေးတိုက်ရတယ်။ ဆေးတလုံးသောက်ပြီး ရေနဲ့အတူဆေးတွေကော ခဏခဏ ပြန်အန်ထွက်လို့ မေမေက စိတ်မရှည်နိုင်ဘဲ ဆူတာလည်း ခံရတယ်။
ကျနော့်အတွက်တော့ ကလေးဘ၀ကနေ ခုအရွယ်ထိရောက်နေပေမယ့် ဆေးသောက်ကြောက်တာက ပြင်လို့မရတဲ့ ကြောက်စိတ်တခုအဖြစ် ရှိနေဆဲ။ 

Image and video hosting by TinyPic

Wednesday, January 25, 2012

အသစ်စက်စက် နှလုံးသားတစ်စုံ အလိုရှိသည်


ညီမလေးကို ချစ်တယ်တဲ့။ သူမ ချစ်သော ကိုကြီးရဲ့ စကားသံ။ ကိုယ့်နားကိုယ်ပင် မယုံနိုင်သလိုဖြစ်နေတဲ့ အချိန်မှာ နောက်တစ်ခါ ထပ်ပြောတဲ့ ကိုကြီးရဲ့ စကားသံက သူမရဲ့ မယုံနိုင်တဲ့ စိတ်တွေကို လွင့်ပါးသွားစေတယ်။ အဲဒီအချိန်ခဏလေးက သူမဘ၀မှာ အပျော်ရွှင်ဆုံး အချိန်တွေ ဖြစ်ခဲ့ဖူးတယ်လေ။
          သူမနဲ့ ကိုကြီး သိခဲ့ကြတာ နှစ်နှစ်ကျော်ပါရောလား။ အဲဒီအချိန်အတွင်းမှာ သူမကသာ ကိုကြီးကို စပြီး ချစ်မိခဲ့တာဖြစ်ပါလိမ့်မယ်။ အစပိုင်းတော့ ကိုယ့်ထက်အသက်လည်းကြီး၊ နောက်ပြီး အထင်ကြီးလေးစားမိတဲ့ ကိုကြီးကို ခင်မင်ရင်းနှီးရုံသက်သက်။ ကိုကြီးနဲ့ ခင်မင်ခွင့်ရတာကိုပဲ ကျေနပ်နေခဲ့သေးတာ။ သူမရဲ့ နှလုံးသားက ဘယ်အချိန်ကတည်းက ကိုကြီးအပေါ် ရင်ခုန်နေခဲ့မိတာ၊ ကိုကြီးနဲ့ စကားပြောနေရတာကို ပျော်ဝင်ကြည်နူးနေခဲ့ တာလည်း ဆိုတာတွေ အတိအကျ မသိတော့ပါဘူး။ သူမ သတိထားမိတဲ့အချိန်မှာ သူမရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ ကိုကြီးဆိုတာ ရှိနှင့်နေခဲ့ပြီလေ။
နှစ်ယောက်ဆုံတိုင်းမှာ စကားများ စပ်စုတတ်တဲ့ သူမနဲ့ စကားနည်းပြီး မေးသမျှကိုသာ ဖြေတတ်တဲ့ ကိုကြီး…။ တစ်ခါတလေမှာ သူမရဲ့ စကားသံတွေထဲကနေ ကိုကြီးအပေါ် သံယောဇဉ်စကားတွေ ဖိတ်လျှံကျသွား တဲ့အခါမျိုးမှာ မသိချင်ယောင်ဆောင်တတ်တဲ့ ကိုကြီးကို စိတ်တိုမိတဲ့ အချိန်တွေ မနည်းပါဘူး။ တစ်နေ့တော့ အမြဲတမ်း သွေးအေးအေးနဲ့ အသည်းနှလုံးမရှိသလိုနေတတ်တဲ့ ကိုကြီးဆီက စကားသံတချို့ထွက်လာပါတယ်။
'ညီမလေး ကိုကြီးအကြောင်းကို မသိသေးလို့ပါ။ ကိုကြီးလိုလူတစ်ယောက်ကို သံယောဇဉ်ထားမိရင် ညီမလေးပဲ ခံစားရလိမ့်မယ်…' တဲ့။
'ကိုကြီးရဲ့ အရင်အကြောင်းတွေ မသိချင်ပါဘူး။ ကိုကြီးကို ချစ်တယ်။ အဲဒီလိုပြောလို့ ကိုကြီး ညီမလေးကို အထင်သေးရင်လည်း သေးနိုင်တယ်။ ဒါပေမဲ့ ညီမလေးကတော့ အခုလိုပြောမိလို့ နောင်တမရဘူး။'
အဲဒီလို သူမရင်ထဲက ပွင့်အံကျလာတဲ့ အချစ်တွေကို ကိုကြီး ဘာမှပြန်မပြောခဲ့ပါဘူး။ တစ်ခါတလေ သူပြောတတ်တာက 'ညီမလေး စိတ်နဲ့ပဲ နှိုင်းပေါ့…'တဲ့။
ဒါဆို ကိုကြီးလည်း ညီမလေးလိုပဲ ချစ်နေတာပေါ့နော် လို့ သူမ မရဲတရဲအတွေးတွေနဲ့ ရူးမိသေးတယ်။ မတွေ့တာကြာပေမယ့် ကိုကြီးဆီက 'ညီမလေးကို သတိရတယ်…' ဆိုတဲ့ စကားသံလေးကိုပဲ ကျေနပ်နှစ်သိမ့်နေမိ တတ်တယ်။
နယူတန်ရဲ့ တတိယနိယာမလိုပဲပေါ့လို့....ပြောတတ်တဲ့ ကိုကြီးကြောင့် သူမ သံယောဇဉ်ရှိသလို ကိုကြီးလည်း သူမအပေါ် သံယောဇဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်မိခဲ့တယ်။
တနေ့တော့ သူမယုံကြည်တာတွေ၊ မျှော်လင့်မိတာတွေ ပျက်စီးသွားခဲ့တော့ သူရူးတယောက်လိုပဲ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။ သူမရဲ့ဘ၀မှာ သိပ်ချစ်ရတဲ့သူတယောက်ကြောင့် ရခဲ့တဲ့ ပထမဆုံး ဒဏ်ရာတွေပါပဲ။
တကယ်တော့ သူမချစ်တဲ့ ကိုကြီးက  သူမကို တကြိမ်တခါမှ ချစ်တယ်လို့.. မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဘ၀မှာ အပျော်ရွှင်ရဆုံးနဲ့ နှမြောတသဖြစ်စရာ အိပ်မက်တခုတော့ မက်ခဲ့ဖူးပါတယ်။ အိပ်မက်ထဲမှာ ကိုကြီးဆီက ညီမလေးကို သိပ်ချစ်တယ်တဲ့လေ။ အချစ်တွေနဲ့အတူ ကိုကြီးဆီက နွေးထွေးတဲ့ အသံကို ကြားခဲ့ရဖူးတယ်။ အိပ်မက်ထဲမှာပဲ သူမ ပျော်ရွှင်ခဲ့ဖူးတယ်။ တကယ်တော့ အိပ်မက်ဆိုတာ အချိန်တန်တော့လည်း နိုးထရတာပဲပေါ့။
အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ကတော့ ကျောချင်းကပ်အနေအထားလို ခြားနေခဲ့တယ်။ တချိန်တုန်းကတော့ မျှော်လင့်ခဲ့ဖူးသေးတယ်။ ကျောချင်းကပ်တယ်ဆိုတာ ရန်သူရှိတဲ့အချိန် ကျောချင်းကပ်တာပေါ့… ရန်သူမရှိတဲ့အချိန် မျက်နှာချင်းဆိုင်မှာပေါ့… ဆိုတဲ့ လက်တွေ့မကျတဲ့  အခြေအနေတခုကို ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။
အခုတော့ လက်တွေ့ဘ၀ရဲ့ အချစ်ဆိုတာကိုလည်း ဒဏ်ရာတွေနဲ့အတူ မေ့ပစ်ဖို့ ကြိုးစားမိခဲ့တယ်။ လူတယောက်ကို နင့်နေအောင် ချစ်ခဲ့ဖူးတဲ့ နှလုံးသား တစုံကိုလည်း အလိုမရှိတော့ပါဘူး။ အခုချိန်မှာ သူမရဲ့ ဘ၀မှာ ဆန္ဒတခုသာ နောက်ဆုံး ကျန်ရစ်ခဲ့တယ်။ အဲဒီဆန္ဒသာပြည့်ဝခဲ့ရင် ဒဏ်ရာတွေမရှိတဲ့ နှလုံးသားအသစ်တစုံကို သူမပိုင်ဆိုင်ခွင့် ရနိုင်မယ်လို့ မျှော်လင့်ရင်း…။         
လ၀န်းလေး
၂၄.၈.၂၀၁၁။